အပိုင်း (၂၇)
Viewers 5k

လုချီမင်က ဟင်းအိုးကို ဖယ်ကာ သူမ၏ ဆံပင်ရှည်ကို လက်နှစ်ဖက်နှင့် ကိုင်လိုက်ပြီး မီးနှင့် သုံးဆယ်စင်တီမီတာအကွာတွင် ထားလိုက်သည်။ သူမက လောင်ကျွမ်းခြင်းမရှိသော်လည်း အပူကို ခံစားနိုင်သည့် အကွာအဝေးတွင် ရှိနေခဲ့ပြီး သူက သူမ၏ ဆံပင်ကို ကိုင်ကာ ဆက်လက်၍ ကင်နေခဲ့သည်။


ကျန်းမြောင်မြောင်သည် ဂက်စ်အနံ့ကို ရနေပြီး ဖျတ်ခနဲဖျတ်ခနဲ တက်လာသည့် မီးတောက်များကို ကြည့်နေခဲ့ပြီး ထိုမီးတို့က သူမခေါင်းကို အချိန်မရွေး လောင်မြိုက်ပစ်တော့မည်ဟု ခံစားနေရသည်။ 



လုချီမင်က ပြောလိုက်သည်။ "မင်း ခေါင်းပေါ်ကနေ အဖြူရောင်မီးခိုးငွေ့တွေ ထွက်လာနေတယ်။" 


သူမက အော်ဟစ်လိုက်သည်။ "လွှတ်ပေး! ငါပြောနေတယ်နော်။ နင် ငါ့ခေါင်းကို မီးရှို့ပစ်မိတော့မယ်။" 



သူက မနေနိုင်ဘဲ ရယ်မောလိုက်သည်။ "ရေငွေ့ပျံတာပါ အရူးမလေးရဲ့။" 



သူမက ရှက်ရွံ့သွားပြီး သူ၏ ပိန်ပါးသော ခါးကို ဆိတ်ဆွဲလိုက်သည်။



လုချီမင်က နာကျင်မှုကြောင့် ပင့်သက်ရှိုက်လိုက်သော်လည်း သူက မလွှတ်ပေးသေးပေ။ သူက သူမ၏ ရှည်လျားနက်မှောင်သော ဆံပင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ 


"ဒီလိုအချိန်ကာလမှာ ဆံပင်အရှည်ကို ထိန်းသိမ်းရတာ ခက်တယ်။ မင်းဆံပင်ကို ညှပ်လိုက်တာ ပိုကောင်းမယ်ထင်တယ်။"


"ငါ့ဆံပင်ကို ငါအရှည်ထားတာ နင်နဲ့ ဘာဆိုင်လို့လဲ။"


"ငါက မင်းစားသမျှ အာဟာရတွေကို မင်းဆံပင်က အားလုံးစုပ်ယူသွားပြီး မင်းရဲ့ ဦးနှောက်က ပိုပြီးတောင် အာဟာရချို့တဲ့လာမှာ စိုးရိမ်လို့ပေါ့။"


သူက သူမကို မကောင်းပြောနေသည်အား သတိပြုမိရန် စက္ကန့်တော်တော်ကြာအောင် အချိန်ယူလိုက်ရသည်။ သူမက ဒေါသတကြီးနှင့် သူ့ကို တွန်းထုတ်လိုက်သည်။


"ထွက်သွား။ ငါ့ဆံပင်ကို မီးကင်နေတာရပ်လိုက်။" 


သူမ ဆံပင်က ပြုတ်ကျသွားပြီး အပိုင်းအနည်းငယ်လောက် ရှိပ်ခနဲမီးဟပ်ခံလိုက်ရတော့သည်။



လုချီမင်၏ မျက်လုံးနှင့် လက်များက အလွန် လျင်​မြန်လှသည်။ သူက ဆံပင်ကို အမြန်ကယ်တင်လိုက်ပြီး သူမ နားရွက်ဖျားလေးကို အသာညှစ်လိုက်၏။



