အပိုင်း (၂၁)
Viewers 5k

သုံးမိနစ်ကြာပြီးနောက် ဟောက်သံသဲ့သဲ့ကို ကြားလိုက်ရသည်။ လုချီမင်က စောင်ကို ဆွဲယူကာ အဝေးသို့ လှိမ့်သွားခဲ့သည်။ သူက ကျန်းမြောင်မြောင်ကို အိပ်ရာအပြင်ဘက်သို့ ကန်ထုတ်ပစ်လိုက်လုနီးပါးပင် ဖြစ်သည်။


ကျန်းမြောင်မြောင် :.... ငါ့စောင်ကို ပြန်ပေးစမ်း!


သူမက စောင်ကို လက်နှစ်ဖက်နှင့် ဆွဲယူကာ သူမဘက်သို့ ပြန်ယူနိုင်ရန် အပြင်းအထန် ကြိုးစားလိုက်သည်။ သို့သော် သူမက တစ်ဖက်လူကို တုတ်တုတ်မှလှုပ်လာအောင် မလုပ်နိုင်သည့်အပြင် သူမသာလျှင် အားကုန်ပြီး မောပန်းလာပေသည်။ 


ညလုံးပေါက်နီးပါး ရုန်းကန်ပြီးနောက် ကျန်းမြောင်မြောင်က စောင်အစွန်းကို ဆွဲယူရန် လုပ်ဆောင်နိုင်ခဲ့သည်။ သူမက ကွေးကွေးလေးနှင့် ဝမ်းပန်းတနည်း အိပ်ပျော်သွားလေသည်။ 


မနက်စောစောတွင် နေအလင်းရောင်က ပြတင်းပေါက်မှန်မှတဆင့် တိုးဝင်လာသည်။ လုချီမင်က မျက်လုံးများကို ဖွင့်လိုက်သည့်အခါ နူးညံ့နွေးထွေးသည့် စောင်တစ်ထည်က သူ့ကိုယ်ပေါ် လွှမ်းခြုံထားသည်ကို မြင်လိုက်ရသည်။ သူက သက်သောင့်သက်သာရှိစွာဖြင့် အပျင်းကြောဆန့်လိုက်သည်။


သူ့ဘေးရှိ လူက အိပ်ရာထသွားပြီဖြစ်ကာ ရေချိုးခန်းထဲမှ ရေကျသံများ ကြားနေရသည်။


လုချီမင်က ကြမ်းပြင်သို့ ခြေချလိုက်ပြီး စောင်ကို သပ်သပ်ရပ်ရပ်ခေါက်ကာ မနက်စာပြုလုပ်ရန် အောက်ထပ်သို့ ဆင်းဖို့ စီစဉ်နေသည်။


ကျန်းမြောင်မြောင်က ရုတ်တရက် တံခါးဖွင့်ကာ ထွက်လာပြီး သေးသွယ်သော ခန္ဓာကိုယ်နှင့် သူ၏ လမ်းကို ပိတ်ထားလိုက်သည်။


သူသည် ပြီးခဲ့သည့် ညက အိပ်ခန်းအတွင်း အိပ်စက်ရန် လိုက်လျောပေးမှုကို အလွန် ကျေးဇူးတင်နေသည့်အတွက် တက်ကြွစွာ ပြောလိုက်သည်။


"မင်္ဂလာနံနက်ခင်းပါ။"


ကျန်းမြောင်မြောင်၏ မျက်နှာက မည်းမှောင်နေ၏။ "ငါ့ကို ကြည့်ရတာ ဘယ်လိုနေလဲ။" 


လုချီမင်က သူမကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည့်အခါ သူမက အမှန်တကယ် အားနည်းသယောင်ဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူက မရေမရာပြောလိုက်သည်။ "မင်းရဲ့ အန်တီ ထပ်လာပြန်တာလား။"


"နင့်ကြောင့် ငါ အအေးမိသွားတာလေ။" 


စကားစ စဖွင့်လိုက်သည်နှင့် သူမက သူ့အကြောင်း အဆက်မပြတ် အဆက်မပြတ် စတင်ပြောဆိုတော့သည်။


