အပိုင်း (၁၇)
Viewers 5k

နောက်တစ်နေ့ မနက်တွင် ကျန်းမြောင်မြောင်သည် အောက်ထပ်မှ ဆူညံသံများ​ကြောင့် နိုးလာခဲ့ရပေသည်။


သူမက မျက်လုံးများကို ပွတ်ကာ ဘာဖြစ်နေသလဲ သိရရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူမသည် လုချီမင်က မီးဖိုချောင်ဓားမကို ကိုင်ကာ စားပွဲတစ်ခုအား ခုတ်ထစ်နေသည်ကို မြင်လိုက်ရသည်။ သူက စားပွဲခြေထောက်ကို မ ကာ ပတ်ပတ်လည်ဖြတ်တောက်လိုက်သည်။



ကျန်းမြောင်မြောင်က အံ့သြသွား၏။ "ဘာလုပ်နေတာလဲ။ သွားကြားထိုးတံလား။" 



လုချီမင်က ခေါင်းမော့မလာဘဲ ပြန်ဖြေလိုက်သည်။ "လက်နက်လုပ်နေတာ။" 



"ဒီဟာနဲ့ ဘာလက်နက်လုပ်လို့ရမှာလဲ။ ငါးကင်တဲ့ တံစို့လား။" 


"ဒီထက်ဆိုးတဲ့ မှတ်ချက်မျိုး မရှိတော့ဘူးလား။ အသင့်သာပြင်ထားစမ်းပါ။" 



ကျန်းမြောင်မြောင်က ရုတ်တရက် အလေးအနက်ဖြစ်သွားကာ နောက်သို့ တိတ်တိတ်လေး ဆုတ်ခွာသွား၏။



"ငါက ဘာကို အသင့်ပြင်ရမှာလဲ။ အိပ်ရေးတောင် မဝသေးတာကို။"



"ငါ ဇွန်ဘီတွေကို မျှားခေါ်သွားတဲ့အခါ မင်းက မြေကြီးတူးဖို့ အခွင့်အရေးရှာလိုက်။ ငါ အချက်ပြတာကို သေချာကြည့်ပြီး တတ်နိုင်သမျှ မြန်မြန် ​ပြန်လာခဲ့။" 



သူမက ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ခေါင်းယမ်းလိုက်သည်။



"မလုပ်ဘူး။" 


"မင်း ပဲတွေကို ကြီးထွားလာအောင် မလုပ်ချင်တော့ဘူးလား။" 



"လုပ်ချင်တယ်။ ဒါပေမယ့် မစားရခင် ငါ သေသွားနိုင်တယ်လေ။" 



လုချီမင်က အလွန်အမင်း ဆွံ့အသွားသည်။ "ဇွန်ဘီတွေအားလုံးက ငါ့ကိုပဲ အာရုံစိုက်နေမှာ။ အန္တရာယ်ရှိတာ ငါပါ။ မင်းရဲ့ အသက်ကို မင်း အဲဒီလောက် စိတ်ပူနေဖို့မလိုဘူး။ နားလည်လား။"



ကျန်းမြောင်မြောင်က ခေါင်းညိတ်လိုက်သည်။



လုချီမင်၏ အမူအရာက အနည်းငယ် ပြေလျော့သွား၏။



"ဒါဆို ငါတို့ သွားကြတော့မလား။" 



"သွားမယ်။ ငါ အခန်းပြန်ပြီး အဝတ်လဲတာကို စောင့်ဦး။"



သူမက ပြောပြီးနောက် အခန်းထဲသို့ ဝင်သွားခဲ့သည်။ အခန်းထဲ ရောက်သွားပြီးသည့်အခါ သူမက ချက်ချင်း တံခါးကို လော့ခ်ချကာ အော်ပြောလိုက်၏။ "ငါ မသေချင်သေးဘူး။"


အပြင်ဘက်၌ ဇွန်ဘီအများကြီး ရှိနေပေသည်။ လုချီမင်တစ်ယောက်က သူတို့ ကိုက်စားပစ်ဖို့ ဘယ်လောက်များများ ရှိမှာမို့လို့လဲ။ သူ့ကို စားသောက်ပြီးရင် သူတို့က သူမကို လာစားမှာ မဟုတ်ဘူးလား။


သူမက မြန်မြန်မပြေးနိုင်သလို ခွန်အားနည်းနည်းလေးသာ ရှိသည်။ သူမက သေချာပေါက် သေရပေလိမ့်မည်။


ပဲပင်များ အညှောင့်ထွက်လာသည်နှင့် သူမက ကျေနပ်နေပြီဖြစ်သောကြောင့် နောက်ထပ် ကြီးထွားလာအောင် မလုပ်ချင်တော့ပေ။



ကျန်းမြောင်မြောင်က အပြင်မထွက်တော့ဘဲ သူမ၏ အခန်းထဲတွင် တစ်မနက်လုံး နေနေခဲ့သည်။ နေ့လယ်ခင်းတွင် လုချီမင်က တံခါးလာခေါက်သည်။



"မင်း တကယ် မသွားဘူးလား။ အဲဒါဆို ငါ သွားတော့မယ်။" 



