လုချီမင်က ထွက်ပြေးသွားသည်။ သူက အပေါ်ထပ်သို့ ပြေးတက်သွားကာ ခြောက်သွေ့သွားပြီဖြစ်သည့် သူ၏ အပွင့်အခက်ဘောင်းဘီကို ဝတ်ဆင်လိုက်သည်။ သူက မျက်နှာသစ်လိုက်ပြီးနောက် အောက်ထပ်သို့ ပြန်ဆင်းလာခဲ့၏။
ရွှေတင်ပါးတစ်ခြမ်း၏ ခေါင်းက အိပ်ရာခင်းနှင့် ဖုံးလွှမ်းခံထားရသည့်အတွက် သူ့မျက်နှာကို မမြင်နိုင်သလို သူ့အော်သံကိုလည်း မကြားနိုင်ပေ။ သူက အင်းဆက်ဝဝကြီးတစ်ကောင်လို မြေပြင်၌ လဲလျောင်းကာ တွန့်လိမ်နေသည်။
ကျန်းမြောင်မြောင်က သူ့ဘေးမှာ ရပ်နေခဲ့ပြီး အကူအညီမဲ့သလို ခံစားလိုက်ရသည်။ လုချီမင် အောက်သို့ ပြန်ဆင်းလာသည်ကို မြင်သောအခါ သူမက ပြောလိုက်သည်။ "မြန်မြန် ဒါကြီးကို ပစ်ထုတ်လိုက်တော့။"
လုချီမင်က Coke ဘူးကို ဖွင့်ကာ သောက်နေရင်း စားပွဲပေါ်တွင် ခေါင်းကို တင်ထားသည်။
"ဘာလို့ပစ်ထုတ်ရမှာလဲ။ ဒီအတိုင်း သိမ်းထားရအောင်ပါ။"
"နင့်ကို စားသွားအောင် သိမ်းထားရမှာလား။" သူမက ဇွန်ဘီနှင့် တစ်ခန်းထဲ မနေချင်ပေ။ မဟုတ်လျှင် အချိန်တိုင်း မိနစ်တိုင်း စိုးရိမ်ပူပန်နေရမည် ဖြစ်ပေသည်။
လုချီမင်က ဘူးအဖုံးကို ပြန်ပိတ်လိုက်ပြီး သူမကို မျက်တောင်ခတ်ပြလိုက်သည်။
"ရည်ရွယ်ချက်ကြီးအတွက် သိမ်းထားရမှာပေါ့။"
သူက ပစ္စည်းများကို သွားရှာကြည့်သည့်အခါ တိပ်အကြည်တစ်ခွေကို ရှာတွေ့ခဲ့သည်။ သူက ရွှေတင်ပါးတစ်ခြမ်းကို အပတ်ရေအနည်းငယ် ချည်နှောင်ပြီးသည့်အခါ မီးဖိုချောင်နောက်ရှိ အခန်းတစ်ခန်း၏ တံခါးကို ကန်ဖွင့်ကာ ဇွန်ဘီကို အထဲသို့ ပစ်ထည့်၍ တံခါးသော့ခတ်လိုက်သည်။
ကျန်းမြောင်မြောင်က လုံးဝ နားမလည်နိုင်ပေ။ ဇွန်ဘီတစ်ကောင်ကို မည်သည့်အတွက် အိမ်ထဲ၌ သိမ်းထားရပါသနည်း။ တစ်နေ့တွင် ၎င်းက ထွက်လာပြီး သူတို့ကို ကိုက်သတ်လျှင် မည်သို့လုပ်ရပါမည်နည်း။
ထို့ပြင် သူက အခုလေးတင် ဇွန်ဘီနှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေသည်။ သူ ထိခိုက်ဒဏ်ရာတစ်ခုခု ရသွားသေးသလား။
လုချီမင်က သူမ၏ စစ်ဆေးနေသော မျက်လုံးများကို သတိပြုမိကာ ချက်ချင်း ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အော်ဟစ်လိုက်သည်။
"ငါ့ ခန္ဓာကိုယ်က နာလိုက်တာ။"
"ဟမ်? ဘယ်နားကို အကိုက်ခံလိုက်ရတာလဲ။"
အခုနေ ထွက်ပြေးမယ်ဆိုရင် နောက်ကျနေပြီလား။
"ဒီမှာ။"
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ကျန်းမြောင်မြောင်က ဘယ်ညာသေချာကြည့်လိုက်၏။ "ဒဏ်ရာမရှိဘူး။"
