Chapter 110
နန်းတော်ထဲရှိကိစ္စများ...။
--------------
မင်းသမီးလေး၏မေ့မြောမှုကြောင့် မတိုင်မီက ဧကရာဇ်ဥယျာဥ်ကို ဂရုတစိုက်ရှာဖွေခဲ့ဖူးသည်။ သို့သော် ထိုအချိန်တုန်းက ရည်ရွယ်ချက်သည် တရားခံလူများကို ရှာဖွေရန်သာဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်ပုန်းကွယ်ရန် မဖြစ်နိုင်သည့်နေရာတချို့ကို ချန်လှပ်ထားခဲ့သည်။ ယခု မင်းသားနှစ်ပါးကို ဘုရင်မင်းမြတ်က ဆူပူကြိမ်းမောင်းပြီးနောက် ဒေါသထွက်နေသောမျက်နှာဖြင့် ရှာဖွေရန် အမိန့်ပေးပြန်သည်။ ရှာဖွေရေးတွင်တာဝန်ယူထားရသည့်လူများသည် သဘာဝကျကျ နားလည်လိုက်သည်။ ဘုရင်မင်းမြတ်သည် အလွန်ဒေါသထွက်နေသောကြောင့် ရှာဖွေသည့်အခါ အထူးသတိထားရပေမည်။ အောက်ခြေတွင် တစ်ခုခု ဝှက်ထားသလားဆိုသည်ကို သေသေချာချာရှာဖွေကြည့်ရန် မြက်ခင်းတိုင်းကို မ,ကြည့်ရန်လိုအပ်သည်။
အခန်းအပြင်ဘက်တွင် အလွန်ပူပြင်းလှ၏။ သူတို့ အခန်းထဲ၌ စောင့်ဆိုင်းနေစဥ် အပြင်မှလူများသည် ဧကရာဇ်ဥယျာဉ်ကိုဖြတ်သန်းရှာဖွေရင်း နေရောင်ကို အံတုရင်ဆိုင်နေရသည်။ အခန်းထောင့်တိုင်းတွင် အပူကိုလျှော့ချပြီးအေးမြစေရန် ရေခဲအများအပြားကို ထားရှိထားသည်။ ဘေးနားတွင် ယပ်တောင်ခတ်ပေးနေသောအစေခံများလည်း ရှိသောကြောင့် မပူပေ။ ပိုင်ထျန်းရွေ့သည် သူတို့ ရေငတ်နေမည်ကို စိုးရိမ်သောကြောင့် အအေးခံထားသော ဆီးသီးဟင်းချိုကို ယူလာပေးရန်ပင် တစ်ယောက်ယောက်ကို တောင်းဆိုလိုက်သည်။ တည်းခိုခန်းတွင် မနေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အပြီး လင်းရုဖေးသည် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ ယခု သူ အနားယူရန် အခန်းထဲမှာ ထိုင်နေရင်း အနည်းငယ် အိပ်ငိုက်လာသည်။ သို့သော် နောက်ဆုံးတွင် သူသည် ဧကရာဇ်မင်း၏အရှေ့တွင် ရှိနေသောကြောင့် အရမ်းသိသာနေလျှင် မသင့်လျော်ဘူးဟု ခံစားရသည်။ ထိုအစား သူသည် ရွှမ်ချင်းနှင့် စကားစမြည်ပြောသည့်အခါ ရံဖန်ရံခါဆိုသလို သမ်းဝေသွားတော့၏။
"လင်းကုန်းဇီ ပင်ပန်းနေပြီလား"
သို့သော်လည်း ရွှမ်ချင်းသည် အလွန်အကဲခတ်တော်ပြီး လင်းရုဖေး၏ မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်နေသော အကြည့်ကို နားလည်လိုက်သည်။
"မင်း ပင်ပန်းနေရင်လည်း အရင်ဆုံးပြန်ပြီး အနားယူချင်လား"
လင်းရုဖေးက ခေါင်းခါလိုက်ပြီး အနည်းငယ်လေးလံနေသောအသံဖြင့်ပြောလိုက်သည်။
" ကိစ္စမရှိပါဘူး မနေ့ညက ကျွန်တော် ကောင်းကောင်းမအိပ်ခဲ့ရလို့ နည်းနည်းအိပ်ငိုက်နေရုံပါ"
ပိုင်ကျင့်လွင်သည် ထိုစကားကိုကြားသောအခါ ဤအခန်း၏ဘေးတွင်ဧည့်သည်ခန်းရှိကြောင်း လင်းရုဖေး စိတ်မရှိလျှင် ဧည့်သည်ခန်းထဲတွင် ခဏလောက်အိပ်စက်နိုင်ကြောင်း ပြောလာသည်။ လင်းရုဖေးသည် ငြင်းဆိုလိုက်ပြီး ယခင်ကလည်း ကောင်းစွာအိပ်မပျော်ခဲ့ဖူးကြောင်း ပိုင်ကျင့်လွင်သည် ၎င်းအတွက် အလွန်အမင်းစိတ်မပူသင့်ကြောင်း ပြောလိုက်၏။
