အပိုင်း (၁၈)
Viewers 5k

နောက်ဆုံး၌ လုချီမင်၏ အသံ ထွက်ပေါ်လာသည်။


"ပြန်ဝင်တော့!" 


တင်ပါးကို ဓားဖြင့် အထိုးခံလိုက်ရသည့် မြင်းတစ်ကောင်ကဲ့သို့ သူမက ချက်ချင်း ခုန်ထကာ ပုံးကို ဆွဲ၍ ပြေးတော့သည်။


လမ်းတစ်ဝက်တွင် ကျန်းမြောင်မြောင်က သူမ၏ သိချင်စိတ်ကို မခုခံနိုင်စွာဖြင့် လျှို့ဝှက်စွာ နောက်သို့ ပြန်ကြည့်လိုက်သည်။


သူမ ပြန်မကြည့်လိုက်လျှင် အဆင်ပြေသော်လည်း လှည့်ကြည့်လိုက်မိချိန်၌ ရွှေတင်ပါးတစ်ခြမ်း၏ သွေးသံရဲရဲပါးစပ်ကြီးက သူမနှင့် မီတာဝက်လောက်သာ ကွာဝေးတော့ကြောင်း မြင်လိုက်ရသည်။ ဆိုးရွားလှသည့် အနံ့အသက်ကြောင့် သူမက မူးမေ့လဲကျတော့မလိုပင်။


ကြောက်ရွံ့မှုကြောင့် သူမက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ရွှေတင်ပါးတစ်ခြမ်းကလည်း သူ၏ ပုပ်ပွနေသော ဘယ်ဘက်လက်ဝဝကြီးကို ဆန့်တန်းကာ သူမ ပခုံးကို ဆွဲယူရန် ကြိုးစားလာသည်။



ကျန်းမြောင်မြောင်က သူမ သေတော့မည်ဟု တွေးလိုက်သောအခါ ကြောက်လန့်တကြား အော်ဟစ်လိုက်မိပေသည်။



သို့သော် ထိပ်ချွန်တုတ်တစ်ချောင်းက သူမ နောက်မှ ပျံသန်းလာကာ ရွှေတင်ပါးတစ်ခြမ်း၏ ဘယ်ဘက်လက်မောင်းကို တိကျစွာ ထိုးဖောက်သွားသည်။ ၎င်းက သူ၏ ပခုံးမှနေ၍ လက်ကောက်ဝတ်အထိ အလျားလိုက် ထိုးဖောက်သွားပြီး ထက်ရှသည့် လှံထိပ်ဖျားက ကျန်းမြောင်မြောင်၏ အရေပြားကို ခြစ်မိမလိုပင် ဖြစ်သွားခဲ့သည်။


ရွှေတင်ပါးတစ်ခြမ်းက ကျန်းမြောင်မြောင်အား ကုပ်ဆွဲတော့မည့် သူ့ လက်ကို အသာဖြည်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။



ကျန်းမြောင်မြောင်က သူမကိုယ်သူမ ဖိအားပေးကာ အိမ်ထဲသို့ ဝင်ပြေးရန် အခွင့်အရေး ရှာလိုက်သည်။ ဝင်သွားပြီးနောက် သူမက ချက်ချင်း ပြန်လှည့်ကာ လုချီမင်ကို မြန်မြန် လာရန် ခေါ်လိုက်သည်။



လုချီမင်၏ ခန္ဓာကိုယ်က ဇွန်ဘီများကြား နစ်မြုပ်နေပြီး သူ့အသံက အဝေးမှ ထွက်ပေါ်လာသည်။



"တံခါးပိတ်လိုက်တော့!"



ဟမ်?



ရွှေတင်ပါးတစ်ခြမ်းက တစ်ဖန် ရောက်လာပြန်ပြီး ကျန်းမြောင်မြောင်က တွေဝေနေရန် အချိန်မရှိတော့ဘဲ တံခါးကို ဆောင့်ပိတ်ကာ သော့ခတ်လိုက်၍ ပရိဘောဂပစ္စည်းအပုံလိုက်ဖြင့် ပိတ်ဆို့ထားလိုက်သည်။



သူမ၏ ဇယ်ဆက်သလို လှုပ်ရှားမှုများက စက်ရုပ်တစ်ရုပ်ကဲ့သို့ပင် အလိုအလျောက် လှုပ်ရှားသွားခြင်းဖြစ်သည်။



