A တက္ကသိုလ်ကျောင်းဝင်း၌ ဆင်းရဲသားရပ်ကွက်ကဲ့သို့ ချောင်ကြိုချောင်ကြားနေရာမှ လာသည့်ပုံပေါ်သော ဆယ်ကျော်သက်တစ်ယောက် ရောက်ရှိနေသည်။
ဖြတ်သွားဖြတ်လာများသည် ယန်ကျင်းဇီ ခေါ်လာသည့် ကျန်းဖင်းရှိူ့ကိုရော၊ ကျန်းဖင်းရှိူ့ကို ဆွဲခေါ်နေသည့် ယန်ကျင်းဇီကိုရော စိတ်ဝင်တစား ကြည့်နေကြသည်။
ယန်ကျင်းဇီ၏ အခန်းဖော် ဟောင်လျန်သည် ကျန်းဖင်းရှိူ့အား သိချင်စိတ်ပြင်းစွာ ကြည့်ပြီး မေးလာသည်။
" ယန်ကျင်းဇီ မင်းမှာ သူငယ်ချင်းရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး။ "
" မင်း အခု ကြားဖူးသွားပြီလေ။ "
ယန်ကျင်းဇီ ပြောလိုက်သည်။
ဟောင်လျန် အသာရယ်လိုက်ကာ " သူကြည့်ရတာ အရမ်းပိန်တယ် " ။
" အေး "
ကျန်းဖင်းရှိူ့သည် တအား ပိန်ပိန်သေးသေးလေး ဖြစ်နေသည် ဟု ယန်ကျင်းဇီ တကယ်ထင်သည်။ ကလေးငယ်တစ်ယောက်စီမှ ငွေချူစားခဲ့သည့်ကိစ္စကို တွေးမိရုံနှင့် ယန်ကျင်းဇီ အသက်ရှူကြပ်ချင်သလိုဖြစ်လာ၏။ သူ ကိုင်ထားသော တုန်ရီနေသည့်လက်ဖဝါးမှာ အသားမာများတက်ကာ ကြမ်းထော်နေသည်။ ဤအရာများအားလုံးသည် သူ့အား ပို၍ စိတ်အချဉ်ပေါက်စေသည်။
ယန်ကျင်းဇီ ဟောင်လျန်အားကြည့်ရင်း ပြောလိုက်သည်။
" ဟောင်လျန် ငါ့သူငယ်ချင်းရောက်နေလို့ ဒီနေ့ မင်းနဲ့အတူတူ ထမင်းမစားတော့ဘူး။ "
" အိုကေ နောက်မှတွေ့ကြတာပေါ့ "
ဟောင်လျန် ပြုံးပြပြီး ကန်တင်းသို့အရင်ထွက်သွားသည်။
ဟောင်လျန်ထွက်သွားသည့်အခါ ယန်ကျင်းဇီ ကျန်းဖင်းရှိူ့အား ကြည့်ပြီးမေးလာသည်။
" ဖင်းရှိူ့ မင်း ဘာစားချင်လဲ? "
ကျန်းဖင်းရှိူ့ ဘဲကင်အိတ်အား ကျစ်ကျစ်ပါအောင်ကိုင်ထားပြီး နောက်ဆုံးမှာတော့ သတ္တိတို့ကို စုစည်းနိုင်လိုက်သည်။
" အစ်ကိုကျင်းဇီ ကျွန်..ကျွန်တော်က ဒီတိုင်း...အစ်ကိုကြီးကို... တစ်ခုခုပေးချင်လို့ပါ...ကျွန်..ကျွန်တော် ပြန်ချင်ပြီ။ "
သူ့လိုလူက အစ်ကိုကျင်းဇီနှင့် အတူဆက်လျှောက်နေမည်ဆိုလျှင် အစ်ကိုကျင်းဇီ သေချာပေါက် မျက်နှာပျက်ရပေလိမ့်မည်။
" မင်း ကိုယ့်စီလာတာ ရှားတယ်။ မပြန်ခင် တစ်ခုခုစားသွားဦး။ " ယန်ကျင်းဇီ နူးနူးညံ့ညံ့ ပြောလိုက်သည်။
ကျန်းဖင်းရှိူ့ ဒီအချိန်အထိ ဘာမှစားရသေးမှာမဟုတ်ဘူး။ ဒီလောက်အေးနေသည့်ရာသီဥတုတွင် ကျန်းဖင်းရှိူ့ မပြန်ခင် ပူတာလေး တစ်ခုခုကျွေးလိုက်ရမည် ဖြစ်၏။