"ငါက ကြင်ကြင်နာနာနဲ့ နင့်ကို ​အထဲ ဝင်ခွင့်ပေးလိုက်တာကို နင်က ငါ့အိပ်ရာကို တစ်ယောက်တည်း မောင်ပိုင်စီးပစ်လိုက်တယ်။ စောင်တစ်ထည်လုံး နင်တစ်ယောက်တည်း ဆွဲယူသွားတော့ ငါက ဘာနဲ့ ခြုံရမှာလဲ။ စောင်ကို နည်းနည်းလေးတောင် ပြန်ဆွဲလို့မရဘူး။ လေးလိုက်တာ နွားသိုးကြီးကျနေတာပဲ။ ငါ နင့်ကို ကန်ပစ်တာတောင် မနိုးနိုင်ဘူး။ နင်က တကယ်ပဲ ဝက်ကနေ ဝင်စားလာတာမဟုတ်ဘူးလား ဟမ်?" 


သူမ၏ အဆက်မပြတ် ဆူပူပြောဆိုမှုများကြောင့် လုချီမင်က ခေတ္တမျှ ကြက်သေသေသွားသည်။ သူမက မောသွားမှသာ စကားပြောရပ်သွားခဲ့သည်။ လုချီမင်က အမြန်တောင်းပန်လိုက်၏။


"ငါက အမြဲတမ်း အဲဒီလိုမလုပ်တတ်ပါဘူး။ မနေ့က အရမ်း ပင်ပန်းသွားလို့ပါ။ နောက်ပိုင်းမှာ မင်းရဲ့ စောင်ကို လုံးဝ မလုတော့ဘူးလို့ ကတိပေးတယ်။"


ကျန်းမြောင်မြောင်က သရော်လိုက်သည်။


"နောက်ပိုင်း ဘာလုပ်လုပ် ငါ ဂရုမစိုက်ဘူး။ ဘာဖြစ်ဖြစ် ငါ့ အိပ်ရာထဲ လုံးဝ ထပ်လာမအိပ်ရတော့ဘူးမှတ်။ နင် အိပ်ဖို့ပြဿနာ နင့်ဘာသာ ဖြေရှင်းတော့။"


သူမက တစ်ညလုံးကောင်းကောင်း မအိပ်ခဲ့ရပေ။ သူမက အခု အဖျားအနည်းငယ်ဝင်ကာ ခေါင်းက မူးရိပ်မူးရိပ် ဖြစ်နေ၏။ စကားပြောပြီးနောက် သူမက အိပ်ရာထဲသို့ ဝင်ကာ ဆက်အိပ်ရန် ပြင်လိုက်သည်။


လုချီမင်သည် တစ်ခုခုမှားနေကြောင်း သိသော်လည်း မရှင်းတော့ပေ။ သူက မီးဖိုချောင်သို့သွားကာ ဆန်ပြုတ်ပူပူလေး ချက်ပြုတ်လိုက်သည်။


သူက ရှင်းရလွန်းလို့ အာပေါက်သွားလျှင်ပင် တစ်ဖက်လူက သူ့ကို အရေးစိုက်လိမ့်မည် မဟုတ်ကြောင်း သိပေသည်။ 


သူက ဆန်ပြုတ်ကို ခုတင်ဘေးရှိ စားပွဲပေါ်တွင် တင်ထားလိုက်ပြီး အောက်ထပ်သို့ ဆင်းကာ သူ့အလုပ်သူ ပြန်လုပ်နေလိုက်သည်။ 


ကျန်း​မြောင်မြောင်က နေ့လယ်နှစ်နာရီအထိ အိပ်နေခဲ့၏။ သူမ နိုးလာသောအခါ အဖျားကျသွားပြီဖြစ်ကာ ဝမ်းကဟာလာပေသည်။


သူမက ဆန်ပြုတ်ပန်းကန်ကို ထိကြည့်လိုက်သည်။ ဆန်ပြုတ်က အေးစက်နေပြီဖြစ်သဖြင့် သူမက စားစရာရှာဖွေရန်အတွက် ဖိနပ်အပါး​လေး စီးလိုက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။