သူမက သူမ တူးလာခဲ့သည့် မြေဆီလွှာက ဘယ်လောက်များသလဲဆိုတာကိုတောင် ဂရုစိုက်ရမည့် အချိန်မရှိပေ။ လက်ရှိ သူမစိတ်ထဲ၌ အတွေး တစ်ခုတည်းသာရှိသည်။ 'လုချီမင် သေသွားပြီထင်တယ်။' 


ကမ္ဘာပျက်ကပ်အတွင်း၌ လူများသေဆုံးရသည်မှာ ပုံမှန်သာ ဖြစ်သည်။ မူလစာအုပ်ထဲ၌လည်း အမြောက်စာဇာတ်ကောင် ရာနှင့်ချီကာ သေဆုံးခဲ့သည်။ လုချီမင် တစ်ယောက်သေဆုံးခြင်းက ဘာမှကြီးကျယ်မနေပေ။



သို့သော် သူမသည် တစ်ဖက်လူက သူမ၏ ပဲပင်ပေါက်များကြောင့် သေရခြင်းဖြစ်ကြောင်း တွေးလိုက်မိသည့်အခါ သွေးအန်မတတ် အပြစ်ရှိစိတ်ကို ခံစားလိုက်ရပေသည်။



ဘာလုပ်ရမလဲ။ သူမ ကူညီနိုင်တာရှိလား။ ဒါပေမယ့် သူမ ဘာလုပ်နိုင်မှာလဲ။



ကျန်းမြောင်မြောင်က မြေအောက်ခန်းသို့ ပြေးသွားခဲ့ပြီး အစက မီးစက်အတွက် ရည်ရွယ်ထားခဲ့သည့် ဒီဇယ်ဆီကို ရှာတွေ့ခဲ့သည်။ သူမက ၎င်းကို လက်နှစ်ဖက်နှင့် မ လိုက်ကာ တံခါးနောက်မှ ပရိဘောဂများကို ရွှေ့လိုက်၏။



ဒီဇယ်ဆီက လောင်ကျွမ်းနိုင်သည်။ သူမက ဆီများကို ဇွန်ဘီများထံ လှမ်းပက်လိုက်ပြီး လုချီမင်အား ကယ်တင်ဖို့ ၎င်းတို့ကို မီးရှို့ပစ်ရန် တွေးနေခဲ့သည်။ 



တံခါးလက်ကိုင်ဖုကို ကြည့်ရင်း သူမ၏ ခြေထောက်များက ညွှတ်ကျလာ၏။



ဝူး.... သူမ အရမ်းကြောက်တာပဲ.... 



ကျန်းမြောင်မြောင်က သူမ၏ ခြေထောက်များကို ထုရိုက်ရင်း ကိုယ့်ကိုယ်ကိုယ် ပြောနေသည်။ အကယ်၍ သူမ သေသွားခဲ့လျှင်ပင် အနည်းဆုံး လုံလောက်အောင် စားသောက်ခဲ့ပြီး ဖြစ်သည်။ မူလခန္ဓာပိုင်ရှင်ဇာတ်ကောင်လေးထက် သူမက တစ်လကျော်ပို၍ ရှင်သန်ခဲ့ပြီး ဖြစ်လေသည်။ 



သူမက ကြောက်စိတ်ကို တွန်းလှန်ရန် ပေါင်များကို ဆွဲညှစ်ထားသည့်အတွက် ခရမ်းရောင်ပင် ပြောင်းသွားခဲ့သည်။ သူမ အပြင်သို့ ပြေးထွက်ရန် ပြင်လိုက်သော်လည်း ထိုအချိန်၌ ဒုတိယထပ်မှ အသံကြားလိုက်ရသည်။


"ဒီနေရာမှာ တစ်ယောက်ယောက်ရှိလား။ ငါ အကူအညီလိုနေတယ်။"



ဒီအသံက.... လုချီမင်လား။



ကျန်းမြောင်မြောင်က ဒီဇယ်ပုံးကို ချထားခဲ့ရန်ပင် မေ့ကာ အပေါ်ထပ်သို့ ပြေးတက်သွားခဲ့သည်။



လုချီမင်၏ အခန်းအတွင်းတွင် သူက လေဝင်လေထွက်ပေါက်၌ ညပ်နေခဲ့သည်။



သူမက သွေးစွန်းနေသည့် လူသားကို စိုက်ကြည့်လိုက်သည်။



"နင် မသေဘူးလား။"



"ငါ သေပြီလို့ ဘယ်သူပြောလဲ။"



"ဒါပေမယ့် နင် သေချာပေါက်...."



