Chapter 113
လင်းရုဖေးသည် အသက်ရှူကျပ်ခြင်းမှ တဖြည်းဖြည်း ပြန်လည်သက်သာလာသည်။ သူသည် ကုတင်အစွန်းကိုမှီပြီး ပြင်းထန်စွာ ခန္ဓါကိုယ်ကို ကွေးထားသည်။ အရိပ်မည်း၏လုပ်ရပ်ကြောင့် သူ့နှုတ်ခမ်းထောင့်စွန်းများသည် အက်ကွဲနေပြီး အနီရောင်တောက်တောက်သွေးစက်များစွာသည် သူ၏မေးစေ့အောက်သို့ တဖြည်းဖြည်း ကျဆင်းလာသည်။ ရွှမ်ချင်းသည် ပိုးသားလက်ကိုင်ပုဝါကို ထုတ်ကာ လင်းရူဖေး၏ နှုတ်ခမ်းပေါ်ရှိ သွေးစက်များကို ညင်သာစွာ သုတ်ပေးလိုက်ပြီး စိုးရိမ်စွာ မေးလိုက်သည်။
“လင်းကုန်းဇီ မင်း အဆင်ပြေရဲ့လား"
လင်းရုဖေးသည် ခေါင်းခါလိုက်ပြီး “ဘာမှ မပြင်းထန်ပါဘူး ဆရာတော်ရွှမ်ချင်းရော အနောက်ကလိုက်မသွားဘူးလား အဲဒီအရာက ချီဓားကို အရမ်းကြောက်ပုံမပေါ်ဘူး"
"မလိုပါဘူး" ရွှမ်ချင်းသည် ဖြည်းညှင်းစွာပြောလိုက်သည်။
"အဲဒါက ဘာလဲဆိုတာ ဒီကိုယ်တော်သိတယ်"
လင်းရုဖေးသည် စပ်စုစွာဖြင့် "အဲဒါက ဘာလဲ"
သို့သော် ရွှမ်ချင်းသည် ပြန်မဖြေပေ။ လင်းရုဖေး နားမလည်နိုင်သော စာနာမှုများပါဝင်နေသည့် သနားကြင်နာသောမျက်လုံးများဖြင့် လင်းရုဖေးကို တိတ်တဆိတ်သာ ကြည့်နေသည်။
လင်းရုဖေးက နားမလည်ပေ။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဆရာတော်ရွှမ်ချင်း ဘာကို ဆိုလိုတာလဲ"
"ဘာမှမဟုတ်ပါဘူး လင်းကုန်းဇီ အတော်ဒုက္ခရောက်ခဲ့မှာပဲလို့ တွေးမိရုံပါ" ရွှမ်ချင်း ပြန်ဖြေလိုက်သည်။
လင်းရုဖေးသည် ပါးစပ်ထောင့်ရှိဒဏ်ရာကို လက်ချောင်းများဖြင့် ဖိလိုက်သည်။
သူသည် တုန့်ဆိုင်းသွားပြီးနောက် ဘာမှမဖြစ်သလို သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “ဒါက ဒဏ်ရာသေးသေးလေးပါ ပြဿနာမရှိပါဘူး"
"အဲဒီအရာကို တွေ့တဲ့အခါ တစ်ယောက်ယောက်ကတော့ အမြဲဒုက္ခရောက်တယ်"
ရွှမ်ချင်းက ထရပ်လိုက်ပြီး "လင်းကုန်းဇီ မတ်တပ်ရပ်နိုင်လား။ ပိုင်ထျန်းရွေ့ဘက်မှာလည်း ရလဒ်တွေရှိနိုင်တယ်"
လင်းရုဖေးတွင် မည်သည့် ပြဿနာမှရှိမနေပေ။ သူ့ပါးစပ်ထောင့်ရှိ သေးငယ်သည့်ဒဏ်ရာမှလွဲ၍ ထိုအရာသည် သူ့ကို နာကျင်စေရန် မည်သည်ကိုမျှ မပြုလုပ်ခဲ့ပေ။ ထိုအစား သူသည် အနည်းငယ်သာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သို့သော် သူ အရမ်းကြီးကြောက်ရွံ့မနေခဲ့ပေ။ အချိန်ခဏအကြာတွင် ပြန်လည်ကောင်းမွန်လာပြီးနောက် ရွှမ်ချင်းနောက်မှ အခန်းအပြင်သို့ လိုက်သွားသည်။
