ကျန်းမြောင်မြောင်က ထိုအိုးကို ရတနာတစ်ပါးသဖွယ် သတိအပြည့်နှင့် စောင့်ကြပ်နေခဲ့သည်။ ငါးရက်မြောက်နေ့တွင် ပဲပင်လေးများက သိသာသည့်အမြင့်သို့ ရောက်ရှိကာ ကြီးထွားလာသည်။
သူမက ၎င်းကို ကောက်ယူကာ စိတ်လှုပ်ရှားမှုအပြည့်နှင့် အမြတ်တနိုး ကြည့်နေခဲ့သည်။ သူမက ၎င်းတို့ကို အိုးထဲ ထည့်ကာ ဆီနှင့်ဆားတို့ဖြင့် အချိုးကျကျ ရောစပ်၍ အခြားဟင်းခတ်အမွှေးအကြိုင်တို့ထည့်ကာ ကြော်လိုက်သည်။ နှစ်မိနစ်ကြာပြီးနောက် သူမက ညစာစားပွဲပေါ် တင်လိုက်ပြီး လတ်ဆတ်သည့် မွှေးရနံ့တို့က ဧည့်ခန့်တစ်ခန်းလုံး ပြည့်နှက်သွားသည်။
၎င်းမှာ ဤလအတွင်း ဗီလာထဲရှိ တစ်ခုတည်းသော လတ်ဆတ်သည့် အသီးအရွက် ဖြစ်လေသည်။
မြေအောက်ခန်းထဲတွင် အလုပ်လုပ်နေသည့် လုချီမင်က အနံ့ရသည့်အခါ ထွက်လာခဲ့သည်။
သူက ဖြတ်သွားသင့်သလား တွေဝေနေဆဲအချိန်တွင် ကျန်းမြောင်မြောင်က အစပြုကာ သူ့ကို လက်ယပ်ခေါ်ခဲ့၏။ သူမက သူ့ကို ပန်းကန်တစ်လုံးပေးပြီး သူ့ပန်းကန်ပေါ်သို့ တူတစ်စုံကို ကိုယ်တိုင်ကိုယ်ကျ တင်ပေးခဲ့သည်။
သူက ထိုင်ချလိုက်ကာ ပဲပင်ပေါက်ကြော်ကို ရေတွက်လိုက်ပြီးနောက် ခါးသက်စွာ ပြုံးလိုက်သည်။
"ငါးပင်တောင်ဟုတ်လား။ မင်းက အရမ်းကို သဒ္ဓါတရားထက်သန်တာပဲ ဟမ်။"
ကျန်းမြောင်မြောင်က သူမ၏ မေးကို မော်ချီလိုက်သည်။ "ငါးပင်က ဘာမှားနေလို့လဲ။ တခြားလူတွေမှာဆို စားချင်တာတောင် မစားကြရရှာဘူး။ အဲဒီနေ့က ငါသာ ဉာဏ်ရှိရှိနဲ့ ပဲစေ့တွေကို ပြန်မယူလာခဲ့ရင် ငါတို့ ဒီနေ့ စားရမှာတောင် မဟုတ်ဘူး။"
သူက ခေါင်းညိတ်လိုက်ပြီး အဖိုးတန်လှသည့် ပဲပင်ပေါက်များကို တစ်ပင်ချင်းစားလေသည်။ သူက အရသာရှိသော အစားအစာထဲ နစ်မြုပ်ကာ ခေါင်းမဖော်တမ်း စားသောက်နေသည့် ကျန်းမြောင်မြောင်ကို ကြည့်ကာ ပြောလိုက်သည်။
"ဒီတစ်ပတ်ထဲမှာ ဇွန်ဘီလှိုင်းတစ်ခု ဖြစ်လာလိမ့်မယ်။ ငါတို့ရဲ့ အစားအစာတွေက ကုန်လုနီးပါးဖြစ်နေပြီ။ ငါတို့ စူပါမားကတ်ကို ထပ်သွားဖို့လိုတယ်။"
ကျန်းမြောင်မြောင်က နောက်ဆုံးတစ်လုတ်စားလိုက်ပြီးနောက် မျက်လုံးများကို မှိတ်ကာ အသီးအရွက်၏ လျှာပေါ်မှ အရသာကို ပြန်လည်ခံစားနေသည်။
