Chapter 108
တွေဝေမိန်းမောဖွယ်ရာည...။
-------------
ထိုနည်းအတိုင်း ပိုင်ထျန်းရွေ့သည် ရွှမ်ချင်းနှင့် လင်းရုဖေးကို တစ်ရက်လုံး နန်းတော်တဝိုက် ခေါ်ဆောင်သွားခဲ့သည်။ တည်းခိုခန်းသို့ မပြန်မီ သူတို့သည် ပိုင်ကျင့်လွင်နှင့် အတူ ညစာစားခဲ့ကြသည်။
အပြန်လမ်းတွင် ရွှမ်ချင်းသည် ရထားပေါ်တွင် မျက်စိမှိတ်ပြီး ထိုင်နေလေသည်။ သူ တစ်ခုခုကို တွေးနေပုံရသဖြင့် လင်းရုဖေးက သူ့ကို မနှောင့်ယှက်ဝံ့ပေ။ ထိုအစား ရထားကန့်လန့်ကာကို မ,တင်လိုက်ပြီး အပြင်ဘက် ညရှုခင်းများကိုသာ ငေးကြည့်နေလိုက်သည်။
ညမထွက်ရအမိန့်ကြောင့် တန့်ရှောင်မြို့၏ မူလအစက အသက်ဝင်သောညမြင်ကွင်းသည် ပျောက်ကွယ်သွားခဲ့သည်။ လမ်းမများပေါ်တွင် ပိတ်ထားသောဈေးဆိုင်များ တန်းစီနေပြီး လာရောက်ကြည့်ရှုသူများလည်း မရှိပေ။ လေးလံသောသံချပ်ကာများ၊ ခက်ထန်သောမျက်နှာထားများနှင့် သပ်ရပ်ပြီး တူညီဝတ်စုံများဝတ်ဆင်ထားသည့် အနောက်မှအရှေ့ အလှည့်ကျကင်းလှည့်နေသော အစောင့်အကြပ်များကိုသာ ရံဖန်ရံခါ သူမြင်နေရသည်။ ပြန်သွားသည့်အခါတွင်လည်း ရထားကို အစောင့်များက အကြိမ်ကြိမ် ရပ်တန့်စစ်ဆေးကြသည်။ ရထားမောင်းသမားတွင် နန်းတော်အမှတ်အသားပါရှိသည်ကို မြင်ပြီးမှသာလျှင် သွားခွင့်ပေးခဲ့သည်။
သူတို့ တည်းခိုခန်းသို့ရောက်သောအခါ ရွှမ်ချင်းနှင့် လင်းရုဖေးတို့သည် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကြပြီး အနားယူရန် အခန်းများသို့ ပြန်သွားလိုက်ကြ၏။
ယခုကဲ့သို့ပူပြင်းသည့်ရာသီဥတုတွင် လင်းရုဖေးသည် တစ်နေကုန်အပြင်၌ လမ်းလျှောက်နေရသဖြင့် အနည်းငယ်ပင်ပန်းနေသောကြောင့် ဖူဟွားနှင့် ယွီရွေ့တို့သည် ကျိုထားသောဆေးနှင့် အအေးခံထားသော ကျောက်ပွင့်စွပ်ပြုတ်ကို ယူဆောင်လာခဲ့ပြီး သောက်သုံးရန် လင်းရုဖေးကို တိုက်တွန်းကြသည်။
လင်ရုဖေးသည် ဆေးကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ သူက အအေးမိခြင်းမှ ပြန်လည်သက်သာလာပြီ ဖြစ်ပြီး ဘာကြောင့် ဆေးသောက်ဖို့ လိုသေးလဲဟု ပြောလိုက်သည်။
ဖူဟွားက ဤဆေးသည် စိတ်တည်ငြိမ်အောင် ကူညီပေးသည့်ဆေးဖြစ်ကြောင်း ရှင်းပြသည်။ ညဘက်သောက်လျှင် ကောင်းကောင်း အိပ်ပျော်စေမည် ဖြစ်သလို ထိုဆေး၏အာနိသင်သည် အမှန်တကယ် ထိရောက်မှုရှိပြီး ယခုအထိ ထိရောက်မှု ရှိပုံပေါ်သည်ဟုလည်း ပြောလာ၏။
လင်းရုဖေးက ထူးဆန်းစွာ မေးလိုက်သည်။
“ထိရောက်မှုရှိတယ်ပေါ့ ထိရောက်မှုရှိမရှိ မင်း ဘယ်လိုသိလဲ"
ဖူဟွားနှင့် ယွီရွေ့တို့သည် တိတ်ဆိတ်နေသော်လည်း သူတို့၏အမူအရာများက အနည်းငယ်ထူးဆန်းနေပုံရသည်။
