အပိုင်း (၂၄)
Viewers 5k

နောက်တစ်နေ့ မနက်ခင်းတွင် သူတို့က ဝက်သတ်သည့် အနေအထားဖြင့် နာရီဝက်လောက် အချိန်ကုန်ခဲ့ကြသည်။ သူတို့က ရွှေတင်ပါးတစ်ခြမ်း၏ သွေးများကို ဇလုံတစ်ဝက်ရအောင် ထုတ်ယူကာ သူတို့တစ်ကိုယ်လုံးအား ဖုံးသွားအောင်သုတ်ရန် အသုံးပြုခဲ့ကြသည်။


ကျန်းမြောင်မြောင်က သူမ အရေပြားပေါ်တွင် အနက်ရောင်သွေးများဖြင့် သုတ်လိမ်းခံရမည်ကို သည်းမခံနိုင်ဘဲ အော်ကလီဆန်နေခဲ့သည်။ သူမက နံရံမှ လိုက်ကာကို ဖြတ်လိုက်​ပြီး ခန္ဓာကိုယ်ကို ၎င်းနှင့် ရစ်ပတ်လိုက်သည်။ သူမ ပါးစပ်နှင့် နှာခေါင်းကို ပိတ်စအကြီးကြီးတစ်ခုနှင့် mask အဖြစ် ပြုလုပ်လိုက်ပြီး အဆုံး၌ သူမ၏ မျက်လုံးလေးနှစ်လုံးကိုသာ ဖော်ထားတော့သည်။


လုချီမင်က သူမကို သွေးတို့ဖြင့် သုတ်လိမ်းပေးနေရင်း နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်ကာ တစ်ချက်ကြည့်လိုက်သည်။ "ကျစ်.. ကျစ်! မင်းက မံမီမဟုတ်တာ နှမြောစရာပဲ။"


"အခုပဲ နေ့လယ်ခင်းဖြစ်နေပြီ။ သွားတော့မလား။" 


လုချီမင်က သူ၏ သွေးလွှမ်းနေသော အဝတ်ကို ချလိုက်ပြီး ခေါင်းညိတ်လိုက်၏။


ရွှေတင်ပါးတစ်ခြမ်းက ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည်။ ၎င်း၏ ခြေချင်းဝတ်က ရှုပ်ပွနေအောင် အ​လှီးခံထားရပြီး သွေးများက မြင်မကောင်းလောက်အောင် ထွက်နေခဲ့သည်။


ကျစ်.. ကျစ်! သူတို့က ဇွန်ဘီများထက် ပိုဆိုးရွားလှသည်။


ကျန်းမြောင်မြောင်က ခေါင်းကို ယမ်းရင်း တံခါးပိတ်လိုက်သည်။


သူတို့ ဗီလာမှ ထွက်လာသောအခါ ကျန်းမြောင်မြောင်က အထူး အကြံပေးလာသည်။ "အရင်တစ်ခေါက်ကလောက် ​မြန်မြန်ကြီးမမောင်းနဲ့။ ငါတို့ ကားမတော်တဆမှုဖြစ်မှာ ကြောက်တယ်။"


သူမက ဇွန်ဘီတွေ၏ အသတ်ခံရသောကြောင့် မသေဘဲ ပြိုင်ကား မြစ်ထဲ ထိုးကျ၍ သေရသည်ဆိုလျှင် ဘယ်လိုလုပ်ရပါ့မလဲ။


လုချီမင်က ပြောလိုက်သည်။ "ငါတို့ ဒီတစ်ခေါက် ကားမောင်းမသွားဘူး။" 


"ဘာလို့လဲ။" 


"ငါတို့က ဇွန်ဘီတွေလို ဟန်ဆောင်ချင်တယ်ဆိုမှတော့ အဆုံးထိ ဟန်ဆောင်ကြရမယ်လေ။ ဇွန်ဘီတွေက ကားမောင်းတာ မြင်ဖူးလို့လား။" 


အဲဒါက မှန်ကန်သော်လည်း သူတို့က ကားမောင်းမသွားရင် အဲဒီနေရာကို ဘယ်လိုသွားနိုင်မှာလဲ။