"ထိုင်ခုံနဲ့ ရိုက်မိလိုက်တာ။ အပြင်ဒဏ်ရာ ဘယ်ရှိမှာလဲ။ အားလုံးက အတွင်းဒဏ်ရာတွေချည်းပဲ။"
ထို့နောက် သူမက မြန်မြန်ဆန်ဆန် တုန့်ပြန်လာပြီး ထရပ်ကာ သူ့ကို ကန်ထုတ်လိုက်သည်။
"နင်နဲ့ အဲဒါပဲ တန်တယ်။"
သူမက ထိုသို့ပြောပြီးနောက် ထိုင်ခုံပေါ် ထိုင်ချလိုက်သည်။
လုချီမင်က မြေပြင်ပေါ်တွင် ဆောင့်ကြောင့်သဏ္ဌာန် ကွေးကွေးလေး ထိုင်နေကာ သနားစဖွယ် ဟန်ဆောင်နေခဲ့သည်။
"ငါ့ခေါင်းက နာလိုက်တာ။ ပြင်းပြင်းထန်ထန် ထိခိုက်မိသွားတာလား မသိဘူး။"
"အရမ်း ဗိုက်ဆာတာပဲ။ တစ်ယောက်ယောက်ကများ ငါ့အတွက် ခေါက်ဆွဲလေးတစ်ခွက်လောက်ချက်ပေးဖို့ ဆန္ဒရှိမလား မသိပါဘူး။"
"အိုး... လူသားဖြစ်ရတာ အရမ်းခက်ခဲပေမယ့် ယောက်ျားတစ်ယောက်ဖြစ်ရတာ ပိုပြီးတောင် ခက်ခဲသေးတယ်။ ငါ ဒီလောက် အများကြီး လုပ်ပေးခဲ့တာ သိသာနေတာတောင် လျစ်လျူရှူခံထားရတုန်းပဲ။"
ကျန်းမြောင်မြောင်က ထပ်၍ သည်းမခံနိုင်တော့ပေ။ သူမက ချက်ချင်း ထရပ်လိုက်ပြီး သူ့အား ရက်စက်စွာ ခြိမ်းခြောက်လိုက်၏။
"နင် ထပ်ပြောနေမယ်ဆိုရင် ငါ နင်နဲ့အတူ သေပစ်လိုက်မယ်။"
လုချီမင်က ဉာဏ်ရှိရှိနှင့် ပါးစပ်ကို ပိတ်၍ နှုတ်ခမ်းများကို ဇစ်ဆွဲသည့်သဏ္ဌာန် ပြုလုပ်ပြလိုက်ပြီး ကြီးမားသည့် မျက်လုံးဝိုင်းကြီးများနှင့် သူမကို အပြစ်ကင်းစွာ ကြည့်လိုက်သည်။
ကျန်းမြောင်မြောင်က အပေါ်ထပ်ကို အမူအရာမဲ့စွာ တက်သွားခဲ့ပြီး အိပ်ခန်းထဲသို့ ဝင်ကာ အခန်းတံခါးအား လော့ခ်ချလိုက်သည်။
အခုလေးတင် တိုက်ခိုက်ခဲ့ပြီးသည့်နောက် သူမက အလွန် ပင်ပန်းနေခဲ့သည်။ သူမက ရေချိုးခန်းသို့ သွားကာ ရေအေးဇလုံတစ်ဝက်ခန့် လောင်းချလိုက်ပြီး သူမကိုယ်သူမ တဘက်နှင့် ပွတ်တိုက်သန့်စင်ကာ အိပ်ရာထဲသို့ ဝင်ပြီးနောက် မျက်လုံးများကို မှိတ်ကာ အိပ်လိုက်တော့သည်။
အချိန်မည်မျှ ကြာသွားသည်မသိဘဲ လုချီမင် အခန်းတံခါး လာခေါက်မှသာ သူမ နိုးလာခဲ့ပေသည်။
"ငါ ဝက်အူချောင်းနဲ့ ထမင်းကြော်ထားတယ်။ ထွက်လာပြီး စားလိုက်။"
ကျန်းမြောင်မြောင်က မျက်လုံးများကို ဖွင့်လိုက်ပြီး သူမနှာခေါင်းက ချဥ်တင်တင်ဖြစ်လာသည်။ (T/N: ဂရုစိုက်တဲ့သူရှိလို့ ငိုချင်သွားတာဖြစ်မယ်။)
သူက စကားပြောသည့်အခါ အလွန် စိတ်အနှောက်အယှက် ဖြစ်စရာကောင်းပြီး လူအများကို သူ့ပါးစပ်ထဲ အမှိုက်များလောင်းထည့်ချင်စိတ် ဖြစ်လာစေသော်လည်း တစ်ခါတစ်ရံ၌ သူက သူမအပေါ် အလွန်ကောင်းပေသည်။
