Chapter 114
အရိပ်မည်းအား ဖြတ်တောက်ပစ်ခြင်း
───────
ရွှမ်ချင်းသည် နန်ယင်းဘုရားကျောင်းမှ ထွက်ခွာလာခဲ့ပြီး ပြင်ပ၌ နှစ်ပေါင်းများစွာ ခရီးသွားလာခဲ့သည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်က သူသည် တာ့ကျင့်ကို ဖြတ်သွားခဲ့ပြီး ဆယ်ကျော်သက်အရွယ်သာရှိသေးဆဲဖြစ်သော ပိုင်ထျန်းရွေ့နှင့် ပိုင်ကျင့်လွင်တို့ကို အမှတ်မထင်တွေ့ဆုံခဲ့သည်။ ထိုအချိန်တုန်းက ပိုင်ကျင့်လွင်သည် ယခုလောက် မတည်ငြိမ်သေးပေ။ သူ၏စိတ်နေစိတ်ထားသည် ပိုင်ထျန်းရွေ့နှင့် အတော်လေး ဆင်တူပြီး ပိုင်ထျန်းရွေ့ထက်ပင် ပို၍မာနကြီးပြီး စိတ်အပြောင်းအလဲမြန်သည်ဟုတောင် ပြောလို့ရပေသည်။ နောက်ဆုံးတွင် ဧကရီ၏သားတော်သည် ပထမမင်းသားအဖြစ် မွေးဖွားခဲ့သည်။ သူသည် သူတို့၏မျက်လုံးများထဲတွင် မျက်ရှုရတနာလေးအဖြစ် ကြီးပြင်းလာခဲ့ပြီး အပြည့်အဝ ချစ်မြတ်နိုးစွာကာကွယ်စောင့်ရှောက်ခြင်းခံခဲ့ရသည်။ သူ မည်သည့်အရာကိုလိုချင်နေသည်ဖြစ်စေ ဘယ်လိုလုပ် မှားယွင်းသည်ဟု ဆိုနိုင်မည်နည်း။ ထိုအချိန်တွင် မင်းသားမဖြစ်သေးသော ပိုင်ထျန်းရွေ့သည် သူ၏စိတ်နှလုံးကို ဓားသိုင်းလေ့ကျင့်မှုအပေါ်တွင်သာ မြှုပ်နှံထားခဲ့သည်။ ဆိုရလျှင် သူက ပိုင်ကျင့်လွင်ထက် အနည်းငယ် ပို၍ရိုးရှင်းပုံပေါ်သည်။
တာ့ကျင့်လူမျိုးများသည် ပွင့်လင်းရက်ရောပြီး နေရာတိုင်းတွင် ကောင်းကင်ဘုံအုပ်ချုပ်သူ ဘုရားကျောင်းများရှိပေသည်။ ၎င်းသည် ရွှမ်ချင်းအတွက် တကယ်ကို ကောင်းမွန်ပေသည်။ နောက်ဆုံးတွင် နန်ယင်းမှ တာ့ကျင့်အထိ မိုင်တစ်ထောင် လမ်းလျှောက်လာခဲ့ပြီး သူ့ကိုယ်ပေါ်ရှိ ပိုက်ဆံများလည်း ကုန်သွားခဲ့သည်မှာ ကြာပေပြီ။ ထိုအချိန်တုန်းက သူ့တွင် ပိုက်ဆံမရှိသောကြောင့် တောင်းရမ်းအလှူစားသောက်ဖို့ရန်သာ မှီခိုရပေသည်။ ထို့အပြင် သူတို့၏ နန်ယင်းဘုရားကျောင်းတွင် ပြင်ပလူများမသိသည့် စည်းကမ်းချက်တစ်ခုရှိသည်။ ထိုစည်းကမ်းမှာ သူတို့သည် အမှန်တကယ်ကို ပစ္စည်းများသာကိုင်ဆောင်နိုင်ပြီး ငွေစများကို ကိုင်ဆောင် စုဆောင်းခွင့်မရှိပေ။
၎င်းစည်းမျဉ်းကြောင့် ရွှမ်ချင်းသည် တာ့ကျင့်သို့ ရောက်လာသောအခါ သူ့အိတ်ထဲမှ ပိုက်ဆံခြူးတစ်ပြားမှပင် မထုတ်နိုင်တော့ဘဲ သူ့ဗိုက်ပြည့်စေရန် စိတ်ကောင်း စေတနာကောင်းရှိသူများကို အားကိုးရန်သာတတ်နိုင်ခဲ့သည်။
ထိုသို့သော အခြေအနေမျိုးတွင် ရွှမ်ချင်းသည် ပိုင်ကျင့်လွင်နှင့် အမှတ်မထင် တွေ့ဆုံမိခဲ့၏။
