အပြင်ဘက်မှ ဇွန်ဘီများက ပျော်ရွှင်နေကြသည်။ အသုံးပြုပြီးသား လစဥ်သုံးပစ္စည်းကို တိုက်ခိုက်လုယူကြပြီးနောက် သူတို့က တစ်ဖန် ဟိုဟိုဒီဒီ လျှောက်သွားနေကြပြန်၏။
လစဥ်သုံးပစ္စည်းက ရွှေတင်ပါးတစ်ခြမ်း၏ နောက်ကျောသို့ ထိမှန်ခဲ့သည်ဖြစ်ရာ သူက အနံ့ရနေပြီး ရှာမတွေ့သည့်အတွက် မပျော်တော့ပေ။ ထို့ကြောင့် ပြတင်းပေါက်နားတွင် လျှောက်သွားရင်း ရှာဖွေနေခဲ့ပေသည်။
ကျန်းမြောင်မြောင်က နေရောင်ခြည်စွမ်းအင်သုံးပါဝါဘန့်ခ်ကို ခပ်မြင့်မြင့်မြှောက်ကိုင်ထားပြီး နေရောင်ခြည်များများရကာ အားမြန်မြန်ပြည့်ရန် မျှော်လင့်နေသည်။ သို့မှသာ သူမ ဖုန်းကို စောစောပြန်ဖွင့်နိုင်မည် ဖြစ်သည်။
လုချီမင် ကိုယ်တိုင်အပူပေးထမင်းဘူးကို ဖွင့်၍ စားရန်အသင့်ပြင်လိုက်ပြီး စားနေရင်း သူမထံ လျှောက်လာသည်။
"ငါတို့ လက်ထဲက ရိက္ခာတွေက အကန့်အသတ်ရှိတာမို့ အစီအစဥ်တစ်ခုခုဆွဲထားတာ ကောင်းလိမ့်မယ်။"
ကျန်းမြောင်မြောင်က ခွေးနှာခေါင်းကဲ့သို့ပင် သူ ဘာစားနေသလဲဆိုသည်ကို ချက်ချင်းအနံ့ခံကြည့်လိုက်သည်။
"ငါ အမဲသားစားချင်တယ်။"
"....ကိုယ့်ဘာသာကိုယ် သွားယူ။"
"ငါ အားသွင်းနေတယ်။ သွားလို့မရဘူး။"
"ပါဝါဘန့်ခ်မှာ ခြေထောက်မရှိဘူး။ ထွက်ပြေးမှာမဟုတ်လို့ ချထားခဲ့။"
"ဟေး.. ငါတို့က သေခြင်းရှင်ခြင်းကို အတူဖြတ်ကျော်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေ မဟုတ်ဘူးလား။ အမဲသားလေးတစ်ဖတ်လောက်တောင် မကျွေးချင်ဘူး။ အရမ်းကပ်စေးနည်းတာပဲ။"
ကျန်းမြောင်မြောင်က လုချီမင်၏ နားတို့ နာကျင်ကိုက်ခဲလာသည်အထိ အဆက်မပြတ် စကားပြောနေခဲ့သည်။ သူက ပါဝါဘန့်ခ်ကို ယူလိုက်ပြီး ကိုယ်တိုင်အပူပေး ထမင်းဘူးအား သူမလက်ထဲ ထည့်ပေးလိုက်သည်။
"ရော့... စား...။ မင်းကို အကုန်လုံးပေးမယ်။ ပြည့်အင့်ပြီး သေတဲ့အထိသာစား။"
သူမက ရယ်မောလိုက်သည်။
"ကျေးဇူးပါနော်။ နင်က တကယ့်ကို အသင်းဖော်ကောင်းပဲ။"
လုချီမင်က ကြောင်အသွားရပြီး ချက်ချင်းပင် သူတို့ပြောနေသည့် ယခင်အကြောင်းအရာကို ပြန်သွားလိုက်သည်။
"ငါတို့ ရိက္ခာတွေအတွက် တစ်ခုခုစီစဥ်ဖို့ လိုတယ်။"
"ဘာကို စီစဥ်ရမှာလဲ။ နင် နေ့တိုင်း တစ်ဝက်စာလောက် လျှော့စားပေးရင် ငါ့အတွက် နောက်တစ်နှစ်စာလောက် ဖူလုံအောင် ချွေတာပြီးသားဖြစ်လိမ့်မယ်။"
