Chapter 1 Part-1
Viewers 587

Undead Chapter 1 (Part -1)


"သနားကြင်နာတတ်တဲ့ ဘုရားသခင်၊ ဘုရားသခင်ဟာ ကောင်းကင်ဘံုမှာရှိတဲ့ သူတော်စင်တွေရဲ့ အဖွဲ့ဝင်တွေထဲတွင် ပျော်ရွှင်မှုရောင်ခြည်တွေ အပြည့်ဖြည့်လျက် အဆုံးမဲ့ဘဝထဲသို့ ဝိညာဉ်အသစ်အား ကြိုဆိုခဲ့၏။ ဒုတိယအကြိမ် အရှင်ယေရှု ဆင်းသက်လာချိန် ခရစ်တော်၏အမည်နာမတော်အောက်၌ သေလွန်သောသူတို့သည် သင်္ချိုင်းမှ ရှင်သန်ထမြောက်၍ ထာဝရအသက်ကို ရရှိလိမ့်မည်"


"အာမင်"


(T/N- ဒီဘုရားရှိခိုးတဲ့အပိုဒ်လေးက မီသိပ်နားမလည်လို့ နားလည်သလို အက်ဒစ်ထားတာပါနော် တစ်ခုခုမှားတာရှိရင် မီ့လိုအပ်ချက်ပါရှင့်)


ဘုန်း‌‌တော်ကြီးက ငွေ‌ ရောင်လက်ဝါးကပ်တိုင်ကို နမ်းလိုက်ပြီး လက်ဝါးကပ်တိုင်အား ဆုပ်ကိုင်၍ ဘုရားကျောင်းရဲ့ ရောင်စုံဖန်ပြတင်းပေါက်တွေကနေတစ်ဆင့်ဖြတ်သန်းဝင်‌ ရောက်လာတဲ့ကောင်းကင်အလင်း‌ရောင်ဆီသို့ ပင့်မြှောက်လိုက်ပြီး ယဇ်ပလ္လင်အလယ်မှာတင်ထားတဲ့ အနက်ရောင် သစ်ဆေးသုတ်ထားသည့်ထင်းရှူးအ‌ခေါင်းပေါ်တွင် ပြသလိုက်ခဲ့သည်။ လူဖြူအမျိုးသမီးတစ်ယောက်က သူမပါးစပ်ကို အေးစက်နေတဲ့ လက်ဖဝါးနဲ့ ဖုံးအုပ်လိုက်ပြီး သူမဘေးမှာရှိတဲ့ ကောင်လေးအား ပွေ့ဖက်လိုက်ရင်းနဲ့ ရှိုက်ငိုနေတာအား ရပ်တန့်လိုက်ခဲ့သည်။


"မေမေ"


"ဟင်"


"ဘုရားသခင်က ကမ္ဘာကြီးကို ချစ်မြတ်နိုးရဲ့လားဟင်"


"ဘုရားသခင်က......" အမျိုးသမီးက သူမရဲ့ကွဲအက်နေတဲ့ အသံနဲ့ မ‌ဖြေကြားလိုက်ခင်မှာ တုန်ရီ‌ မောဟိုက်စွာနဲ့ အသက်ပြင်းပြင်းရှူရှိုက်လိုက်ခဲ့တယ်၊ "ဘုရားသခင်က သက်ရှိသတ္တဝါမှန်သမျှကို ချစ်မြတ်နိုးတာ‌ ပေါ့ကွဲ့။ ဒါကြောင့်မို့ သူ့ကို ယုံကြည်တဲ့သူအားလုံးကို မဆွေး‌မြေ့ဘဲနဲ့ ထာဝရအသက်ရဖို့အတွက် သူ့ရဲ့သားတော်ယေရှုကို ကောင်းချီးပေးခဲ့တာပေါ့။"


" ဒါဆိုရင် သားတို့က ဘာဖြစ်လို့ သားတို့ရဲ့လွတ်လပ်မှုကို ပိတ်ပင်ခံရ၊ အဓမ္မလုယက်ခံရပြီးတော့ အကျဉ်းချခံရတာလဲ "


"......"


