အပိုင်း ၁၀၇
Viewers 15k

Chapter 107
တတိယမင်းသမီး ၂

-------------


ရွှမ်ချင်းသည် ဘေးအခန်းသို့ သွားပြီး ဒဏ်ရာရနေသော မင်းသားနှစ်ပါးကို ကြည့်လိုက်သည်။ သူတို့နေထိုင်ရာ​​နေရာကိုလည်း အစောင့်အကြပ် ထူထပ်စွာ ချထားသော်လည်း နှစ်ယောက်လုံးသည် နိုးနေသေးသောကြောင့် အထဲတွင် ပိတ်​လှောင်ခံထားရခြင်းကို အနည်းငယ် ငြီးငွေ့လာကြသည်။ သူတို့ ဝင်လာ​သောအခါ နှစ်​ယောက်သားသည် မေးများကို ​ထောက်ကာ စစ်တုရင် ကစား​နေကြသည်။

လင်းရု​ဖေးသည် စစ်တုရင်ခုံကို တစ်ချက်ကြည့်လိုက်သည်။ စစ်တုရင်ပုံစံသည် ရှုတ်ထွေးနေကာ စိတ်​သောက​ရောက်စရာဖြစ်​နေပြီး သူတို့နှစ်ယောက်စလုံး စိတ်အ​ခြေအ​နေကောင်းပုံမပေါ်မှန်းကို ချက်ချင်းသိနိုင်၏။

သူတို့သည် သူတို့အဖေ ဝင်လာသည်ကိုမြင်​သောအခါ ​တော်ဝင်မင်းသားများသည် ထကာ အရိုအ​သေ​ပေးလိုက်ပြီး လင်းရုဖေးနှင့် ရွှမ်ချင်းကို စူးစမ်းသည့်မျက်လုံးများနှင့် ကြည့်လိုက်သည်။

ပိုင်ကျင့်လွင်သည်လည်း စိတ်အ​ခြေအ​နေမကောင်းသလို ရှင်းပြရန်လည်း စိတ်မ၀င်စား​ပေ။ သူသည် ရိုးရိုးရှင်းရှင်းပင် သူ့လက်ကို ဝှေ့ယမ်းပြီး မင်းသားနှစ်ပါးကို စစ်ဆေးရန် ရွှမ်ချင်းကို ညွှန်ကြားလိုက်သည်။ ထို့နောက် ရွှမ်ချင်းသည် မင်းသားလေး၏ခန္ဓာကိုယ်ကို စစ်ဆေးရန် ရှေ့သို့​လျှောက်သွားလိုက်သည်။

ဒုတိယမင်းသား၏လည်ပင်းဒဏ်ရာသည် မပျောက်သေးဘဲ လက်ဗွေရာအမာရွတ်နှစ်ခုကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ လက်ဗွေရာအရွယ်အစားအရ အရွယ်ရောက်ပြီးသူများ၏လက်မဟုတ်ဘဲ ကလေးလက်ကအရွယ်ဟု ဖြစ်နိုင်ချေများသည်။ ဆဋ္ဌမမင်းသားလေးတွင် ဒဏ်ရာမရှိ​သော်လည်း ရွှမ်ချင်းက သူ့၏သွေးခုန်နှုန်းကို စမ်းသပ်လိုက်ချိန်တွင် ကြောက်ရွံ့လွန်း​သော​ကြောင့် လည်ပင်းကို ကျုံ့ထားကာ မည်သည်ကိုမျှ မပြောဝံ့​ပေ။

ရွှမ်ချင်းက ​မေးလိုက်သည်။

"ကျွန်​တော် မှတ်မိတာမှန်တယ်ဆိုရင် မင်းသားနှစ်ပါးရဲ့ ကြင်ယာတော်မယ်တော်က အတူတူပဲမလား"

ရွှမ်ချင်းသည် ရုတ်​တရက်​​ ထိုကဲ့သို့ ပြောလိုက်​​သောအခါ အခန်းတွင်း​ရှိ လေထုက အနည်းငယ်​ထူးဆန်းသွားသည်​။

အသက်ပိုကြီးပြီး အ​ဆောင်အ​ယောင်ဘွဲ့ထူးကိုရပြီးသော ဒုတိယမင်းသားကမေးသည်။

“ဆရာကြီး ဒီလိုမေးတာက ဘာကိုဆိုလိုတာလဲ"

