အပိုင်း (၂၆)
Viewers 5k

သူမက ထိုအကြောင်းကို တွေးကြည့်ပြီးနောက် တုန်ရီသွားခဲ့ပြီး ဝမ်းနည်းသွားခဲ့လေသည်။


"အဲဒါဆို ဒီအစားအစာတွေက အလကားဖြစ်မကုန်ဘူးလား။ ဒါတွေအကုန်လုံးက လူတွေ စားဖို့လုပ်ထားတာလေ။" 


စား၍မရနိုင်သည့် ဝက်ပေါင်ခြောက်က ကောင်းမွန်သည့် ဝက်ပေါင်ခြောက် မဟုတ်တော့ပေ။


"မနက်​ဖြန် ထပ်လာကြမယ်။ ငါလည်း ယူဖို့လိုတဲ့ ပစ္စည်းတွေ အများကြီး ရှိသေးတယ်။"


သူတို့၏ လက်ထဲရှိ ခြင်းတောင်းလေးလုံးထဲတွင် ပစ္စည်းများ အပြည့်ရှိနေကာ ၎င်းကို သယ်ပင် မသယ်နိုင်တော့ပေ။ လုချီမင်က တွန်းလှည်းနှစ်ခုရှာတွေ့ခဲ့ပြီး ပစ္စည်းများအားလုံးကို ပြောင်းထည့်လိုက်သည်။ 


အပြင်သို့မထွက်ခင် သူက သေနေသည့် ဇွန်ဘီထံမှ သွေးအချို့ကို အထူးတလည် ထုတ်ယူလိုက်ပြီး အနံ့ဆိုးများကို ထပ်ဖြည့်ရအောင် ခန္ဓာကိုယ်ပေါ်တွင် သုတ်လိမ်းလိုက်ကာ သူတို့၏ လုံခြုံမှုကိုသေချာစေရန် ပြုလုပ်လိုက်သည်။ ထို့နောက်မှ သူတို့က အပြင်ထွက်သွားခဲ့သည်။


နေမင်းက အပြင်ဘက်တွင် တောက်ပနေဆဲ ဖြစ်သည်။ သူတို့က ဇွန်ဘီများကဲ့သို့ လျှောက်နေကြပြီး တွန်းလှည်းကို ဖြေးညင်းစွာ တွန်းရင်း ပန်းခြံထဲ လမ်းလျှောက်ထွက်သလို အေးဆေးပေါ့ပါးနေသည်။



သူတို့က မက်မွန်ပင်အောက်မှ ဖြတ်လျှောက်သွားသည်နှင့် လုချီမင်က ရုတ်တရက် ခုန်ကာ မက်မွန်ပွင့်တစ်ကိုင်း ချိုးယူလိုက်သည်။ 


ကျန်းမြောင်မြောက်က ထိတ်လန့်သွားပြီး သူ့ကို ခပ်တိုးတိုးဆူပူလိုက်သည်။



"နင် ရူးနေလား။ ငါတို့ကို ရှာတွေ့သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါတွေကို မယူချင်ဘူးလို့ ငါပြောထားတယ်လေ။"


"မင်းအတွက် ယူတယ်လို့ ဘယ်သူပြောလဲ။ ငါ ကြိုက်လို့လေ။" 


သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မက်မွန်ကိုင်းကို ရှေ့မှ တွန်းလှည်းထဲ ထည့်လိုက်သည်။



တစ်နာရီကျော်လောက် လမ်းလျှောက်ပြီးနောက် သူတို့က နေမဝင်ခင် အိမ်ပြန်ရောက်လာကြသည်။


တံခါးမှ ဝင်သွားပြီးနောက် ကျန်းမြောင်မြောင်က ကြမ်းပေါ်တွင် လှဲချလိုက်ကာ ပင်ပန်းလွန်းသဖြင့် မလှုပ်နိုင်တော့ပေ။



သို့သော် သူမ တစ်ကိုယ်လုံးက ဇွန်ဘီသွေးများနှင့် အနံ့အသက်ဆိုးရွားနေလေရာ သေချင်လာသလိုပင် ခံစားလိုက်ရသည်။



လုချီမင်သည်လည်း အတူတူပင် ဖြစ်နိုင်သည်။ သူက တံခါးမှ ဝင်လာပြီးသည်နှင့် မီးဖိုခန်းသို့သွားကာ ရေနွေးကျိုတော့သည်။


အိုးက သေးငယ်ပြီး ရေနွေးက အမြန်ကျက်သွားကာ မိနစ်အနည်းငယ်အတွင်း အသင့်ဖြစ်သွားခဲ့သည်။ ထို့နောက် ၎င်းကို ပုံးထဲသို့ လောင်းထည့်လိုက်ပြီး ဒုတိယအိုးကို ထပ်ကျိုလိုက်သည်။


