Chapter 109
ရွှမ်ချင်းသည် ခါးသက်စွာ ပြုံးလိုက်ပြီး "နောက်ဆုံး လင်းကုန်းဇီ နောက်ပြောင်နေတာမဟုတ်ရင် အဲဒီအရာက မနေ့ညက တည်းခိုခန်းကို ရောက်လာတယ် ဒါပေမဲ့ ကျွန်တော်က လင်းကုန်းဇီရဲ့ ဘေးကပ်လျှက်အခန်းမှာရှိနေပြီး အဲဒီအရာရဲ့အသက်ရှူသံကိုတောင် မခံစားခဲ့ရဘူး ဒါကြောင့်... ...လင်းကုန်းဇီကို မကာကွယ်နိုင်မှာ ကျွန်တော် စိုးရိမ်မိတယ်"
လင်းရုဖေးက သူ့အရှေ့ရှိ လက်ဖက်ရည်ခွက်ကို အပျော်သဘောဖြင့် ပွတ်သပ်လိုက်ပြီး "ဆရာကြီးရွှမ်ချင်းက ဘာလို့ ရုတ်တရက် ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိရတော့တာလဲ"
ရွှမ်ချင်းက ပြန်ဖြေလိုက်သည်။
"လင်းကုန်းဇီကို ဆက်နေဖို့ အကြံပေးသေးတယ် ဆိုရင်တော့ ဒါဟာ ယုံကြည်မှုရှိတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းတာဖြစ်သွားပြီ"
သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး “နောက်ဆုံးတော့ လူ့အသက်ဆိုတာ ကမ္ဘာပေါ်မှာ ပျက်စီးကျိုးပဲ့ဖို့ အလွယ်ကူဆုံးသောအရာပဲ"
လင်းရုဖေးက ထုံးစံအတိုင်း မေးမြန်းလိုက်သည်။
"ဒါဆို ဆရာကြီးရွှမ်ချင်းကိုယ်တိုင်ကရော မကြောက်ဘူးလား"
ရွှမ်ချင်းကဆိုသည်။
"ဒီဆရာတော်ရဲ့ဘဝက ဘာမှတန်ဖိုးမရှိပါဘူး"
လင်းရုဖေး၏ အကြည့်များက တောက်လောင်သွားသည်။
“သာမန်ဘုန်းကြီးတွေရဲ့ ဘဝတွေက သိပ်ပြီးတန်ဖိုးမရှိမှာကို ကျွန်တော်ကြောက်ပေမဲ့ နန်ယင်းဘုရားကျောင်းက ဘုန်းတော်ကြီးတွေက သာမာန်ဘုန်းကြီးတွေနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"
ရွှမ်ချင်း၏အမူအရာသည် အနည်းငယ်အားကိုးရာမဲ့ ဖြစ်သွားသည်။ ဤမျှအန္တရာယ်ကင်းပုံရသော လင်းကုန်းဇီသည် အလေးအနက်ပြောလာသောအခါတွင် လူများအတွက် ပြန်လည်ချေပပြောဆိုရန် အတော်လေး ခက်ခဲသွားအောင် လုပ်နိုင်သည်အထိ ဤမျှလောက် သွက်လက်စွာပြောဆိုတတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
လင်းရုဖေးက ဆက်လက်၍ "ပြီးတော့ ဆရာကြီးရွှမ်ချင်းက မနေ့ညက ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို မမေးဘဲ ကျွန်တော့်ကို ဒီအတိုင်း ပြန်ခွင့်ပြုလိုက်ရင် အဓိက သဲလွန်စတွေ ပျောက်သွားမှာ မစိုးရိမ်ဘူးလား"
