အပိုင်း (၂၉)
Viewers 5k

သူမ နေ့လယ်ခင်းတွင် ဘာလုပ်ရမလဲ စဥ်းစားလိုက်သည်။ သူမက လက်ရေးလှ ထပ်မလေ့ကျင့်ချင်တော့ပေ။


စားသောက်ပြီးနောက် ကျန်းမြောင်မြောင်က မျိုးစေ့များထည့်ထားသည့် ဇလုံကို ထုတ်ကာ ကြည့်လိုက်သည်။



မျိုးစေ့များတွင် မည်သည့်ပြောင်းလဲမှုမှ မရှိဘဲ ၎င်းတို့က အသုံးပြု၍ ရနိုင်ပါ့မလား သူမ မသိပေ။


သူမက သက်ပြင်းချလိုက်ပြီး မျိုးစေ့များကို ပြန်ထားလိုက်သည်။ သူမ၏ မျက်လုံးထောင့်မှနေ၍ ဗီရိုပေါ်တွင် အိတ်ပေါင်းများစွာ ရှိနေသည်ကို မြင်လိုက်ရသည်။



သူမ ယခင်က သိမ်းထားသည့် ဂျုံများကို ထုတ်ယူလိုက်သည်။ ဗီလာအတွင်းတွင် ပေါင်းဖိုတစ်ခုရှိပြီး သူမက ကိုယ်တိုင် ပေါင်မုန့်လုပ်ရန် ရည်ရွယ်၍ ဂျုံမှုန့်များ ဝယ်ယူခဲ့သည်။ သူမက မီးစက်ကို အသုံးပြု၍မရ ဖြစ်သွားမည်ဟု မည်သူကသိပါမည်နည်း။ ထို့ကြောင့် ယခုချိန်ထိ ဘာမှမလုပ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။


သူမမှာ ပဲပင်ပေါက်နှင့် ဝက်ဆားနယ်ခြောက်များ ရှိနေလေရာ ဖက်ထုပ်လုပ်ကြည့်လျှင် ကောင်းမည်ဟု စဥ်းစားလိုက်မိပေသည်။



ကျန်းမြောင်မြောင်က ဂျုံမှုန့်ဖြူဖြူတို့ကို ကြည့်လိုက်ပြီး စတင်ရန် ပြင်လိုက်သည်။



သို့သော် ပြဿနာတစ်ခု ရှိနေပေသည်။



သူမက ဖက်ထုပ် ဘယ်လိုလုပ်ရမလဲ သိမနေပေ။



ကျန်းမြောင်မြောင်က စားပွဲရှေ့တွင် ထိုင်ကာ ယခင်က မြင်ခဲ့ဖူးသည့် လုပ်နည်းကို ပြန်တွေးကြည့်ရင်း တဆင့်ချင်းပြန်စီကြည့်လိုက်သည်။



၁. ဂျုံမှုန့်တွေကို နယ်။



၂. အစာသွပ်။



၃. အကုန်လုံးကို ရောလိပ်လိုက် 



ပထမဆုံးအဆင့်နဲ့ စလိုက်ရအောင်။



အသီးအရွက်များ စိုက်ပျိုးရန်အတွက် အိမ်တွင်ရှိသမျှ ပန်းအိုးများနှင့် ရေပုံးများကို အားလုံးအသုံးပြုပစ်ခဲ့ပြီးဖြစ်ကာ ကျန်နေသေးသည့် ထည့်စရာမှာ ရေဖန်ခွက်များနှင့် ဒယ်အိုးများသာ ဖြစ်သည်။


ရေဖန်ခွက်များက အလွန် သေးငယ်သောကြောင့် သူမက ဒယ်အိုးကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ သူမက ဒယ်အိုးထဲသို့ ဂျုံလက်တစ်ဆုပ် ထည့်လိုက်ပြီး နှစ်ယောက်စာ လောက်မလောက် ခန့်မှန်းကြည့်နေသည်။