သို့သော် အရိပ်နောက်မှပြေးလိုက်သွားသည့် ပိုင်ထျန်းရွေ့သည် သူတို့၏တံခါးဝတွင် ရပ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူ့အမူအရာသည် အလွန်အမင်းဒေါသထွက်နေပြီး အလွန်ရုပ်ဆိုးလွန်းလှသည်။
"မင်းသားက ဘာလို့ဒီမှာနေတာလဲ"
လင်းရုဖေးက အံ့ဩသွားပြီး “အဲဒီအရာကို မျက်ခြေပြတ်သွားတာလား"
ပိုင်ထျန်းရွေ့သည် ခေါင်းယမ်းလိုက်ပြီး ရွှမ်ချင်းကိုကြည့်ကာ "မင်း အဲ့ဒါကို သိပြီးပြီမလား"
ရွှမ်ချင်းသည် လက်အုပ်ချီလိုက်ပြီး အော်မီထော်ဖော်ဟု ရေရွတ်လိုက်သည်။
"နံစော်လွန်းတဲ့ဘုန်းကြီးစုတ်"
ပိုင်ထျန်းရွေ့က မြေပြင်သို့ တံတွေးထွေးလိုက်သည်။
သူက ရွှမ်ချင်းကို လက်ညှိုးထိုးကာ ကျိန်ဆဲတော့သည်။
"မင်း တကယ် အရင်ကတည်းက သိနေခဲ့တာမလား"
သူသည် ထိုသို့ပြောပြီးနောက် လင်းရုဖေးကို လက်ညှိုးထိုးလိုက်သည်။
"အဲဒီအရာက လင်းရုဖေးကို တကယ်ကြီး တစ်ခုခုလုပ်သွားမှာ မစိုးရိမ်ဘူးလား"
ရွှမ်ချင်းက ရိုးသားစွာ ပြန်ဖြေလိုက်သည်။
"ဒီဘုန်းကြီးက သူ့ကိုယ်ကျင့်သိက္ခာကို သူ သိပါတယ်"
“ကိုယ်ကျင့်တရား ကောင်းပြီ”
ပိုင်ထျန်းရွေ့လှောင်ရယ်၍ဆိုသည်။
"ငါ ကောင်းမွန်တဲ့စကားတွေရော ယုတ်ညံ့တဲ့စကားလုံးတွေရော မင်းကို အားလုံး ပြောပြီးပြီ မင်း နောက်မှ ငါ့အစ်ကိုတော်ကို ဘယ်လို ရှင်းပြမလဲဆိုတာ ငါ ကြည့်ချင်စမ်းတယ်"
ထိုစကားများကို ပြောပြီးနောက် အေးစက်စွာ နှာမှုတ်ထုတ်လိုက်တော့သည်။
ရွှမ်ချင်းက သဘောကျသည့် အမူအရာကို ပြုလုပ်လာသည်။
ပိုင်ထျန်းရွေ့သည် လှည့်ပြီး တတိယမင်းသမီးလေးရှိရာ အခန်းဆီသို့ ဦးတည်သွားလိုက်သည်။ လင်းရုဖေးသည် အခန်းထံသို့ ဝင်သွားပြီး ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပိုင်ထျန်းရွေ့ထံမှ အတိအကျ သိရှိစေရန် ပိုင်ကျင့်လွင်အား ထိုင်စောင့်နေသည့်တိုင်အောင် သူနှင့် ရွှမ်ချင်းကြုံတွေ့နေရသည့် ပြဿနာကို လင်းရုဖေး နားမလည်ပေ။
ပိုင်ထျန်းရွေ့သည် အရိပ်ကို မျက်ခြေပြတ်သွားခြင်း မဟုတ်ပေ။ သူသည် ပြတင်းပေါက်မှနေ ထိုအရာနောက်သို့ ပြေးလိုက်သွားပြီး နန်းတော်တဝိုက် အနက်ရောင်အရိပ်နောက်သို့ လိုက်သွားခဲ့သည်။ နောက်ဆုံးတွင် ထိုအရာသည် တတိယမင်းသမီးလေး နေထိုင်ရာနေရာသို့ သူ့ကို ခေါ်ဆောင်သွားလိမ့်မည်ဟု မည်သူသိမည်နည်း။ မူလက အနက်ရောင်အရိပ်သည် မင်းသမီးလေးကို ဒုက္ခပေးလိမ့်မည်ဟု ပိုင်ထျန်းရွေ့ ထင်လိုက်သောကြောင့် အခန်းထဲသို့ အမြန်ပြေးဝင်သွားခဲ့သည်။ သို့သော် သူ အထဲကို ရောက်သည့်အချိန်တွင် အနက်ရောင် အရိပ်သည် မင်းသမီးလေး၏ခန္ဓာကိုယ်တွင် တဖြည်းဖြည်းချင်း ကပ်တွယ်သွားပြီး မင်းသမီးလေးနှင့် ပေါင်းစပ်သွားသည်ကို သူမြင်လိုက်ရသည်။ ထို့အပြင် မင်းသမီးလေးသည် မကြားရဘူးဆိုလျှင်တောင် သူမတွင် ပန်းနုရောင်အသားအရေရှိနေသေးသည်။ ယခုထိ ပိုင်ထျန်းရွေ့သည် စဥ်စားဥာဏ်မရှိခဲ့ဘူးဆိုလျှင်တောင် အခု သူလည်း နားလည်သင့်ပေပြီ။
ထို့အပြင် ရွှမ်ချင်း၏နည်းနည်းလေးမှ မအံ့သြသည့်အမူအရာကို တွေ့လိုက်ရပြီးနောက် အရာအားလုံးသည် သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေပုံပင်။ ပိုင်ထျန်းရွေ့ ဒေါသထွက်ရသည့်အကြောင်းရင်းသည် ရွှမ်ချင်းက သူ့ကို လှည့်စားနေသည်ဟု ထင်သည့်အတွက်ကြောင့်ဆိုတာ ထင်ရှားပေသည်။
လင်းရုဖေးက ပြုံးလိုက်ပြီး ကုတင်ပေါ်တွင်မေ့မြောနေဆဲဖြစ်သော တတိယမင်းသမီးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
“ဒါဆို အဲဒီအရာအားလုံးက တတိယမင်းသမီးလုပ်နေတာလို့ မင်းသား ဆိုလိုချင်တာလား"
ပိုင်ထျန်းရွေ့ကဆိုသည်။
"သူမ မလုပ်ခဲ့ဘူးဆိုရင်တောင် သူမမှာ အဲဒါနဲ့ ပတ်သက်မှုတစ်ခုခုတော့ ရှိရမယ်"
သူသည် အေးစက်သောလေသံဖြင့် ဆက်ပြောလာသည်။
"မိန်းကလေးက အရွယ်ရောက်လာပြီး သူ့ကိုယ်ပိုင် ရည်ရွယ်ချက်တွေလည်းရှိတာကြောင့် ဦးလေးတစ်ယောက်အနေနဲ့ ငါက ထိန်းချုပ်လို့မရဘူး"
သူ့တွင် တတိယမင်းသမီး၏အပြစ်ကို ဖုံးဖိပေးရန် ရည်ရွယ်ချက်မရှိတော့ကြောင်း သွယ်ဝိုက်ပြောဆိုလိုက်ခြင်းပင်။ သို့သော်လည်း သူ ကာကွယ်ချင်လျှင်တောင် ကာကွယ်ပေး၍ မရနိုင်တော့ပေ...။
လင်းရုဖေးသည် ရွှမ်ချင်းကို တစ်ဖန်ကြည့်လိုက်သောအခါ မင်းသားပိုင်ထျန်းရွေ့၏ ဒေါသထွက်နေသောစွပ်စွဲချက်များကို လျစ်လျူရှုထားပုံရပြီး အရင်ကတူညီသောပုံစံအတိုင်း ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ သူသည် ရွှမ်ချင်းအား အခြားအရာတစ်ခုကို မေးချင်သော်လည်း မကြာမီ တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် အလျင်စလို ရောက်လာသော ပိုင်ကျင့်လွင်ကို တွေ့လိုက်ရသည်။
ပိုင်ကျင့်လွင်သည် တံခါးကို တွန်းဖွင့်ကာ "ဘာဖြစ်နေတာလဲ" ဟု မေးလာသည်။
သူသည် အပေါ်ဝတ်အင်္ကျီတစ်ထည်နှင့်အတူ ညဝတ်အင်္ကျီကိုသာ ၀တ်ဆင်ထားဆဲဖြစ်သည်။ သူက ယခုကိစ္စကို အလွန်စိုးရိမ်နေပြီး အလျင်စလို ရောက်လာခြင်းဖြစ်ကြောင်းကို မြင်တွေ့နိုင်သည်။
