မှောင်မည်းနေသော လောကတစ်ခု..သို့သော် အမှောင်ထုထဲတွင် ရွေ့လျားမျောပါနေသည့် အလင်းလုံးများ များစွာရှိနေသည်။
ကြီးမားသောအလင်းလုံးများနှင့် သေးငယ်သောအလင်းလုံးများသည် ဝဲသြဃအကြီးကြီးတစ်ခုစီသို့သာ ဖြည်းညင်းစွာဦးတည်ရွေ့လျားနေကြသည်။
အလင်းလုံးများ အုပ်စုလိုက် ဝဲဩဃထဲ တုံ့ဆိုင်းမှုမရှိ ဝင်ရောက်သွားကြသော်လည်း ဝင်ရောက်ခြင်းမရှိသော အလင်းလုံးနှစ်လုံးရှိနေ၏။
အရောင်တအားမှိန်နေသော အလင်းလုံးအသေးလေးသည် အမှောင်ထုထဲတွင် အတောက်ပဆုံးဖြစ်သည့် အလင်းလုံးအကြီးနားတွင် ပူးကပ်နေပြီး အလင်းလုံးအကြီးသည် အလင်းလုံးအသေးလေးအား သယ်ဆောင်ရင်း အခြားသောအလင်းလုံးများကို ကျော်ဖြတ်ရင်း ဝဲဩဃနှင့် ဝေးသည်ထက်ဝေးလာကြသည်။
ထူးခြားသော အနီရောင်အလင်းလုံးတစ်လုံးသည် ရုတ်တရက်ပေါ်လာကာ အလင်းလုံးအကြီးအား ဝင်တိုက်သည်။ အတိုက်ခံလိုက်ရသော အလင်းလုံးအကြီးသည်လည်း အနီရောင်အလင်းလုံးအဖြစ် ပြောင်းလဲသွား၍ ဝဲဩဃစီသို့ဦးတည်နေကြသော အလင်းလုံးများကြားထဲ ညှပ်ပါသွားတော့သည်။
သို့သော် ဝဲဩဃထဲသို့ ကျရောက်ခါနီးတွင် အလင်းလုံးအကြီးသည် ရုတ်တရက် ကွဲအက်သွားကာ အထဲမှ သန့်စင်သည့်အဖြူရောင်အလင်းလုံးတစ်လုံး ထွက်ပေါ်လာသည်။ ထိုအဖြူရောင်အလင်းလုံးသည် အလင်းလုံးအသေးလေးအား ရစ်ပတ်လွှမ်းခြုံလိုက်ပြီးနောက် ဝဲဩဃထဲသို့ ကျရောက်သွားကြလေတော့သည်။
____
A တက္ကသိုလ်သည် Z ပြည်နယ်၏ အကောင်းဆုံးတက္ကသိုလ်ဖြစ်သည့်အပြင် နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ဆယ်ခု စာရင်းဝင်တက္ကသိုလ်လည်း ဖြစ်သည်။
သာမန်တက္ကသိုလ်များတွင် ကျောင်းသားများသည် စာသင်ခန်းအတွင်း စာသင်ကြားသည်ကိုအာရုံစူးစိုက်မှုမရှိဘဲ တိတ်တဆိတ် ဖုန်းအသုံးပြုခြင်း သို့မဟုတ် တစ်ခြားတစ်ခုခုလုပ်နေတတ်ကြသော်လည်း A တက္ကသိုလ်တွင်တော့ ထိုသို့ကိစ္စမျိုးမှာ မရှိသလောက် ရှားပါး၏။
A တက္ကသိုလ်၏ ကျောင်းသားအများစုသည် သူတို့၏ကျောင်းစာများကို အထူးအလေးအနက်ထားကြသည်။
သို့ရာတွင် ဒီနေ့...ကွန်ပျူတာဌာနသင်တန်းတွင် ကျောင်းသားတစ်ယောက်ကမူ ကွန်ပျူတာရှေ့ လှဲနေ၊မဟုတ်..တကယ်တော့ အိပ်နေခြင်းဖြစ်သည်။
" ယန်ကျင်းဇီ ထတော့ "
တစ်စုံတစ်ယောက်သည် အိပ်နေသောကောင်လေးအား နှောင့်ယှက်လိုက်လေသည်။
" ဟာ? "
ယန်ကျင်းဇီ ဆိုသည့် ကောင်လေး သူ့ဦးခေါင်းကိုမော့လိုက်ရာ သူ၏ချောမောလှသောမျက်နှာအား ဖော်ပြလိုက်သလို...။
" အတန်းပြီးသွားပြီ ငါဗိုက်ဆာနေပြီ ကန်တင်းကိုမြန်မြန်သွားရအောင်။ "
ယန်ကျင်းဇီအား နှိုးလိုက်သည့်ကောင်လေးက သူ့ဖုန်းကို အိတ်ကပ်ထဲထည့်သိမ်းလိုက်ရင်း ပြောလိုက်သည်။
ယန်ကျင်းဇီသည် အနည်းငယ် မူးဝေကာ အနည်းငယ် မကြည်မလင်လည်း ဖြစ်နေသည့်အပြင် ပတ်ဝန်းကျင်ကပါ သူ့အတွက် စိမ်းသက်နေသည်။
ဒါ ဘယ်နေရာလဲ? သူကရော ဘယ်သူလဲ?
