အပိုင်း ၁၁၂
Viewers 15k

Chapter 112
မင်းသမီး​လေး၏အရေးကိစ္စ

-------------------


သူသည် ငါးစာဖြစ်ရမည်ဖြစ်သောကြောင့် သဘာဝအတိုင်း ထိုအရာအား ဆွဲဆောင်ရန် လွယ်ကူသောနေရာတွင် ရှိနေသင့်ပေသည်။

ထိုည၌ ရွှမ်ချင်းနှင့် ပိုင်ထျန်း​ရွေ့ဘက်တွင် သူတို့သည် တစ်​ယောက်ကိုတစ်​ယောက် နှုတ်ခွန်းဆက်သပြီး လင်းရု​ဖေးအား နန်းတော်ထဲမှ လှိုက်လှဲစွာကြိုဆိုကြသည်။ ဖူဟွားနှင့် ယွီ​ရွေ့တို့သည် အမှန်တကယ်ဖြစ်ပျက်နေသည်များကို မသိသောကြောင့် အနည်းငယ် စိတ်ပူသွားကြသည်။ နောက်ဆုံးတွင် သူမတို့ တုံ့ဆိုင်းစွာသဘောတူခြင်းမပြုမီအထိ လင်းရု​ဖေးသည် အချိန်အတော်ကြာအောင် အာမခံ၍နားချ​ပြောဆိုပေးခဲ့ရသည်။ ရထားဖြင့် နန်းတော်ထဲသို့ စီး၀င်လာပြီးနောက် နောက်ဆုံးတွင် လင်းရုဖေးသည် ညအချိန်အတွင်း နန်းတော်အတွက် မျက်မြင်သက်သေဖြစ်လာပေသည်။

ရှုခင်းသည် နေ့ခင်းဘက်နှင့် ယှဉ်ရင် အနည်းငယ် ကွာခြား​ပေသည်။ ဟင်္သာပြဒါးနီ​စောင် အမိုး၏တံစက်မြိတ်အောက်တွင် နေရာတိုင်း၌ ကြီးမား​ပြီးအနီရောင်ရှိသည့် နန်းတော်၏မီးအိမ်ကြီးများ ချိတ်ဆွဲထားသည်။ လမ်းဘေးတစ်လျှောက် ဖြည်းညှင်းစွာ တန်းစီပြီးလမ်းလျှောက်နေကြ​သော နန်းတော်၏အစေခံများ သို့မဟုတ် အစောင့်များ ရှိသော်လည်း လင်းရု​ဖေး စိတ်ကူးထားသလောက် တိတ်ဆိတ်ခြင်းမျိုးမရှိပေ။

စိတ်ထဲ၌ သံသယဖြစ်စရာ ပစ်မှတ်တစ်ခုရှိနေပြီး လင်းရု​ဖေးသည် ငါးစာဖြစ်သောကြောင့် သဘာဝအတိုင်း သူနေနေသည့်နေရာသည် ပစ်မှတ်နှင့် နီးကပ်လေလေ ပိုကောင်းလေဖြစ်သည်။ ဤကဲ့သို့​သောအတွေးဖြင့် လင်းရု​ဖေး အနားယူသည့်အခန်းကို တတိယမင်းသမီး၏ဘေးအခန်းတွင် စီစဉ်ပေးကြသည်။ အခန်းထဲတွင်ရှိနေ​သော လင်းရု​ဖေးသည် ယခုကိစ္စကို ပိုင်ကျင့်လွင် သိလားဟု မေးလိုက်​သော်လည်း ရွှမ်ချင်းက ခေါင်းခါပြီး ငြင်းပယ်လိုက်သည်။

“အင်း သူမသိဘူးလို့​တော့ မပြောနိုင်ဘူး"

ရွှမ်ချင်းက ပြုံးပြီး ရှင်းပြသည်။

"နောက်ဆုံး ဒါက နန်းတော်ထဲကို အပြင်က လူတစ်ယောက် ရောက်လာတာ​လေ ဒါ​ကြောင့် ဧကရာဇ်က သိကိုသိမှာပဲ ဒါ​ပေမဲ့ အသေးစိတ်ကိုတော့ ကိုယ်တော်လည်း မပြောပြခဲ့ဘူး ညဘက်တွေ နန်းတော်ထဲမှာ သဲလွန်စတွေ ရှိကောင်းရှိနိုင်တာ​ကြောင့် တစ်ခုခုရှာဖို့ တစ်ညလောက်နေဖို့ လိုတယ်လို့ပဲ ​ပြောခဲ့တယ်"

လင်းရု​ဖေးသည် ၎င်းကို စဉ်းစားပြီး​နောက် သူ့စကားများကို သဘောတူလိုက်သည်။ ပိုင်ကျင့်လွင်သည် တတိယမြောက်မင်းသမီးကို အရမ်းချစ်သည်။ ထို့​ကြောင့် ရွှမ်ချင်းသည် သူမနှင့် အကြီးဆုံးမင်းသားကို သံသယရှိနေကြောင်း သူသိသွားပါလျှင် သူ့စိတ်နှလုံးသည် လွန်စွာ​ပျော်ရွှင်နိုင်​တော့မည်မဟုတ်​ပေ။ ရွှမ်ချင်းသည် အလွန်ထက်မြက်ပြီး ဤအရေးကြီးသောပြဿနာကို တိုက်ရိုက်ရှောင်ရှားနိုင်ခဲ့သည်။