ဂျုံထည့်ပြီးနောက် ကျန်းမြောင်မြောင်က ရေထည့်လိုက်သည်။ ဤသည်မှာ သူမ၏ ပထမဆုံး ဂျုံနယ်ခြင်းဖြစ်သဖြင့် အချိန်အဆကို သိပ်မသေချာခဲ့ပေ။ ထို့ကြောင့် သူမက ရေကို ဖြေးဖြေးချင်း ထည့်နေသော်လည်း ဂျုံသားက မာကျောနေဆဲ ဖြစ်လေသည်။



ဘာလို့ အဲဒီလောက်မာနေရတာလဲ။ ရေထပ်ထည့်ရမယ် ထင်တယ်။



ဘာလို့ အဲဒီလောက် စိုသွားတာလဲ။ ဂျုံနည်းနည်းလောက် ထပ်ထည့်လိုက်မယ်။



အချိန်အတော်လေး ကြာသွားပြီးနောက် သူမသည် နောက်ဆုံး၌ ဂျုံ၏ မာကြောမှုအနေအထားကို မှန်ကန်အောင် လုပ်နိုင်သွားပြီး ဂျုံလုံးကလည်း ဘက်စကတ်ဘောလုံးလောက် ကြီးသွားလေသည်။


လူနှစ်ယောက်မဆိုထားနှင့် လူဆယ်ယောက်ပင် ကောင်းကောင်း လောက်ငှနိုင်ပေသည်။


ကျန်းမြောင်မြောင် : ...အာ.. အများကြီးဖြစ်သွားတာပဲ။ ပိုနေသေးရင် ကျန်တာတွေကို ပန်ကိတ်လုပ်ပစ်ရမယ်။


ဂျုံနယ်၍ ပြီးသွားပြီး နောက်တစ်ဆင့်မှာ အစာသွပ်ရန် ဖြစ်သည်။ လက်ထဲတွင် အသုံးပြုနိုင်သည့် အစာအမျိုးအစား အနည်းငယ်သာလျှင် ရှိပေသည်။ သူမက တွဲစားလျှင် အလွန်ကောင်းသည့် ပဲပင်ပေါက်၊ ဝက်ဆားနယ်ခြောက်တို့ဖြင့် ပြုလုပ်ရန် ရွေးချယ်လိုက်သည်။



သူမက ပဲပင်ပေါက်များကို ရေဆေးကာ ဝက်ဆားနယ်ခြောက်ကို အတုံးသေးသေးလေးများတုံး၍ ဒယ်အိုးအတွင်းထည့်ကာ မွှေကြော်လိုက်သည်။



ထို့နောက် နယ်ထားသည့် ဂျုံသားကို ပင်ပေါက်ဘောလုံး အရွယ်အစားခန့် ဖြတ်တောက်ယူလိုက်သည်။ ကျန်းမြောင်မြောင်က ခေါင်းလျှော်ရည်ဘူး အလွတ်တစ်လုံးရှာလိုက်ပြီး သန့်ရှင်းအောင် ဆေးကြောကာ ဒလိမ့်တုံးအဖြစ် အသုံးပြုလိုက်သည်။


လုပ်ငန်းစဥ်တစ်ခုလုံးက သူမ တွေးထားသည်ထက် ခက်ခဲပြီး ဂျုံသားများက သူမလက်ထဲတွင် နာနာခံခံရှိမနေပေ။ ၎င်းက ခေါင်းလျှော်ရည်ဘူးပေါ်တွင် ကပ်နေခြင်း၊ ကွဲထွက်သွားခြင်းနှင့် ထူးဆန်းသည့် ပုံသဏ္ဌာန်တို့ဖြစ်သွားတတ်ပြီး စက်ဝိုင်းပုံပြားပြားလေး ​မဖြစ်သွားပေ။


အချိန်အတော်ကြာ ကြိုးကြိုးစားစား အလုပ်လုပ်ပြီးနောက် သူမက ပင်ပန်းကာ ချွေးတို့ရွှဲနေခဲ့သော်လည်း ဖက်ထုပ်ခွံအဖြစ် အသုံးပြုနိုင်မည့် ဂျုံပြားဆယ်ခုကျော်လေးသာ ပြုလုပ်နိုင်ခဲ့သည်။



