Chapter 111
သူသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “သူမက ထက်လည်းထက်မြက်တယ် မဟုတ်ဘူး သူမက ထက်မြက်တဲ့ယုန်တစ်ကောင်ပဲ သူမက အခြားသူတွေထက် သတ္တိနည်းပြီး လုပ်ရပ်တွေ မမှန်ကန်ဘူးဆိုတာကို သူမ သတိပြုမိသွားတဲ့အခါ လျင်မြန်စွာပဲ ရှောင်ပြေးသွားခဲ့တယ် ငါ့အစ်ကိုက နည်းလမ်းအားလုံးကို အသုံးပြုခဲ့ပေမယ့် အခုထိ သူမကို ပြန်မခေါ်နိုင်သေးဘူး"
လင်ရုဖေးက အခန်းသို့ရောက်ခါနီးပြီးဖြစ်ကြောင်း သတိထားမိသောအခါ သူသည် မျက်မှောင်ကြုတ်လိုက်ပြီး “မင်းငါ့ကို ဒီလိုပြောပြတာ ဘာကိုဆိုလိုချင်တာလဲ”
ပိုင်ထျန်းရွေ့၏စကားများသည် အရုပ်ထဲရှိအပ်များနှင့် မည်ကဲ့သို့ ပတ်သက်နေကြောင်း သူ နားမလည်သေးပေ။
ပိုင်ထျန်းရွေ့ကဆိုသည်။
“ငါ ဒီလိုပြောတာက တစ်ချို့အရာတွေက မပြောင်းလဲနိုင်ရင် ပိုပြီးစိတ်ရှုပ်ဖို့ ကောင်းတယ်လို့ ထင်တဲ့အတွက်ကြောင့်ပဲ မင်းမြင်တဲ့အတိုင်းပဲ တတိယမင်းသမီးက သူ့ဖခင်ရဲ့အမြင်မှာ သနားစရာကောင်းတဲ့ ကလေးမလေးတစ်ယောက်မလို့ သူ့ကို အရင်အတိုင်းပဲနေပါစေ တစ်ချို့အရာတွေမှာတော့ သူမက သနားစရာကောင်းတဲ့ ကလေးတစ်ယောက်လို့ မှတ်ယူလို့ရပါတယ်"
လင်းရုဖေးက နောက်ဆုံးတွင် သူ ဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်လာသည်။
တတိယမင်းသမီးသည် သံသေတ္တာကို ဆီးသီးပင်အောက်တွင် ထားရှိခဲ့သည်။ တတိယမင်းသမီးသည် ရွံရှာဖွယ်အောင်နိုင်ခြင်း၏စွမ်းရည်ကို အသုံးမပြုခဲ့သောကြောင့် သဲလွန်စများမရှိခဲ့ပေ။ သို့သော် သူမသည် ရွံရှာဖွယ်အောင်နိုင်ခြင်း၏စွမ်းရည်ကို အသုံးမပြုခဲ့ရုံနှင့် သူမ နှလုံးသားထဲတွင် ခါးသီးသောမုန်းတီးဖွယ်ခံစားချက်များမရှိဘူးဟု မဆိုလိုပေ။ သူမသည် တစ်စုံတစ်ဦးကို မုန်းတီးနေပြီး အရုပ်၏ခန္ဓာကိုယ်ထဲသို့ အပ်များ တစ်ခုပြီးတစ်ခု ထိုးထည့်ရသည်အထိပင် သူတို့ကို မုန်းတီးနေခဲ့သည်။ ချစ်သမီးလေး၏ နှလုံးသားထဲတွင် ကွယ်ဝှက်ထားသော ဤညစ်ညမ်းသောအရာများကို ပိုင်ကျင့်လွင်အား မသိစေလိုသောကြောင့် ပိုင်ထျန်းရွေ့သည် အပ်များကို ထုတ်လိုက်သည်။ သူ့အစ်ကိုအတွက် သန့်သန့်ရှင်းရှင်းနှင့် အပြစ်ကင်းစင်သည့် ကလေးမလေးအနေဖြင့်ပဲ ချန်ထားပေးချင်သည်။