"ငါ့ကို လက်ပေးစမ်းပါ။ ဒီရက်တွေမှာ ဝ လာတာကြောင့် ကိုယ့်ဘာသာကိုယ် အောက်ဆင်းလို့မရတော့ဘူး။"



ကျန်းမြောင်မြောင်က ခေါင်းညိတ်ကာ ဒီဇယ်ပုံးကို အောက်ချလိုက်သည်။ သူမက ခုန်ကာ သူ့လက်ကို ဆွဲလိုက်၏။



လုချီမင်က မျက်မှောင်ကြုတ်လိုက်သည်။ "သွားပြီး တုတ်ချောင်းတစ်ချောင်းလောက် ရှာ....."


သူ စကားမဆုံးခင် သူမက အပြင်းအထန် ခုန်ကာ သူ့လက်ကို ကိုင်၍ သူမ အားရှိသမျှ အကုန်သုံးကာ ဆွဲချလိုက်သည်။ သူတို့နှစ်ယောက်က ကြမ်းပြင်ပေါ်သို့ လုံးထွေးပြုတ်ကျသွားခဲ့၏။



လုချီမင်က အလွန် လေးလံသည့်အတွက် သူမ၏ နံရိုးများက သူ့ကြောင့် ကျိုးကုန်သလိုပင် ခံစားလိုက်ရပေသည်။ နာကျင်မှုကြောင့် သူမ မျက်လုံးများက မှောင်မည်းသွားသော်လည်း ခံစားချက်က ပျော်ရွှင်နေသေးသည်။ 



လုချီမင်က သူမ၏ ရင်ဘတ်ကို ထိလိုက်သည်။ "ငါ့ကို မြူဆွယ်မယ်ဆို မင်းရဲ့ ကျောပြင်ကြီးကို မသုံးစမ်းပါနဲ့။" 



(T/N: ချီး...လုချီမင် ငါတို့လို လေယာဥ်ပြေးလမ်းတွေကိုပါ စော်ကားလိုက်တာပဲ အာ..😂)


သူမက ကြောင်အသွားခဲ့ပြီးမှ ခြေထောက်ကို မြှောက်ကာ ကန်လိုက်သည်။ "နင့်ရဲ့ ဒီအဘိုးနဲ့ ဝေးဝေးနေစမ်း" 



ကန်လိုက်ပြီးနောက် သူမက နောင်တရသွားခဲ့ပေသည်။ လုချီမင် ပြုတ်ကျလာချိန်၌ အေပရွန်က လေပိုက်လိုင်းအတွင်း ကျန်ရစ်ခဲ့ပြီး ပါးလျသည့် အထည်က လေထဲတွင် တွဲလောင်းကျနေသည်။



ဆိုလိုတာက အခု သူ..... 



လုချီမင်က နာကျင်မှုကြောင့် သူ၏ အောက်ပိုင်းကို ကာလိုက်ကာ ကြမ်းပြင်၌ လှိမ့်နေတော့သည်။ 



"မင်းက ဇွန်ဘီတွေထက် ပိုပြီး ရက်စက်တာပဲ။"



ကျန်းမြောင်မြောင်၏ ပါးများက နီမြန်းလာသော်လည်း ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။ သူမက ထရပ်ကာ အိပ်ရာခင်းတစ်ထည်ထုတ်၍ သူ့ကို ပစ်ပေးရင်း မေးလိုက်သည်။ 



"နင့်ကို သေချာပေါက် ဇွန်ဘီတွေ ဝိုင်းထားတာပါ။ အသက်ရှင်လျက် ဘယ်လို ထွက်လာနိုင်တာလဲ။"



လုချီမင်က ကြမ်းပြင်ပေါ်တွင် ခြေထောက်များကို ခွေထိုင်လိုက်ပြီး သူ့ကိုယ်သူ အိပ်ရာခင်းနှင့် ဘောလုံးတစ်လုံးလို လုံးနေအောင် ပတ်ထားခဲ့သည်။



"ဘယ်သူသိမှာလဲ။ သူတို့က ငါ ချောတယ်ထင်လို့များ လွှတ်ပေးလိုက်တာလား။"



သူမက နောက်ထပ် ထူးဆန်းသည့် အကြောင်းအရာတစ်ခုကို တွေးလိုက်သည်။ "အဲဒီတုတ်ချောင်းကို ဘယ်လိုပစ်လိုက်တာလဲ။ အရမ်းတိကျတာပဲ။"


"ငါ ငယ်ငယ်တုန်းက လေ့ကျင့်ဖူးတယ်။" 



"တကယ်ပဲ အဲဒီအကြောင်းပြချက်ကြောင့်လား။" 



"မဟုတ်ရင်ရော?" 



