Chapter 106
တတိယမင်းသမီး
-------------
နန်းတော်၏မြင့်မားသော ဟင်္သာပြဒါးအနီရောင်တံခါးများမှ ဝင်လိုက်သည်နှင့် တပြိုင်နက် လေထုက ချက်ချင်းပင် တင်းမာလာသည်။ ရှေ့သို့ဆက်သွားမည့်သူတို့၏လမ်းကို လက်နက်များနှင့် လေးလံသောသံချပ်ကာများ ဝတ်ဆင်ထားသော အစောင့်များက ဝိုင်းရံထားသည်။ ထို့အပြင် လမ်းတစ်လျှောက်တွင် ရထားကို အကြိမ်ပေါင်းများစွာ ရပ်တန့်ခြင်းခံခဲ့ရသော်လည်း ရထားပေါ်ရှိ ရွှမ်ချင်းကိုမြင်ပြီးနောက် သွားခွင့်ပေးခဲ့သည်။
ရွှမ်ချင်းနှင့် အစောင့်တို့၏ အာလာပ သလ္လာပစကားများကို နားထောင်နေရင်း လင်းရုဖေးက မျက်လုံးမှိတ်ကာ ရထားပေါ်တွင် ထိုင်နေလေသည်။ အစောင့်သည် လက်ရှိအခြေအနေနှင့် ပတ်သက်၍ အလွန်စိုးရိမ်နေပုံရပြီး အစမှအဆုံးအထိ မျက်မှောင်ကြုတ်ကာ ဘယ်သောအခါမှ ပြေလျော့သွားခြင်းမရှိပေ။ ရွှမ်ချင်း၏အမူအရာသည် သိပ်ပြီးမပြောင်းလဲဘဲ လင်းရုဖေး သူ့ကို ပထမဆုံးစတွေ့တုန်းကကဲ့သို့ သနားကရုဏာသက်နေတုန်းပင်။
နောက်ဆုံးတွင် သူတို့ လိုရာခရီးကို ရောက်ရှိခဲ့ပြီး တစ်ဖွဲ့လုံး ရထားပေါ်မှ ဆင်းလိုက်ကြသည်။ လင်းရုဖေးသည် ခန်းမကြီးထဲသို့ ရွှမ်ချင်းနောက်မှ လိုက်၀င်သွားသောကြောင့် ဖူဟွားနှင့် ယွီရွေ့တို့သည် အပြင်ဘက်၌ စောင့်ဆိုင်းနေရုံသာတတ်နိုင်၏။
ခန်းမကြီး၏ အတွင်းထဲတွင် လှပပြီးကျက်သရေရှိသော အမွှေးနံ့သာများ ထွန်းထားပြီး အဝါရောင်၀တ်စုံဝတ်ထားသည့် အမျိုးသားတစ်ယောက်သည် စာအုပ်စင်ရှေ့တွင် ထိုင်နေပြီး အနီရောင်ဝတ်စုံဝတ်ထားသည့် အခြားအမျိုးသားတစ်ယောက်ကို တစ်ခုခုပြောနေသည်။ ဧည့်သည်အချို့ ဝင်လာသည်ကို မြင်ပြီး စကားပြောနေခြင်းကို ရပ်လိုက်ကြသည်။ ထိုပုဂ္ဂိုလ်သည် တာ့ကျင့်ဧကရာဇ် ပိုင်ကျင့်လွင်ဖြစ်နိုင်သည်။ ပိုင်ကျင့်လွင် ဘေးနားရှိလူသည် လင်းရုဖေး ဖိတ်ခေါ်ချင်သည့် ပိုင်ထျန်းရွေ့ပင်ဖြစ်သည်။ ပိုင်ကျင့်လွင်၏မျက်နှာသည် အရမ်းအသက်ကြီးပုံမပေါ်သော်လည်း အမှန်တကယ်တွင် သူ့နားထင်များ၌ ဆံပင်များဖြူနေလေပြီ။ မျက်လုံးထောင့်ရှိ အရေးအကြောင်းများက သူ၏အသက်အမှန်ကို ဖော်ပြနေသည်။ သို့သော် သူ့ဘေးနားရှိ ပိုင်ထျန်းရွေ့သည် ကျက်သရေရှိသည့် ကိုယ်ဟန်အနေအထား ရှိနေပါသေးသည်။ ရွှမ်ချင်းပြောသည့်အတိုင်းပင် မက်မွန်ပွင့်မျက်လုံးတစ်စုံသည် သူတို့ကို ပြုံးပြနေသည်။ မျက်နှာတစ်ခုတည်းသာ ကြည့်မည်ဆိုလျှင် ထိုပိုင်ထျန်းရွေ့သည် ဩဇာအာဏာကြီးမားသည့် လူတစ်ယောက်နှင့်မတူဘဲ မဆင်မခြင်နှင့် အထိန်းအကွပ်ကင်းမဲ့သောဓားသမားနှင့် ပိုတူပေသည်။