ထိုနေ့တွင် ဘရိုကိတ်ဝတ်စုံနှင့် လူငယ်လေးနှစ်ဦးသည် သူ့နံဘေးမှ မြင့်မားသောမြင်းများကို စီးကာ ဖြတ်ကျော်သွားသောအခါ သူသည် သောက်ရေတွင်း၏ တွင်းဝတွင် ရှိနေခဲ့သည်။ ဆယ်ကျော်သက်ကောင်လေးများ၏ မြင်းများသည် သူ့ဘေးတွင်ရပ်ကာ တစ်ယောက်ကိုတစ်ယောက် တီးတိုးတီးတိုးပြောဆိုရင်း စိတ်ဝင်တစားနှင့် သူ့အသက်အရွယ်ကို ခန့်မှန်းကြည့်နေကြသည်။ သူတို့ အဝေးသို့ရောက်သွားလျှင် သူတို့ပြောနေသည့် အကြောင်းအရာကို ထိုဘုန်းကြီး ကြားလိမ့်မည်မဟုတ်ဟု တွေးထားခဲ့ကြပုံပင်။ သို့သော် ဘုန်းကြီးက သာမန်ဘုန်းကြီးမဟုတ်ပေ။ သူတို့ အဝေးသို့ရောက်သွားသော်လည်း သူတို့နှစ်ဦး၏ပြောစကားများကို သူ ရှင်းရှင်းလင်းလင်း ကြားနိုင်ပေသည်။
ပိုင်ကျင့်လွင်က ပထမဦးစွာ ပြောလိုက်သည်။
"ညီတော် မင်း အဲဒီဘုန်းကြီးကို ဘုန်းကြီးအစစ်လို့ထင်လား ဘုန်းကြီးအတုလို့ထင်လား"
ပိုင်ထျန်းရွေ့သည် ရွှမ်ချင်းကို တစ်ချက်ကြည့်လိုက်ပြီး “ကျွန်တော့်အထင်ကတော့ သူက ဘုန်းကြီးအစစ်ပဲ ဘုန်းကြီးအတုက သူ့လောက်မဆင်းရဲဘူး"
ပိုင်ကျင့်လွင်က အကြံပေးလိုက်သည်။
“ဒါဆို အလောင်းအစား လုပ်ကြရအောင်"
ပိုင်ထျန်းရွေ့က မေးလိုက်သည်။
“လောင်းကြေးက ဘာလဲ"
ပိုင်ကျင့်လွင်သည် ပိုင်ထျန်းရွေ့၏နား အနားသို့ ရောက်လာပြီး တစ်ခဏမျှ တီးတိုးပြောပြီးနောက် သူတို့နှစ်ဦးသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လောင်းကြေးထပ်ရန် သဘောတူလိုက်ကြသည်။
ပိုင်ကျင့်လွင်သည် မြင်းပေါ်မှ ဆင်းလာလိုက်သည်။
သူက အပြုံးလေးဖြင့် ဘုန်းကြီးဆီ လျှောက်လာပြီး မေးလိုက်သည်။
“ဆရာကြီး ဘယ်ကနေ လာတာလဲ"
ရွှမ်ချင်းက လက်အုပ်ချီပြီး နွေးထွေးသောအသံဖြင့် ပြောလိုက်သည်။
“အနောက်ဘက်မှာရှိတဲ့ ဘုရားကျောင်းငယ်လေးတစ်ခုကနေ လာခဲ့တာပါ"
ပိုင်ကျင့်လွင်က ထပ်မေးလာသည်။
“ဆရာကြီး ဘယ်ကို သွားဖို့ရည်ရွယ်ထားလဲ"
ရွှမ်ချင်းက ပြန်ဖြေလိုက်၏။
“ကိုယ်တော်က အသက်မွေးဖို့ ရည်ရွယ်ထားပါတယ်"
[ T/n : သူက ဒီမှာ အလှူခံဖို့ကို ဆိုလိုတာပါ ]
ပိုင်ကျင့်လွင်က ပြုံးပြီး ရွှမ်ချင်းထံ ရွှေချောင်းတစ်ချောင်းကို ထုတ်ပေးလိုက်သည်။
"ဆရာတော်က အခုလိုပူအိုက်တဲ့ ရာသီဥတုမှာ ကြိုးကြိုးစားစား အလုပ်လုပ်နေတယ် ဒါက ကျွန်တော့်ရဲ့ အသိအမှတ်ပြုတဲ့ သင်္ကေတလေးတစ်ခုပါ ဆရာတော် စိတ်အနှောင့်အယှက်ဖြစ်မသွားဖို့ ကျွန်တော် မျှော်လင့်မိပါတယ်"
သို့သော် ရွှမ်ချင်းသည် မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။ သူက ခေါင်းယမ်းကာ ပိုင်ကျင့်လွင်၏ကြင်နာမှုကို ငြင်းပယ်လိုက်ပြီး ငွေစကို လက်မခံနိုင်ကြောင်း ပြောလိုက်သည်။
ပိုင်ကျင့်လွင်သည် မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး သူ့လက်ကို မရုပ်မီ ခဏမျှကြာအောင် ရွှမ်ချင်းအား ဂရုတစိုက် လေ့လာကြည့်လိုက်သည်။
“ဒါဆို ဆရာကြီးက အသက်မွေးဖို့ ဘာကို လက်ခံတာလဲ"