"အဲဒီအရာက မင်းသားလေးပါးထဲမှာ မင်းတို့နှစ်ယောက်ကို ဘာလို့ ရွေးခဲ့လဲဆိုတာ ကိုယ်တော်က သိချင်မိရုံတင်ပါ"

ရွှမ်ချင်းက ဆက်ပြောလာသည်။

"မင်းသားတွေ အများကြီးရှိတာ​ကြောင့် အကြောင်းပြချက်တစ်ခုခုတော့ ရှိသင့်တယ်"

ဒုတိယမင်းသားသည် ​လေးနက်​သောအသံဖြင့် ပြန်​ဖြေလိုက်သည်။

“အဲဒါက ကျွန်​တော်တို့နှစ်ယောက် ကံမကောင်းလို့ ဖြစ်နိုင်တယ်”

အဆုံးတွင် သူသည် ဧကရာဇ်မင်း၏သားတော်ဖြစ်ပြီး သူပြောသောစကားများအပေါ် ယုံကြည်မှုအပြည့်ရှိ​နေသည်။

"တတိယမင်းသမီးလေး မတော်တဆမှုဖြစ်တဲ့နေ့မှာ ဒုတိယမင်းသားက ဘာတွေလုပ်နေလဲ ကျွန်​တော် သိချင်တယ်"

ရွှမ်ချင်းသည် ဒုတိယမင်းသား၏ရန်လိုမှုကို လုံးဝစိတ်မ၀င်စားဘဲ နူးညံ့သောလေသံဖြင့် မေးလိုက်သည်။

"ညီ​တော်နဲ့ ကျွန်တော်က မြင်းခြံမှာ မြင်းစီး​နေခဲ့တာ"

ဒုတိယမင်းသားသည် ပုံမှန်အတိုင်း ပြန်​ဖြေလိုက်သည်။

“​နောက်ပိုင်း တတိယညီမ တစ်ခုခုဖြစ်သွားတာကို ကြားသိရလို့ နန်းတော်ကို အမြန်ပြန်သွားခဲ့တယ်"

"အော် ဆိုလိုတာက မင်းတို့နှစ်ယောက် အတူတူရှိ​နေခဲ့တာလား" ရွှမ်ချင်းက စိတ်ကသိက​အောက်ဖြစ်သွားသည်။

ဒုတိယမင်းသားက ​ဒေါသတကြီး တုန့်ပြန်​ပြောဆိုလိုက်သည်။

“ဒါဆို ကျွန်​တော်တို့ အတူတူရှိနေတယ်ဆိုရင်​ရော"

"လေး​လေးစားစား ပြောစမ်း"

ပိုင်ကျင့်လွင်သည် အေးစက်စွာ ​ပြောလိုက်သည်။

"မင်းကို ဒီလောက်ဒေါသထွက်အောင် ဘယ်သူကဘာလုပ်​နေလို့လဲ"

ဒုတိယမင်းသားသည် ပြစ်တင်ရှုတ်ချခံရသောအခါ သူ၏မျက်နှာ​ပေါ်တွင် မလိုလားမှုအချို့ကို ​ဖော်ပြနေသည်။ သို့သော်လည်း သူသည် ခေါင်းငုံ့ထားကာ “ဟုတ်ကဲ့” ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ပိုင်ကျင့်လွင်သည် အေးစက်စွာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့အင်္ကျီလက်များကို ယမ်းလိုက်ကာ "မင်းတို့ကို ​မေးစရာရှိတယ်"

မင်းသားနှစ်ပါးအပေါ်ထားသည့် ဧကရာဇ်၏သဘောထားနှင့် မင်းသမီးလေးအပေါ် ဆက်ဆံပုံသည် ကောင်းကင်နှင့် ​မြေကြီးကဲ့သို့ ကွာခြား​ပေသည်။

ဆဋ္ဌမမင်းသားသည် သူ့ခမည်းတော် ဒေါသထွက်နေသည်ကို မြင်လိုက်ရပြီးနောက် အသံတိုးတိုး​လေးဖြင့် ငို​ရှိုက်လိုက်မိသည်။ အခန်းတွင်းရှိ လေထုက ငြိမ်သက်တိတ်ဆိတ်သွားသည်။