"ကမ္ဘာကြီးက တန်းတူညီမျှမှုမရှိဘဲ ဖန်ဆင်းထားခြင်း ခံရလို့လား"


သူမ အဖြေမပေးလိုက်မီ ထိုအမျိုးသမီး၏အနောက်ရှိ တံခါးမကြီးက ရုတ်ခြည်းပင် ဆောင့်တွန်းဖွင့်ခြင်းခံလိုက်ရပြီး များစွာသောပုံရိပ် တွေက ချာ့ခ်ျ‌ဘုရား‌ ကျောင်းတော်ထဲသို့ အလုံးအရင်းဝင်‌ ရောက်လာခဲ့ပြီး အရာအားလုံး ချိုးဖျက်ဖျက်ဆီးသွားခဲ့ကာ ဆူညံပွက်‌လောရိုက်သွား‌ တော့သည်။ အမျိုးသမီးက သူမလည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးကို ဆွဲချွတ်ရန် အချိန်သာ ရှိလိုက်ခဲ့ပြီး သူမအား လက်နက်ကိုင်စစ်သားတွေရဲ့ ဖမ်းဆီးခြင်းမခံရမီ ကောင်ငယ်လေး၏ လက်ထဲသို့ ဆွဲကြိုးအား ထိုးထည့်ပေးလိုက်ပြီး သူမအား အတင်းအဓ္ဓမ နောက်ပြန်ဆွဲထုတ်ခြင်းခံခဲ့ရသည်။


"ပြေး... ပြေးတော့" အမျိုးသမီးက 

ရုန်ရင်းဆန်ခတ်အော်ဟစ်ရင်းနဲ့ ပြောလိုက်ခဲ့၏၊ 

"ပြေးတော့ ဒီနေရာကနေ ထွက်သွား!"


"နောက်ပြန်လှည့်မကြည့်နဲ့၊ အရှုံးမပေးနဲ့!"


"မာမီ သားကို ချစ်တယ်နော်...."


ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဘုရားကျောင်း‌တော်ကြီးက ပြိုကျသွားလိုက်ကာ တရှိန်ရှိန်လောင်မြှိုက်နေသော မီးတောက်မီးလျှံများက အနီးပတ်ဝန်းကျင်ရှိ ထက်ကောင်းကင်ယံအား မီးခိုးရောင်တိမ်ထူထပ်နေသော ကောင်းကင်ပြင်ကြီးအဖြစ် ပြောင်းလဲသွား‌စေလိုက်သည်။ အော်ဟစ်ငိုကြွေးသံများသည် မကြာမီတွင် တိတ်ဆိတ်ငြိမ်သက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားကာ ပြာများကို လေက ဝေ့ဝဲမှုတ်ထုတ်လိုက်ပြီး  တိတ်

ဆိတ် ခြောက်ကပ်‌ပြီး ကျယ်ပြောလှတဲ့တောရိုင်းကုန်းမြေဆီသို့ လွင့်ပျံသွား‌စေလိုက်သည်။


ကောင်ကလေးက တောရိုင်းထဲတွင် ပြေးလွှားနေခဲ့ပြီး စစ်သားများနဲ့ အမဲလိုက်ခွေးများက သူ့နောက်မှ ထက်ကြပ်မကွာ လိုက်ပါနေကြသည်။ သူ့ရှေ့တွင်‌တော့ပင်လယ်ပြင်လိုကျယ်ပြန့်တဲ့ မီအလင်းရောင်များက တဖြည်းဖြည်း ကြည်လင်လာခဲ့ပြီး မကြာမီမှာပဲ သူ ရပ်နေသော ချောက်ကမ်းပါးအောက်တွင် မြို့ကြီးတစ်မြို့ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ကောင်ကလေးက သူ့နောက်က‌ လိုက်လာတဲ့သူတွေရဲ့အသံကို ကြားလိုက်ခဲ့ပြီးတော့ အရှိန်အဟုန်နဲ့ ထိုးကာ ခုန်ဆင်းချသွား‌ တော့သည်။


လေက သူ့နားရွက်‌တွေထဲကို တိုးဝင်သွားခဲ့ပြီး ရင်ဘတ်ပေါ်က ဆွဲသီးလေးအား မြောက်တက်သွားစေလိုက်၏။