၎င်းကိုကြားပြီး ပိုင်ကျင့်လွင်လည်း ဆက်လက်၍ မတိုက်တွန်းတော့ပေ။ ဆဋ္ဌမမင်းသားပြောသည့်အတိုင်း ဧကရာဇ်ဥယျာဉ်ထဲတွင် ရွံရှာဖွယ်အောင်နိုင်ခြင်းစွမ်းရည်၏ပစ္စည်းများကို သူတို့ရှာတွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ ဖြစ်ရပ်နှစ်မျိုးလုံးသည် ကောင်းမွန်မနေပေ။ ထို့ကြောင့် ယခုအချိန်တွင် ပိုင်ကျင့်လွင်၏စိတ်အခြေအနေသည်လည်း အလွန်ဆိုးရွားလျက်ရှိသည်။ သူတို့ရှာတွေ့ခဲ့လျှင် တတိယမင်းသမီးသည် အမှန်တကယ် ဘေးအန္တရာယ်ဖြစ်စေချင်သည့်စိတ်ရှိခြင်းကို ပြသနေသည်။ သို့သော် ၎င်းတို့ကို ရှာမတွေ့ခဲ့လျှင် ဆဋ္ဌမမင်းသားသည် တစ်စုံတစ်ဦး၏သွေးထိုးလှုံ့ဆော်မှုကို ခံရပြီး မသင်ယူသင့်သည့်အရာတချို့ကို သင်ယူခဲ့ကြောင်းကို ပြသနေပေသည်။ သူ့ကလေးတွေ ဒုက္ခရောက်နေခြင်းကို အဖေဖြစ်သူ ပိုင်ကျင့်လွင်သည်လည်း အမှန်အားဖြင့် မပျော်ရွှင်ပေ။
ပိုင်ထျန်းရွေ့သည် နည်းနည်းလေးမျှပင် စိတ်မပူပေ။ သူနှင့် ရွှမ်ချင်းတို့သည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပျော်ရွှင်စွာ ပြောဆိုနေခဲ့ကြသည်။
သူတို့နှစ်ဦး၏စကားဝိုင်းမှတစ်ဆင့် သူတို့သည် ဆယ်စုနှစ်များကြာအောင် သူငယ်ချင်းဖြစ်ခဲ့ကြသော်လည်း ရွှမ်ချင်း ပထမဆုံးတွေ့ဆုံခဲ့သည့်သူသည် ပိုင်ထျန်းရွေ့မဟုတ်ဘဲ ဧကရာဇ်ဖြစ်နေပြီဖြစ်သော ပိုင်ကျင့်လွင်ပင် ဖြစ်သည်။ နှစ်များကို ရေတွက်ကြည့်မည်ဆိုလျှင် သူတို့သုံးယောက်သည် နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်လာခဲ့ကြသည်။ သို့သော် ပိုင်မိသားစုနှင့် ရွှမ်ချင်း၏သဘောထားမှာ ထိုကဲ့သို့ ဖော်ပြမနေပေ။ ပိုင်ကျင့်လွင်ကိုဖြစ်စေ သို့မဟုတ် ပိုင်ထျန်းရွေ့ကိုဖြစ်စေ ရင်ဆိုင်ရလျှင် ရွှမ်ချင်းသည် အမြဲတမ်း နူးညံ့သိမ်မွေ့သောအသွင်အပြင်ရှိသည်။ သူ့စကားများသည် အမှားအယွင်မရှိဘဲ အလွန်သင့်လျော်လွန်းလှသည်။ ၎င်းသည် ယဉ်ကျေးမှုရှိသည်ဟုဆိုနိုင်သော်လည်း နောက်ဆုံးတွင် သူငယ်ချင်းများတွင်သာထားရှိနိုင်သည့် ခင်မင်ရင်းနှီးမှုကိုမူ ဆုံးရှုံးသွားစေပေသည်။
လင်းရုဖေးသည် သူတို့နှင့် မရင်းနှီးသောကြောင့် ဘေးတွင်ထိုင်ကာ ဆီးသီးဟင်းချိုသောက်နေရင်း ပုံပြင်နားထောင်နေသကဲ့သို့ ပြုမူနေလိုက်သည်။
ဆီးသီးဟင်းချိုသည် အလွန်အရသာရှိသည်။ ချိုချိုချဥ်ချဉ်လေးဖြစ်ပြီး အအေးခံပြီးသောက်လျှင် အပူကို ပိုသက်သာစေသည်။ လင်းရုဖေးက တစ်ခွက်သောက်ပြီးနောက် ဒုတိယခွက်ကို လောင်းထည့်ရန် စီစဉ်နေချိန်တွင် ရှာဖွေရေးအဖွဲ့၏ခေါင်းဆောင်သည် ဧကရာဇ်ဥယျာဉ်မှ ပြန်လာသည်။
ပုံပန်းသဏ္ဍာန်အရ ခေါင်းဆောင်သည် တပ်သားတစ်ယောက်ဖြစ်ပုံရပြီး ယခုလို ပူပြင်းသောနေ့တွင် ဧကရာဇ်ဥယျာဉ်တစ်ဝှမ်း အချိန်အကြာကြီးရှာဖွေနေရခြင်းကြောင့် ပုံမှန်အတိုင်း ချွေးစေးများထွက်နေသည်။ သို့သော် ယခုအချိန်တွင် သူ့မျက်နှာသည် စက္ကူကဲ့သို့ဖြူဆုပ်နေပြီး မည်သူမျှ ထိုအရောင်၏အရိပ်အမြွက်ကို မသိဘဲ မနေပေ။ သူသည် ပိုင်ကျင့်လွင်ရှေ့သို့ လျှောက်သွားပြီး လေးပင်စွာ ဒူးထောက်၍ တုန်တုန်ယင်ယင်အသံဖြင့် ပြောလိုက်သည်။
“အရှင်မင်းကြီး ရှာတွေ့ပါပြီ... ... ..."