"ကျိုက်အစားအသောက်တွေပဲ လက်ခံပါတယ်” ရွှမ်ချင်းက ပြန်ဖြေလိုက်သည်။
သူက ထိုစကားများပြောပြီးသည်နှင့် သူ့နောက်ဘက်ရှိ ပိုင်ထျန်းရွေ့၏ အဆင်အခြင်ကင်းမဲ့သည့်ရယ်သံ ထွက်လာသည်။ သူသည် အလောင်းအစားရှုံးသောကြောင့် ပိုင်ကျင့်လွင်ကို ရယ်နေခြင်းဖြစ်သည်မှာ သိသာပေသည်။ ပိုင်ကျင့်လွင်သည် မေးစေ့ကို မော့ပြီး ရွှမ်ချင်းကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့တန်တန် နှာမှုတ်ကာ လှည့်ထွက်သွားပြီး ဤဘုန်းကြီးသည် ပျင်းစရာကောင်းလှသည်ဟု တွေးကောင်းတွေးနေနိုင်သည်။ ငွေပေးသော်လည်း သူသည် မလိုချင်ပေ။ ယင်းအစား ပင်ပင်ပန်းပန်းချက်ရသော ကျိုက်ဟင်းအချို့ကိုသာ အမှန်တကယ်လိုချင်နေခဲ့သည်။
ပိုင်ထျန်းရွေ့နှင့် ပိုင်ကျင့်လွင် ထွက်သွားသည်ကို ရွှမ်ချင်း ကြည့်နေခဲ့ပြီး ထိုဆယ်ကျော်သက်ကောင်လေးနှစ်ယောက်နှင့်အတူ သု့ကံကြမ္မာသည် ထိုနေရာမှာပင် ရပ်တန့်သွားလိမ့်မည်ဟု မိုက်မဲစွာ ယုံကြည်ခဲ့မိသည်။ သို့သော် ရက်အနည်းငယ်ကြာပြီးနောက် သူတို့ အမှန်တကယ် ပြန်ဆုံကြလိမ့်မည်ဟု မည်သူသိနိုင်မည်နည်း။ ဤတစ်ကြိမ်တွင်မူ ရွှမ်ချင်းသည် ဒဏ်ရာအပြင်းအထန်ရထားခဲ့ပြီး ပြန်လည်သက်သာလာစေရန်အတွက် ဘုရားကျောင်းတစ်ခုတွင် သနားစရာကောင်းစွာ ပုန်းအောင်းနေခဲ့ရသည်။
ကောင်းကင်ဘုံအုပ်ချုပ်သူအား ဂါရဝပြုရန် ရောက်ရှိလာသော ပိုင်ကျင့်လွင်သည် သူ့ကိုယ်အပေါ်ရှိ သွေးနံ့ကို သတိပြုမိသွားပြီး မကြာမီတွင် ထောင့်တစ်နေရာတွင် ပုန်းအောင်းနေသည့် ရွှမ်ချင်းကို ရှာတွေ့သွားသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က နူးညံ့သိမ်မွေ့ပြီး ဂုဏ်သိက္ခာရှိသော ငယ်ရွယ်သည့်ဘုန်းကြီးသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး ထောင့်တစ်နေရာတွင် ဆိုးရွားစွာထိုင်နေသည်ကို မြင်လိုက်ရသောကြောင့် ပိုင်ကျင့်လွင်သည် ရပ်ကာ တစ်ဝက်တစ်ပျက် ထိုင်ချလိုက်ပြီး သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသော ရွှမ်ချင်းကို နှိုးလိုက်သည်။
"မင်း ဘယ်လိုလုပ် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာလဲ"
ပိုင်ကျင့်လွင်၏ လေသံသည် အနည်းငယ် ပျင်းရိငြီးငွေ့ဖွယ်ကောင်းနေသည်။
"တာ့ကျင့်မှာ ဘုန်းတော်ကြီးတစ်ပါးကို ဒဏ်ရာရအောင် ဘယ်သူကများ လုပ်ရဲတဲ့သတ္တိရှိရတာလဲ"
ရွှမ်ချင်းက မလိုလားစွာ ပြန်ဖြေလိုက်သည်။
“ဒါက ဒီကိုယ်တော်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ"
ပိုင်ကျင့်လွင်က ခေါင်းကိုမော့လိုက်ပြီး သူ့ကိုကြည့်လိုက်သည်။
"ဘာလို့ သမားတော်ဆီသွားပြီး မစစ်ဆေးခိုင်းရတာလဲ"
ရွှမ်ချင်းက ပြန်ဖြေလိုက်၏။ “ပိုက်ဆံမရှိဘူး"
ပိုင်ကျင့်လွင် : "... ..."
