ပြီးသွားပြီ။ သူမ သေရတော့မည်လား။
သူမ ဇွန်ဘီဖြစ်မလာချင်ဘူးလေ.. ဝူးဝူး....
အခုချိန်မှ ဂက်စ်ဖွင့်ရင် အရမ်းနောက်ကျသွားပြီလား။ သူမ ဒီဇယ်တွေ တိုက်ရိုက်သောက်ပစ်လိုက်သင့်လား။
အခုချိန်၌ ကျန်းမြောင်မြောင်၏ စိတ်ထဲတွင် အတွေးပေါင်းသောင်းခြောက်ထောင် ဖြတ်ပြေးနေခဲ့ပြီး နာကျင်မှုမရှိဘဲ မြန်မြန်ဆန်ဆန် ဘယ်လိုသေရမလဲကို တွက်ချက်နေသည်။ ထိုအချိန်၌ လုချီမင်က ရုတ်တရက် အပြင်ထွက်သွားသည်။
သူမက သူ့ကို အမြန်ပြန်ဆွဲထားလိုက်၏။
"ဘာလုပ်နေတာလဲ။ အောက်ထပ်မှာ ဇွန်ဘီတွေ ရှိတယ်လေ။"
"ငါ အခြေအနေ အရင်သွားကြည့်လိုက်ဦးမယ်။"
လုချီမင်က လှေကားသို့ လျှောက်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။
ကျန်းမြောင်မြောင်က အခန်းထဲတွင် တစ်ယောက်တည်းမနေရဲသည့်အတွက် သူနှင့်အတူ လိုက်ထွက်လာသည်။
ဧည့်ခန်းထဲတွင် ရွှေတင်ပါးတစ်ခြမ်းက လျှောက်သွားနေပြီး ရန်သူ့ပုံရိပ်ကို ရှာဖွေနေ၏။
လုချီမင်က တီးတိုးပြောလိုက်သည်။ "တစ်ကောင်တည်းရှိတာ...."
"တစ်ကောင်တည်းက မလုံလောက်လို့လား။ နင်က ဘယ်နကောင်တောင် လိုချင်လို့လဲ။"
လုချီမင်က ရုတ်တရက် အိပ်ရာခင်းကို ဖြည်လိုက်သည်။
ကျန်းမြောင်မြောင်က မေးလိုက်၏။ "နင် ဘာလုပ်မလို့ ကြိုးစားနေတာလဲ။"
"ဒါကို ဆွဲလိုက်။"
"ဘာ... နင် ရူးနေတာလား။" သူမက မနေနိုင်ဘဲ အသံမြှင့်လိုက်မိသော်လည်း ရွှေတင်ပါးတစ်ခြမ်း ရှာတွေ့သွားမည်ကို ကြောက်ရွံ့သောကြောင့် အသံကို အမြန်ပြန်နှိမ့်လိုက်သည်။ "နင် ဘယ်လို ထိန်းထားနိုင်မှာလဲ။ သူ့လက်တွေ ဘယ်လိုတောင် လှုပ်ရှားနိုင်နေလဲဆိုတာ မမြင်ဘူးလား။ အဲဒီမကောင်းဆိုးဝါးက နာကျင်မှာကို မကြောက်ဘူး။ သွားပြီးအသေမခံနဲ့။"
"ငါ သွားမယ်လို့ ဘယ်သူပြောလဲ။" လုချီမင်က သူမ၏ ပခုံးကို ပုတ်ကာ ယုတ်ယုတ်မာမာ ပြုံးလိုက်သည်။ "ငါ ပင်ပန်းနေတယ်။ မင်း သွားလိုက်။"
ကျန်းမြောင်မြောင်က ပါးစပ်ပိတ်ကာ လှည့်ထွက်သွားသည်။
သူက လက်ကို ဆန့်ထုတ်ကာ သူမ နောက်ကျောကို ဆွဲထားလိုက်၏။
"မင်း အများကြီး လုပ်ပေးစရာမလိုဘူး။ အဲဒီလှေကားထစ်ကို မြင်လား။ အဲဒီမှာ ရပ်ပြီး အသံပေးလှမ်းခေါ်လိုက်ရုံပဲ။"
သူမ ပါးစပ်ထောင့်များက တုန်ယင်သွားသည်။ "ခေါ်ရမှာလား။ နင်က ငါ့ကို ပရော်ဖက်ရှင်နယ်ဟွန်းများ ထင်နေလား။"
လုချီမင်က ပြောလိုက်သည်။ "ငါ့စကားကို နားထောင်။ ငါ သူ့ကို မဖမ်းနိုင်ရင် ငါ့လည်ပင်းငါ ဖြတ်ပြီး မင်းရဲ့ ထိုင်ခုံလုပ်ပေးမယ်။"
ကျန်းမြောင်မြောင်က သူမ မျက်လုံးများကို လှိမ့်လိုက်သည်။ "ငါ နင့်ရဲ့ နံစော်နေတဲ့ ခေါင်းကို မလိုချင်ဘူး။ သွားတော့မယ်။"