"ဘာကို ရှာတွေ့တာလဲ"
ပိုင်ကျင့်လွင်သည် သူ့မျက်လုံးများကို မှေးကျဥ်းထားပြီး သူ့လေသံသည် ကြမ်းတမ်းခက်ထန်နေ၏။
"ရွံရှာဖွယ်အောင်နိုင်ခြင်းရဲ့ပစ္စည်းကို ရှာတွေ့ပါပြီ... ...ကျွန်တော့်လက်အောက်ငယ်သားတွေက ထိုအရာဝတ္တုအကြောင်း များများစားစားမသိလို့ ဘယ်လို လုပ်ရမှန်းမသိကြပါဘူး"
ခေါင်းဆောင်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
သူ့ပါးစပ်မှ စကားထွက်လာသည်နှင့် "ဘန်း" ဟူသော ကျယ်လောင်သည့် အသံထွက်ပေါ်လာသည်။ ပိုင်ကျင့်လွင်သည် ဒေါသထွက်လွန်းသောကြောင့် စားပွဲပေါ်တင်ထားသည့် ဆီးသီးဟင်းချိုကို ကြမ်းပြင်ပေါ် တိုက်ရိုက် ပစ်ချလိုက်သည်။
ထို့နောက် သူသည် ကြောက်လန့်ဖွယ်ကောင်းသော လေသံဖြင့် “အဲဒါက ဘယ်မှာလဲ"
"ဧကရာဇ်ဥယျာဉ်ထဲက ဆီးသီးပင်အောက်မှာရှိပါတယ် ဒီလက်အောက်ငယ်သားက ရွှေ့ဖို့ မဝံ့ရဲဘူး"
ခေါင်းဆောင်သည် အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
ပိုင်ကျင့်လွင်က ထကာ ထွက်သွားသည်။ လင်းရုဖေး သတိပြုမိချိန်တွင် သူသည် အခန်းထဲမှ ခြေလှမ်းအနည်းငယ်အကွာသို့ ရောက်နေလေပြီ။
အခန်းထဲ၌ကျန်ရှိနေခဲ့သော လူသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီး လေထုက အနည်းငယ် ကို့ရို့ကားယားနိုင်လှသည်။ ပိုင်ထျန်းရွေ့သည် သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းကာ ပိုင်ကျင့်လွင်နောက်ကို လိုက်သွား၏။
လင်းရုဖေးနှင့် ရွှမ်ချင်းတို့လည်း လိုက်သွားရန်ထလိုက်သည်။ ရွှမ်ချင်းသည် လင်းရုဖေးအနားသို့ လျှောက်သွားပြီး ပိုင်ကျင့်လွင် အဘယ်ကြောင့် ဤမျှဒေါသထွက်ရကြောင်း လေသံတိုးတိုးဖြင့် ရှင်းပြသည်။
ပိုင်ကျင့်လွင်သည် အမွေဆက်ခံသူများကြားတွင် တတိယမြောက်မင်းသမီးကို အချစ်ဆုံးဖြစ်ကြောင်း သိလိုက်ရသည်။ တတိယမင်းသမီး၏မိခင်သည် ဘုရင်မင်းမြတ်၏ အလွန်ချစ်မြတ်နိုးမှုကို ခံရသော်လည်း သူမ၏ကျန်းမာရေးသည် မကောင်းမွန်ခဲ့ပေ။ အကြီးဆုံးသားတော်နှင့် တတိယမြောက်မင်းသမီးကို ဖွားမြင်ပြီးနောက် အမြန်ဆုံးပါးသွားကာ တတိယမြောက်မင်းသမီးသည် မယ်တော်ကြီး၏ လက်အောက်တွင် ကြီးပြင်းလာခဲ့ရသည်။ သူမသည် ငယ်စဉ်ကတည်းက သူမအမေကို ဆုံးရှုံးခဲ့ရသည့်အချက်ကို စဥ်းစားကာ ဧကရာဇ်မင်းသည် သူမကို အလွန်ချစ်ပေးခဲ့သည်။ အကယ်၍ သူမသည် ရွံရှာဖွယ် အောင်နိုင်ခြင်း၏စွမ်းရည်ကို လူများ ထိခိုက်နာကျင်စေရန်အတွက် အမှန်တကယ်အသုံးပြုခဲ့လျှင် စိတ်သောကအရောက်ရဆုံးသူမှာ ဤဖခင် ပိုင်ကျင့်လွင်ပင် ဖြစ်လိမ့်မည်။