ထိုအဖြေသည် နည်းနည်းတော့ ကို့ယို့ကားယားနိုင်လှသလို ပိုင်ကျင့်လွင်လည်း နေရာမှာတင် အေးခဲသွားသည်။ ဘုန်းကြီး၏နှုတ်မှ ထိုအဖြေကို ရလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ပိုင်ကျင့်လွင်သည် မေးခွန်းများ ထပ်မေးချင်သေးသော်လည်း သူ့ဒဏ်ရာသည် အလွန်ပြင်းထန်သောကြောင့် ဘုန်းကြီးလည်း သတိမေ့သွားပြန်သည်။ ပိုင်ကျင့်လွင်က အလေးအနက်စဥ်းစားလိုက်ပြီးနောက် ဘုန်းကြီးကို ဤနေရာမှာ ဒီအတိုင်းမထားခဲ့နိုင်ကြောင်း ခံစားရသည်။
သူသေဆုံးသွားလျှင် အလွန်နိမိတ်မကောင်းသလို ဖြစ်လိမ့်မည်မဟုတ်လား။
နောက်ဆုံးတွင် ဤဘုရားကျောင်းသည် သူအကြိုက်ဆုံးဘုရားကျောင်းဖြစ်ပြီး အတွင်းရှိ ကောင်းကင်ဘုံအုပ်ချုပ်သူ၏ ရုပ်တုသည်လည်း အလှဆုံးရုပ်တုဖြစ်ပေ၏။ ဤအခြေအနေကို အဖြေထုတ်လိုက်ပြီးနောက် ပိုင်ကျင့်လွင်သည် လက်လှမ်း၍ ဘုန်းကြီးကို ခေါ်ဆောင်သွားလိုက်သည်။ သူသည် လှည့်၍ မြင်းပေါ်တက်ကာ ဒုန်းစိုင်းစီးထွက်သွားသည်။ ထို့နောက် ၎င်းအတိုင်းပင် နန်းတော်ထဲသို့ ဝင်သွားသည်။
ထို့ကြောင့် သတိလစ်နေသောရွှမ်ချင်းသည် တာ့ကျင့်နန်းတော်သို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့သည်။ သူ၏အနာဂတ်တွင် တာ့ကျင့်ဧကရာဇ်မိသားစုနှင့် ကံဆိုးမိုးမှောင်ကျစေမည့် ဆက်ဆံရေးမျိုးရှိမှန်းကို သူသိပါလျှင် ထိုဘုရားကျောင်းမှ တွားသွားကာ ထွက်ခွာသွားကောင်းသွားပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် သူ မည်သို့ပင် တွေးနေစေကာမူ နောက်ကျသွားပြီဖြစ်သည်။
နန်းတော်ထဲသို့ ခေါ်ဆောင်လာခံရသော ရွှမ်ချင်းသည် တော်ဝင်သမားတော်ထံမှ ညွှန်ကြားထားသော ဆေးများစွာကို သောက်ခဲ့ပြီး အချိန်အတိုင်းအတာတစ်ခုအထိ အေးအေးချမ်းချမ်းဖြင့် ပြန်လည်သက်သာလာခဲ့သည်။ နောက်ဆုံး သူ့ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာသောအခါ ထွက်သွားရန် ကြံရွယ်လိုက်သည်။ သို့သော် မထွက်ခွာမီ ပိုင်ကျင့်လွင်ထံ မေးရန် သွားခဲ့ပြီး ဒီကိုယ်တော်အတွက် သိခွင့်ရှိမည်ဆိုလျှင် သူဖြစ်ချင်သည့်ဆန္ဒကို မေးမြန်းလိုက်သည်။
ပိုင်ကျင့်လွင်က အလေးအနက်မထားဘဲ ရယ်မောလိုက်ကာ 'ဒီဘုန်းကြီးက ငါ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'
ဘုန်းကြီးက ဒေါသမထွက်ဘဲ နူးညံ့သိမ်မွေ့သော အသံဖြင့် "ပြောပြလိုက်ရုံနဲ့ ဘာမှထိခိုက်သွားမှာ မဟုတ်ဘူး ကျေးဇူးရှင်"
ပိုင်ကျင့်လွင်သည် သူ့အိတ်ထဲမှ ရွှေချောင်းသုံးချောင်းကို ရုတ်တရက် ထုတ်ယူ၍ ရွှမ်ချင်းထံ ပေးကာ အလေးအနက်ပြောလိုက်သည်။