ညီအကိုနှစ်ယောက်စလုံးသည် အလွန်ကြည့်ကောင်းကြပေ၏။ တစ်ယောက်သည် ခံ့ညားပြီး တည်ငြိမ်ကာ အခြားတစ်ယောက်မှာမူ သိမ့်မွေ့ပြီး ကျက်သရေရှိသည်။ အမှန်တကယ်ပင် သူတို့သည် လူအများ၏ နဂါးနှင့်ဖီးနစ်ပင်။
"နောက်ဆုံးတော့ ဆရာကြီးရွှမ်ချင်း ရောက်လာပြီ"
ပိုင်ထျန်းရွေ့က ရယ်မောလိုက်ပြီး "မင်းကို စောင့်နေရတာ ဒီမင်းသားတို့ တော်တော် ဒုက္ခရောက်တယ်"
"အော်မီထော်ဖော်"
ရွှမ်ချင်းသည် လက်အုပ်ချီလိုက်ပြီး ပိုင်ထျန်းရွေ့ကို လျစ်လျူရှုကာ ပိုင်ကျင့်လွင်ကိုသာ တိုက်ရိုက်ပြောလိုက်သည်။
"ဘုရင်မင်းမြတ် တော်ဝင်မင်းသားတွေနဲ့ မင်းသမီးက အခု ဘယ်မှာလဲ ဒီဘုန်းကြီးက အခုချက်ချင်း သွားကြည့်လိုက်ပါ့မယ်"
ပိုင်ကျင့်လွင်က ပြန်ဖြေလိုက်သည်။
"သူတို့ ဘေးက အိပ်ခန်းထဲမှာ ရှိတယ်"
ထို့နောက် မတ်တပ်ထရပ်ကာ “ကျန်း မင်းနဲ့လိုက်ခဲ့မယ်"
[ ကျန်း - ငါကိုယ်တော် ]
"ကောင်းပါပြီ"
ရွှမ်ချင်းက ပြောလိုက်ပြီးသည်နှင့် ရုတ်တရက် သူ့ဘေးတွင် ရပ်နေသော လင်းရုဖေးအား ဖိတ်ခေါ်လိုက်သည်။
" လင်းကုန်းဇီရော သွားကြည့်ချင်လား"
လင်းရုဖေးက ခဏမျှ တုံ့ဆိုင်းသွားကာ “အဲဒါ... ...”
၎င်းသည် တော်ဝင်မိသားစု၏ လျှို့ဝှက်ကိစ္စဖြစ်ပြီး သူ့အတွက် ပြင်ပလူအနေဖြင့် ပါဝင်ပါတ်သတ်ရန် မကောင်းပေ။
လင်းရုဖေး ထိုကဲ့သို့တွေးနေစဥ် ဘေးတွင်ထိုင်နေသော ပိုင်ထျန်းရွေ့သည် ရုတ်တရက်ထပြီး သူ့နံဘေးသို့ လျှောက်လာသည်။ သူသည် လင်းရုဖေးကို အသိမိတ်ဆွေများကဲ့သို့ ပြုမူကာ သူ့လက်ကို လင်းရုဖေး ပခုံးပေါ် ညင်သာစွာ တင်လိုက်သည်။
သူကပြုံးလိုက်ပြီး : "လင်းကုန်းဇီ စည်းမျဥ်းစည်းကမ်းတွေနဲ့ ကိုက်ညီနေစရာမလိုပါဘူး ငါတို့ ပိုင်မိသားစုရဲ့ ဆက်ဆံရေးက အရမ်းကောင်းပါတယ် မိသားစုတစ်စုက စကား နှစ်မျိုး မပြောတတ်ဘူး စိတ်ဝင်စားရင် သွားကြည့်လို့ရပါတယ် မထိခိုက်နိုင်ပါဘူး"
ပိုင်ထျန်းရွေ့၏တရင်းတနှီးပြောသော စကားများကြောင့် လင်းရုဖေး စိတ်ရှုပ်ထွေးသွားသည်။ သို့သော်လည်း လက်ရှိဧကရာဇ် ပိုင်ကျင့်လွင်ကလည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
