အပိုင်း (၂၈)
Viewers 5k

စားသောက်ပြီးနောက် သူတို့က ဆိုဖာပေါ်တွင် လှဲနေကြပြီး နှစ်ယောက်လုံး မလှုပ်ရှားချင်တော့ပေ။


ကျန်းမြောင်မြောင်က သူ့ပေါင်ကို လှမ်းကန်ရင်း ပြောလိုက်သည်။ 



"ပန်းကန်တွေသွားဆေး။"



လုချီမင်က ခပ်တိုးတိုးပြောလိုက်၏။ "ငါ မရပ်နိုင်ဘူး။ လှုပ်လည်းမလှုပ်နိုင်ဘူး။"



"ငါလည်း မထနိုင်ဘူး။ အဲဒါကြောင့် ငါ ဆေးမှာမဟုတ်ဘူး။"



"ဘာလို့ မင်း မလုပ်တာလဲ။"



နှစ်ယောက်သား နာရီဝက်လောက် အလုပ်ကို သူ့လွှဲချ ငါ့လွှဲချ လုပ်နေကြပြီး ဘယ်သူကမှ တစ်လက်မလေးတောင် မရွှေ့ချင်ကြပေ။



ကျန်းမြောင်မြောင်က အလွန် ပြည့်အင့်နေခဲ့ပြီး လေချဥ်တက်လိုက်ရင်း သူမ ဘေးတွင်ရှိနေသည့် ပစ္စည်းအပြည့်နှင့် တွန်းလှည်းကို ကြည့်လိုက်သည်။ သူမက သူတို့ ဘာတွေ ပြန်ယူလာခဲ့သလဲဆိုတာကို သိချင်နေပြီး သူမ၏ လေးလံပြည့်အင့်နေသော ဗိုက်ကို ကိုင်ရင်း ပစ္စည်းများအား စစ်ဆေးရန် သွားလိုက်သည်။



စောင်များ၊ အဝတ်အစားနှင့် ဘောင်းဘီ အနည်းငယ်။


အမျိုးသားနှင့် အမျိုးသမီးဝတ် အတွင်းခံများ။



ငါးရာမီလီ ခေါင်းလျှော်ရည်နှစ်ဘူးနှင့် ရေချိုးဂျယ်လ်တစ်ဘူး။ ပေါင်မုန့်အသေးလေး အခုနှစ်ဆယ်ကျော်၊ နွားနို့ ငါးဘူး။


ဝက်အူချောင်းများ၊ ဝက်ပေါင်ခြောက်များ၊ ငါးခြောက်များ၊ ဝက်ဆားနယ်လေးထုပ်နှင့် ဘဲဆားနယ်ခြောက် နှစ်ထုပ်။



မှိုခြောက်ပန်းခြောက်လက်တစ်ဆုပ်စာ၊ ကျောက်ပွင့်သုံးထုပ်၊ ကြွက်နားရွက်နှစ်ထုပ် (ကြာဆံချက်ထဲ ထည့်သောက်တဲ့ မှိုခြောက်မည်းမည်းလေးတွေကို ပြောတာပါ) နှင့် လက်ဖက်ခြောက်တစ်ပါကင်။


ခြောက်လုံးပါ ဘဲဥဆားရေစိမ်တစ်ကဒ်၊ ရာစုနှစ်ကြက်ဥတစ်ကဒ်။ 



ချီလီဆော့စ် လေးပုလင်း၊ မုန်ညင်းဆားရေစိမ် ရှစ်ထုပ်။



ထို့ပြင် အခြားအသေးအမွှား အထုပ်လေးများလည်း ရှိသေးသည်။ 



သူတို့က ဓာတ်မီးကို အားသွင်းရန် မေ့နေသည့်အတွက် အလင်းက အနည်းငယ် မှိန်နေသည်။ ကျန်းမြောင်​​မြောင်က အနီးကပ်ကြည့်လိုက်သည့်အခါ လုချီမင်က ပြောလိုက်၏။


"အဲဒါက မျိုးစေ့တွေ။"



"မျိုးစေ့လား။" 



"ကြည့်ကြည့်လိုက်။ ငါ မုန်ညင်းမျိုးစေ့၊ သခွားသီးမျိုးစေ့၊ ခရမ်းချဥ်ဦးမျိုးစေ့နဲ့ မုန်လာဥဖြူမျိုးစေ့တွေ အကုန်ယူလာခဲ့တယ်။"



သူမက ရှက်ရွံ့သွားသည်။ "နင် ဒါတွေကို စိုက်မလို့လား။"



"မဟုတ်ရင်ရော?" 