လမ်းလျှောက်ပြီးတော့လား။ လမ်းတလျှောက်တွင် ဇွန်ဘီ ထောင်သောင်းမက ရှိလေရာ သူတို့ အသတ်ခံသွားရနိုင်ပေသည်။


ကျန်းမြောင်မြောင်က ကျောရိုးတလျှောက် စိမ့်တက်လာသည်ကို ခံစားလိုက်ရပြီး တွေဝေသွားခဲ့သည်။


လုချီမင်က သူမ ကြောက်နေသည်ကို မြင်သောအခါ နှစ်သိမ့်ပေးလာ၏။ "စိတ်​အေးအေးထားပါ။ စူပါမားကတ်ကို သွားဖို့က ငါ ပေးတဲ့အကြံပဲ။ တကယ်လို့ လမ်းမှာ မမျှော်လင့်ထားတာ တစ်ခုခုဖြစ်ခဲ့ရင် ငါ မင်းကို သေချာကာကွယ်ပေးပြီး မင်း ထိခိုက်ဒဏ်ရာမရှိဘဲ ပြန်သွားနိုင်အောင် လုပ်ပေးပါ့မယ်။"


"အိုး... လာစမ်းပါ။ နင့်မှာ အသက်ဘယ်နချောင်းများ ရှိနေလို့လဲ။" 


ကျန်းမြောင်မြောင်က သူမ၏ မျက်လုံးများကို လှိမ့်ကာ Mask အား အနည်းငယ် ဆွဲတင်လိုက်သည်။ "ငါတို့က သေဖို့ သွားကြတာဆိုမှတော့ နင့်ဓားကို သေချာယူလာခဲ့ဦး။ အဲဲဒါဆို ဇွန်ဘီအုပ်ကြီး ပြေးဝင်လာတဲ့အခါ နင် ငါ့ဆီ ဓားလေး လှမ်းပေးလိုက်ရုံပဲ။"


လုချီမင်က မနေနိုင်တော့ဘဲ သူ့နှုတ်ခမ်းထောင့်စွန်းများက အပေါ်သို့ ကော့တက်သွားကာ ဓားကို ခါးကြားထိုးလိုက်သည်။


သူက တံခါးကို ဖွင့်ရင်း ပြောလိုက်၏။ "မှတ်ထား။ ဇွန်ဘီတွေမှာ X-Ray လို မျက်လုံးတွေ မရှိဘူး။ သူတို့က တစ်ချက်ကြည့်ရုံလေးနဲ့ ငါတို့ကို လူသားတွေလား အလေုင်းတွေလား ပြောနိုင်မှာ မဟုတ်ဘူး။ အခု ငါတို့ရဲ့ အနံ့က အဖုံးခံထားရတော့ ငါတို့အပြုအမူတွေက အရမ်း မသိသာသရွေ့ ရှာဖွေဖော်ထုတ်ခံရမှာ မဟုတ်ဘူး။" 


စက္ကန့်အနည်းငယ်ကြာပြီးနောက် ထူးဆန်းသည့် 'ဇွန်ဘီ' အသစ်နှစ်ကောင်က အိမ်ယာဝန်းထဲ၌ ထွက်ပေါ်လာသည်။


ကြယ်က​လေးက သူတို့နှင့် လေးမီတာအကွာခန့်တွင် ရပ်​နေပြီး သူတို့ကို ငါးသေလိုမျက်လုံးတစ်စုံနှင့် ကြည့်နေခဲ့သည်။


ကျန်းမြောင်မြောင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူမက ခြေတစ်လှမ်းပင် ထပ်မလှမ်းနိုင်တော့ပေ။ ထို့နောက် သူမက ကိုယ့်ကိုယ်ကိုယ် အရူးလုပ်ကာ ဇွန်ဘီများနှင့် ပိုတူသည့် ကိုယ်နေဟန်ထား ပြုလုပ်လိုက်၏။


ကြယ်ကလေး၏ ပုပ်ပွနေသော ပါးစပ်ကြီးမှ နှစ်ကြိမ်ခန့် ဟိန်းဟောက်သံ ထွက်လာခဲ့ပြီး သူ့အကြည့်များကို ပြန်ရုတ်ကာ ဦးတည်ရာမဲ့ ဆက်လက်လျှောက်သွားနေတော့သည်။ 