လေးအိုးမြောက်ကျိုပြီးသောအခါ သူက ရေပမာဏကို ကြည့်လိုက်ပြီး ကျန်းမြောင်မြောင်ရှေ့သို့ ရေပုံးကို ချပေးလိုက်သည်။ 



"ရေသွားချိုးတော့။" 



ကျန်းမြောင်မြောင်က အံ့အားသင့်သွားသည်။ "နင် ရေနွေးကျိုနေတာ ငါ့အတွက်လား။ နင်ရေချိုးမလို့ မဟုတ်ဘူးလား။" 



"ချိုးမှာ။ ဒါပေမယ့် ငါက မင်းရဲ့ အမိုးအောက်မှာ​ နေနေရတာ။ မင်းအတွက် ဝေယျာဝစ္စလေးတွေတော့ လုပ်ပေးရမှာပေါ့။ မဟုတ်ရင် မျက်လုံးဖြူဝံပုလွေလို့ ထပ်ပြီး အဆူခံနေရဦးမယ်။"


လုချီမင်က သူမကို စနောက်လိုက်သည်။ ထို့နောက် သူမက ရှက်ရွံ့စွာ နီမြန်းနေသည့် မျက်နှာနှင့် ရေပုံးကို အပေါ်ထပ်သို့ သယ်သွားတော့သည်။



သူက ရေနွေးဆက်ကျိုနေရင်း သူ၏ မျက်လုံးထောင့်ရှိ တွန်းလှည်းအတွင်းမှ မက်မွန်ကိုင်းကို ဖျတ်ခနဲ မြင်လိုက်၏။ သူက ဆိုဒါရေဘူးအလွတ်တစ်လုံးရှာကာ ရေတစ်ဝက်ခန့်ဖြည့်လိုက်ပြီး မက်မွန်ကိုင်းကို ထိုးစိုက်ကာ ထမင်းစားစားပွဲပေါ်သို့ တင်ထားလိုက်သည်။



ပန်းရောင်ပွင့်ချပ်လေးများက ဝေ့ဝဲ​နေပြီး လေထုတစ်ခုလုံးကို ချိုမြိန်သော ရနံ့များနှင့် ထုံမွှမ်းနေတော့သည်။


ရေချိုးခန်းထဲ၌ ကျန်းမြောင်မြောင်အတွက် ရေနွေးလေးအိုးသည်ပင် မလုံလောက်ဘဲ သူမခေါင်းကို လျှော်ပြီးနောက် ရေအများကြီး မကျန်တော့ပေ။



သူမ ခန္ဓာကိုယ်ပေါ်မှ အညစ်အကြေးများကို မဆေးကြော၍ မရနိုင်သဖြင့် ကျန်းမြောင်မြောင်က ရေအေးကို ​သုံးတော့မည့်အချိန်၌ လုချီမင်က တံခါးလာခေါက်လေသည်။



"ဘာလဲ။ ငါ ရေချိုးလို့မပြီးသေးဘူး။" သူမက ဆံပင်ကို ဖယ်ကာ မော့ကြည့်လိုက်သည်။



လုချီမင်က ပြောလိုက်၏။ "ငါ မင်းအတွက် ရေထပ်ယူလာပေးတာ။" 



သူမက ခန္ဓာကိုယ်ကို ရေချိုးတဘက်နှင့် ပတ်လိုက်ပြီး တံခါးအား ဖွင့်လိုက်သည်။ တစ်ဖက်လူက သူ့မျက်လုံးများကို ပိတ်ထားပြီး ရေနွေး နောက်တစ်ပုံး သယ်လာပေးသည်။ ထို့နောက် သူက တံခါးပြန်ပိတ်ကာ ပြောလိုက်၏။ 


"ငါ ချက်ပြုတ်တော့မယ်။ မင်း ဘာစားချင်လဲ။" 



ကျန်းမြောင်မြောင်က သူတို့ စူပါမားကတ်မှ ပြန်ယူလာသည့် ပစ္စည်းများအကြောင်း ပြန်တွေးလိုက်သည်။ "ဝက်ပေါင်ခြောက်နဲ့ ပဲပင်ပေါက်ကြော်။ ပြီးတော့ ဝက်ဆားနယ်နဲ့ ရေညှိချက်။" 