၎င်းတို့က ရက်အနည်းငယ်နှင့် စားသောက်နိုင်သော ပဲပင်ပေါက်များနှင့် မတူပေ။ ထိုမျိုးစေ့များ ကြီးထွားလာရန် လအနည်းငယ် အချိန်ယူရပေလိမ့်မည်။


ထို့အချိန်လောက်ဆိုလျှင် သူတို့က သေမလားရှင်မလားပင် မပြောနိုင်ပေ။



သို့သော် သူတို့က ဇွန်ဘီ အကိုက်မခံရလျှင် ဤဗီလာ၌ အသက်ဆက်၍ ရှင်သန်နိုင်ပြီး သူတို့ စားသုံးရန် အသီးအရွက်များ စိုက်ပျိုး၍ ရပေသည်။ သူတို့က အသားနှင့် ဆန်အတွက် စူပါမားကတ်မှ သွားယူ၍ ရနိုင်ပြီး အသက်ရှင်ရန် စားစရာသောက်စရာရှိနေခြင်းက မဆိုးလှပေ။


ဘေးဘက်ရှိ ခြံဝန်းမြေကွက်လပ်တွင် အနီရောင်ဘယ်ရီသီးပင်တစ်ပင် စိုက်ပျိုးလိုက်လျှင် နွေရာသီရောက်သည့်အခါ စားသောက်နိုင်ပေသည်။



ထိုသို့တွေးလိုက်မိသည့်အခါ ကျန်းမြောင်မြောင်က မနေနိုင်ဘဲ နှုတ်ခမ်းသပ်လိုက်မိသည်။



လုချီမင်က ထလာပြီး သူမကို ကြည့်လိုက်၏။ "ငါ့ရဲ့ အတွင်းခံကြီး ကိုင်ထားပြီး ဘာလို့နှုတ်ခမ်းသပ်နေရတာလဲ။"



သူမက ငုံ့ကြည့်လိုက်ပြီး ရွံရှာစွာဖြင့် အဝေးသို့ ​အမြန်လွှင့်ပစ်လိုက်လေသည်။



"နင့် ပစ္စည်းတွေ အားလုံး ယူသွား။"



လုချီမင်က ပခုံးတွန့်လိုက်ပြီး သူ့ပစ္စည်းများကို စီထုတ်နေစဥ် ပြောလိုက်သည်။



"ငါ မနက်ဖြန် တစ်ခုခုယူစရာရှိလို့ စူပါမားကတ်ကို သွားမှာ။ ဒါပေမယ့် မင်း လိုက်လာစရာမလိုဘူး။"



"ဘာလို့လဲ။" 



"မင်းက အရမ်းနှေးတယ်။ မင်းကို ဂရုစိုက်ဖို့အတွက် ငါ့ရဲ့ အားအင်တွေ အများကြီး အပိုကုန်တယ်။"



ကျန်းမြောင်မြောင်က ပြန်လှန်ခွန်းတုန့်ဆိုချင်သော်လည်း ယနေ့ အ​ဖြစ်အပျက်ကို တွေးမိသည့်အခါ ယုံကြည်ချက် ပျောက်ဆုံးသွားကာ အေးစက်စွာ ပြောလိုက်သည်။ "ကြိုက်သလိုသာလုပ်။" 



လုချီမင်က စောင်နှင့် အဝတ်အစားများကို ကိုင်ကာ အပေါ်ထပ်သို့ လျှောက်သွားခဲ့သည်။ သူက နောက်ဆုံးတစ်ဆင့်သို့ လှမ်းပြီးသည့်အခါ ရုတ်တရက် ပြန်လှည့်လာပြီး ပြောလိုက်သည်။