လင်းရုဖေးနှင့် ရွှမ်ချင်းတို့သည် သူတို့နောက်သို့ ဖြည်းညှင်းစွာ လိုက်သွားကြသည်။ သူတို့ ဧကရာဇ်ဥယျာဉ်သို့ ရောက်သောအခါ ဒေါသကိုမျိုသိပ်ထား၍ တစ်စုံတစ်ခုကို တူးဖော်ရန် အမိန့်ပေးနေသော ပိုင်ကျင့်လွင်၏အသံကို ကြားလိုက်ရ၏။
အရာဝတ္ထုကို မြင့်မားသောဆီးသီးပင်အောက်တွင် မြှုပ်နှံထားသည်။ တတိယမင်းသမီးသည် ထိုဆီးသီးပင်ကို အရမ်းသဘောကျပြီး မည်သူ့ကိုမျှ အနားကို လုံးဝသွားခွင့်မပေးဟု ဆိုသည်။ ယခု ဆီးသီးပင်အောက်မှ တူးဖော်ထားသည့် အရာဝတ္ထုသည် ဆဋ္ဌမမင်းသား၏စကားကို အတည်ပြုပေးလိုက်ခြင်းပင် မဟုတ်လော။
လင်းရုဖေးသည် သမိုင်းစာအုပ်များစွာကိုဖတ်ဖူးပြီး နယ်ချဲ့တိုက်ပွဲများသည် အမြဲတမ်းရက်စက်ကြမ်းကြုတ်ကြောင်း သိထားသော်လည်း နောက်ဆုံးတွင် ၎င်းကို သူ့မျက်လုံးများဖြင့် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခွင့်ရလိုက်သောကြောင့် ဤအချိန်၌ သူ၏နှလုံးသားထဲတွင် ရှုပ်ထွေးသောခံစားချက်များ ပေါ်လာသည်။
ရွှမ်ချင်းသည် သူ့ဘေးတွင် ရပ်ကာ အစောင့်များ၏လှုပ်ရှားမှုကို ဂရုတစိုက် ကြည့်နေသည်။ သူ၏ချောမောသော မျက်နှာပေါ်တွင် ဝမ်းနည်းမှု သို့မဟုတ် ပျော်ရွှင်မှုများ ကင်းစင်ပြီး ထိုကဲ့သို့သော မျက်နှာသေအမူအရာဖြင့်သာ မလှုပ်မယှက် ရပ်နေသည်။
“အဲဒါ... ...ဒီဟာပဲ... ...”
အစောင့်ခေါင်းဆောင်သည် သံသေတ္တာကို သတိကြီးစွာထားကာ ထုတ်ယူလိုက်ပြီး အတွင်း၌ရှိသည့်အရာများကို ဖော်ထုတ်ရန် ဂရုတစိုက် ဖွင့်ကြည့်လိုက်သည်။
လင်းရုဖေးသည် သေတ္တာအတွင်းမှ အရာဝတ္ထုများကို အဝေးမှပင် မြင်နိုင်သည်။ ထူးဆန်းသောပုံပန်းသွင်ပြင်ရှိသည့် အဝတ်ရုပ်တစ်ခုနှင့် အဝါရောင်အဖြစ်သို့ပြောင်းသွားသည့် စာရွက်များနှင့် စာအုပ်တစ်အုပ်ပင်ဖြစ်သည်။ အခြားအရာတစ်ခုခုကို စာအုပ်အောက်တွင်ကို ဖိထားပုံပေါ်ပြီး ပိုင်ကျင့်လွင်သည် ၎င်းအရာကို အောက်ခြေကနေ ထုတ်ယူလိုက်သည်။ ၎င်းကို လှုပ်ယမ်းကာ ဖွင့်ကြည့်ပြီးနောက်ကလေးတစ်ယောက်ဆွဲထားသည့် ပန်းချီစာရွက်အနည်းငယ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထိုပန်းချီစာရွက်များသည် ရှုပ်ထွေးနေပုံပေါ်သည်။ ၎င်းသည် အလွန်ရှုပ်ပွနေပြီး စနစ်တကျမရှိသောကြောင့် ၎င်းသည် ကလေးတစ်ယောက်၏ အလိုအလျောက်လုပ်ဆောင်ထားသည့် အလုပ်နှင့်တူပေသည်။ သို့သော်လည်း ပိုင်ကျင့်လွင်၏ မူလက လေးလံပြီးညို့မှိုင်းနေသောအမူအရာသည် ပန်းချီစာရွက်များကိုမြင်ပြီးနောက် များစွာပျော့ပြောင်းလာပြီး သူ့ပါးစပ်မှ သက်ပြင်းချသံများပင် ထွက်ပေါ်လာသည်။