လုချီမင်က သူသိပြီဖြစ်ကြောင်း အသံပြုပြီးနောက် အောက်ထပ် ပြန်ဆင်းသွား၏။



ကျန်းမြောင်မြောင်က ရေပုံးထဲသို့ ရေအေးနည်းနည်း လောင်းချလိုက်သည်။ သူတို့ ပြန်ရောက်လာပြီးကတည်းက လုချီမင်မှာ မျက်နှာပင် မသစ်ရသေးဘဲ သွေးများဖြင့် ဖုံးလွှမ်းနေဆဲ ဖြစ်သော်လည်း သူမအတွက် ရေနွေးကျိုပေးပြီး ချက်ပြုတ်ခြင်းပါ ပြုလုပ်နေရသည်ကို တွေးမိသည့်အခါ သူမက စိတ်မကောင်းဖြစ်သလို ခံစားလိုက်ရသည်။



သူမက သူ့ကို အနာဂတ်၌ ကောင်းကောင်းမွန်မွန် ဆက်ဆံရပေလိမ့်မည်။ ယခုကဲ့သို့အခြေအနေ၌ ကိုယ်နှင့်အတူ အခက်အခဲများကို မျှဝေခံစားပေးမည့်သူအား ရှာတွေ့ရန် မလွယ်လှပေ။


နောက်ထပ်ရလာသည့် ရေနွေးတစ်ပုံးနှင့် သူမက ရေကောင်းကောင်းချိုးလိုက်ရပြီး ခြေသည်း လက်သည်းလေးများကိုပင် သန့်ရှင်းတောက်ပသွားအောင် ဆေးကြောလိုက်နိုင်သည်။



ကျန်းမြောင်မြောင်က အဝတ်အစားအသစ်များ ဝတ်ပြီးသောအခါ သူမ အသက်ပြန်ရှင်လာသလို ခံစားလိုက်ရပေသည်။ သူမက တဘက်တစ်ထည်နှင့် ဆံပင်ကို ရေသုတ်နေရင်း အောက်ထပ်သို့ ဆင်းလာသည်။ သူမ တံခါးကို ဖွင့်လိုက်သည်နှင့် ဝက်ဆားနယ်ခြောက်၏ ပြိုင်ဘက်ကင်းအငန်အရသာနံ့ကို ရလိုက်သည်။


သူမက အသက်ပြင်းပြင်းရှူလိုက်ပြီး လုချီမင်က မီးဖိုဘေးတွင် ရပ်ကာ အိုးကို စိုက်ကြည့်နေသည်အား မြင်သည့်အခါ ပြောလိုက်သည်။



"ငါ လုပ်လိုက်မယ်။ နင် ရေသွားချိုးတော့လေ။" 



လုချီမင်က လှည့်ကြည့်လာပြီး သူမ ဆံပင်မှ ရေများ စက်လက်ကျနေသေးသည်ကို မြင်သွားသည်။



"မင်း ဆံပင်တွေ မခြောက်သေးဘူး။" 



"လျှပ်စစ်မီးမရှိလို့ လေမှုတ်စက်ကို သုံးမရဘူးလေ။ ဒီအတိုင်းပဲ တဖြေးဖြေးခြောက်သွားအောင် ထားရမှာပဲ။"



သူက ခေတ္တမျှ စဥ်းစားလိုက်ပြီးနောက် အိုးကိုဖွင့်၍ သူမကို ပြောလိုက်သည်။ 


"မင်းရဲ့ ခေါင်းကို ဆန့်ထုတ်လိုက်။"



ကျန်းမြောင်မြောင် : “???”


"မင်းဆံပင်ကို မီးနဲ့ ​ခြောက်အောင် လုပ်လိုက်လေ။"



"....လာနောက်နေတာလား။ ငါ့ဆံပင်တွေ မီးလောင်သွားမှာပေါ့ဟဲ့။"



"အကင်နည်းစနစ်ရှိတယ်။ ငါ တီထွင်ထားတာ... ဘယ်သူမှ လိုက်မလုပ်နိုင်ဘူး။" 



သူက အာမခံချက်အပြည့်နှင့် ပြောလိုက်သည်။ သူမ၏ ဆံပင်က စိုနေဆဲဖြစ်ပြီး အနည်းငယ် သက်သောင့်သက်သာမရှိသလို ခံစားရပေသည်။



ကျန်းမြောင်မြောင်က စိတ်ယိုင်သွားပြီး သူမ ခေါင်းကို ရှေ့သို့ တိုးပေးလိုက်ရင်း သူ့အား သတိပေးလိုက်သည်။ "ငါ့ဆံပင်တွေကို မီးလောင်အောင် လုပ်မိသွားရင် ငါ နင့်ကို လုံးဝ ညှာတာပေးမှာမဟုတ်ဘူးနော်။"



"စိတ်ချစမ်းပါ။"


*********


T/N: သူ့လေသံကြီးက ငါ ဘာလို့ မျက်ခုံးလှုပ်နေပါလိမ့် 🤣🤣