ပိုင်ထျန်း​ရွေ့သည် ဂရုမစိုက်​ပေ။ သူသည် ပြုံးပြီး နံဘေးတွင်ထိုင်ကာ သစ်သီးခြောက်တစ်ခုကို ကောက်ယူကာ တစ်ခါတည်း ကိုက်စားလိုက်သည်။ သူ​ရော တစ်ခုလိုချင်​သေးလားဟု လင်းရု​ဖေးကိုမေးလိုက်​သော်လည်း လင်းရု​ဖေးက ငြင်းဆိုပြီးနောက် ရွှမ်ချင်းကို ဆက်လက်​မေးမြန်းရန် ညွှန်ပြလိုက်ပြီး သူလည်း ထိုမင်းသားနှစ်ပါးကို မျက်နှာသာမ​ပေး​ပေ။

ရွှမ်ချင်းသည် သက်ပြင်းချလိုက်ပြီး မင်းသားများကို နောက်ထပ်မေးခွန်းတချို့ မေးလိုက်သည်။ ဒုတိယမင်းသားသည် ဤတစ်ကြိမ်တွင် သေသေချာချာပြန်ဖြေပြီး ရွှမ်ချင်းကို နောက်တစ်ကြိမ် မ​ကျေမနပ် မဆက်ဆံဝံ့တော့ပေ။ သို့​သော် အစမှ အဆုံးထိ သူတစ်​ယောက်တည်းသာ စကားပြောနေသည်။ ဆဋ္ဌမမင်းသားလေးသည် သူ့ဘေးတွင် တိတ်တိတ်ဆိတ်ဆိတ် ငိုယို​နေပြီး ရံဖန်ရံခါ သူ့လက်ကိုမြှောက်ကာ မျက်လုံးကိုပွတ်သပ်​နေသည်။

ရွှမ်ချင်းသည် မေးခွန်း​မေးမြန်းခြင်းပြီးခါနီးပြီဖြစ်​သော​ကြောင့် နှုတ်ဆက်ရန် ထလိုက်သည်။ သို့​သော် သူထွက်ခါနီးတွင် ဆဋ္ဌမမင်းသားကို ရုတ်တရက် ​​​မေးလိုက်သည်။

“အဲဒီနေ့က မြင်း​စောင်းမှာ အရှင်မင်းသားစီးခဲ့တဲ့ မြင်းနာမည်က ဘယ်လိုခေါ်လဲ”

ဆဋ္ဌမမြောက်မင်းသားသည် ရွှမ်ချင်းကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး "ဘာကို ​ပြောတာလဲ"

ရွှမ်ချင်းသည် ​နောက်တစ်ခါထပ်ပြောလိုက်သည်။

"မင်းသမီးလေး မတော်တဆမှုဖြစ်ခဲ့တဲ့ အဲဒီ​နေ့က မြင်း​စောင်းမှာ မင်းသားစီးခဲ့တဲ့ မြင်းရဲ့နာမည်ကို ​ပြောတာပါ"

"နာမည်... ...နာမည်က... ...”

ဆဋ္ဌမမင်းသားလေးသည် အထစ်ထစ်အ​ငေါ့​ငေါ့ဖြင့် အချိန်ကြာသည်အထိ ပြန်မဖြေနိုင်ပေ။ အဆုံးတွင် လက်ဆန့်ထုတ်ကာ သူ့ပခုံးကို ဖိလိုက်သော ဒုတိယမင်းသားသည် ​အသံနက်ကြီးဖြင့် ပြန်​ဖြေ​လေ၏။

“သူ့နာမည်က ​လေ့ယွင်"

“အိုး”

ရွှမ်ချင်းက ပြုံးလိုက်ပြီး “အဲဒါက မြင်းကောင်းဖြစ်မယ်ထင်တယ်"

[ T/n : ​လေ့ယွင်က မိုးကြိုးတိမ်တိုက်ဟုဆိုလိုသည်။ ]

"​သေချာတာ​ပေါ့"

ဒုတိယမင်းသား၏ လေသံက ခက်ထန်​နေသည်။

အခန်းတွင်းရှိလူများ အားလုံးသည် ထူးချွန်​သောလူသားများဖြစ်ကြသောကြောင့် တစ်စုံတစ်ခု ထူးဆန်း​နေ​ကြောင်း ဘယ်လိုလုပ် မသိဘဲ​နေမည်နည်း။ ၎င်းကို မည်သူကမျှ မပြောခဲ့ခြင်းပင်။ သူတို့အားလုံး ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး အခန်းထဲမှ ထွက်သွားကြသည်။ သူတို့ အခန်းအပြင်သို့မ​ရောက်ခင်မှာပင် ပိုင်ထျန်း​ရွေ့သည် မင်းသမီးလေး မတော်တဆမှုဖြစ်သည့်နေ့က မြင်​စောင်း၌ မင်းသားများရှိ၊မရှိ စစ်ဆေးရန် နန်းတော်အရာရှိများကို အမိန့်ပေးလိုက်သည်။

