ကျန်ရှိနေသည့် ဘက်ထရီ ရှစ်ရာခိုင်နှုန်း။
တစ်ခုခုမှားနေတာလား။ တစ်နေ့လယ်ခင်းလုံး အားသွင်းထားခဲ့တာတောင် ဒီလောက်ပဲရတာလား။ အာလူးများကို အသုံးပြု၍ အားသွင်းခြင်းကမှ ယခုထက် ပိုမြန်နိုင်လိမ့်ဦးမည် ဖြစ်သည်။
ဘက်ထရီ ၈ ရာခိုင်နှုန်း။ သူမ မည်သည့် ဂိမ်းကို ကစားနိုင်မည်နည်း။ မည်သည့်သီချင်းကို နားထောင်ရမည်နည်း။ မည်သည့်ရုပ်ရှင်ကို ကြည့်နိုင်ပါမည်နည်း။
ကျန်းမြောင်မြောင်က နေရောင်ခြည်စွမ်းအင်သုံးပါဝါဘန့်ခ်ကို ကြက်ရိုးများကဲ့သို့ ကြည့်နေလိုက်သည်။ ၎င်းက အရသာမရှိသော်လည်း လွှင့်ပစ်ရန်မှာ နှမြောစရာကောင်းလှသည်။
လုချီမင်က အနားသို့ ရောက်လာခဲ့သည်။
"မင်းရဲ့ ဖုန်းကို ခဏလောက် ငှားလို့ရမလား။"
"ဘာလို့လဲ။"
"ငါ GPS ကြည့်ဖို့လိုတယ်။"
သူမ၏ မိုဘိုင်းဖုန်းမှ GPS App သည် Data များကို သိမ်းဆည်းထားပြီး ဖြစ်သောကြောင့် ယခုအချိန်တွင် အင်တာနက်မရှိတော့လျှင်ပင် မြို့၏ မြေပုံကို ကြည့်၍ရနိုင်သေးပေသည်။
လုချီမင်က ဗီလာနှင့် အနီးဆုံးစူပါမားကတ်ကို ရှာဖွေလိုက်ပြီး ၎င်းမှာ ကျန်းမြောင်မြောင် ယခင်က ပြောခဲ့သော အကွာအဝေးနှင့် တူညီကြောင်း သိလိုက်ရသည်။ ၎င်းသည် ဘတ်စ်ကားမှတ်တိုင် ခုနစ်တိုင်စာလောက် ဝေးကွာပြီး မိနစ်နှစ်ဆယ်ခန့်သွားရမည် ဖြစ်သည်။ သို့သော် ကားမောင်းသွားလျှင် အတိုဆုံးအကွာအဝေးက 2.5 ကီလိုမီတာရှိပြီး ရှစ်မိနစ်ခန့် ကြာမြင့်မည် ဖြစ်ပေသည်။
သူက ဖုန်းကို ကိုင်ထားရင်း တွေးတောနေပြီး ရုတ်တရက် မေးလိုက်သည်။
"မင်းရဲ့ အန်တီက ဘယ်အချိန်ထပ်လာမှာလဲ။"
ယခင်က အန်တီပစ္စည်းများအားလုံးက သူတို့ အသုံးပြု၍ ကုန်သွားပြီ ဖြစ်သည်။
ကျန်းမြောင်မြောင်၏ ပါးစပ်များက တုန်ယင်သွားခဲ့သည်။ "နင် တဏှာရူး။ နင် ဘာလုပ်ချင်တာလဲဟမ်?.. နင်က ငါ့ရဲ့ သွေးတွေနဲ့ ဇွန်ဘီတွေကို ထပ်ပြီး ဆွဲဆောင်ချင်တာလား။"
လုချီမင်က ဖြောင့်မတ်မှန်ကန်သည့်ဟန်ဖြင့် ပြောလိုက်သည်။ "မင်း အားလုံးကို လွှင့်ပစ်ရမှာပဲလေ။ အဲဒါတွေကို အကျိုးရှိရှိ သုံးလိုက်တာ ပိုမကောင်းဘူးလား။"
"မရဘူး။" သူမက တွေးလိုက်ရုံနှင့်တင် ရွံရှာမှုကို ခံစားလိုက်ရပေသည်။