လူအုပ်အားလုံးသည် ထူးဆန်းသောအကြည့်ဖြင့် ကြည့်လာခဲ့ကြသော်လည်း ရွှမ်ချင်းသည် ပထမဆုံးနားလည်သူပင်ဖြစ်သည်။
သူက ခေါင်းယမ်းကာ ပြောလိုက်သည်။
"မင်းတို့တွေ မှားနေကြတာပဲ ဒါက ရွံရှာဖွယ်အောင်နိုင်ခြင်းရဲ့ စွမ်းရည်မဟုတ်ဘူး မင်းသမီးလေးရဲ့ ရှေးဟောင်း အမွေအနှစ်တွေပဲ"
"ဆရာကြီးရွှမ်ချင်း ပြောတာမှန်ပါတယ်"
ပိုင်ကျင့်လွင်သည် ရွှမ်ချင်း၏ပြောကြားချက်ကို သဘောတူသလို ခေါင်းညိတ်လိုက်သည်။ သူသည် အရုပ်ကလေးကို ဖြည်းညှင်းစွာ ကောက်ကိုင်လိုက်ပြီး သူ့လက်ထဲတွင် ဂရုတစိုက်ထည့်ကာ ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ အတိတ်ကို လွမ်းဆွတ်သတိရသွားသောကြောင့် သူ့မျက်လုံးများသည် အမှတ်တရများ နွေးထွေးမှုများနှင့် ပြည့်နှက်နေ၏။
“ဒီအရုပ်လေးက သူမကိုယ်တိုင်လုပ်ထားတဲ့အရုပ်လေးပဲ သူမက လက်မှုပညာမှာညံ့ဖျင်းပြီး ကလေးကို ချော့ဖို့အတွက် ဒီလိုထူးဆန်းတဲ့အရုပ်ကို လုပ်ခဲ့ပေမယ့် မော့မော့ကိုတော့ ဆိုးဆိုးရွားရွား ကြောက်လန့်စေခဲ့တယ်"
သူက စကားပြောပြီးသည်နှင့် အရုပ်ကို သေတ္တာထဲကို ပြန်ထည့်လိုက်ပြီး "နောက်တော့ အရုပ်ကို မော့မော့ရဲ့ အမေက စွန့်ပစ်လိုက်ပြီလို့ ထင်ခဲ့တာ ဒီနေရာမှာ တွေ့ရသေးမယ်လို့ မထင်ထားခဲ့မိဘူး"
သူဤသို့ပြောပြီးသည်နှင့် ကံကြမ္မာအပြောင်းအလဲကြောင့် ခေါင်းယမ်းလိုက်ပြီး သူ့ဘေးတွင်ရပ်နေသော ရွှမ်ချင်းထံသို့ သေတ္တာကို ပေးကာ "ဆရာကြီးရွှမ်ချင်း ကြည့်လိုက်ပါဦး သေတ္တာထဲမှာ သံသယဖြစ်စရာပစ္စည်းတွေများ ရှိသေးလား"
ရွှမ်ချင်းသည် ရှေ့သို့ တိုးလာကာ သံသေတ္တာကိုယူပြီး ပါဝင်နေသောပစ္စည်းများကို သေချာစစ်ဆေးလိုက်သည်။ သူသည် ထူးဆန်းသောပုံစံရှိသည့်အရုပ်ကို အကြိမ်အနည်းငယ်ကြည့်ပြီးနောက် ၎င်းကိုပြန်ချလိုက်သည်။ ထို့နောက် စာအုပ်ဘက်သို့ လှည့်၍ အဆုံးအထိ တစ်မျက်နှာပြီး တစ်မျက်နှာ ရှာဖွေခဲ့သော်လည်း ထူးထူးခြားခြား မတွေ့ရပေ။ နောက်ဆုံးတွင် ၎င်းသည် သေတ္တာအောက်ခြေရှိ ကလေးဆန်သော ပန်းချီစာရွက်အနည်းငယ်သာ ကျန်တော့သည်။ ရွှမ်ချင်းသည် သူတို့ထဲမှ တစ်ရွက်ကို ကောက်ကိုင်ပြီး သေချာကြည့်လိုက်သောအခါ သူ့ဘေးတွင်ရပ်နေသော လင်းရုဖေးသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။