ပိုင်ထျန်းရွေ့သည် ပိုင်ကျင့်လွင်၏မေးခွန်းထုတ်သော အကြည့်ကို လျစ်လျူရှုကာ ရှုံ့မဲ့နေသောမျက်နှာဖြင့် စကားပြောရန် ငြင်းဆန်နေသည်။ နောက်ဆုံးတွင် ရွှမ်ချင်းသည် သက်ပြင်းချပြီး ရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည်။ သူသည် ညင်သာစွာဖြင့် ယနေ့ည၌ ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။ ပိုင်ကျင့်လွင်သည် ပိုနားထောင်လေလေ သူ့အမူအရာသည် ပို၍ရုပ်ဆိုးလေလေပင်။ သို့သော် သူသည် မည်သည်ကိုမျှ မပြောသေးပေ။ သို့သော်ငြား သူ့မျက်နှာပေါ်ရှိ ထိုအမူအရာကို ကြည့်ခြင်းဖြင့် သူသည် အလွန်ဒေါသထွက်နေပြီဖြစ်ကြောင်း သိသာထင်ရှားပေ၏။
"ဒါဆို အဲဒီအရာက မော့မော့ ဖန်တီးထားတာလို့ မင်းက ဆိုလိုတာလား" ပိုင်ကျင့်လွင်က အေးစက်စွာပြောလာသည်။
"ဟုတ်ပါတယ်" ရွှမ်ချင်းက ပြန်ဖြေလိုက်သည်။
"ဒါဆို သူဘာလို့ နိုးမလာသေးတာလဲ"
ပိုင်ကျင့်လွင်သည် ဒေါသတကြီးနှင့်ပြောလိုက်သည်။
"ပြီးတော့ အစကတည်းက သူမဆီကနေ ထူးခြားတာဘာတစ်ခုမှ မင်း ရှာမတွေ့ခဲ့ဘူးလေ"
"အရှင်မင်းမြတ် အမျက်တော်မရှပါနဲ့"
ရွှမ်ချင်းကဆက်၍ပြောသည်။
"ကျွန်တော်တို့ ရှာမတွေ့ရတဲ့ အကြောင်းရင်းက ဒီအရာက နည်းနည်းထူးခြားနေတာကြောင့်ပါ"
ပိုင်ကျင့်လွင်က မေးခွန်းထုတ်လိုက်သည်။
"ဘယ်လိုထူးခြားတာလဲ"
ရွှမ်ချင်းသည် ပိုင်ကျင့်လွင်၏ နံဘေးသို့ လျှောက်သွားပြီး စကားလုံးအနည်းငယ်ကို သူ့နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။ ပိုင်ကျင့်လွင်သည် မျက်လုံးများကို အနည်းငယ်မှေးကျဥ်းလိုက်ပြီး ခေါင်းကိုလှည့်ကာ သူ့လက်အောက်ငယ်သားများအား နန်းတော်မှ နို့ထိန်းအချို့[1]ကို ခေါ်ဆောင်လာရန် အမိန့်ပေးလိုက်သည်။
[1] - 嬷嬷 ဟူသော စကားလုံးသည် အဘွား၊ မိခင်များ၊ သူနာပြုဆရာမများ၊ အသက်ကြီးသည့်အိမ်အကူများ စသည်တို့ကို ရည်ညွှန်းပါသည်။ အဲဒီစကားလုံးတွေက နန်းတော်ရဲ့အသုံးအနှုန်းနဲ့ တကယ်ကို လိုက်ဖက်မှုမရှိတဲ့အတွက် နို့ထိန်းများဆိုသည့် စကားလုံးနဲ့ ပြောင်းလဲထားပါသည်။ ဒါပေမယ့် အဲဒါတွေက အသက်အရွယ်ကြီးတဲ့နို့ထိန်းများကိုဆိုလိုခြင်းဖြစ်ပြီး ငယ်ရွယ်သူများကို ဆိုလိုခြင်းမဟုတ်ကြောင်း အားလုံးကို အသိပေးချင်ပါသည်။