လင်းရုဖေးသည် သူတို့နှစ်ယောက်ကို ရိုးရိုးရှင်းရှင်းပင် အပြင်သို့ ထုတ်လိုက်ပြီး ဆေးသွန်ရန် ကြုံရာနေရာတစ်ခုကို ရှာခါနီးမှာပင် တစ်ခုခုကို သတိရသွားပြီး သူ့လက်ထဲရှိ နီညိုရောင် ဆေးဖက်ဝင်ဖျော်ရည်ကို သေသေချာချာကြည့်လိုက်သည်။ ရုတ်တရက် ဖူဟွားနှင့် ယွီရွေ့တို့ ပြောခဲ့သလို ဆေးအာနိသင်သည် မည်သည်ကိုဆိုလိုမှန်း သူနားလည်လိုက်သည်။
မကြာသေးမီက ကုရွှမ်းတုသည် အားနည်းသထက် အားနည်းလာပြီး သူ့ရှေ့တွင် ပေါ်လာခဲသည်။ ထို့အတွက်ကြောင့် ဖူဟွားနှင့် ယွီရွေ့တို့၏မျက်လုံးများထဲတွင် ထိန်းချုပ်မရစွာ သူ့ကိုယ်သူစကားပြောနေခြင်းသည် အလွန်တိုးတက်ကောင်းမွန်လာသည်ဟု မြင်နေပေလိမ့်မည်။ အစေခံများသည် ဤပြောင်းလဲမှုအား စိတ်ငြိမ်ဆေးကြောင့်ဖြစ်ကြောင်း သင့်တင့်စွာ မှတ်ယူလိုက်သောကြောင့် ဝမ်ယောင်ညွှန်ကြားသည့် ဆေးကို ဆက်လက်သောက်သုံးရန် လင်းရုဖေးကို တိုက်တွန်းကြသည်။
လင်းရုဖေးသည် ကူကယ်ရာမဲ့ဖြစ်နေပြီး ဤဆေးဝါးသည်လည်း ၎င်း၏ဘေးထွက်ဆိုးကျိုးများရှိသည်။ အလွန်အကျွံသောက်လျှင် တခြားဆိုးကျိုးများ ရှိမရှိကို သူ မသိပေ။ အဆုံးတွင် ဖူဟွားနှင့် ယွီရွေ့တို့၏ ကောင်းမွန်သောစေတနာကို တန်ဖိုးထားသော်လည်း ဆေးကို တိတ်တဆိတ် လောင်းသွန်လိုက်ပြီးနောက် ကုတင်ပေါ်တွင် ပြန်အိပ်နေလိုက်၏။
ယနေ့ နန်းတော်ထဲတွင် လမ်းလျှောက်ရင်း လင်းရုဖေးလည်း ရည်ရွယ်ချက်အချို့ကို သတိထားမိသည်။ ပိုင်ထျန်းရွေ့သည် သူ ကူညီမည်ဟု ပြောခဲ့သော်လည်း တကယ့်အမှန်တရားသည် တစ်စုံတစ်ယောက်က သူ့နောက်ကွယ်တွင် တိုက်ရိုက်လှုပ်ရှားပြီး—သူ့ကို တိုက်ရိုက် လှုံ့ဆော်လာမည့်နေ့မရောက်ခင်အထိတိုင်အောင် ဤကိစ္စကို သူ့စိတ်ထဲတွင် ဘယ်သောအခါမျှ ထည့်ထားလိမ့်မည်မဟုတ်ပေ။
လက်ရှိအချိန်တွင် ပိုင်ကျင့်လွင်သည် အမွေဆက်ခံသူအား မသတ်မှတ်ရသေးသည့်အပြင် ပထမမင်းသားသည် ပထမဇနီး၏သားမဟုတ်သောကြောင့် နန်းတော်အတွင်းရှိ အင်အားစုအသီးသီးသည် ထကြွသစ္စာဖောက်လာကြသည်။ ပိုင်ထျန်းရွေ့၏စကားအရ သူတို့သုံးသည့်နည်းလမ်းသည် သူ့အတွက် အံ့သြစရာမဟုတ်ပေ။ ပိုင်ထျန်းရွေ့သည် ထိုအင်အားစုများအကြားက တိုက်ခိုက်မှုများကို စိတ်မဝင်စားပေ၊ သူ့ကို ဆန့်ကျင်ဖို့ မကြံစည်သရွေ့ ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။ ဓါးသိုင်းအဋ္ဌမအဆင့်ရှိသူသည် မြို့ကို ဖျက်ဆီးလိုလျှင် ကိတ်မုန့်တစ်ချပ်ကို လှီးဖြတ်လိုက်သလိုသာ ဖြစ်နေလိမ့်မည်ပင်။ သူသည် သေမျိုးကမ္ဘာတွင်နေထိုင်သော်လည်း သူ၏မျက်လုံးထဲတွင် သက်ရှိများသည် ပုရွက်ဆိတ်ကဲ့သို့ပင် သေးငယ်သိမ်နုပ်လှ၏။
အဆုံးသတ်မှာ ဘယ်ပုရွက်ဆိတ်အနိုင်ရမယ်ဆိုတာ ဘယ်သူက သေချာပေါက် ဂရုစိုက်နေမှာလဲ။ ပိုင်ထျန်းရွေ့အတွက်တော့ ဘယ်သူရရအားလုံး အတူတူပင်။
မှန်ပေ၏။ ပိုင်ထျန်းရွေ့သည် သူ၏ထိုသဘောထားကို ကောင်းစွာ ဖုံးကွယ်ထားပေသည်။ ဓားသမား၏ သဘောသဘာဝကို လင်းရုဖေး နက်နဲစွာနားလည်ခြင်းကြောင့်သာ မဟုတ်ပါလျှင် သူလည်း သတိထားမိမည်မဟုတ်ပေ။
