ငွေရှင်းကောင်တာ၏ ဘေးတွင် စင်သုံးခုရှိပြီး စင်တစ်ခုတွင် ပရိုမိုးရှင်းပေးထားသည့် ကိုလာ၊ နွားနို့၊ ဖျော်ရည်နှင့် အခြားသောက်စရာများဖြင့် ပြည့်နေသည်။
နောက်တစ်စင်တွင် နေ့စဥ်လိုအပ်သည့် ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ ရေချိုးဂျယ်လ်ကဲ့သို့သော ပစ္စည်းများရှိ၏။
နောက်ဆုံးတစ်ခုမှာ ဒစ်စကောင့်ချထားသည့် ပေါင်မုန့်များရှိနေသော နေရာဖြစ်ပြီး ထိုနေရာ၌ ပေါင်မုန့်အိတ်များစွာ ရှိလေသည်။
ကျန်းမြောင်မြောင်က ဒိန်ချဥ်သောက်ချင်သော်လည်း ၎င်းကို သယ်ရန်မှာ အလွန် လေးလံလှသောကြောင့် ပြတ်ပြတ်သားသား လက်လျှော့လိုက်ရသည်။ သူမက နေ့စဉ်လိုအပ်သည့် ပစ္စည်းများထားသည့်နေရာမှ သွားတိုက်ဆေးအချို့၊ ခေါင်းလျှော်ရည်ဘူးနှင့် ရေချိုးဂျယ်လ်တို့ကို ယူလိုက်ပြီး သူမ၏ အင်အားအများစုကို ပေါင်မုန့်တွေသယ်ရာ၌ အသုံးပြုလိုက်တော့သည်။
သက်တမ်းတိုသည့် လတ်ဆတ်သော ပေါင်မုန့်များက မှိုတက်နေခဲ့ပြီ ဖြစ်သော်လည်း တာ့လီဥယျာဥ်မှ နူးညံ့သော ပေါင်မုန့်များက စား၍ရနေဆဲ ဖြစ်သည်။
ကျန်းမြောင်မြောင်က ၎င်းတို့ကို ကောက်ကာ သူမ၏ ခြင်းတောင်းထဲ ထည့်ခဲ့ပြီးနောက် သူမက လာကူညီရန် လုချီမင်ကို အသံတိုးတိုးနှင့် ခေါ်လိုက်သည်။
လုချီမင်က ပြန်မဖြေခဲ့ပေ။ သူမက ပြန်လှည့်ကြည့်လိုက်ပြီး အေးခဲသွား၏။
သူ ဘယ်မှာလဲ။ သူအခုလေးတင် ဒီမှာ ရှိနေတာ မဟုတ်ဘူးလား။
"လုချီမင်...."
ကျန်းမြောင်မြောင်က သူ့ကို ခပ်တိုးတိုးခေါ်လိုက်ပြီး ရှေ့သို့ နှစ်လှမ်းလောက် လျှောက်လိုက်သည်။ သူမ ခြေထောက်အောက်၌ တစ်စုံတစ်ခု ရှိနေပုံရသည်။
သူမ ငုံ့ကြည့်လိုက်သည့်အခါ သွေးရောင်နီရဲနေသည့် မျက်လုံးတစ်စုံကို မြင်လိုက်ရပြီး ကြောက်ရွံ့မှုကြောင့် အော်ဟစ်မိလုမတတ် ဖြစ်သွားခဲ့သည်။
ဇွန်ဘီ၏ ခြေထောက်များက ၎င်း၏ ဒူးဆစ်မှနေ၍ ခုတ်ဖြတ်ခံထားရပြီး လူပုလေးနှင့် တူနေသည်။ ၎င်း၏ ခန္ဓာကိုယ်က မပြည့်စုံတော့သော်လည်း ကြီးမားသော ခွန်အားရှိနေဆဲ ဖြစ်ကာ ၎င်း၏ လက်ကို မလိုက်သည်နှင့် သူမ Mask က ဆွဲဖြုတ်ခံလိုက်ရလေသည်။
ကျန်းမြောင်မြောင်၏ အသက်ရှုသံက ထွက်ပေါ်လာသည်။ ဇွန်ဘီက သွေးနံ့ကို ရလိုက်သည့် ဆာလောင်နေသော ဝံပုလွေကဲ့သို့ ဖြစ်လာ၏။ ၎င်းက ချက်ချင်း ရှူးရှူးရှဲရှဲ ဖြစ်လာပေသည်။ ၎င်း၏ သွေးလွှမ်းမေသော ပေါင်က မြေပြင်ပေါ် ထောက်လိုက်ကာ ကျန်းမြောင်မြောင်၏ ခေါင်းထက်မြင့်အောင် ခုန်လိုက်ပြီး သူမအား ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားစေခဲ့သည်။