"ဘုန်းတော်ကြီးကို တစ်ခါလောက်တော့ ကျွန်တော် ပိုက်ဆံပေးချင်တယ် ဘုန်းတော်ကြီးက ကျွန်တော့်ကို ခြွင်းချက်ထားပေးနိုင်မလား သိချင်တယ်"
ဆယ်ကျော်သက်တစ်ယောက်ဖြစ်သောကြောင့် သူ့ညီတော်နှင့် အလောင်းအစားရှုံးခဲ့သည့်အကြောင်းကို အစွဲအလမ်းကြီးနေပြီး သူ့လုပ်ရပ်သည် မည်သည်ကိုဆိုလိုမှန်း လုံးဝ မသိခဲ့ချေ။
သို့သော်လည်း ပိုင်ကျင့်လွင်က ထိုစကားများကို ပြောပြီးနောက် အမြဲတစေ မထူးခြားမှုမရှိသည့် ရွှမ်ချင်း၏အသွင်အပြင်သည် ပြောင်းလဲသွားသည်။
သူ့မျက်လုံးများသည် ဖြည်းညှင်းစွာ ပြူးကျယ်သွားပြီး “အရှင့်သား မင်းရဲ့ဆန္ဒကို ပြောင်းလဲပေးနိုင်မလား"
“မပြောင်းဘူး”
ပိုင်ကျင့်လွင်သည် တီးတိုးရယ်မောလိုက်ပြီး "ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးနိုင်တယ်လို့ ဘုန်းကြီးပဲ ပြောခဲ့တယ်မဟုတ်လား ငါမင်းသားမှာ ဆန္ဒတစ်ခုပဲရှိတယ် ဘုန်းကြီး...လုပ်လိုက်စမ်းပါ...ပိုက်ဆံကို အမြန်ယူပြီး ထွက်သွားလိုက် ရော့..."
ရွှမ်ချင်းမှာ စကားမပြောနိုင် ဖြစ်သွားရသည်။ သူသည် အာလူးပူပူကို စိုက်ကြည့်နေသကဲ့သို့ ပိုင်ကျင့်လွင်၏လက်ထဲရှိ ရွှေချောင်းများကို စိုက်ကြည့်နေမသည်။
ပထမတော့ ဘုန်းကြီးသည် စိတ်ခံစားချက်ကို မဖော်ပြနိုင်ဘူးဟု ပိုင်ကျင့်လွင် ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူ့အပြုအမူပြောင်းလဲသွားခြင်းသည် အတုအယောင်မဟုတ်ကြောင်း သူ တွေ့ရှိသွားသည့်အခါ ထိုဘုန်းကြီးအပေါ် သူ ပို၍စိတ်ဝင်စားလာခဲ့သည်။ သူသည် အနှစ်နှစ်ဆယ်ကြာနေထိုင်ခဲ့ပြီး ကြောင်သူတော်ကြွက်သူခိုးလုပ်ရပ်များစွာကို ကြားသိမြင်ခဲ့ရဖူးသော်လည်း သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ငွေကို ကျားနှင့်ဝံပုလွေ[1]အဖြစ် အမှန်တကယ် သတ်မှတ်ထားသူတစ်ဦးကိုတွေ့လိုက်ရသည်။ ဤအချက်သည် သူ့ကို ပို၍သိလိုစိတ်ပြင်းပြလာစေခဲ့၏။
[1] - ကျားနှင့်ဝံပုလွေကဲ့သို့ ရက်စက်သည်ဟု အဓိပ္ပာယ်ရသည်။
လောကမှာ ငွေကို မကြိုက်တဲ့သူ မည်ကဲ့သို့ရှိနိုင်မည်နည်း။ ပိုင်ကျင့်လွင်သည် ဤအတွေးအမြင်ကို နားမလည်နိုင်ခဲ့ပေ။
သူတို့နှစ်ဦးသည် အချိန်အတော်ကြာအောင် ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေကြပြီး နောက်ဆုံးတွင် ရွှမ်ချင်းသည် ရှုံးနိမ့်သွားခဲ့သည်။ ဆယ်ကျော်သက်အရွယ် ပိုင်ကျင့်လွင်သည် ကျောက်တုံးကဲ့သို့ ခေါင်းမာလှသည်။ အမြဲတမ်း စိတ်ကောင်းရှိသည့်ရွှမ်ချင်းသည် သူ့ပြိုင်ဘက် မည်ကဲ့သို့ဖြစ်လာနိုင်မည်နည်း။ ထို့အပြင် သူ့အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးကြွေးလည်း တင်နေသေးသည်။ ဤအရာအားလုံးကို တွက်ချက်ပြီးနောက် ရွှမ်ချင်းသည် လက်လှမ်းကာ ရွှေချောင်းကို ယူဆောင်သွားလိုက်သည်။