ရွှေတင်ပါးတစ်ခြမ်းမှာ မနေ့ညက တစ်ညလုံး အော်ဟစ်နေခဲ့သော်လည်း ယခု မောသွားပုံရကာ နောက်ထပ် ဆူညံသံ မပြုလုပ်တော့ပေ။ ထို့အစား သူက နံရံကို ခေါင်းနှင့် ဆက်တိုက် တိုက်နေခဲ့သည်။ 


ပြတင်းပေါက် အပြင်ဘက်ရှိ ကြယ်က​လေးမှာ ပုံမှန်အတိုင်း သွားလာနေပြီး သူ့အပေါင်းအသင်း ပျောက်ဆုံးသွားသည်ကိုပင် သတိမထားမိပုံရလေသည်။


ကျန်းမြောင်မြောင်က ဖီးဖိုခန်းသို့သွားရန် ဧည့်ခန်းထဲ ရောက်လာခဲ့ချိန်၌ လုချီမင်က ပြတင်းပေါက်အနီးတွင် သူမကို ကျောပေး၍ ဆောင့်ကြောင့်ထိုင်နေသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ သူ ဘာလုပ်နေလဲဆိုတာ သူမ သေချာမသိပေ။


သူမက သိချင်စိတ်ဖြင့် ထိုနေရာသို့ လျှောက်သွားခဲ့သည့်အခါ သူမ တူးထားသည့် မြေဆီလွှာတို့ကို ကြီးမားသည့် ဇလုံတစ်ခုအတွင်း လောင်းထည့်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် ပဲပင်ပေါက်တို့ကို ထိုအိုးထဲသို့ ပြောင်းရွှေ့ကာ ဂရုတစိုက် စိုက်ပျိုးနေခဲ့သည်။


"နင်.... အပင်စိုက်နေတာလား။"


သူမက အံ့အားတသင့်ပြောလိုက်သည်။ လုချီမင်က သူ့ခေါင်းကို ပြန်လှည့်ကာ ကြည့်လာပြီး သူ၏ ချောမောသော မျက်နှာထက်၌ ရွှံ့တို့နှင့် ဖုံးလွှမ်းနေသော်လည်း သူက သတိမပြုမိပုံရလေသည်။


"မင်း နေမကောင်းဘူးဆိုတော့ ဒါကို ဂရုစိုက်ဖို့ ဘယ်သူမှမရှိတော့ဘူး ထင်လို့။ ဒါကြောင့် ငါကိုယ်တိုင်ပဲ ရွှေ့လိုက်တော့တာ။"


"နင် အဲဒါကို ကြီးထွားလာအောင် လုပ်နိုင်လား။" 


"ဒီကိစ္စလေးလောက်ကတော့ အသေးအဖွဲပါပဲ။"


သူက သူမ မယုံကြည်မှာ စိုးရိမ်သောကြောင့် ဇလုံကို ယူလာပြီး ပြလိုက်သည်။ 


ကျန်းမြောင်မြောင်က ရေကို ပုလင်းတစ်ဝက်ခန့် လောင်းလိုက်သည်။ အချိန်အတော်ကြာ စစ်ဆေးပြီးနောက် သူမက မည်သည့် ပြဿနာမှ မရှိသည်ကို မြင်လိုက်ရသောအခါ ခေါင်းညိတ်ကာ ပြောလိုက်သည်။


"ကောင်းပြီ။ နင် အလုပ်ကြိုးစားခဲ့တယ်။"


လုချီမင်က မေးလိုက်သည်။ "မင်း ဗိုက်ဆာပြီလား။ ငါ မင်းအတွက် အိုးထဲမှာ ဆန်ပြုတ် ချန်ထားသေးတယ်။ မီးမငြှိမ်းရသေးဘူး။ နွေးနေအောင်လို့ မီးနည်းနည်းချန်ထားထားခဲ့တာ။