စကားများများပြောပြီးပြီဖြစ်သောကြောင့် သူသာထပ်ငြင်းနေပါလျှင် လင်းရူဖေးသည် အသိဉာဏ်မရှိသူသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ နောက်ဆုံးတွင် သူ သဘောတူရုံသာတတ်နိုင်တော့သည်။ သူသည် ရွှမ်ချင်းနှင့် အခြားလူများနောက်မှ လိုက်ကာ အိပ်ခန်းများဆီသို့ လျှောက်သွားလိုက်သည်။
ပိုင်ထျန်းရွေ့က လင်းရုဖေးကို စိတ်ဝင်တစားကြည့်ကာ လင်းရုဖေး အသက် ဘယ်လောက်ရှိပြီလဲ၊ ခွန်းလွန်ကနေ ဒီကိုရောက်ဖို့ အချိန်ဘယ်လောက်ကြာလဲ၊ ရွှမ်ချင်းနှင့်သူ ဘယ်လိုတွေ့ဆုံခဲ့လဲ အစရှိသကဲ့သို့ မေးခွန်းတစ်ခု သို့မဟုတ် နှစ်ခုကို ရံဖန်ရံခါ မေးလေသည်။ လင်းရုဖေးက ပြန်ဖြေနိုင်သည့်မေးခွန်းများဆိုလျှင် ပြန်ဖြေပြီး မဖြေနိုင်သည့် မေးခွန်းများဆိုလျှင် လင်းရုဖေးက မရေမရာ ဖယ်ရှားပြီး ကျော်ခွသွားလိုက်သည်။ ထိုမေးခွန်းမေးခြင်းနှင့် ဖြေဆိုခြင်းသည် စကားစမြည်ပြောခြင်းကဲ့သို့ လုံးဝမခံစားရဘဲ တင်ပြချက်တစ်ခုလိုပင် ခံစားလာရ၏။
အဆုံးတွင် သူ့ဘေးနားရှိ ရွှမ်ချင်းသည် သည်းမခံနိုင်တော့ပေ။ လင်းရုဖေးသည် ခံစားလွယ်ပြီး တိုက်ပွဲများစွာတွင် အတွေ့အကြုံရှိပြီး ယခု အိမ်ပြန်လာသည့် ခြေသလုံးအိမ်တိုင်သမားဖြစ်သူ ပိုင်ထျန်းရွေ့နှင့် ပတ်သက်၍ လင်းရုဖေး ဘာမျှမလုပ်နိုင်ကြောင်း သူသိသည်။ သူသည် ပါးစပ်ကို ဟလိုက်ပြီး လင်းရုဖေးသည် လင်းမိသားစု၏ နှလုံးသည်းညှာလေးဖြစ်သောကြောင့် ပိုဂရုစိုက်ပေးရန် ပိုင်ထျန်းရွေ့ကို ပြောလိုက်သည်။ သူသာ လင်းပျန့်ယွီကို ဆင့်ခေါ်လိုက်လျှင် တန့်ရှောင်မြို့တစ်ခုလုံး ဒုက္ခရောက်သွားနိုင်ကြောင်းကိုပါ အသားပေးပြောလိုက်သည်။
ပိုင်ထျန်းရွေ့က စုတ်သတ်လိုက်ပြီး "ရွှမ်ချင်း မင်းမှားနေပြီ ငါက လင်းကုန်းဇီနဲ့ စကားစမြည်ပြောနေရုံပဲ ဘာလို့ မင်းက အရမ်းစိတ်တိုနေရတာလဲ"
ရွှမ်ချင်းသည် သူ့ကို မျက်ဆံလှန်ပြလုနီးပါးပင်။
"လင်းကုန်းဇီက စိတ်ခံစားလွယ်တာကြောင့် အရှက်မဲ့တဲ့ပုံစံကို ဆက်ပြီး လျှောက်ပြနေနဲ့တော့"
ပိုင်ထျန်းရွေ့က သက်ပြင်းရှည်ကြီးထုတ်လိုက်ပြီး အထီးကျန်ဆန်သည့်ပုံဟန်ဆောင်လိုက်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ဖန်ပြန်ပေါ်လာပြီး ကြုံရာကျပန်းအရာတွေအကြောင်း လင်းရုဖေးနှင့် ဆက်ပြောနေပြန်သည်။
လင်းရုဖေးသည် သဘောသဘာဝအရ နူးညံ့သိမ်မွေ့တတ်သူဖြစ်သဖြင့် စိတ်မရှည်ဖြစ်ခြင်းမျိုးကို မခံစားရပေ။ လင်းရုဖေးသည် သူ့မေးခွန်းများကို လမ်းတစ်လျှောက်ဖြေဆိုလာပြီး အိပ်ခန်းအဝင်ပေါက်ကို ရောက်သောအခါ ပိုင်ထျန်းရွေ့က သူ့အသံကို ရုတ်တရပ် ရပ်လိုက်ပြီး အလေးအနက်ပုံစံဖြစ်သွားသည်။