သူမ ခေါင်းက အောက်ဘက်ရှိ ကြမ်းပြင်နှင့် ဆောင့်မိသွားခဲ့ကာ သူမ၏ အမြင်အာရုံက နာကျင်မှုကြောင့် မှောင်မည်းသွားခဲ့၏။
ဇွန်ဘီက သူမ ပခုံးကို ဖိထားကာ ၎င်း၏ နံစော်နေသော ပါးစပ်ကို ဖွင့်၍ သူမကို ကိုက်ရန် ပြင်လိုက်သည်။
သူမ သေရတော့မည်လား။ သူမက အန္တရာယ်နှင့် ရင်း၍ ထွက်မလာခဲ့သင့်ပေ။ သူမက ငါးဆားနယ်လေးလို အိမ်ထဲ၌သာ ပုန်းနေသင့်တာဖြစ်သည်။
ကျန်းမြောင်မြောင်က စိတ်ဓာတ်ကျစွာဖြင့် သူမ၏ မျက်လုံးများကို မှိတ်လိုက်သော်လည်း သူမက မည်သည့်နာကျင်မှုကိုမှ မခံစားမိခဲ့ပေ။ ထို့အစား သူမက ထက်ရှသော ဓားတစ်လက်၏ အရိုးကို ဖြတ်သန်းထိုးဖောက်သွားသည့် ပွတ်တိုက်သံတစ်ခုကို ကြားလိုက်ရပြီး အေးစက်၍ ပျစ်စေးသော သွေးများက သူမ မျက်နှာကို လာစင်လေသည်။
သူမ ခန္ဓာကိုယ်ထက်မှ ဇွန်ဘီက မလှုပ်ရှားနိုင်သည့် အလောင်းကောင်အဖြစ် အပြည့်အဝပြောင်းလဲသွားသည်။
သူမ မျက်လုံးများကို ဖွင့်လိုက်သည့်အခါ ဇွန်ဘီ၏ နောက်တွင် ရပ်နေသော လူတစ်ယောက်ကို အံ့အားသင့်ဖွယ်ကောင်းစွာ မြင်လိုက်ရသည်။
"နင်..."
အရမ်းကျွမ်းကျင်တာပဲလား။
လုချီမင်က ဇွန်ဘီကို အဝေးသို့ ကန်ထုတ်လိုက်ပြီး သူမ နှာခေါင်းနှင့် ပါးစပ်မှ သွေးများကို သုတ်ပေးလိုက်ကာ သူမ မျက်နှာထက် Mask ပြန်ဝတ်ရန် ကူညီပေးလိုက်သည်။ ထို့နောက်တွင် သူမက သူမကိုယ်သူမ သူ့လက်မောင်းထဲ ပစ်ဝင်တော့၏။
"ငါ သေလောက်အောင် ကြောက်သွားတာ။ ကံကောင်းလို့ အသက်ရှင်နေသေးတယ်။"
ကျန်းမြောင်မြောင် : ...ကြည့်ရတာ တော်တော်ကို ကံကောင်းလို့ ထင်ပါတယ်။
သူမက သူမ ခေါင်းကို ကိုင်လိုက်ပြီး 'သေနေသည့်' ဇွန်ဘီကို ကြည့်လိုက်သည်။
"အဲဒါက သေသွားပြီလား။"
"ဖြစ်နိုင်ပါတယ်။"
မူလစာအုပ်ထဲတွင် ဇွန်ဘီများက ခေါင်းသို့ အပစ်ခံရသည်နှင့် သေဆုံးလိမ့်မည် ဖြစ်သည်။ ဇာတ်လိုက်အမျိုးသားနှင့် ဇာတ်လိုက်အမျိုးသမီးတို့က ထိုနည်းလမ်းကို သုံးကာ ဇွန်ဘီများကို သတ်ပစ်ခဲ့သည်။
သို့သော် သူတို့ထဲမှ တစ်ယောက်က အထူးစစ်သားဖြစ်ကာ နောက်တစ်ယောက်က ကိုယ်ခံပညာ ကျွမ်းကျင်သည်။ သူမက ထိုလျှို့ဝှက်ချက်ကို သိထားလျှင်ပင် မည်သည့်အခါမှ အနိုင်ရနိုင်လိမ့်မည် မဟုတ်ပေ။
ထို့နောက်တွင် သူမက အလွန် ကြောက်ရွံ့လာ၏။
"ပြန်သွားရအောင်ပါ။ ဒီပေါင်မုန့်နဲ့ဆိုရင် ရက်နည်းနည်းလောက်တော့ လုံလောက်သင့်ပါတယ်။"
"ငါ နေရာကောင်းတစ်ခု ရှာတွေ့ထားတယ်။"
"ဘယ်နေရာလဲ။"
လုချီမင်က ဘယ်ဘက်မှ တစ်နေရာသို့ လက်ညှိုးညွှန်ပြလိုက်သည်။
"ငါ အဲဒီမှာ သွားစစ်ဆေးခဲ့တာ။ ဇွန်ဘီတွေ မရှိဘူး။ သွားကြစို့။"
သူက သူမကို လျှောက်မပြေးနေဖို့ ပြောခဲ့ပေမယ့် တကယ်တမ်း လျှောက်ပြေးနေတာ ဘယ်သူလဲ ကြည့်ကြပါဦး။