လုချီမင်က သူမကို လက်မထောင်ပြလိုက်၏။


သူမက စိတ်သက်သာရာရသွားပြီး ထိုအဖြစ်က သူမကို ယုံကြည်ချက်အများကြီး ရှိသွားစေသည်။ လုချီမင်က သူမ အနားမှ ကပ်၍ လိုက်သွားခဲ့သည်။


သူတို့နှစ်ယောက်က အိမ်နားဝန်းကျင်မှ လုံလုံခြုံခြုံထွက်သွားနိုင်ပြီး မည်သည့်ဇွန်ဘီမှ သူ့ကို ရှာမတွေ့ခဲ့ပေ။


ကျန်းမြောင်မြောင်သည် နောက်ဆုံး၌ လမ်းမကြီးထက် ရောက်လာခဲ့ပြီး လတ်ဆတ်သည့် လေကိုရရှိရန် အသက်ပြင်းပြင်းရှူလိုက်သည်။ လမ်းများကို မရှင်းလင်းသည်မှာ တစ်လနှစ်လရှိပြီဖြစ်ရာ ကြွေကျနေသော သစ်ရွက်များနှင့် အမှိုက်များက နေရာအနှံ့ လွင့်နေခဲ့သည်။


ဆိုင်တစ်ခု၏ တံခါးက အဖွင့်ခံထားရပြီး အထဲရှိပစ္စည်းများက မွစာကြဲနေသည်။ ၎င်းသည် ဆိုင်တာဝန်ခံများ ထွက်သွားသည့် အချခန်က အလွန် ပျာယာခတ်နေခဲ့ကြောင်း ပြသလေသည်။ 


သေချာပေါက် ဤနေရာတွင် မည်သည့်ဆိုင်ရှင်မှ မရှိဘဲ ဇွန်ဘီများဖြင့် အစားထိုးခံထားရပြီး တစ္ဆေမြို့တော်နှင့်ပင် တူနေသည်။


သူမသည် ထိုနေရာ၌ လှပသစ်လွင်သော စကတ်နှင့် ဒေါက်မြင့်ဖိနပ်စီးထားသည့် ပိန်ပိန်ပါးပါး အမျိုးသမီးဇွန်ဘီတစ်ယောက်ကို မြင်လိုက်ရသည်။ သူမတွင် ရှည်လျားသည့် လှိုင်းတွန့်ဆံပင်ရှိပြီး စိမ်းဖန့်ဖန့်နှင့် မွဲခြောက်နေသော အသားအရေပေါ်တွင် နူးညံ့သိမ်မွေ့သည့် မိတ်ကပ်တစ်လွှာ ရှိခဲ့ပုံပေါ်သည်။ သူမ မသေခင်က အတော်လေးလှပလိမ့်မည်ဖြစ်ကာ သူမ အကိုက်မခံရခင် သူမချစ်သူနှင့် ဒိတ်လုပ်နေခဲ့ခြင်း ဖြစ်နိုင်သည်။


ကျန်းမြောင်မြောင်က သက်ပြင်းချလိုက်ပြီး သူမ အခုချိန်ထိ အသက်ရှင်နိုင်နေသည်မှာ ကံကောင်းလှသည်ဟု တွေးမိခဲ့သည်။ 


မွှေးပျံ့လှသည့် ရနံ့တစ်သုတ်က သူမကို ရိုက်ခတ်လာသည်။ သူမ မော့ကြည့်လိုက်သည့်အခါ လမ်းဘေးတွင်ရှိနေသည့် မက်မွန်ပင်များက ပန်းများပွင့်နေပြီဖြစ်ကာ ပန်းရောင် ပန်းပွင့်သေးသေးလေးများက ဘေးချင်းယှဥ်လျက် ရှိနေကြပြီး ရိုမန့်တစ်ဆန်သည့် ပန်းရောင် လေထုကို ထုတ်လွှတ်ပေးနေ၏။ 


နေအလင်းရောင်က ပန်းပွင့်များကြားမှ ကွာဟနေသည့် အကွာအဝေးလေးကို ဖြတ်သန်းကာ ဖြာကျနေပြီး သစ်ပင်များအောက်မှ ဇွန်ဘီများကို ပန်းရောင်တောက်ပနေစေသည်။