ဤလမ်းတစ်လျှေက်တွင် ပိုင်ကျင့်လွင်သည် အစမှအဆုံးထိ စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ တံခါးဖွင့်ရန် သူ့လက်အောက်ငယ်သားများကို အချက်ပြပြီး အခန်းထဲသို့ ပထမဆုံး ခြေလှမ်း လှမ်း၀င်လိုက်၏။
အခန်းကို အတွင်းရော အပြင်ကပါ စစ်သားများက စောင့်ကြပ်ထားသည်။ ထိုင်ခုံရှည်အိပ်ယာတစ်ခုကိုပင် တင်းမာသော မျက်နှာထားရှိသည့် အစောင့်နှစ်ယောက်က စောင့်ကြပ်ထားသည်။ သူတို့သည် အုပ်စုလိုက် ဝင်လာသည်ကို မြင်လိုက်ရမှသာ ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်သွားသည်။
ဤနေရာသည် ခြင်များပင် မပျံနိုင်လောက်အောင် တင်းတင်းကြပ်ကြပ် စောင့်ကြပ်ခံထားရသည်။ ထို့အပြင် ပိုင်ထျန်းရွေ့ကဲ့သို့ အဋ္ဌမအဆကျင့်ကြံသူ တစ်ဦးပင် စောင့်ကြည့်နေချိန်တွင် တစ်စုံတစ်ရာ မည်ကဲ့သို့ မှားယွင်းနိုင်မည်နည်း။ ဤမေးခွန်းသည် လင်းရုဖေး၏ စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။
ထို့နောက် သူ အခန်းထဲကို တစ်ချက်ကြည့်လိုက်သည်။ မနီးမဝေး ကုတင်ပေါ်တွင် ဝတ်စုံရှည်နှင့်လှပသော မိန်းမပျိုလေးတစ်ဦးသည် အိပ်ပျော်နေသည်။
ရွှမ်ချင်းသည် လေးနက်သောအမူအရာဖြင့် လျှောက်သွားပြီး ဂရုတစိုက်စစ်ဆေးပြီးနောက် “အရှင်မင်းသမီး မေ့မြောနေတာ ဘယ်လောက်ကြာပြီလဲ"
"သုံးဆယ့်လေးရက် ရှိပြီ" ပိုင်ထျန်းရွေ့က ပြန်ဖြေသည်။
"ကိုယ်တော်ကို အသေးစိတ်ပြောပြပေးပါ" ရွှမ်ချင်း ထပ်ပြောလိုက်သည်။
"ပြီးခဲ့တဲ့လရဲ့ ငါးရက်မြောက်နေ့မှာ"
ပိုင်ထျန်းရွေ့က စတင်ပြောပြလာသည်။
“အစက သူမအဖေရဲ့နောက်ကွယ်မှာ ကစားဖို့ မော့မော့က အစေခံတချို့ကို နန်းတော်ထဲက ခေါ်သွားချင်ပေမယ့် အပြင်မထွက်ခင်မှာ သူမကို ရှာတွေ့သွားပြီး အတင်းအကြပ် ပြန်ခေါ်သွားခံခဲ့ရတယ်”
သူသည် ကုတင်ပေါ်တွင် အချိန်အတော်ကြာ သတိလစ်နေသော မိန်းကလေးကို ကြည့်ပြီး ဆက်ပြောလာသည်။
“အဲဒီနောက်မှာတော့ ဘယ်မှာမှ ရှာမတွေ့တော့ဘဲ ပြန်တွေ့တဲ့ အချိန်မှာ သတိလစ်နေပြီ"
"သူမကို ဘယ်မှာတွေ့ခဲ့တာလဲ" ရွှမ်ချင်းက မေးလိုက်သည်။
"ဧကရာဇ်ဥယျာဉ်ထဲက ဇီးသီးပင်အောက်မှာ"
ပိုင်ထျန်းရွေ့သည် ကုတင်အစွန်းမှာထိုင်ပြီး မင်းသမီးလေး၏ဆံပင်ကို သပ်တင်ပေးလိုက်သည်။
သို့သော် သူ့အသံက အနည်းငယ်အေးစက်နေပြီး “သူမကိုရှာတွေ့တဲ့အချိန်မှာ အစေခံမိန်းကလေးက သူ့ဘေးနားမှာပဲ သေနေပြီ... ..."