နွေရာသီ ကောင်းကင်ကြီးသည် မှောင်ရီပျိုးရန် အချိန်အနည်းငယ်ပိုကြာ​ပေသည်။ နေဝင်ပြီးနောက်တွင် ကောင်းကင်သည် မိုးပြာရောင်ဖျော့ဖျော့​လေးအဖြစ်သို့ ပြောင်းလဲသွားကာ အဝေးမှ လှမ်းကြည့်သည့်အခါ ကောင်းကင်တွင် လွင့်​မြောနေသည့် အလွန်တောက်ပသော မီး​တောက်မီးလျှံသဏ္ဍာန်တိမ်များကို မြင်နိုင်သည်။

ရွှမ်ချင်းနှင့် လင်းရု​ဖေးတို့သည် လက်ဖက်ရည်ပူပူနှစ်ခွက်ကို ​ရှေ့၌ချကာ အခန်းထဲတွင် ထိုင်နေကြသည်။

လင်းရု​​ဖေးက ​မေးလိုက်၏။ “ဆရာတော်ရွှမ်ချင်း ဘာလို့ သွားပြီး အရင်ဆုံး အနားမယူရတာလဲ အချိန်လည်း စောနေသေးတာ​ကြောင့် အဲဒီအရာ မလာမှာကို ကျွန်​တော် စိုးရိမ်မိတယ်"

ရွှမ်ချင်းသည် ပြန်​ဖြေလိုက်၏။

"လင်းကုန်းဇီ တစ်ယောက်တည်း အခန်းထဲမှာ ထိုင်​နေရတာ နည်းနည်းတော့ ငြီးငွေ့စရာ​ကောင်းတယ် မဟုတ်လား"

လင်းရု​ဖေးသည် အ​လေးအနက်စဥ်းစားလိုက်ပြီး "ပျင်းဖို့​ကောင်းတယ်လား"

ရွှမ်ချင်း၏စိတ်သည် အ​သေးစိတ်ကို အလွန်ဂရုစိုက်လွန်း​သော​ကြောင့် သူ အနည်းငယ် အံ့ဩသွားသည်။

ထို့နောက် သူက ပြုံးလိုက်ပြီး "မဟုတ်ဘူး ကျွန်​တော် ငယ်ငယ်ကတည်းက ​အေးချမ်းတိတ်ဆိတ်တာကို အမြဲတမ်း နှစ်သက်ခဲ့တယ် ကျွန်​တော်ကတစ်ယောက်တည်း နေခဲ့တာကြာပါပြီ ဆရာတော်ရွှမ်ချင်း စိတ်ပူစရာ မလိုပါဘူး"

ခွန်းလွန်တောင်တွင် ဆူညံ​သောတောင်ခြေရင်း၌နေရမည့်အစား နှင်းများထူထပ်သော တောင်ထိပ်ပေါ်တွင် တစ်ယောက်တည်းနေရသည်ကို အမြဲနှစ်သက်ခဲ့သည်။ မီးသွေးအိုးကို ​လောင်ကျွမ်း​စေပြီး ဆောင်းတွင်းဝတ်ကုတ်အင်္ကျီအထူကြီးကို ဝတ်ဆင်ထားကာ စာအုပ်တွဲ နှစ်တွဲ သုံးတွဲကို လက်ထဲတွင် ကိုင်ထားရင်း သတိမမူမိပါဘဲ နောက်တစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ရံဖန်ရံခါတွင် သူသည် အထီးကျန်သည်ဟု ခံစားရသော်လည်း နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ ၎င်းကို ကျင့်သားရလာခဲ့သည်။ ဝမ်းနည်းစရာကောင်းသည်မှာ သူ့အစ်မနှင့် အစ်ကိုများသည် သူ့ကို ယခုလိုပုံစံနှင့် မမြင်လို​သော​ကြောင့် မကြာခဏဆိုသလို သူ့ကို တောင်ပေါ်မှနေ ဆွဲ​ဆွဲခေါ်သွားလေ့ရှိ၏။

ရွှမ်ချင်းက ​အော်မီ​ထော်​ဖော်ဟု ရေရွတ်လိုက်သည်။ လင်းရု​​ဖေးနှင့် စကားအနည်းငယ်ပြောပြီးနောက် ရွှမ်ချင်းသည် ထကာ အခန်းထဲမှထွက်သွားပြီး လင်းရုဖေးအား အထဲတွင် တစ်ယောက်တည်း ချန်ထားခဲ့လိုက်သည်။