ရွှမ်ချင်းသည် အော်မီထော်ဖော်ဟု ရေရွတ်လိုက်ပြီး မနေ့ညက အဖြစ်အပျက်အသေးစိတ်ကို ပြောပြရန် လင်းရုဖေးအား အနှောင့်အယှက်ပေးရတော့သည်။
ထို့နောက် လင်းရုဖေးသည် သူတိုက်ခိုက်ခံရသည့်အကြောင်းနှင့် သူအဖိခံထားရပြီး အသတ်ခံရခါနီးတွင် ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ဘုံအုပ်ချုပ်သူ ဘုရားကျောင်း၏ ရုတ်တရက် မီးလောင်မှုကြောင့် လွတ်မြောက်ခဲ့ရကြောင်း အဖြစ်အပျက်များကို ပြောပြလိုက်၏။
သူက ရွှမ်ချင်းအား အဖြစ်အပျက်အကြောင်းကို အသေအချာ ပြောပြလိုက်သည်။ သို့သော် ထိုအရာ ရည်ညွှန်းပြောဆိုခဲ့သော “ကောင်းကင်ဘုံအုပ်ချုပ်သူ” ဆိုသောစကားကိုမူ တမင်တကာ ချန်လှပ်ထားလိုက်သည်။ အကြောင်းတစ်ခုခုကြောင့် ဤစကားစုသည် အခြားသူများအား မသိစေခြင်းသည် ပိုကောင်းသည်ဟု သူအမြဲတမ်း ခံစားမိသည်။ အတွင်းထဲမှာ ကြောက်စရာကောင်းသည့် အရာတစ်ခု ဖုံးကွယ်ထားပုံရသော်လည်း ၎င်းအရာနှင့်ပတ်သက်၍ လင်းရုဖေးတွင် သဲလွန်စမရှိသေးပေ။
ရွှမ်ချင်းက မေးလိုက်သည်။
"ကောင်းကင်ဘုံအုပ်ချုပ်သူဘုရားကျောင်း မီးလောင်သွားပြီးနောက် အဲဒီအရာက ပျောက်သွားတယ်ပေါ့"
“ဟုတ်တယ်” လင်းရုဖေးက ခေါင်းညိတ်လိုက်သည်။
“ထူးဆန်းတယ်”
ရွှမ်ချင်းသည် ၎င်းအရာကို သေချာစဉ်းစားနေပြီး “အဲဒီအရာက ဘာကို ကြောက်နေတာလဲ... ..."
' ကောင်းကင်ဘုံအုပ်ချုပ်သူကို ကြောက်လျှင် တန့်ရှောင်မြို့တွင် ကောင်းကင်ဘုံအုပ်ချုပ်သူ၏ဘုရားကျောင်းများနှင့် ရုပ်ပွားတော်များ အများကြီးရှိပေ၏၊ အဲဒီအရာက ဘာလို့ အစတုန်းက မကြောက်ရတာလဲ...
သို့သော် ကောင်းကင်ဘုံအုပ်ချုပ်သူကို မကြောက်လျှင် ကောင်းကင်ဘုံအုပ်ချုပ်သူ၏ဘုရားကျောင်း မီးလောင်သောအခါ အဘယ်ကြောင့် လင်းရူဖေးရဲ့အသက်ကို ချမ်းသာခွင့်ပေးခဲ့ပြီး ရုတ်တရက် ထွက်သွားခဲ့သနည်း...။ '
ရွှမ်ချင်းသည် မျက်လုံးများကို မှိတ်ထားပြီး တစ်ခုခုကို တွေးနေပုံပင်။
အခြားတစ်ဖက်တွင် လင်းရုဖေးသည် နံဘေးတွင်ထိုင်ကာ လက်ဖက်ရည်ကို ဖြည်းညှင်းစွာ တစ်ငုံချင်းသောက်နေသည်။
အချိန်ကာလတစ်ခုကုန်လွန်လာသည်နှင့်အမျှ နှစ်ယောက်သား တိတ်ဆိတ်နေကြသော်လည်း မကြာမီတွင် တည်းခိုဆောင်အပြင်ဘက်တွင် နန်းတော်မှနောက်ထပ်ရထားတစ်စင်းရောက်လာပြီး နန်းတော်သို့ အခစားဝင်ရောက်ရန် ဘုရင်မင်းမြတ်က ပန်ကြားလိုက်သည့်အကြောင်း ပြောလာသည်။ မူလက ရွှမ်ချင်းသည် ဤတစ်ကြိမ်တွင် တစ်ယောက်တည်းသွားချင်ခဲ့သော်လည်း ရထားပေါ်ရှိ အစေခံက သူ၏ဘုရင်မင်းမြတ်သည် လင်းကုန်းဇီကိုလည်း ဖိတ်ကြားခဲ့သည်ဟု ပြောလာသည်။