လက်ကိုဆန့်ထုတ်ကာ နဖူးကိုအသာပွတ်နေရင်း သူ့ခေါင်းထဲ
သေချာသောအတွေးတစ်ခု ပေါ်လာသည်...သူ ကမ္ဘာကူးပြောင်းလာခဲ့သည်။
သို့သော် မကူးပြောင်းမီအချိန်တုန်းက သူဘယ်သူလဲဆိုသည်ကိုရော၊ မကူးပြောင်းခင် ကိစ္စများကိုရော သူ မမှတ်မိသည့်အပြင် အခုလက်ရှိသူ့ကိုယ်သူနှင့် သူ ဘယ်ရောက်နေမှန်းလည်း သူ မသိပါချေ။
သူ့ဘေးတွင် သူ့ကိုစကားပြောနေသည့် မျက်မှန်တပ်ထားသော ပိန်ပိန်သွယ်သွယ် ဝက်ခြံများရှိသည့်မျက်နှာနှင့်ကောင်လေး တစ်ယောက်သာ ရှိနေသည်။
" ယန်ကျင်းဇီ မင်းက အမြဲတမ်း အတန်းချိန်တွေကို သေချာနားထောင်နေကြပါ။ ဒီနေ့ ဘာလို့ အိပ်ပျော်သွားတာလဲ? "
သူ့နာမည်က ယန်ကျင်းဇီ...ဒီနာမည်က သူ့စိတ်ထဲ နေရာယူထားသည်။ ပြီးတော့ မူလပိုင်ရှင်၏ နာမည်မှာလည်း ယန်ကျင်းဇီ ဖြစ်သည်။
ဆိုတော့ သူ ဘာလို့ ကမ္ဘာကူးပြောင်းလာရသလဲ...
ယန်ကျင်းဇီ ပိန်ပါးပြီးအရပ်ရှည်သည့်ကောင်လေး၏နောက်မှ လိုက်ကာ လမ်းလျှောက်လာသည်။ သူ စိတ်ရှူပ်နေတုန်း တစ်စုံတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရသည်။
တက္ကသိုလ်သည် ကျယ်ဝန်းကာ ရှူခင်းမှာလည်း လှပလွန်းသည်။ လမ်းပေါ်တွင်လျှောက်လှမ်းနေသည့် ယောကျာ်းများနှင့် မိန်းမများ အားလုံးသည် ကောင်းမွန်စွာဝတ်ဆင်ထားကြကာ ထိုတစ်စုံတစ်ယောက်ကသာလျှင် ထူးခြားနေသည်။
အကြောင်းအရင်းကား အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ် အရွယ် ကလေးမျက်နှာပိုင်ရှင် ကောင်လေးတစ်ယောက်က ပလတ်စတစ်အိတ် တစ်အိတ်ကိုကိုင်ထား၍ဖြစ်သည်။
ဆယ်ကျော်သက်ကောင်လေးတွင် ဗာဒံသီးပုံစံ မျက်ဝန်းတစ်စုံ၊ အနည်းငယ်ဖောင်းနေသည့် ပါးမို့မို့နှစ်ဖက်၊ နဖူးပြေပြေ ရှိပြီး အသားအရေမှာ အနည်းငယ်မည်း၏။ ကောင်လေးသည် သန့်ရှင်းသော အနက်ရောင်ချည်သား ဂျာကင်အင်္ကျီကိုဝတ်ဆင်ထားသော်လည်း အင်္ကျီလက်များမှာ တိုလွန်း၍ ဟောင်းနွမ်းစုတ်ပြတ်သည့် အင်္ကျီအတွင်းသားများကို မြင်နေရလေသည်။
ကောင်လေးသည် တက္ကသိုလ်သို့ စားစရာလာပို့သည့် လူများထက်ပင် ဟောင်းနွမ်းစုတ်ပြတ်နေသည်။ သူကိုယ်တိုင်လည်း အဆင်မပြေဘဲ တစ်နေရာရာတွင် ပြေးပုန်းချင်နေသည့်ပုံပင် ပေါ်နေသော်လည်း ဘေးနားရှိ လူများကို သေချာလိုက်ကြည့်နေသည်မှာ တစ်ယောက်ယောက်ကို ရှာနေသည့်အတိုင်းပင်။
မည်သို့ပင်ဆိုစေကာမူ တစ်ယောက်ယောက်ကများ သူ့ကို လှမ်းကြည့်လိုက်သည်နှင့် ကြောက်ရွံ့နေသော ဟမ်းစတားငယ်လေးကဲ့သို့ နောက်သို့ တွန့်ဆုတ်သွားသည်။
ဒီကောင်လေးက တအားချစ်ဖို့ကောင်းတယ်!
ဘယ်လိုလုပ်ပြီး ဒီကမ္ဘာမှာ ဒီလိုမျိုးချစ်ဖို့ကောင်းတယ့်သူ ရှိနေနိုင်ရတာလဲ!
ယန်ကျင်းဇီ အရင်က သူ ဘာလို့ကူးပြောင်းလာရလဲ သေချာမသိပေမယ့် အခုတော့ ဘာလုပ်ဖို့ ကူးပြောင်းလာရမှန်း သူ ချက်ချင်း နားလည်သွားခဲ့ပြီ!
သူ့ဇနီးလေးကို ရှာဖို့ သူ ဒီမှာ ရောက်နေတာပဲ!