ကလေးငယ်သည် လျင်မြန်စွာ ပြုတ်ကျလာသည်နှင့် သူ့မျက်လုံးများအား မှိတ်ချထားလိုက်ခဲ့သည်။ သူ၏အနက်ရောင် မျက်လုံး သူငယ်အိမ်များတွင် နောက်ဆုံး ထင်ဟပ်နေသည့် အရာမှာတော့ အထီးကျန်အေးစက်ခြင်းနှင့် အဆုံးမရှိသော ညတစ်ညပင်ဖြစ်တော့၏။


"သေလွန်သောသူတို့သည် ရှင်သန်ထမြောက်၍ ထာဝရအသက်ကိုရကြလိမ့်မည်။"


သူ့စိတ်ထဲမှ ပြောလိုက်ခဲ့၏။ "အာမင်"


***


သို့သော် ကြမ်းတမ်းသောလမ်းမှ ပွတ်တိုက်မှုများသည် သူ့မျက်လုံးများကို အနည်းငယ်ဖွင့်ဟရန် လှုံ့ဆော်ပေးလိုက်သည်။ ကျဉ်းမြောင်းသော မြင်ကွင်းမှ သူမြင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကျည်ကာအင်္ကျီကို ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦးပိုင်ဆိုင်တဲ့ သန်မာသော လက်မောင်းကြွက်သားပင်ဖြစ်၏။ သူ့နောက်တွင်ရှိသော အဖော်ကတော့ အရပ်ရှည်ပြီး ကြံ့ခိုင်ဖြတ်လတ်ဟန်ဖြင့် တူညီစွာ ၀တ်စားဆင်ယင်ထားပြီး သူ့ခြေ‌ထောက်တွင်တော့ သားရေရှူးဖိနပ်အတိုနှင့် ပေါင်လုံး၌ အနက်

ရောင်‌ပစ္စတိုထည့်တဲ့ အိတ်တစ်လုံးပါရှိ၏။


'အယ်ဖာ နှစ်ယောက်ပဲ'


ကျောက်သား စင်္ကြံလမ်းထောင့်မှ အရိပ်တစ်ခုက လူငယ်လေး၏ မြင်ကွင်းထဲကို ဝင်လာခဲ့ရာ သူ့မျက်လုံးများကို ကမန်းကတန်း မှိတ်ချလိုက်ရသည်။ သိပ်မကြာခင်မှာပဲ စစ်သားနှစ်ယောက်က ဓာတ်လှေကားထဲဝင်လိုက်ကြပြီး သူတို့ရဲ့မျက်နှာတွေက တောက်ပတက်ကြွစွာဖြင့် အတက်ခလုတ်ကို နှိပ်လိုက်ခဲ့သည်။ 


သို့သော် ဓာတ်လှေကားတံခါးမပိတ်ရခင်မှာ လူတစ်ဦးက ရုတ်တရက် ပြေးဝင်လာခဲ့ပြီး အော်ပြောလိုက်ခဲ့သည်။ "မင်းတို့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးထားလိုက်ကြ‌‌တော့။ ပြန်ဆုတ်ဖို့ ပြင်ထားကြ‌။ အခြေစိုက်စခန်းရဲ့ ရဟတ်ယာဉ်တွေက ခေါင်မိုးထပ်မှာ ရောက်နေကြပြီ!"


"မြို့က ပြိုကျနေပြီ၊ အချိန်မရှိ‌တော့ဘူး!"


"လာ ၊ သွားကြမယ်" ဓာတ်လှေကားမှ မထွက်လိုက်ခင် စစ်သားထဲမှ တစ်ယောက်က ပြောလိုက်သည်။


ဒါကိုမြင်တော့ လူငယ်‌လေးက သူ့မျက်လုံး‌ တွေကို မှေးကျဉ်းလိုက်ခဲ့သည်၊ 'အခုက သူ့ အခွင့်အရေးပဲ။'


"အိုမီဂါ‌တွေကို ရဟတ်ယာဉ်ပေါ် ခေါ်သွား၊ သူတို့ကို ထွက်မပြေးစေနဲ့၊ ငါတို့ အခြေစိုက်စခန်းကို ပြန်ကြမယ်..."