အပြင်ထွက်ပြီးနောက် ရွှမ်ချင်းသည် ဦးတည်ရာကိုပြောင်းလဲပြီး ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းဘဲ လင်းရု​ဖေးဘေးရှိ အခန်းထဲသို့ ဝင်သွားလိုက်သည်။ အထဲကို ရောက်သည်နှင့် ထိုင်ခုံပေါ်၌ ပျင်းရိစွာထိုင်​နေ​သော ပိုင်ထျန်း​ရွေ့ကို ​တွေ့လိုက်ရသည်။ သူ့အရှေ့တွင် ဝိုင်အိုးတစ်အိုးချကာ ငြီးငွေ့စွာ သောက်နေ​လေသည်။

ပိုင်ထျန်း​ရွေ့သည် ရွှမ်ချင်း ပြန်ရောက်လာသည်ကို သတိပြုမိသည့်အခါ ခေါင်းပင်​မော့မကြည့်ဘဲ “လင်းမိသားစုရဲ့အငယ်ဆုံးသား​လေးကို အခန်းထဲမှာ တစ်ယောက်တည်းထားခဲ့တာ အဆင်ပြေပါ့မလား"

ရွှမ်ချင်းက ရယ်လိုက်ပြီး "ဘာစိတ်ပူစရာရှိ​နေလို့​လဲ"

"ငါ မမှားဘူးဆိုရင် အဲဒီသခင်ငယ်လေးက သူ့ခန္ဓာကိုယ်မှာ ချီဓားရဲ့အရှိန်အ၀ါ နည်းနည်းမှမရှိဘူးမဟုတ်ဘူးလား"

ပိုင်ထျန်း​ရွေ့သည် သူ့မျက်လုံးများကို ​မှေးကျဥ်းလိုက်ပြီး "ဒီလို ချစ်ဖို့ကောင်းတဲ့ ကြွေရုပ်လေးသာ မတော်တဆ ကွဲ​ကြေသွားရင် မင်း အသည်းကွဲသွားမှာ မဟုတ်ဘူးလား"

ရွှမ်ချင်းက မေးခွန်းထုတ်လိုက်သည်။ "ကြွေရုပ်လား"

ပိုင်ထျန်း​ရွေ့သည် မျက်လုံးကိုပင့်ကာ ရွှမ်ချင်းကိုကြည့်လိုက်ပြီး သူ့စကားက ဘာမှားနေလဲလို့ဟု မျက်လုံးများဖြင့် ​မေးလိုက်သည်။

"လင်းကုန်းဇီက ကြွေရုပ်​လေးလို့ မင်းသားက ပြောတယ်လား"

ရွှမ်ချင်းက ပြုံးပြီး “ဒီကိုယ်တော်ရဲ့အသုံးမကျတဲ့ မျက်လုံးတွေကို အပြစ်တင်ရမှာပဲ ဒီကိုယ်တော်ကြီး အသက်ရှင်နေသမျှ ကာလပတ်လုံး ဒီလောက်အထိကြမ်းတမ်းလွန်းတဲ့ကြွေရုပ်ကို မတွေ့ဖူးဘူး"

ပိုင်ထျန်း​ရွေ့သည် ရွှမ်ချင်း၏စကားလုံးများနောက်ကွယ်၌ ဖုံးကွယ်ထားသည့် အဓိပ္ပါယ်ကို သဘာဝကျကျ နားလည်လိုက်သည်။

သူ့လက်ထဲရှိ ဝိုင်ခွက်ကို ချလိုက်ပြီး ​လေးနက်​သောအသံဖြင့် ​​မေးလိုက်သည်။

“ဒီလင်ကုန်းဇီရဲ့သရုပ်မှန်က ဘာလဲ"

ရွှမ်ချင်းသည် ပြန်မဖြေပေ။ သူသည် ​အော်မီ​ထော်​ဖော် ဟု ​နောက်ထပ်​ရေရွတ်လိုက်ပြီး ပိုင်ထျန်း​ရွေ့၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ မျက်လုံးများမှိတ်၍ ကျမ်းဂန်များကို စတင်ရွတ်ဆို​တော့၏။

ယခုလို ရွှမ်ချင်း၏အပြုအမူသည် ပိုင်ထျန်း​ရွေ့ကို ဒေါသထွက်စေ​သော​ကြောင့် ​သူသည် လှောင်​ပြောင်ရယ်​မောလိုက်ပြီး သူ့လက်​ချောင်းများနှင့် စားပွဲပေါ်သို့ သည်းမခံနိုင်စွာ ပုတ်လိုက်သည်။

"ဘုန်း​ကြီးစုတ်...မင်းနဲ့ငါက နှစ်အတော်ကြာအောင် သူငယ်ချင်းဖြစ်လာခဲ့ကြတာပါ ဘာကြောင့်များ မင်းရဲ့ နှလုံးသားက ရက်​အနည်းငယ်​​လောက်​ပဲ ​တွေ့ဆုံဖူးသေးတဲ့ သခင်ငယ်​လေးဆီ ဦးတည်နေရတာလဲ"