ထို့ကြောင့် ရွှမ်ချင်း၏သက်ပြင်းချကာ ကြည့်လာသောအကြည့်အောက်တွင် လင်းရုဖေးလည်း ရထားပေါ်တက်သွားလိုက်၏။
ရထားသည် နန်းတော်ဆီသို့ မောင်းနှင်လာပြီး မကြာမီ လိုရာပန်းတိုင်သို့ ရောက်ရှိသွားသည်။
လင်းရုဖေးနှင့် ရွှမ်ချင်းတို့သည် နန်းတော်ရှိအရာရှိမူးမတ်များနှင် တွေ့ခဲ့ကြပြီး မကြာမီ စာကြည့်ဆောင်နှင့်တူသော အဆောက်အအုံတစ်ခုဆီသို့ ဦးတည်ခေါ်သွားကြသည်။ သို့သော် သူတို့မဝင်မီ ပိုင်ကျင့်လွင်၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရပြီး တစ်စုံတစ်ယောက်ကို ပြစ်တင်ရှုတ်ချနေပုံပင်။ နန်းတော်ရှိအမူထမ်းများသည် ထိုမြင်ကွင်းကိုမြင်သောအခါ ထိတ်လန့်ကြောက်ရွံ့သောအကြည့်ဖြင့် တစ်ဦးနှင့်တစ်ဦးကြည့်လိုက်ကြသည်။
သူ့လက်ကို မြှောက်ကာ တံခါးကို ဂရုတစိုက်ခေါက်လိုက်ပြီး ခဏအကြာတွင် အတွင်းထဲမှ မပြောင်းလဲသောအသံဖြင့် "ဝင်လာခဲ့" ဟူသော အသံကိုကြားလိုက်ရသည်။
လင်းရုဖေးနှင့် ရွှမ်ချင်းတို့သည် အခန်းထဲသို့ စီတန်းဝင်လာကြချိန်တွင် ဒေါသတကြီးဖြစ်နေသော ပိုင်ကျင့်လွင်နှင့် သူ့အရှေ့တွင် ဒူးထောက်နေသော မင်းသားလေးနှစ်ပါးကို မြင်လိုက်ရသည်။ မင်းသားပိုင်ထျန်းရွေ့လည်း ရှိနေသော်လည်း လူအိုကြီးတစ်ယောက်က သူ့သားများကို ပြစ်တင်ဆုံးမနေသောမြင်ကွင်းကို သူ စိတ်မဝင်စားသည်မှာ ထင်ရှားပေ၏။ ထို့ကြောင့် ဘေးနားရှိ သစ်သားကုလားထိုင်ပေါ်တွင် ထိုင်ပြီး လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေသည်။ လင်းရုဖေးနှင့် အခြားသူများ ဝင်လာသည်ကို သတိထားမိသောအခါ နွေးထွေးစွာ ပြုံးပြလာသည်။
"ဒီမှာဘာတွေဖြစ်နေတာလဲ"
ရွှမ်ချင်းသည် ဖြစ်ပျက်ခဲ့သည်များကို ရှင်းရှင်းလင်းလင်း မှန်းဆခဲ့ပြီးဖြစ်သော်လည်း အပြစ်ကင်းစင်ဟန်ဆောင်လိုက်ပြီး မျက်တောင်ခတ်ကာ “ဘုရင်မင်းမြတ်က ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ"
"ဒါတွေအားလုံးက ကျန်းရဲ့ကောင်းမွန်တတ်သိလွန်းတဲ့သားတွေကြောင့်ပဲ"