ရွှမ်ချင်းသည် ပန်းချီစာရွက်တစ်ရွက်ကို ကိုင်လိုက်သည်။ ပထမအကြည့်တစ်ချက်တွင် ၎င်းသည် ကလေး၏သတိလက်လွတ်ရေးဆွဲထားသောပုံများနှင့်တူပြီး ထူးခြားမှုမရှိပေ။ သို့သော် သေချာလေ့လာပြီးနောက် အဆိုပါသတိလက်လွတ်ရေးဆွဲထားသောပုံများအားလုံးသည် မှင်အနက်ရောင်အစက်များဖြင့် ရိုက်နှိပ်ထားသည်ကို သတိပြုမိနိုင်သည်။ ပန်းချီကားများတွင် ပါဝင်သောအကြောင်းအရာများသည် အလွန်များပြားလွန်းလှသည်။ လူများနှင့် ရှုခင်းများပါဝင်သော်လည်း ပန်းချီဆွဲသည့်သူသည် အလွန်ငယ်သေးသည့်အတွက် ရေးဆွဲထားသောပုံသဏ္ဍာန်သည် အရမ်းထူးဆန်းပြီး အနည်းအကျဥ်းမရှိသလောက်သာ မှတ်မိနိုင်ပေ၏။
ပန်းချီစာရွက်တစ်ရွက်တွင် မှင်စွန်းထင်းခြင်းသည် အဓိကလက္ခဏာတစ်ရပ်ဖြစ်လာပုံရသည်။ ၎င်းကို စာရွက်၏ အလယ်တွင် ရေးဆွဲထားပြီး သေးငယ်သောလူအနည်းငယ်၏ ကြမ်းတမ်းသော သရုပ်ဖော်မှုများဖြင့် ဝန်းရံထားသည်။ ကလေးတစ်စုသည် ထိုအရာ၏အလယ်၌ ဆော့ကစားနေသည်ဆိုတာကို သူမ ဖော်ပြချင်နေခြင်း ဖြစ်နိုင်သည်။ အကြမ်းဖျဉ်းအားဖြင့်ကြည့်လျှင်တော့ အဓိပ္ပါယ် အများကြီးရှိပုံမပေါ်သော်လည်း အချိန်အကြာကြီး ကြည့်လိုက်လျှင် သူတို့၏နောက်ကျောများ အကြောင်းပြချက်မရှိ အေးခဲသွားသလို စတင်ခံစားရသည်။
"ဘာဖြစ်လို့လဲ ဒီပန်းချီကားတွေမှာ မှားယွင်းနေတာတစ်ခုခု ရှိလို့လား လင်းကုန်းဇီ"
ပိုင်ထျန်းရွေ့သည် လင်းရုဖေး၏ လေးနက်သောအကြည့်ကို သတိပြုမိပြီး ရုတ်တရက် မေးလိုက်သည်။
လင်းရုဖေးက မေးခွန်းထုတ်လိုက်သည်။
“ဒီပန်းချီကားတွေကို ဘယ်အချိန်တုန်းက ရေးဆွဲခဲ့တာလဲ"
"မော့မော့ ငယ်ငယ်လေးတုန်းက အဲဒီပန်းချီတွေကို ဆွဲခဲ့တာ"
ပိုင်ကျင့်လွင်သည် လင်းရုဖေး၏မေးခွန်းကို ပြန်ဖြေလိုက်သည်။
"သူမက စိတ်မရှည်ဘူး ပြီးတော့ ကြိုးတပ်တူရိယာတွေ တီးခတ်ရတာ ကျားကစားရတာ လက်ရေးလှရေးတာနဲ့ ပန်းချီဆွဲတာလိုမျိုး စာပေနဲ့ပတ်သက်တာတွေကိုမကြိုက်ဘူး နောက်ပြီး သူ့ဆရာက သင်ပေးတဲ့အခါမှာလည်း အရမ်းကိုပြောစကားနားမထောင်ခဲ့ဘူး——တကယ်ကို နားမထောင်ခဲ့ဘူး"
မင်းသမီးလေး၏အမှားများအကြောင်း ပြောနေသောအခါ ဘုရင်မင်းမြတ်၏အမူအရာသည် ဂုဏ်ယူဝင့်ကြွားနေမှုကို ပြသနေခဲ့သည်။
“ဒါပေမယ့် သူမက မြင်းစီးစွမ်းရည်နဲ့ မြှားပစ်စွမ်းရည်မှာဆိုရင်တော့ အတော်ဆုံးတွေထဲက တစ်ယောက်ပဲ သူ့အစ်ကိုတော်တော်များထက်တောင် ပိုသန်မာသေးတယ် သူမသာ မိန်းကလေးမဟုတ်ခဲ့ရင်... ...”