ရွှန်းလဲ့တောက်ပြောင်နေသည့် ရွှေချောင်းသုံးချောင်းသည် ရွှမ်ချင်း၏လက်ထဲသို့ ရောက်လာသောအခါ တရှဲရှဲမြည်ပြီး လောင်ကျွမ်းသွားသောအသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ရွှမ်ချင်း၏ မူလအဖြူရောင်လက်ဖဝါးပေါ်တွင် လောင်ကျွမ်းသွားသော အမည်းရောင် အမာရွတ်သုံးခု ရှိနေခဲ့သည်။
၎င်းကိုမြင်ပြီး ပိုင်ကျင့်လွင်သည် အံ့သြသွားသည်။ ယခု သူမြင်လိုက်သည့်အရာသည် ထင်ယောင်ထင်မှားဖြစ်နေခြင်းလားဆိုသည်ကို တွေ့ရှိရန် သူသည် ရွှမ်ချင်း၏လက်ကို အနီးကပ်ဆွဲယူကြည့်လိုက်သည်။
"အော်မီထော်ဖော်"
ဘုန်းတော်ကြီးသည် လက်ကို ပြန်ဆွဲယူလိုက်ပြီး ပိုင်ကျင့်လွင်ထံ ဦးညွှတ်ကာ "ဒါဆို ဒီကိုယ်တော် ထွက်သွားပါတော့မယ်"
“သွား...သွားလို့ရပြီ”
ပိုင်ကျင့်လွင်သည် သူ့လက်ကို ဝှေ့ယမ်းပြီး ထိုဘုန်းကြီးက အရမ်းအန္တရာယ်ရှိလွန်းသည်ဟု ခံစားလိုက်ရ၏။
မထွက်သွားခင် ဘုန်းကြီးသည် သူ့လက်ထဲရှိ အိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။
သူသည် ပိုင်ကျင့်လွင်ထံ လှမ်းပေးလိုက်ပြီး “ဒီဘုန်းကြီးက နန်ယင်းကပါ အရှင်မင်းသား ဒုက္ခရောက်ရင် ကျေးဇူးပြုပြီး ပုတီးစေ့ကို မီးရှို့လိုက်ပါ ဒီဘုန်းကြီး အမြန်ဆုံး ကြွလာပေးပါ့မယ်"
ထိုအချိန်တွင် ပိုင်ကျင့်လွင်သည် နန်ယင်းဘုရားကျောင်း၏အဓိပ္ပါယ်ကို မသိသေးပေ။ မူလက သူ ပုတီးစေ့ကို ငြင်းချင်သော်လည်း ဘုန်းတော်ကြီး၏ခေါင်းမာသောအမူအရာကို မြင်ပြီးနောက် ငြင်းဆန်သည့် စကားက ထွက်မလာတော့ပေ။
သူက အိတ်ကိုယူလာပြီး သူ့ရှေ့ရှိ သစ်သီးပန်းကန်ပြားပေါ် သို့ ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်၏။
“ကောင်းပြီလေ"
ရွှမ်ချင်းက သက်ပြင်းချကာ နောက်ဆုံးတွင် လှည့်ထွက်သွားတော့သည်။
ရွှေချောင်းသုံးချောင်နှင့် စန္ဒကူးပုတီးစေ့သုံးဆယ်၊ နန်ယင်းဘုရားကျောင်းရှိ စည်းကမ်းများသည် ဟိုးရှေးအရင်ကတည်းက ချမှတ်ထားခဲ့ပြီး ထိုစည်းကမ်းများကြောင့် ရွှမ်ချင်းသည် ပြင်ပတွင် အချိန်အတော်ကြာ နေရသည့်တိုင် လူများထံမှ ပိုက်ဆံကို ဘယ်သောအခါမှ လက်မခံခဲ့ပေ။ ထို့အပြင် သူ့ကို ကယ်တင်ပေးပြီး ပိုက်ဆံပေးသည့် သူကိုလည်း တစ်ခါမှမတွေ့ဖူးခဲ့ပေ။