ရွှမ်ချင်းသည် စိတ်အ​နှောင့်အယှက်ပင် မဖြစ်ဘဲ သူ့ကို လေကဲ့သို့သာ အပြည့်အ၀ သဘောထား ထားလိုက်သည်။

ပိုင်ထျန်း​ရွေ့သည် တမင်သက်သက် သက်ပြင်းမောကိုချလိုက်ပြီး သူ့ခေါင်းကို ရွှမ်ချင်း၏အရှေ့တွင် ထားလိုက်သည်။

သူ့နှာသီးဖျားသည် စားပွဲနှင့် ထိလုနီးနီးဖြစ်​နေပြီး “ဘုန်း​ကြီးစုတ် မင်း ငါ့ကို လျစ်လျူရှုနေသေးတုန်းပဲလား"

ရွှမ်ချင်းက သူ့မျက်လုံးများကို တစ်ဝက်ခန့် ဖွင့်ကြည့်လိုက်သည်။ သူသည် စကားတစ်ခွန်းတည်းကို တည်တည်ငြိမ်ငြိမ်ပြောလိုက်ပြီးနောက် ကျင့်ကြံဆင့် အဆင့်ရှစ်ရှိသည့် အထိန်းအကွပ်မဲ့ပြီး မဆင်မခြင်လုပ်တတ်​သော ဤမင်းသားလေး၏ပါးစပ်ကို ချက်ချင်းပိတ်သွား​စေသည်။

"ရိုးရိုးသားသားပြောရရင် ဒီကိုယ်တော်က လင်းကုန်းဇီရဲ့မူလသရုပ်မှန်ကို လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်​လောက်ကတည်းက သိခဲ့တာလို့ ပြောရမယ်"

ထိုစကားများသည် ပိုင်ထျန်း​ရွေ့ မယုံသင့်သည့်အရာများဖြစ်​သော်လည်း ဘုန်း​ကြီးသည် လိမ်ညာလို့မရနိုင်သည့်အတွက် သူပြောသမျှစကားတိုင်းသည် သဘာဝကျကျ မှန်​ပေ၏။

လင်းကုန်းဇီသည် အသက်နှစ်ဆယ်ဝန်းကျင်မျှသာ ရှိသေးပုံ​ပေါ်သည်။ သူနှင့် ဘုန်း​တော်ကြီးသည် အနှစ်တစ်ရာ သက်တမ်းရှိသည့်ဆက်ဆံရေးမျိုး မည်ကဲ့သို့ ရှိနိုင်မည်နည်း။ ပိုင်ထျန်း​ရွေ့ နားမလည်နိုင်သော်လည်း လင်းရု​ဖေးအပေါ် သူ၏စိတ်ဝင်စားမှုက ပိုမိုအားကောင်းလာသည်။။

လင်းရုဖေးသည် ညဘက်ရောက်မည့်အချိန်ကို စောင့်မျှော်နေရင်း အခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေသည်။ သူ့အရှေ့ရှိ လက်ဖက်ရည်သည် ကုန်ခါနီးပြီဖြစ်​သော​ကြောင့် လက်ဖက်ရည်အိုးအသစ်လဲ​ပေးရန် နန်းတော်အမှုထမ်းတစ်​ယောက်ကို ခေါ်လိုက်ပြီး ဘယ်အချိန်ရှိပြီလဲဟု မေးလိုက်သည်။

နန်းတော်အမှုထမ်းသည် ၂၁ နာရီကျော်နေပြီဖြစ်​ကြောင်း ရိုကျိုးစွာ ပြန်ဖြေသည်။

“အိုး ၂၁ နာရီတောင် ထိုးပြီးပြီ​ပဲ”

လင်းရု​ဖေးက အနည်းငယ် စပ်စုချင်သွားပြီး "အပြင်ဘက်က အစောင့်တွေကရော တစ်ညလုံး စောင့်​​နေမှာလား"

“ဟုတ်ပါတယ်”

နန်းတော်အမှုထမ်းသည် အသံတိုးတိုးဖြင့် ပြန်​ဖြေသည်။

“ဒါပေမယ့် ၂၃ နာရီဝန်းကျင်မှာ​တော့ ညဘက်တာဝန်အတွက် အ​စောင့်​တွေကို လဲလှယ်တာမျိုးရှိလိမ့်မယ် သခင်​လေးမှာ တခြားဘာလိုအပ်တာများရှိသေးလဲ"

"မရှိပါဘူး မင်းထွက်သွားလို့ရပါပြီ" လင်းရု​ဖေးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

​နေဝင်မိုးချုပ်ပြီးနောက်တွင် ကောင်းကင်သည် မှောင်လာကာ နောက်ဆုံးတွင် ယခင်ကဲ့သို့ မပူတော့​သော်လည်း အရမ်းကြီးအေးမြလွန်း​နေသည်လည်း မဟုတ်​ပေ။ နောက်ဆုံးတွင် နေသည် ကမ္ဘာမြေကြီးကို တစ်နေ့လုံး အပူ​ပေးထားခဲ့သဖြင့် ကျန်ရှိ​နေ​သောအပူချိန်သည် မြင့်မားလာပြီး လူများကို အနည်းငယ် ထိုင်းမှိုင်းသွား​စေသည်။ လင်းရု​ဖေးသည် ရိုးရိုးရှင်းရှင်းပင် ရေချိုးပြီး အိပ်ရာဝင်လိုက်သည်။ သူ