ယန်ကျင်းဇီ ကောင်လေးကိုတွေ့သည့်အချိန်မှာပဲ ကောင်လေးကလည်း ယန်ကျင်းဇီကို တွေ့သွားလေသည်။ အပြုံးငယ်လေးတစ်ခုသည် ကောင်လေး၏ မျက်နှာပေါ်တွင်ပေါ်လာကာ မျက်ဝန်းတစ်စုံမှာလည်း တောက်ပသွားလေ၏။
" အစ်ကိုကြီး! "
ထိုကောင်လေး၏ အစ်ကိုကြီး ခေါ်သံကို ကြားလိုက်ရသည့်အခါ ယန်ကျင်းဇီ၏ နှလုံး တလှပ်လှပ်ခုန်လာသည်။ သူ့ရှေ့တွင် ကာဆီးထားသည့်မြူခိုးအကာ ပျက်စီးသွားပြီး တစ်လောကလုံး ကြည်လင်ပြတ်သားသွားကာ မှတ်ဉာဏ်အများအပြား သူ့ဦးနှောက်ထဲ ဝင်ရောက်လာသည်။
သူ ကမ္ဘာကူးပြောင်းလာသည့်ခန္ဓာပိုင်ရှင်မှာ ယန်ကျင်းဇီ ဟု ခေါ်သည့် နာမည်တူလူတစ်ယောက်ပင်ဖြစ်သည်။
မူလပိုင်ရှင်သည် ဆင်းရဲသေးငယ်လှသည့် တောင်ရွာတစ်ရွာတွင် မွေးဖွားခဲ့သည်။ သူ့အဖေသည် မသန်စွမ်းတစ်ယောက်ဖြစ်၍ သူ့အမေသည် စကားမပြောနိုင်ပေ။ သူ့တွင် ညီမငယ် နှစ်ယောက်နှင့် ညီတစ်ယောက် ရှိသေးသည်။ သူတို့မိသားစုသည် အခြေခံအကျဆုံးဖြစ်သည့် စားစရာနှင့် အဝတ်အစားကိစ္စများကိုပင် ဖြေရှင်းနိုင်ခြင်းမရှိ။
ဒါပေမယ့် မူလပိုင်ရှင်ကတော့ ဉာဏ်ရည်ထက်မြက်သော ကလေးတစ်ယောက်ဖြစ်ခဲ့သည်။ ကျောင်းတက်ရသည့်အချိန်တွင် ကျောင်းစာများကို လျင်လျင်မြန်မြန် သင်ယူနိုင်ခဲ့သည်။ သူ့တွင် စာကျက်သည့်အလုပ်ကလွဲ၍ ဘာမှလုပ်စရာလည်း မရှိချေ။ ထို့ကြောင့် သူသည် စီရင်စု၏အကောင်းဆုံး အထက်တန်းကျောင်းသို့ တက်ရောက်ခွင့်ရသည့် ရွာ၏ တစ်ဦးတည်းသော အလယ်တန်းကျောင်းသားဖြစ်လာခဲ့သည်။
ထို့နောက် မူလပိုင်ရှင်သည် သူ အလွန်ဆင်းရဲကြောင်းကိုလည်း သိရှိသွားခဲ့သည်။
သူ့မိဘများသည် သူ့ကျူရှင်ခအတွက်ပင် ငွေချေးယူနေရသည်မို့ သူ့နေထိုင်စားစရိတ်အတွက် မတတ်နိုင်တော့ချေ။ အခြားကျောင်းသားများကဲ့သို့ အဝတ်အစားအသစ် မဝတ်ဆင်နိုင်သည့်အပြင် လုံလောက်စွာစားသောက်နိုင်ဖို့ကလည်း ခက်ခဲ၏။
အခြားသောကျောင်းသားများနှင့်ယှဉ်ရလျှင် သူသည် ရေမြောင်းထဲက ညစ်ပတ်ပေရေပြီး အနံ့ဆိုးများထွက်နေသည့် ကြွက်တစ်ကောင်ပင်...။
ကိစ္စများအားလုံးသည် မူလပိုင်ရှင်အား အလွန်အဆင်မပြေဖြစ်စေသည်။ ဤအချိန်တွင် မူလပိုင်ရှင်သည် ကျန်းဖင်းရှိူ့နှင့် တွေ့ဆုံခဲ့သည်။ ကျန်းဖင်းရှိူ့သည် တစ်ရွာတည်းသားချင်းဖြစ်၍ သုံးနှစ်ပိုငယ်လေသည်။
ကျန်းဖင်းရှိူ့၏မိဘများသည် ကွယ်လွန်သွားကြပြီဖြစ်ကာ ကျန်းဖင်းရှိူ့သည် အဖွားနှင့်အတူ နေသည်။ ကလေးဘဝကတည်းက စားစရာနှင့်အဝတ်အစား ချို့တဲ့ခဲ့သဖြင့် ကျောင်းကိုလည်းမတက်နိုင်ခဲ့ပေ။ ပိုက်ဆံရှာရန် စတင်တွေးတောသည့်အချိန်၌ ကျန်းဖင်းရှိူ့ အသက် ၁၃ နှစ်သာ ရှိသေးသည်။
အထက်တန်းကျောင်းဖွင့်ပြီးသည့် နိုဝင်ဘာလ အားလပ်ရက်တစ်ရက်တွင် ကျောင်းတွင် အနိုင်ကျင့်ထိုးနှက်ခံလိုက်ရသည့် မူလပိုင်ရှင်သည် ရွာသို့ပြန်ရောက်လာခဲ့သည်။ ထိုအခါ ကျန်းဖင်းရှိူ့သည် မဝံ့မရဲဖြင့် ရောက်လာကာ လွယ်အိတ်သစ် တစ်လုံးကို အထက်တန်းကျောင်းသို့တက်ရောက်ခွင့်ရသည့်အတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် မူလပိုင်ရှင်အား ပေးလာ၏။
မူလပိုင်ရှင်၏စိတ်နှလုံး လှုပ်ရှားသွားရကာ ကျန်းဖင်းရှိူ့နှင့် အဆက်အသွယ်ရှိလာတော့သည်။ အခါအားလျော်စွာ ကျောင်းကိစ္စများအကြောင်းပြောပြဖြစ်သည့်အခါတိုင်း ဆင်းရဲပြီး ကောင်းမွန်စွာမစားသောက်နိုင်သောကြောင့် ကျောင်းတွင် အခြားသူများ၏ ခွဲခြားဆက်ဆံမှုကို ကြုံတွေ့ရသည် ဟု မူလပိုင်ရှင်သည် ကျန်းဖင်းရှိူ့အား ပြောပြလေ့ရှိသည်။