စစ်သားက သူ့ပါးစပ်ကိုဖွင့်ခါနီးမှာ သူ့လက်မောင်းထဲတွင်ရှိနေတဲ့ အိုမီဂါ

လူငယ်လေးက ရုတ်တရက် ဘေးသို့စောင်းသွားပုံရပြီး သူ့လက်ထဲမှလွတ်ကာ မြေပြင်သို့ ကျသွားခဲ့‌တော့သည်-


သူ့ရဲ့ပထမဆုံး တုံ့ပြန်မှုမှာ ကိုယ်ကိုကိုင်းပြီး နောက်တစ်ကြိမ် ပွေ့ယူလိုက်တာဖြစ်သော်လည်း ထိုအခိုက်တန့်တွင် မူလက မလှုပ်မရှားနိုင်တဲ့ လူငယ်လေးရဲ့လက်က သူ၏ တင်ပါးပေါ်ရှိ ပစ္စတိုသေနတ်အိတ်ဆီသို့ မထင်မှတ်စွာ ရောက်ရှိလာပြီး သေနတ်ကို လှမ်းယူလိုက်ကာ ဒူးထောက်ချလိုက်ရင်း သေနတ်နဲ့ သူ့အား ချိန်ရွယ်လိုက်ခဲ့သည်။


အဖြစ်အပျက်က ရုတ်တရတ်ဆန်လွန်းသွားခဲ့သည်၊ စစ်သားက စကားပြောခွင့်တောင်မှ မရ သေးခင်မှာဘဲ လူငယ်လေးက သူ့ခြေထောက်ရှည်တွေနဲ့ ဒူးခေါင်းအား ပုတ်ရိုက်လိုက်ပြီး ချက်ချင်းပင် သူ့အားလဲကျသွား စေလိုက်ခဲ့သည်။


"ဝုန်း"


"ဘာတွေဖြစ်နေတာလဲ"


"ရပ်လိုက်! "


သူတို့ပတ်ဝန်းကျင်က လူတွေ တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်နေကြပေမယ့် လူငယ် လေးကတော့ သူတို့အားလုံးကို လျစ်လျူရှုထားခဲ့သည်။ သူက လဲကျသွားတဲ့ စစ်သားရဲ့ ဆံပင်တွေကို ဆောင့်ဆွဲယူလိုက်ပြီး သူ့ရှေ့မှာ ပိတ်ဆို့ကာကွယ်ဖို့ အယ်ဖာရဲ့ သွေးလွှမ်းနေတဲ့ ခန္ဓာကိုယ်ကို အသုံးပြုလိုက်ခဲ့သည်- "နောက်ပြန်ဆုတ်!!"


'နောက်ပြန်ဆုတ်၊ မလှုပ်ကြနဲ့' လို့ သူပြောချင်တာ ဖြစ်ပေမယ့် အချိန်ကြာမြင့်စွာ သတိလစ်မေ့မြောထားတာမို့ အခုထက်ထိ သူ့လည်ချောင်းက ကွဲအက်ခြောက်ကပ်နေဆဲပင်။ သူ စက္ကန့်အနည်းငယ်မျှ အသက်ပြင်းပြင်းရှူကာ နောက်ဆုံးတွင် အော်ပြောလိုက်ခဲ့၏၊ 

"ရပ်လိုက်! မင်းတို့လက်နက်‌ တွေကို အောက်ချလိုက်!"


ခန်းမအတွင်းရှိ ချဉ်းကပ်လာသော စစ်သားများအားလုံး၏ မျက်နှာများက အရောင်ပြောင်းလဲသွားကာ ရပ်တန့်သွားပြီး လူငယ်လေး၏အနားတစ်ဝိုက်တွင် ပန်ကာပုံသဏ္ဍာန် ဝိုင်းဖွဲ့ထားကြလိုက်သည်။ လေထုက တင်းမာလို့‌ နေခဲ့တော့၏။


"ဗိုလ်ချုပ် အရေးပေါ်ကိစ္စရှိ နေလို့...."


ထန်ဟောင် က သူ့ဖုန်းကို ကိုင်လိုက်ပြီး

မော့ကြည့်လိုက်တယ်။

"ဘာဖြစ်တာလဲ"


"အိုမီဂါ တစ်ယောက်က ပုန်ကန်နေတယ်" လက်ထောက်က သူတို့ရပ်နေတဲ့ နေရာနဲ့ မနီးမဝေးက ခန်းမကို လက်ညှိုးထိုးပြလိုက်ပြီး သူ့မျက်နှာမှာ အံ့အားသင့်မှု ဒေါသူပုန်ထမှုတွေနဲ့ ပြည့်နှက်နေခဲ့ကာ "သူက ကျွန်‌တော်ရဲ့ စစ်သားတစ်ယောက်ကို ဓားစာခံအဖြစ် ဖမ်းထားရုံတင်မကဘဲ ထွက်ပြေးချင်‌နေသေးတယ်!"