ပိုင်ကျင့်လွင်သည်လည်း သူ့ညီတော်၏ သဘောသဘာဝကို သိရှိထားခြင်းကြောင့် ဤထူးဆန်းသည့်ကိစ္စတွင် ပိုင်ထျန်းရွေ့ ဝင်ရောက်စွက်ဖက်ခြင်းမပြုသည်ကို ကောင်းစွာနားလည်ပြီး လုံးဝမယုံသင်္ကာမဖြစ်ခဲ့ပေ။ အမှန်ဆိုရလျှင် သူသာ တကယ်လုပ်ချင်လျှင် ထိုကဲ့သို့ လိမ္မာပါးနပ်သောနည်းလမ်းကို အဘယ်ကြောင့်ရွေးချယ်လိမ့်မည်နည်း။ နန်းတော်ကို တိုက်ရိုက်အတင်းအကြပ် သိမ်းပိုက်ခြင်းသည် ၎င်းနည်းလမ်းထက် သာ၍အဆင်ပြေပေသည်။
သို့သော် ပိုင်ထျန်းရွေ့သည် ရွှမ်ချင်းပင် သတိထားခံစားမိသည်အထိ လင်းရုဖေးကို အမှန်တကယ်စိတ်ဝင်စားနေပေသည်။ အပြန်လမ်းတွင် ရွှမ်ချင်းသည် လင်းရုဖေးအား ဤမင်းသား၏သဘာဝသည် ဘာစည်းမျဥ်းစည်းကမ်များမရှိကြောင်းနှင့် အနည်းငယ်ပို၍ ဂရုစိုက်ရန်ကိုလည်း အကြံပေးခဲ့သည်။ သူ၏ရန်လိုမှုသည် စာအုပ်ကို လှန်ခြင်းထက်ပင် ပို၍မြန်ဆန်လွန်းလှသည်။ သူ အမှန်တကယ် ဆန္ဒရှိသည်ဆိုလျှင် ၎င်းသည် သေချာပေါက် ကောင်းသည့်အရာ ဖြစ်လိမ့်မည်မဟုတ်ပေ။
လင်းရုဖေးသည်လည်း ဤကိစ္စနှင့်ပတ်သက်ပြီး သဘာဝအတိုင်းပင် အလွယ်တကူမြင်နိုင်သည်။ ပိုင်ထျန်းရွေ့သည် သူ၏ဒုတိယအစ်ကို လင်းပျန့်ယွီ၏ပြိုင်ဘက်မဟုတ်သော်လည်း လင်းပျန့်ယွီသည် ခွန်းလွန်နှင့် မလွှဲမရှောင်သာအခြေအနေကြောင့်ကလွဲ၍ ဝေးကွာလို့မရပေ။ အမှန်တကယ် မတော်တဆမှု အလျင်စလို ဖြစ်လာသည်အထိ သူ့ကိုစောင့်နေပါလျှင် အရမ်းနောက်ကျသွားပေလိမ့်မည်။ သို့သော် ရွှမ်ချင်း၏စိတ်ခံစားချက်များနှင့်မတူဘဲ၊ ပိုင်ထျန်းရွေ့၏ သူ့အပေါ် စိတ်ဝင်စားမှုသည် ယောက်ျားနှင့်မိန်းမ ဟူသောအရာမျိုးမဟုတ်ပေ၊ ပိုင်ထျန်းရွေ့ ထင်ထားသလို လင်းရုဖေးသည် အန္တရာယ်မဖြစ်စေနိုင်လျှင် ထိုအကြောင်းကို သိရန် စမ်းသပ်နိုင်သော မတိကျသေချာသည့် စမ်းသပ်မှုပစ္စည်းတစ်ခုနှင့်တူပေသည်။
အတွေးပေါင်း သန်းပေါင်းများစွာ သူ့ခေါင်းထဲသို့ ဖြတ်သွားပြီး အိပ်ငိုက်ခြင်း သည် သူ့စိတ်ကို တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်။ လင်းရုဖေးသည် ငိုက်မျဉ်းခြင်းကြောင့် မျက်လုံးများမှိတ်ထားစဉ်တွင် ထူးဆန်းဖွယ်ကောင်းသောအသံကို ရုတ်တရက် ကြားလိုက်ရသည်။ ပြတင်းပေါက်ကို မတော်တဆ တိုးဝင်လာသောလေသံကဲ့သို့ အသံသည် ပေါ့ပါးပြီး အရမ်းတိုးလှသည်။ သို့သော် တိတ်ဆိတ်သောအခန်းထဲတွင် ထိုအသံသည် အထူးရုတ်ချည်းဆန်လွန်းလှသည်။ စားပွဲပေါ်ရှိ ဖယောင်းတိုင်မီးများသည် မီးငြှိမ်းသတ်ထားပြီးဖြစ်ကာ အခန်းသည် မှိန်နေသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း လင်းရုဖေး၏မျက်လုံးများသည် ရုတ်တရက် ပွင့်လာပြီး ကုတင်ပေါ်မှ သတိနှင့် ထထိုင်လိုက်သည်။
“အဲဒီမှာ ဘယ်သူရှိလဲ"
မည်သူမျှ ပြန်မဖြေပေ။