ရွှမ်ချင်းသည် မျက်ခုံးကို တွန့်လိုက်ပြီး “အဲဒီနောက်ပိုင်းကိစ္စတွေကို အသေးစိတ်ပြောပြပေး"
ထို့နောက် ပိုင်ထျန်းရွေ့သည် မော့မော့ဟု ချစ်စနိုးအမည်ရသော တတိယမင်းသမီးလေး မေ့မြောသွားပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို ပြောပြခဲ့၏။
ထိုအချိန်တုန်းက မော့မော့ကို သစ္စာဖောက်တစ်ဦးမှ သတ်ဖြတ်ပြီး အမည်မသိအဆိပ်ဖြင့် အဆိပ်ခတ်ခံလိုက်ရသည်ဟု ထင်ခဲ့ကြသောကြောင့် နန်းတော်တစ်ခုလုံး သံသယဖြစ်ဖွယ်လူများကို ရှာဖွေခဲ့ကြသည်။ သို့သော် သူတို့ ရှာဖွေနေတုန်းမှာပင် တခြားမင်းသားများသည်လည်း ဒုက္ခရောက်နေခဲ့သည်ကို မည်သူသိမည်နည်း။ ပထမအဖြစ်အပျက်သည် ဒုတိယမင်းသားဖြစ်သည်။
သူသည်သူ့အိမ်တော်တွင် အနားယူနေသော်လည်း ရုတ်တရက် ညလယ်တွင် သူ့အိမ်တော်ထဲသို့ တစ်စုံတစ်ခု ကျူးကျော်ဝင်ရောက်လာကာ သူသည် အိပ်ရာထဲတွင် အရှင်လတ်လတ် လည်ပင်းညှစ်ခံရလုနီးပါး ဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာပင် မီးခွက်ကိုင်ကာ ဖြတ်သွားသော အစေခံတစ်ဦးသည် အခန်းတွင်း ဆူပူသံကိုကြား၍ ပြေးဝင်သွားကာ မင်းသားကို ကယ်တင်နိုင်ခဲ့သည်။ သို့သော် မင်းသားရော အစေခံပါ ကျူးလွန်သူ၏ မျက်နှာကို မမြင်ခဲ့ကြပေ။
နန်းတော်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားကာ ဧကရာဇ်မင်းသည် မင်းသမီးများနှင့် မင်းသားအားလုံးကို စောင့်ကြည့်ရန် နောက်ထပ်အစောင့်အကြပ်များ စေလွှတ်ခဲ့သည်။
သို့သော် ထိုသို့ပြုလုပ်ထားသည်တောင်မှ တစ်စုံတစ်ရာသည် ဖြစ်ပျက်နေတုန်းပင်။
အငယ်ဆုံး ဆဋ္ဌမမြောက်မင်းသားလေးသည် ညဘက် ရေချိုးနေစဉ် သူ့နောက်မှ လူတစ်ဦးသည် ရုတ်တရက် ပေါ်လာပြီး ခေါင်းကို ရေကန်ထဲသို့ ဖိခြင်းခံခဲ့ရသည်။ ရေကန်တွင် ရေနည်းနည်းသာရှိပြီး ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် အန္တရာယ်မဖြစ်နိုင်သော်လည်း ထိုသို့သောဖြစ်ရပ်မျိုးကို မည်သူမျှ မမျှော်လင့်ထားပေ။ ဆဋ္ဌမမင်းသားသည် အစွမ်းကုန်ရုန်းကန်ပြီး သူ့ဘေးတွင် ထားရှိသော ကြေးမှန်ကို ခေါက်လိုက်သည်။ ယင်းကြောင့် ရေနစ်သေဆုံးခြင်းမှ ကယ်ဆယ်ရန် ရောက်ရှိလာသော အစောင့်များကို သတိပေးနိုင်ခဲ့သည်။
သို့သော် အစောင့်များ၏အဆိုအရ အိမ်တော်ထဲတွင် ဆဋ္ဌမမင်းသားလေးကိုသာ တွေ့ရပြီး လူသတ်သမား မပြောနှင့် သူ့နောက်တွင် မည်သည့်အရာမျှ ရှိမနေပေ။
တစ်ကြိမ်သာဖြစ်လျှင် တိုက်ဆိုင်မှုဟု ပြော၍ရနိုင်သည်။ သို့သော်လည်း မတော်တဆမှုများသည် တစ်ခုပြီးတစ်ခု ဖြစ်ပွားလာသည်နှင့်အမျှ မည်သူမျှ မိမိကိုယ်ကို လှည့်စား၍မရနိုင်တော့ပေ။ တော်ဝင်မျိုးနွယ် အမွေဆက်ခံသူများအပေါ် တိုက်ခိုက်လိုသည့် တစ်စုံတစ်ယောက်ရှိနေသည်မှာ ဧကန်မုချပင်။