သူ့ဘေးနားရှိ ပိုင်ထျန်းရွေ့သည် ထူးခြားစွာ ရယ်မောလိုက်ပြီး "ယို့...ဆရာကြီးရွှမ်ချင်း နောက်ဆုံးတော့ နည်းလမ်းတစ်ခု ပေါ်လာပြီလား"
ရွှမ်ချင်းသည် စိတ်ဆိုးသည့်ပုံမပေါ်ဘဲ ပိုင်ထျန်းရွေ့ကို ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်၏။
ခဏအကြာတွင် အပြင်ဘက်မှ နို့ထိန်းအနည်းငယ် ဝင်လာသည်။ ပိုင်ကျင့်လွင်သည် လက်ညိုးထိုးကာ ပြောလိုက်သည်။
"မင်းတို့ သွားပြီးတော့ မင်းသမီးလေးကို အိပ်ယာပေါ်ကနေ ဆွဲမ,လိုက်စမ်း"
ဤကဲ့သို့ ဧကရာဇ်မင်း၏ ရုတ်တရက် အမိန့်ပေးလိုက်သည့် ဆိုလိုရင်းကို နားမလည်ကြသော နို့ထိန်းတော်တော်များများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့သည် အမိန့်ကို နာခံဆဲဖြစ်ပြီး မင်းသမီးလေးရှိရာနူးညံ့သော ကုတင်ဆီသို့ သွားလိုက်သည်။ အိပ်ပျော်နေသောမင်းသမီးလေးကို ကုတင်ပေါ်ကနေ ဂရုတစိုက် ဆွဲမ,ကြသည်။ မင်းသမီးလေးသည် နို့ထိန်းများ၏လက်မောင်းများထဲတွင် နူးညံ့စွာ မှီထားပြီး အကူအညီလုံးဝမပါဘဲ မတ်တပ်မရပ်နိုင်ပေ။ သို့သော် ဧကရာဇ်အမိန့်တော်အရ နို့ထိန်းအများအပြားသည် မင်းသမီး၏ခန္ဓာကိုယ်ကို မတူညီသောနေရာအသီးသီးမှ ဆွဲကိုင်ထားကြပြီး သူမ၏ခန္ဓာကိုယ်ကို မတ်တပ်ရပ်ခိုင်းထားကြသည်။
အခန်းသည် မီးထိန်ထိန်လင်းနေပြီး မင်းသမီးလေးသည် ခေါင်းငိုက်စိုက်ကျနေသည်။ စွမ်းအားမရှိသော ရုပ်သေးရုပ်ကဲ့သို့ သူမကို လူများစွာက မြှောက်ထားကြသည်။
အစပထမ၌ လင်းရုဖေးသည် ရွှမ်ချင်း အဘယ်ကြောင့် ယခုကဲ့သို့လုပ်ချင်လဲဆိုသည်ကို နားမလည်ခဲ့ပေ။ ခဏမျှ ဂရုတစိုက်စောင့်ကြည့်ပြီးမှသာ ထူးခြားမှုကို ရုတ်တရက် သတိပြုမိသွားသည်။ ယင်းကဲ့သို့အနည်းငယ်ထူးခြားသည့် စိတ်ခံစားမှုသည် လူတိုင်း၏ဆံပင်ကို အလိုအလျောက် ထောင်မတ်သွားစေသည်။
မတ်တပ်ရပ်ခိုင်းခံရသည့် မင်းသမီး၏နောက်တွင် ဖယောင်းတိုင်အလင်းရောင်ကြောင့် ဖြစ်ပေါ်နေသော အရိပ်မည်းတစ်ခုကိုသာ သူ မြင်လိုက်ရသည်။ တစ်ခုတည်းသာလျှင် ဤအရိပ်သည် မင်းသမီးလေး၏အသွင်အပြင်နှင့် အလုံးစုံမတူညီဘဲ မြေပြင်ပေါ်တွင် မည်သည့်ပုံစံမှ မဖော်ပြဘဲ စာရွက်ပေါ်ရှိ မှင်အစွန်းအထင်းတိမ်တိုက်တစ်ခုကဲ့သို့ ဖြစ်နေသည်။
နို့ထိန်းများသည် နားမလည်သော်လည်း ဤနေရာတွင်ရှိနေသူအနည်းငယ်သည် ၎င်းကို ရှင်းရှင်းလင်းလင်းမြင်ရသည်။ မင်းသမီးနောက်ရှိ အနက်ရောင် အရိပ်သည် သူမနှင့် လုံးဝ မပတ်သက်ပေ။