"အဲဒီမှာ ဘယ်သူရှိလဲ" လင်းရုဖေးက ထပ်မေးလိုက်ပြန်သည်။
သို့သော်လည်း လင်းရုဖေး အခုလေးတင် ကြားလိုက်ရသော အသံသည် သူ ထင်ယောင်ထင်မှားဖြစ်ပြီး ကြားလိုက်ရသကဲ့သို့ မည်သည့်အသံမှထွက်မလာပေ။ သူ မမြင်ရသော်လည်း သူ့အခန်းထဲတွင် တစ်စုံတစ်ခုရှိနေသည်ကို ရှင်းလင်းစွာ ခံစားမိသည်။ ပြတင်းပေါက်နားတွင်ဖြစ်နိုင်သလို၊ ထောင့်တွင်လည်းဖြစ်နိုင်သည်... ...ဒါမှမဟုတ် သူ့ကုတင်အောက်၌ ပုန်းနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
လင်းရုဖေးသည် ထိုအတွေးကြောင့် ထိတ်လန့်သွားသည်။ သူ့ကိုယ်သူ တည်ငြိမ်သွားအောင်လုပ်လိုက်ပြီး ကုတင်ဘေးတွင် ချိတ်ဆွဲထားသော ကုယွီကို လှမ်းကိုင်လိုက်သည်။ သူသည် ဓားသွားကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ်တင်ထားသည့် ဖယောင်းတိုင်ကို ထွန်းညှိရန် အလျင်စလို ထလိုက်သည်။
အခန်းသည် တိတ်ဆိတ်နေပြီး လင်းရုဖေးက ပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်လိုက်သည်။ သူ စားပွဲနှင့်တိုက်မိ ပြီး နောက်ဆုံးတွင် ဖယောင်းတိုင်ကို ထိမိကာပြုတ်ကျသွားစေသည်။ သူက ဖယောင်းတိုင်ကို ကောက်ကိုင်ပြီး မီးထွန်းခါနီးတွင် ပြင်းထန်သောအားတစ်ခု သူ့နောက်မှ ရုတ်တရက် ပေါ်ထွက်လာသည်။
လင်းရုဖေးသည် ခဏမျှ သတိလွတ်သွားပြီး စားပွဲပေါ်သို့ တိုက်ရိုက် ဖိချခြင်းခံလိုက်ရသည်။ သူ့အား တိုက်ခိုက်သူမှာ သန်မာလွန်းပေသည်။ လင်းရုဖေးကို စားပွဲပေါ်တွင်ဖိကာ လက်တစ်ဖက်တည်းဖြင့် လည်းပင်းကိုညှစ်ထားပြီး လင်းရုဖေး အော်ဟစ်အကူအညီတောင်းခြင်းမှ ကာကွယ်ရန် သူ့၏အခြားလက်တစ်ဖက်တည်းကိုသာ အသုံးပြုထားသည်။
လင်းရုဖေး၏ပထမဆုံး တုံ့ပြန်မှုသည် ထိုလူသည် သူ့ကို သတ်ချင်နေခြင်းဖြစ်မည်။ ထို့ကြောင့် နောက်အခိုက်အတန့်တွင် ဓားဦးတည်ရာကို လုံးဝထိန်းချုပ်ပြီး ကုယွီကို ဆွဲထုတ်လိုက်သည်။ ဓား၏လက်ကိုင်ရိုးသည် အနည်းငယ်ရပ်တန့်သွားကတည်းက တစ်စုံတစ်ခုကို လှီးဖြတ်မိသည်ဟု သူ ခံစားလိုက်ရသော်လည်း အေးစက်သောဓား၏ ဦးတည်ချက်မှာ ပင်လယ်ထဲသို့ နစ်မြုပ်သွားသော ကျောက်တုံးကဲ့သို့ အသံသည် ပြတ်တောက်သွားသည်... ...။ ထိုကဲ့သို့ ဖြစ်မည်မှန်းသာ သူ သိခဲ့လျှင် ဒိုင်းကာကို သုံးခဲ့လိမ့်မည်ပင်။ ထိုအတွေးသည် လင်းရုဖေး၏ ခေါင်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
လင်းရုဖေးကို ချုပ်ထားသော ထိုလူသည် နူးညံ့စွာရယ်မောလိုက်သည်။ သူသည် လင်းရုဖေး၏နားဆီသို့ ဖြည်းညှင်းစွာ ငုံ့ပြီး ပါးစပ်ကို ဖွင့်ကာပြောလိုက်သည်။
သို့သော် သူ့အသံထွက်လာသည်နှင့်တပြိုင်နက် လင်းရုဖေး၏အကြည့်သည် မယုံကြည်နိုင်သောအကြည့်အဖြစ်ပြောင်းလဲသွားသည်။
ထိုလူသည် စကားနှစ်ခွန်းကို အတိုချုံး၍ ပြောလိုက်သည်။
“ကောင်းကင်ဘုံ... ...အုပ်ချုပ်သူ... ...”