"လျှောက်မရှုပ်နဲ့။ ငါ ဘာမှ ထပ်မပြောတော့ဘူး။" 



ထို့နောက် သူက ပါးစပ်ပိတ်ကာ သူမဆံပင်အား အခြောက်ခံရာ၌သာ အာရုံစိုက်လိုက်တော့သည်။



ဆယ်မိနစ်ကျော်ကြာပြီးနောက် သူမ၏ ဆံပင်များက ခြောက်သွားပြီး လုချီမင်က ရေချိုးရန် အပေါ်ထပ်သို့ တက်သွားခဲ့၏။ ကျန်းမြောင်မြောင်က အိုးကို ပြနခတင်ကာ စွပ်ပြုတ် ဆက်ချက်လိုက်သည်။ သူမက သူမဆံပင်ကို ခဏခဏနမ်းကြည့်နေပြီး ၎င်းမှာ ကြက်အမွေးကို မီးလောင်ရာမှ ထွက်လာသည့်အနံနှင့် ဆင်သည်ဟု တွေးနေခဲ့သည်။


အိုးထဲမှ ဟင်းပွဲထွက်လာရန် အချိန်သိပ်မယူလိုက်ရပေ။ စားပွဲပေါ်တွင် ဝက်ပေါင်ခြောက်နှင့် ပဲပင်ပေါက်ကြော်တစ်ပန်းကန်၊ မှိုခြောက်ပန်းခြောက်ကြော်တစ်ပန်းကန်၊ ရေညှိနှင့် ဝက်ဆားနယ်စွပ်ပြုတ်တစ်ပန်းကန် ရှိပေသည်။


ထို့ပြင် စူပါမားကတ်မှ ပြန်ယူလာသည့် လောင်ကန့်မား တစ်ဘူးလည်း ရှိသေးသည်။ [T/N: လောင်ကန့်မားတံဆိပ်ငရုတ်ဆီဘူး]


ဟင်းပွဲက အတော်လေးကြွယ်ဝလှသည်။



သူမက ရေချိုးနေဆဲဖြစ်သည့် လုချီမင်ကို ထပ်မစောင့်နိုင်တော့ဘဲ တူကောက်ကိုင်ကာ စတင်စားသောက်တော့သည်။



သို့သော် သူမတစ်လုတ်စားပြီးနောက် လှေကားထက်မှနေ၍ တစ်စုံတစ်ယောက်၏ ညည်းညူပြောဆိုသံ ထွက်ပေါ်လာသည်။


"ငါ ဒီလောက်အကြာကြီး အလုပ်ကြိုးစားပေးခဲ့တာကို မင်းက ထမင်းစားဖို့လေးတောင် မစောင့်ပေးနိုင်ဘူးလား။"


ကျန်းမြောင်မြောင်က မော့ကြည့်လိုက်ပြီး ပါးစပ်ထဲမှ အစားအသောက်ကို ဝါးရန်ပင် မေ့သွားခဲ့သည်။



လုချီမင်က သူ့ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ခဲ့ပြီး သူ၏ မူလ ဂျုံရောင်အသားအရေက ပေါ်ထွက်လာသည်။ သူ့ဆံပင်က မညှပ်တာကြာပြီဖြစ်သည့်အတွက် မျက်လုံးဖုံးလုအောင် ရှည်နေပြီဖြစ်သည်။ သူက ဆံပင်တို့ကို နောက်သို့ လှန်သိမ်းကာ ဖီးသင်ထားပြီး ဆံပင်စအနည်းငယ်သာ မျက်ခုံးပေါ်သို့ ကျနေခဲ့၏။



သူက ရိုးရှင်းသည့် ပြောင်အဖြူရောင် တီရှပ်လက်တိုကို အမည်းရောင်ညအိပ်ဝတ်စုံမှ ဘောင်းဘီနှင့် ခြေညှပ်ဖိနပ်တစ်ရံဖြင့် တွဲဖက်ဝတ်ဆင်ထားသည်။