ပိုင်ကျင့်လွင်၏မျက်နှာသည် ဒေါသကြောင့် နီရဲလာပြီး သူ့လက်ကို ဝှေ့ယမ်းကာ မသက်ဆိုင်သည့်သူများကို ထွက်ခွာသင့်ကြောင်း ညွှန်ပြလိုက်သည်။
အားလုံးထွက်ခွာသွားပြီးမှသာ သူသည် ရွှမ်ချင်းဘက်သို့ လှည့်ပြီး "ဘာဆက်လုပ်ကြမလဲ"
ရွှမ်ချင်းက ပြန်ဖြေလိုက်၏။
"မင်းသမီးလေးရဲ့အရိပ်ကို တစ်စုံတစ်ခုက ဝါးမျိုလိုက်တာ"
"ဝါးမျိုတာလား"
ပိုင်ကျင့်လွင်ကမေးသည်။
“ပိုပြီး သေသေချာချာပြောပြစမ်း"
ရွှမ်ချင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"မင်းသမီးလေးက ရုတ်တရက် သတိမေ့မြောသွားပေမယ့် သူ့ဝိညာဉ်သုံးပါးနဲ့ စိတ်ဝိညာဉ်ခုနစ်သွယ်အားလုံး ဒီမှာ ရှိနေသေးတယ် သူမက ထူးဆန်းတဲ့အဆိပ်ကို ခံစားနေရတာမဟုတ်ဘူး အဲဒါက ဒီကိုယ်တော်ကိုလည်း အတော်လေးအထူးအဆန်း ဖြစ်စေတယ် ဒါကို အစတုန်းက မတွေးခဲ့မိပေမယ့် လင်းကုန်းဇီ တိုက်ခိုက်ခံရပြီးနောက် တစ်ခုခုကို ရုတ်တရက် သတိရမိသွားတယ်"
"အဲဒါက ဘာလဲ" လင်းရုဖေးက မေးလိုက်သည်။
ရွှမ်ချင်းကဆိုသည်။
"ကိုယ်တော် နန်ယင်းဘုရားကျောင်းမှာရှိတုန်းက ထူးဆန်းတဲ့ နည်းလမ်းတစ်ခုကို ရေးသားဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ကို တွေ့ခဲ့ဖူးတယ် အဲဒါက လူတစ်ဦး၏အရိပ်ကို ထိန်းချုပ်ဖို့ အသုံးပြုတဲ့နည်းလမ်းပဲ အဲ့ဒါက ကြိုးတွေနဲ့ဆွဲထားတဲ့ရုပ်သေးရုပ်လိုပဲ အဲဒီလူကို ထိန်းချုပ်နိုင်တယ် အဲဒီစာအုပ်ကိုဖတ်ပြီးတော့ ဒီနည်းလမ်းက လက်တွေ့မကျဘူးလို့ ထင်ခဲ့မိတယ် တကယ်တော့ အရိပ်က ဝိညာဉ်တစ်ခုမဟုတ်တာကြောင့် လူတွေကို ဘယ်လိုလုပ်ထိန်းချုပ်နိုင်မှာလဲ ဒါနဲ့ ဆရာတူအစ်ကိုကြီးကို သွားမေးကြည့်တယ် ဒါပေမဲ့ ဆရာတူအစ်ကိုကြီးက ဒီလိုပြောလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ... ...လူတွေအတွက် အရိပ်က ထပ်တူထပ်မျှ အရေးကြီးတယ် လူတိုင်းက အဲ့ဒါနဲ့အတူတူ မွေးဖွားလာခဲ့ကြရုံသာမက အင်္ဂါရပ်တွေ လက်တွေ ခြေထောက်တွေကအစ အကုန်အတူတူပဲ တကယ်လို့ သူသာပျောက်ဆုံးသွားခဲ့မယ်ဆိုရင် ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားလိမ့်မယ်တဲ့”
ဤစကားကို ပြောပြီးသည်နှင့် သူက သက်ပြင်းချလိုက်သည်။
“ဒါပေမယ့် ကျွန်တော့်ရဲ့ဆရာတူအစ်ကိုကြီးက ဒီလောကထဲမှာ အရိပ်ကို ထိန်းချုပ်နိုင်တဲ့သူ အရေအတွက်က အလွန်နည်းတယ်လို့လည်း ပြောခဲ့ဖူးတယ် တစ်သန်းမှာတစ်ယောက်တောင် ရွေးချယ်ဖို့ မဖြစ်နိုင်တာမို့ မရမ်းစိတ်ပူစရာမလိုပါဘူး"