သူသည် လေညှင်းကဲ့သို့ နူးညံ့ဖြည်းညှင်းစွာ ပြောလိုက်သော်လည်း ထိုစကားများသည် နာကျင်မှုကို ခံစားရစေရန် လင်းရုဖေး၏ နားစည်များမှတဆင့် ထိုးဖောက်ဝင်ရောက်သွားတော့သည်။
သူ့အား အထိတ်တလန့်အဖြစ်စေဆုံးသောအရာသည် “ကောင်းကင်ဘုံအုပ်ချုပ်သူ” ဟူသော စကားလုံးမဟုတ်ဘဲ ထိုသူ၏အသံပင်ဖြစ်သည်။ ထိုအသံသည် တာ့ကျင့်မြို့သို့ ဝင်ရောက်လာပြီးနောက် ပျောက်ကွယ်သွားသော ကုရွှမ်းတု၏အသံနှင့် အတိအကျတူညီနေသည်။
'သူ့ကိုသတ်ချင်တဲ့သူက ကုရွှမ်းတုလား...မဟုတ်ဘူး... အဲဒါ မဖြစ်နိုင်ဘူး'
ကုရွှမ်းတုသာ သူ့ကို သတ်ချင်လျှင် သူအရင်ကတည်းက သတ်ဖို့အခွင့်အရေးရှိခဲ့သည်၊ ဘာလို့ ယခုအချိန်အထိ စောင့်ဆိုင်းနေမည်နည်း။ သို့သော် ကုရွှမ်းတု မဟုတ်လျှင် ဤလူသည် သူနှင့် ဘယ်လို ပတ်သက်နေသနည်း။ လင်းရုဖေး၏စိတ်ထဲတွင် အလွန်ရှုပ်ထွေးနေပြီး မရေမတွက်နိုင်သော အတွေးများသည် သူ့စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်။ သူ မေးခွန်းများမေးချင်သော်လည်း သူ့ပါးစပ်ကို ထိုလူက ပိတ်ထားသောကြောင့် အားပျော့သည့် ညည်းသံလေးသာ ထုတ်နိုင်လိုက်၏။
ထိုလူသည် လင်းရုဖေးတွင်ရှိသမျှ ခွန်အားအကုန်လုံးဖြင့် ကြိုးစားရုန်းကန်နေရသည်ကို ခံစားမိပြီး လင်းရုဖေး၏အားနည်းသောအသွင်အပြင်သည် သူ့ကို စိတ်ကျေနပ်စေသောကြောင့် နောက်ထပ် နူးညံ့စွာရယ်လိုက်သည်။ သူသည် ခေါင်းငုံ့ကာ တောက်လောင်နေသောအကြည့်ဖြင့် သူ့အောက်တွင် ရုန်းကန်နေရသော လင်းရုဖေးကို ကြည့်လိုက်သည်။ ခေါင်းကို ငုံ့ကာ နူးညံ့သော အနမ်းတစ်ပွင့်ကို သူ့လက်ဖမိုးပေါ်တွင် ပေးလိုက်သည်။
လင်းရုဖေး၏ နှုတ်ခမ်းများကို ခွဲထုတ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့လက်တစ်ဖက်ဖြစ်သည်။ ယုတ္တိဆန်စွာပြောရလျှင် ဤမျှနီးကပ်သောအကွာအဝေးတွင် လင်းရုဖေးသည် သူနှင့်ဆန့်ကျင်ဘက်ရှိ ထိုလူ၏ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ရမည်ဖြစ်သည်။ သို့သော်လည်း မည်မျှပင် ကြိုးစားကြည့်ပါစေ သူ့အရှေ့တွင် အမှောင်ချည်းသာ မြင်နေရသည်။ ထိုလူသည် ဘာမှမရှိသည့် အစိတ်အပိုင်းတစ်ခုကဲ့သို့ သူ့ရှေ့ရှိ လူတစ်ယောက်၏ အသွင်အပြင်ကို သာမန်မျက်စိနှင့် နားလည်သိရှိနိုင်ရန်မှာ မဖြစ်နိုင်ပေ။
တစ်ချိန်တည်းမှာပင် သူ၏လည်ပင်းတစ်ဝိုက်ရှိ လက်များသည် တင်းကျပ်သွားပြီး လင်းရူဖေး၏ အသက်ရှုနိုင်စွမ်းသည်လည်း တဖြည်းဖြည်းချင်း ပြတ်တောက်လာသည်။ လင်းရုဖေး၏ မျက်လုံးများ ပြူးကျယ်လာပြီး ကျူးလွန်လာသူကို တွန်းလှန်ရန် အပြင်းအထန် ကြိုးစားသော်လည်း သူ့လက်များသည် လေထဲတွင်သာ ဝှေ့ယမ်းနေပြီး မည်သည့်အရာကိုမျှမထိမိပေ။ ထိုသူသည် သူ့ကို ဖမ်းချုပ်ထားသည်မှာ ထင်ရှားသော်လည်း လင်းရုဖေး သူ့ကို မထိနိုင်ပေ။ လင်းရုဖေး မယုံကြည်နိုင်လောက်အောင်ဖြစ်နေမိပြီး သူ့ကိုယ်သူ တွေးလိုက်မိသည်။