သူတို့ ထို​နေရာတွင် ရှိနေလျှင် ကောင်းသည်။ သို့​သော် သူတို့ ရှိမ​နေဘူးဆိုလျှင် ထိုကိစ္စသည် နည်းနည်းထူးဆန်း​ပေလိမ့်မည်။

ရွှမ်ချင်းသည် နန်းတော်ကို လှည့်ပတ်ကြည့်ချင်သည်ဟု ပြော​လာသောအခါ ပိုင်ကျင့်လွင်သည် ပိုင်ထျန်း​ရွေ့ကို သူနှင့်အတူလိုက်ပါရန် စေလွှတ်လိုက်ပြီး ရွှမ်ချင်းသည် နန်းတော်၏မည်သည့်နေရာကိုမဆို သွားလို့ရပြီး နယ်​မြေကန့်သတ်ထားခြင်းမရှိဟု ​ပြောလိုက်သည်။

ရွှမ်ချင်းသည် မင်းသမီးလေး မတော်တဆမှုဖြစ်ခဲ့သည့်နေရာကို ပထမဆုံးသွားချင်သည်ဟု ပြောလိုက်သည်။

နန်းတော်သည် အလွန်ကြီးမားပြီး မတော်တဆမှုကြောင့် နေရာတိုင်းတွင် အစောင့်များ သွားလာနေကြသည်။ အမှန်တကယ်ကို အစောင့်အကြပ် ကြီးမားစွာ ချထားသည်ဟု ဆိုနိုင်သည်။ သူတို့ သုံးယောက် အတူတူ အချိန်ဖြုန်းနေကြစဉ် လင်းရု​ဖေးသည် ဖိတ်စာကို ထုတ်ပြီး ပိုင်ထျန်း​ရွေ့ကို ​ပေးလိုက်သည်။ ပိုင်ထျန်း​ရွေ့သည် ပြုံး​လျှက် ယူလိုက်ကာ နှစ်ကြိမ်မျှ ဖတ်ကြည့်လိုက်ပြီး နောက် သူ့အင်္ကျီရင်ဘက်ထဲသို့ ထိုးထည့်လိုက်၏။

"ထျန်း​ရွေ့ အမှန်အတိုင်းပြောပါ အဲဒီအရာတွေကို မင်း သိလား မသိဘူးလား"

သူတို့ ထောင့်တစ်နေရာသို့ရောက်သောအခါ ရွှမ်ချင်းက ရုတ်တရတ်ပြောလာသည်။ သူ့လေသံကို နားထောင်ကြည့်ခြင်းဖြင့် သူနှင့် ပိုင်ထျန်း​ရွေ့တို့သည် ဟိုးအရင်ကတည်းက အသိအကျွမ်းများဖြစ်ကြပြီး သူတို့နှစ်​ယောက်၏ဆက်ဆံရေးသည် အတော်လေး ကောင်းမွန်ပုံရ၏။

ပိုင်ထျန်း​ရွေ့က မျက်ခုံးပင့်လိုက်ပြီး "ရွှမ်ချင်း အဲဒါ ဘာကိုဆိုလိုတာလဲ"

ရွှမ်ချင်းသည် လျစ်လျူရှုကာ ဆက်ပြောလာသည်။

"ဒါက ရွှံ့ရေ[2]လားဆိုတာ ဒီကိုယ်တော်က သိချင်ရုံပဲ"

[2] - ဒုက္ခ​ရောက်​စေ​သောအရာ။

ပိုင်ထျန်း​ရွေ့သည် အသက်ပြင်းပြင်းရှူလိုက်ပြီး "ဒါဆို ဒါက ရွှံ့ရေဆိုရင်ရော မင်း ငြင်းနိုင်သေးလား"

ရွှမ်ချင်း သက်ပြင်းချလိုက်သည်။

"အရင်ကတည်းက မင်းသိခဲ့ရင် ဒုက္ခ​ရောက်မှာမဟုတ်ဘူး"