ဤသည်မှာ သူ့ဆရာပြောခဲ့သည့် “ကံကြမ္မာ” ဖြစ်ကောင်းဖြစ်နိုင်သည်။ ရွှမ်ချင်း၏ရှုထောင့်မှကြည့်မည်ဆိုလျှင် ဤ "ကံကြမ္မာ" သည် "ကံကြမ္မာဆိုး" ထက်ပင်ပိုခဲ့ပေသည်။
ရွှမ်ချင်းသည် သူ့ဘဝအကြောင်းကို ပြောနေစဉ်တွင် စိတ်ဓါတ်ကျနေပုံပေါ်ပြီး ပို၍ သက်ပြင်းအနည်းငယ်ချလိုက်သည်။ ၎င်းသည် ဒုက္ခဖြစ်စေသည့်အကြောင်း ရွှမ်ချင်း၏မကျေမနပ်ပြောဆိုသည်များကို လင်းရုဖေး နားထောင်နေရသော်လည်း သူ့မျက်လုံးထဲရှိ ရွှင်မြူးရိပ်များကိုလည်း သူ မြင်နေရသည်။ ထို့အပြင် ရွှမ်ချင်းသည် ပိုင်ကျင့်လွင်ကို မမုန်းဘူးဆိုသည်ကို သူ သေချာသိပေ၏။
တကယ်ဆို ထိုကဲ့သို့ စိတ်ဝင်စားစရာကောင်းသည့် ဆယ်ကျော်သက်ကောင်လေးကို မည်သူကမုန်းနိုင်လိမ့်မည်နည်း။ စန္ဒကူးပုတီးစေ့သုံးဆယ်လုံးကို မီးရှို့ရန် အချိန်မည်မျှ ကြာမည်ကို သူ မသိခဲ့ရုံပင်။
ရွှေသည် အမှန်ပင် ကောင်းမွန်သော အရာဖြစ်သည်။ သို့သော် ဘုန်းကြီး၏ဘဝသည် အဓိပ္ပါယ်မဲ့ကာ အပေါ်ယံမျှသာဖြစ်ပြီး ၎င်းကို ကိုင်ဆောင်ခွင့်မရနိုင်သည့်အတွက် သနားစရာပင်။ ရွှမ်ချင်းသည် ခေါင်းခါပြီး သက်ပြင်းတစ်ချက် ထပ်ချလိုက်သည်။
"ဆရာတော်ပြောပြတာတွေ အရမ်းများနေပြီ"
လင်းရုဖေးက ရယ်လိုက်ပြီး “အခု ပုတီးစေ့တွေက သုံးခါလုံး မီးရှို့ခံရပြီးပြီလား"
“အင်း” ရွှမ်ချင်းက ပြန်ဖြေလိုက်သည်။
"သတိမထားမိလိုက်ဘဲနဲ့ သူတို့က ဆယ်ကျော်သက်တွေ မဟုတ်ကြတော့ဘူး"
တစ်ယောက်သည် လူတစ်သောင်းကျော်ကို အုပ်စိုးနေရသည့်ဧကရာဇ်ဖြစ်လာပြီး နောက်တစ်ယောက်သည် အဋ္ဌမအဆင့်ရှိသည့် ဓါးသိုင်းကျင့်ကြံသူဖြစ်လာသည်။ တစ်ယောက်မှ သာမန်လူများမဟုတ်ကြတော့ပေ။
လင်းရုဖေးက မေးလိုက်သည်။
“ဘုန်းကြီးတွေက သေရည်သောက်လား"
ရွှမ်ချင်းက တုန့်ပြန်ပြောဆိုလိုက်သည်။
"လင်းကုန်းဇီက ဒီကိုယ်တော်ကို သေရည်ဝယ်တိုက်ချင်လို့လား"
လင်းရုဖေးက ယဥ်ကျေးသိမ်မွေ့စွာ သဘာဝတကျ ရယ်မောလိုက်ပြီး "ကျွန်တော်က ဆရာတော် အရက်မူးနေချိန်မှာ ပိုက်ဆံပေးချင်လို့ မဟုတ်ပါဘူး ဘာလို့ အရမ်းစိတ်ပူနေရတာလဲ"
ရွှမ်ချင်းသည် မျက်တောင်တဖြတ်ဖြတ်ခတ်ပြီး ရယ်မောလိုက်ကာ “ဒါဆို...နည်းနည်းသောက်ရုံနဲ့ ဘာအန္တရာယ်မှ မရှိပါဘူး"
ထို့နောက် လင်းရုဖေးသည် သူ၏သိုလှောင်လက်စွပ်အတွင်းမှ မဖွင့်ရသေးသော သေရည်အိုးကို ထုတ်ယူကာ ခွက်နှစ်ခွက်ကို ယူလာပေးရန် နန်းတော်ရှိအမှုထမ်းများကို ခေါ်လိုက်သည်။ ကံမကောင်းစွာပင် ကုရွှမ်းတု သူ့အားပေးခဲ့သောသေရည်နှင့် ယှဉ်လျှင် ဤသေရည်သည် နေ့နှင့် ညကဲ့သို့ ကွာခြားပေသည်။ ၎င်းသေရည်ကို သောက်ပြီးနောက် သူ မြည်းစမ်းခဲ့သော အခြားသေရည်များသည် ရေကဲ့သို့ပေါ့ ရွှတ်ကာ အရသာမရှိလှပေ။