လုချီမင်က လက်ကို ဆန့်ထုတ်ရင်း သူမ ပါးလေးကို ဖျစ်လိုက်၏။ "တံတွေးပဲ တိတ်တိတ်ကလေး မြိုချမနေနဲ့။ အရေးကြီးတဲ့ စကားပြောနေတယ်လေကွာ။"
သူမက မျက်လုံးများကို တုန်လှုပ်ချောက်ချားစွာ ဖွင့်လာခဲ့သည်။ "ကောင်းပြီ။ နင် သွားလို့ရတယ်။ ဒါပေမယ့် မသွားခင် ရွှေတင်ပါးတစ်ခြမ်းကို ပစ်ထုတ်သွားဖို့ သတိရ။ ငါ အဲဒါကြီးရဲ့ အကိုက်ခံရပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းမကြံချင်သေးဘူး။"
လုချီမင်က မျက်မှောင်ကြုတ်လိုက်သည်။ "မင်း အဲဒီလောက်တောင် အသက်မရှင်ချင်တာလား။"
"ငါ ကိုယ့်စွမ်းရည်ကိုယ် သိတယ်။ ငါက ကြောင်ရိုင်းတစ်ကောင်ကိုတောင် မရိုက်နိုင်တာ။ ထောင်ချီတဲ့ ဇွန်ဘီတွေနဲ့ ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ။ လာနောက်နေတာလား။"
သူမက ထရပ်ကာ ထပ်ပြောလိုက်သည်။ "ငါတို့ ဒီလောက်အကြာကြီး အတူတူနေနိုင်ခဲ့တာ ငါတို့ရဲ့ ကံတရားပဲ။ နင် ထွက်သွားချင်ရင် ငါ မတားဘူး။ အိမ်ထဲမှ ရှိတဲ့ ပစ္စဘ်းတွေထဲက နင် လိုအပ်တာ ကြိုက်သလောက် ယူသွားလို့ရတယ်။ ငါ့ကို တစ်ယောက်တည်း ထားခဲ့ပေးဖို့ပဲ တောင်းဆိုချင်တယ်။"
သူမက ပါးစပ်သုတ်လိုက်ပြီး တစ်ရှူးကို ပစ်ထုတ်လိုက်ကာ အပေါ်ထပ်သို့ တက်သွားခဲ့သည်။
လုချီမင်က သူမနောက်ကျောကို ကြည့်ရင်း ပြောလိုက်၏။ "ငါတို့ စူပါမားကတ်ကနေ လုံလုံခြုံခြုံ ပြန်လာနိုင်ဖို့ ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်ဆိုရင်ရော ဘယ်လိုလဲ။"
ကျန်းမြောင်မြောင်က ရပ်တန့်ကာ ပြန်လှည့်ကြည့်လိုက်သည်။
"ဘယ်လိုမျိုးလဲ ပြောကြည့်။"
သူက ထရပ်လိုက်ပြီး မီးဖိုခန်းဘေးဘက်မှ တံခါးဆီ လျှောက်သွားလိုက်သည်။ သူက တံခါးကို ဖွင့်ရင်း ပြောလိုက်၏။
"ဇွန်ဘီတွေက အဓိကအားဖြင့် သူတို့ရဲ့ အနံ့ခံအာရုံကို အသုံးပြုပြီး တစ်ဖက်လူက လူသားဟုတ်မဟုတ် ဆုံးဖြတ်ကြတာ။ ငါတို့ ကိုယ့်ကိုယ်ကိုယ် ဇွန်ဘီအဖြစ် ရုပ်ဖျက်သွားသရွေ့ သူတို့ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။"
တံခါးဖွင့်လိုက်သည့်အခါ ရွှေတင်ပါးတစ်ခြမ်းက မြေပြင်၌ တိတ်ဆိတ်စွာ လဲလျောင်းနေသည်။ လှုပ်ရှားသံအချို့ကို ကြားသည့်အခါ သူက ချက်ချင်း ရုန်းကန်လာပြန်သည်။