လောကကြီးထဲမှာ ဘာလို့ ဒီလောက် စိတ်တိုစရာကောင်းတဲ့သူမျိုး ရှိနိုင်ရတာလဲ။ စာရေးသူက သူ့ကို အဓိကဇာတ်လိုက်မဖြစ်စေခဲ့သည်မှာ နှမြောစရာကောင်းလှသည်။
လုချီမင်က အောက်ထပ်သို့ တိတ်ဆိတ်စွာ ဆင်းသွားခဲ့ပြီး တခဏအကြာ၌ ပြန်တက်လာခဲ့သည်။
"ငါ အထဲဝင်လာလို့ရလား။ ငါ မင်းအတွက် အစားအသောက် ချက်ပြုတ်ပေးထားတယ်။ စားသောက်ပြီးရင် အိပ်ကြရမယ်လေ။"
ကျန်းမြောင်မြောင်က ခြေဖျားထောက်ကာ လျှောက်သွားခဲ့ပြီး တံခါးကို လော့ခ်ဖွင့်ပေးလိုက်သည်။ ထို့နောက် သူမက စောင်အောက်သို့ ပြန်ဝင်လိုက်ရင်း အေးစက်စွာ ပြောလိုက်၏။ "ဝင်လာခဲ့။"
လုချီမင်က တံခါးကို ဖွင့်ဝင်လာရင်း လက်ထဲ၌ ထမင်းကြော်ပန်းကန်ကို ကိုင်ထားသည်။ သူ့အမူအရာက အလွန် သိမ်မွေ့နေခဲ့ပေသည်။
"မင်းလည်း ဒီရက်တွေအတွင်း ပင်ပန်းခဲ့တယ်။ ဒါကြောင့် စွမ်းအင်တွေပြန်ဖြည့်တင်းဖို့ လိုအပ်တယ်။ မင်းကိုယ်မင်း အဆာခံလို့မရဘူး။ ထပြီး စားလိုက်။"
သူမက သရော်ဟန် နှာမှုတ်လိုက်ပြီး သူ့ထံမှ မျက်နှာလွှဲလိုက်သည်။
"နင် ချက်တာတွေ ငါ စားမှာမဟုတ်ဘူး။ ဒီအဆိပ်ပြင်းတဲ့အမျိုးသမီးက မထိုက်တန်ပါဘူး။"
"ချက်ပြီးသားဖြစ်နေပြီဆိုမှတော့ စားကိုစားမှ ဖြစ်တော့မှာလေ။ မင်း မစားရင် ငါ ဝမ်းနည်းရမှာပေါ့။"
လုချီမင်က နူးညံ့စွာဖြင့် သူမကို ချော့နေပြီး သူမအား ခွံ့ကျွေးရန်ပင် ကြိုးစားလာသည်။ ကျန်းမြောင်မြောင်က ရွေးချယ်စရာမရှိတော့ဘဲ ထထိုင်ကာ လုချီမင် ပြုလုပ်ထားသည့် ထမင်းကြော်ကို စားလိုက်ရသည်။
သူ၏ အချက်အပြုတ်စကေးလ်က အမှန်တကယ် ထိပ်တန်းအဆင့်ရှိသည်ဟု သူမ ပြောနိုင်ပေသည်။ သိသာစွာပင် တူညီသော ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ထားသည့် ထမင်းကြော်သည်ပင် သူ ကြော်ထားသည့် ထမင်းက သူမကြော်ထားသည်ထက် ပိုရနံ့မွှေးပေသည်။
လုချီမင်က သူမဘေးတွင်ထိုင်ကာ ဂရုစိုက်ပေးနေသည်။ သူက နာခံတတ်သည့် ဇနီးငယ်လေးကဲ့သို့ သူမ သောက်ရန်အတွက် ရေတစ်ခွက် လောင်းထည့်ပေးရင်း အချိန်တိုင်း သတိပေးနေသည်။
"ဖြေးဖြေးစား။ မသီးစေနဲ့။"
ကျန်းမြောင်မြောင်က အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အလွန်ပင် အံ့အားသင့်နေခဲ့သည်။
သူမ သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်မိလိုက်သည်က အပိုးကျိုးသွားအောင် လုပ်လိုက်နိုင်သည်လား။