သူမ၏ မေးခွန်းက မေးခွန်းဖြင့် ပြန်၍ အဖြေပေးခံလိုက်ရသည်။



သူမ မူလက တွေးမိသည်မှာ လုချီမင်က လောကအတွင်း ပုန်းကွယ်နေသည့် ဆရာသခင်တစ်ပါးပါး သို့မဟုတ် အထူးတပ်ဖွဲ့မှ အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ယောက် ဖြစ်နိုင်သည်ဟုပင်။ သို့သော် သူက လေပိုက်လိုင်းအတွင်း ညပ်နေခဲ့သည်ကို ကြည့်လျှင် အပစ်အခတ်သာ လေ့ကျင့်ခဲ့ခြင်းက ပိုဖြစ်နိုင်ပေသည်။


ကျန်းမြောင်​မြောင်က ပခုံးတွန့်လိုက်ပြီး အောက်ထပ်သို့ ဆင်းကာ တံခါးကို ပရိဘောဂများနှင့် ပိတ်ဆို့ထားရန် စီစဥ်လိုက်သော်လည်း လူချီမင်အနီးမှ သူမ ဖြတ်လျှောက်သွားသည့်အခိုက်အတန့်၌ သူက သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလာသည်။



"မင်း ငါ့ကို ချစ်နေတာလား။"





"ဘာပြောလိုက်တာ..!" 



"မင်းက ငါ သေပြီလို့ထင်ပြီး ကိုယ့်အသက်ကိုယ်တောင် ဂရုမစိုက်နိုင်တော့ဘဲ ငါ့ကို ကယ်ဖို့အတွက် ဒီဇယ်ပုံးနဲ့ ပြေးထွက်လာဖို့ လုပ်နေတာမလား။"



သူက သူ့ဘေးမှ ဒီဇယ်ပုံးကို ပုတ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။



ကျန်းမြောင်မြောင်က အံကြိတ်ရင်း ပြောလိုက်၏။ "ကိုယ်ရည်သွေးနေတာ တော်လိုက်စမ်းပါ။ ငါက ချက်ပြုတ်ရအောင် မီးမွှေးဖို့အတွက် လုပ်နေရုံပဲ။ နင့်ကို ဘယ်သူက သောက်ဂရုစိုက်နေလို့လဲ။"



သူမက ဒီဇယ်ပုံးကို ဆွဲယူကာ အောက်ထပ်သို့ ဆင်းသွားသည်။ လုချီမင်က ဖြေးညင်းစွာ ထရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှ အိပ်ရာခင်းကို ပြန်ပတ်ရန်အတွက် ရေချိုးတဘက်ကဲ့သို့ ခါးမှာပဲ ပတ်ထားသင့်လား ပခုံးများမှ စ၍ ပတ်သင့်သလား စဥ်းစားတွေဝေနေခဲ့သည်။



စက္ကန့်အနည်းငယ် ​ကြာပြီးနောက် ကျန်းမြောင်မြောင်က ထိတ်လန့်တကြား မျက်နှာနှင့် ပြန်ရောက်လာလေသည်။



"အိုး... နိုး! သူ ဝင်လာနေပြီ။" 



"ဘယ်သူလဲ။" 



"ရွှေတင်ပါးတစ်ခြမ်းလေ။"



ရွှေတင်ပါးတစ်ခြမ်း၏ ဟိန်းဟောက်အော်မြည်သံက အောက်ထပ်မှ ထွက်ပေါ်လာသည့်အခါ သူမ၏ ဦးရေပြားများက ထုံကျင်သွားခဲ့လေသည်။



******* 


T/N: ရွှေတင်ပါးတစ်ခြမ်းက ဇာတ်လိုက်နီးပါးပဲ 😂😂 အခန်းများများပါရတယ်