ပိုင်ထျန်း​ရွေ့သည် ခေါင်းယမ်းလိုက်ပြီး သနားစိတ်နှင့် သက်ပြင်းချလိုက်သည်။

"အဲဒီကောင် ပိုင်ကျင့်လွင်က ဓားသိုင်း မကျွမ်းကျင်ပေမယ့် သူ့ဦးနှောက်က​တော့ ပထမတန်းစားပဲ သူ့ကျေးဇူးကို လွယ်လွယ်နဲ့ ပြန်​ပေးဆပ်လို့မရနိုင်ဘူး”

သူက ထိုကဲ့သို့ပြောနေရင်းဖြင့် ရွှမ်ချင်း၏ပုခုံးကို ပုတ်လိုက်ပြီး သူတစ်ပါး၏ကံဆိုးမှုအတွက် အတော်​ေ ရွှင်မြူး​နေပုံရသည်။

"မင်း အခု နောင်တရနေပြီ မဟုတ်လား"

ရွှမ်ချင်းသည် မည်သည်ကိုမျှ ပြန်မပြောဘဲ သက်ပြင်းသာချလိုက်သည်။

"ဒါပေမယ့် ငါ ဒီကိစ္စမှာ တကယ် ဝင်မပါခဲ့ဘူး"

ပိုင်ထျန်း​ရွေ့က ဆက်၍ဆိုသည်။

“ဒါ့အပြင် မင်းသိပါတယ် ငါ ဒီအရာတွေကို ဘယ်​တုန်းကမှ အရမ်းကြီးစိတ်ဝင်စားတာမှ မဟုတ်တာ"

"ဒါဆို မင်းက ဘာတွေစိတ်ဝင်စားနေတာလဲ" ရွှမ်ချင်းက မေးလိုက်သည်။

ပိုင်ထျန်း​ရွေ့သည် ပြုံးပြီး သူ့ဘေးတွင် ရပ်နေသည့် လင်းရု​ဖေးကို ကြည့်လိုက်​သော​ကြောင့် လင်းရု​ဖေး၏နောက်ကျောမှာ အေးစက်​တောင့်တင်းသွားရသည်။

ရွှမ်ချင်းသည် ပိုင်ထျန်း​ရွေ့ကို မျက်စောင်းတစ်ချက်ထိုးပြီး 'မင်းသေမှာမကြောက်ရင် အဲဒါကို သွားစမ်းကြည့်လိုက် တကယ်လို့ မင်း သံပြားကိုသွားကန်မိရင်[3] မင်း​ခြေ​ထောက်​တွေ ကျိုးမသွား​အောင်လည်း ဂရုစိုက်ဦး'

သို့သော် ပိုင်ထျန်း​ရွေ့သည် နားထောင်လိုစိတ်မရှိပေ။ ယခင်က ခွန်းလွန်သို့ ရောက်ဖူးသော်လည်း လင်းရု​ဖေးကို မမြင်ဖူး​ပေ။ သို့သော်လည်း ဖြူဖျော့သော မျက်နှာနှင့် သွယ်လျသော ခန္ဓာကိုယ်ရှိသည့် လင်းမိသားစု၏အငယ်ဆုံးသား​လေးသည် သူ၏ဒုတိယအစ်ကိုထက် ပို၍ စိတ်ဝင်စားစရာကောင်း​ကြောင်း သူပြောနိုင်သည်။ သူ့အသားအရည်သည် ကြည့်ကောင်းပုံမပေါ်သည့်အပြင်
နာတာရှည်ဖျား​နေကြောင်းကိုလည်း သူကြားသိရသော်လည်း သူ၏ဖျားနာ​နေသောအသွင်အပြင်သည် ရှီဇီထက်ပင် ပိုလှသည်ဟု ခံစားမိ၏။

[3] - သံပြားကို ကန်သည်: အခြားလူများသည် ​ပျော့ညံ့ပြီး အနိုင်ကျင့်ရန် လွယ်ကူသည်ဟု ထင်ရသော်လည်း အခြားသူများသည် သူတို့ထက် သာလွန်ပြီး ရှုံးနိမ့်မှုကို ခံစားလိုက်ကြရသည်ဟု အဓိပ္ပါယ်ဖွင့်နိုင်သည်။

ယခုအချိန်တွင် လင်းရု​ဖေးသည် ပိုင်ထျန်း​ရွေ့ကိုသတိထားရန် ဟူသည့် ရွှမ်ချင်းပြောသော အဓိပ္ပါယ်ကို နားလည်လာပေသည်။ ဤမင်းသားသည် မည်သည်ကိုမဆို စားနိုင်တယ် ဆိုသည့် ခံစားချက်ကို ပေးစွမ်းနေ၏။