ကျန်းဖင်းရှိူ့သည် မူလပိုင်ရှင်အတွက် နားမလည်နိုင်လောက်သော ချစ်ခြင်းမေတ္တာထားရှိ၏။ မူလပိုင်ရှင်ပြောသမျှကို နားထောင်ပြီးသည့်အခါတွင်တော့ သူသည် မူလပိုင်ရှင်ကို ပိုက်ဆံပေးရုံမျှမက မူလပိုင်ရှင်အတွက် ပစ္စည်းများလည်း ဝယ်လာပေးသည်။ မူလပိုင်ရှင် ဟန်ဆောင်ပန်ဆောင် ငြင်းဆန်သောအခါ ကျန်းဖင်းရှိူ့သည် မျက်နှာနီနီကလေးနှင့်မူလပိုင်ရှင် အလုပ်ရပြီးမှ ပိုက်ဆံကိုပြန်ပေးလည်း ရပါသည် ဟု ပြောလာသည်။
ထိုအချိန်၌ ကျန်းဖင်းရှိူ့ အသက် ၁၃ နှစ် သာ ရှိသေး၍ အလုပ်အတည်တကျပင် မရသေးသော်လည်း ရွာမှာရှိသော အချောင်ခိုပျင်းရိနေသည့်သူများကဲ့သို့ မဟုတ်ဘဲ ငယ်ငယ်ရွယ်ရွယ်နှင့် လုံ့လဝီရိယအပြည့်ရှိပြီးသူဖြစ်သည်။ သူသည် ၇ နှစ်၊ ၈ နှစ် ကလေးအရွယ်လေးနှင့် မှိုများ၊ပျားရည်စုပ်ပန်းများကို ခူးယူကာ ပိုက်ဆံရှာတတ်နေပြီဖြစ်သည်။
မြို့တွင်ခဏနေခဲ့ရပြီးနောက်တွင်လည်း ကပ်ခွာကတ်များ စသည့် လက်မှုပစ္စည်းအသေးစားများ ပြုလုပ်ခြင်းဖြင့် ပိုက်ဆံရှာတတ်လာ၏။
ကပ်ခွာကတ်တစ်ကတ်အတွက် ပိုက်ဆံ ၁၀ ပြား ဖြစ်သည်။ သူ မနက်မိုးလင်းမှ ညမိုးချုပ်အထိ မရပ်မနား ကပ်ခွာကတ်များပြုလုပ်ကာ အများအားဖြင့် ရောင်းချလို့ရသည့်ငွေများအားလုံးကို မူလပိုင်ရှင်အား ပေးသည်။
ထို့ကြောင့် မူလပိုင်ရှင်သည် သူ့ထက်သုံးနှစ်ငယ်သော ကလေးတစ်ယောက်အပေါ် မှီခိုရင်း အခြားကျောင်းသားများထက် နိမ့်ကျခြင်းမရှိတော့သည့် ဘဝအား နေထိုင်နေသည်။ နောက်ပိုင်း သင်ထောက်ကူပစ္စည်းများ ဝယ်ယူပြီး စာပိုကြိုးစားခဲ့၍ စီရင်စုဒေသအတွင်း ပထမ ရရှိခဲ့သည်။ သူ၏ အမှတ်ကောင်းများကြောင့် ကောင်းမွန်သည့်တက္ကသိုလ်သို့လည်း တက်ရောက်နိုင်ခဲ့၏။
ထိုအချိန်တွင် ကျန်းဖင်းရှိူ့သည် သူ့အတွက် ပုံမှန်မဟုတ်သည့်ခံစားချက်များ ရှိနေကြောင်းကို မူလပိုင်ရှင် သိရှိသွားခဲ့သည်... ကျန်းဖင်းရှိူ့သည် သူ့ကို သဘောကျနေခဲ့သည်!
မူလပိုင်ရှင်သည် အလယ်တန်းကျောင်းပင် မပြီးသေးသော တစ်စုံတစ်ယောက်က သူ့ကိုကြိုက်သည့်ကိစ္စအား စက်ဆုပ်ရွံရှာသော်လည်း ပိုက်ဆံလိုနေသေးလေသည်။
သူ ကောလိပ်သို့ တက်ရောက်နိုင်ခဲ့ပြီး စီရင်စုဒေသနှင့် ကျောင်းမှ ဆုကြေးငွေ ချီးမြှင့်ခဲ့သော်လည်း ပိုက်ဆံမှာ မများချေ။ သူသည် ကွန်ပျူတာဌာနသို့ ဝင်ခွင့်လျှောက်ထား၍ ကျောင်းကို ကျောင်းသားများက ကွန်ပျူတာ ယူသွားရမည်ဖြစ်သည်။
သူက ကွန်ပျူတာတစ်လုံးကို လုံးဝမဝယ်နိုင်ပါ။ ကောလိပ်တွင် နေထိုင်စားသောက်စရိတ်အတွက်လည်း မပေးနိုင်ပါချေ။
မူလပိုင်ရှင်သည် ကျန်းဖင်းရှိူ့ကို ထပ်မံတွေးမိသော်လည်း ကောလိပ်အတွက် နေထိုင်စားသောက်စရိတ်များမှာ ကျန်းဖင်းရှိူ့၏ လက်မှုပစ္စည်းအသေးစားလေးများဖြင့် တတ်နိုင်သည့်အရာမဟုတ်။ ထို့ပြင် ကျန်းဖင်းရှိူ့ကို ပြုစုစောင့်ရှောက်ခဲ့သော အဖွားမှာ အသက်ကြီးလာပြီဖြစ်၍ အပြင်တွင်အလုပ်ထွက်မလုပ်ချင်တော့ပြီဖြစ်၏။
သို့သော် မူလပိုင်ရှင်သည် အကြင်နာမဲ့သောလူဖြစ်သည်။ ကျန်းဖင်းရှိူ့အား သဘောကျကြောင်း ရိုးရှင်းစွာဝန်ခံလိုက်ပြီး သူနှင့်အတူ မြို့ကြီးတွင်လိုက်နေရန် မေးမြန်းလိုက်သည်။
ကျန်းဖင်းရှိူ့သည် ဝန်ခံချက်ကြောင့် အလွန်အမင်းပျော်ရွှင်သွားလေသည်။ မူလပိုင်ရှင်သည် လေးနက်မှုမရှိစွာ အပျော့ဆွဲ ချော့မော့ပြီးနောက် မူလပိုင်ရှင် ကောလိပ်တက်ရမည့်မြို့သို့ အတူလိုက်ပါရန် ကျန်းဖင်းရှိူ့ သဘောတူလိုက်တော့သည်။ ဘာလုပ်ဖို့လဲ ဆိုတာကတော့ သေချာပေါက် မူလပိုင်ရှင်အား အလုပ်လုပ်ပြီး ကျွေးမွေးဖို့ပင်!