လင်းရုဖေးသည် တိတ်ဆိတ်သွား၏။ သူသည် လူ့သဘောသဘာဝ၏ ရှုပ်ထွေးမှုကို တစ်ဖန်မြင်တွေ့လိုက်ရပြန်သည်။
သူတို့ အခန်းထဲသို့ ဝင်လိုက်သည်နှင့် အုပ်စုလိုက် ထိုင်လိုက်ကြသည်။ ရွှမ်ချင်းသည် သံသေတ္တာကို ထပ်မံစစ်ဆေးပြီး ဤအရာသည် ရွံရှာဖွယ်အောင်နိုင်ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း အတည်ပြုလိုက်သည်။ ၎င်းကို ကြားသောအခါ ပိုင်ကျင့်လွင်က တောက်တောက်ပပ ပြုံးလိုက်သည်။ သူသည် ပစ္စည်းများကို နူးညံ့သောအကြည့်နှင့် ဘေးဖယ်ထားလိုက်ပြီး မင်းသမီးလေးနိုးလာသည့်အခါ ပြန်ပေးမည်ဖြစ်ကြောင်း ပြောလာသည်။
၎င်းကိုမြင်သောအခါ ပိုင်ထျန်းရွေ့က ရယ်ပြီး "အစ်ကိုတော် ဘာလို့ အရမ်းအေးဆေးနေရတာလဲ မင်းသမီးက ဒီလိုမလုပ်ဘူးဆိုရင် တရားခံကို ရှာမတွေ့သေးဘူးလေ ဘာလို့ အရမ်းပျော်နေရတာလဲ"
ထို့နောက် ပိုင်ကျင့်လွင်သည် စတင်ပြောလာ၏။
“မင်းပြောတာမှန်တယ်"
“ဒီကိုယ်တော်မှာ သဲလွန်စတွေရှိပါတယ်"
ရွှမ်ချင်းသည် လက်အုပ်ချီကာ ပြုံးလိုက်ပြီး "ဒါပေမယ့် အချိန်အချို့တော့ လိုပါသေးတယ်"
"အိုး ဘာသဲလွန်စလဲ" ပိုင်ကျင့်လွင်က မေးလိုက်သည်။
ရွှမ်ချင်းကဆိုသည်။
"အဲဒါကို ပြောပြဖို့ စောလွန်းပါသေးတယ် သေချာရင်တော့ ဘုရင်မင်းမြတ်ကို ပြောပြပါ့မယ်"
ပိုင်ကျင့်လွင်သည် ရွှမ်ချင်းကို အလွန်ယုံကြည်သောကြောင့် နောက်ဆက်တွဲမေးခွန်းများကို မမေးတော့ဘဲ သဘောတူသည့်အနေဖြင့် ခေါင်းသာညိတ်ပြလိုက်သည်။
အလုပ်များသည့်မနက်ခင်းတစ်ခုအပြီးတွင် နောက်ဆုံး၌ နေ့လည်စာစားရန် အချိန်ရောက်လာပေပြီ။ ရွှမ်ချင်းသည် ပိုင်မိသားစု၏ညီအကိုနှစ်ယောက်နှင့်အတူ မစားရစေရန် ဆင်ခြေရှာပြီး နေ့လည်စာစားရန် လင်းရုဖေးကို နန်းတော်ထဲမှ ဆွဲခေါ်သွားသည်။
စားပွဲတွင်ထိုင်နေသည့် ရွှမ်ချင်းသည် အနည်းငယ် ဗိုက်ဆာနေပုံရသည်။ သက်သက်လွတ် အစားအစာများ ယူဆောင်လာသောအခါ သူသည် သူ့ကိုယ်သူ ပြည့်လျှံနေသည်အထိ အလောတကြီးစားသောက်ပစ်သည်။ သို့သော် ရံဖန်ရံခါ သူသည် လင်းရုဖေးကိုလည်း စားသောက်ရန် တိုက်တွန်းတတ်သေးသည်။
လင်းရုဖေးသည် အလွန်တရာမှအစာစားချင်စိတ်မရှိတာကြောင့် သူ့အရှေ့ရှိအစားအစာများကို စားရာတွင် တုန့်ဆိုင်းနေမိသည်။