ရွှမ်ချင်းသည် လင်းရုဖေး၏လုံးဝပျော်ရွှင်မှုမရှိသောအကြည့်ကို သတိပြုမိသောအခါ အဘယ်ကြောင့် ထိုသို့ဖြစ်နေရကြောင်း ပြုံးကာ မေးလိုက်သည်။
“ဒီသေရည်ကို သောက်လိုက်တော့ အရင်က ကျွန်တော်သောက်ခဲ့ဖူးတဲ့ သေရည်ကောင်းကောင်းကို သတိရသွားစေလို့ပါ”
လင်းရုဖေးက ပြန်ဖြေလိုက်သည်။
“အဲဒီသေရည်သောက်ပြီးကတည်းက နှိုင်းယှဥ်ကြည့်ရင် တခြားသေရည်တွေက အရမ်းအရသာမဲ့လွန်းတယ်လို့ အမြဲခံစားရတယ်"
ရွှမ်ချင်းသည် စပ်စုလိုက်ပြီး "အိုး ကမ္ဘာပေါ်မှာ ဒီလောက်ကောင်းတဲ့ သေရည်ရှိတယ်လား"
လင်းရုဖေးက အသေးစိတ်ရှင်းပြခဲ့သော်လည်း ရွှမ်ချင်းသည် ထိုရှင်းပြချက်ကို ကြားပြီးနောက် ခဏလောက် နှုတ်ဆိတ်နေပြီး တီးတိုးပြောလိုက်သည်။
“ဒီကိုယ်တော်လည်း အရင်က အရက်မူးဖူးပုံပဲ"
"ဆရာတော်လည်း အရက်မူးဖူးတယ်လား" လင်းရုဖေးက စိတ်ဝင်တစား မေးလိုက်သည်။
“အင်း” ရွှမ်ချင်းက ပြန်ဖြေလိုက်သည်။
“ကိုယ်တော်မှာ ထမင်းချက်တာမကောင်းပေမယ့် တကယ်ကို အရသာရှိတဲ့ကိတ်မုန့်တွေ လုပ်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် သူ့အထူးအရည်အချင်းတွေရဲ့ ချီးကျူးထိုက်ဆုံးအပိုင်းကတော့ သေရည်ပြုလုပ်တဲ့အတတ်ပညာပဲ”
သူက တစ်ငုံသောက်မော့ပြီးနောက် နူးညံ့စွာ ပြောလာသည်။
“ဒကာလေးသာ သူ့သေရည်ကိုသောက်ပြီးတာနဲ့ ဘယ်အရာကမှ ဒကာလေးရဲ့မျက်လုံးကို ဖမ်းစားနိုင်တော့မှာမဟုတ်ဘူး"
"ဆရာတော်တို့က အရမ်းရင်းနှီးတာပဲ ဖြစ်ရမယ်" လင်းရုဖေးက တီးတိုးပြောဆိုလိုက်သည်။
"ရင်းနှီးပါတယ်" ရွှမ်ချင်းက ပြန်ဖြေ၏။
"ဒါဆို သူ အခုဘယ်မှာလဲ" လင်းရူဖေးက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“သေပြီ” ရွှမ်ချင်းက နှေးကွေးသော အသံဖြင့် တုံ့ပြန်သည်။
လင်းရုဖေးက အေးခဲသွားပြီးနောက် လေထုသည် အဆင်မပြေဖြစ်သွားသည်။
"တောင်းပန်ပါတယ် ကျွန်တော် မရည်ရွယ်ပါဘူး... ..."
ရွှမ်ချင်းသည် သူ့လက်ကို ဝှေ့ယမ်းကာ အဆင်ပြေကြောင်း ညွှန်ပြလိုက်ပြီး ရိုးရှင်းစွာ ပြောဆိုလိုက်သည်။
“သာမန်လူတွေအတွက်တော့ အသက်ရှင်ခြင်းနဲ့သေခြင်းက တားမြစ်ထားတဲ့ကိစ္စဖြစ်နိုင်ပေမယ့် ကိုယ်တော်လိုလူမျိုးအတွက်တော့ အသက်ရှင်ခြင်းနဲ့သေခြင်းက စားသောက်ခြင်းနဲ့ အိပ်ခြင်းလိုမျိုးသာမန်ပါပဲ ဒါက ပြောမပြနိုင်အောင်ဆိုးဝါးတဲ့ အရာတော့မဟုတ်ပါဘူး"
______
Translated By IQ-Team.