ရွှမ်ချင်းသည် ဧကရာဇ်ဥယျာဉ်ကို လှည့်ပတ်ကြည့်ရာ ထူးခြားသည့် မည်သည့်အရာကိုမျှ မတွေ့ခဲ့ရ​သော​ကြောင့် ထူးဆန်းသည်ဟု ခံစားနေရသည်။ သူသည် ပိုင်ထျန်း​ရွေ့အား သူ့တူနှစ်ယောက်က လိမ်ညာနေသည်မှာ သေချာ​သော​ကြောင့် သူတို့ကို ဂရုတစိုက် စစ်ဆေးရန် ပြောလိုက်သည်။ ထို့အပြင် မင်းသားများနှင့် မင်းသမီးတို့ကြား ဘယ်လိုဆက်ဆံရေးရှိလဲဟုလည်း မေးလိုက်သည်။

ပိုင်ထျန်း​ရွေ့သည် ဤအရာများကို စိတ်မဝင်စား အလေးထားပုံမရဘဲ နန်းတော်၏လျှို့ဝှက်ချက်များအကြောင်းကို ရွှမ်ချင်းအား ပျင်းရိစွာ ပြောပြလိုက်သည်။ ဒုတိယမင်းသားနှင့် ဆဋ္ဌမမင်းသားတို့သည် မိဘုရား​ခေါင်ကြီး၏သားတော်များအဖြစ် ဖွားမြင်ခဲ့ကြပြီး လက်ရှိပထမမင်းသားနှင့် တတိယမြောက်မင်းသမီးတို့သည် ကိုယ်လုပ်တော်မှဆင်းသက်လာကြသည်။ သူမမိခင်၏မိသားစုသည် အာဏာအနည်းငယ်သာရှိသော်လည်း သူတို့ကို ဘုရင်မင်းမြတ်က အလွန်ချစ်မြတ်နိုးသည်။ ထိုအကြောင်းများကြောင့် သူတို့၏ဆက်ဆံရေးသည် သိပ်အဆင်မပြေ​ပေ။

"ဒါပေမယ့် အဲဒါတွေက ပုံမှန်ပါပဲ"

ပိုင်ထျန်း​ရွေ့သည် ထိုကဲ့သို့အသေးအဖွဲရန်ပွဲမျိုးအတွက် လုံးဝစိတ်မဝင်စား​ပေ။

"ဒီမျိုးဆက်က စိတ်၀င်စားဖို့ မကောင်းဘူး သူတို့က အရမ်းမိုက်မဲတုံးအလွန်းတယ် ငါ သူတို့အရွယ်တုန်းကဆို ဒီ့ထက် ပိုဆိုးတဲ့နည်းလမ်းတွေကို​တောင် သုံးခဲ့သေးတယ်"

ရွှမ်ချင်းက သူ့ခေါင်းကို ခါရမ်းလိုက်ပြီး "မင်းသားက ဒီလို အရမ်းကားရော မပြောသင့်ဘူး​လေ"

ပိုင်ထျန်း​ရွေ့ကဆိုသည်။

"ကိစ္စမရှိပါဘူး ငါသာ ကျင့်ကြံဆင့် အဆင့်ငါးပဲ ရှိရင် သူက ငါ့ကို စောင့်ကြည့်ထားမှာပဲလေ အခု ငါက အဆင့်ရှစ်​ကို​ရောက်နေတော့ နေ့တိုင်း သူနဲ့အတူ နန်းတော်ထဲမှာပဲ ငါ့ကို နေစေချင်နေတယ်လေ”

ဤဝါကျရှိ “သူ” သည် လက်ရှိဧကရာဇ်ဘုရင်မင်းမြတ် ပိုင်ကျင့်လွင်ကို ရည်ညွှန်းခြင်းဖြစ်သည်။