"ဆရာတော်ရွှမ်ချင်း ဆရာတော်က အရေးကြီးတာတစ်ခုခုကို တကယ်ကြီးရှာတွေ့ထားတာလား"
ရွှမ်ချင်းက သတိထားကာပြောဆိုလိုက်သည်။
“ရှာတွေ့တယ် အင်း...ဟုတ်တယ် ရှာတွေ့ထားတယ်”
သူက သက်ပြင်းချကာ ခေါင်းကိုက်နေသည့်အမူအရာပြလာလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
“ဒါပေမယ့် ဘုရင်မင်းမြတ်မိသားစုရဲ့ အဲဒီလိုကိစ္စတွေမှာ ဒီကိုယ်တော်တကယ်ဝင်မပါချင်ဘူး"
လင်းရုဖေးကမေးသည်။
“အမွေဆက်ခံသူကိစ္စလား"
ရွှမ်ချင်းက ခေါင်းညိတ်လိုက်သည်။
“အမွေဆက်ခံသူက မင်းသားတွေကို တိုက်ခိုက်တာနဲ့ တစ်ခုခု ပတ်သက်မှု ရှိတယ်လား”
လင်းရုဖေးက နားမလည်နိုင်ပေ။ ယုတ္တိဆန်စွာပြောရလျှင် ထိုအရာသည် အလွန်စွမ်းအားပြင်းထန်လှသည်။ ၎င်းသည် ဧကရာဇ်မိသားစုနှင့် ပါဝင်ပတ်သက်ခဲ့လျှင် ဟိုးအရင်ကတည်းက လှုပ်ရှားခဲ့သင့်သည်။ ယခုအချိန်အထိ အဘယ်ကြောင့် စောင့်နေရမည်နည်း။
ရွှမ်ချင်းက ဆက်ပြောလာသည်။
"မင်းသားတွေ မတော်တဆမှုဖြစ်တဲ့နေ့က အခြေအနေအကြောင်းကို ကိုယ်တော် သေသေချာချာမေးပြီးပြီ ပြီးတော့ မနေ့က လင်းကုန်းဇီရဲ့အဖြစ်အပျက်နဲ့ နှိုင်းယှဉ်ကြည့်တော့ ပုံစံတစ်ခုကို ရှာတွေ့ခဲ့တယ်"
လင်းရုဖေးက မေးလိုက်သည်။ “ဘာပုံစံလဲ"
ရွှမ်ချင်းကပြောသည်။
"ဒါတွေအားလုံးက ညဘက်မှာ ဖြစ်ခဲ့တယ်"
သူက ဖြည်းညှင်းစွာ ဆက်ပြောသည်။
“တကယ်တော့ ညဘက်မှာ ဒီလိုလုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ရတာ မဆန်းပါဘူး နောက်ဆုံးမှာ ညသန်းခေါင်ကျော်ဆိုရင် အစောင့်တွေ လျော့သွားလိမ့်မယ် ပြီးတော့ တခြားသူတွေ အလွယ်တကူ ခြေရာခံလို့ရမှာမဟုတ်တော့ဘူး အဲ့ဒီအရာက သဲလွန်စမရှိဘဲ ထွက်လာပြီး လင်းကုန်းဇီရဲ့ အဆိုအရတော့ ဒကာလေး မျက်စိအရှေ့မှာပဲ ရှိသေးပေမယ့် ဒကာလေး သူ့ကို မမြင်နိုင်ဘူးမလား... ...အဲ့ဒီအရာက တစ်ခုခုနဲ့ဖုံးအုပ်ထားတာကြောင့် သူ လှုပ်ရှားမှုပြုလုပ်တဲ့အခါ ရုပ်ဝတ္ထုကိုယ်ထည်မရှိတာလည်းဖြစ်နိုင်တယ်"
လင်းရုဖေးက မျက်လုံးများကို အနည်းငယ်မှေးကျဥ်းလိုက်သည်။ ရွှမ်ချင်း၏စကားများအတိုင်း သူ့ အတွေးများကို စတင်အလုပ်ပေးလိုက်သည်။
ရွှမ်ချင်း : "ဒီကိစ္စမှာ ညဘက်ကို ဘာလို့ ရွေးချယ်ရတာလဲ မဟုတ်ရင်... ..."