'ဒီလူရဲ့ခန္ဓါကိုယ်က ဘယ်မှာလဲ...သူ့မှာ ခန္ဓာကိုယ်မရှိတာ ဖြစ်နိုင်ပါ့မလား... ဒါပေမယ့် သူ့မှာ ခန္ဓာကိုယ်မရှိရင်... ...သူ ငါ့ကို ဘယ်လိုလုပ် ဖိနှိပ်ထားနိုင်မှာလဲ'
ပြင်းထန်သော အသက်ရှူကြပ်သည့် ခံစားချက်ကြောင့် လင်းရုဖေး၏မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာသည်။
“ကောင်းကင်ဘုံအုပ်ချုပ်သူ” ဟုဆိုသော နောက်ထပ် နူးညံ့သိမ်မွေ့သော အသံသည် ပဲ့တင်ထပ်နေသော်လည်း သူ့အတွက်တော့ ထိုလူ၏အသံသည် သူ့နားထဲတွင် မိုးကြိုးမုန်တိုင်းတစ်ခုကဲ့သို့ပင် ပေါက်ကွဲနေလေသည်။ အသက်ရှုကြပ်သည့်အချိန်ပိုကြာလာသည်နှင့်အမျှ လင်းရုဖေး၏ခံနိုင်ရည်စွမ်းသည် တဖြည်းဖြည်းလျော့နည်းလာသည်။ သူ့အသိစိတ်သည် တဖြည်းဖြည်း လွင့်ပါးလာပြီး ရှုတ်ထွေးနေသောပုံစံအချို့သည် သူ၏မှောင်မိုက်နေသည့်မြင်ကွင်းတွင် ပေါ်ပေါက်လာသည်။
'သူသေတော့မှာလား... ...ဒါပေမယ့် သူဒီလိုသေသွားခဲ့ရင် နည်းနည်းတော့ ရယ်စရာကောင်းတယ်မဟုတ်ဘူးလား'
လင်းရုဖေး ထိုသို့တွေးနေစဉ်မှာပင် သူ့မျက်လုံးများကို တွန့်ဆုတ်စွာ မှိတ်လိုက်သည်။ သို့သော် သူ မျက်လုံးမှိတ်ထားသည့်အခိုက်တွင်ပင် ပြတင်းပေါက်အပြင်ဘက်တွင် ကျယ်လောင်သော မိုးခြိမ်းသံတစ်ခု ရုတ်ချည်း ကျဆင်းလာသည်။ မျက်စိကျိန်းလောက်ဖွယ် တောက်ပသောအဝါရောင်လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာပြီး တည်းခိုခန်းနှင့် မနီးမဝေးရှိ အဆောက်အအုံတစ်ခုကို ချက်ချင်း ထိမှန်သွားခဲ့သည်။ တောက်လောင်နေသောမီးသည် အဆောက်အဦးကို တိုက်ရိုက်ထိမှန်သွားခဲ့ပြီး လင်းရုဖေး၏အခန်းထဲသို့ ပြတင်းပေါက်မှတစ်ဆင့် အလင်းရောင်ပေးနေသကဲ့သို့ တောက်ပသောမီးအလင်းရောင်သည် ကောင်းကင်ယံတွင် လင်းထိန်သွားသည်။ သူ့ကို ဖိထားသောလူသည် ရုတ်တရက် သူ့လက်ကိုလွှတ်လိုက်သောကြောင့် လတ်ဆတ်သောလေသည် လင်းရူဖေး၏အဆုတ်ထဲသို့ တစ်ဖန်ပြန်လည်ဝင်ရောက်လာသည်။ နာကျင်မှုကြောင့် လည်ပင်းကို ဖုံးအုပ်ပြီး ပြင်းပြင်းထန်ထန် စတင်ချောင်းဆိုးတော့သည်။
နောက်ဆုံး သူ ပြန်လည်ကောင်းမွန်လာပြီးနောက် လင်းရုဖေးသည် ပတ်ပတ်လည်ကို ကမန်းကတန်းကြည့်ရှုခဲ့သော်လည်း သူ့ကို အခုလေးတင် တိုက်ခိုက်ခဲ့သော လူသတ်သမားကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