သူ့စကားထဲတွင် နောင်တရစရာအရိပ်အမြွက်ပါဝင်နေကြောင်း ကြားရသူတိုင်း ပြောနိုင်ပေ၏။
မင်းသမီးလေးအပေါ်ထားသည့် ပိုင်ကျင့်လွင်၏ချစ်ခြင်းမေတ္တာသည် ထင်ရှားသော်လည်း သူမကိုချစ်လျှင်တောင် သူ ဘာလုပ်နိုင်မည်နည်း။ မည်မျှပင် ချစ်မြတ်နိုးခံရစေကာမူ မွေးဖွားလာချိန်မှစ၍ သူမသည် မင်းသမီးလေးတစ်ပါးဖြစ်လာရန် ကံကြမ္မာပါရှိပြီးသားပင်။
လင်းရုဖေးလည်း နောင်တရမိသည်။ အကယ်၍ ဤတတိယမြောက်မင်းသမီးသည် ကျင့်ကြံသူမိသားစုတွင် မွေးဖွားခဲ့မည်ဆိုလျှင် ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ သူမ၏ အရည်အချင်းသည် အလုံအလောက်ကောင်းမွန်နေသရွေ့ သူမသည် အလေးပေးအခံရဆုံးဖြစ်လိမ့်မည်ပင်။ သို့သော်လည်း ကံမကောင်းစွာပင် သူမသည် သေမျိုးကမ္ဘာတွင် မွေးဖွားလာခဲ့ပြီး ဤကဲ့သို့ မလိုချင်သောကံကြမ္မာကနေ သူမ မလွတ်မြောက်နိုင်ခဲ့ပေ။
"မင်းသမီးလေးရဲ့ ပန်းချီကားတိုင်းမှာ မှင်အနက်ရောင်တိမ်တွေ ဘာလို့ရှိနေတာလဲ" လင်းရုဖေးက အံ့သြစွာမေးလိုက်မိသည်။
ပိုင်ကျင့်လွင်က သဘောမတူစွာဖြင့် : "မှင်လား သူမက အပြုအမူကြမ်းတမ်းတာကြောင့် ပန်းချီကားတွေကို မတော်တဆ စွန်းထင်းသွားတာဖြစ်နိုင်တယ်"
လင်းရုဖေးက မေးလိုက်သည်။
“ဒီသံသေတ္တာထဲမှာ မင်းသမီးလေးရဲ့မြတ်နိုးတဲ့အရာတွေပါနေတယ် ဟုတ်တယ်မလား"
ပိုင်ကျင့်လွင်က ခေါင်းညိတ်လိုက်သည်။
လင်းရုဖေးက အလေးအနက်စဥ်းစားလိုက်ပြီး “ဒီဟာက အမြတ်နိုးဆုံးအရာတစ်ခု ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုလုပ် သူမလက်နဲ့ ညစ်ပတ်စေနိုင်မှာလဲ"
သူ့တွင် အချက်အလက်အနည်းငယ်ရှိပြီး လူအုပ်ကြီးသည် ထိုစကားများကို ကြားသောအခါ ခဏမျှ စဉ်းစားစပြုလာကြသည်။ သို့သော်လည်း ပိုင်ထျန်းရွေ့သည် ရုတ်တရက်ပြောလာသည်။
"ဒီလိုနေပူပူမှာ အပြင်မှာနေရတာ ပင်ပန်းတယ် ဘာလို့ ငါတို့ အထဲကိုသွားပြီး ဆက်မဆွေးနွေးတာလဲ"
“ဟုတ်တယ်” ပိုင်ကျင့်လွင်က သဘောတူလိုက်သည်။
ထို့နောက် လူအများအပြားသည် တူညီသောလမ်းအတိုင်း ပြန်လာကြပြီး စာကြည့်ဆောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။
သူတို့ လမ်းတစ်ဝက်လောက် ရောက်သွားသည့်အခါ ပိုင်ထျန်းရွေ့သည် ရွှမ်ချင်း၏လက်ထဲရှိသံသေတ္တာကို ယူပြီး သူကိုယ်တိုင် စစ်ဆေးကြည့်သည်။ သို့သော် သူသည် ပန်းချီကို စိတ်မဝင်စားဘဲ ထူးထူးခြားခြား ပုံသဏ္ဍာန်ရှိသော အဝတ်အရုပ်ကိုသာ အာရုံစိုက်နေသည်။ သူ့လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ခဏလောက် ဆုပ်နယ်ထားလိုက်သည်။ သူ့ဘေး၌ရပ်နေသော လင်းရုဖေးသည် သူ၏ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများကို သတိထားမိသည်။ ရွှမ်ချင်းနှင့် ပိုင်ထျန်းရွေ့တို့ စကားပြောနေသည်ကို မြင်လိုက်ရသဖြင့် အခွင့်ကောင်းယူကာ တမင်အရှိန်လျှော့လိုက်သည်။ ထိုနောက် ထင်သည့်အတိုင်းပင် သူတို့နှစ်ယောက်သည် နောက်တွင်ကျန်ရစ်နေခဲ့သည်။
