အပိုင်း (၁၄)
Viewers 5k

အိတ်အကြီးကြီးနှစ်ခုထဲတွင် ဆယ်ထုပ်ထက်မနည်း ရှိနေပြီး သူမအတွက် လပေါင်းများစွာ အသုံးပြုရန် လုံလောက်ပေသည်။


ထိုအချိန်တွင် သူမက အလျင်လိုနေခဲ့သည့်အတွက် တွေ့ကရာပစ္စည်းများကိုသာ ဆွဲထည့်လာခဲ့ခြင်း ဖြစ်သည်။



ထိုအရာများကို ယူဆောင်ရန် သူမပင် မေ့​နေခဲ့သော်လည်း တစ်ဖက်လူက သတိတရနှင့် အိတ်နှစ်အိတ်အပြည့် ယူလာခဲ့ပေးသည်။



ကျန်းမြောင်မြောင်က စိတ်လှုပ်ရှားသွားပြီး လုချီမင်ကို ဘဲလည်ပင်းအစပ်တစ်ထုပ် ပေးလိုက်၏။ 



"ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းကျရင် နင် စားချင်တာကို စားနိုင်တယ်။ ငါ နင့်ကို တားမှာမဟုတ်ဘူး။" 



သူက အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး အခြားအိတ်များကိုသာ ဆက်၍ အမျိုးအစားခွဲနေခဲ့သည်။


အားလုံးကို အမျိုးအစားခွဲရန်အတွက် နာရီဝက်လောက် အချိန်ကြာသွားခဲ့၏။



ခေါက်ဆွဲခြောက် ၄၅ ထုပ်နှင့် ၁၆ ဘူး။



ကိုယ်တိုင်အပူပေးထမင်း ဆယ်ဘူး။



ဘီစကစ် ၃၈ ထုပ်။



အချိုရည် ၄၃ ပုလင်း။



သကြား ၂၆ ထုပ်။



အသားအစပ်ချောင်း ၁၈ ထုပ်။



အသား snack ၃၆ ထုပ်။



ထို့ပြင် ရေတွက်၍မရနိုင်သော သစ်သီးသကြားလုံး၊ အသီးခြောက်နှင့် ဖျော်ရည်အပါအဝင် အခြားသရေစာမုန့် အမျိုးသုံးလေးဆယ် ရှိနေသေးသည်။



အစားအသောက် စုစုပေါင်း နှစ်ရာကျော် ရှိပေသည်။ ရက်လွန်သွားသည့် အထုပ်ပေါင်းတစ်ဒါဇင်ခန့်ကို ဖယ်လိုက်လျှင် အတိအကျနှစ်ရာရှိသည်။ ၎င်းသည် သူတို့အတွက် ဆယ်ရက်မှ လဝက်စာအထိ လုံလောက်ပေသည်။ 



ယခုတွင် သူတို့က ဗိုက်ဆာ၍ သေဆုံးရမည်ကို စိတ်ပူရန် မလိုတော့ပေ။



ကျန်းမြောင်မြောင်၏ နှလုံးသားထဲမှ ဖိအားက လျော့ကျသွားပြီး သူမတစ်ကိုယ်လုံးကလည်း သက်သောင့်သက်သာဖြစ်သွားသည်။


လုချီမင်က ကတ္ထူပုံးထဲသို့ အစားအစာများကို ထည့်ကာ ထုပ်ပိုး၍ မြေအောက်ခန်းထဲသို့ ရွှေ့လိုက်ပေသည်။ သူက ပြန်လှည့်ကာ ကြမ်းပြင်ပေါ်မှ ပဲပိစပ်အပင်ပေါက်အိုးကို ကြည့်၍ မေးလိုက်၏။



"ဘာလို့ ဒါကို ယူလာတာလဲ။"



"စားဖို့ပေါ့။"


ကျန်းမြောင်မြောင်က မည်သည့် အသီးအရွက်ကိုမှ မစားသောက်ရသည်မှာ အချိန်ကြာမြင့်ရပြီဖြစ်သည်။ သူမက ထိုအပင်ပေါက်များကို ရှာတွေ့ချိန်၌ သွားရည်များပင် ကျလာခဲ့ပေသည်။


"ဒါတွေက စားလို့ရနိုင်တယ်လား။" လုချီမင်က ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ 