မျက်လုံးမှိတ်ပြီး တစ်ရေးတစ်မော အိပ်လိုက်သည်။ ပြတင်းပေါက်နားတွင်ထားရှိ​သော ကြီးမား​သောဖ​ယောင်းတိုင်ခွက်ပေါ်ရှိ မီး​တောက်သည် အား​ကောင်းသောလေပြင်း ရုတ်တရက် စပြီးတိုက်ခတ်သည့်တိုင်​အောင် လေနှင့်အတူ တဖျပ်ဖျပ်လှုပ်ခတ်​နေပြီး​နောက် မကြာခင်မီးငြိမ်းသွားတော့သည်။

မီးထွန်းရန် အိပ်ယာမှထဖို့ မလိုအပ်သည့်အတွက် လင်းရုဖေးအတွက်လည်း အဆင်ပြေသည်။ လင်းရုဖေးသည် မျက်လုံးများကိုဖွင့်ကာ သူ့အရှေ့ရှိ အမှောင်ကျသွားသောအခန်းကို စိုက်ကြည့်နေသည်။ အမှောင်ထုနှင့်အတူ တိတ်ဆိတ်ငြိမ်သက်သွားသော်လည်း ဤတိတ်ဆိတ်မှုသည် လုံးဝတိတ်ဆိတ်သွားခြင်းမျိုးမဟုတ်​ပေ။ လေတိုက်ခတ်မှုကြောင့် ပြတင်းပေါက်များ၏ညင်သာစွာ လှုပ်ခတ်သွားသည့်အသံကို ကြားရသည်။ လင်းရု​ဖေး ထင်​ယောင်ထင်မှားဖြစ်​နေခြင်းပဲလား မသိ​သော်လည်း တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုမှ အခြားအရာတစ်ခုကို ညင်သာစွာ စုတ်ဖြဲ​နေသကဲ့သို့ နားလည်ရန်ခက်ခဲ​ပြီး အံ့ဩဖွယ်​ကောင်း​သော ခပ်သွက်သွက်လှုပ်ရှားသံကို မ​သေချာစွာ ကြားလိုက်ရပုံပင်။ ထိုလှုပ်ရှားသံသည် မပြတ်သားမထင်ရှားဘဲ နာကျင်မနှစ်မြို့ဖွယ်ခံစားချက်အချို့ကို သယ်ဆောင်လာ​ပေးသည်။

သို့​သော် သူ သေသေချာချာ နားထောင်ကြည့်လျှင် ၎င်းသည် သူကိုယ်တိုင်သာ ထင်​ယောင်ထင်မှားဖြစ်​နေသည်ကို သူ တွေ့ရပေလိမ့်မည်။ သူ့နားထဲတွင် လေချွန်သံနှင့် သစ်သားပြတင်းပေါက်များ လှုပ်ရမ်း​နေ​သောအသံကိုသာ ကြားနေရသည်။

ဤခံစားချက်သည် အနည်းငယ်ရင်းနှီးသည်ဟု လင်းရု​ဖေး အမြဲလိုလို ခံစားမိသည်။ အချိန်ခဏလောက် သေချာစဉ်းစားပြီး​နောက် တတိယမင်းသမီးမော့မော့၏ ငယ်စဥ်ကဆွဲခဲ့သည့် ပန်းချီကားများကို မြင်လိုက်ရသည့်နေ့တွင် သူ ယခုကဲ့သို့ ခံစားချက်မျိုး ခံစားခဲ့ရသည်ကို သတိရမိသွားသည်။ ထိုအချိန်က သူသည် ဤမျှအစီအစဥ်မကျ​သောထူးဆန်းသည့်ခံစားမှုမျိုး ခံစားခဲ့ရသည်။

ယခုခံစားချက်ကို သူ ဖော်ပြရမည်ဆိုလျှင် ၎င်းသည် စိုစွတ်အေးမြပြီး အေးခဲ​နေ​သောအရာဝတ္ထုတစ်ခု သူ့ရင်ဘက်အနီးတွင် ချည်​နှောင်ထားသကဲ့သို့ပင်ဖြစ်​နေပြီး ထိုအရာဝတ္ထုသည် ထူးဆန်း​သောအသံများထွက်နေခြင်းကြောင့် လူအများ၏ဆံပင်ကို အလိုအလျောက် ​ထောင်မတ်သွားစေသည်။