ဒီအချိန်တွင် ကျန်းဖင်းရှိူ့သည် အသက် ၁၆ နှစ် ဖြစ်ကာ မှတ်ပုံတင်ကတ်ပြားတစ်ခုနှင့် အလယ်တန်းကျောင်းအောင်လက်မှတ်တစ်ခုတို့ကို ရခဲ့ရှိပြီးဖြစ်သည်။ ထို့ကြောင့် သူသည် အသက်မပြည့်သေးသော အလုပ်သမားမဟုတ်တော့ပေ။ မူလပိုင်ရှင်နှင့်အတူ မြို့ကြီးသို့ရောက်လာသည့်အခါတွင်တော့ ကားရေဆေးဆိုင်တွင် ကားရေဆေးသည့်လူများကို ကူညီပေးရလေသည်။
သူ တစ်လအတွက် ငွေသုံးထောင်ရသော်လည်း တစ်ထောင်ကိုသာယူထားပြီး မူလပိုင်ရှင်ကိုတော့ နှစ်ထောင်ပေးသည်။
မူလပိုင်ရှင်ကတော့ ပါးစပ်ဖျားတွင်သာ ကျေးဇူးတင်နေခဲ့ပြီး စိတ်ထဲတွင်တော့ ရွံရှာလွန်း၍ ကျန်းဖင်းရှိူ့အား တွေ့တောင် မတွေ့ချင်တော့ပေ။
ထို့အပြင် ကျန်းဖင်းရှိူ့၏ သူဌေးသည် အပြင်ထွက်စားသောက်ပြီးပြန်လာရာမှ ကိုက်ရာအချို့ရှိသည့် စားပြီးသား ဘဲကင်အား ထုတ်ပိုးပြီး ကျန်းဖင်းရှိူ့အတွက် တစ်ခါယူလာဖူးသည်။ ထိုဘဲကင်အား တန်ဖိုးထားသောကျန်းဖင်းရှိူ့သည် မူလပိုင်ရှင်အတွက် တကူးတက ကျောင်းသို့ယူသွားပေးခဲ့သော်လည်း မူလပိုင်ရှင်ကမူ ကျန်းဖင်းရှိူ့သည် သူ့မျက်နှာပျက်စေသည်ဟုသာ ထင်၏။ ထို့ကြောင့် ကျန်းဖင်းရှိူ့အား ကျောင်းတွင်တွေ့သည့်အခါ မသိချင်ယောင်ဆောင်နေသည့်အပြင် ကျောင်းကိုလိုက်လာသည့်အတွက် ဆူပူကြိမ်းမောင်းသည်။ ထို့ပြင် ကျန်းဖင်းရှိူ့အား ကျောင်းသို့ နောက်တစ်ခေါက်ထပ်လာရန် ခွင့်မပြုတော့ကြောင်းနှင့် ကျန်းဖင်းရှိူ့ဘက်မှ သူ့ကိုဆက်သွယ်ခွင့်ပါ ပိတ်ပင်လိုက်တော့သည်။
ကျန်းဖင်းရှိူ့ ဆက်တိုက်တောင်းပန်နေခဲ့သော်လည်း အသုံးမဝင်...။
မူလပိုင်ရှင်မှ အပြစ်တင်ခံရ၊ဆုံးမခံရပြီးနောက် ကျန်းဖင်းရှိူ့သည် အချိန်အတော်ကြာသည့်အထိ မူလပိုင်ရှင်အား နှောင့်ယှက်ခြင်းမရှိတော့။ သို့သော် ကုန်ကျစရိတ်အတွက်ငွေပို့ပြီးသည့် ရက်ပေါင်း ၂၀ ထက်မနည်းကြာပြီးသည့်အခါတွင် မူလပိုင်ရှင်အား ဖုန်းဆက်ခဲ့သည်။
မူလပိုင်ရှင်က ဖုန်းမကိုင်ခဲ့ဘဲ ကျန်းဖင်းရှိူ့အား ထပ်မံဆက်သွယ်ခြင်းလည်းမရှိပေ။ အချိန်တစ်လကြာပြီးနောက် မူလပိုင်ရှင်၏ နေထိုင်စားသောက်စရိတ်အတွက် ကျန်းဖင်းရှိူ့ထံမှ ပိုက်ဆံရမည့်နေ့တွင် မူလပိုင်ရှင် မည်သည့်ပိုက်ဆံမှမရခဲ့ချေ။
မူလပိုင်ရှင်သည် အရမ်းစိတ်ဆိုးသွားကာ ကျန်းဖင်းရှိူ့အား သူအလုပ်လုပ်နေသောနေရာအထိ သွားရှာလေသည်။
ထိုအချိန် ကျန်းဖင်းရှိူ့သည် အလွန်ပင်ပန်းနေသည့်ပုံဖြင့် သူ့အဖွား နေမကောင်း၍ ဆေးကုသရန် ပိုက်ဆံလိုနေကြောင်း သနားစရာကောင်းစွာပြောလာသည်။ နှစ်လကြာလျှင် မူလပိုင်ရှင်အား ပိုက်ဆံပေးမည်ဟု ပြောသော်လည်း မူလပိုင်ရှင်က မယုံချေ။ ကျန်းဖင်းရှိူ့သည် ပိုက်ဆံဖြင့် သူ့အား ခြိမ်းခြောက်ပြီးဖိအားပေးနေသည် ဟု မူလပိုင်ရှင် ထင်ခဲ့သည်။
ပိုက်ဆံမရှိဘဲ နေထိုင်လို့မရပေ။ ထို့ကြောင့် စိတ်မပါဝင်စားသော်လည်း ကျန်းဖင်းရှိူ့နှင့်အတူအိပ်ကာ အပြောချိုချိုလေးများဖြင့် သူ့ကိုပိုက်ဆံဆက်ပေးဖို့ ကျန်းဖင်းရှိူ့အား ချော့မော့ပြောဆိုသည်။