လုချီမင်က သူမ မျက်လုံးထဲမှ နှစ်သက်မှုအရိပ်အယောင်များကို မြင်သည့်အခါ မေးလိုက်သည်။ "နည်းနည်းလောက် ပြန်ယူသွားကြမလား။"


သူမက ခေါင်းကို ယမ်းလိုက်သည်။ "မယူဘူး။ စူပါမားကတ်ကိုပဲ သွားကြရအောင်။" 


သူတို့၏ ဇွန်ဘီလမ်းလျှောက်ပုံကြောင့် ခရီးစဥ်က အလွန် နှေးကွေးလှပြီး ကားမောင်းသွားလျှင် မိနစ်ပိုင်းနှင့် ရောက်ရမည်ဖြစ်သော်လည်း ယခုမူ ရောက်ရှိရန် တစ်နာရီကျော်သွားခဲ့ပေသည်။


စူပါမားကတ်က လမ်းမကြီး၏ ဘေးတွင် တည်ရှိပြီး တံခါးအနားတွင် စတုရန်းမီတာတစ်ရာထက် ကျယ်ဝန်းသည့် စတုန်းကွက်လေးတစ်ခု ရှိသည်။ 


ရုံးဖွင့်သည့်ရ​က်များတွင် ထိုနေရာ၌ ဆိုင်ခန်းငယ်များ၊ အကသမားများ၊ ပူဖောင်းများနှင့် စည်ကားနေတတ်သည်။ ယခုတွင် ထိုနေရာ၌ ဇွန်ဘီနှစ်ကောင်သာ ရပ်ကာ တစ်စုံတစ်ခုကို လုယက်နေခဲ့၏။


ကျန်းမြောင်မြောင်က ချဥ်းကပ်လာသွားသည့်အခါ ၎င်းမှာ ပုပ်ပွနေသော လူသားပေါင်တစ်ချောင်းဖြစ်နေသည်ကို မြင်လိုက်ရပြီး ရွံရှာလွန်းသဖြင့် အန်ထွက်လုနီးပါး ဖြစ်သွားရသည်။ 


လုချီမင်က သူမနှာခေါင်းနှင့် ပါးစပ်ကို အုပ်ကာ အရှိန်တင်လိုက်သည်။


စူပါမားကတ်တံခါးက မပိတ်ထားသောကြောင့် အလွယ်တကူ ဝင်ရောက်နိုင်ပေသည်။ ဗီလာအတွင်းမှာကဲ့သို့ ထိုနေရာ၌ လျှပ်စစ်မီးမရှိဘဲ မှောင်မည်းနေသည်။


အမှောင်ထဲတွင် ဇွန်ဘီများပုန်းနေသည့် ဖြစ်နိုင်ချေရှိပြီး ထူးဆန်းသည့် အသံများကို ကြားနေရပေသည်။


လုချီမင်က သူမ လက်ကိုတို့ကာ ခပ်တိုးတိုး ပြောလိုက်သည်။


"အရမ်းအဝေးကြီးမသွားနဲ့။ အနီးအနားမှာရှိတဲ့ဟာတွေကိုပဲ ယူလိုက်။ ငါ့အနောက်ကနေပဲ လိုက်ပြီး အရမ်းဝေးတဲ့နေရာမှာ မနေနဲ့။ မြန်မြန်လုပ်ဖို့လည်း သတိရ။ မမှောင်ခင် မပြန်နိုင်ရင် ငါတို့ ကိစ္စချောသွားလိမ့်မယ်။" 


ကျန်းမြောင်မြောင်က သူ့ကို ထားကာ ခပ်ဝေးဝေးသွားရန်မဆိုထားနှင့် သူမကိုယ်သူမပင် သူနှင့်ပူးကပ်ချည်ထားနိုင်ရန် ဆန္ဒရှိနေသည်။ သူမက ခေါင်းညိတ်လိုက်ကာ သူပေးသည့် စျေးဝယ်ခြင်းတောင်းကို ယူကာ ပစ္စည်းများ စတင်ထည့်လိုက်တော့သည်။