"ဟုတ်တယ်။ ဒါပေမယ့် ဒီလို ပဲအပင်ပေါက်မျိုးက ကြီးထွားလာပြီးပြီဆိုရင် စားလို့မရနိုင်တော့ဘူး။ သူတို့ရဲ့ ကြီးထွားမှုကို ထိန်းသိမ်းဖို့ မြေဆီလွှာကို လဲလှယ်ပစ်ဖို့ လိုအပ်ပြီး အနာဂတ်မှာ ပဲမျိုးစေ့တွေ ထုတ်ပေးလိမ့်မယ်။ ပဲပိစပ်တွေကို တိုက်ရိုက်စားလို့လည်းရသလို ရေထည့်ပေါင်းပြီး အိုးထဲမှာ ထည့်ပြုတ်တာမျိုး ဒါမှမဟုတ် မြေအဆီအနှစ်တချို့ စုပ်ယူခိုင်းပြီး ပဲပင်ပေါက်လာတဲ့အခါ ကြော်စားတာမျိုးလည်း လုပ်လို့ ရတယ်။" 



သူမက အလွန် စိတ်လှုပ်ရှားနေခဲ့သည်။



လုချီမင်က မျက်မှောင်ကြုတ်လိုက်၏။ "သေချာလို့လား။"



"နင် ငယ်ငယ်တုန်းက ပဲပင်လေးတောင် မစိုက်ဖူးဘူးလား။ ဘယ်လိုတောင် ဆိုးရွားတဲ့ ကလေးဘဝမျိုး ရှိခဲ့တာလဲ။ နှစ်ရက်လောက်စောင့်လိုက်။ နင့်ရဲ့ ကျယ်ကျဲက နင့်ကို ပဲပင်ပေါက်စားရအောင် လုပ်ပေးမယ်။"



ကျန်းမြောင်မြောင်က သူမ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ဒီကနေ ဖယ်ပေး။ ငါ အမြန်ချောပို့ပုံးကို ဖွင့်မလို့။"



သူမသည် ကမ္ဘာပျက်ကပ်အတွင်း အွန်လိုင်းရှော့ပင်းမထွက်နိုင်သည့်အတွက် အမြန်ချောပို့ပါဆယ်ပုံးများ ဖွင့်ရသော ပျော်ရွှင်မှုကို မခံစားရသည်မှာ ​ကြာလှပြီဖြစ်သည်။ 



ထိုစတိုးဆိုင်တွင် အမြန်ချောပို့စနစ်လည်း ရှိပေသည်။ ပိုင်ရှင်က ထွက်ပြေးစဥ်အချိန်တွင် ၎င်းတို့ကို မယူဆောင်သွားသည့်အတွက် သူမက ယူဆောင်လာခြင်း ဖြစ်သည်။



အထဲတွင် မည်မျှအဖိုးတန်သည့်အရာများ ရှိနေသလဲ မသိပေ။ သူမက အမှန်တကယ် မြင်တွေ့ချင်နေသည်။



ကျန်းမြောင်မြောင်က ကက်​ကြေးတစ်ခု ယူကာ တိပ်များကို ဖြတ်လိုက်သည်။


လုချီမင်က သူမနောက်တွင် ရပ်ရင်း အထဲ၌ ဘာရှိသလဲ မြင်ချင်နေသည်။



သူမက ပုံးကို ဖွင့်နေရင်း မျက်လုံးများကို မှိတ်ကာ 'Spicy ခေါက်ဆွဲ' ဟူသည့် စကားကို ထပ်ကာတလဲလဲ ရွတ်နေခဲ့သည်။



သို့သော် နှမြောစရာကောင်းစွာနှင့် အထဲတွင် ရင်းနှီးနေသော အထုပ်အပိုးများက ရှိမနေဘဲ နက်မှောင်သည့် ဘူးတစ်ဘူးသာ ရှိနေပေသည်။


သူမက မျက်မှောင်ကြုတ်ကာ ဘူးကို ဖွင့်လိုက်ပြီး အထဲမှ အနက်ရောင်လေးထောင့်တုံးကို ထုတ်ယူလိုက်သည်။



"ဒါက ဘာကြီးလဲ။"



လုချီမင်က ဘူးကို ကောက်ယူကာ ဘူးထက်တွင် ရေးထားသည့် အချက်အလက်ကို ဖတ်ကြည့်လိုက်သည်။


"နေရောင်ခြည်စွမ်းအင်သုံးပါဝါဘန့်ခ်။" 