ကျန်းဖင်းရှိူ့သည်လည်း တုံးအလှသော ငတုံးလေးတစ်ယောက်ပင်။ အိပ်စက်ခြင်းကိစ္စကြောင့် နေမကောင်းဖြစ်သည်မှာ မတ်တပ်ပင်မရပ်နိုင်။ သို့သော် ကျန်းဖင်းရှိူ့သည် အလုပ်နှစ်ခုပြောင်းလုပ်ပြီး မူလပိုင်ရှင်အား ပိုက်ဆံထောက်ပံ့နေခဲ့သည်။ နောက်ပိုင်း မူလပိုင်ရှင်ထံမှ အမျိုးမျိုးသော နည်းလမ်းများဖြင့် ငွေညှစ်ခံရပြီး မူလပိုင်ရှင်အား ပိုများသည်ထက် ပိုပိုများလာသော ပိုက်ဆံကို ပေးနေခဲ့သည်။ လစဉ်လတိုင်း သူ မူလပိုင်ရှင်ကို အနည်းဆုံး ငွေသုံးထောင်ပေးကာ အပိုဆောင်း လက်ဆောင်ပစ္စည်းများ ပေးတတ်သေးသည်။
မူလပိုင်ရှင်ကတော့ ကျန်းဖင်းရှိူ့၏ငွေကိုယူပြီး ကျောင်းတွင် လှပချမ်းသာသည့် အတန်းဖော် မိန်းမပျိုတစ်ယောက်အား ပိုးပန်းနေခဲ့သည်။
မူလပိုင်ရှင်သည် ရုပ် အလွန်ချောကာ စာတော်သည်မို့ ပိုးပန်းခြင်းသည် အောင်မြင်သွားခဲ့၏။
ထိုအချိန်တွင် မူလပိုင်ရှင်သည် အလုပ်သင်ဆင်းနေပြီဖြစ်သည့် စီနီယာကျောင်းသားဖြစ်ပြီးသားအပြင် သူ့ကိုထောက်ပံ့နိုင်မည့် ချမ်းသာသောရည်းစားကောင်မလေးလည်း ရှိနေခဲ့ပြီဖြစ်သည်။ သူ့အတွက် အသုံးမဝင်တော့သော ကျန်းဖင်းရှိူ့အား တွန့်ဆုတ်ခြင်းမရှိ ထားခဲ့တော့သည်။
ဒီအချိန်တွင် ကျန်းဖင်းရှိူ့၏အဖွားကလည်း နေမကောင်းဖြစ်နေကာ နှစ်ပေါင်းများစွာ မူလပိုင်ရှင်အားထောက်ပံ့ခဲ့ရသဖြင့် ကျန်းဖင်းရှိူ့တွင် စုဆောင်းထားသောပိုက်ဆံဟူ၍ လုံးဝမရှိချေ။ ထို့ကြောင့် အလုပ်လုပ်နေပြီဖြစ်သော မူလပိုင်ရှင်ထံမှ ပိုက်ဆံအချို့ချေးယူချင်ခဲ့သည်။ မူလပိုင်ရှင်သည် ပိုက်ဆံချေးဖို့ငြင်းရုံမျှမက ကျန်းဖင်းရှိူ့သည် သူ့အား မရပ်မနား လိုက်နှောင့်ယှက်နေသော ရွံစရာ လိင်တူကြိုက်သည့်ကောင်ဟု သူ့ကောင်မလေးအား ပြောလိုက်သည်။
မူလပိုင်ရှင်၏ ကောင်မလေးသည် ဒေါသအလိပ်လိုက်ထွက်ကာ လူငှားပြီး ကျန်းဖင်းရှို့အား ရိုက်နှက်၍ ခြေထောက်ချိုးခိုင်းလိုက်သည်။
ကျန်းဖင်းရှိူ့၏ အဖွားမှာ ဆေးမကုသနိုင်ဘဲ နောက်ဆုံး ကွယ်လွန်သွားလေသည်။
အသက် ၁၃၊၁၄ နှစ် အရွယ်ကတည်းက အလုပ်စလုပ်ခဲ့ရသော ကျန်းဖင်းရှိူ့သည် ကျန်းမာရေး အလွန့်အလွန် ညံ့ဖျင်းချူချာလှသည်။ ခြေထောက်ကျိုးသွားပြီး အလုပ်မလုပ်နိုင်၊ ပိုက်ဆံမရှာနိုင်သည့်နောက်တွင်တော့ သူလည်း ဆောင်းရာသီ ညချမ်းအချိန်တစ်ချိန်တွင် သေဆုံးသွားခဲ့သည်။
ကျန်းဖင်းရှိူ့သည် အသက် ၂၀ အရွယ်၌ သေဆုံးခဲ့ကာ အအေးဒဏ်ကြောင့်လား၊ အဖျားရောဂါကြောင့်လား၊ ဆာလောင်မှုကြောင့်လား၊ မည်သည့်အကြောင်းကြောင့်သေဆုံးသွားခဲ့ရမှန်း မည်သူမှမသိနိုင်...။
မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို သိရှိပြီးနောက် ယန်ကျင်းဇီ သူ့ကိုယ်သူ ပါးချပစ်လိုက်ချင်သည်။
ဒီခန္ဓာရဲ့မူလပိုင်ရှင်က အရမ်းရွံရှာစက်ဆုပ်ဖို့ကောင်းတယ်!