ပိုင်ကျင့်လွင်က အံကြိတ်လိုက်ပြီး "ကိုယ့်ဘာသာကိုယ်ပြောစမ်း တတိယမင်းသမီး မေ့မြောသွားတဲ့နေ့က မင်းတို့ ဘယ်လို မိုက်မဲတဲ့အရာတွေ လုပ်ခဲ့လဲဆိုတာ"
ဆဋ္ဌမမြောက်မင်းသားသည် အသက်ငယ်သေးပြီး ဖခင်ဖြစ်သူ၏ ပြင်းထန်စွာ ကြိမ်းမောင်းခြင်းကို ခံရပြီးနောက် ငိုကြွေးနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ ဒုတိယမင်းသားသည် အံကြိတ်ကာ လက်သီးဆုပ်ထားသော်လည်း သူ့မျက်လုံးများက နီရဲနေပြီး တုန်ယင်သောအသံဖြင့် ထိုအရေးကြီးသောနေ့က ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလာသည်။
တတိယမင်းသမီးလေးသည် မြို့မီးရောင်များကို ကြည့်ရန် အစေခံများနှင့်အတူ အပြင်ထွက်ရန် ရည်ရွယ်ခဲ့သော်လည်း ဒုတိယမင်းသား၊ ဆဋ္ဌမမင်းသားတို့နှင့် လမ်းတစ်ဝက်တွင် တွေ့ဆုံခဲ့သည်။ မင်းသားများသည် ကိုယ်လုပ်တော်မှ မွေးဖွားလာသော ထိုညီမကို တွေ့ပြီးပြီဖြစ်သောကြောင့် ဒုတိယမင်းသားသည် သူ၏အစ်ကိုဟူသောရာထူးကို အားကိုးပြီး အလွန်စိတ်ဆိုးစွာ တတိယမင်းသမီးကို ကြိမ်းမောင်းခဲ့သည်။ တတိယမင်းသမီး၏အစေခံများကိုလည်း အပြစ်ပေးရန် မမေ့ခဲ့ပေ။ တတိယမင်းသမီးလေးသည် ငိုပြီး ဆန့်ကျင်ဘက်အရပ်သို့ ပြန်သွားခဲ့သော်လည်း ပြန်လာပြီးနောက် သူမအပေါ် မတော်တဆမှုတစ်ခု ကျရောက်လာလိမ့်မည်ဟု မည်သူကထင်မည်နည်း။ သူမ၏အပိုင်ဖြစ်သောအစေခံသည် သေဆုံးခဲ့ရုံသာမကဘဲ သူမသည်လည်း မေ့မြောသွားခဲ့သည်။ မင်းသားများသည် ထိုအကြောင်းကို ဘုရင်မင်းမြတ်သိလျှင် ဒေါသဖြစ်မှာစိုးသည့်အတွက် ဖုံးကွယ်ရန် အသည်းအသန် ကြိုးစားခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် နောက်ထပ် မတော်တဆမှုတစ်ခု ဖြစ်လာမည်ဆိုတာ မည်သူက သိမည်နည်း။ သူတို့နှစ်ဦးသည် ထိုအရာ၏လက်ချက်ကြောင့် အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ပြီး အမှန်တရားကို ဖုံးကွယ်မထားသင့်သည့်အတွက် သူတို့ နောင်တရမိသည်... ...။
ထိုကဲ့သို့စကားများပြောနေသော်လည်း မနေ့က ဒုတိယမင်းသား လိမ်ပြောနေသည့်အချိန်တွင် တုံ့ဆိုင်းသည့်အရိပ်အယောင် သူ့၌ မရှိကြောင်း လင်းရုဖေး ခံစားမိသည်။