“အဲ့ဒီအရာပေါ်လာဖို့ မှောင်နေတဲ့ညအချိန်သာ မလိုအပ်ရင်ပေါ့”
လင်းရုဖေးက ရွှမ်ချင်း၏ထင်ကြေးကို ထောက်ပြလိုက်သည်။
"ဒါပေမယ့် အဲဒါက အမွေဆက်ခံသူရွေးချယ်ခြင်းကိစ္စနဲ့ ဘာဆိုင်လို့လဲ"
ရွှမ်ချင်းသည် သက်ပြင်းအရှည်ကြီးမူတ်ထုတ်လိုက်ပြီး “ပုံမှန်အတိုင်း ပတ်သက်ဆက်နွယ်နေတဲ့အခြေအနေတစ်ခုတော့ရှိတယ် အဲဒီအရာက သူပေါ်လာမဲ့အချိန်ကို ရွေးချယ်နိုင်တာကြောင့် ၎င်းအရာရဲ့အပြုအမူက နတ်ဆိုးလုပ်ရပ်မဟုတ်ဘူးလို့ ဆိုလို့ရတယ် ဒါပေမဲ့ အဲဒါက သတိရှိရှိနဲ့ကြိုတင်ကြံရွယ်ထားတဲ့ရွေးချယ်မှုပဲ အခု ဒုက္ခရောက်နေတဲ့လူတွေက ဒုတိယမင်းသားနဲ့ ဆဋ္ဌမမင်းသားတွေပဲ ဘယ်သူက သံသယရှိစရာအကောင်းဆုံးလို့... ...မင်း ထင်လဲ"
ဒုတိယမင်းသားနှင့် ဆဋ္ဌမမင်းသားတို့သာ သေဆုံးသွားခဲ့ပါလျှင် ယခု အကျိုးအမြတ်အရနိုင်ဆုံးသူသည် သေချာပေါက် ပထမမင်းသားပင်ဖြစ်သည်။ ဤကိစ္စမှ မည်သူက အကျိုးအရှိဆုံးဖြစ်နိုင်သည်ကို ကြည့်ရုံနှင့်တင် ၎င်းကိစ္စကို ထင်ရှားစွာပိုင်းခြားသိမြင်နိုင်ရန် အရိုးရှင်းဆုံးနည်းလမ်းဖြစ်သည်။ ၎င်းသည် အမှန်တကယ် ကျိုးကြောင်းဆီလျော်သော်လည်း လင်းရုဖေးသည် ၎င်းနှင့်ပတ်သက်ပြီး ဒွိဟဖြစ်နေသကဲ့သို့ ခံစားနေမိတုန်းပင်။
"ဒါဆို တတိယမင်းသမီးရဲ့ သတိမေ့မြောနေမှုကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ဖြစ်နေတာလား"
တတိယမင်းသမီးနှင့် ပထမမင်းသားသည် အဖေနှင့်အမေတူသောမောင်နှမများဖြစ်ကြောင်း လင်းရုဖေး သိပြီးဖြစ်သည်။
"ဒီနည်းလမ်းက နည်းနည်းတော့ အန္တရာယ်များတယ်မဟုတ်ဘူးလား"
ရွှမ်ချင်း : "အမှန်ဖြစ်စေ အမှားဖြစ်စေ အတုအယောင်ဖြစ်စေ အစစ်အမှန်ဖြစ်စေ တတိယမင်းသမီးလေးက ဒုက္ခတွေခံစားနေရတယ်လို့ လူတိုင်းကထင်နေကြတယ် သဘာဝအတိုင်းပဲ အဲလိုဖြစ်အောင်လုပ်တဲ့သူက သူမနဲ့အနီးကပ်ဆုံး အကြီးဆုံးမင်းသား ဟုတ်မှာမဟုတ်ဘူး မင်း အဲလိုထင်ရင် ဧကရာဇ်မင်းလည်း ဒီလိုပဲထင်လိမ့်မယ်”
သူသည် လက်အုပ်ချီလိုက်ပြီး သက်ပြင်းရှည်ကြီးထုတ်ကာ "တတိယမင်းသမီးလေး ကြီးပြင်းလာတာကို ငါ စောင့်ကြည့်နေခဲ့တာ သူမက လိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်သင့်တယ် ဒါပေမယ့် လိမ္မာတဲ့သားသမီးတွေမှာ ကိုယ့်ကိုယ်ပိုင်အတွေးတွေမရှိဘူးလို့ ဘယ်သူပြောနိုင်လဲ ဧကရာဇ်မင်းက သူမကို ချစ်မြတ်နိုးတယ် သူမနဲ့အတူ အကြီးဆုံးမင်းသားကိုလည်း နှစ်သက်တယ်"
ဤကိစ္စသည် အမှန်ပင် ဒုက္ခဖြစ်စေ၏။ သတိလက်လွတ်မှားလိုက်သည့်အမှားတစ်ခုသည်ပင် ဘက်ပေါင်းစုံမှအဖွဲ့အစည်းအားလုံးကို ပါဝင်ပတ်သက်စေပေလိမ့်မည်။