ထိုပုံစံမှာ နွေရာသီ၌ လမ်းပေါ်ရှိ လူအများ ဝတ်ဆင်ရသည်ကို နှစ်သက်သည့် ပုံစံမျိုး​ဖြစ်သော်လည်း ပိန်ပါးပြီးအရပ်မြင့်သည့် သူက ထိုသို့သောပုံစံမျိုး ဝတ်ဆင်လိုက်သည့်အခါ သူမအား ဝါးရုံတောတစ်ခုအတွင်း ရောက်သွားသကဲ့သို့ အေးမြလန်းဆန်းသည့် ခံစားချက်မျိုး ပေးစွမ်းလေသည်။



ပန်းပွင့်အဆင်ဘောင်းဘီတိုကို ဝတ်ဆင်နေကျ သနားစရာကောင်က ဘယ်ရောက်သွားတာလဲ။



အခု သူက အပြင်ဘက်ရှိ ကြယ်ကလေးနှင့်ပင် ယှဥ်နိုင်နေပြီဖြစ်သည်။



လုချီမင်က သူမ၏ အတွေးများကို သတိမထားမိဘဲ ပျင်းရိသောအမူအရာနှင့် စားပွဲဆီ လျှောက်လာပြီး ဝက်ပေါင်ခြောက်တစ်ဖတ်ကို ယူကာ သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ သူက အနည်းငယ် ဝါးကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။



"နည်းနည်းငန်နေတုန်းပဲ။ နောက်တစ်ခါကျရင် မကြော်ခင် ရေအရင် စိမ်ထားရမယ်။.... မင်း ဘာကြည့်နေတာလဲ။"



"ဘာမှမဟုတ်ဘူး။"



ကျန်းမြောင်မြောင်က သူမအကြည့်တို့ကို ပြန်ရုတ်လိုက်ပြီး စားသောက်ရန် ခေါင်းပြန်ငုံ့လိုက်သော်လည်း သူတို့စားသောက်နေရင်း တစ်ဝက်တွင် သူမက မနေနိုင်တော့ဘဲ မေးလိုက်သည်။



"နင် အရင်က ဘာအလုပ်လုပ်တာလဲ။"



လုချီမင်က အစားမပျက်ဘဲ သာမန်ကာလျှံကာ ပြောလိုက်သည်။



"စားဖိုမှူး"



"နင့် အချက်အပြုတ်စွမ်းရည်က သာမညောင်ညပဲရှိတယ်။"



"အာ.... ငါ ဘဏ်ဓားပြတိုက်တာ။"



"ဘယ်ဓားပြမှာ သေနတ်တစ်လက်တောင်မရှိဘဲ နေလို့လဲ။"


သူက မျက်ခုံးပင့်ကြည့်လိုက်သည်။ "ဘာလို့ရုတ်တရက်ကြီး ငါ့အလုပ်အကိုင်ကို စိတ်ဝင်စားသွားတာလဲ။ တကယ်လို့ ငါက သေမိန့်ကျထားတဲ့ အကျဥ်းသားဖြစ်ခဲ့ရင်တောင် အခုချိန်မှာ ဘာမှလုပ်လို့ရမနေဘူးလေ။"



မာစီဒီးဘန့်ဇ်နှင့် သေချာပေါက် သူဋ္ဌေးလက်သစ် ဖြစ်လာသည့် ရွှေတင်ပါးတစ်ခြမ်းက သူ့ဘဝတလျှောက်လုံး အင်တာနက်ဆယ်လီဖြစ်ခဲ့ပုံရသည်။



သို့သော် ယခုတွင် သူက စတိုခန်းသေးသေးလေးထဲတွင် သော့ပိတ်ခံထားရပြီး သွေးထုတ်လုပ်ရေးသဖွယ် ဆက်ဆံခံ​နေရပေသည်။



ကျန်းမြောင်မြောင်က ပြောလိုက်သည်။ "ငါက စိတ်ပူရုံ...."