" ကျွန်...ကျွန်တော််... "
ကျန်းဖင်းရှိူ့ စကားထစ်နေကာ ဘာမှမပြောနိုင်တော့ချေ။
သူမငြင်းနိုင်ခင် ယန်ကျင်းဇီကတော့ သူ့ကို ကျောင်းကန်တင်းသို့ အတင်းခေါ်သွားခဲ့သည်။
A တက္ကသိုလ်တွင် အမျိုးမျိုးသော ကန်တင်းများရှိပြီး ကန်တင်းများမှာ တစ်ခုနှင့်တစ်ခု နီးကပ်စွာ တည်ရှိကြသည်။ ကန်တင်းအားလုံးသည် ကြီးမားကျယ်ဝန်း၍ စားစရာမျိုးစုံကို ရောင်းချလေသည်။
မူလပိုင်ရှင်သည် အကြီးဆုံးကန်တင်းဖြစ်သည့် အမှတ် ၁ ကန်တင်းကို သွားလေ့ရှိပြီး အခု ယန်ကျင်းဇီကလည်း ကျန်းဖင်းရှိူ့အား အမှတ် ၁ ကန်တင်းသို့ ခေါ်လာခဲ့သည်။
အဖြူရောင်ကြွေပြားများဖြင့် ခင်းထား၍ နံရံများကို နှင်းရောင် အဖြူဖျော့ဖျော့ ဆေးသုတ်ထားကာ အလယ်တွင် နေရာအကျယ်ကြီးယူထားသော သစ်သားရောင် စားပွဲများနှင့် ကုလားထိုင်များ ရှိနေပြီး ကန်တင်းတစ်ခုလုံး သန့်ရှင်းတောက်ပြောင်နေလေသည်။
ကျန်းဖင်းရှိူ့ ခေါင်းငုံ့ကာ သူ့ဖိနပ်များကို ကြည့်လိုက်သည်။ သူ့ဖိနပ်များမှာ သူနေနေသည့် တိုက်ခန်းတွင် အရင်ကနေခဲ့သည့် အိမ်ငှား မိန်းကလေးသည် အိမ်ပြောင်းသည့်အချိန် လွှင့်ပစ်ခဲ့သော ဖိနပ်များဖြစ်သည်။ သူ ဖိနပ်တွေက အကောင်းတိုင်းရှိနေသည်ဟု ထင်၍ ဆေးကြောပြီး ယူဝတ်ခဲ့သည်။
ဤ အဖြူရောင်နှင့်ပန်းရောင်၊ အရောင်နှစ်ရောင်ပါသည့် ဖိနပ်များသည် သူ၏ အကောင်းဆုံးဖိနပ်များဖြစ်သည်။ ဇာများသည် ပန်းရောင်ဖြစ်ကာ အနည်းငယ်ညစ်ပတ်နေပြီဖြစ်သည်။
ဤကဲ့သို့ သန့်ရှင်းလွန်းနေသည့်နေရာကို နင်းလျှောက်ဖို့ သူ ရှက်ကိုးရှက်ကန်းဖြစ်နေမိသည်။
" ဒီမှာ ခဏထိုင်စောင့်နေ။ ကိုယ် စားစရာသွားယူလိုက်ဦးမယ်။ "
ကျန်းဖင်းရှိူ့အား စားပွဲတစ်ခုတွင်ထိုင်နေရန် ပြောပြီး ယန်ကျင်းဇီ သူ့ထမင်းစားကဒ်ယူကာ စားစရာဝယ်ဖို့ ထွက်သွားသည်။
ယန်ကျင်းဇီ ပန်းကန်ပြား အကြီးတစ်ချပ်ယူလိုက်ပြီး နှစ်ယောက်စာ ထမင်းနှင့် အရွက်ဟင်းနှစ်ခွက် တောင်းလိုက်သည်။
A တက္ကသိုလ်၏ စားစရာများမှာ ဈေးချိုလှသည်။ ကျန်းဖင်းရှိူ့အတွက် ဟင်းများပိုဝယ်ချင်သော်လည်း သူ သုံးနေသည့် ပိုက်ဆံများ အားလုံးသည် ကျန်းဖင်းရှိူ့ရှာထားသော ပိုက်ဆံများဖြစ်ကြောင်း သတိရသွားကာ ပိုက်ဆံသုံးဖို့ ရှက်သွား၏။ အဆုံးမှာတော့ ဟင်းတစ်ခွက်လျှင် ၁.၅ ယွမ်သာ ကျသင့်သည့် ဈေးအပေါဆုံး အရွက်ဟင်းနှစ်ခွက်သာ ဝယ်လိုက်တော့သည်။