ပိုင်ကျင့်လွင်သည် ဤစကားကိုကြားပြီးနောက် အကြိမ်အနည်းငယ် လှောင်ပြောင်ရယ်မောလိုက်သည်။ ခြေထောက်ကို မြှောက်လိုက်ပြီး ဒုတိယမင်းသား၏ပခုံးကို ကန်လိုက်သောကြောင့် သူ ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူသည် ဒုတိယမင်းသား၏ နှာခေါင်းကို ညွှန်ပြပြီး ကျိန်ဆဲတော့သည်။
“အငြင်းပွားတယ်ပေါ့ မင်း မင်းညီမကို နှစ်ကြိမ်တိတိ ပါးရိုက်ခဲ့ပြီး ဒါကို အငြင်းပွားမှုလို့ ခေါ်သလား သူမကို ရိုက်ပိုင်ခွင့် ဘယ်သူက ပေးထားတာလဲ မင်းရဲ့မယ်တော်လား"
ဒုတိယမင်းသားသည် “မယ်တော်” ဟူသော စကားကိုကြားသောအခါ သူ့မျက်နှာသည် ဖြူဖျော့သွားတော့သည်။
တုန်တုန်ယင်ယင် ဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်လျက် မည်သည့်အရာကိုမျှ ချေပရန် သတ္တိမရှိတော့ပေ။
ဆဋ္ဌမမြောက်မင်းသားသည် အသက်ရှူရပ်မတတ်ငိုကြွေးကာ “ခမည်းတော် အစ်ကို့ကို အပြစ်မတင်ပါနဲ့ အဲဒါတွေအားလုံးက အဲဒီမျိုးမစစ်ကြောင့်ပဲ... ...အဲဒီမျိုးမစစ်က အစ်ကို့ကို အရင်ဦးဆုံး ကြိမ်းမောင်းခဲ့တာ"
"မျိုးမစစ်" ဟူသော စကားလုံးသည် သူ့ပါးစပ်မှ ထွက်သွားသောအခါ ဆဋ္ဌမမင်းသား၏မျက်နှာမှာ အရိုက်ခံလိုက်ရသည်။ သူ့အား ရိုက်နှက်ခဲ့သောသူသည် ဘုရင်မင်းမြတ်မဟုတ်ပေ၊ သူကာကွယ်ပေးလိုသော အစ်ကိုပင်ဖြစ်သည်။
ဒုတိယမင်းသား၏မျက်နှာသည် ဒေါသကြောင့်နီရဲနေပြီး “ကွမ်းလန် ပါးစပ်ပိတ်ထားစမ်း"
ဆဋ္ဌမမင်းသားသည် အော်ဟစ်ငိုယိုပြန်၏။
ပိုင်ကျင့်လွင်သည် မျက်လုံးကို မှေးကျဥ်းလိုက်ပြီး ဒူးထောက်နေသော သားနှစ်ယောက်ကို ကြည့်ရှု့လေ့လာလိုက်သည်။
"မျိုးမစစ်ပေါ့ ဟုတ်လား ကောင်းတယ်... မင်းအစ်မကို မျိုးမစစ်လို့ခေါ်တယ်ပေါ့"
ဒုတိယမင်းသားသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ မျက်ရည်များကျကာအော်ဟစ်ငိုယိုလာပြီး ခဏအကြာတွင် အခန်းတွင်းရှိမြင်ကွင်းသည် လွန်ကဲစွာ ဖရိုဖရဲဖြစ်သွားတော့သည်။
အဆုံးတွင် ပိုင်ထျန်းရွေ့သည် သူ့ပါးစပ်ကိုဖွင့်ပြီး မပြောင်းလဲသောအမူအရာဖြင့် အကြံပေးလိုက်သည်။
"အစ်ကိုတော် ကလေးတွေက တခြားသူတွေရဲ့လုပ်ရပ်ကို အတုခိုးတတ်ကြတယ် သူတို့ 'မျိုးမစစ်' ဆိုတဲ့စကားကိုတောင် သင်ယူနိုင်ရင် သူတို့အနားမှာရှိတဲ့အစေခံတွေက အရည်အချင်းမပြည့်မီသူတွေပဲ ဖြစ်ရမယ် ဘာလို့ အစ်ကိုတော်က ကလေးနှစ်ယောက်နဲ့ ငြင်းခုံနေရမှာလဲ"