သို့သော် သူတို့ မည်သို့ပင် ရှာဖွေခဲ့ပါစေ ထိုအရာ၏ အထောက်အထား အနည်းငယ်ကိုမျှ ရှာမတွေ့ခဲ့ပေ။ အဆင့်ရှစ်ကျင့်ကြံသူ၊ အားကောင်းသည့် ပိုင်ထျန်းရွေ့ပင်လျှင် အလှပြထားသည့် အဆင်တန်ဆာတစ်ခုကဲ့သို့ပင် ဖြစ်လာပုံရပြီး သဲလွန်စတစ်ခုမျှပင် မရှာနိုင်ခဲ့ပေ။
စိတ်ပျက်အားငယ်စွာဖြင့် သူတို့သည် ရွှမ်ချင်းကို လာရောက်ရန် တောင်းဆိုခဲ့ရသည်။ သူတို့ကို ကူညီပေးရန် ရွှမ်ချင်းကို အလိုရှိကြပေ၏။
ပိုင်ထျန်းရွေ့၏ဖော်ပြချက်ကို နားထောင်ပြီးနောက် ရွှမ်ချင်းသည် ကျန်နေသည့်မင်းသားများနှင့် မင်းသမီးများ ဘယ်မှာရှိသနည်းဟု မေးလိုက်သည်။
“အစတုန်းကတော့ သူတို့ကို အကုန်အတူတူစုရုံးထားပြီး ကာကွယ်ပေးချင်ခဲ့တယ်”
ပိုင်ထျန်းရွေ့ကဆက်၍ဆိုသည်။
"ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က နောက်ထပ် မတော်တဆမှုတစ်ခု ဖြစ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ"
ရွှမ်ချင်းက မေးလိုက်သည်။
“သွေးစွန်းနေတဲ့ လက်ဗွေရာတွေလား"
"ဟုတ်တယ်"
ပိုင်ထျန်းရွေ့က လေးနက်သော အသံဖြင့် ပြန်ဖြေသည်။
"အရှင်မင်းမြတ်ရဲ့အိပ်ခန်းထဲမှာ သွေးစွန်းနေတဲ့ လက်ဗွေရာတွေ တန်းစီရှိနေတယ် အဲဒီအချိန်တုန်းက ငါ ဘေးအခန်းမှာ ရှိနေပေမဲ့ ဘာမှ မခံစားမိခဲ့ဘူး"
ရွှမ်ချင်းသည် လေးလေးနက်နက် တွေးပြီး "အဲဒါပြီးတော့ရော ဘာဆက်ဖြစ်သေးလဲ"
"နောက်ပြီးတော့လား"
ပိုင်ထျန်းရွေ့သည် သူ့လက်တွေကို ဖြန့်ပြီး "အဲ့ဒါပြီးတော့ ငါ အများကြီး မကူညီနိုင်ဘူးဆိုတာ သိလိုက်ရတယ် နန်းတော်ထဲမှာ ပုန်းနေတဲ့ ကောင်လေးတချို့ကို အိမ်ပြန်ဖို့ မောင်းထုတ်ရုံပဲ တတ်နိုင်ခဲ့တယ်"
ကံကောင်းထောက်မစွာ အရှင်မင်းမြတ်၌ ကြီးကြီးမားမား ဖြစ်ပျက်ခဲ့တာ တစ်ခုမှမရှိခဲ့ပေ။ မဟုတ်ပါလျှင် အမှန်တကယ် ပြဿနာဖြစ်သွားပေလိမ့်မည်။
ဧကရာဇ်၏ထီးနန်းဆက်ခံမည့်သူများသည် မင်းသမီးနှစ်ပါးနှင့် မင်းသားလေးပါး၊ စုစုပေါင်း ခြောက်ဦးရှိသည်။ ထို့အပြင် ယခုအချိန်တွင် သူတို့ထဲမှသုံးဦးသည် မတော်တဆမှုများနှင့် ကြုံလာရသောကြောင့် ဧကရာဇ်က မည်ကဲ့သို့ စိတ်မပူဘဲ နေနိုင်မည်နည်း။
“အဲဒီအရာက သဲလွန်စမရှိဘဲ ပေါ်ထွက်လာတတ်တာကြောင့် တကယ့်ကို ဒုက္ခရောက်စေတယ်”
ပိုင်ထျန်းရွေ့ကဆက်ပြီး “ဒီတော့...ဆရာကြီးရွှမ်ချင်းကို နည်းနည်းလောက် ဒုက္ခရောက်အောင် လုပ်ရမှာပေါ့"
ရွှမ်ချင်းသည် မျက်လုံးများကို အနည်းငယ်မှိတ်လိုက်ပြီး တစ်ခုခုကို တွေးနေပုံရသည်။
လင်းရုဖေးက ကုတင်ပေါ်ရှိ သတိလစ်နေသော မင်းသမီးကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။
"ကျွန်တော့်မှာ မေးစရာရှိတယ် မေးသင့်လား မမေးသင့်လားဆိုတာတော့ ကျွန်တော် မသိဘူး"
"ကျေးဇူးပြုပြီး ပြောပါ လင်းကုန်းဇီ"
ပိုင်ကျင့်လွင်က ပြောလိုက်သည်။
"အရှင်မင်းသမီးကို ဘာအရာက ထိခိုက်စေတာလဲ ဘာလို့ အဲဒါကို 'အရာဝတ္ထု' လို့ ခေါ်တာလဲ"