လင်းရုဖေးသည် ရွှမ်ချင်း၏စိတ်ဓါတ်ကျနေသောအကြည့်ကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
"တကယ်တော့ ဆရာတော်ရွှမ်ချင်းသာ ဒီကိစ္စကို ဖြေရှင်းချင်တယ်ဆိုရင် ခက်ခဲမှာမဟုတ်ပါဘူး ဟုတ်တယ်မလား"
ရွှမ်ချင်းက စပ်စုစွာမေးလိုက်သည်။
"လင်းကုန်းဇီက ဘာလို့ ဒီလိုပြောရတာလဲ"
လင်းရုဖေးက ခဏလောက်စဉ်းစားပြီး “သိပ်ပြီးမသင့်လျော်တဲ့ ဥပမာတစ်ခုရှိတယ်"
ရွှမ်ချင်း : "ဟမ်"
လင်းရုဖေး : "ပုရွက်ဆိတ်နှစ်ကောင် ရန်ဖြစ်နေတာကို ဆရာတော်ကမြင်တယ် အဲဒီလိုရန်ဖြစ်နေတာကို ရပ်တန့်ဖို့က ရိုးရှင်းတဲ့ကိစ္စတစ်ခုပဲ တစ်ကောင်ကို သတ်ပစ်လိုက်ရုံပဲ ဒါပေမယ့် အဲဒီပုရွက်ဆိတ်နှစ်ကောင်က ဆရာတော် အကြိုက်ဖြစ်နေတယ်ဆိုရင်တော့ ဒီကိစ္စက ခက်ခဲလိမ့်မယ် ဂရုမစိုက်ဘဲ ပြင်းထန်တဲ့နည်းလမ်းကိုသာသုံးမိမယ်ဆိုရင် ပုရွက်ဆိတ်တွေက လက်တွေခြေတွေ ပြတ်ပြီး အလွန်ဆိုးဝါးတဲ့သေဆုံခြင်းနဲ့တောင် သေသွားနိုင်တယ်"
ရွှမ်ချင်းသည် အလေးအနက်စဥ်းစားလိုက်ပြီး "လူ့အသက်တွေက ပုရွက်ဆိတ်နဲ့တူတယ် အဲဒါက တကယ်အတုယူစရာကောင်းတာပဲ"
သူသည် ဘုန်းကြီးတစ်ပါးအဖြစ် မွေးဖွားလာခဲ့ပြီး သူ့ဘဝအား မြတ်စွာဘုရားရှင်ထံ မြှုပ်နှံထားခဲ့သည်။ သို့သော် သူ့မျက်လုံးထဲတွင် သနားညှာတာမှု မရှိပေ၊ သို့တည်းမဟုတ် သူ၏ ကရုဏာသည် သာမန်ဘုန်းတော်ကြီးများနှင့် မတူခြင်းမျိုး ဖြစ်နိုင်ပေသည်။ အနည်းဆုံးတော့ ရှင်သန်ရာဘဝနှင့် သေခြင်းတရားသည် သူ့မျက်လုံးထဲတွင် သိပ်ပြီးအရေးမကြီးပေ။ ဤလောက၌ နေထိုင်ကြသော အချို့သောသူများသည် ကောင်းကင်ဘုံသို့ သွားကြရမည်ဖြစ်ပြီး မြတ်စွာဘုရားရှင်က ပြန်လည်မွေးဖွားခွင့်ပေးလိမ့်မည်ပင်။
"ဆရာတော်က ပိုင်မိသားစုကို ကူညီတဲ့နေရာမှာ ဘာကြောင့် ဒီလောက်စေတနာထားရတာလဲဆိုတာ ဆရာတော် ပြောပြပေးနိုင်မလား"
လင်းရုဖေးသည် မေးစေ့ကို ထောက်ကာ ရွှမ်ချင်းကို စူးစမ်းစွာစိုက်ကြည့်လိုက်ပြီး သူ အသိချင်ဆုံးသောမေးခွန်းကို မေးလိုက်သည်။
ရွှမ်ချင်းက ပြုံးကာ ရေရွတ်လိုက်သည်။
“နှစ်တွေကြာနေပြီမို့ မပြောတာ ပိုကောင်းပါတယ်"
သူသည် ထိုအကြောင်းကို ပြောပြရန် ဆန္ဒမရှိမှန်း လင်းရုဖေး သိသောကြောင့် သူ့ကို ပြောရန် အတင်းတွန်းအားမပေးပေ။ သူက လက်ဖက်ရည်အိုးကို မ,လိုက်ကာ သူ့ကိုယ်ပိုင်လက်ဖက်ရည်ခွက်ထဲသို့ ထပ်ဖြည့်လိုက်သည်။ ထို့နောက် သူသည် ခွက်ကို ရွှမ်ချင်းထံ မြှောက်ပြကာ သောက်လိုက်သည်။