ပိုင်ကျင့်လွင်က အေးစက်စွာပြောလိုက်သည်။
"တစ်ယောက်ယောက် သူတို့ရဲ့ကိုယ်ပိုင်အစေခံတွေကို ဆွဲထုတ်ပြီး ကြိမ်ဒါဏ်နှစ်ရာပေးလိုက်စမ်း"
ဆဋ္ဌမမင်းသားလေး၏မျက်လုံးများသည် ပြူးကျယ်သွားသော်လည်း သူ့အစ်ကိုက သူ့ပါးစပ်ကို ကြမ်းတမ်းစွာ ပိတ်ထားသည်။
ဧကရာဇ်ဘုရင်သည် ကြိမ်ဒါဏ်နှစ်ရာ ပေးရန် အမိန့်ပေးလိုက်လျှင် ထိုလူသည် သေကောင်းသေသွားနိုင်ပေသည်။ သူတို့၏ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် သူတို့ကို အသက်ရှင်သန်ရန် ကူညီပေးခဲ့လျှင်တောင် သူတို့၏ခန္ဓာကိုယ်အောက်ပိုင်း တစ်ဝက်လောက်သည် မသန်မစွမ်း သေချာပေါက် ဖြစ်သွားပေလိမ့်မည်။ ဧကရာဇ်မင်း၏လုပ်ရပ်သည် မျောက်များကို သတိပေးရန် ကြက်ကိုသတ်လိုက်ခြင်းပင်[1] ဖြစ်သည်။
ဘုရင်မင်းမြတ် သတ်လိုက်သောသူသည် အစေခံများဖြစ်ပြီး သတိပေးချင်နေသောသူမှာ မင်းသား၏ပါးစပ်မှထွက်လာသော "မယ်တော်" ပင်ဖြစ်သည်။
[1] - အခြားသူများအတွက် ဥပမာပေးသည့်အနေဖြင့် လူတစ်ဦးကို အပြစ်ပေးခြင်း။
အားလုံးပြီးသွားပြီးနောက် ပိုင်ကျင့်လွင်သည် အစေခံများအား သူ့သားများကို အဝေးသို့ခေါ်ထုတ်သွားရန်ခိုင်းလိုက်သည်။ နောက်ဆုံးတွင် ဆဋ္ဌမမင်းသားသည် အပြည့်အဝအရွယ်မရောက်သေးသော ကလေးတစ်ယောက်သာဖြစ်နေသေးပြီး သူ့ခေါင်းထဲတွင် အတွေးများများစားစား မရှိခဲ့ပေ။ သူတို့ ထွက်သွားမည့်အခါတွင် သူသည် အစ်ကိုဖြစ်သူ၏ချုပ်နှောင်မှုမှ လွတ်မြောက်အောင်ရုန်းထွက်လိုက်ပြီး ပိုင်ကျင့်လွင်အား အော်ပြောလိုက်သည်။
“ခမည်းတော်က ဘက်လိုက်တယ် အဲဒီနတ်ဆိုးမိန်းကလေးက ကျွန်တော့်အစ်မဖြစ်ဖို့ လုံးဝ မထိုက်တန်ဘူး"
ပိုင်ကျင့်လွင်သည် မျက်နှာပျက်သွားပြီး သူ ဒေါသပြန်ထွက်တော့မည့်အချိန်တွင် ဆဋ္ဌမမြောက်မင်းသားသည် ထပ်လောင်းပြောလာ၏။
“ခမည်းတော်မသိဘူး သူမက ရွံရှာဖွယ်အောင်နိုင်ခြင်းစွမ်းရည်ကို ကျွမ်းကျင်ပြီး တော်ဝင်ဥယျာဉ်ထဲမှာ အရုပ်တွေအများကြီး ဝှက်ထားခဲ့တယ် သေချာရှာကြည့်ရင် သေချာပေါက် ရှာတွေ့ပါလိမ့်မယ် သူမ သတိလစ်နေပေမယ့် အသက်အန္တရာယ်တော့ မရှိပါဘူး ရလဒ်အနေနဲ့ သေလုနီးပါး လည်ပင်းညှစ်ခံထားရမဲ့ တစ်ဦးတည်းသောလူတွေက ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ဒုတိယအစ်ကိုတော်ပဲ ဒါက သူမရဲ့ကောက်ကျစ်တဲ့ နည်းပရိယာယ်ပဲ ဖြစ်ရမယ်"