ဒါမျိူးက သာမန်လူတွေ လုပ်နိုင်တယ့်ဟာမှ မဟုတ်တာ!
ကံကောင်းထောက်မစွာပင် သူရောက်ရှိလာသည့်အချိန်မှာ အရမ်းနောက်မကျသေးပေ။
မူလပိုင်ရှင်က ပထမနှစ်ကျောင်းသားပဲ ရှိသေးသည်။ ကျန်းဖင်းရှိူ့က ငွေချူစားခံနေရပေမယ့်လည်း သူ့မိသားစု အသက်ရှင်နေသေးသည်။
ယန်ကျင်းဇီ စဉ်းစားနေရင်းဖြင့် သူ့ကို အစ်ကိုကြီး ဟု ခေါ်လိုက်သည့် ဟောင်းနွမ်းစုတ်ပြတ်နေသောအင်္ကျီအတွင်းသားများကိုဖုံးကွယ်ရန်အလို့ငှာ အင်္ကျီအနားစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် ကောင်လေးအား ကြည့်လိုက်မိသည်။
ထိုကောင်လေးသည် ကျန်းဖင်းရှိူ့ဖြစ်ကာ လက်ရှိအချိန်သည် ပထမနှစ်၏ ပထမနှစ်ဝက် ဖြစ်သည်။
ဒီနေ့မနက်မှာ ကားရေဆေးဆိုင်၏ သူဌေးသည် ကျန်းဖင်းရှိူ့ကို မနေ့ည ညစာစားပွဲက ထုပ်လာသည့် ဘဲကင်အကျန်ကို ပေးခဲ့သည်။ အရသာရှိ၊ကောင်းမွန်သည့်အရာ ဟု ထင်သော ကျန်းဖင်းရှိူ့သည် မူလပိုင်ရှင်အား ဘဲကင်ကိုပေးချင်ခဲ့သည်။
ရလဒ်ကတော့ မူလပိုင်ရှင်သည် ကျန်းဖင်းရှိူ့အား မသိချင်ယောင်ဆောင်ခဲ့သည့်အပြင် သူ့ကိုအရှက်ရစေခဲ့သောကြောင့် ကျန်းဖင်းရှိူ့အား အပြစ်တင်ခဲ့လေသည်။
ဆန်ကုန်မြေလေးကောင်၏ခန္ဓာထဲ ရောက်နေရသဖြင့် ယန်ကျင်းဇီ အံကြိတ်မိလိုက်တော့သည်။
ဒီလိုဆန်ကုန်မြေလေးကောင်ကို ကြိုက်သည့် ကျန်းဖင်းရှိူ့ကလည်း အရမ်း တုံးအလွန်းလှသည် မဟုတ်လား?
ယန်ကျင်းဇီ မှတ်ဉာဏ်များရရှိနေတုန်း ကျန်းဖင်းရှိူ့သည် သူ့စီရောက်လာခဲ့ပြီးဖြစ်၏။
ဒီဇင်ဘာလဖြစ်၍ ရာသီဥတုမှာ အေးလွန်းသည်။ ကောင်လေး၏ နှုတ်ခမ်းမှာ အနည်းငယ် အက်ကွဲနေကာ မျက်နှာသည်လည်း အအေးကြောင့် နီနေသည်။ လက်ထဲတွင် ပလတ်စတစ်အိတ်ကလေးတစ်လုံးကို ကိုင်ရင်း ယန်ကျင်းဇီအား မျှော်လင့်တကြီး ကြည့်လာခဲ့သည်။
" အစ်ကိုကြီး၊ အစ်ကိုကျင်းဇီ..ကျွန်တော်... "
ကျန်းဖင်းရှိူ့ ပြောရင်း ခေါင်းငုံ့သွားကာ လက်ထဲမှပလတ်စတစ်အိတ်ကို လက်မဖြင့် စိုးရိမ်တကြီးဖိချေနေမိတော့သည်။
နှင်းကိုက်ရာများ ရှိနေသော ကျန်းဖင်းရှိူ့၏လက်များနှင့် လက်သည်းခွံများ၏အနားတစ်ဝိုက်တွင်လည်း ပြတ်ရာ၊ရှရာ ဒဏ်ရာများ ကို ယန်ကျင်းဇီ တစ်ချက်ကြည့်ရုံမျှဖြင့် သိသွားသည်။
ရာသီဥတုဒဏ်ကို ခံထားရသော လက်တစ်စုံပင်...။
ယန်ကျင်းဇီ သူ့နှလုံးကို ပြင်းပြင်းထန်ထန် ဆွဲညှစ်ခံလိုက်ရသလို ခံစားရပြီး နာကျင်ရလွန်းသဖြင့် သူ့ရှေ့ကလူကို လက်မောင်းထဲပွေ့ဖက်ထားချင်မိလိုက်ပေသည်။
" ယန်ကျင်းဇီ၊ သူကဘယ်သူလဲ? " ယန်ကျင်းဇီနှင့် အတန်းထဲမှ ထွက်လာသော ဝက်ခြံများရှိသည့်မျက်နှာနှင့် ကောင်လေးက မေးခဲ့သည်။
ဒီလူငယ်လေးက အဆောင်မှ ယန်ကျင်းဇီ၏အခန်းဖော် ဖြစ်ပြီး သူ့နာမည်က ဟောင်လျန်ဖြစ်သည်။ မူလပိုင်ရှင်၏ မှတ်ဉာဏ်များကြောင့် ယန်ကျင်းဇီ သိရှိပြီးသားဖြစ်သည်။ ထို့နောက် သူ မိတ်ဆက်ပေးလိုက်သည်။
" သူက ငါ့သူငယ်ချင်း ကျန်းဖင်းရှိူ့။ ဖင်းရှိူ့ သူက ကိုယ့်အခန်းဖော် သူငယ်ချင်း ဟောင်လျန်။ "
ကျန်းဖင်းရှိူ့သည် ကြောက်နေသော်လည်း ဟောင်လျန်ကို နှုတ်ဆက်လိုက်သည်..