သူက ကြည့်ကောင်းပြီး သန်မာသည့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားရှိသည်။ သူက ​ကြောက်ရွံ့ခြင်းမရှိဘဲ စိတ်ထဲရှိသမျှ အကုန်ပြောတတ်ကာ ဆုံးဖြတ်ချက်လည်း ပြတ်သားလေသည်။ လူများကို ချော့မြှူသည့်အခါ၌ သူ့ပါးစပ်လေးက ပျားရည်ကဲ့သို့ ချိုမြနေပြီး သူ ဒေါသထွက်သည့်အခါတွင် ကောင်းကင်ကိုပင် လွင့်ထွက်သွားစေနိုင်လိမ့်မည်။


ချမ်းသာသည့်အမျိုးသမီးများက ထိုကဲ့သို့ လှပသည့် မှင်စာလေးများကို ကြိုက်နှစ်သက်တတ်ကြပေသည်။


"နင်က တကယ်ပဲ တစ်ယောက်ယောက် ထိန်းသိမ်းထားတဲ့ မျက်နှာဖြူလေး မဟုတ်ဘူးလား။" 

[T/N: (မျက်နှာဖြူလေး = ချောမောလှပသည့် အပျော်လင်လေး)ငါ ရယ်သေပြီဟေ့] 


လုချီမင် : “...”


သူမသည် သူမက အဓိကအချက်ကို ထိမိသွားသည်ဟု ခံစားလိုက်ရပေသည်။


"ကိစ္စမရှိဘူး။ ငါ နင့်ကို မရယ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံရှာဖို့ပဲဟာကို။ နင် ရှက်စရာမလိုပါဘူး။"



လုချီမင်က သူ့လက်ထဲမှ တူများနှင့် သူမခေါင်းကို ခေါက်လိုက်သည်။ "အဓိပ္ပါယ်မရှိတာတွေ! ကိုယ့် အစားအသောက်သာ ကိုယ်စားနေစမ်းပါ။"



ကျန်းမြောင်မြောင်က သူမခေါင်းကိုသူမ ကာလိုက်ပြီး မျက်ရည်များဝေ့လာလေသည်။



"နင်က သိသိသာသာကြီးကို လိပ်ပြာမသန့်ဖြစ်နေတာပဲ။" 



လုချီမင်က ဟမ့်ခနဲ နှာမှုတ်ကာပြောလိုက်သည်။ "ငါသာ အဲဒီလိုမျိုးလုပ်တဲ့သူဆိုရင် မင်းကို စားပစ်ပြီးတာ ကြာလှပြီ။"



ထိုအကြောင်းကို တွေးလိုက်မိသည့်အခါ ကျန်းမြောင်မြောင်က အနည်းငယ် ကြောက်ရွံ့သွားခဲ့ပြီး သူမ၏ ကော်လာကို ဆွဲစေ့ကာ သူ့အား သတိအပြည့်နှင့် ကြည့်လိုက်သည်။



သူက သက်ပြင်းချရင်း ခေါင်းယမ်းလိုက်၏။ သူမကို ဂရုစိုက်ရန်အတွက် သူက အလွန် ပျင်းရိနေလေသည်။ ထို့ကြောင့် သူက တူများကို ကောက်ကိုင်ရင်း စတင်စားသောက်လိုက်တော့သည်။


သူမသည်လည်း သူမ၏ တူများကို အလျင်အမြန် ကောက်ကိုင်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က 'နင်နဲ့ငါ ဘယ်သူ ပိုမြန်မလဲ' ဟူသည့် ပြိုင်ပွဲကျင်းပနေသကဲ့သို့ပင်။ သူတို့က လေးယောက် ကောင်းကောင်းစားလို့ရနိုင်သည့် အစားအသောက်ပမာဏကို နှစ်ယောက်တည်းဖြင့် အပြီးသတ်လိုက်ကြတော့၏။