"မင်း တကယ်မသွားဘူးလား။ အဲဒါ အချိန်အများဆုံး သုံးမိနစ်လောက်ပဲ ယူရမှာနော်။"
"ဘာလုပ်ဖို့လဲ။"
သူမက အခု ဒီဇယ်သွားသောက်မလို့ ဖြစ်သည်။ သုံးမိနစ်ဟူသည့်အချိန်က သူမကိုယ်သူမ အဆိပ်ခတ်ရန် လုံလောက်ပေသည်။
ကျန်းမြောင်မြောင်က သူ့လက်ကို တွန်းကာ အခန်းထဲသို့ ဝင်ရန် လှည့်ထွက်သွားသည်။
လုချီမင်က သူမနောက်ကျောကို ကြည့်ရင်း တောင်းပန်စကား ခပ်တိုးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူမ၏ တစ်ကိုယ်လုံးက လေထဲ မြောက်တက်သွားလေသည်။ သူမက အပွေ့ခံရကာ လှေကားထစ်သို့ ပစ်ချခံလိုက်ရသည်။
သူမသည် တင်ပါးက နာကျင်မှုကို ခံစားလိုက်ရပြီး သူ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် ပြန်ပြေးသွားချင်ခဲ့သည်။ ထိုအချိန်၌ သူမသည် ရွှေတင်ပါးတစ်ခြမ်းက သူမကို မြင်သွားပြီး အော်ဟစ်လာသည်ကို မျက်လုံးထောင့်မှ မြင်လိုက်ရ၏။
"ရွှေတင်ပါးတစ်ခြမ်း။"
ရွှေတင်ပါးတစ်ခြမ်းက ထိုနာမည်ကို သဘောတူလိမ့်မည် မဟုတ်သော်လည်း သူမကို မြင်သွားသည့်အခါ သူက ကုလားထိုင်ခြေထောက် ထိုးစိုက်ခံထားရသောလက်ကို ဆန့်တန်း၍ သူမထံ ပြေးလာပေသည်။
သူက အလွန် သွက်လက်သည့် လူဝကြီး ဖြစ်သည်။ သူက ခွေးထက်ပင် အပြေးမြန်ပြီး တခဏအတွင်း လှေကားထစ်အောက်သို့ ရောက်လာခဲ့သည်။
ကျန်းမြောင်မြောင်က သူ့ထံမှ ထွက်မပြေးနိုင်တော့ပေ။ သူမက ကိုယ့်ကိုယ်ကိုယ် သေလူဟု တွေးလိုက်မိသည်။ သို့သော် သူမသည် အိပ်ရာခင်းစတစ်ခုက အပေါ်မှ ကျဆင်းလာပြီး ရွှေတင်ပါးတစ်ခြမ်းကို ဖုံးလွှမ်းသွားသည်အား မြင်လိုက်ရသည်။ လုချီမင်က တောင်ပံဖြန့်၍ ပျံသန်းလာသည့် ငှက်ကြီးတစ်ကောင်ကဲ့သို့ လေထဲတွင် အရှိန်မြှင့်လိုက်သည်။ သူက အဝတ်ဗလာဖြင့် လှေကားထစ်များကို ခုန်ကျော်ကာ ဇွန်ဘီအား မြေပြင်သို့ လှဲသိပ်လိုက်သည်။
[T/N: အဝတ်ဗလာနဲ့ဆိုတော့ တကယ့်ကို ငှက်ကြီးက အတောင်ဖြန့်နေမှာပဲ 🤣]
"ကြိုးတစ်ချောင်းသွားရှာ!" သူက ရွှေတင်ပါးတစ်ခြမ်းကို ဖိထားရန် ရုန်းကန်နေပြီး အော်ပြောလိုက်သည်။
ကျန်းမြောင်မြောင်တွင် အခြားအရာများ တွေးနေရန် အချိန်မရှိပေ။ သူမက သူပြောသည့်အတိုင်း မြေအောက်ထပ်သို့ သွားကာ ကြိုးတစ်ချောင်း သွားရှာလိုက်သည်။
သူမ ကြိုးတစ်ချောင်းရှာတွေ့ပြီး ၎င်းက သူမ ပျင်းရိဖွယ် အချိန်များ ကုန်ဆုံးစေရန် အသုံးပြုသည့် ကြိုးခုန်သည့် ကြိုးဖြစ်လေသည်။
သူမက ကြိုးခုန်သည့်ကြိုးကို ယူကာ ဧည့်ခန်းထဲသို့ ပြန်လာခဲ့သည်။ ရွှေတင်ပါးတစ်ခြမ်းက အလွန် အားကောင်းလှပြီး လုချီမင်က ထပ်မထိန်းနိုင်တော့လုနီးပါးပင် ဖြစ်နေခဲ့သည်။
"ဒီမှာ!"
