အပိုင်း (၃၀)
Viewers 5k

ကျန်းမြောင်မြောင်က ထွက်သွားချင်သော်လည်း သူမ မျက်လုံးရှေ့တွင် ဘယ်ကနေ ထွက်လာမှန်းမသိသည့် တစ်စုံတစ်ခုက ဟိုဘက်ယမ်းလိုက်ဒီဘက်ယမ်းလိုက် ရှိနေခဲ့သည်။



ထိုအရာဝတ္ထုကို ရှင်းလင်းစွာ မြင်ရပြီးနောက် သူမ မျက်လုံးများက ပြူးကျယ်လာသည်။



၎င်းက တလက်လက်တောက်ပနေသည့် စိန်လည်ဆွဲတစ်ကုံးဖြစ်သည်။



လုချီမင်က ပြောလိုက်၏။ "အပြန်လမ်းမှာ ရတနာဆိုင်တစ်ခုကို ဖြတ်လျှောက်သွားတုန်း ဒီဟာကို မြင်လိုက်တာ။ ဒါက အရမ်းလှပေမယ့် ကောင်တာပေါ်မှာ ဖုန်တွေတက်ပြီးရှိနေရတာ နှမြောဖို့ကောင်းလို့ ယူလာခဲ့လိုက်တယ်။ မင်း ကြိုက်ရဲ့လား။"


ကျန်းမြောင်မြောင်က ကြိုက်ရုံတင်မဟုတ်ဘဲ ထိုလည်ဆွဲကို သေလောက်အောင် ချစ်တာဖြစ်သည်။


သူမ၏ သူငယ်ချင်းများက သူမကို နဂါးမနှင့် တူသည်ဟု ပြောကြသည်။ သူမ ရှော့ပင်းထွက်သည့်အခါတိုင်း တောက်တောက်ပပနှင့် လှပသည့် အရာများကို တွေ့သည့်အခါ လမ်းလျှောက်နေခြင်းအား ရပ်တန့်ပစ်လိုက်လိမ့်မည် ဖြစ်သည်။


သို့သော် ယခုမှာ ကမ္ဘာကြီး၏ အဆုံးသတ်ဖြစ်နေသောကြောင့် စားနိုင်သောက်နိုင်လျှင်ပင် ကံကောင်းနေပြီဖြစ်သည့်အတွက် ထိုကဲ့သို့သော ဝါသနာမျိုးကို သူမက စိတ်ထဲမှ ထုတ်ကာ မေ့ပစ်ထားလိုက်သည်မှာ ကြာလှပြီ ဖြစ်သည်။


အံ့အားသင့်ဖွယ်ကောင်းစွာနှင့် လုချီမင်က ဤလည်ဆွဲနှင့်အတူ ပြန်လာမည်ဟု မည်သူက ထင်ပါမည်နည်း။ (T/N: ပိုးကြေးပန်းကြေးတွေပေးကုန်ပြီ အဟိ)


ကျန်းမြောင်မြောင်က လည်ဆွဲကို ထပ်မကြည့်မိစေရန် သူမကိုယ်သူမ ခက်ခက်ခဲခဲ ထိန်းချုပ်ထားလိုက်သည်။



"မကြိုက်ဘူး။"



"အဲဒီလိုလား။ မင်း မကြိုက်ဘူးဆိုတော့လည်း လွှင့်ပစ်လိုက်တာပေါ့။"



လုချီမင်က ပြတင်းပေါက်နားသို့ သွားကာ လည်ဆွဲအား လွှင့်ပစ်ရန် တံခါးဖွင့်ဟန် ပြင်လိုက်သည်။



သူမက အလျင်အမြန် လိုက်သွားကာ လည်ဆွဲကို ဆွဲလု၍ ​ဒေါသတကြီးပြောလိုက်၏။ "သွားစား။ ပြည့်အင့်ပြီး သေလောက်တဲ့အထိသာစား။"



လုချီမင်က သူ့ဆန္ဒပြည့်သွားသဖြင့် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။



"မင်း ဝတ်ဖို့အတွက် ကူညီပေးရမလား။"



ကျန်းမြောင်မြောင်က ခေါင်းယမ်းလိုက်ပြီး လည်ဆွဲကို သဘောကျစွာနှင့် ကိုင်ထားခဲ့သည်။



လုချီမင်က ပန်းကန်လုံးထဲသို့ သူပြောခဲ့သည့် 'ခေါက်ဆွဲပြုတ်' ကို လောင်းထည့်ကာ စားသောက်ရန် စားပွဲရှေ့ ထိုင်ချလိုက်သည်။


"အမြင်ဆိုးပေမယ့် အရသာက တော်တော်ကောင်းတယ်။ မင်း မစားဘူးလား။"



သူမက လည်ဆွဲကို နေရောင်အောက်တွင် ထားကာ အသေးစိတ်ကြည့်ရှုလိုက်သည်။ စိန်ကို ဖြတ်တောက်ထားသည့် နည်းလမ်းက ထူးခြားလှပြီး အလင်းက မရေတွက်နိုင်သည့် ထောင့်ပေါင်းစုံမှ ရောင်ပြန်ဟပ်နေကာ အထူးကောင်းမွန်တောက်ပနေသည်။ ထိုလည်ဆွဲက သူမ၏ အာရုံကို အပြည့်အဝဖမ်းစားထားလေရာ သူမတွင် လုချီမင်ကို ဂရုစိုက်ရန် အချိန်ရှိမနေပေ။