"ငါတို့ ဒီဇွန်ဘီလှိုင်းကနေ ရှင်ကျန်ပြီး အသက်ဆက်ရှင်နိုင်မယ်လို့ ယုံကြည်တယ်။"



သူ့အသံက ပုံမှန်ထက် ​လေးနက်နေပြီး နောက်ပြောင်နေသည်နှင့် မတူပေ။ သူ့ကို ကြည့်ရသည်မှာ ထိတ်လန့်ဖွယ်ကောင်းလှသည့် အခြေအနေနှင့် ရင်ဆိုင်ရတော့မည့် သူကဲ့သို့ပင် ဖြစ်သည်။



ကျန်းမြောင်မြောင်က ဇွန်ဘီလှိုင်းဟုခေါ်သည့်အရာနှင့် ပတ်သတ်၍ သေချာမသိသော်လည်း သူ့ထံမှ သက်ရောက်ခံလိုက်ရကာ တည်ငြိမ်စွာ ထရပ်ရင်း ခေါင်းညိတ်လိုက်သည်။


သူက ပြုံးလိုက်ပြီး သူ့အိပ်ခန်းထဲသို့ ဝင်သွားကာ တံခါးပိတ်၍ အိပ်ရာဝင်လိုက်တော့သည်။



ကျန်းမြောင်မြောင်ကလည်း ပစ္စည်းကောင်းအချို့ကို သူမအခန်းထဲသို့ ပြန်သယ်သွားပြီး ထည့်ထားလိုက်၏။ သူမက စူပါမားကတ်သို့ သွားခဲ့သောကြောင့်ဖြစ်နိုင်သည်။ စိတ်လှုပ်ရှားနေပြီး အိပ်မပျော်ပေ။ သူမက ဟိုဘက်ဒီဘက် ဆက်လှိမ့်နေပြီး ညလယ်ခေါင်ကြီးတွင် မျက်လုံးများ ပွင့်နေဆဲဖြစ်သည်။ သူမက မျိုးစေ့ထုပ်အနည်းငယ်ကို ဖောက်ရန်အတွက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။


ယခုက နွေဦးအချိန်ဖြစ်ရာ အပင်စိုက်ရန် သင့်တော်ပေသည်။



သူမ မည်မျှကြာကြာ ရှင်သန်နိုင်သည်ဖြစ်စေ ကိစ္စမရှိဘဲ သူမက မျိုးစေ့တစ်ခုချင်းစီတိုင်းကို စိုက်ပျိုးလိမ့်မည် ဖြစ်သည်။



သူမက ဇလုံအသေးလေးတစ်ခု ရှာတွေ့ခဲ့ပြီး ထိုအထဲသို့ တစ်ရှူးတစ်ခု ခံလိုက်သည်။ သူမက မျိုးစေ့များကို တစ်ရှူးပေါ်တွင် အညီအမျှ ဖြန့်ခင်းလိုက်ပြီး နောက်ထပ် တစ်ရှူးတစ်ရွက်နှင့် ဖုံးလိုက်ပြီးနောက်  ရေနွေးနွေးလေးကို ဖြေးဖြေးချင်း လောင်းထည့်လိုက်သည်။ တစ်ရှူးများအားလုံး ရေစိမ့်သွားပြီးနောက်မှ ရေလောင်းခြင်းကို ရပ်တန့်လိုက်သည်။


ဇလုံကို နွေးနေသည့် မီးဖိုဘေးတွင် ချထားပြီးနောက် သူမ ယခင်က စိုက်ထားသည့် ပဲပင်ပေါက်တို့ကို စစ်ဆေးရန် သွားခဲ့သည်။ 



သူတို့က တစ်ကြိမ်တည်း အားလုံးကို စားပစ်ရန် နှမြောခဲ့သောကြောင့် အချို့အရွက်များက ကြီးထွားလာပြီး စားရန် မသင့်တော်တော့ပေ။


သူမက အပင်နုလေးများကို ခူးယူလိုက်ကာ မနက်ဖြန် ဝက်ဆားနယ်နှင့် မွှေကြော်ရန် ပြင်ဆင်လိုက်ပြီး မြေဆီလွှာအသစ်တချို့ ယူနိုင်ရန် တွေးနေခဲ့သည်။ 