ထိုခံစားချက်ကို လင်းရု​ဖေး ခံစားရသည့်အခိုက်အတန့်တွင် အ​တွေးများ​နေခြင်းကို ခဏရပ်လိုက်ပြီး ကုတင်ပေါ်မှ ထထိုင်လိုက်သည်။ သူသည် ပြတင်းပေါက်နှင့် အခန်းကို ဂရုတစိုက်ရှာ​ဖွေကြည့်ကာ အသံထွက်​ပေါ်လာသည့်​နေရာကို ရှာဖွေရန် ကြိုးစားလိုက်သည်။ သို့​သော် ပြတ်​တောင်းပြတ်​တောင်းနှင့် နားလည်ရခက်ခဲ​သော လှုပ်ရှားသံ၏အရင်းအမြစ်ကို ရှာတွေ့ရန်သည် အလွန်ခက်ခဲ​ပေသည်။ လင်းရု​ဖေး ခဏလောက်စဉ်းစားပြီးနောက် ထရပ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ သူသည် ပြတင်းပေါက်ကို ကျယ်လောင်စွာပိတ်ပစ်လိုက်ပြီး အပြင်ဘက်ရှိလေကို လုံးဝဖြတ်​တောက်ပစ်လိုက်၏။

အခန်းသည် ယခုအခါ လုံးဝတိတ်ဆိတ်နေပြီး ထိုထူးဆန်းသောအသံသည် ပို၍ထင်ရှားလာသည်။ သို့သော် အသံသည် မည်သည့်​နေရာမှ ထွက်ပေါ်လာသည်ကို လင်းရု​ဖေး သိရှိလိုက်သောအခါတွင် သူ၏လှုပ်ရှားမှုများ အေးခဲသွားသည်။

ရွှမ်ချင်းပြောသည်မှာ မှန်နေပုံရသည်။ ထိုအရာအတွက် သူသည် အမှန်တကယ်ပင် ထူးခြားနေပုံပင်။ နန်းတော်ထဲတွင်နေသည်မှာ တစ်ညတည်းသာရှိ​သေးပြီး ထိုအရာသည် သူ့ကိုရှာရန် လာနေပြီဖြစ်သည်။

လင်းရု​ဖေးသည် အသက်ပြင်းပြင်းရှူပြီး ခေါင်းကို ဖြည်းညှင်းစွာမော့ကာ ခေါင်းပေါ်ရှိထုတ်တန်းကို ကြည့်လိုက်သည်။ ထိုအချိန်တွင် အခန်းသည် အလင်း​ရောင်မှိန်ဖျော့နေသဖြင့် မည်သည်ကိုမျှ ရှင်းရှင်းလင်းလင်းမမြင်ရပေ။ ထုပ်တန်းသည်လည်း အတူတူပင်။ သို့သော်လည်း လင်းရုဖေးသည် ထုပ်တန်းအထက်ရှိ ထူးခြားသည့်အရာကို လျင်မြန်စွာ ရိပ်မိလိုက်သည်... ...၎င်းသည် မှောင်မည်းလွန်းလှ၏။

သာမန်အမှောင်နှင့်မတူဘဲ ထုတ်တန်း၏ထိပ်တွင် တွင်းနက်နှစ်ခုသည် ရုတ်တရက်ပွင့်သွားပြီး ပတ်ဝန်းကျင်မှ အလင်းရောင်အားလုံးကို စုပ်ယူလိုက်သလိုပင်။ အပေါက်နှစ်ပေါက်တွင် အကြီးကြီးတစ်ခုနှင့် အသေးတစ်ခုပါ၀င်ပြီး ၎င်းသည် လူသားတစ်ဦး၏အသွင်အပြင်ကို ယောင်ဝါးဝါး ​ဖော်ပြထားသည်။ အပေါ်တွင် တည်ရှိနေပြီး ထုပ်တန်းအောက်ရှိ လင်းရု​ဖေးကို တိတ်တဆိတ် စိုက်ကြည့်နေသည်။

လင်းရု​ဖေးက သူတို့ဘက်သို့ လှမ်းကြည့်လိုက်​သောအခါ ထိုအရာကို စိုက်ကြည့်နေခြင်းသည် ကြောက်စရာကောင်းသည့် ခံစားမှုတစ်ခုကိုဖြစ်​ပေါ်​စေသည်။ လင်းရု​ဖေးက ထိုမြင်ကွင်းကို နားလည်လိုက်သောအခါ သူသည် ဘေးအခန်းမှ ရွှမ်ချင်းကို ​အော်ခေါ်ချင်သော်လည်း သူ့စကားများသည် လည်ချောင်းထဲမှ ထွက်လာသည်နှင့်တပြိုင်နက် ထိုအရာသည် ကြီးမားသော ပိုက်ကွန်တစ်ခုအဖြစ် ​ပြောင်းလဲသွားပြီး လင်းရု​ဖေး၏ခန္ဓာကိုယ်ကို ပြင်းထန်သော အရှိန်အဟုန်ဖြင့် ဖုံးလွှမ်းသွားသည်။ လင်းရုဖေး၏အမြင်အာရုံသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သူ အော်ချင်သော်လည်း တစ်စုံတစ်ခုသည် သူ့ပါးစပ်ကို ပြင်းပြင်းထန်ထန် ပိတ်ဆို့ထားသည်။ ဒယိမ်းဒယိုင်ဖြင့် ​နောက်သို့ ​ခြေလှမ်းအနည်းငယ် ဆုတ်လိုက်​သော​ကြောင့် သူ့တစ်ကိုယ်လုံး သူ့​နောက်ရှိ ပျော့ပျောင်း​သောကုတင်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားသည်။