နည်းရင်လည်း ကိစ္စမရှိဘူး။ အရသာက အဓိကပဲ။



ကျန်းမြောင်မြောင်က ချွေးတို့ကို သုတ်လိုက်ပြီး ဖက်ထုပ်စတင်ပြုလုပ်ခဲ့သော်လည်း တစ်ခုခုက မှားယွင်း​နေသည်ကို တွေ့လိုက်ရသည်။



သူမသည် တခြားလူများ ဖက်ထုပ် ဘယ်လိုလုပ်သလဲ မြင်ဖူးပေသည်။


လက်တစ်ဖက်က ဖက်ထုပ်သားကို ကိုင်ကာ အခြားတစ်ဖက်ကို သုံး၍ အစာသွပ်ပြီးနောက် အဖျားနားလေးကို လက်နှစ်ဖက်နှင့် ညင်သာစွာ ဖိလိုက်သည့်အခါ နူးညံ့သည့် ဖက်ထုပ်လေးများ ဖြစ်လာမည် ဖြစ်သည်။ 


သို့သော် သူမ ဖိလိုက်သည့်အခါ ဖက်ထုပ်ထဲ သွပ်ထားသည့် အစာများနှင့် အသီးအရွက်ရည်များက နေရာအနှံ့ကို ပျံ့နှံ့သွားပြီး ဖက်ထုပ်ခွံက တွန့်လိမ်သွားလေသည်။



ဘယ်လိုလုပ်ရမလဲ။



သူမက မကြော်ရသေးသော ပဲပင်ပေါက် လက်တစ်ဆုပ်စာကို ကြည့်လိုက်ပြီးနောက် သူမစိတ်ထဲ အကြံဉာဏ်တစ်ခု ဝင်လာခဲ့သည်။ သူမက အပေါ်ထပ်သို့ ပြေးတက်သွားပြီး ကလစ်တစ်ချောင်းရှာလိုက်သည်။ ၎င်းကို သန့်ရှင်းအောင် ဆေးကြောပြီးနောက် သူမက ဖက်ထုပ်ခွံများအား အပေါက်ဖောက်ကာ ပဲပင်ပေါက်များနှင့် တွဲချည်လိုက်သည်။ (T/N: အပ်ချုပ်သလို ဖက်ထုပ်တွေကို ပဲပင်ပေါက်နဲ့ တွဲချုပ်လိုက်တာနေမယ်)


ဤတစ်ကြိမ်၌ ဖက်ထုပ်ခွံက ပွင့်မသွားတော့ဘဲ သူမက အစာများကို လျှော့သွပ်ရုံသာလိုပြီး ၎င်းတို့က အထဲတွင် နာနာခံခံလေး နေနေတာ့သည်။



ကျန်းမြောင်မြောင်က လှည့်ကွက်ကလေးရှာတွေ့သွားပြီး သူမ ပိုလုပ်လေ တက်ကြွလာလေ ဖြစ်သည်။


မျက်စိတစ်မှိတ်အတွင်းတွင် သူမက ဖက်ထုပ်ခွံအားလုံး အသုံးပြုပြီးသွားကာ ဖက်ထုပ်ဆယ့်ငါးခု လုပ်၍ပြီးသွားလေသည်။



သူမက ရေနွေးတည်လိုက်ပြီး ဖက်ထုပ်များကို ဒယ်အိုးထဲထည့်လိုက်သည်။



သူမက အလွန် ပင်ပန်းသွားသည့်အတွက် မျက်လုံးမှိတ်လိုက်ရုံနှင့် ချက်ချင်း အိပ်ပျော်သွားတော့ပေသည်။



အချိန်မည်မျှကြာသွားသည်မသိဘဲ တစ်စုံတစ်ယောက်က သူမ ပခုံးကို ကိုင်လိုက်သည့်အခါမှ နိုးလာခဲ့သည်။