အကြမ်းဖက်တာက တကယ် အလုပ်ဖြစ်တာပဲလား။
စားသောက်နေရင်း တစ်ဝက်လောက်ရောက်သည့်အခါ လုချီမင်က စတင် စကားပြောလိုက်သည်။
"အရသာရှိလား။"
"အင်း။"
"ငါ မင်းအပေါ် ကောင်းတယ်မလား။"
"မဆိုးပါဘူး။"
"ငါတို့မှာ အခု တစ်ယောက်အတွက် တစ်ယောက်ပဲ ရှိတော့တာမလား။ ပြီးတော့ ငါတို့တွေက သေခြင်းရှင်ခြင်းကို အတူတူမျှဝေခဲ့ကြတယ်။ ငါသာ နေမကောင်းဖြစ်သွားခဲ့ပြီး မင်းကိုပါ ကူးသွားရင် မကောင်းဘူးလေ။"
သူမက သိချင်စိတ်ဖြင့် ခေါင်းကို မော့လိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်၌ ကပ်နေသည့် ထမင်းစေ့ကို သတိမထားမိခဲ့ပေ။
"နင် ဘာလိုချင်တာလဲ။"
လုချီမင်က သူမနှုတ်ခမ်း၌ ကပ်နေသည့် ထမင်းစေ့ကို ဖယ်ရှားရန် ကူညီပေးရင်း သက်ပြင်းချလိုက်သည်။
"ငါ့ရဲ့ အိပ်ရာခင်းက ရွှေတင်ပါးတစ်ခြမ်းကို ဖမ်းဖို့ သုံးလိုက်ပြီးတော့ နွေရာသီစောင်အပါးလေးကလည်း ညစ်ပတ်သွားပြီ။ ဒီရက်ပိုင်း ညဘက်တွေမှာ အရမ်းအေးစက်နေတာ။ အပူပေးစက်ကလည်း ကောင်းကောင်း အလုပ်မလုပ်ဘူး။ မင်း ငါ့ကို အိပ်ရာခင်းတစ်ခုလောက် ပေးလို့ရနိုင်မလား။"
ကျန်းမြောင်မြောင်သည် တစ်စုံတစ်ယောက်က သူမနှင့်အတူ လာနေလိမ့်မည်ဟု တွေးထင်မထားခဲ့သည့်အတွက် အိပ်ရာခင်းအနည်းငယ်သာ ပြင်ဆင်ထားခဲ့သည်။ သူ့ကို ပေးလိုက်သည့် တစ်ခုအပြင် နောက်ထပ် အိပ်ရာခင်းနှစ်ခုသာလျှင် ကျန်တော့သည်။
မွေ့ယာမရှိ၊ အိပ်ရာစွပ်မရှိ၊ အခြားအပိုပစ္စည်းလည်းမရှိ။
အကယ်၍ အိပ်ရာခင်းကပါ တစ်ခုတည်း ကျန်တော့မည်ဆိုလျှင် ညဘက်၌ မည်မျှအေးလိမ့်မည်နည်း။
သူမက ချက်ချင်း ငြင်းဆန်လိုက်သည်။ "မပေးနိုင်ဘူး။"
"မင်း သဘောမတူလောက်ဘူးဆိုတာ ငါသိတယ်။ ဒါပေမယ့် အိပ်ရတာ အရမ်းအေးလွန်းတယ်။ ငါတို့အတူတူအိပ်ကြရင်ရော ဘယ်လိုလဲ။ ငါ မင်းကို မထိဘူးလို့ ကတိပေး....."
သူ ပြောလို့မပြီးခင် ကျန်းမြောင်မြောင်က ဖြတ်ပြောလိုက်သည်။
"လူယုတ်မာ။"
လုချီမင်က အချိန်အကြာကြီး ကောင်းကောင်းမွန်မွန် ပြောလာပါသော်လည်း ထိုကဲ့သို့သော မှတ်ချက်မျိုးကိုသာ ကြားလိုက်ရသည့်အခါ မပျော်မရွှင် ဖြစ်သွားခဲ့သည်။
"ပြားကပ်နေတာကြီးကို ဘယ်သူက ယုတ်မာချင်မှာလဲ။"
ပြားကပ်နေတာလား။ ကျန်းမြောင်မြောင်က သူမ၏ ရင်ဘတ်ကို ကာလိုက်ပြီး သူမ မျက်လုံးများက ဒေါသများဖြင့် မည်းမှောင်သွားသည်။ သူမက ထမင်းကြော်ပန်းကန်နှင့် သူ့ကို ပစ်ပေါက်လိုက်သည်။
"ထွက်သွား!"
