အခန်း(၁) - ချန်းရန်က သူမွေးထားသော သူ့၏ဟက်စကီးခွေးလေးမှာ လူအဖြစ်ပြောင်းလဲသွားသည်ကို တွေ့ရှိသွားခဲ့သည်။
အလုပ်ကနေ အိမ်ပြန်ရောက်တော့ အိမ်က ထုံးစံအတိုင်း ရှုပ်ပွနေပေမယ့် တစ်ခုခုတော့ ထူးဆန်းနေလျက်။ ဥပမာအားဖြင့် အိမ်က ခါတိုင်းထက်ပို၍ ဖရိုဖရဲဖြစ်နေသည်ပင်။
ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေတတ်တဲ့ဟက်စကီးရှိမနေဘဲ ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်လျက် ဝံပုလွေပုံစံနားရွက်တစ်စုံရှိသည့် ဆယ်ကျော်သက်တစ်ဦးသာ ရှိနေ၏။ သူ့လက်တွေကတော့ အမှိုက်ပုံးကို ကောက်နေဆဲ။
လှုပ်ရှားသံကိုကြားတော့ ဝံပုလွေနားရွက်နှင့် ဆယ်ကျော်သက်လေးက နောက်လှည့်ကြည့်လာပြီး ချန်းရန်ဘက်သို့ ပြေးလာကာ သူ့ကို ကြမ်းပြင်ပေါ် တွန်းချလိုက်သည်။
ဆယ်ကျော်သက်လေးမှာ အရင်က အိမ်မှာရှိတဲ့ ဟက်စကီးလိုမျိုး တက်ကြွနေဆဲ၊ ဒီနေ့မှာတော့ ဟက်စကီးလေးက လျှာနဲ့ သူ့မျက်နှာကိုစိုရွှဲအောင် မလျက်ခဲ့ပေမယ့် အကြိမ်မြောက်များစွာ အားပါးတရ နမ်းနေခဲ့သည်လေ။
ချန်းရန်မှာ ဝံပုလွေနားရွက်နှင့်ဆယ်ကျော်သက်လေးရဲ့ခါးပေါ် သူ့လက်ဖြင့် မသိစိတ်အရ ကိုင်လိုက်ရာ ထိုသူ့မှာ အဝတ်အစားတွေမဝတ်ထားတာ တွေ့ရှိသွားခဲ့၏။
အား...အသားအရည်က နူးညံ့ချောမွေ့နေတာပဲ။
သူ့ဟက်စကီးလေးက လူသားအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ချန်းရန်က ဒီအချက်ကို လက်ခံလိုက်ပေသည်။
သို့သော် သူဟာ ဟက်စကီးအဖြစ်သို့ ပြန်မပြောင်းနိုင်တော့သည့်အချက်ကိုလည်း ချန်းရန်မှာ လက်ခံရန် တစ်ပတ်လောက် အချိန်ယူခဲ့ရ၏။
ချန်းရန်သည် ပရိုဂရမ်မာတစ်ဦးဖြစ်ပြီး ကုဒ်များရေးရာတွင် အလွန်တော်ပေ၏။ သူ့ဆီမှာ ထူးထူးခြားခြားကြိုက်နှစ်သက်တာမျိုးသိပ်မရှိ၍ သူ့၌ လစဉ်အပိုငွေတွေ အများအပြားရှိလျက်။
ယခုတော့ သူ့တွင် အနှီအပိုငွေတွေကို သုံးစွဲရန် တစ်နေရာရှိလာပြီ။
သူ့ရဲ့ဟက်စကီးအတွက် နေ့စဥ်လိုအပ်သော ပစ္စည်းအားလုံးကို အဆင့်မြှင့်ပေးလိုက်ပြီး သူ့ကို တစ်ဦးတည်းအဖြစ် ဆက်ဆံခဲ့သည်။
ဟက်စကီးမှာလည်း အလွန်ထက်မြက်ပြီး မကြာမီတွင် လူ့အသိုင်းအဝိုင်းနှင့် လိုက်လျောညီထွေဖြစ်လာလျက်။