ဤတစ်ကြိမ်၌ သူမက အနည်းငယ်သာလျှင် လိုအပ်ပေသည်။ သို့မှသာ အပင်မျိုးစေ့များက ကောင်းစွာ ကြီးထွားနိုင်မည်ဖြစ်ပြီး ထိုမျိုးစေ့များအတွက် မြေဆီလွှာကောင်းကောင်း လိုအပ်ပေလိမ့်မည်။


အချိန်အကြာကြီး အလုပ်ရှုပ်ပြီးနောက် ကျန်းမြောင်မြောင်က သူမ အိပ်ခန်းသို့ ပြန်သွားခဲ့ပြီး မျက်လုံးများမှိတ်လိုက်သောအခါ အနည်းငယ် ကွာခြားသွားသလို ခံစားလိုက်ရသည်။ 


ဇွန်ဘီပျက်ကပ်ဖြစ်ပွားသည့် ဤရှည်လျားသော အချိန်ကာလအတောအတွင်း သူမက နေ့တိုင်းကို စိတ်ကျေနပ်သလိုနေထိုင်လိမ့်မည်ဖြစ်ပြီး သေလျှင်ပင် နောင်တမရှိသော်လည်း ယခုပထမဆုံးအကြိမ်အနေနှင့် အနာဂတ်နှင့် ပတ်သတ်၍ မျှော်လင့်နေမိပေသည်။



သူမက အချိန်ကြာကြာအသက်ရှင်ပြီး သူမ ကိုယ်တိုင် စိုက်ပျိုးထားသည့် အသီးအရွက်များကို စားနိုင်ရန် မျှော်လင့်နေသည်။



သူမ ညက အလွန်နောက်ကျမှ အိပ်ခဲ့သည့်အတွက် နောက်​တစ်နေ့တွင် နေ့လယ်ခင်းမှ နိုးလာပေသည်။



ဆေးကြောသန့်စင်ပြီးနောက် ကျန်းမြောင်မြောင်က အောက်ထပ်သို့ ဆင်းလာပြီး ဧည့်ခန်းတွင် ဘယ်သူမှမရှိသည်ကို မြင်လိုက်ရသည်။


"လုချီမင်" 



သူမက အော်ခေါ်ကြည့်လိုက်သော်လည်း မည်သူမှ ပြန်မဖြေခဲ့ပေ။ မီးဖိုပေါ်ရှိ လက်ကိုင်တပ်ဒယ်အိုးကို ဖွင့်ကြည့်လိုက်သည့်အခါ ဝက်ပေါင်ခြောက်ရေညှိစွပ်ပြုတ်နှင့် ထမင်းကြော်ပူပူလေးကို မြင်လိုက်ရသည်။



လုချီမင်က စူပါမားကတ်သို့ သွားနှင့်ပြီးဖြစ်မည်ဟု သူမ ခန့်မှန်းလိုက်သည်။



သူမက တစ်ယောက်တည်း စားသောက်နေခဲဲ့ပြီး သူမအနားတွင် သူ၏ လျှောက်ပြောနေသည့် စကားသံများနှင့် ဆူညံမှုတို့မရှိသည့်အခါ အနည်းငယ် ပျင်းစရာကောင်းလှသည်ဟု ရုတ်တရက်ကြီး ခံစားလိုက်ရပေသည်။



********

စပွိုင်လာတဖြစ်လဲ ပြဇာတ်ငယ်လေး 

*

*

*

*

*

*

*

*

*

*

*

*

*

*

ကျန်းမြောင်မြောင် : ကိုယ်ဝန်ကြောင့် အန်၊ ဘာမှမစားနိုင်၊ ဖြူဖျော့၊ အားမရှိ။


လုချီမင် : တော်ပြီ.... အဲဒီကလေး မမွေးနဲ့တော့။ ကိုယ်ဝန်ဆောင်တာ လမ်းတစ်ဝက်ပဲရှိသေးတယ် အမေကို ဒုက္ခပေးနေပြီ။ မလိုချင်တော့ဘူး။


ကျန်းမြောင်မြောင် : လုချီမင် နင် သွားသေလိုက်!!!!