နောက်တစ်နေ့မနက်တွင် သူမက ရေလောင်းလိုက်ပြီး ပဲများအပေါ်တွင် ရေစွတ်ထားသည့် တစ်ရှူးအလွှာအနည်းငယ် တင်ကာ မီးဖိုအောက်ဘက်ရှိ ဘီရိုအသေးလေးထဲတွင် ထည့်ထားလိုက်သည်။
လုပ်ငန်းစဥ်က ပြီးပြည့်စုံသွားပြီး ယခု သူမ လုပ်ရန် လိုအပ်သည့်အရာအားလုံးမှာ ပဲစေ့များအပင်ပေါက်လာရန် စောင့်ဆိုင်းရုံသာဖြစ်သည်။
ကျန်းမြောင်မြောင်သည် သူမ ပုံမှန်လုပ်နေကြအလုပ်များဖြစ်သည့် လက်ရေးလှလေ့ကျင့်ခြင်း၊ ပန်းချီဆွဲခြင်းနှင့် အဝတ်လျှော်ခြင်းများ ပြုလုပ်ခဲ့သည်။ သူမက မနေနိုင်ဘဲ မိနစ်အနည်းငယ်ကြာတိုင်း သူမ၏ ပဲစေ့လေးများကို သွားသွားကြည့်တတ်သည်။
ထိုသည်ကို မြင်သောအခါ လုချီမင်က မထိန်းနိုင်ဘဲ ရယ်မောတော့၏။
"ပဲပင်တွေ အပင်ပေါက်ပြီးရင် ထွက်ပြေးကုန်မှာစိုးလို့ တစ်ချိန်လုံးစောင့်ကြည့်နေတာလား။"
သူမက နှုတ်ခမ်းများကို ကွေးလိုက်သည်။ "ငါ သတိမထားမိတဲ့အချိန်မှာ တစ်ယောက်ယောက်က ခိုးသွားမှာကို ကြောက်နေတာ။"
"ငါ အဲဒီလောက် အားယားမနေဘူး။"
လုချီမင်က ရေနွေးကြိုလိုက်ပြီးနောက် ၎င်းကို ပုံးထဲထည့်ကာ သယ်သွားရင်း ပြောလိုက်သည်။
ကျန်းမြောင်မြောင်က သူ့ကို မနာလိုဖြစ်စွာ ကြည့်လိုက်၏။
သူမသည်လည်း ရေကောင်းကောင်း ချိုးချင်လှပေသည်။
ရေအရင်းအမြစ် ပျက်စီးသွားပြီး မြို့ထဲရှိ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားပြီးနောက် ရေအပူပေးစက်က အသုံးမဝင်ဖြစ်သွားခဲ့သည်။ ထို့ကြောင့် ရေချိုးရန် ရေပူအတွက် မီးဖိုချောင်ထဲမှ အိုးသေးသေးလေးကိုသာ အသုံးပြု၍ ကျိုရပေသည်။ တစ်ကြိမ်တွင် အများဆုံး အိုးတစ်ဝက်သာ ကျိုနိုင်ခဲ့သည်။
လုချီမင်တွင် ထူထဲသော အရေပြားရှိပြီး သူသည် ရေနွေးတစ်ဇလုံကို ရေအေးနှင့် ရော၍ ခေါင်းမှ ခြေဖျားအထိ ဆေးကြောသန့်စင်နိုင်သည်။
သို့ပေမယ့် သူမက ထိုသို့လုပ်၍ မရနိုင်ပေ။
သူမ၏ ဆံပင်ကို လျှော်ပြီး ရေချိုးသန့်စင်ရန်အတွက် အနည်းဆုံး ရေနှစ်ပုံးလိုအပ်သည်။ ထိုအိုးသေးသေးလေးက လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်ပေ။