" ကျွန်..ဟယ်လို " ။ နှုတ်ဆက်ပြီးသည့်အခါ ယန်ကျင်းဇီးအား လှမ်းကြည့်လိုက်ပြန်သည်။
ယန်ကျင်းဇီ၏ နှလုံးသား နူးညံ့ပျော့ပျောင်းသွားတော့သည်။
ညိုနက်နက် ဆယ်ကျော်သက်လေးသည် ပျော်ရွှင်နေသည်ကို ထင်ရှားမနေစေရန် နှုတ်ခမ်းအသာကိုက်ထားသော်လည်း ဖုံးကွယ်မရနိုင်သဖြင့် ရှက်ရွံ့နေလေသည်။ သူ့အကြည့်များအရ သူသည် သူ့ ( ယန်ကျင်းဇီ ) တစ်ယောက်တည်းကိုသာ သူ့မျက်လုံးထဲမြင်သည့်ပုံပင်။
ဒါက သေချာပေါက်ကို ငါရှာနေတယ့်ဇနီးလေးပဲ!
ငါ့ဇနီးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ!!!
ယန်ကျင်းဇီသည် ကျန်းဖင်းရှိူ့၏လက်ကိုဆွဲယူကာ ပြောလိုက်သည်...
" ဖင်းရှိူ့ ဒီကိုဘာလို့လာတာလဲ? "
ကျန်းဖင်းရှိူ့၏လက်များသည် အေးစက်နေကာ သူ့ကိုယ်ပေါ်ရှိ အဝတ်များက နွေးနွေးထွေးထွေးမရှိဘဲ အအေးကို လုံးဝမကာကွယ်နိုင်ချေ...မူလပိုင်ရှင်သည် တကယ့် အလကားကောင်ဖြစ်သည်။ ကျန်းဖင်းရှိူ့၏ပိုက်ဆံဖြင့် အဝတ်အသစ်များဝယ်ဝတ်ပြီး သူမဝတ်တော့သည့်အင်္ကျီ ဟောင်းများကို ကျန်းဖင်းရှိူ့ကိုမပေးဘဲ လွှင့်ပစ်ခဲ့သည်။
" ကျွန်..ကျွန်တော်... ဘဲကင်ယူလာခဲ့တယ် "
ကျန်းဖင်းရှိူ့၏ အသံတုန်သွားပြီး ယန်ကျင်းဇီအား မော့မကြည့်ရဲတော့ပေ။
" ဒါဆို ကန်တင်းသွားကြရအောင်။ စားစရာနည်းနည်းထပ်ဝယ်ပြီး ကိုယ်တို့အတူတူစားကြမယ်။ "
ကျန်းဖင်းရှိူ့ ကြောင်အစွာဖြင့် ခေါင်းညိတ်လိုက်ပြီး ယန်ကျင်းဇီခေါ်သွားသည့်နောက်သို့ ပါသွားလေသည်။
တိမ််တွေကြားထဲ လမ်းလျှောက်နေရသည်ဟု ကျန်းဖင်းရှိူ့ ခံစားနေရသည်။
သူ ယန်ကျင်းဇီအား စိတ်အလိုလိုက်ကာ လာရှာမိခဲ့ပြီး ကျောင်းကိုရောက်ရောက်ချင်း နောင်တရခဲ့သည်။
သူ ကျောင်းလာသည်ကို ယန်ကျင်းဇီ ဘယ်တော့မှ သဘောမကျခဲ့ပေ။
ယန်ကျင်းဇီ ကောလိပ်တက်ကတည်းက သူတို့ ခဏခဏမတွေ့ဖြစ်ကြတော့သဖြင့် သူ ယန်ကျင်းဇီကို တွေ့ချင်နေခဲ့သည်။
ပြီးတော့..ဘဲကင်က တအားအရသာရှိသည်ဟု သူဌေးကပြောလိုက်သည်။ ဘဲကင်တစ်ကောင်ကို ယွမ် ၁၀၀ ကျသည် ဟု ဆို၍ သူ ယန်ကျင်းဇီအား စားချင်စေခဲ့သည်။
ဒါပေမယ့် တက္ကသိုလ်က တအားကျယ်ဝန်းလှသည်။ သူ ယန်ကျင်းဇီ၏အိပ်ခန်း ဘယ်မှာရှိလဲ မသိသလို ယန်ကျင်းဇီ တက်နေသည့် အတန်းများ ဘယ်မှာရှိလဲ ဆိုသည်ကိုလည်း မသိပါ။ သူ ကန်တင်းအနားတွင်သာ စောင့်နေနိုင်ခဲ့သည်။ ယန်ကျင်းဇီအား တကယ်တွေ့ရမည် ဟု သူ မမျှော်လင့်ထားပေ။
အစတုန်းက ယန်ကျင်းဇီ စကားမပြောသဖြင့် သူ ယန်ကျင်းဇီ ဒေါသထွက်နေသည် ဟု ထင်ကာ စိုးရိမ်သွားခဲ့လေသည်။ ဘယ်လိုပဲဖြစ်ဖြစ်... ယန်ကျင်းဇီက သူ့လက်ကို ကိုင်ထားခဲ့သည်။
လက်ကိုင်ခံထားရသော ကျန်းဖင်းရှိူ့သည် တုန်နေခဲ့ကာ သူ့နှလုံးခုန်သံကလည်း ပိုပိုမြန်လာသည်မှာ အချိန်မရွေး သူ မေ့လဲသွားနိုင်သည် ဟု ခံစားလာရသည့်အထိပင်။
____
* ပျားရည်စုပ်ပန်းက ထားဝယ်မှိုင်းပန်းပါ။ ပျားရည်စုပ်ပန်းလို့ရေးတာ ပိုအဆင်ပြေမယ်ထင်လို့ပါ။ ◍•ᴗ•◍