ပိုင်ထျန်းရွေ့သည် လင်းရုဖေး၏ ရုတ်တရက် ရပ်ဆိုင်းသွားမှုကို သတိပြုမိသောအခါတွင် သူသည် သူ့ကို ပြုံးပြလိုက်ပြီး "လင်းကုန်းဇီ သူတို့နဲ့ လိုက်သွားရမဲ့အစား ငါ့အနားမှာ ဘာလာလုပ်နေတာလဲ မင်းလည်း ငါ့ကိုသဘောကျနေတာ ဖြစ်နိုင်တယ်မလား"
လင်းရုဖေးက သူ၏စိတ်ထဲကမပါသောစကားများကို လျစ်လျူရှုလိုက်ပြီး "တတိယမင်းသမီးလေးရဲ့ အရုပ်က ဘာထူးခြားသေးလို့လဲ"
ပိုင်ထျန်းရွေ့သည် မျက်လွှာချထားသော်လည်း မည်သည်ကိုမျှ ပြန်မပြောလာပေ။
လင်းရုဖေး : “မင်း အခု ထုတ်မပြောရင် နောက်ပိုင်း အခန်းထဲဝင်လိုက်တာနဲ့ မင်း အဲဒါကို ပြောခွင့်ရှိတော့မှာ မဟုတ်ဘူး"
အဆုံးတွင် ပိုင်ထျန်းရွေ့သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့မျက်လုံးများတွင် ကူကယ်ရာမဲ့မှုအချို့ဖြင့် ပြန်ဖြေလိုက်သည်။
"လင်းကုန်းဇီ လင်းကုန်းဇီမှာလည်း ထက်မြက်လွန်းတဲ့ အချိန်တွေရှိသေးသားပဲ... ...အဲဒါက တကယ်ကို ကောင်းတဲ့အရာ မဟုတ်ဘူး"
သူစကားပြောနေစဉ်တွင် ပိုင်ထျန်းရွေ့သည် အရုပ်ကိုကိုင်ဆောင်ထားသောလက်ကို အနည်းငယ်အားထည့်ကာ ဆုပ်ကိုင်လိုက်သည်။ အရုပ်၏ခန္ဓာကိုယ်မှ ညှစ်ထုတ်ခြင်းခံလိုက်ရသောအခါ ချွန်ထက်ပြီးတောက်ပြောင်သည့်အပ်တချို့ကို အမှန်တကယ်တွေ့မြင်ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူသည် ထိုအရုပ်ကို ပြန်မထည့်ခင် အရုပ်မှ အပ်များကို ဆွဲထုတ်လိုက်ပြီး ဘေးဘက်ရှိမြက်ခင်းထဲသို့ ပစ်ချလိုက်သည်။
လင်းရုဖေးက အပ်များကို မြင်ပြီး အေးခဲသွားသည်။
"လင်းကုန်းဇီကတော့ သိမှာမဟုတ်ဘူး"
ပိုင်ထျန်းရွေ့သည် သူ့အသံကို လျှော့ပြီး တိုးတိုးပြောလိုက်သည်။
"တကယ်တော့ ငါ့အစ်ကိုရဲ့ ကိုယ်လုပ်တော်တွေက သူ့အတွက် ကလေး နှစ်ဒါဇင်ကျော် မွေးပေးခဲ့တယ် ဒါပေမဲ့ မတော်တဆမှုကြောင့် ဒါမှမဟုတ် ဖျားနာမှုကြောင့် အရွယ်မတိုင်မီ သေဆုံးမှုအရေအတွက်က မရေမတွက်နိုင်အောင်များပြားခဲ့တယ် ပြီးတော့ နောက်ဆုံးမှာ အခုအချိန်အထိ အသက်ရှင်နေသေးတဲ့သူ ခြောက်ဦးပဲ ကျန်ရှိတော့တယ်"
လင်းရုဖေးက တိတ်ဆိတ်စွာ နားထောင်နေသည်။
"ဒီအရာတွေက သာမာန်ပါပဲ ငါ့အတွက်တော့ ဒါကို တွေ့ကြုံနေကျဖြစ်တာကြာပြီ"
ပိုင်ထျန်းရွေ့က ဆက်ပြောလာသည်။
“တတိယမင်းသမီးက သူမနဲ့တူတယ်လို့ ခံစားရတဲ့အတွက် ဘုရင်မင်းမြတ်က တတိယမင်းသမီးကို ချစ်တယ် သူမက ဘယ်သူလဲဆိုတာ မင်းသိလား"
လင်းရုဖေးကဆိုသည်။
“... ...ယုန်... ...ဖြူလား"
ပိုင်ထျန်းရွေ့က အားတင်းပြုံးလိုက်ပြီး "ဟုတ်တယ် အဲဒီယုန်ဖြူဝိညာဉ်ပဲ"