"ကောင်းကင်ဘုံအုပ်ချုပ်သူ" ထို​နေ့ညက နှင့် အတူတူပင်၊ ကုရွှမ်းတု၏အသံနှင့် တူ​သော အသံထွက်လာသည်။ ​ကြောက်မက်ဖွယ်​ကောင်းသောအရာသည် သူ့အပေါ် ကျိန်စာတိုက်နေသကဲ့သို့ အသံတိုးတိုးဖြင့် ​ရေရွတ်​နေလေ၏။ တစ်ခုပြီးတစ်ခု လင်းရုဖေး၏ခန္ဓာကိုယ်ပေါ်တွင် မခံမရပ်နိုင်​အောင် ​အေးစက်မှုများ ဖြစ်ပေါ်လာစေသည်အထိ ​ရေရွတ်​နေသည်။

“ကောင်းကင်ဘုံအုပ်ချုပ်သူ... ...ကောင်းကင်ဘုံအုပ်ချုပ်သူ... ..."

လင်းရုဖေးသည် နာကျင်မှုကို သည်းခံလိုက်သည်။ အသက်ရှုကြပ်ခါနီးတွင် ထိုအရာသည် ကြမ်းတမ်းစွာ သူ့ပါးစပ်ကို အတင်းအကြပ် ဖွင့်လိုက်ပြီး ပါးစပ်ထဲသို့ တစ်စုံတစ်ခုကို ထိုးသွင်းလိုက်သည်။

“ကောင်းကင်ဘုံအုပ်ချုပ်သူ... ...” ​

ကြောက်မက်ဖွယ်​ကောင်း​သောအရာသည် ထိုစကားလုံးများကို ထပ်ခါတလဲလဲ အဆက်မပြတ် ​ပြော​နေ​သော်လည်း ​ပြော​နေသည့်အချိန် စိတ်ခံစားချက်များမှာ မတူညီ​ပေ။

လင်းရု​ဖေးသည် နောက်ဆုံးတွင် ထိုအရာ သူ့ကို ဘာလုပ်ချင်မှန်းကို သဘောပေါက်သွားသည်။ ၎င်းသည် အမှန်တကယ်ပင် သူ့ပါးစပ်မှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ အတင်းဝင်​ရောက်ချင်​နေသည်။ သူ့ပါးစပ်ကို အကျယ်ဆုံးအထိ ဆွဲဖြဲခံထားရပြီး အော်ဟစ်အကူအညီတောင်းရန် မဆိုထားနှင့် ညည်းညူသံကိုတောင် ထွက်မလာနိုင်ပေ။ အနည်းငယ်မျှသာ ​တိုးညှင်းသောအသံဖြင့် အော်ဟစ်နိုင်လိုက်သည်။ ထိုအရာသာ တကယ်ဝင်လာလျှင် သူ့ကံကြမ္မာသည် သူ့ဘေးအခန်းရှိ သတိ​မေ့​မြော​နေ​သော တတိယမြောက်မင်းသမီးနှင့် အတူတူပင်ဖြစ်သွားလိမ့်မည်ဟု ခန့်မှန်းရသည်။ အန္တရာယ်များသည့်ထိုအခိုက်အတန့်တွင် လင်းရု​ဖေးသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် တွန်းအားပေးလိုက်သည်။ သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ရက်စက်ကြမ်းကြုတ်သောသတ္တဝါ၏ ထိန်းချုပ်မှု​အောက်မှ လွတ်မြောက်ရန် မကြိုးစားတော့ဘဲ သူ့လက်မပေါ်ရှိ သို​လှောင်လက်စွပ်ကို ထိလိုက်သည်။ ခက်ခက်ခဲခဲဖြင့် သူ ကြိုတင်ပြင်ဆင်ထားသည့် အရာများကို သို​လှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။

၎င်းသည် စက္ကူကြိုးကြာငှက်ဖြစ်ပြီး လင်းရု​ဖေးသည် ၎င်းကို လက်စွပ်မှ လွှတ်လိုက်​သောအခါ စူးရှစွာ ငိုကြွေးလိုက်သည်။ လင်းရုဖေးအား ဖိထား​သော အနက်ရောင်အရိပ်သည် ထိတ်လန့်သွားသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်။ ထိုကဲ့သို့ ​တုန်လှုပ်သွားသည်ကို မြင်တွေ့လိုက်ရခြင်း​ကြောင့် လင်းရုဖေး ဝမ်းသာသွားသည်။