မင်းသမီးလေးသည် ရုတ်တရက် မတော်တဆမှုတစ်ခုကြောင့် သတိမေ့မြောသွားခဲ့သည်။ သူမသည် လွန်ခဲ့သော ရက်အနည်းငယ်က အိပ်ရာပေါ်တွင် လဲလျောင်းနေခဲ့သောကြောင့် သေချာပေါက် သူမ၏အရိပ်တွင် ခြားနားမှုရှိနေသည်ကို မည်သူမျှ သတိပြုမိမည်မဟုတ်ပေ။
"ဒါဆို သူမရဲ့အရိပ်ကို ဘယ်သူက ထိန်းချုပ်နေတာလဲ"
ပိုင်ကျင့်လွင်က သဘောပေါက်သွားပြီး သူ့လေသံတွင် ဒေါသများ မျိုသိပ်ထားမှန်း သိသာပေသည်။ ဤကိစ္စသည် တတိယမင်းသမီးလေးကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည့်ကိစ္စဖြစ်ကြောင်း သူ အတော်လေး မယုံကြည်နိုင်ဖြစ်နေမိပြီး သူမသည် တစ်စုံတစ်ယောက်၏ ပစ်မှတ်သားကောင်ဖြစ်ခဲ့ကြောင်း သူ ခံစားမိသည်။
"မော့မော့က ငယ်ငယ်လေးကတည်းက အနေအထိုင်သိမ်မွေ့တယ် ရှုပ်ထွေးတဲ့လူတွေနဲ့ မဆက်ဆံ မပေါင်းသင်းခဲ့ဘူး အရိပ်ကို ထိန်းချုပ်နိုင်တဲ့သူ အလွန်နည်းပါးတယ်လို့ မင်းလည်း ပြောခဲ့တာပဲ သူမက သူတို့ထဲကတစ်ယောက် ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ"
ရွှမ်ချင်းသည် သက်ပြင်းချကာ "ကိုယ်တော်လည်း အဲလို မျှော်လင့်ပါတယ် ကိုယ်တော်က စိုးရိမ်မိရုံပါပဲ... ..."
ရွှမ်ချင်းဆက်ပြောမည့် စကားများကို ရပ်တန့်ရန် ပိုင်ကျင့်လွင်၏လက်ကို ဝှေ့ယမ်းရင်း "စိုးရိမ်နေဖို့ မလိုပါဘူး မင်းက အမှန်တရားကို ရှာဖွေဖို့ပဲ လိုတာပါ"
ရွှမ်ချင်းက ခေါင်းညိတ်လိုက်သည်။
ယခုတော့ သူတို့သည် ဤဖြစ်ရပ်၏ အရင်းအမြစ်ကို ရှာတွေ့ခဲ့ပေပြီ။ အကြောင်းအရင်းအတိအကျကို သူတို့ နားမလည်သေးသော်လည်း သဲလွန်စများနောက်လိုက်နေသရွေ့ အရာအားလုံးသည် မကြာမီ ပြီးဆုံးသွားပေလိမ့်မည်။ မူလက ပိုင်ကျင့်လွင်သည် ရွှမ်ချင်းကို ညတွင်းချင်း စုံစမ်းပြီး ကိုင်တွယ်စေချင်ခဲ့သော်လည်း ရွှမ်ချင်းသည် ယနေ့ညတွင် ဆက်လက်မလုပ်ဆောင်နိုင်တော့ကြောင်း ကျန်ကိစ္စရပ်အား မနက်ဖြန်ညအထိ စောင့်ရဦးမည်ဖြစ်ကြောင်း အကြောင်းပြကာ တောင်းပန်လိုက်သည်။
ပိုင်ကျင့်လွင်သည် ရွှမ်ချင်း၏ခိုင်မာသည့် သဘောထားကို နားလည်လိုက်သောအခါ သူ လက်လျှော့အရှုံးပေးလိုက်ရုံသာ တတ်နိုင်သည်။