ကျန်းမြောင်မြောင်က သူ၏ ဦးဆောင်မှုနောက်မှ လိုက်သွားနေပြီး သူမ နှလုံးသားထဲတွင် မကျေနပ်မှုများနှင့် ပြည့်နေခဲ့သည်။ သို့သော် ထိုနေရာတွင် ရှိနေသည့် စင်များကို မြင်သောအခါ သူမက ချက်ချင်းပင် ဤနေရာ၌ သေသွားလျှင်ပင် ထိုက်တန်သည်ဟု တွေးလိုက်မိတော့သည်။
ဝက်ဆားနယ်ခြောက်။
ဝက်ပေါင်ခြောက်။
ငါးခြောက်။
အားလုံးက အသားတွေ ဖြစ်သည်။
ထို့ပြင် အခြားစင်ပေါ်၌ ရေညှိခြောက်၊ မှိုခြောက်ပန်းခြောက်၊ မျှစ်ခြောက်များလည်း ရှိနေသေးပြီး အရာအားလုံးက သူမ အကြိုက်များပင် ဖြစ်သည်။
ကျန်းမြောင်မြောင်သည် အလီဘာဘာက ခိုးသားလေးဆယ်၏ ရတနာများကို ရှာတွေ့စဥ်က ခံစားခဲ့ရသည့် ခံစားချက်များကို သိလိုက်ရပေသည်။ သူမက ချက်ချင်းပင် ခြင်းတောင်းအသစ်တစ်လုံး ကောက်ယူကာ ထိုပစ္စည်းများထည့်ရန် ကြိုးစားတော့သည်။
လုချီမင်က ပြောလိုက်၏။ "မင်း အစားအသောက်တွေ ယူလိုက်။ ငါ အဝတ်အစားတချို့ သွားယူလိုက်ဦးမယ်။"
သူမ၏ စိတ်ထဲတွင် အစားအသောက်များသာလျှင် ရှိနေပြီး အားလုံးယူရန် အလုပ်များနေသောကြောင့် လုချီမင်၏ စကားများကို မကြားလိုက်ပေ။
လုချီမင်က အတွင်းခံတချို့နှင့် အဝတ်အစားများ ယူလိုက်ပြီး သူကိုယ်တိုင်အတွက် နွေးထွေးသော စောင်တစ်ထည်လည်း ယူလိုက်သည်။ သူ ပြန်လာသည့်အခါ သူမ၏ ခြင်းတောင်းက ပြည့်နှက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သတိပေးလိုက်သည်။
"ငါတို့မှာ ကားမရှိလို့ အများကြီး သယ်လို့မရဘူး။ ဒီလောက်ဆိုလုံလောက်ပြီ။"
ကျန်းမြောင်မြောင်က သူမ အာရုံကို ပြန်ရလာပြီး အစားအသောက်များကို လက်လျှော့လိုက်ရန် တွေဝေနေသည်။
"ငါတို့ ဘာလို့ ဒီမှာပဲ မနေလိုက်ရမှာလဲ။"
ဤနေရာ၌ စားစရာ၊ သောက်စရာနှင့် အိပ်ရာပင် ရှိသေးသည်။ ဤနေရာက နတ်သမီးနယ်မြေတစ်ခုနှင့် တူညီနေသည်မှာ သေချာလှသည်။
သူမသာ သိခဲ့လျှင် ဗီလာတစ်လုံး ငှားခဲ့လိမ့်မည်မဟုတ်ဘဲ ဇွန်ဘီပျက်ကပ်မဖြစ်ပွားခင် စူပါမားကတ်အသေးလေးသို့ သွားကာ ပျော်ပျော်ရွှင်ရွှင် နေနေပေလိမ့်မည်။
လုချီမင်က မျက်ခုံးပင့်လိုက်၏။ "သေချာရဲ့လား။ ဒီစူပါမားကတ်မှာ ဖွင့်ထားတဲ့ ဝင်ပေါက်ထွက်ပေါက်တွေ အများကြီးရှိတယ်နော်။ ဤအချိန်အတွင်း ဘယ်လောက်များတဲ့ ဇွန်ဘီတွေ ပုန်းနေ မလဲဆိုတာ မသေချာဘူး။ သူတို့က နေ့အချိန်မှာ ထွက်မလာပေမယ့် ညဘက်ကျရင်တော့ သေချာပေါက် အစာရှာထွက်မှာပဲ။ ငါတို့ ဒီမှာနေရင် ကျားပါးစပ်ထဲဝင်သွားတဲ့ သိုးလေးတွေနဲ့ တူမနေဘူးလား။"
သူမက ထိုအကြောင်းကို တွေးကြည့်ပြီးနောက် တုန်ရီသွားခဲ့ပြီး ဝမ်းနည်းသွားခဲ့လေသည်။