ရွှမ်ချင်းသည် နွေဦးလေညှင်းကဲ့သို့ နွေးထွေးညင်သာသော မျက်လုံးများဖြင့် လင်းရုဖေးကို ပြန်ကြည့်ကာ "လင်းကုန်းဇီသာဆိုရင် ဒီရှုပ်ထွေးတဲ့အရာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရရင် ဘယ်လိုဖြေရှင်းမလဲ"
လင်းရုဖေးက မျက်တောင်ခတ်လိုက်ပြီး “ကျွန်တော်သာဆိုရင်... ..."
ရွှမ်ချင်း : "အမ်း..."
လင်းရုဖေးကဆိုသည်။
"ကျွန်တော်သာဆိုရင် အရင်ဆုံး အဲဒီအရာမှာ ဝင်ပါနေတာကိုရပ်လိုက်မယ် ဘယ်သူ့ကိုမှ မထိခိုက်စေဖို့ သေချာအောင်လုပ်ပြီးမှ ရှောင်ပြေးဖို့ ကြုံရာကျပန်း ဆင်ခြေတစ်ခုကို ရှာလိုက်မယ်"
သူက သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အလေးအနက်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ပိုင်ထျန်းရွေ့က တာ့ကျင့်ကို ထိုင်ပြီးစောင့်ကြည့်နေရမှာပဲဆိုတော့ သူ ကျွန်တော့်ကို လိုက်ဖမ်းဖို့ အချိန်မရှိဘူးလေ"
ရွှမ်ချင်းသည် ထိုစကားကိုကြားသောအခါ တစ်ချက်ကြည့်လိုက်ပြီးနောက် ရယ်မော၍ လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။ သူသည် တောင်ပေါ်တွင် ရှိနေမိသောကြောင့်သာ ဤတောင်၏ သဘာဝအမှန်ကို မမြင်နိုင်ခဲ့ပေ။ သူက မကောင်းဆိုးဝါး၏ သွေးဆောင်ဖျားယောင်းခြင်းကို အမှန်တကယ်ခံလိုက်ရပေသည်။
တော်ဝင်မိသားစုထဲရှိ ဆိုးရွားသည့်အရာများနှင့်ပတ်သက်ပြီး လင်းရုဖေးသည် အမှန်တကယ် လုံးဝစိတ်မဝင်စားပေ။ သို့သော်လည်း သူသည် ထိုအရာအား အမြန်ရှာဖွေရန်သာ ပို၍စိတ်ဝင်စားနေခဲ့သည်။
သူ့နားထဲသို့ ထိုအရာပြောခဲ့သော “ကောင်းကင်ဘုံ အုပ်ချုပ်သူ” ဟူသော စကားလုံး၏အဓိပ္ပါယ်ကို သူနားမလည်ပေ။ ကောင်းကင်ဘုံအုပ်ချုပ်သူသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ဒဏ္ဍာရီလာတစ်ဦးဖြစ်ပြီး သူ့အတွက် ဒဏ္ဍာရီဆန်ဆန် တည်ရှိမှုမျိုးပင်။ ထို့အတွက်ကြောင့် ဤဒဏ္ဍာရီလာပုဂ္ဂိုလ်သည် သူ့အသက်ကို သတ်ပစ်ချင်နေသည့် ဤကဲ့သို့ကြမ်းတမ်းသောအရာနှင့် မည်ကဲ့သို့ သက်ဆိုင်နေမည်နည်း။
ဤအချိန်တွင် လင်းရုဖေးသည် အဖြေကိုသိရရန် မစောင့်နိုင်တော့ပေ။
"အဲ့ဒီအရာကို ဖမ်းယူဖို့ နည်းလမ်းရှိလား"
လင်းရုဖေးသည် စားပြီးခါနီးပြီဖြစ်သောကြောင့် သူ့တူများကို ချလိုက်ပြီး ရွှမ်ချင်းနှင့်အတူ ဆွေးနွေးနေသည့်အကြောင်းအရာအပေါ် အာရုံစူးစိုက်လိုက်သည်။
"သူ တတိယအကြိမ် ထိုးဖောက်ဝင်ရောက်လာတဲ့အတွက် စတုတ္ထအကြိမ်လည်းဖြစ်လာမှာ သေချာတယ်... ...ဆရာကြီးရွှမ်ချင်း ကျွန်တော့်ကို ဒီလိုကြည့်နေတာ ဘာအဓိပ္ပါယ်လဲ... ...”