သူမက လှည့်ကြည့်လိုက်သည့်အခါ မီးဖိုပေါ်တွင် အဖြူအခိုးအငွေ့များနှင့် ပွက်နေသည့် အိုးတစ်အိုးကို မြင်လိုက်ရသည်။


သူမ၏ ခံစားချက်က ချက်ချင်း ရှုပ်ထွေးသွားသော်လည်း သူမသည် ထိုလူ၏ အရူးလုပ်မခံရစေရန် ကိုယ့်ကိုယ်ကိုယ် လျင်မြန်စွာ သတိပေးလိုက်၏။


မနေ့က သူမ နှလုံးသားက နူးညံ့သွားပြီး ဝံပုလွေကို အခန်းထဲ ခေါ်သွင်းမိသည့်အတွက် အအေးမိခဲ့ရလေသည်။


ကျန်းမြောင်မြောင်က တည်တင်းနေသော မျက်နှာဖြင့် လျှောက်လာပြီး သူမအတွက် ဆန်ပြုတ်တစ်ပန်းကန် ထည့်လိုက်သည်။


လုချီမင်က အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်ပြီး ပဲအပင်ပေါက်များပေါ်သို့ ရေအချို့ လောင်းကာ ပြတင်းပေါက် ဘောင်ပေါ် တင်ထားလိုက်သည်။


ရွှေရောင်နေအလင်းက အစိမ်းရောင်အရွက်ပေါ် တောက်ပစွာ ကျဆင်းနေပြီး ကမ္ဘာပျက်ကပ်အတွင်း အလှပဆုံးပန်းချီကားတစ်ချပ် ဖြစ်လာသည်။


စားသောက်ပြီးနောက် ကျန်းမြောင်မြောင်က စတိုးဆိုင်မှ သူမ ပြန်သယ်လာသည့် ပဲစေ့အိတ်တစ်ဝက်ကို ထုတ်ယူကာ အညှောင့်များ ဘယ်လောက် ကြီးထွားနေပြီကို ကြည့်ရှုလိုက်သည်။


မူလတန်းကျောင်းတွင် ဆရာမက သူတို့ကို သင်ကြားပေးခဲ့သည်မှာ ပဲစေ့များကို ညလုံးပေါက် ရေစိမ်ထားပြီးနောက် ရေစိမ်ထားသော ပဲစေ့များကို မြေသြဇာထည့်၍ မြှုပ်ထားမည်ဟု သင်ပေးခဲ့သည်။ ထို့နောက် ပဲစေ့များကြီးထွားလာရန် ပူနွေးသော ထည့်စရာတစ်ခုခု သို့မဟုတ် မှောင်သောနေရာတွင် ရက်အနည်းငယ်ခန့် စောင့်ဆိုင်းရပေမည်။


သူမသည် ယခင်က လုပ်ဆောင်ခဲ့ဖူးပြီး အောင်မြင်ခဲ့သည်။ ထို့ကြောင့် သူမက ယုံကြည်ချက်အပြည့် ရှိပေသည်။ 


သို့သော် ပြဿနာမှာ မြေသြဇာအချို့ကို သူမ မည်သည့်နေရာမှ ရနိုင်မည်နည်း။


အနည်းငယ်တွေးတောကြည့်ပြီးနောက် ကျန်းမြောင်မြောင်က တစ်ရှူးကို အစားထိုးအသုံးပြုရန် ဆုံးဖြတ်လိုက်သည်။


သူမတွင် တစ်ရှူးလိပ်များစွာရှိလေရာ အနည်းငယ် အလဟဿဖြစ်သွားလျှင်လည်း ပြဿနာမရှိပေ။ ပဲစေ့များက မကြီးထွားလျှင်ပင် ၎င်းတို့ကို ကြော်စား၍ ရနိုင်ပေသည်။ 


၎င်းတို့ ခြောက်သွေ့သွားခြင်းမှ တားဆီးရန် မြေကြီးများထည့်ထားသည့် ရေပုံးထဲသို့ ရေနွေးနွေးပုံးတစ်ဝက်ခန့် ဖြည့်လိုက်ကာ ပဲစေ့များ လောင်းထည့်လိုက်လေသည်။