လုချီမင်က တစ်ပန်းကန်သောက်ပြီးသော်လည်း ဗိုက်မပြည့်သေးသောကြောင့် နောက်တစ်ပန်းကန် ထပ်ထည့်လိုက်သည်။



"မင်း အဲဒါတွေကို တကယ်ကြိုက်ရင် မနက်ဖြန် ငါနဲ့အတူ ရတနာဆိုင်ကို လိုက်ပြီး မင်း ကြိုက်တာမှန်သမျှ အကုန်ယူလို့ရတယ်။" 



ကျန်းမြောင်မြောင်သည် နောက်ဆုံး၌ ကြည့်လို့ဝသွားပြီဖြစ်ရာ သူမ အိတ်ထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။ ထို့နောက် သူမက ခေါင်းယမ်းလိုက်၏။


"ဒီလိုအချိန်အခါမျိုးမှာ ငါ ဒါတွေ ဝတ်ထားရင်တောင် သဘောကျပေးမယ့်သူ ဘယ်သူမှမရှိဘူး။ အလကားနေရာယူရုံပဲ အဖက်တင်လိမ့်မယ်။"



"ဘယ်သူပြောလဲ။ ငါ သဘောကျပေးနိုင်တယ်လေ။"



သူမက အံ့သြကာ အချိန်တစ်ခုထိ မှင်တက်နေပြီးမှ နှာခေါင်းရှုံ့ကာ သရော်လိုက်၏။



"နင် ငါ့ကို သဘောကျပေးမှာကို မလိုချင်ပါဘူး။ နင် အပြင်ကို ဒီလောက်အကြာကြီးသွားတာ။ ဘာတွေပြန်သယ်လာတာလဲ။"



သူက သူ့ပါးစပ်ကို အရင် လက်ညှိုးထိုးပြလိုက်သည်။ ထို့နောက် အခြားတစ်နေရာသို့ မေးငေါ့ရင်း ပြောလိုက်၏။ "ဟိုမှာ။ မင်းဘာသာသွားကြည့်။"


တံခါးနောက်တွင် တွန်းလှည်းအသစ်နှစ်ခုရှိပြီး ကျန်းမြောင်မြောင်က စစ်ဆေးကြည့်ရန် ထိုနေရာသို့ လျှောက်သွားလိုက်သည်။ သူမက အထဲ၌ စားသောက်စရာအသစ်တွေ အများကြီး ရှိနေမည်ဟု ထင်ခဲ့သော်လည်း အထဲ၌ ရှိနေသည့် ပစ္စည်းများအားလုံးက သံရိုက်တူများ၊ သံများ၊ သစ်သားဘုတ်များနှင့် လွှကြီးတစ်ခုပင် ပါသေးသည်။



သူမက လုချီမင်ကို ပြန်လှည့်ကြည့်ရင်း မေးလိုက်သည်။ "နင် ဘာလုပ်ဖို့ စီစဥ်နေတာလဲ။"



"ဇွန်ဘီလှိုင်းက မကြာခင်လာတော့မယ်။ ဒီလိုမျိုးကိုယ်ပိုင်အိမ်တွေက ထင်သလောက် မခိုင်ခံ့ဘူး။ တောင့်တင်းအောင် ပြန်လုပ်ဖို့လိုတယ်။"



"ဟုတ်လား။"



ကျန်းမြောင်မြောင်က လှည့်ပတ်ကြည့်လိုက်ကာ ထိုဗီလာက အတော်လေး ခိုင်ခံ့ကြောင်း ခံစားမိလိုက်သည်။ မဟုတ်လျှင် အပြင်ဘက်၌ နေ့တိုင်းသွားလာနေသည့် ကြယ်က​လေးက သူတို့ကို ဝင်ရောက်တိုက်ခိုက်ပြီး ဖြစ်နေပေလိမ့်မည်။



သို့ပေမယ့် သူက ထိုသို့ဆုံးဖြတ်ထားသည်ဖြစ်ရာ သူ့ကို လုပ်ခွင့်ပေးလိုက်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမက လက်တစ်ချောင်းပင် လှုပ်ရန် အလွန် ပျင်းရိနေပေသည်။


ကျန်းမြောင်မြောင်က လည်ဆွဲကို တစ်ခါထပ်၍ ထုတ်ကြည့်လိုက်ကာ သဘောကျကျေနပ်စွာဖြင့် သူမအခန်းသို့ ယူဆောင်သွားတော့သည်။ 



ထိုညတွင် လုချီမင်က တူနှင့် လွှကို သုံးကာ တဒုန်းဒုန်းတဒိုင်းဒိုင်း စတင်လုပ်ဆောင်တော့သည်။