စားစရာများကို ကျန်းဖင်းရှိူ့ရှေ့တွင် ချထားခဲ့ပြီး အလကားရသည့် ဟင်းချိုနှစ်ပန်းကန်နှင့် အလွတ်ပန်းကန်လုံးနှစ်လုံးတို့ကို ယန်ကျင်းဇီသွားထပ်ယူလိုက်သည်။
ယန်ကျင်းဇီသည် ဟင်းချိုယူပြီးပြန်လာရင်း ကျန်းဖင်းရှိူ့ သူ့အားကြည့်နေမှန်း မြင်လိုက်ကာ ကျန်းဖင်းရှိူ့လည်း ရှက်သွားပြီး ခေါင်းငုံ့သွားပြန်သည်။
ယန်ကျင်းဇီ သူ့ဘေးတွင်ထိုင်လိုက်ပြီး အပြုံးတစ်ခုနှင့် မေးလိုက်သည်။
" မင်း ကိုယ့်အတွက် ဘဲကင် ယူလာတယ်ဆို? "
ကျန်းဖင်းရှိူ့ ခေါင်းညိတ်ပြပြီးနောက် ခေါင်းကို ပို၍ငုံ့ထားမိလိုက်သည်။ ဘဲကင်ထည့်ထားသည့် ပလတ်စတစ်အိတ်မှာ သူ့ပေါင်ပေါ်တွင် တင်ထားခြင်းဖြစ်သည်။
ယခုလသည် ဒီဇင်ဘာလဖြစ်၍ ကျန်းဖင်းရှိူ့သည် ဂျူလိုင်လတွင် မြို့သို့ရောက်လာခဲ့ကာ ကားရေဆေးဆိုင်တွင် အလုပ်လုပ်နေခဲ့သည်မှာ ငါးလကျော်နေပြီဖြစ်၏။
ကားရေဆေးဆိုင်တွင် အလုပ်လုပ်ရသည်မှာ စရိတ်ငြိမ်းဖြစ်သည်။ ပြီးခဲ့သည့်ငါးလလုံး သန့်ရှင်းမှုမရှိသည့် ကားရေဆေးဆိုင်တွင်နေရပြီး သူဌေး၏ဇနီး ကြုံရာကျပန်း ချက်ကျွေးသည့် ထမင်းနှင့်ဟင်းကိုပဲ စားခဲ့ရသည်။
သူ သယ်လာသော ထုပ်ပိုးထားသည့်ဘဲကင်သည် သူ့အတွက်တော့ အတော်လေးကောင်းမွန်နေပြီဖြစ်သည်။
ဒါပေမယ့် သူ ကျောင်းကန်တင်းကိုရောက်လာသည့်အခါတွင်တော့ သူ ကောင်းသည့်အရာဟု ထင်ခဲ့သော ဘဲကင်ဟာ ကောင်းသည့်အရာမဖြစ်နိုင်မှန်း သိရှိသွားခဲ့သည်။
ဒီမှာရှိတယ့် ကျောင်းသားတွေ အကုန်လုံးက ကြက်ပေါင်ကင်များနှင့် ဝက်သားနှပ်တို့ထည့်ထားသည့် Stainless steel နှင့် လုပ်ထားသော ပန်းကန်ပြားများကို ကိုင်ထားကြသည်။ သူတို့ ကျန်းမာရေးညီညွတ်စွာ ကောင်းကောင်းမွန်မွန် စားနိုင်နေကြခြင်းဖြစ်သည်။
" ကိုယ်တို့ အတူတူစားကြမယ် "
ယန်ကျင်းဇီ ပလတ်စတစ်အိတ်ကို ယူပြီး ဖွင့်လိုက်သည်။ ဘဲကင်လိုစားစရာမျိုးသည် ပူပူနွေးနွေးစားမှ အရသာရှိသည့်စားစရာဖြစ်ကာ အခုချိန်တွင် ဘဲကင်သည် အေးသွားပြီဖြစ်၏။ ကျန်းဖင်းရှိူ့ ယူလာသည့် အနံ့သင်းသင်း ဆီရွှဲနေသော ဘဲကင်မှာ ယခုမူ တရားလွန် ဆီရွှဲသွားပြီဖြစ်သည်။
ဒါအပြင့် သူများစားထားသည့် ဘဲကင်ဖြစ်၍ ဘဲခြေထောက်တစ်ဖက်မှာလည်း မရှိတော့ချေ။ အစားဂျေးများသည့်လူဆို လုံးဝစားမည်မဟုတ်ပေ။
" ဘဲကင်က အေးသွားပြီ။ "