ထို့ကြောင့် ဤရက်များတွင် သူမက အမှန်တကယ် ရေမချိုးနိုင်ခဲ့ဘဲ ရေချိုးခန်းထဲ ဆောင့်ကြောင့်ထိုင်ကာ ခန္ဓာကိုယ်ကို တဘက်နှင့် သုတ်ရန်သာ တတ်နိုင်ပေသည်။
ကျန်းမြောင်မြောင်က သက်ပြင်းချလိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ်က ပဲပင်ပေါက်များကို ကြည့်ရန် လှည့်သွားခဲ့သည်။
သူမ အပင်စစိုက်သည့် ရက်မှစလျှင် ယခု နှစ်ရက်သုံးရက်ရှိသွားပြီ ဖြစ်သည်။ အပင်များက အဘယ့်ကြောင့် တစ်ဝက်သေနေဆဲ ဖြစ်ရသနည်း။ မြေကြီးများထဲမှ အာဟာဓာတ်မလုံလောက်၍ ဖြစ်နိုင်သလား။ နာရီဝက်ခန့်ကြာပြီးနောက် လုချီမင်က ရေစက်လက်ဆံပင်နှင့် ထွက်လာပြီး ကျန်းမြောင်မြောင်က သူ့ကို လက်ဝှေ့ယမ်းပြနေသည်အား မြင်လိုက်ရသည်။
"ဒီကိုလာခဲ့။"
"ဘာအတွက်လဲ။"
သူမက ပဲပင်ပေါက်များကို ညွှန်ပြလိုက်သည်။ "မြေသြဇာနည်းနည်းထည့်လိုက်။"
လုချီမင်: "... ဘာတွေပြောနေတာလဲ။"
"ငါ ဘာကိုဆိုလိုလဲဆိုတာ နင် သိပါတယ်။ ရူးချင်ယောင်ဆောင်မနေနဲ့။"
သူက နှာမှုတ်၍ ငြင်းပယ်လိုက်၏။
"မလုပ်ဘူး။ ညစ်ပတ်ပြီးရွံစရာကောင်းတယ်။"
"နင် ငါ့ရဲ့ ဓမ္မတာသွေးတွေကို သုံးတာ ရွံစရာကောင်းတယ်လို့ ပြောတုန်းက နင် ဘာပြောခဲ့လဲ။" ကျန်းမြောင်မြောင်က သူ့စကားနှင့်သူ ပြန်တိုက်ခိုက်လိုက်သည်။ "ဘာပဲဖြစ်ဖြစ် အဲဒါက စွန့်ပစ်ရမှာပဲကို အကျိုးရှိရှိ သုံးလိုက်ရင် ပိုကောင်းတာပေါ့။"
"ဒါက စားဖို့နော်။"
"အဲဒါက နွားချေးကို မြေသြဇာသုံးတာနဲ့ အတူတူပဲလေ။ ဟင်းသီးဟင်းရွက် စိုက်ခင်းထဲ တခြားသတ္တဝါတွေရဲ့ မစင်တွေ ထည့်ထားတာတောင် နင် ပျော်ပျော်ကြီး စားသောက်နေသေးတာပဲ။ အချိန်မဖြုန်းနဲ့။ မြန်မြန်လုပ်။
သူမက အလွန် စိတ်စောနေပြီး သူ့ဘောင်းဘီကိုပင် ကိုယ်တိုင်ချွတ်ချင်နေပုံရသည်။
လုချီမင်က ရွေးချယ်စရာမရှိတော့ဘဲ ပဲပင်ပေါက်ကို ရေချိုးခန်းထဲ ယူသွားပြီး အထဲသို့ ဆီးသွားထည့်လိုက်ရသည်။
"ဒီမှာရော့။"
ကျန်းမြောင်မြောင်က သူမ နှာခေါင်းကို ပိတ်ပြီး ပြောလိုက်၏။ "ဟိုနေရာမှာထားလိုက်လေ။ ဘာလို့ ငါ့ကို လာပေးနေတာလဲ။ ညစ်ပတ်ကပတ်နဲ့။"