လူတော်တော်များများ လူစုလမ်းခွဲလိုက်သောကြောင့် အခန်းတွင်းရှိလေထုသည် သိပ်မကောင်းလှပေ။ ပိုင်ထျန်းရွေ့သည် အစမှ အဆုံးထိ မည်သည်ကိုမျှ မပြောခဲ့ပေ။ သူ့အမူအရာကို ကြည့်လိုက်ခြင်းဖြင့် သူသည် ဝင်ပါမည်မဟုတ်ဘဲ ပွဲကြည့်ချင်ရုံမျှသာဖြစ်ကြောင်း သိနိုင်ပေသည်။ ရွှမ်ချင်းသည် တစ်နှစ်တာသက်ပြင်းချသည့်အရေအတွက်ထက် ယနေ့တွင် သက်ပြင်းပိုချနေမိသော်လည်း ပိုင်ကျင့်လွင်အား ဖျောင်းဖျပြောဆိုပြီး စိတ်တည်ငြိမ်စေရန် အချိန်တစ်ခုပေးရုံမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ပေ။
လင်းရုဖေးသည် သူ့ပါးစပ်ထောင့်ကို ပွတ်သပ်ကာ သူ့အစေခံများအား ဤထူးဆန်းသည့်ဒဏ်ရာအကြောင်းကို မည်ကဲ့သို့ရှင်းပြသင့်ကြောင်း စဉ်းစားနေမိ၏။
ပိုင်ကျင့်လွင် ထွက်သွားပြီးနောက် ပိုင်ထျန်းရွေ့သည်လည်း ထကာ ထွက်သွားခဲ့ပြီး ရွှမ်ချင်းက လင်းရုဖေးကို အခန်းထဲသို့ ပြန်ပို့ပေးသည်။
လင်းရုဖေးကမေးသည်။
"ဆရာတော်ရွှမ်ချင်း အိပ်လို့ပျော်သေးလား"
ရွှမ်ချင်းက ခေါင်းယမ်းလိုက်သည်။ ယခုကဲ့သို့ရှည်လျားသည့်ညအပြီး မိုးလင်းခါနီး၌ သူ မည်ကဲ့သို့ အိပ်ပျော်နိုင်မည်နည်း။
"ဆရာတော် အိပ်မပျော်ဘူးဆိုရင် ဘာလို့ ကျွန်တော်နဲ့အတူ စကားစမြည်မပြောရတာလဲ" လင်းရုဖေးက ကမ်းလှမ်းလိုက်သည်။
ရွှမ်ချင်း : "ကောင်းပြီလေ"
ဤကိစ္စမပြီးခင် လင်းရုဖေးကို တစ်ယောက်တည်း အခန်းထဲ၌ ထားခဲ့ရခြင်းကို သူ အဆင်မပြေသလို ခံစားရသည်။ ထိုအရာ နောက်တစ်ကြိမ် ပြန်ရောက်လာလျှင် မကောင်းပေ။
လင်းရုဖေး : "အဲဒီအရာက ကျွန်တော့်ကို ရှာတွေ့သွားတာကြောင့် ဆရာတော်ရွှမ်ချင်း ကျွန်တော့်ကို ကတိပေးထားခဲ့တဲ့ ကိစ္စက... ..."
ထို့နောက် မိုးသောက်ချိန်အလင်းရောင်သည် ရွှမ်ချင်းအပေါ်သို့ စတင်ဖြာကျလာသည်။
သူက ရယ်မောကာ "ဒါကြောင့် ဒကာလေးက ဒီကိုယ်တော်ကို ဒီမှာ စောင့်နေတာလား ပိုင်မိသားစုနဲ့ ကိုယ်တော်ရဲ့သရုပ်မှန်အကြောင်းကိုပြောရမယ်ဆိုရင် ကိုယ်တော် တာ့ကျင့်ကို ဖြတ်သွားတဲ့အချိန် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က စပြီး ပြောရလိမ့်မယ်... ...”
သူ၏မှတ်ဉာဏ်များထဲ နစ်ဝင်သွားသောကြောင့် သူ့မျက်နှာပေါ်တွင် ပေါ့ပါးသည့်အပြုံးတစ်ခု ဖြစ်ပေါ်လာပေ၏။
****
စာရေးသူမှာ ပြောစရာရှိတယ်~
ကုရွှမ်းတု : ဘယ်သူကများ ကိုယ့်ရှောင်ကျို့လေးရဲ့ ပါးစပ်ထောင့်ကို ဘယ်လိုတောင် ဆွဲဖြဲရဲတာလဲ!
မျက်နှာအမူအရာ ကင်းမဲ့လျက်ရှိသော လင်းရုဖေး : ဘယ်သူက ဆုတ်ဖြဲသွားတာလဲ...
ကုရွှမ်းတု : …………
လင်းရုဖေး : အ ချင်ယောင်ဆောင်နေတာလား?
ကုရွှမ်းတု : _(:з」∠)_
─────────────────────────────────────────────────
Translated By IQ-Team.