လင်းရုဖေးသည် အလွန်ထူးဆန်းနေသည်ဟု ခံစားမိသည်။ သာမာန်အခြေအနေအရ ပြစ်မှုကျူးလွန်သူလို့ မခေါ်သင့်ဘူးလား။ ယခု သူတို့ပြောနေကြသည့်အတိုင်းဆို ရည်ညွှန်းဦးတည်သည့် နည်းလမ်းသည်လည်း ပြောင်းလဲသွားပေပြီ။
ပိုင်ကျင့်လွင်၏မျက်လုံးများ မည်းမှောင်သွားပြီး စကားမပြောမီ ခဏလောက် ငြိမ်သက်သွားသည်။
"ဘာလို့လဲဆိုတော့ အဲဒါကို ဘယ်လူသားကမှ လုပ်နိုင်မှာမဟုတ်ဘူး"
“အဲဒါက အတိအကျ မှန်တာတော့မဟုတ်ဘူး”
ရွှမ်ချင်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ကမ္ဘာပေါ်မှာ ထူးဆန်းတာတစ်ခုမှ မရှိဘူး ပြီးတော့ အဲဒါကို လုပ်နိုင်တဲ့လူ နှစ်ယောက် သုံးယောက်လောက်ကို ငါရေတွက်လို့ရတယ်"
"ဥပမာအနေနဲ့ဆိုရင်ရော" ပိုင်ကျင့်လွင်က မေးလိုက်သည်။
ရွှမ်ချင်းသည် လင်းရုဖေးကိုကြည့်ပြီး "ခွန်းလွန်မိသားစုရဲ့ လင်းပျန့်ယွီ ယွီနန်ဟယ့်မိသားစု ဟယ့်ရှဲ့ယိ နန်ယင်းဘုရားကျောင်းက ညီအစ်ကို တချို့လည်း ရှိသေးတယ်... ...ဒါပေမယ့် သူတို့ကို ထည့်ပြောနေဖို့တော့ မထိုက်တန်ပါဘူး"
"ဒါပေမယ့် သူတို့က တာ့ကျင့်မှာ ရှိမနေဘူးလေ"
ပိုင်ထျန်းရွေ့သည် အေးစက်စွာ အငြင်းစကားဆိုလိုက်ပြီး “ဒါ့အပြင် ငါက ဒီမှာ ရှိနေသေးတယ် သူတို့လာမယ်ဆိုရင် ငါသေချာပေါက် သိတယ်"
ရွှမ်ချင်းသည် အငြင်းစကားကို စိတ်မဆိုးဘဲ ခေါင်းခါပြပြီး "ကျွန်တော်က ဒီလိုလုပ်နိုင်တဲ့သူကို ဥပမာတစ်ခုအနေနဲ့ ပြောပြပေးတာပါ"
ပိုင်ထျန်းရွေ့က လက်ပိုက်ပြီး ပြုံးလိုက်သည်။ ထိုအပြုံးသည် အလွန်တောက်ပနေသော်လည်း ရွှမ်ချင်းသည် သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး 'ထျန်းရွေ့ ထျန်းရွေ့ ငါ့ကို စိတ်ဆိုးဖို့အတွက် အလျင်စလိုမလုပ်နဲ့ ဒါကို အရင်ရှင်းရအောင် ဒါဆို မင်းစိတ်ဆိုးဖို့ အချိန်မနှောင်းသေးဘူး'
သူသည် ဤမင်းသားအကြောင်းကို အလွန်ရှင်းလင်းစွာ သိပြီး တစ်ချက်ကြည့်ရုံနှင့်တင် သူ သေချာပေါက် မပျော်မရွှင်ဖြစ်နေပြီဆိုတာကို သူ သိပေသည်။
ပိုင်ထျန်းရွေ့က ထိုစကားကိုကြားသောအခါ သူ၏မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး စကားမပြောတော့ပေ။ သူသည် ဖိတ်ခေါ်သည့်အမူအရာနှင့် သူ့လက်ကို ရွှမ်ချင်းဆီ ဖြန့်လိုက်သည်။
ပိုင်ကျင့်လွင်သည် မျက်မှောင်ကြုတ်လိုက်ပြီး “ထျန်းရွေ့ ဆရာကြီးကို မလေးမစား မလုပ်နဲ့"
ရွှမ်ချင်းသည် စိတ်မဝင်စားစွာ ပြောလာသည်။
"ပြဿနာမရှိပါဘူး ပြဿနာမရှိပါဘူး"
သူက ခေါင်းလှည့်ပြီး တတိယမင်းသမီးကို ပြောလိုက်သည်။ "တောင်းပန်ပါတယ်[1]"
ထို့နောက် သူသည် ငုံ့၍ မင်းသမီး၏ လက်ကောက်ဝတ်ကို ဆွဲယူလိုက်ပြီး သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
[1] - ဆိုရရင် ဤနေရာတွင် စော်ကားမှုအတွက် တောင်းပန်ရခြင်းမှာ တရုတ်ယဉ်ကျေးမှုတွင် ယောက်ျားလေးများနှင့် မိန်းကလေးများသည် တစ်ဦးနှင့်တစ်ဦး ထိကိုင်ချင်သလိုထိကိုင်၍မရသောကြောင့် ဖြစ်သည်။