လူငယ်လေး၏ ရှူရှိုက်သံများနှင့် အယ်လ်ဖာစစ်သားများ၏ တုန်တုန်ယင်ယင် အသက်ရှူထုတ်သံများသည် တစ်နေရာတည်းတွင် ရောထွေးနေခဲ့သည်။ ဓားစာခံစစ်သားက သူ့နားထင်ပေါ်ရှိ သေနတ်‌ ပြောင်းဝ၏ အေးစက်မှုကို ခံစားလိုက်ရပြီး ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ကာ- 

"ငါ့ကို လွှတ်ပေးလိုက်စမ်း... ၊ မင်း ထွက်မပြေးနိုင်ဘူး... အာ့!"


လူငယ်လေး၏ ဆုပ်ကိုင်ထားမှုက သူ့လည်ပင်းကို တင်းကြပ်သွားရင်း ပြောလိုက်သည်။ 

"ပါးစပ်ပိတ်ထားစမ်း"


ဒီနေရာက အဝိုင်းပုံသဏ္ဍာန်‌ ဟောခန်းမဖြစ်ကာ အကျဉ်းထောင်၏ အများပိုင်နေရာဖြစ်ပြီး အခုတော့ လက်နက်ကိုင်စစ်သားများဖြင့် ပြည့်နှက်နေခဲ့သည့်။ လူငယ်လေးသည် မျက်လုံး‌ မှေးကျဉ်းလိုက်၍ အကြမ်းဖျင်း ခန့်မှန်းကြည့်ရာ အနည်းဆုံး စစ်သားဦး‌ ရေတစ်ရာ‌ လောက်ရှိ‌နေခဲ့၏။ အရေးပေါ်‌ ရှေးဦးသူနာပြုအသုံးအဆောင်ပစ္စည်းများနှင့် ထမ်းစင်များစွာက သူတို့ပတ်ပတ်လည်တွင် အဖြူရောင်အ၀တ်များဖြင့် ဖုံးအုပ်ခြင်းခံထားရသည်။ လေထုထဲတွင် မီးခိုးနံ့၊ မီးသွေးနံ့၊ သွေးနံ့နှင့် လူသေ‌ ကောင်အပုပ်နံ့များ ပြည့်နှက်နေတာကြောင့် အလောင်းမည်မျှရှိမည်ကို သူ ခန့်မှန်း၍မရနိုင်ခဲ့ပေ။

(T/N- တစ်ရာနဲ့ တစ်ယောက် ဖိုက်ရဲတာ နည်းတဲ့သတ္တိတော့မဟုတ်🙄)


'ဒီနေရာက ဘာလဲ။ အဓိကရုဏ်းတစ်ခုဖြစ်တာလား။'


'စစ်ပွဲလား'


'ဒီလူတွေက ဘယ်သူတွေလဲ၊ ဘာလို့ ဒီမှာ ရောက်နေကြတာလဲ'


ခန်းမ၏ အဆုံးတွင်ရှိ‌တဲ့ ထွက်ပေါက်ကိုတော့ သံမဏိတံခါးကြီးဖြင့် အခိုင်အခန့်သော့ခတ်ထားပြီး ရုံးခန်းငယ်တစ်ခုဆီသို့ ဦးတည်သွား‌ နေခဲ့သည်။ အရပ်ရှည်ရှည်နှင့် အနည်းငယ် အသားညိုပြီး စစ်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးသည် ထိုတံခါးဝမှ ထွက်ရှိလာပြီး သူတို့ဆီသို့ လျှောက်လာလိုက်သည်။


လူငယ်‌လေးက နောက်ဆုံးတွင် လူစုလူဝေးနှင့် ကင်းကွာသွားသည်အထိ နောက်သို့ တစ်လှမ်းချင်း ဆုတ်သွားခဲ့သည်။ သူ့လက်ထဲက သေနတ်ကို မြှောက်လိုက်ပြီး နောက်ဝင်လာသူကို ချိန်ရွယ်လိုက်ခဲ့သည်။


"ငါ့လူကို လွှတ်‌ ပေးလိုက်ပါ"