"မင်း ဒီမှာပဲ ထိုင်နေပြီး ငတ်သေကုန်မှာ မကြောက်ဘူးလား။"
"သေရမယ့်အချိန်ရောက်ရင် သေကိုသေမှာပဲ။ ငါ ဒီနေရာမှာ နေခဲ့ဖို့ ဆုံးဖြတ်ထားကတည်းက နောက်နှစ်အထိ အသက်ရှင်ဖို့တောင် ဘယ်တုန်းကမှ စိတ်ကူးမထားခဲ့ဖူးဘူး။"
ကျန်းမြောင်မြောင်က ဆက်ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ငါက နင်နဲ့အတူတူ အပြင်ထွက်ပြီး အန္တရာယ်တွေ ရင်မဆိုင်ချင်ဘူး။ နင် သွားချင်တယ်ဆိုရင် ကိုယ့်ဘာသာသွား။ ငါ့ကိုပါ ဆွဲမခေါ်နဲ့။"
လုချီမင်က ဆွံ့အသွားလေသည်။ သူက ဖုန်းကို သူမထံ ပြန်ပစ်ပေးလိုက်ပြီး စားသောက်ရန် ထမင်းစားစားပွဲဆီ လျှောက်သွားခဲ့၏။
ကျန်းမြောင်မြောင်မှာ နေ့လယ်က အပူပေးထမင်းဘူးတစ်ဘူး စားထားခဲ့သည့်အတွက် ဗိုက်ပြည့်နေခဲ့ပေသည်။ သူမက သူ့ကို လျစ်လျူရှုကာ ရေခဲသေတ္တာဘေးသို့ သွားခဲ့ပြီး သူမ ပြန်ယူလာသည့် ပဲအပင်ပေါက်များအား ဓာတ်မီးထိုးကာ ကြည့်လိုက်သည်။
ပဲအညှောင့်လေးများ လက်တစ်ညိုခန့်မြင့်မားနေပြီဖြစ်ကာ အရွက်များလည်း ထွက်နေ၏။ သူမသည် ၎င်းတို့မှ အပွင့်ပွင့်ကာ အသီးသီးရန် အချိန်သိပ်မကြာတော့ဟု ခန့်မှန်းမိခဲ့သည်။
သူမက လတ်ဆတ်သော ပဲပင်ပေါက်ကြော်တစ်အိုးကိုသာ စားသောက်နိုင်ခဲ့မယ်ဆိုလျှင် သေရင်တောင် ထိုက်တန်နေပြီ ဖြစ်၏။
သို့သော် အိုးထဲ၌ အပင်ကြီးထွားရန် လိုအပ်သည့် အာဟာရက အလွန် နည်းပါးနေခဲ့သောကြောင့် ပဲပင်ပေါက်များက သိသိသာသာ ညှိုးနွမ်းကာ မကြာခင် သေတော့မည့် ဟန် ဖြစ်နေခဲ့သည်။
၎င်းကို မြေသြဇာဖြည့်စိုက်ပျိုးရန် လိုအပ်ပေသည်။
သို့ပေမယ့် ဤဗီလာက ကြမ်းပြင်နှင့် အင်္ဂတေတို့ဖြင့် ကာရံထားသည်။ မည်သည့်နေရာမှ မြေဆီမြေနှစ်ကို ရနိုင်မည်နည်း။
ခြံဝန်းထဲ၌တော့ မြေဆီမြေနှစ်ရနိုင်ကောင်းပေသည်။ သူမက ပုံးသေးသေးလေးတစ်လုံးကိုယူကာ အပြင်သို့ ခိုးထွက်ချင်သော်လည်း ရွှေတင်ပါးတစ်ခြမ်းက သဘောမတူမည်ကို ကြောက်ရွံ့နေသည်။
ကျန်းမြောင်မြောင်က စိတ်ရှုပ်ထွေးနေခဲ့၏။
လုချီမင်က သူမအား ကြည့်လိုက်သည်။ "ခြံဝန်းထဲက မြေကြီးတချို့ရဖို့ ငါ မင်းကို ကူညီပေးနိုင်တယ်။"