လုချီမင်က လှည့်ထွက်သွားခဲ့၏။
သူမက ဗိုက်မပြည့်သေးသော်လည်း သူမ၏ ဗိုက်ထဲ၌ ဒေါသများနှင့် ပြည့်နေခဲ့သည်။ သူမက ဆက်၍ အိပ်စက်လိုက်ပြီး သူမကိုယ်သူမ နွေးထွေးသည့် စောင်နှင့် ရစ်ပတ်ထားခဲ့သည်။
ညနက်လာသည့်အခါ အေးစက်သည့် လေများက ကျူးကျော်လာသည်။
ကျန်းမြောင်မြောင်က အိပ်ရာထဲမှ ထကာ သန့်စင်ခန်းသို့သွားခဲ့သည့်အခါ ဧည့်သည်ခန်းထဲမှ လူက သူ့အခန်းထဲတွင် အိပ်နေပုံမပေါ်သည်ကို သတိပြုမိလိုက်သည်။
သူမ အရမ်းဆူပူလိုက်မိလို့ သူထွက်သွားတာများလား။
သူမက အခန်းထဲမှ ခြေသံမထွက်အောင် လျှောက်ထွက်သွားလိုက်သည့်အခါ ဧည့်ခန်းထဲတွင် သံစည်ပိုင်းလေးတစ်ခုထဲ၌ မီးပုံဖိုထားပြီး ထိုမီးပုံ၏ ဘေးတွင် အပေါ်ပိုင်းဗလာဖြစ်နေသည့် ခန္ဓာကိုယ်ကို ကွေးကွေးလေးထားကာ အလွန်သနားစရာကောင်းအောင် ထိုင်နေသည့် လူကို မြင်လိုက်ရသည်။
သူ့တွင် အဝတ်လည်းမရှိသလို စောင်လည်းမရှိပေ။
ထို့ပြင် သူက သူမအတွက် အစားအသောက်လည်း ချက်ပြုတ်ပေးသေးသည်။
ကျန်းမြောင်မြောင်၏ နှလုံးသားက နူးညံ့ပျော့ပျောင်းသွားပြီး သူ့ကို ခေါ်လိုက်သည်။ သူမက အခန်းထဲသို့ ပြန်ဝင်လာပြီး တံခါးမပိတ်ဘဲ ထားခဲ့သည်။
လုချီမင်က အလျင်အမြန် ဝင်လာခဲ့ပြီး အမှောင်ထဲတွင် ရပ်ရင်း ပြောလိုက်သည
"ငါ နေရာသေးသေးလေးပဲ ယူပြီး အိပ်မှာပါ။"
သူမက ပြန်မဖြေဘဲ တစ်ဖက်သို့ ရွှေ့ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
သူက စောင်ကို မလိုက်သည့်အခါ အေးစက်သည့် လေများက သူ့ပါးစပ်ထဲ ဝင်သွားခဲ့သည်။
သိသိသာသာ လေးလံသည့် အလေးချိန်ကြောင့် မွေ့ယာက နစ်ဝင်သွားခဲ့၏။
သူက တကယ့်ကို ဝက်ပဲ။... ကျန်းမြောင်မြောင်က သူ့ကို စိတ်ထဲကနေ လှောင်ပြောင်ရင်း မတော်တဆ သူ့လက်မောင်းကို ထိမိသွားသည့်အခါ ရေခဲကဲ့သို့ အေးစက်နေသည်ကို သတိထားမိလိုက်သည့်အတွက် သူမက စောင်ကို မသိမသာနှင့် သူ့ဘက်သို့ ကန်ပေးလိုက်သည်။
************
T/N: Comment တွေ Reply မပြန်နိုင်သေးရင် သွေ့ပုချိ။
ဒီအပိုင်းလေးရေးတာကို ခေါင်းတွေ မူးသွားတယ်။ ဒါတောင် နားနားပြီး ဖြေးဖြေးချင်းရေးထားတာ။ နေမကောင်းဖြစ်ရတာ တကယ်မလွယ်ဘူး။ အဖျားကျသွားပေမယ့် မစားနိုင်မသောက်နိုင် ရက်နည်းနည်းကြာသွားလို့လားမသိဘူး။ အခုဆို ထထိုင်လိုက်ရင်တောင် ကမ္ဘာကြီးက ချာချာလည်နေရောပဲ။