ထန်ဟောင် တစ်လှမ်းချင်း ထောင့်သို့ ဆုတ်ခွာသွားနေတဲ့ အိုမီဂါ ကောင်ငယ်‌လေးကို ကြည့်လိုက်ခဲ့သည်။ သူက အထူးတပ်ဖွဲ့မှ ဆင်းသက်လာပြီး သိသိသာသာကို သန်မာတဲ့သူတစ်ယောက်ဖြစ်တာနှင့်အညီ ဒီအချိန်မှာတော့ အိုမီဂါလေးကို မလန့်သွားစေရန် သူ့အသံကို ပိုမိုပျော့ပျောင်းစေဖို့ ဂရုစိုက်လိုက်ခဲ့သည်၊

"ငါတို့က မင်းကို ကယ်တင်ထားတာပါ၊ မြို့က ပြိုကျတော့မယ်၊ မင်း အပြင်ကိုထွက်ပြေးလို့မရနိုင်ဘူး။"


လူငယ်‌လေးက သူ့မျက်လုံးများကိုမှိတ်ထားပြီး အသက်ပြင်းပြင်းရှူကာ နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်သည်- 

"ခင်ဗျားက ဘယ်သူလဲ"


ထန်ဟောင်က သူ့မေးခွန်းကို တိုက်ရိုက်မဖြေခဲ့လိုက်‌ပေ-

"ငါတို့တာဝန်က အဖိုးတန်ဗျူဟာမြောက်မစ်ရှင်ဖြစ်တဲ့ အိုမီဂါတွေ ကို ရှာဖွေကယ်ဆယ်ပြီး အခြေစိုက်စခန်းကို ရောက်တဲ့အထိ ကာကွယ်ပို့ဆောင်ပေးဖို့ပဲ။ မင်းမှာ ဘာအန္တရာယ်မှ မဖြစ်စေရပါဘူး။ အခြေစိုက်စခန်းရဲ့ပြင်ဆင်ထားမှုက မင်းကိုလွှဲယူပေးဖို့ အဆင်သင့်ထားထား‌ ပေးတယ်၊ ပြီးတော့ မင်းကို မကြာခင် ဘေးကင်းတဲ့ ဇုန်ကို ပြောင်းရွှေ့ပေးလိမ့်......"


'ဘေးကင်းတဲ့ ဇုန်ဆိုတာမရှိဘူး' သူ၏ မသိစိတ်ထဲမှ အသံတစ်ခုက သူ့ကိုပြောလိုက်ခဲ့သည်။


'ဒီမြို့တင်မကဘူး တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး‌ရောပဲ'


လူငယ်‌လေးက ထိုဝမ်းနည်းစရာကောင်းတဲ့ အတွင်းစိတ်ရဲ့အသံက ဘယ်ကလာမှန်း မသိတာကြာင့် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။


"မင်းရဲ့ဓားစာခံကို လွှတ်ပေးလိုက်ပါ၊ ပြီးရင် ငါတို့‌ေတွ ဘာမှမဖြစ်ခဲ့သလို သဘောထားလိုက်ပါ့မယ်။ ငါ့စစ်သားတွေက မင်းကို ရိုင်းရိုင်းစိုင်းစိုင်းလုပ်မိတာရှိရင် သူတို့ကိုယ်စား ငါ တောင်းပန်နိုင်တယ်..."


"မဟုတ်ဘူး... မဟုတ်ဘူး" ထန်ဟောင်၏အသံက နံရံနှင့်ထိကပ်သွားသည်အထိ နောက်ပြန်ဆုတ်သွားသော လူငယ်လေး၏ နှောက်ယှက်ခြင်းကို ခံလိုက်ရသည်။ သူက အသက်ပြင်းပြင်းရှူထုတ်လိုက်ကာ ခေါင်းကို တွင်တွင်ခါယမ်းလိုက်ပြီး "မင်းရဲ့ လက်နက်တွေကို ချပြီး ငါ့ကို သွားခွင့်ပေး၊ ငါ သွားကိုသွားရမယ်......အခုပဲ"


ထန်ဟောင် တစ်ခုခုပြန်ပြောချင်သော်လည်း သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။