လုချီမင်က ကြိုးကို လှမ်းယူကာ ရွှေတင်ပါးတစ်ခြမ်းကို မြန်မြန် ချည်နှောင်လိုက်သည်။ ကြိုးခုန်သည့်ကြိုးသည် မူလက ၂.၈ မီတာသာ ရှည်လျားသော်လည်း သူ့ကို ချည်နှောင်လိုက်သည့်အခါ လေးငါးမီတာရှည်သွားပုံရလေသည်။
လုချီမင်ကတစ်ဖက်ဇွန်ဘီ၏ တစ်ကိုယ်လုံးကို ကြိုးဖြင့်ရစ်နှောင်လိုက်ပြီး ခေါင်းက အိပ်ရာခင်းအောက်တွင် ရောက်နေကာ လက်များနှင့်ခြေထောက်များက ကြိုးဖြင့် ချည်နှောင်ခံထားရသဖြင့် မလှုပ်ရှားနိုင်တော့သည်ကို အတည်ပြုပြီးမှ ကြိုးထုံးကို အသေချည်လိုက်သည်။
လုချီမင်က ချွေးသံတရွှဲရွှဲဖြင့် ကြမ်းပြင်တွင် လှဲချလိုက်သည်။
ကျန်းမြောင်မြောင်သည် ဝန်းအတွင်းမှ အခြားဇွန်ဘီများ အိမ်ထဲ ထပ်ဝင်လာသည်ကို တားဆီးရန် တံခါးအား အမြန်သွားပိတ်လိုက်ကာ ပရိဘောဂပစ္စည်းများအား တစ်ခုပြီးတစ်ခု ရွှေ့၍ တံခါးကို ပိတ်ဆို့ထားရန် လုပ်ဆောင်လိုက်သည်။
အားလုံး လုပ်ပြီးသည့်အခါ သူမက အမောဖောက်လုနီးပါးပင် ဖြစ်သွားရသော်လည်း သူမ မလုပ်ရသေးသော အရေးကြီးသည့်အရာတစ်ခု ရှိနေသေးသည်။ သူမက လုချီမင် ရှေ့သို့ ပြေးသွားခဲ့ပြီး သူ့ကို စတင်ရိုက်နှက်တော့သည်။
"လူယုတ်မာ! ခွေးမသား! နင် တကယ်ပဲ ငါ့ကို ပစ်ချရဲတယ်!"
ကံကောင်းစွာနှင့် သူမက အကိုက်မခံရခဲ့ပေ။ မဟုတ်လျှင် သူမ အခု ဇွန်ဘီဖြစ်နေပေတော့မည်။
လုချီမင်က မောဟိုက်နေပြီး သူမ၏ လက်များကို ခပ်ဖွဖွကိုင်ရင်း တားဆီးလိုက်သည်။
"ရိုက်နေတာ ရပ်တော့။ မင်း ငါ့ကို နာကျင်အောင် မလုပ်နိုင်ဘူး။"
အဲဒါ အဓိပ္ပါယ်ရှိတယ်။
သူမက လက်နက်အဖြစ် ထိုင်ခုံတစ်လုံးကို မ ယူလိုက်သည်။ "ဒါဆိုရင် နာလောက်လား။"
လုချီမင်က ချက်ချင်း ခုန်ထကာ ရှင်းပြလိုက်သည်။
"သူ့ကို မျှားဖို့ တစ်ခုခုရှိနေမယ်ဆိုရင် မင်းကို ပစ်ချမှာ မဟုတ်ဘူးလို့ ငါ ကျိန်ရဲတယ်။ ပြီးတော့ အောင်မြင်ဖို့ သေချာမှုမရှိရင် ငါ တကယ်ကို အဲဒီလိုလုပ်မှာမဟုတ်ဘူး။"
"ဆင်ခြေမပေးနဲ့။"
"ဆင်ခြေပေးနေတာမဟုတ်ဘူး။ ငါ တကယ် ကျိန်ရဲပါတယ်။ ငါ လိမ်ခဲ့မယ်ဆိုရင် အဲဒီဇွန်ဘီတွေဆီကနေ အရိုးပါမကျန်တဲ့အထိ အစားခံရပါစေ ဟုတ်ပြီလား။"
ကျန်းမြောင်မြောင်က သူ၏ အဆိပ်ပြင်းသော ကျိန်ဆိုမှုကို ကြားလိုက်ရသည့်အခါ အနည်းငယ် တွေဝေသွားခဲ့သည်။
စက္ကန့်ပိုင်းလောက်ကြာပြီးသည့်အခါ သူမက မတော်တဆနှင့် သူ့ထံမှ တွဲလောင်းကျနေသည့် အမျိုးသားပစ္စည်းကြီးကို မြင်လိုက်ရလေသည်။ သူမက အလွန် ထိတ်လန့်သွားပြီး ထိုင်ခုံကို ပစ်ချ၍ မျက်နှာကို တစ်ဖက်သို့ အလျင်အမြန်လှည့်ကာ အော်ဟစ်လိုက်သည်။
"အခုချက်ချင်း အဝတ်အစားသွားဝတ်စမ်း!"
*******
T/N: 🤣🤣 MC နဲ့ ML က အခုထိ ကိုက်ကြတုန်း ဘယ်တော့မှ Ro မလဲမသိဘူး
ML အရှက်မဲ့ချက်က လက်ဖျားခါတယ် 🤣🤣