ကျန်းမြောင်မြောင်၏ အသံက တံခါးကို ဖြတ်ကာ ထွက်ပေါ်လာသည်။ "နင် တစ်ယောက်တည်း ဇွန်ဘီတွေကို အာရုံပြောင်းပြီး မြေကြီးတူးမလို့လား။" 



သူက ရယ်မောလိုက်သည်။ "ငါ ကံကောင်းရင် အခွင့်အရေး ရမှာပေါ့။"



ကျန်းမြောင်မြောင်က စကားပြောနေခြင်းကို ရပ်လိုက်သည်။ လုချီမင်က တံခါးကို ကြည့်ရင်း သူ့ဘာသာသူ ရေရွတ်နေသလို ပြောလိုက်သည်။



"ငါ ပြန်လာဖို့ ကျရှုံးခဲ့ရင် အဲဒီအစားအစာတွေ အားလုံးကို မင်းဘာသာ စားပစ်လိုက်လို့ရတယ်။" 



"ငါ့ အလောင်းကိုလည်း လာကောက်ပေးဖို့မလိုဘူး။ ဒါပေမယ့် ငါ ဇွန်ဘီဖြစ်လာရင်တော့ ကျေးဇူးပြုပြီး ရွှေတင်ပါးတစ်ခြမ်းလို ရုပ်ဆိုးတဲ့ နာမည်မျိုး မပေးပါနဲ့။" 



"အစိုးရက မြို့ကို ပြန်သိမ်းဖို့ ပြန်လာတဲ့အခါ ငါက ပဲပင်ပေါက်တစ်အိုးအတွက် မြေသြဇာရဖို့ ကိုယ့်ကိုယ်ကိုယ် စတေးခံခဲ့ရတယ်ဆိုတာကို ပြောပြပေးဖို့မမေ့ပါနဲ့။" 



ကျန်းမြောင်မြောင်က မနေနိုင်တော့ဘဲ တံခါးဖွင့်လိုက်သည်။ "သွားမယ်။ လိုက်ရင်ပြီးရောမလား။" 


လုချီမင်က သူ ပြင်ဆင်လာခဲ့သည့် ပုံးနှင့် တူရွင်းငန်းပြားကို မ ကာ သူမလက်ထဲသို့ ထည့်ပေး၍ အောက်ထပ်ကို တွန်းပို့လိုက်သည်။



ကျန်းမြောင်မြောင်က တံခါးမဖွင့်ခင် အထပ်ထပ်အခါခါ မေးလေသည်။ "ငါတို့ အသက်ရှင်လျက် ပြန်လာနိုင်ဖို့ အခွင့်အရေးရှိမယ်ဆိုတာ သေချာရဲ့လား။ နင် အကိုက်ခံရရင် ငါ နင့်ကို ဂရုစိုက်မှာ မဟုတ်ဘူးနော်။"



လုချီမင်က သူ ဖြတ်​တောက်ထားသည့် ချွန်မြသော စားပွဲခြေထောက်များကို ဆွဲယူလိုက်ကာ တံခါးနောက်မှ နောက်ဆုံး အတားအဆီးကို ဖယ်ရှားလိုက်သည်။ သူမ တံခါးကို ဖွင့်တော့မည့်အချိန်တွင် သူက သူမ ပခုံးကို ကိုင်ကာ ပြောလိုက်၏။



"မင်း အပြင်မထွက်ခင် မျက်လုံးတွေကို မှိတ်ပြီး စိတ်ကနေ နံပါတ်စဥ် ငါးအထိ ရေတွက်လိုက်။"



ကျန်းမြောင်မြောင်က အသက်ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ ပြောသလို လုပ်လိုက်သည်။ သူမက မျက်လုံးများကို မှိတ်လိုက်သည့်အခါ ကိုယ့်နှလုံးခုန်သံကိုပင် ကိုယ် ပြန်ကြားနေရပေသည်။



ငါး..


လေး..


သုံး..


နှစ်..


တစ်...



ထွက်တော့!



ကျန်းမြောင်မြောင်က ပုံးနှင့် တူရွင်းငန်းပြားကို ကိုင်ရင်း ပြေးထွက်သွားသည်။ သူမက မြေကြီး ရှိသည့်နေရာသို့သွားကာ တူးရန် အလျင်အမြန် ဆောင့်ကြောင့်ထိုင်ချလိုက်၏။ သူမက နောက်ကို ပြန်ကြည့်ရင်း အချိန်မဖြုန်းရဲပေ။ အနောက်ဘက်မှ ထွက်လာသည့် ဇွန်ဘီအော်မြည်ဟိန်းဟောက်သံများကို ကြားနေရသည်။



သူမသည် မြေကြီးတူးနေသည်မှာ အချိန်ဘယ်လောက်ကြာသွားသလဲ မသိတော့ပေ။ မိနစ် သို့ စက္ကန့်အနည်းငယ်သာလျှင် ရှိနိုင်ပေသည်။ သူမက အလွန် စိုးရိမ်ပူပန်စိတ်လှုပ်ရှားနေသည့်အတွက် အချိန် ဘယ်လောက်ကုန်သွားသလဲ မပြောနိုင်ပေ။



နောက်ဆုံး၌ လုချီမင်၏ အသံ ထွက်ပေါ်လာသည်။



"ပြန်ဝင်တော့!"