ဂရုတစိုက်နားထောင်ဖို့ အာရုံစူးစိုက်ထားတဲ့ သူ့နားက‌ေန မရေမတွက်နိုင်သော ဒရွတ်တိုက်ဆွဲလာသည့်ခြေသံများ သူတို့နေရာနှင့် ပိုပို နီးကပ်လာသည်ကို ကြားလိုက်ရသည်။ ခပ်ဝေးဝေးရှိ အဆက်မပြတ် တဒုန်းဒုန်းထုရိုက်သံ‌တွေက ထောင်၏သံမဏိဂိတ်တံခါးဘက်က နေ ရှင်းရှင်း လင်းလင်း ထွက်ပေါ်လာခဲ့သည်။


နံရံများက လှုပ်ခါသွားခဲ့ကာ လူတိုင်း၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ တပ်သားက စတင်အော်ပြောလိုက်ခဲ့သည်၊ "ဒုဗိုလ်ချုပ်၊ အောက်ထပ်ဆင်းတဲ့တံခါး ပြုိကျသွားပြီ။ ဖုတ်ကောင်တွေ ဒီကိုတက်လာနေကြပြီ"


လူငယ်‌ လေးက အော်ပြောလိုက်ခဲ့၏၊ "မင်းတို့ရဲ့သေနတ်တွေကို ချထားလိုက်!"


"ဗိုလ်ချုပ်!"


"ငါ့ကို သွားခွင့်ပေး.....! "


ထန်ဟောင် က နောက်ပြန်လှည့်ကာ သူ့လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ မေ့ဆေးသေနတ်ကို မြှောက်လိုက်ပြီး အကြိမ်‌ ရေအနည်းငယ် ပစ်ခတ်လိုက်ခဲ့သည်။


ဓားစာခံ အယ်ဖာစစ်သားနှင့် လူငယ်လေးအပေါ် တောက်ပနေသော အပြာရောင် မီးပွားများက တဖွဲဖွဲကျလုနီးပါး ဖြစ်နေသည်။ လျှပ်စစ်ရှော့ခ်၏ ပြင်းထန်သောပစ်ချက်‌ေကြာင့် လူငယ်လေးသည် နာကျင်သွားလိုက်ကာ ချက်ချင်းပင် ဒူးညွှန့်ကျသွားကာ စက္ကန့်အတော်ကြာတဲ့အထိပင် သတိလစ်သွားခဲ့သည်။


ရင်ဘတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာ‌သော လေးလံမှုနှင့်အတူ ထန်ဟောင်သည် သွေးချောင်းဆိုးနေ၍ လူးလွန့်နေသော လူငယ်လေး၏ ဘေးတွင် ထိုင်ချလိုက်ခဲ့သည်။ သူ့လက်ကို မြှောက်ဖို့ ကြိုးစားလိုက်ပေမဲ့လည်း ထန်ဟောင် က အလွယ်တကူ ဖမ်းမိခဲ့သည်။ လျှပ်စီးကြောင်းက ကောင်လေးရဲ့ တွန့်လိမ်နေတဲ့ ကြွက်သားများကိုပင် မတည်မငြိမ်ဖြစ်‌ စေလိုက်ခဲ့သည်။


"..." ထန်ဟောင် က သူ့စိတ်ထဲမှာ ကျိန်ဆဲလိုက်ခဲ့သည်၊ တိုက်ခိုက်‌ နေတာကြောင့်မဟုတ်ဘဲ သူ့ခန္ဓာကိုယ်အောက်က သွေးစွန်းနေတဲ့ အိုမီဂါ‌ လေးကြောင့် သူ့မျက်နှာအမူအရာက အနည်းငယ် ရှက်ရွံ့သွားသလို ဖြစ်သွားသည်။


ဖုန်ထူထပ်နေတဲ့ မျက်နှာ လေးနဲ့‌ တောင်မှ လူငယ်လေး၏ ချောမောပြီး ကြည်လင်ဝင်းပ‌ နေတဲ့ မျက်နှာအသွင်အပြင်ကို ဖုံးကွယ်မထားနိုင်ပေ။ သူ၏ကိုယ်ဟန်အ‌ နေအထားအရ သာမန် အိုမီဂါတွေလို နူးညံ့မနေဘဲ၊ စူးရှထက်မြက်သော မျက်ခုံးရိုး၊ ဖြောင့်စင်းသော နှာတံနှင့် အလွန်သပ်ရပ်သော မေးစေ့မှ လည်ပင်းမျဉ်းကွေးတို့ဖြင့် ပိုထူးခြားလေးနက်‌ စေခဲ့သည်။