သူမက သူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသည့်အတွက် ချက်ချင်း ငြင်းပယ်လိုက်သည်။
"ငါ့ သွေးကို မရောင်းဘူး။"
"ဘယ်သူက မင်းသွေးကို ရောင်းခိုင်းနေလို့လဲ။ ပဲပင်ပေါက်တွေ ကြီးလာရင်သာ ငါ့ကို တစ်ဝက်ပေးစမ်းပါ။"
"တကယ်လား။" သည်အကြောင်းအရာကမှ လက်ခံ၍ရသေးပေသည်။
လုချီမင်က ပြောလိုက်၏။ "မင်း ငါ့ကို မယုံရင် ကိုယ်တိုင် ထွက်ယူလိုက်လေ။"
ကျန်းမြောင်မြောင်က ထရပ်လိုက်သည်။ "ကြွားနေတာရပ်လိုက်။ နင် ဘာလုပ်နိုင်လဲ ငါ မြင်ချင်တယ်။"
သူက အေးစက်စွာ နှာမှုတ်လိုက်ပြီး 'စောင့်ကြည့်နေ' ဟူသည့် စကားတစ်ခွန်း ချန်ကာ စားသောက်ပြီးသည်နှင့် အပေါ်ထပ်သို့ တက်သွားခဲ့၏။
ညနေစောင်းတွင် ကျန်းမြောင်မြောင်က ဖုန်းထဲရှိ အားပိစိလေးနှင့် သီချင်းနှစ်ပုဒ်နားထောင်ကာ မျက်လုံးများကို မှိတ်ထားရင်း ရင်းနှီးနေသည့် သံစဥ်ကို နားထောင်နေစဥ် တစ်ချိန်က သူမ၏ ပျင်းရိဖွယ်ဘဝကို ရုတ်တရက် လွမ်းဆွတ်မိသွားသည်။
မူလစာအုပ်၏ ဇာတ်ကြောင်းအရ ထွက်ပြေးလွတ်မြောက်သွားသူများမှာ တိဗက်တွင် အခြေစိုက်စခန်းတည်ထောင်ခဲ့ပြီး ဇာတ်လိုက်မင်းသားနှင့် မင်းသမီးက အပြင်ဘက်တွင် ဇွန်ဘီများကို သတ်ဖြတ်ကာ လူများအား ကယ်ဆယ်ခဲ့ကြသည်။
ဇွန်ဘီပျက်ကပ်ပျံ့နှံ့ခြင်းပြီးဆုံးသွားသည့်အခါ သူတို့က အစိုးရစစ်တပ်နှင့် ပူးပေါင်း၍ တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံး၌ မြို့သို့ ပြန်လာခဲ့ကြသည်။
ဇာတ်အိမ်တစ်ခုလုံးက ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီး မရေတွက်နိုင်သော သေဆုံးသူများ ရှိခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများမှာ ကံကောင်းခြင်း သို့မဟုတ် သာမန်ထက် ကျော်လွန်သည့် စွမ်းရည်ရှိသူများသာ ဖြသ်သည်။
ကံမကောင်းစွာနှင့် သူမက ထိုအချိန်ထိ အသက်မရှင်နိုင်မည်မှာ သေချာပေသည်။
သူမ မိုဘိုင်းဖုန်း၏ wallpaper မှာ ခမ်းနားထည်ဝါလှသည့် မြို့၏ ညမြင်ကွင်းဖြစ်သည်။ သူမက ဖုန်းကိုကြည့်ကာ သက်ပြင်းချလိုက်ပြီးနောက် အိပ်ပျော်သွားတော့သည်။