ကျန်းဖင်းရှိူ့ အနည်းငယ် ရှက်သွားမိသည်။
" အေးသွားလည်း ဘဲသားပါပဲကွာ။ "
ယန်ကျင်းဇီ ပြုံးလိုက်သည်။ သူ ပန်းကန်လုံးအလွတ်နှစ်လုံးထဲ ထမင်းထည့်လိုက်ပြီး ကျန်နေသည့်ဘဲကင်၏ ဘဲခြေထောက်တစ်ဖက်ကို ယူကာ ကျန်းဖင်းရှိူ့အား ပေးလိုက်၏။
" မြန်မြန်စားလိုက်။ "
ယန်ကျင်းဇီ ပြောပြီးတာနဲ့ ဘဲကင်တောင်ပံများကို ယူကာ စစားတော့သည်။
ယန်ကျင်းဇီ၏ သဘာဝဆန်ဆန် ဆောင်ရွက်မှုများကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေသည့် ကျန်းဖင်းရှိူ့ စိတ်သက်သာရာရသွားပြီး အရမ်းတောင့်တင်းမနေတော့ချေ။
သူ ယန်ကျင်းဇီအား ဂရုတစိုက် ဖျတ်ခနဲကြည့်လိုက်ပြီး ပန်းကန်လုံးအား ယန်ကျင်းဇီစီ တွန်းပို့လာသည်။
" အစ်ကို...ဘဲခြေထောက်စားလေ "
" ကိုယ်က ဘဲတောင်ပံပိုကြိုက်တယ် "
ယန်ကျင်းဇီ ပြုံးပြီးမှ ဆက်ပြောလိုက်သည်။
" မင်းမသိဘူးလား? ဘဲတောင်ပံက ဘဲခြေထောက်ထက် ဈေးပိုကြီးတယ်။ "
ကျန်းဖင်းရှိူ့ အနည်းငယ် ကြောင်အသွားသည်။
" မြန်မြန်စား။ မင်းမစားရင် အကုန်လုံး ပိုအေးသွားလိမ့်မယ်။ "
ယန်ကျင်းဇီ ပြောလိုက်လေသည်။ ကျန်းဖင်းရှိူ့ အလျင်အမြန် ခေါင်းငုံ့သွားပြီး စားတော့သည်။
စားနေစဉ်အတောအတွင်း ကျန်းဖင်းရှိူ့အတွက် ယန်ကျင်းဇီ အသီးအရွက်များကို ရွေးထည့်ပေးနေသည်။ ကျန်းဖင်းရှိူ့ကဲ့သို့ ကလေးများသည် အသားများများစားရမည့်အပြင် အသီးအရွက်တွေလည်း များများစားသင့်သည်။
ယန်ကျင်းဇီ ဝယ်ခဲ့သော အရွက်ဟင်းနှစ်ခွက်မှာ သခွားဖရုံသီးကြော်နှင့်၊ မုန်လာဥနီနှင့်ပန်းစိမ်းတို့ဖြစ်သည်။ အရွက်ဟင်းနှစ်ခုလုံး သာမန်ဟင်းသီးဟင်းရွက်များဖြစ်သော်လည်း ကျန်းဖင်းရှိူ့သည် သခွားဖရုံသီးကို ညွှန်ပြကာ မေးလာသည်။
" အစ်ကိုကြီး ဒါကဘာလဲ...? ကျွန်...ကျွန်တော် တစ်ခါမှမစားဖူးဘူး။ "
" အဲ့တာကို သခွားဖရုံသီးလို့ခေါ်တယ် " ယန်ကျင်းဇီ ဖြေလိုက်သည်။
ပန်းစိမ်းကိုညွှန်ပြပြီး ကျန်းဖင်းရှိူ့ ထပ်မေးပြန်သည်။
" ဒါ..ဒါကိုရော.. ဘယ်လိုခေါ်လဲ? ကျွန်တော်စားဖူးပေမယ့် ဘာမှန်းမသိဘူး။ "
" အဲ့တာက ပန်းစိမ်း။ " ယန်ကျင်းဇီ ထပ်ဖြေလိုက်သည်။
ကျန်းဖင်းရှိူ့ အပြုံးသေးသေးလေးတစ်ခုပြုံးပြပြန်သည်။
" ပန်းစိမ်းက အရသာရှိတယ်။ "