အစပိုင်းတွင် ကျန်းမြောင်မြောင်က သူလုပ်နေသည့်အသံများကြောင့် ဇွန်ဘီများ ရောက်လာမည်ကို စိုးရိမ်နေခဲ့သည်။ နောက်ပိုင်း စူးစမ်းကြည့်ပြီးနောက် ဇွန်ဘီများက ထိုအသံကို မည်သို့မှမတုန့်ပြန်သည်အား တွေ့လိုက်ရသည်။ ထို့ကြောင့် သူတို့က စိတ်ပူနေခြင်းကို ရပ်တန့်လိုက်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ရင်း အလုပ်ရှုပ်နေကြတော့သည်။



သူမက Kindle ကို အားသွင်းရန် နေရောင်ခြည်စွမ်းအင်သုံးပါဝါဘန့်ခ်ကို အသုံးပြုခဲ့သည်။ ယခင်က သူမ E-book များကို download ဆွဲစဥ်က အချိန်မရှိသည့်အတွက် သေချာဂရုတစိုက် မရွေးချယ်ခဲ့ရပေ။ သူမသည် အခြေခံအားဖြင့် အရာအားလုံးကို download ဆွဲခဲ့ပေသည်။ သူမ မှတ်မိသည်မှာ မှန်လျှင် အသီးအရွက်စိုက်ပျိုးရေးလက်စွဲများနှင့် ဟင်းချက်နည်းစာအုပ်များလည်း ပါဝင်လိမ့်မည်။



ကျန်းမြောင်မြောင်က အိပ်ရာပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေပြီး စာမျက်နှာများကို ဖြေးညင်းစွာ ရွှေ့နေခဲ့သည်။ သေချာပေါက် ထိုစာအုပ်များရှိနေပြီး ငပျင်းများအတွက် အရသာရှိသော ဟင်းလျာ အမျိုး ၁၀၀ ချက်ပြုတ်နည်း ဟူသည့် စာအုပ်ပင် ရှိနေသေးသည်။



ငပျင်းများအတွင် ဟင်းလျာများလား။ သေချာပေါက် အဲဒါ သူမလို လူမျိုးတွေအတွက်ပဲ။


သူမက စိတ်အားထက်သန်စွာ ဖွင့်လိုက်ပြီး ပထမဆုံးတစ်ခုဖြစ်သည့် ငပျင်းကြက်တောင်ပံကို ကြည့်လိုက်သည်။



အဓိကပါဝင်ပစ္စည်း : ကြက်တောင်ပံ ၅၀၀ ဂရမ်။


မချက်ပြုတ်ခင်နယ်ထားရမည့် ဟင်းခတ်အမွှေးအကြိုင်များ :  



- ကြက်သွန်နီနှင့် ချင်း သင့်တော်သလောက် ပမာဏ

- ဟင်းချက်ဝိုင် သင့်တော်သလောက် ပမာဏ

- ပဲငံပြာရည်အကြည် သင့်တော်သလောက် ပမာဏ 

- ပျားရည် သင့်တော်သလောက် ပမာဏ


ချက်ပြုတ်ရန် နည်းလမ်း :



၁. ကြက်တောင်ပံကို နှစ်ခြမ်းဖြတ်ပါ။



၂. ဟင်းခတ်အမွှေးအကြိုင်များနှင့် သမအောင် နယ်ထားပါ။



၃. ပေါင်းဖိုထဲထည့်ပြီး ၁၈၀ ဒီဂရီဖြင့် ဆယ်မိနစ်ကြာအောင် ကင်ပါ။


ကျန်းမြောင်မြောင် - ဒါက ငပျင်းချက်ပြုတ်နည်းလား ဘာလားတော့မသိဘူး။ သေချာတာကတော့ ဒီဟာကို ရေးတဲ့လူက ငပျင်းပဲဖြစ်ရမယ်။



သူမက နောက်ထပ်စာမျက်နှာကို ထပ်လှန်လိုက်ပြီး သူမစိတ်ထဲ၌ မှတ်မိကျန်ရစ်သည့် စကားစုတစ်ခုမှာ 'သင့်တော်သလောက်ပမာဏ' သာ ဖြစ်လေသည်။ ထို့နောက် သူမက မတော်တဆနှင့် ကြက်ကြော်ပုံတစ်ပုံကို လှန်မိလိုက်သည်။


စခရင်၏ အကန့်အသတ်ကြောင့် ပုံမှာ အဖြူနှင့်အမည်းသာ ပြသလေသည်။ သို့သော် သူမက ကြက်ကြော်၏ ပုံရိပ်ကို မြင်လိုက်သည်နှင့် သူမ၏ လျှာက ၎င်း၏ ကြွပ်ကြွပ်ရွရွ၊ မွှေးကြိုင်နူးညံ့ပြီး အံ့သြဖွယ်အရသာတို့ကို အလိုအလျောက် ပြန်ခံစားမိလိုက်သည်။


သူမက ကြက်ကြော် ပြုလုပ်နိုင်ခြင်းမရှိသော်လည်း မနက်ဖြန်၌ ပန်ကိတ်ကြော် လုပ်စားကြည့်သင့်လားဟု တွေးလိုက်မိပေသည်။