"သူတို့ကို ခေါ်သွားတော့" ပိုင်ကျင့်လွင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ထို့နောက် အစေခံများသည် မင်းသားများကို အခန်းအပြင်သို့ ကြမ်းတမ်းစွာ ဆွဲထုတ်သွားကြသည်။
မင်းသားများ ထွက်သွားပြီးသည်နှင့် အခန်းသည် တိတ်ဆိတ်နေပြီး လေထုသည် အနည်းငယ် အဆင်မပြေပုံပေါ်လာသည်။ ထို့နောက် ပိုင်ထျန်းရွေ့သည် လင်းရုဖေးနှင့် ရွှမ်ချင်းကို ပြုံးပြပြီး ထိုင်ရန် ဖိတ်ခေါ်လိုက်သော်လည်း လင်းရုဖေး၏လည်ပင်းပေါ်ရှိ အမာရွတ်ကို ရုတ်တရတ် သတိထားမိလိုက်သောအခါ သူ့အပြုံးမှာ ခဏမျှအေးခဲသွားသည်။ ပိုင်ကျင့်လွင်သည်လည်း ထိုမူမမှန်ခြင်းကို သတိပြုမိပြီး မျက်မှောင်ကြုတ်ကာ မနေ့ညက ဘာဖြစ်ခဲ့သေးလဲဟု လင်းရုဖေးကို မေးလိုက်၏။
လင်းရုဖေးသည် မနေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ပြောပြခဲ့ပြီး ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ ဘုရားကျောင်းကို ထိမှန်သွားသောလျှပ်စီးကြောင်းသည် သူ့အသက်ကိုကယ်တင်လိုက်သည့်အကြောင်း ပြောလိုက်သည့်အချိန်တွင် ပိုင်ထျန်းရွေ့သည် ရွှမ်ချင်းကို အလေးအနက်တွေးခေါ်နေသောအကြည့်နှင့် ကြည့်လိုက်ပြီး “လင်းကုန်းဇီက တကယ်ကို ကံကောင်းခြင်းတွေနဲ့အတူ ကောင်းမွန်တဲ့ဘဝတစ်ခုကို ကောင်းချီးပေးခံထားရတာပဲ"
“အမ်... ကျွန်တော့်ကံက တော်တော်လေးကောင်းပါတယ်”
လင်းရုဖေးက ခေါင်းညိတ်လိုက်သည်။
ပိုင်ထျန်းရွေ့သည် လင်းရုဖေး၏ ဘေးနားသို့ လျှောက်လာပြီး သူ့လည်ပင်းရှိ အမှတ်များကို ဂရုတစိုက် ကြည့်ရှု့လေ့လာလိုက်သည်။ သူက ရုတ်တရက် မကျေနပ်သည့်အသံ ထွက်ပေါ်လာသည်။
"ထူးဆန်းတယ် ဒီလက်ရာက မင်းသားရဲ့လည်ပင်းပေါ်မှာရှိတဲ့တစ်ခုနဲ့ အနည်းငယ်ကွာခြားနေပုံပဲ"
"ဘယ်မှာလဲ" ရွှမ်ချင်းက မေးလိုက်သည်။
"ဒီစက်ဝိုင်းက ပိုကြီးတယ်မဟုတ်ဘူးလား"
ပိုင်ထျန်းရွေ့သည် လင်းရုဖေး၏လည်ပင်းကို လက်နှစ်ချောင်းနှင့် ဝိုင်းပြသည့် အမူအရာပြုလုပ်ပြီး ပြောလိုက်သည်။
“အဲဒီကောင်လေးနှစ်ယောက်ရဲ့လည်ပင်းပေါ်မှာက စက်ဝိုင်းရဲ့တစ်ဝက်လောက်ပဲရှိတယ် လင်းကုန်းဇီရဲ့လည်ပင်းပေါ်မှာရှိတဲ့ ဒီတစ်ခုတည်းကပဲ စက်ဝိုင်းအပြည့်ဖြစ်နေတယ် ဖြစ်နိုင်တာက... ..."