ချန်းရန် စိုးရိမ်ပူပန်ရသည့် တစ်ခုတည်းသောအရာမှာ သူ့ဟက်စကီးက ဘယ်လောက်ပဲ စမတ်ကျနေနေ၊ ဘယ်လောက်ပဲ လူသားနဲ့တူနေပါစေ၊ ညဘက်ဆို သူ့အိပ်ရာပေါ် ခုန်တတ်ပြီး သူ့ဘေးမှာ အိပ်ရတာကို နှစ်သက်နေဆဲ၊ သူခွေးဘဝတုန်းက လုပ်ခဲ့သလိုမျိုးပေါ့။ သူ့မှာ သူ့ကိုယ်ပိုင်အိပ်ရာ အမြဲရှိရင်တောင်မှလေ။
သို့ရာတွင် အနည်းငယ် ကွာခြားချက်ရှိ၏၊ ဆိုလိုသည်က ဟက်စကီးရဲ့ ခွေးပုံစံမှာ သူ့ဘေးတွင် ဝင်ကွေးတတ်တာဖြစ်ပြီး၊ ဟက်စကီးရဲ့ လူသားပုံစံသည်တော့ သူ့ခြေလက်တွေက သူ့ကိုဖက်ထားပြီး အိပ်ရသည်ကို နှစ်သက်နေခြင်းပင်။
နောက်ပိုင်းတွင် ချန်းရန်က ဟက်စကီးအတွက် စူပါမားကတ်ရဲ့ ငွေကိုင်တစ်ဦးအဖြစ် အလုပ်ရှာတွေ့ခဲ့သည်။ ဟက်စကီးမှာ ချောမောပြီး အရပ်ရှည်ရာ သက်ရှိဆိုင်းဘုတ်တစ်ခုလို ထိုနေရာ၌ မတ်တပ်ရပ်နေရုံနှင့် လူတွေက ပစ္စည်းတွေပိုဝယ်လာကြ၏။
ဟက်စကီးက သူ့ရဲ့ပထမဆုံးလစာရပြီးနောက် ချန်းရန်ကို ထမင်းစားဖို့ ဖိတ်ခေါ်ခဲ့သည်။
လူတစ်ယောက်နှင့် ခွေးတစ်ကောင်ဟာ အလွန်ပျော်ရွှင်နေကြသဖြင့် သူတို့အလွန်အကျွံမသောက်ဘဲ မနေနိုင်ခဲ့ချေ။
ချန်းရန်မှာ အရက်ဒဏ်သိပ်မခံနိုင်၍ မူးနေရာ ဟက်စကီးက သူ့ကို အိမ်ပြန်သယ်သွားတော့သည်။
ချန်းရန် ယောင်ချာချာဖြစ်နေလျက် ဟက်စကီးက သူ့အဝတ်တွေချွတ်ပေးတာ၊ ရေချိုးပေးတာ၊ ပြီးတော့ ညအိပ်ဝတ်စုံကူဝတ်ပေးတာတွေကို ခွင့်ပြုလိုက်သည်။
အိပ်ရာပေါ်တွင် လဲလျောင်းပြီးနောက် ချန်းရန်က ဟက်စကီးရဲ့ ဆံပင်ပျော့ပျော့လေးကို ပွတ်သပ်ပြီး "ကျေးဇူးပဲကွာ ရှောင်ဟာလေးရေ ငါ မင်းကို မွေးထားခဲ့တာ အကျိုးမရှိတာမဟုတ်ဘူးပဲ"
ဟက်စကီးက စကားမပြောဘဲ သူ့လက်နှစ်ဖက်ကို သူ့ခေါင်းပေါ်တင်ကာ သူ့ကို ငြိမ်သက်စွာ ကြည့်နေလျက်။
ချန်းရန်လည်း သူတကယ်မူးနေပြီဟု ခံစားလိုက်ရပြီး သူ့ရဲ့ချစ်စဖွယ်ရှောင်ဟာလေးရဲ့ မျက်လုံးထဲ၌ ဝံပုလွေတစ်ကောင်လိုမျိုး အစိမ်းရောင်အလင်းတန်းကို တွေ့လိုက်ရပေသည်။ သူ့ရဲ့ချစ်စဖွယ်ရှောင်ဟာလေးမှာ ငုပ်လျှိုးနေသော အမဲလိုက်သားရဲကောင်အသွင်ပေါ်လာသလိုပင်။
သူက သမ်းဝေရင်း လှည့်ကာ တွေးလိုက်၏။ အဲဒါက ထင်ယောင်ထင်မှားပဲဖြစ်ရမယ်၊ အိပ်လိုက်တော့မယ်ကွာ။
xxx