တကယ်တော့ ကောင်လေး၏ သွင်ပြင်လက္ခဏာများမှာ ကြည့်လို့အရမ်းကောင်းသည်။ သို့သော် အဝါရောင်သမ်းနေသောဆံပင်၊ အမည်းရောင်အသားအရေ၊ အနီစက်များဖြင့် ပြည့်နေသောမျက်နှာ နှင့် ဟောင်းနွမ်းနေသော အဝတ်အစား...လုံးဝ ကြည့်မကောင်းတော့ချေ။
ဘယ်လိုပဲဖြစ်ဖြစ် ယန်ကျင်းဇီသည် သူက အရမ်းကြည့်ကောင်းတယ်လို့ ထင်သည်။
တွေးနေရင်း သူ့ကိုယ်သူ ပါးရိုက်ချင်စိတ် ပေါ်လာပြန်သည်... ထားပါတော့ မူလပိုင်ရှင် ဘယ်ရောက်သွားလဲ သူ မသိတယ့်အပြင် သူက အခု ဒီခန္ဓာကိုသုံးနေရတာဆိုတော့ သူ့ကိုယ်သူ မရိုက်ဘဲနေတာက ပိုကောင်းလိမ့်မည်။
A တက္ကသိုလ်၏ အစားအစာဝေစုမှာ အများကြီးဖြစ်ကာ ပုံမှန်ဆိုလျှင် ကျောင်းသားများသည် အစားအစာဝေစု တစ်စုကို စားကြ၍ ကျောင်းသူများသည် ဝေစုတစ်ဝက်ကိုသာ စားကြသည်။
သို့သော် ကျန်းဖင်းရှိူ့သည် နှစ်လုတ်၊သုံးလုတ်လောက်ဖြင့် ထမင်းစားလို့ကုန်သွားသည်။ သူ ဘာမှမပြောသော်လည်း သူ စားရတာမဝမှန်း ယန်ကျင်းဇီ ခံစားမိသည်။
ကံကောင်းထောက်မစွာ ဘဲကင်တစ်ခုလုံး အသားအများကြီး ရှိနေခြင်း။
" အသားများများ ထပ်စား။ "
ယန်ကျင်းဇီ ဘဲကင်အသားများကို ကျန်းဖင်းရှိူ့၏ပန်းကန်ထဲထည့်ကာ ခဏလောက်စဉ်းစားလိုက်ပြီးမှ ယန်ကျင်းဇီ ပြောလိုက်သည်။
" ကိုယ် မင်းအတွက် ဆန်ပြုတ်တစ်ပန်းကန် သွားယူပေးမယ်။ "
" ဟင့်အင်း မလိုအပ်ပါဘူး... "
" ဆန်ပြုတ်က ပိုက်ဆံပေးစရာမလိုပါဘူး၊ အလကားရတယ်။ "
ယန်ကျင်းဇီ ပြောလိုက်သည်။ A တက္ကသိုလ်၏ ကန်တင်းတွင် မနက်ပိုင်း ဆန်ပြုတ်ချက်ကာ ကျန်သည့်ဆန်ပြုတ်အပိုများကို ပြန်နွှေးပြီး နေ့လယ်ပိုင်း ကျောင်းသားများအတွက် အခမဲ့ဟင်းရည်နှင့်အတူ ပေးသည်။
ကျန်းဖင်းရှိူ့ နည်းနည်း အံ့ဩသွား၏။
" အလကားပေါ့! "
" ဟုတ်တယ် အလကား။ "
ယန်ကျင်းဇီ ဆိုလိုက်သည်။ A တက္ကသိုလ်၏ အစားအစာများသည် အလွန်ဈေးပေါကာ အမျိုးမျိုးသော ထောက်ပံ့ကြေးများကိုလည်း တောင်းခံနိုင်သည်။ ဒါတောင်မှ မူလပိုင်ရှင်က အရှက်မရှိ ကျန်းဖင်းရှိူ့ကို ငွေညှစ်ခဲ့သည်... ဒီလုပ်ရပ်က အတော်ရွံစရာပင်။
ယန်ကျင်းဇီ လျင်လျင်မြန်မြန် ဆန်ပြုတ်နှစ်ခွက် ယူလာခဲ့သည်။ သူမစားခဲ့ပါ။ နောက်ဆုံးတော့ ဆန်ပြုတ်နှစ်ခွက်လုံး ကျန်းဖင်းရှိူ့၏ဗိုက်ထဲ ဝင်သွားခဲ့သည်။ ဘဲကင်ကိုလည်း ကျန်းဖင်းရှိူ့က သူစားသည်ထက် အများကြီးပိုစားခဲ့၏။
အရွယ်ရောက်နေတယ့် ကလေးတွေက ကောင်းကောင်းစားနိုင်ကြသည်!