“နေရောင်ခြည်စွမ်းအင်သုံးပါဝါဘန့်ခ်လား။ အဲဒါကို နေရောင်ခြည်နဲ့ တိုက်ရိုက် အားသွင်းလို့ ရတာလား။ ကောင်းလိုက်တာ။" ၎င်းက Spicy ခေါက်ဆွဲထက် ပို၍ လက်တွေ့အသုံးကျပြီး အချိန်ကြာမြင့်စွာ အသုံးမပြုခဲ့ရသည့် သူမ၏ မိုဘိုင်းဖုန်းကို အားသွင်းနိုင်တော့မည် ဖြစ်သည်။ ငါးဆားနယ်လေး ကျန်းမြောင်မြောင်က ချက်ချင်း ထရပ်လိုက်ပြီး ထိုလေးထောင့်အတုံးကို သယ်ကာ အပေါ်ထပ်သို့ ပြေးတက်သွား၍ အချိန်အကြာကြီး ပစ်ထားခဲ့သည့် သူမ၏ ဖုန်းကို ရှာဖွေပြီး နေရောင်ခြည်စွမ်းအင်သုံးပါဝါဘန့်ခ်နှင့် ချိတ်ဆက်ကာ မျှော်လင့်တကြီး ကြည့်နေခဲ့သည်။


ဖုန်း၏ မျက်နှာပြင်က လင်းလက်လာပြီး အမှန်တကယ် အားသွင်းနိုင်ပေသည်။


သူမက ဝမ်းသာအားရနှင့် ဖုန်းကိုကိုင်ကာ အောက်ထပ်သို့ ပြန်ဆင်းပြေးလာပြီး ကျန်နေသေးသည့် အမြန်ချောပို့အထုပ်များကို ဆက်လက်ဖောက်၍ အံ့သြစရာများ ကျန်နေသေးလား ရှာဖွေရန် ကြိုးစားနေသည်။


သူမ၏ ကံကောင်းခြင်းများက သုံးကုန်သွားသည်မှာ နှမြောစရာပင်။ ထိုပုံးထဲ၌ မီးဖိုချောင်သုံးချိတ်များ၊ Router တစ်ခုနှင့် ဆန်းကြယ်သော ပင်လယ်ပြာမျက်နှာလိမ်းခရင်မ် တစ်ပုလင်းသာ ရှိသည်။ 



သူတို့၏ မီးဖိုချောင်၌ အိုးများနှင့် ယောက်ချိုဇွန်းများသာ လိုအပ်ပြီး ချိတ်များက အသုံးမဝင်ပေ။



Router ဆို ပိုဆိုးပေသည်။ ဤအခြေအနေ၌ သူမက မည်သည့်နေရာမှ အင်တာနက်သွားရှာရမည်နည်း။



မျက်နှာလိမ်းခရင်မ်က အသုံးဝင်နိုင်သည်။ သူမက ဤရက်များတွင် သာ့ပေါင်းမျက်နှာလိမ်းခရင်မ်ကို အသုံးမပြုနိုင်လေရာ သူမ၏ မျက်နှာက ခြောက်သွေ့နေခဲ့ပြီ ဖြစ်သည်။



ကျန်းမြောင်မြောင်က ပျော်ရွှင်သွားသည်။ သူမက သီချင်းလေး တညည်းညည်းဖြင့် အခန်းထဲသို့ ပြန်ပြေးသွားခဲ့၏။ သူမက အလွန် ပေါ့ပါးသွက်လက်နေပြီး ဇွန်ဘီများနှင့် ကမ္ဘာပျက်ကပ်တွင် နေထိုင်နေခြင်း မဟုတ်ဘဲ နွေရာသီအပန်းဖြေခရီး ထွက်နေသကဲ့သို့ ထင်မှတ်ရစေသည်။


လုချီမင်က သူမ၏ နောက်ကျောကို ကြည့်နေရင်း ခေါင်းယမ်းလိုက်သည်။ သူက ထိုင်ခုံတစ်ခုတွင် ထိုင်ကာ ထောင့်ဘက်ရှိ စီးကရက်​ဘူး အချို့ကို ဆွဲထုတ်လိုက်သည်။ 



အပြင်ထွက်ရန် ခက်ခဲလေရာ သူ့ကိုယ်သူအတွက် လိုအပ်သည့် ပစ္စည်းများလည်း စုဆောင်းထားရမည်သာ ဖြစ်ပေသည်။