သူပြောနေစဥ် ရွှမ်ချင်းသည် ပြုံးကာ သူ့ကို စိုက်ကြည့်နေသည်ကို သတိပြုမိသွား၏။ သူ့အကြည့်သည် ဘယ်လိုပင်ကြည့်ကြည့် မကောင်းသောရည်ရွယ်ချက်များကိန်းဝပ်နေသလို ခံစားရသည်။
ရွှမ်ချင်းကဆိုသည်။
"လင်းကုန်းဇီ မနေ့ညက ဘာဖြစ်ခဲ့တာလဲ တစ်ခုခုကို ဖုံးကွယ်ထားသေးလား"
လင်းရုဖေးက အံ့အားသင့်သွားသည်။
ရွှမ်ချင်းက ဆက်ပြောလာသည်။
“ငြင်းဖို့ အလျင်မလိုပါနဲ့ မင်း ဘာကို ဖုံးကွယ်ထားလဲဆိုတာကို ကိုယ်တော် မမေးပါဘူး အဲဒီအရာက မင်းကို အရမ်းစိတ်ဝင်စားနေပုံရတယ်လို့ ဒီကိုယ်တော်က တွေးမိရုံပါ"
လင်းရုဖေးက မျက်ခုံးပင့်လိုက်ပြီး “ဘယ်လိုလုပ် သိတာလဲ"
ရွှမ်ချင်း : “ကြည့်ရအောင် အရင်တုန်းကတော့ မတော်တဆမှုဖြစ်ဖူးသူတွေက နန်းတော်ထဲမှာရှိတဲ့တော်ဝင်မင်းသားတွေနဲ့ မင်းသမီးတွေပဲ လင်းကုန်းဇီရောက်လာမှသာ ချက်ချင်းပဲ ဓါးစာခံတစ်ယောက် ဖြစ်သွားခဲ့တယ် ပြောကြည့်ပါဦး အဲဒီအရာက လင်းကုန်းဇီကို အထူးတလည် စိတ်ဝင်စားနေတာ မဟုတ်ရင် ဘာဖြစ်မလဲဘူး"
ရွှမ်ချင်း၏ပြောကြားချက်ကို နားထောင်ပြီးနောက် လင်းရုဖေးသည်အနည်းငယ် စကားမပြောနိုင်ဖြစ်သွားရ၏။
“... ...ကောင်းပြီ အဲဒါတော့ အမှန်ပဲ"
ရွှမ်ချင်းက ဆက်ပြောလာပြန်သည်။
"လင်းကုန်းဇီပြောခဲ့တဲ့ နည်းလမ်းက တကယ်ကို စမ်းကြည့်လို့ ရပါတယ်... ..."