ထိုအရာသည် ​ကြောက်လန့်သွားခြင်းဖြစ်မည်ဟု ထင်မိ​သော်လည်း အရိပ်မည်းသည် နောက်ထပ်တစ်ခါ “ကောင်းကင်ဘုံအုပ်ချုပ်သူ” ဟု ထပ်​ပြောလိမ့်မည်ဟု မည်သူထင်မည်နည်း။ သို့​သော် ၎င်းအရာသည် အဘယ်​ကြောင့် လင်းရု​ဖေး ထိုသို့လုပ်ခဲ့သည်ကို နားမလည်​သော​ကြောင့် ဤအကြိမ်တွင် ခါးသီးမှုနှင့် ​ဒေါသအချို့ ပါဝင်​နေသည်။

လင်းရုဖေးက ပြူးကျယ်​နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေလိုက်သည်။ မယုံနိုင်လောက်အောင်ပင် လူသတ်သတ္တဝါ၏အသံသည် ဝမ်းနည်းကြေကွဲ​သောအသံ ဖြစ်​နေသည်။

' ဒါကြီးက ဝမ်းနည်း​ကြေကွဲ​နေတာလား... သူကပဲ ငါ့ကို ​သေ​​လောက်​အောင် လည်ပင်းညှစ်သတ်​နေတာ​လေ... ...'

အနက်ရောင်အရိပ်သည် လင်းရုဖေး၏လည်ချောင်းထဲသို့ စတင်ဝင်ရောက်လာသည်။ ရုတ်တရက် ဘေးအခန်းရှိလှုပ်ရှားမှုမရှိသော ရွှမ်ချင်းသည် နောက်ကျမှ ရောက်လာ​သည့်အတွက် ထိုအရာသည် ​အောက်ဘက်သို့ ဆက်လက်​လျှောဝင်လာ​သဖြင့် လင်းရု​ဖေးသည် အကူအညီမဲ့စွာ ကြည့်​နေမိ၏။ ရွှမ်ချင်းနှင့်အတူတူ အိပ်ငိုက်နေ​သောမျက်လုံးများဖြင့် ပိုင်ထျန်း​ရွေ့လည်းပါလာသည်။

နှစ်ယောက်သား အခန်းထဲသို့ ဝင်​ရောက်လာပြီး သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ နှစ်ယောက်လုံး လေ​အေးများကို ရှုရှိုက်မိကြသည်။ လင်းရု​ဖေးသည် သူ့ကိုယ်​ပေါ်ရှိ အမည်မသိအနက်ရောင် အရာဝတ္ထုတစ်ခုနှင့်အတူ အားနည်းပြီးအကူအညီမဲ့စွာ ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို သူတို့ တွေ့လိုက်ရသည်။ ၎င်းသည် လင်းရု​ဖေး၏ရုန်းကန်မှုကို ဖိနှိပ်ထားပြီး သူ့ပါးစပ်ထဲသို့ တစ်ခုခုကို အသဲအသန်တွန်းထည့်ရန် ကြိုးစားနေသည်။

ပိုင်ထျန်း​ရွေ့သည် လျှင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူ့ခါးဘေးရှိဓားသွားကို ဆွဲထုတ်ပြီး အရာဝတ္တုထံ ​ဝှေ့ယမ်းပစ်လိုက်သည်။ နှင်းဖြူ​ရောင်ချီဓားသည် အနက်ရောင်အရိပ်နှင့် ထိတွေ့လိုက်သောအခါ ကျောက်တုံးတစ်တုံးသည် ပင်လယ်ထဲသို့ နစ်မြုပ်သွားသလိုပင် အနည်းငယ်မျှ တုံ့ပြန်မှုမရှိခဲ့ပေ။ လင်းရု​ဖေး၏အသက်ရှုသံများ အားနည်းသထက်အားနည်းလာသည်ကို မြင်လိုက်ရသဖြင့် ရွှမ်ချင်းသည် စားပွဲဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ စားပွဲပေါ်ရှိ မီးတိုင်ကို ကောက်ကိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ မကြာမီတွင် တောက်ပသောမီးရောင်သည် တစ်ခန်းလုံးကို လင်းထိန်သွားသည်။

အနက်ရောင်အရိပ်သည် မီးရောင်​ကြောင့် လင်းထိန်သွားသည်နှင့်တစ်ပြိုင်နက် ၎င်း၏ခန္ဓာကိုယ်သည် အကြိမ်အနည်းငယ် တုန်ခါသွားကာ ပြတင်းပေါက်မှ ထွက်ပြေးသွားသည်။ ပိုင်ထျန်း​ရွေ့သည် ထိုအခြေအနေကိုမြင်​သောအခါ ၎င်း​နောက်သို့ တိုက်ရိုက်လိုက်သွားသည်။ သို့သော် ရွှမ်ချင်းသည် အလျင်စလိုမလုပ်ပေ။ ထိုအစား သူသည် ကုတင်ဘေးသို့ သွားလိုက်ပြီး လင်းရု​ဖေး၏အခြေအနေကို အရင်ဆုံးစစ်ဆေးလိုက်သည်။