'သူ ဘယ်ရောက်သွားတာလဲ...ဘယ်လိုလုပ် ဘယ်သူမှ ရှိမနေရတာလဲ'
လင်းရုဖေးသည် ဒယီးဒယိုင်ဖြင့် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ တစ်ဝက်ခန့်ပိတ်ထားသော ပြတင်းပေါက်ဆီသို့ သွားပြီး အပြင်သို့ ကြည့်လိုက်သောအခါ မည်သူကိုမျှ မမြင်တွေ့ပေ။ အကယ်၍ သူ၏လည်ချောင်းမှ ပြင်းထန်သောနာကျင်မှုကြောင့်သာ မဟုတ်ပါလျှင် ယခုဖြစ်ပျက်ခဲ့သည့်အရာသည် သူ့တွင်အိပ်မက်ဆိုးတစ်ခုမြင်မက်ခြင်းသာဖြစ်မည်ဟု လင်းရုဖေး သံသယဖြစ်မိလိမ့်မည်ပင်။
လင်းရုဖေးသည် နဖူးမှ စီးကျလာသော ချွေးအေးများကို တိတ်တဆိတ် သုတ်လိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် ကြောက်မက်ဖွယ်ကောင်းစွာ တောက်လောင်နေသောမီးဆီသို့ လှမ်းကြည့်လိုက်သည်။ ရုတ်တရက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အစောင့်များသည် ၎င်းကို အမြန်ငြှိမ်းသတ်လိုက်သည့်အတွက် အလျင်အမြန်ပင် ငြိမ်းသွားခဲ့ကာ တခြားထိခိုက်မှုတော့ မရှိခဲ့ပေ။
လင်းရုဖေး နောက်ထပ် ထပ်မအိပ်ရဲတော့ပေ။ အခန်းထဲတွင် ဖယောင်းတိုင်မီးများ ပြန်ထွန်းထားပြီး တစ်ညလုံး အခန်းထဲ၌ ထိုင်နေမိသည်။ ထိုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်ပြီးနောက်တွင်ပင် ကုရွှမ်းတုသည် ပေါ်မလာသေးသောကြောင့် လင်းရုဖေးက သူ့အခြေအနေအတွက် အနည်းငယ်စိုးရိမ်လာမိသည်။ ကုရွှမ်းတု ပြောသည်မှာ မှန်၏၊ တာ့ကျင့်ရှိ ဤကိစ္စသည် ရှီးလျန့်တောင်ကထက် အန္တရာယ်ပိုများပေသည်။
နောက်တစ်နေ့သည် ရာသီဥတုသာယာသောနေ့ဖြစ်၏။ မနေ့ညက မီးလောင်ခဲ့သောအဆောက်အဦးသည် အနက်ရောင် မီးလောင်ကျွမ်းထားသောရနံ့များ ထုတ်လွှတ်နေဆဲပင်။ အစက အဆောက်အဦးသည် အိမ်ဟု လင်းရုဖေး ထင်ထားခဲ့သည်။ သို့ရာတွင် သူသည် မိုးသောက်ပြီးနောက် သွားရောက်ကြည့်ရှုရန် ထွက်လာသောအခါ ၎င်းသည် ကောင်းကင်ဘုံအုပ်ချုပ်သူအတွက် တည်ထောင်ထားသည့် မြို့တော်ရှိဘုရားကျောင်းတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် တန့်ရှောင်ကို ရောက်ခါစကပင် ဤဘုရားကျောင်းကို ရောက်ခဲ့ဖူးပြီး ရွှမ်ချင်းသည်လည်း ၎င်းကို ချီးကျူးခဲ့ကာ အနီရောင်ဝတ်ထားသော ရုပ်တုသည် ကောင်းကင်ဘုံအုပ်ချုပ်သူနှင့် အလွန်ဆင်တူကြောင်း ပြောခဲ့သည်။
လင်းရုဖေးသည် ထိုစကားကိုကြားသောအခါ စူးစမ်းလိုစိတ်ဖြင့် မေးခဲ့မိသည်။
"ဆရာတော်ရွှမ်ချင်းရဲ့ လေသံကို နားထောင်ကြည့်ရတာ အရင်က ကောင်းကင်ဘုံအုပ်ချုပ်သူကို မြင်ဖူးတယ်လို့ ဆိုလိုတာလား"
ရွှမ်ချင်းက ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောခဲ့ပေ။ လက်အုပ်ချီပြီး အော်မီထော်ဖော်ဟုသာ ပြောခဲ့၏။