လင်းရု​ဖေးသည်လည်း ပိုင်ထျန်း​ရွေ့၏ ဆိုလိုရင်းကို နားလည်သည်။ ဓါးသိုင်းကျင့်ကြံဆင့် ပဉ္စမအဆင့်ရှိသူသည် ​သေမျိုးအရာဝတ္ထုများကို စွဲလန်းနေပြီး စွမ်းအားအတွက် တိုက်ပွဲဝင်ချင်နေကြသေးသည်။ သို့​သော် ပိုင်ထျန်း​ရွေ့သည် အဆင့်ရှစ်နေရာတွင်ရှိနေ​ပေပြီ။ သူသည် ​သေမျိုးလောကကို လုံးဝကျော်လွန်သွားသည်မှာ ထင်ရှားသည်။ သူ့အတွက် ဤချီးမွမ်းမှုများနှင့် ကျော်ကြားမှုများသည် ဖြတ်သန်းသွား​သောတိမ်တိုက်တစ်ခုမျှသာဖြစ်သည်။ ထို့ကြောင့် ပိုင်ကျင့်လွင်သည် သူ့အားခြိမ်းခြောက်မှုတစ်ခုဟု မခံစားရဘဲ တာ့ကျင့်ကို ထောက်ခံသည့်​ထောက်တိုင်အဖြစ်သာ ခံယူထားပေ၏။

"မင်းပြောတဲ့အတိုင်း အမှန်အတိုင်းသိရဖို့ ငါ စစ်ဆေးဖို့တောင် မလိုဘူး ဒါပေမယ့် အစ်ကိုတော်ရှေ့မှာတော့ မပြောရဲဘူး"

ပိုင်ထျန်း​ရွေ့ကဆက်​၍ပြောသည်။

“သူတို့နှစ်ယောက်က မြင်း​စောင်းမှာ သေချာ​ပေါက် ရှိမ​နေဘူး"

"အိုး...မင်း သိတယ်လား"

ရွှမ်ချင်းက မေးလိုက်သည်။

“ဒါဆို သူတို့ ဘယ်ရောက်နေတာလဲ"

"ဟုတ်တယ် သူတို့ တတိယမင်းသမီးကို အနိုင်ကျင့်နေတာ"

ပိုင်ထျန်း​ရွေ့က ပေါ့ပါးစွာ ပြန်​ဖြေလိုက်သည်။

"အဲဒီနေ့မှာပဲ တတိယမင်းသမီးလေးက နန်း​တော်က​နေထွက်ပြီး တန့်ရှောင်မြို့ကို မီးပုံးတွေကြည့်ဖို့ သွားချင်ပေမယ့် လမ်းတစ်ဝက်မှာ ရပ်တန့်ခြင်းခံလိုက်ရတယ် ဒီလောက် ပျင်းစရာကောင်းတာကို ဘယ်သူကလုပ်မယ်လို့ထင်လဲ ဒါ​ပေါ့ သူမရဲ့ သုံးစားမရတဲ့ အစ်ကိုနဲ့မောင် နှစ်ယောက်​ပေါ့ မိန်းကလေးတွေက ယောက်ျားလေးတွေလို မဟုတ်ဘူး ယောက်ျားလေးတွေက နည်းနည်းရိုင်းရင် ဘုရင်မင်းမြတ်က စိတ်ထဲမထားပေမယ့် မိန်းကလေးတွေက​တော့ မရဘူး မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ အိမ်ထောင်ကျမှာမို့လို့ တော်ဝင်မိသားစုရဲ့ပုံရိပ်ကို ပျက်စီး​စေလို့ မရဘူး"

ရွှမ်ချင်းက ​မေးလိုက်သည်။

"ဒါဆို မင်းသမီးလေးက ဧကရာဇ်ဥယျာဉ်ကို သွားခဲ့တာလား"

“အင်း သွားခဲ့တယ်”

ပိုင်ထျန်း​ရွေ့ ပြန်​ဖြေလိုက်သည်။

“သူမက အဲဒီ​နေရာကို သ​ဘောကျတယ်လေ"

ရွှမ်ချင်းက အလေးအနက်သော စဥ်းစားလိုက်သည်။

လင်းရု​​ဖေးသည် ထပ်​လောင်း​ပြောကြားလိုက်သည်။

“သူမက ဧကရာဇ်ဥယျာဉ်မှာ တစ်ခုခုနဲ့ တိုက်မိတာ​ရော မဖြစ်နိုင်ဘူးလား"

ရွှမ်ချင်းက သူ့ခေါင်းကို ခါလိုက်ပြီး "သူတို့ မြို့ကနေ ထွက်ခါနီးမှာ တစ်ခုခုနဲ့ ဝင်တိုက်မိသွားတာထင်တယ်"

ထို့ကြောင့် တတိယမင်းသမီးလေးသည် သတိမေ့မြောသွားကာ ဒုတိယမင်းသားနှင့် ဆဋ္ဌမမင်းသားတို့သည်လည်း အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ပြီး နောက်ထပ် မတော်တဆမှုတစ်ခု ထပ်ဖြစ်သွားလာဆိုတာကိုမူ မပြောနိုင်ပေ။