ကျန်းမြောင်မြောင်၏ ပါးစပ်ထဲတွင် အမဲသားအပြည့်နှင့် ဖြစ်သောကြောင့် သူမက စကားကို ရှင်းလင်းအောင်ပင် မပြောနိုင်ပေ။
လုချီမင်က သူမ၏ ပါးစပ်နှင့် အပြိုင်ငြင်းဆန်ရန် မကြိုးစားခဲ့ဘဲ အခြေအနေကို စိတ်ရှည်လက်ရှည် ဆန်းစစ်နေ၏။
"ငါတို့ စတိုးဆိုင်ကနေ မထွက်ခင် ဂရုတစိုက် ကြည့်ခဲ့တယ်။ စတိုးဆိုင်ထဲမှာ ရိက္ခာတွေ သိပ်မကျန်တော့တာမို့ နောက်တစ်ခေါက် ထပ်သွားဖို့တောင် အဆင်ပြေလောက်တော့ဘူး။ မြေအောက်ခန်းထဲမှာ ရှိတဲ့ အစားအစာတွေက အနည်းဆုံး လဝက်လောက်တော့ ခံမှာဆိုပေမယ့် ဇွန်ဘီလှိုင်းဖြစ်မလာအောင် မတားဆီးနိုင်တာကြောင့် ဒီအချိန်အတွင်းမှာ စားစရာတွေ ပိုသိုလှောင်ထားဖို့ လိုလိမ့်မယ်။ ပြီးတော့ ငါတို့ နေ့တိုင်း အသက်ဆက်ဖို့ Snacks တွေကိုပဲ မှီခိုနေရရင် ကြာလာတာနဲ့ အာဟာရပြတ်လာမှာ ကျိန်းသေပဲ။ နောက်ပိုင်းမှာ ဇွန်ဘီတွေနဲ့ ရင်ဆိုင်ဖို့ ခွန်အားတောင် လုံလောက်မှာ မဟုတ်တော့ဘူး။ အဲဒါကြောင့် အာဟာရပြည့်ဝတဲ့ အစားအစာမျိုး၊ ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအသောက်မျိုးကို ရှာဖွေတာ အကောင်းဆုံးပဲ။ အနီးအနားမှာ အကြီးစားစူပါမားကတ်တစ်ခုခု ရှိမရှိ မင်း သိလား။"
ကျန်းမြောင်မြောင်က ခေတ္တရပ်ကာ ပြန်စဥ်းစားလိုက်သည်။ "ကြည့်ရတာ တစ်ခုရှိတဲ့ပုံပဲ။ ဘတ်စ်ကား ခုနစ်မှတ်တိုင်ရှစ်မှတ်တိုင်စာလောက် ဝေးတဲ့နေရာလောက်မှာ ရှိလိမ့်မယ်။"
"ဘယ်ဘက်လဲ။"
သူမ၏ မျက်လုံးများက အနည်းငယ် နက်မှောင်သွားသည်။ "အာ.... ဘယ်ဘက်များလား။"
လုချီမင် : "....မင်း ဦးတည်ရာဘက်တွေ မခွဲခြားနိုင်တာလား။"
"ခွဲခြားနိုင်တယ်။ ငါ မနက်တိုင်း နေကို မျက်နှာမူပြီး နိုးထလာတာလေ။ အဲဒီတော့ ငါ့ရဲ့ မျက်နှာရှေ့က အရှေ့အရပ်၊ ကျောဘက်က အနောက်အရပ်၊ ငါ့ ဘယ်ဘက်က တောင်အရပ်ဖြစ်ပြီး ညာဘက်ကတော့ မြောက်အရပ်ပဲ ဟုတ်တယ်မလား။ ဒါပေမယ့် အခု မနက်မရောက်သေးဘူး။ ဒါကြောင့် ကာ အမှားလုပ်မိမှာစိုးတယ်။ နင့်ကို မနက်ဖြန်ကျ ပြန်ပြောပြမယ်လေ။"
လုချီမင်က သူ့နဖူးကိုသူ အုပ်ကိုင်လိုက်သည်။ "မင်းရဲ့ ဖုန်းမှာ GPS ရှိလား။"
"ရှိတယ်။"
သူမသည် ဤစာအုပ်အတွင်း ပထမဆုံးကူးပြောင်းလာစဥ် လမ်းများကို မသိသည့်အတွက် စျေးဝယ်ထွက်သည့်အခါတိုင်း GPS ကို အသုံးပြုရန် လိုခဲ့သည်။
"မင်း ဖုန်း အားပြည့်သွားတဲ့အခါကျရင် ငါ GPS ကြည့်လိုက်မယ်။"
"အိုး.."