လင်းရုဖေးသည် ဤအချိန်ကို အခွင့်ကောင်းယူပြီး အခန်းတွင်းရှိ ပရိဘောဂများအားလုံးကို ကြည့်ရှု့စစ်ဆေးလိုက်သည်။ ဖြစ်နိုင်သည်မှာ အခန်းထဲတွင် လူများ ပုန်းနေမည်ကို ကြောက်ရွံ့သောကြောင့် ပရိဘောဂများအားလုံးကို အပြင်ရွှေ့လိုက်ပြီး ချည်ချောအထည်နှင့် ခင်းထားသည့် ပျော့ပျောင်းသော အိပ်ရာတစ်ခုသာ ကျန်ရှိတော့သည်။ ပြတင်းပေါက်များ ပိတ်ထားပြီး အခန်းတွင်းရှိ အလင်းရင်းမြစ်သည် အလွန်ကောင်းမွန်မနေပေ။ ကံကောင်းထောက်မစွာဖြင့် ထောင့်များတွင် ဖယောင်းတိုင်များစွာထွန်းထားသောကြောင့် အလွန်မှောင်နေခြင်း မဟုတ်ပေ။ အခန်းအတွင်းရော အပြင်မှာပါ အစောင့်များတစ်ဒါဇင်ကျော် စောင့်ကြပ်ထားသည်။ သူ့ဒုတိယအစ်ကိုကဲ့သို့ ကျင့်ကြံဆင့်ရှိသည့် ဓားသမားတစ်ယောက်အတွက်တောင် မင်းသမီးလေးကို မည်သူ့ကိုမျှ အသိမပေးဘဲ တိတ်တိတ်ဆိတ်ဆိတ်နှင့် သတ်ပစ်ရန်ဆိုသည်မှာ လွယ်ကူသည့်အလုပ်တစ်ခုတော့ မဟုတ်ပေ။
' ဒါဆို ဘယ်သူဖြစ်နိုင်မလဲ... ပြီးတော့ ကုရွှမ်းတု လိုအပ်သောအရာနှင့် ပတ်သက်မှုရှိလား '
လင်းရုဖေးတစ်ယောက် တွေးတောနေစဉ်တွင် "ထူးဆန်းတယ်" ဟူသော ရွှမ်ချင်း၏အသံကို ကြားလိုက်ရသည်။
"ဘာထူးဆန်းတာလဲ" ပိုင်ထျန်းရွေ့ မေးလိုက်သည်။
"မင်းသမီးလေးရဲ့ ဝိညာဉ်က နဂိုအတိုင်းပဲ သူ့ခန္ဓာကိုယ်ထဲက သွေးပြန်ကြောတွေက ပုံမှန်စီးဆင်းနေပြီး ထူးဆန်းတဲ့ အဆိပ်လည်း မရှိဘူး"
ရွှမ်ချင်းသည် မျက်တောင်ခတ်လိုက်ပြီး "သူမသာ သတိမေ့နေတာမဟုတ်ရင် သာမာန်လူတစ်ယောက်လိုပဲလို့ ပြောလို့ရတယ်"
"အဆိပ်မရှိဘူးလား"
ပိုင်ထျန်းရွေ့က မျက်ခုံးပင့်လိုက်ပြီး "သေချာလို့လား"
ရွှမ်ချင်းက အခိုင်အမာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို သူဘာလို့ အိပ်နေတာလဲ"
ပိုင်ကျင့်လွင်သည် သူ့သမီးလေးကို အတော်ချစ်ပုံရပြီး သူ့လေသံသည် အနည်းငယ် စိတ်ဒုက္ခရောက်နေပုံပေါ်၏။
ရွှမ်ချင်းက ပြန်စဥ်းစားလိုက်ပြီး “ဒါကိုတော့ လောလောဆယ် မပြောနိုင်သေးဘူး အခြားထိခိုက်ထားတဲ့ မင်းသားတွေရော ဒီမှာရှိလား"
"သူတို့အားလုံးက ဘေးအခန်းမှာရှိတယ်"
ပိုင်ထျန်းရွေ့က ဖြေလိုက်သည်။
"ဒါဆို သွားကြည့်ရအောင်" ရွှမ်ချင်း လှည့်ထွက်သွားသည်။
လင်းရုဖေးလည်း လိုက်သွားနေရင်းမှ မင်းသမီးလေးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ မင်းသမီးလေးသည် ရိုးရိုးအိပ်ပျော်နေသကဲ့သို့ ပျော့ပျောင်းသော ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ သူမ၏ မျက်နှာသည် သာမန်လူများနှင့် ကွာခြားခြင်းမရှိပေ။ ဖြူဖျော့သော သူ့မျက်နှာနှင့်ယှဉ်လျှင် ပို၍ပင် ပန်းနုရောင် သန်းနေသည်။ ရွှမ်ချင်းပြောသည်မှာ မှန်သည်။ မင်းသမီးလေးသာ မေ့မြောနေသည်ဟု သူတို့မပြောလျှင် သူမသည် မတော်တဆထိခိုက်မိသည်ဟု မည်သူမျှ ထင်မိမည်မဟုတ်ပေ။
ယခုကိစ္စတွင် တတိယမင်းသမီးလေးသည် အတိအကျ ဘာဖြစ်သွားခဲ့တာလဲ... ...။
___
Translated By IQ-Team.