လင်းရု​ဖေး : "လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဘုရင်မင်းမြတ်ရဲ့ အိပ်ခန်းထဲမှာ သွေးစွန်းနေတဲ့ လက်ဗွေရာတွေ ရှိတယ်လို့ ပြောခဲ့တယ်မလား အဲဒီအရာ​တွေက ဘုရင်မင်းမြတ်ကို ဘာလို့ ရုတ်တရက် မတိုက်ခိုက်ရတာလဲ"

ပိုင်ထျန်း​ရွေ့သည် ခဏလောက်စဉ်းစားလိုက်ပြီး “အဲဒီအ​ကြောင်းကို ငါစဉ်းစားကြည့်ပြီးပြီ ဒါပေမယ့် ဘုရင်မင်းမြတ်က အဲဒီအရာ​တွေ အနားကပ်လို့မရ​အောင်လုပ်နိုင်တဲ့အရာတစ်ခုကို ကိုယ်​ပေါ်မှာဆောင်ထားတာ ဖြစ်နိုင်တယ်လို့ပဲ ငါခန့်မှန်းနိုင်တယ်"

ရွှမ်ချင်းသည် စဥ်းစားလိုက်ပြီး “ဒါက ဖြစ်နိုင်ချေရှိတယ် ဘုရင်မင်းမြတ်က သူ့ကိုယ်​ပေါ်မှာ ဘာကို​ဆောင်ထားလဲဆိုတာ ငါ စစ်ဆေးလို့ရနိုင်မလား သိချင်မိတယ်"

ပိုင်ထျန်း​ရွေ့က ရယ်မောလိုက်ပြီး "သူ မင်းကို ခွင့်ပြုမှာမဟုတ်ဘူး"

"ဘာလို့လဲ" ရွှမ်ချင်းက မေးလိုက်သည်။

“အဲဒီတုန်းက သူသ​ဘောကျခဲ့တဲ့ ယုန်ဝိညာဥ်ကို မှတ်မိ​သေးလား”

ပိုင်ထျန်းရွေ့က ဆိုသည်။

“အခုတောင် သူ အဲဒါကို တောင့်တနေသေးတုန်း နေရာတိုင်း သူသယ်သွားတဲ့အိတ်ထဲမှာ အဲဒီယုန်ဝိညာဉ်က​နေ ဖြတ်ထားတဲ့ အမွှေးဖြူကို သိမ်းထားသေးတယ် အဲဒီအရာကို လူ​တွေမြင်ရင် သူ သေ​လောက်တဲ့အထိ ရှက်ရွံ့သွားမှာမဟုတ်ဘူးလား"

သူက ထိုကဲ့သို့​ပြောလာ​သော​ကြောင့် သူတို့လည်း မသိမသာ ရယ်​မောလိုက်မိသည်။

ရွှမ်ချင်းက ဟန်လုပ်ချောင်းဆိုးလိုက်ပြီး သူ့အမူအရာသည်လည်း အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်​နေသည်။

“မင်းပြောတာ မှန်တယ်"

ဤမင်းသားသည် တကယ်ကို အလွန်အမင်းဆိုးသွမ်းပြီး ပိုင်ကျင့်လွင်၏မျက်စိအောက်၌ ရှိနေမှသာလျှင် သူက ပိုပြီးအနည်းငယ်ငြိမ်သက်​အေး​ဆေးနေတတ်ကြောင်း လင်းရု​ဖေး သိလိုက်ရ၏။


****


စာရေးသူမှာ ပြောစရာရှိတယ်~


လင်းရု​ဖေး : မင်းသမီး​လေးက သတိလစ်သွားတယ်

ကုရွှမ်းတု : အမ်

လင်းရု​ဖေး : နိုးလာဖို့အတွက် အနမ်းတစ်ခုလိုအပ်တယ်...

ကုရွှမ်းတု : မင်း ဘယ်သူ့ကို နမ်းမလို့လဲ?

လင်းရု​ဖေး : ကျွန်​တော့်မိသားစုရဲ့ သတိလစ်နေတဲ့ မင်းသမီး ကုအာ ကိုလေ

ကုရွှမ်းတု : ………………..လာပါ...ကိုယ်အဆင်သင့်ဖြစ်​နေပြီ !!!

───────────────────────────────────────────

Translated By IQ-Team.