လုချီမင်က သူမကို သံက သံမဏိဖြစ်မလာသည့်အတွက် မုန်းတီးသော အမူအရာမျိုးနှင့် ကြည့်လိုက်သည်။ သူက ပါဝါဘန့်ခ်ကို ချကာ ခေါင်းကို ယမ်းရင်း အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
ညနေခြောက်နာရီတွင် နေဝင်သွားပြီဖြစ်၏။
လုချီမင်က ချက်ပြုတ်နေသည်။ သူ၏ သေးငယ်သောဘောင်းဘီက ညစ်ပတ်နေပြီဖြစ်သဖြင့် သူက လျှော်ဖွတ်ကာ ပြတင်းပေါက်တွင် လှမ်းထားလိုက်သည်။ အစားထိုးအနေဖြင့် ဝတ်ရန် သူက အေပရွန်တစ်ထည်သာ ရှာတွေ့လေသည်။
အားလုံးသိကြသည့်အတိုင်း ချက်ပြုတ်ရာ၌ ဆီမစင်စေရန် ဝတ်သည့်အရာသာဖြစ်လေရာ ၎င်းက အရှေ့ပိုင်းခန္ဓာကိုယ်ကိုသာ ဖုံးပြီး တင်ပါးအထိ လုံအောင် မဖုံးနိုင်ပေ။
ထို့ကြောင့် သူက ယောင်းမကြီးတရမ်းရမ်းနှင့် ချက်ပြုတ်နေစဥ် ဆက်စီကျသည့် တင်ပါးက ပေါ်နေခဲ့သည်။
ကျန်းမြောင်မြောင် အောက်ထပ်သို့ ဆင်းလာသည့်အခါ သူမက ထိုမြင်ကွင်းကို မြင်လိုက်ရပြီး လေချွန်လိုက်၏။
"အရမ်းမိုက်တာပဲ။ နင် ရေပုံးတွေ မ ပြီး လေ့ကျင့်ခန်းလုပ်ထားတာ အလကားမဖြစ်ဘူးပဲ။"
လုချီမင်က သက်ပြင်းချလိုက်သည်။ "အယုတ်တမာမလေး.. အစားသာ လာစား။"
"နောက်မှစားမယ်။ ငါ လုပ်စရာတစ်ခုရှိသေးတယ်။"
ကျန်းမြောင်မြောင်က ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး သူမ အမူအရာက ထီနံပါတ်အနိုင်ရရန် စောင့်ဆိုင်းနေသကဲ့သို့ ဖြစ်သည်။ သူမက ဖုန်းကို ကိုင်ကာ ပါဝါခလုတ်ကို နှိပ်လိုက်၏။
သုံး...
နှစ်...
တစ်...
ရင်းနှီးနေသည့် ပါဝါအဖွင့်သံနှင့်အတူ ဖုန်းမျက်နှာပြင်က လင်းလက်လာလေသည်။
T/N: သံက သံမဏိဖြစ်မလာသည့်အတွက် မုန်းတီးခြင်း - မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသည့်အတွက် စိတ်ပျက်ခြင်း