လင်းရုဖေးသည် ရွှမ်ချင်း၏ဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်ပြီးနောက် သူ့လက်ကို မြှောက်ကာ သူ့ကိုယ်သူ ညွှန်ပြရင်း "ဒါဆို အဲဒီအရာက ကျွန်တော့်ဆီ ရောက်လာလိမ့်ဦးမယ်လို့ ဘယ်လိုသိတာလဲ"
ရွှမ်ချင်း : "အဲဒါကြောင့် သိအောင် ကြိုးစားကြည့်ရုံပါပဲ"
လင်းရုဖေးသည် မနေ့ညက လည်ပင်းညှစ်သတ်ခံရလုနီးပါးဖြစ်ခဲ့သည့် အန္တရာယ်ရှိသော အခြေအနေကို သတိရကာ ခဏမျှ အတွေးနက်သွားမိသည်။
ရွှမ်ချင်းက ၎င်းကိုမြင်ပြီး ရှင်းပြလိုက်သည်။
“ဒကာလေး မလုပ်ချင်ရင် ဆရာတော်က ဒကာလေးကို အတင်းအကြပ်မလုပ်ခိုင်းပါဘူး ဒါပေမဲ့ လင်းကုန်းဇီက ဒီလိုမလုပ်ဘူးဆိုရင်တောင် အဲဒီအရာက ဒကာလေးကိုသတ်ပစ်နိုင်တယ်"
သို့သော် လင်းရုဖေးက ရိုးစင်းလွယ်ကူစွာ ပြောလိုက်သည်။
"ကြိုးစားကြည့်ရင် ထိခိုက်မှုမရှိပါဘူး"
ရွှမ်ချင်း၏မှန်းဆချက်သည် မှန်ကန်ပြီး ထိုအရာသည် သူ့ကို အမှန်တကယ် စိတ်ဝင်စားနေသည်ဆိုလျှင် သူ ဤနေရာကနေ ထွက်မသွားသရွေ့ နောက်တစ်ကြိမ် တိုက်ခိုက်ခံရရန် အလားအလာ ရှိပေသည်။
"ဒါပေမယ့် အဲဒါသာ အောင်မြင်သွားရင် ကျွန်တော်က ဆရာတော်ရွှမ်ချင်းအတွက် အများကြီး အကျိုးရှိစေလိမ့်မယ် ဒါကြောင့် ဆရာတော်ရွှမ်ချင်းက ကျွန်တော့်ကို တစ်ခုခု လျော်ကြေးပြန်ပေးသင့်တယ် မဟုတ်ဘူးလား" လင်းရုဖေးက ပြောလိုက်သည်။
ရွှမ်ချင်းက ခေါင်းညိတ်လိုက်ပြီး : "ဒါက ပုံမှန်ပါပဲ လင်းကုန်းဇီက ဘာကိုလိုချင်တာလဲ သိချင်မိတယ်"
လင်းရုဖေးကဆိုသည်။
"ဒါဆို ဆရာတော်ရွှမ်ချင်းနဲ့ ပိုင်မိသားစုရဲ့အတိတ်ဇာတ်လမ်းကို နားထောင်ကြည့်ရအောင်"
ရွှမ်ချင်းသည် သူ့နှုတ်ခမ်းများကို အနည်းငယ် စေ့ထားပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ"
လင်းရုဖေးသည် သူ့ဆီသို့ လက်ဆန့်ထုတ်လိုက်ပြီး “ဒါဆို ဒါက ကတိစကားတစ်ခုပဲ လေးနက်တဲ့ကတိဖြစ်တာကြောင့် လက်ဝါးချင်းရိုက်ရအောင်"
ရွှမ်ချင်းလည်း သူ့လက်ကို မြှောက်လိုက်ပြီး လင်းရုဖေး၏လက်ဖဝါးကို ရိုက်လိုက်သည်။ လက်ဖဝါးနှစ်ဖက်သည် ပေါ့ပါးသောအသံနှင့်အတူ အတူတကွထိစပ်သွားပြီး မှေးမှိန်သောအပြုံးတစ်ခုသည် သူတို့နှစ်ယောက်လုံး၏မျက်နှာပေါ်တွင် ဖြစ်ပေါ်လာတော့၏။
****
စာရေးသူမှာ ပြောစရာရှိတယ်~
လင်းရုဖေး : အစ်ကိုကြီး အော့ဖ်လိုင်း ဖြစ်နေတာ သုံးရက်မြောက်သွားပြီ...
ကုရွှမ်းတု : တကယ်တော့ ကိုယ် မနေ့က အော့ဖ်လိုင်းမဖြစ်ခဲ့ပါဘူး
လင်းရုဖေး : အဲ့ဒီလိုပြောဖို့ ခင်ဗျားမှာ သတ္တိရှိသေးတယ်ပေါ့!!!
─────────────────────────────────────────────────
Translated By IQ-Team.
ဆီးသီးဟင်းချို