"ဘာဖြစ်နိုင်လဲ" လင်းရုဖေးက မေးလိုက်သည်။
"အဲ့ဒီအရာက မင်းကို ပိုသဘောကျတာ ဖြစ်နိုင်မလား"
ပိုင်ထျန်းရွေ့က ဖျော့တော့စွာ ပြုံးလိုက်သည်။ သူ ထိုကဲ့သို့ပြောနေစဉ် သူ့လက်နှစ်ဖက်ကို အတူတကွ ဆုပ်ကိုင်ထားပြီး သူ၏ပူနွေးသောလက်ဖဝါးများသည် လင်းရုဖေး၏လည်ပင်းကို ဖုံးအုပ်ထားသည်။
လင်းရုဖေးက မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှ ပြန်မပြောရသေးခင် ပိုင်ကျင့်လွင်သည် ပြင်းပြင်းထန်ထန် ကြိမ်းမောင်းပြီးဖြစ်သည်။
"ထျန်းရွေ့ လင်းကုန်းဇီကို လန့်သွားအောင်မလုပ်နဲ့"
“နောက်တာပါ နောက်တာပါ”
ထိုမှသာ ပိုင်ထျန်းရွေ့သည် နောက်ဆုံးတွင် သူ့လက်ကို လွှတ်လိုက်သည်။ သို့သော်လည်း သူ့မျက်နှာသည် ပြုံးနေသေးပြီး မျက်လုံးများသည် အလွန်ကျေနပ်နေသည့်ပုံပေါ်နေသည်။ လင်းရုဖေးသည် သူ၏အသွင်အပြင်ကို ကြည့်လိုက်သောအခါ သူ့လက်များ အနည်းငယ် ယားယံလာသလို ခံစားလိုက်ရသည်။
"မင်းသားတွေပြောတဲ့စကားက သူတို့အတွက် တချို့တလေလောက်က မှန်လိမ့်မယ်လို့ ကျွန်တော် တွေးနေတာ"
ပိုင်ထျန်းရွေ့ကဆက်၍ဆိုသည်။
"ဒုက္ခရောက်တဲ့သူတွေက ဒုတိယနဲ့ ဆဋ္ဌမမင်းသားဖြစ်နေတာ ဘာကြောင့်လဲ လျှို့ဝှက်ညွှန်ကြားချက်အချို့ ရှိနိုင်လား ဒါပေမယ့် အခု လင်းကုန်းဇီလည်း ဒုက္ခရောက်တယ်ဆိုတော့ မင်းသားတွေရဲ့ စကားက အဓိပ္ပါယ်မရှိတော့ဘူး"
“အဲဒါက သေချာပေါက် အမှန်မဟုတ်ဘူး”
အစကတည်းက စကားအများကြီးမပြောခဲ့သော ရွှမ်ချင်းက ရုတ်တရက်ပြောလာ၏။
"အိုး... ဘယ်လိုလုပ် အမှန်မဟုတ်တာလဲ"
ပိုင်ထျန်းရွေ့က ခနဲ့သည်။
"ဆရာတော်ကြီးရွှမ်ချင်း မင်းမှာ အကြားအမြင်များရနေလား"
ရွှမ်ချင်း : "ဧကရာဇ်ဥယျာဉ်ထဲမှာ ရွံရှာဖွယ်အောင်နိုင်ခြင်းစွမ်းရည်ရဲ့ ပစ္စည်းတွေ အများကြီးရှိနေတယ်လို့ မင်းသားနှစ်ပါးက ကျိန်ဆိုလိုက်တဲ့အတွက် အဲဒါကို စစ်ဆေးကြည့်ဖို့ ဘာလို့ တစ်ယောက်ယောက်ကို မလွှတ်လိုက်တာလဲ"
ပိုင်ထျန်းရွေ့သည် တစ်ခုခုကို ပြောချင်နေပုံပေါ်သော်လည်း အဆုံးတွင် သူ့ စကားများကို ထိန်းထားလိုက်သည်။
ပိုင်ကျင့်လွင်သည် ရွှမ်ချင်း၏အဆိုပြုချက်ကို သဘောတူပြီး သူ့လက်ကို ဝှေ့ယမ်းကာ ဧကရာဇ်ဥယျာဉ်ထဲတွင် ဂရုတစိုက်ရှာဖွေရန်နှင့် တစ်စုံတစ်ခုဝှက်ထားနိုင်သည့် မည်သည့်ထောင့်ကိုမှ မချန်လှပ်ထားဘဲ ရှာဖွေရန် အစောင့်များအား ညွှန်ကြားလိုက်၏။
****
စာရေးသူမှာ ပြောစရာရှိတယ်~
လင်းရုဖေး : စီနီယာအစ်ကိုကြီး အော့ဖ်လိုင်းဖြစ်တာ သုံးရက်မြောက်နေ့ပဲ။
ကုရွှမ်းတု : ကိုယ့်ကိုလွမ်းလား...
လင်းရုဖေး : ကျွန်တော်ကို ဖိချနိုင်ဖို့အတွက် အင်္ကျီကို ခိုးယူရဲတဲ့အထိ သတ္တိ ခင်ဗျားမှာရှိတယ်ပေါ့ !
ကုရွှမ်းတု: ……………….
─────────────────────────────────────────────────
Translated By IQ-Team.