ကောင်းကင်ဘုံအုပ်ချုပ်သူ၏ဒဏ္ဍာရီသည် နှစ်ပေါင်းရာနှင့်ချီ၍ တည်ရှိနေခဲ့သည်။
ဤဘုန်းတော်ကြီးရွှမ်ချင်းသည် နှစ်ရာနှင့်ချီ၍ အသက်ရှင်ခဲ့သလား။
လင်းရုဖေးသည် အလွန်ထူးဆန်းသည်ဟု ခံစားမိသော်လည်း ရွှမ်ချင်းက ထပ်မပြောတော့သည်ကို သတိပြုမိသောအခါ သူလည်း ထပ်မမေးတော့ပေ။
နောက်ဆုံး ကျန်းဟူတစ်ခွင် ခရီးဖြတ်သန်းသွားလာသောလူများတွင် လျှို့ဝှက်ချက်အနည်းငယ်မျှ မရှိသည့်သူဟူ၍ မည်သူရှိမည်နည်း။
ရုတ်တရတ် မီးလောင်သွားသောအရာသည် ဘုရားကျောင်းမှန်း ယခုမှ သိလိုက်ရပြီးနောက် လင်းရုဖေး သူ့ရင်ထဲတွင် နောင်တရသလို ခံစားလိုက်ရသည်။
"လင်းကုန်းဇီ မနေ့ညက တစ်ခုခုဖြစ်ခဲ့သေးလား"
လင်းရုဖေး သက်ပြင်းချလိုက်ချိန်တွင် အပေါ်ထပ်မှ ဘုန်းတော်ကြီးရွှမ်ချင်းသည် ဆင်းလာပြီး ဧည့်ခန်းတွင် လက်ဖက်ရည်သောက်နေသော လင်းရုဖေးကို သတိပြုမိသည်။ ထို့ကြောင့် မျက်မှောင်ကြုတ်ကာ မေးလိုက်ပြီး လင်းရုဖေး၏လည်ပင်းပေါ် မျက်လုံးအကြည့်များရောက်သွားသောအခါ သူ့အမူအရာသည် အနည်းငယ် လေးနက်သွားသည်။
ထိုအချိန်တွင် အဖြူရောင်သွယ်လျသော လည်ပင်းတွင် မည်သည့်နေရာကမှန်းမသိ ရုတ်ချည်းပေါ်လာသော အနက်ရောင် လက်ရာတစ်စုံ ရှိနေသည်ကို တွေ့လိုက်ရသည်။ လက်ရာကို သူကြည့်လေလေ ပိုရင်းနှီးသလိုခံစားရလေလေပင်။ သို့သော် လင်းရုဖေး၏ အေးဆေးတည်ငြိမ်သော အသွင်အပြင်ကို ကြည့်ပြီး သူ အရမ်းအတွေးလွန်နေခြင်းဖြစ်မည်ဟု ရွှမ်ချင်း တွေးလိုက်မိသည်။
"အိုး... အဲဒီအရာက ကျွန်တော့်ကို လာရှာခဲ့တာ"
လင်းရုဖေး၏လည်ချောင်းက အနည်းငယ်နာနေပြီး ၎င်းနှင့်အတူ သူ့အသံသည်လည်း အနည်းငယ် ဩရှနေသည်။ သူသည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ဆက်ပြောလေသည်။
“အဲဒါက ကျွန်တော့်ကို လည်ပင်းညှစ်ချင်နေတယ်လေ"
ရွှမ်ချင်းက စိုက်ကြည့်လိုက်သည်။
"ဒါပေမယ့် အဲဒါက အလုပ်မဖြစ်ခဲ့ဘူး"
လင်းရုဖေးသည် အရွှန်းဖောက်လိုက်ပြီး "တကယ်လို့သာ အဲဒီအရာသာ အောင်မြင်သွားခဲ့ရင် ကျွန်တော် အခုဒီနေရာမှာ ရှိနေမှာတောင်မဟုတ်ဘူး... ..."
လင်းရုဖေးက ဆက်တိုက်စကားပြောနေသောကြောင့် ရွှမ်ချင်းသည် တီးတိုးစကားတစ်ခွန်းမျှ မဆိုပေ။ သူသည် လင်းရုဖေးနံဘေးတွင် ထိုင်ကာ သူ့မျက်နှာသည်လည်း နောင်တရနေပုံပေါ်ပြီး သေချာစဥ်းစား၍ ပြောလိုက်သည်။
“လင်းကုန်းဇီ ခွန်းလွန်ဆီက ဖိတ်ကြားစာကို လက်ခံရရှိပြီးသွားပြီ မင်း တာ့ကျင့်မှာ ထပ်နေဖို့ မလုံခြုံတော့ဘူး ဘာလို့ စောစော ထွက်မသွားရတာလဲ"
လင်းရုဖေးက မေးလိုက်သည်။
“ကျွန်တော့်ကို အခုထွက်သွားစေချင်တာလား"