သူမက အကျိုးအကြောင်းမသင့်စွာနှင့် သူ့ကို မြေသြဇာထည့်ပေးရန် ပြောခဲ့သော်လည်း အခု သူမက သူ့ဆီးကို ညစ်ပတ်သည်ဟုပင် ပြောနေပြန်သည်။
လုချီမင်က ခေါင်းခါလိုက်ကာ ပဲပင်ပေါက်ကို ပြတင်းပေါက်ဘောင်ပေါ် ပြန်တင်ထားလိုက်၏။
ထို့နောက် ကျန်းမြောင်မြောင်က ပဲပင်များ ကြီးထွားလာရန် မျှော်လင့်စောင့်စားနေခဲ့သည်။ သို့သော် ကံဆိုးစွာနှင့် နောက်တစ်နေ့တွင် အရွက်များအားလုံး ဝါထိန်သွားလေသည်။
"နင့်ဆီးက တကယ် အဆိပ်ရှိတာပဲ။"
ဖူး......--
လုချီမင်၏ ပါးစပ်ထဲမှ ဆန်ပြုတ်များက စားပွဲပေါ် ဖြန်းခနဲ ထွက်ကျကုန်သည်။
"မင်းသာ အဆိပ်ရှိတာ။"
"နင့် ဆီးက အဆိပ်မရှိရင် အပင်တွေ ဘယ်လိုလုပ် သေသွားနိုင်မှာလဲ။ သူတို့တွေ သေသွားပြီလေ။"
"ငါ သေးမပေါက်ချင်တာကို မင်း အတင်းပေါက်ခိုင်းတာလေ။ မင်းကမှ သူတို့ကို သတ်ပစ်တာ မဟုတ်ဘူးလား။"
ကျန်းမြောင်မြောင်က ထိုသို့ဖြစ်သွားသည်ကို မယုံကြည်နိုင်စွာဖြင့် လုချီမင်၏ အဆိပ်ရှိဆီးများကို သန့်စင်ပစ်နိုင်ရန် မျှော်လင့်ပြီး အလျင်အမြန် ရေလောင်းလိုက်သည်။
သို့သော် နှမြောစရာကောင်းစွာနှင့် နေ့လယ်ခင်း၌ ပဲအပင်ပေါက်၏ အရွက်များက ကြွေကျသွားခဲ့ပြီး အမြစ်များပါ ပုပ်သွားလေသည်။ ၎င်းတို့က ညနေစောင်းအထိပင် မခံခဲ့ကြရှာပေ။
သူမ မျှော်လင့်ချက်များ ပုံအပ်ထားသည့် ပဲပင်ပေါက်များ သေဆုံးသွားသောအခါ သူမက မျှော်လင့်ချက်အားလုံးကို ကျန်နေသေးသည့် ပဲစေ့များပေါ်တွင် ပုံချထားလိုက်တော့သည်။
ကံကောင်းစွာနှင့် ထိုပဲစေ့လေးများက သူမကို စိတ်မပျက်စေခဲ့ဘဲ စိုက်ပျိုးပြီး နှစ်ရက်အတွင်း အညှောင့်သေးသေးလေးများ ထွက်လာခဲ့သည်။
သူမက အလွန် စိတ်လှုပ်ရှားနေပြီး အပင်ပေါက်စလေးများကို သူမအခန်းထဲ ရွှေ့ထားလိုက်သည်။ သူမသည် လုချီမင်ကို အပင်များနှင့် ဝေးဝေးနေရန် မှာထားခဲ့ပြီး အထူးသဖြင့် သူ့ဆီးကို အပင်များပေါ် တစ်စက်မှ လာမစင်စေရန် သေချာပြောလိုက်သည်။
လုချီမင်က ငိုရမလား ရယ်ရမလားပင် မသိတော့ပေ။ "ငါ့မှာ အဲဒီလို ဝါသနာမျိုး မရှိဘူး!!!"
**********
T/N: အူတက်သေတော့မယ်ဟေ့ 🤣🤣🤣🤣