သူမ၏ အိပ်ချင်မူးတူးမျက်လုံးများက လုချီမင်ကို မြင်လိုက်ရသည်။



"ဘာလို့ဒီနေရာမှာအိပ်နေရတာလဲ။ မင်းရဲ့ သွားရည်တွေက စားပွဲတစ်ခုလုံးရွှဲနေပြီ။" 



တကယ်လား။ ကျန်းမြောင်မြောင်က သူမပါးစပ်ကို အလျင်စလို သုတ်လိုက်သော်လည်း ဘာမှရှိမနေပေ။ သူမက သူ့ကို စူးစိုက်ကြည့်လိုက်၏။



လုချီမင်က ရယ်လိုက်ပြီး တစ်ရှူးနှစ်ရွက်လောက် ဆွဲယူကာ သူ့မျက်နှာထက်မှ ဇွန်ဘီသွေးများကို သုတ်လိုက်သည်။ သူ့နှာခေါင်းက အနံ့ခံသလို တရှုံ့ရှုံ့ ဖြစ်သွားကာ မီးဖိုပေါ်ရှိ ဒယ်အိုးကို ကြည့်လိုက်သည်။



"ဘာတွေချက်နေတာလဲ။ အရမ်းမွှေးတာပဲ။"



သူမက ရုတ်တရက် သူမ၏ အောင်မြင်မှုကို သတိရသွားသည်။ ထို့နောက် အလျင်စလို ထကာ အိုးအဖုံးကို ဖွင့်၍ တစ်ချက်ကြည့်လိုက်သည့်အခါ စိတ်ပျက်မှုကိုသာ ခံစားလိုက်ရလေသည်။



လုချီမင်က ရှေ့သို့ ကိုင်းလာပြီး အချိန်အတော်ကြာအောင် ကြည့်နေပြီးနောက်မှ မေးလိုက်သည်။ "ဒါတွေက.... ခေါက်ဆွဲပြုတ်လား။"


ဖက်ထုပ်များက ပွက်ပွက်ဆူနေသည့် ရေထဲတွင် ကူးခတ်နေ၏။ ဖက်ထုပ်ခွံနှင့် အစာများက သပ်သပ်စီ ကွဲထွက်ကုန်ကာ နတ်ဆိုးလေးများ ကခုန်နေသည်နှင့် အလားသဏ္ဌာန်တူနေတော့သည်။


ကျန်းမြောင်မြောင်က အလွန် ဒေါသထွက်သွားခဲ့၏။ "မသိရင်လည်း ပေါက်ကရတွေ လျှောက်မပြောနဲ့။" 


လုချီမင်က ပို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ "အဲဒါဆို ဘာတွေလဲ။"


ထို့နောက် သူက အမှိုက်ပုံးထဲ လွှင့်ပစ်ခံထားရသည့် တစ်ဝက်တစ်ပျက် ရလဒ်များကို ကြည့်ကာ သေလုအောင် ရယ်မောတော့သည်။


"ဒါတွေက ဖက်ထုပ်တွေလို့တော့ မပြောနဲ့နော်။ ဟားဟားဟား...."


ကျန်းမြောင်မြောင်က အလှောင်ခံရပြီးနောက် ရှက်ရွံ့မှုကြောင့် ဒေါသထွက်သွားတော့သည်။ သူမက ဒယ်အိုးအဖုံးကို ဆောင့်ပိတ်ပြီး မီးငြှိမ်းလိုက်သည်။


"ဘာပဲဖြစ်ဖြစ် အဲဒါက နင့်အတွက်လည်း ဟုတ်မနေဘူး။"


"အဲဒီလိုလား။" လုချီမင်၏ ကြီးမားသော မျက်လုံးများက ညှိုးငယ်ကာ သနားစဖွယ် ဖြစ်သွားခဲ့သည်။ "ဒါပေမယ့် ငါ တစ်နေ့လယ်လုံး အပြင်မှာ ပြေးလွှားလာရတာ သေလောက်အောင် ဗိုက်ဆာနေပြီလေ။" 


"အဲဒါ ငါနဲ့ ဘာဆိုင်လဲ။ အခုချက်ချင်း ဘေးဖယ်လိုက်။"