လုချီမင်က မျက်ခုံးကို ပင့်ကာ ကျန်းမြောင်မြောင်အား ကြည့်၍ မေးလိုက်သည်။ "ကြိုးစားကြည့်ချင်လား။"
သူမက တွေဝေနေဆဲ ဖြစ်သည်။ "နင့်ဟာက အလုပ်ဖြစ်မှာ သေချာလို့လား။"
"မဟုတ်ရင် ငါ ဒီအိမ်ကို အန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုမျိုး ရောက်လာနိုင်တယ် ထင်လို့လဲ။"
ကျန်းမြောင်မြောင်က ရုတ်တရက် ထိုနေ့က သူ့တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေသည်ကို သတိရလိုက်သည်။
သို့သော် သူမက ကြောက်တတ်ပြီး သူမ၏ ကိုယ်ပိုင်မျက်လုံးများနှင့် မမြင်ရဘဲ ယုံကြည်ရန် ငြင်းဆန်နေသည်။
"နင် အရမ်းသေချာရင် ငါ့ကို အရင်ပြကြည့်လေ။"
လုချီမင်က ကိစ္စမရှိဘူးဟု ပြောလိုက်သည်။ သူက ဘယ်နေရာက ရလာမှန်းမသိသည့် ဓားတစ်လက်နှင့် ရွှေတင်ပါးတစ်ခြမ်း၏ ခြေချင်းဝတ်ဝဝကြီးကို လှီးလိုက်သည်။
ပျစ်ခဲနေသည့် အနက်ရောင် သွေးတို့က စီးကျလာပြီး လုချီမင်က ၎င်းတို့ကို ယူကာ သူ့တစ်ကိုယ်လုံးကို နေရာတစ်လက်မပင်မကျန်ခဲ့အောင် ပွတ်သုတ်လိုက်သည်။
ကျန်းမြောင်မြောင်က ရွံရှာစွာဖြင့် တံခါးနားသို့ ဆုတ်ခွာသွား၏။
မိနစ်အနည်းငယ်ကြာပြီးနောက် လုချီမင်က သူ၏ ပါးစပ်နှင့် နှာခေါင်းကို တဘက်တစ်ထည်နှင့် ဖုံးထားပြီး တစ်ကိုယ်လုံးတွင် ဇွန်ဘီသွေးများဖြင့် ဖုံးလွှမ်းသွားပြီ ဖြစ်၏။ သူက ကျန်းမြောင်မြောင်ကို လာကြည့်ရန် ခေါ်လိုက်သည်။ ထို့နောက် သူက ဓားကို ကောက်ကိုင်ကာ ရွှေတင်ပါးတစ်ခြမ်း၏ မျက်နှာကို ဖုံးလွှမ်းထားသည့် အိပ်ရာခင်းအစကို အပေါက်ဖြစ်သွားအောင် ဖြတ်ထုတ်လိုက်၏။
၎င်း၏ ကြီးမားသော နှာခေါင်းက တရှုံ့ရှုံ့ လှုပ်ရှားသွားပြီး ရွှေတင်ပါးတစ်ခြမ်းက သူတို့၏ လှုပ်ရှားမှုများကို ကျိန်းသေကြားရသော်လည်း အသက်ရှိနေသည့် လူတစ်ယောက်၏ အနံ့ကို သူ မရနိုင်ပေ။ အချိန်အကြာကြီး ရှာဖွေပြီးနောက် သူက ပါးစပ်ကြီးဖြဲကာ ကျန်းမြောင်မြောင်ထံ တဟုန်ထိုး ပြေးဝင်သွားနိုင်ရန် ကြိုးစားတော့သည်။
လုချီမင်က ဓားမှ သွေးများကို ဖြေးညင်းစွာ သုတ်လိုက်သည်။
"မင်း အခု ငါ့ကို ယုံပြီလား။"