"ဒီည မင်းအသက်တောင် ရှင်နိုင်မှာ မဟုတ်ဘူး၊ ဖုတ်ကောင်တစ်ကောင်စားခံရတာက မင်း သေဖို့ အကြင်နာဆုံးနည်းလမ်း ဖြစ်နိုင်တယ်။"


"တစ်ယောက်ယောက်က သူ့ကို ခေါ်သွားလိုက်၊ အမြန်ဆုံးနှုန်းနဲ့ ပြန်ဆုတ်ကြ!" သူ့ရဲ့အလိုအလျောက် တုံ့ပြန်မှုကို ဖုံးကွယ်ဖို့ ကြိုးစားရင်း ထန်ဟောင် က ထပြီး ထွက်သွားလိုက်သည်။


ထိုအခိုက်တွင် သူ့ရှေ့ရှိ စစ်သားတစ်ယောက်၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားသည်ကို တွေ့လိုက်ရပြီး တုံ့ပြန်ရန် အခွင့်မသာမီခင်မှာပဲ တစ်စုံတစ်ခုက သူ့ခြေကျင်းဝတ်ကို ပြင်းပြင်းထန်ထန် ထိမှန်ကာ သူ့အားအောက်သို့ဆွဲလှဲချခြင်း ခံလိုက်ရသည်-


"သေ;က်!"


ဒီတစ်ကြိမ်တွင်တော့ လဲကျလုနီးပါးဖြစ်သွားတဲ့ထန်ဟောင် သည် နှုတ်မှ ဆဲဆိုတဲ့စကားလုံး ထွက်သွားတာကို ပြန်မယူလိုက်ခဲ့ပေ။


အချိန်တိုလေးအတွင်းမှာပင် အိုမီဂါအပေါ် ရှိ မေ့ဆေးသေနတ်၏ အာနိသင်က ပျောက်ကွယ်သွားတာကို သူ ယုံတောင် မယုံနိုင်ပေ။ သူ့မှာ ဒီကိစ္စကို စဉ်းစားဖို့ အချိန်မရှိလိုက်၊ ဘာလို့လဲဆိုတော့ အရင်က သူလွှင့်ပစ်ထားတဲ့ သေနတ်ကို ကောက်ကိုင်ထားပြီး သူ့နားရွက်နားကို ယိမ်းယိုင်လာတဲ့ လူငယ်‌ လေးကို တွေ့လိုက်ရလို့ပင်ဖြစ်သည်။ 

ထန်ဟောင်ရဲ့နားက မကြာခင်မှာပဲ သူနှင့် အလွန်နီးကပ်စွာ ပြောဆိုနေသည့် အက်ကွဲရှတနေတဲ့ အသံဖြင့် နှုတ်ဆက်ခြင်းခံလိုက်ရသည်။


"ငါက သေရတာ ပိုကြိုက်တယ်"


ထိုစကားကိုပြောပြီးနောက်

လူငယ်‌ လေးသည် ထန်ဟောင်၏ ဘောင်းဘီအိတ်ကပ်ထဲမှ ကျည်ညှပ်တစ်ခုကိုယူကာ အမြန်ထရပ်လိုက်သည်။ ပြတင်းပေါက်ဆီသို့ အနီးနားသို့ ရွေ့လျားသွားလာလိုက်ရင်း သူ့အနီးနားရှိ စစ်သားများကို သေနတ်နဲ့အပြန်ပြန်အလှန်လှန် လှည့်ကာချိန်ရွယ်လိုက်ခဲ့သည်။


ထန်ဟောင်က သူဘာလုပ်မယ်ဆိုတာကို ရုတ်တရက် သဘောပေါက်သွားပြီး အော်ဟစ်လိုက်ခဲ့တော့၏။

"မလုပ်နဲ့...." 


ဒါပေမယ့် အလွန်နောက်ကျသွားခဲ့‌ လေပြီ။


ထန်ဟောင်၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် လူငယ်‌ လေးက မှန်ပြတင်းပေါက်များကို အားနဲ့ရိုက်ချိုးကာ ခုန်ချသွားလိုက်‌ တော့သည်။


•••••


To be continued