ကျန်းဖင်းရှိူ့ စားလို့ပြီးသည့်အထိ စောင့်နေပြီးမှ ယန်ကျင်းဇီက ပြောလိုက်သည်။
" ဖင်းရှိူ့၊ ကိုယ်နဲ့တူတူ ကိုယ့်အခန်းကို လိုက်ခဲ့။ ကိုယ့်မှာ မင်းကိုပေးစရာရှိတယ်။ "
" အစ်ကိုကြီး? "
ကျန်းဖင်းရှိူ့ အံအားသင့်သွားလေသည်။ ယန်ကျင်းဇီ အိပ်ဆောင်အထိ သူ့ကို ဆွဲခေါ်လာခဲ့ပြီး အပေါ်ထပ်ကို တက်ရန် သူက ငြင်းဆိုသည်။
" ကျွန်တော် မသွားနိုင်ဘူး။ အစ်ကိုကြီး..ကျွန်တော်က..အစ်ကိုကြီးကို သိက္ခာကျစေလိမ့်မယ် "
ယန်ကျင်းဇီ စိတ်ဆိုးသွားပေမယ့် သူ ကျန်းဖင်းရှိူ့ကို အတင်းမလုပ်ခိုင်းချင်ပေ။ ကျန်းဖင်းရှိူ့ကို စောင့်နေခိုင်းပြီးနောက် အပေါ်တက်ကာ မူလပိုင်ရှင် ဝယ်ထားတာ မကြာသေးသည့် အနွေးထည်များ အကုန်လုံးနှင့် ချည်သားဂျာကင်အရှည်ကို ယူလိုက်ကာ အောက်ထပ်ကိုပြန်ဆင်း၍ ကျန်းဖင်းရှိူ့အား ပေးလိုက်သည်။
" အစ်ကိုကြီး၊ ဒါတွေက အစ်ကိုကြီးရဲ့ အဝတ်တွေ... "
" ကိုယ် မင်းကိုပေးလိုက်တော့ မင်းရဲ့အဝတ်တွေ ဖြစ်သွားပြီ။ "
ယန်ကျင်းဇီသည် ချည်သားဂျာကင်အရှည်ကို အပြင်ထုတ်ကာ ကျန်းဖင်းရှိူ့ကို ဝတ်ခိုင်းပြီးမှ မေးလိုက်သည်။
" မင်း အလုပ်လုပ်နေတယ့် ကားရေဆေးဆိုင်က ဘယ်မှာလဲ? ပိတ်ရက်နှစ်ရက်မှာ ကိုယ် မင်းစီလာခဲ့မယ်။ "
ကျန်းဖင်းရှိူ့ ထိတ်လန့်သွားပြီးမှ ကားရေဆေးဆိုင်၏လိပ်စာကို ယန်ကျင်းဇီအား ပြောပြလိုက်သည်။
ယန်ကျင်းဇီ၏ မှတ်ဉာဏ်သည် အလွန်ကောင်းသဖြင့် တစ်ခါနားထောင်ပြီးသည်နှင့် လိပ်စာကို သူ မှတ်မိသွားခဲ့သည်။ ထို့နောက် ကျန်းဖင်းရှိူ့၏ခေါင်းကို ထိလိုက်ကာ ပြောသည်။
" အပြန် လမ်းလျှောက်ရင်ဂရုစိုက်ပြီး သွားနော် "
" ဟုတ်ကဲ့။ "
ကျန်းဖင်းရှိူ့၏ မျက်နှာလေး ရဲနေသည်။ သူ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ ခြေလှမ်းအနည်းငယ်လျှောက်ပြီးသည့်နောက် မသိလိုက်စွာပင် ပြန်လှည့်ကြည့်မိလိုက်သည်။ သူ လှည့်ကြည့်လိုက်သည့်အခါ မူလနေရာတွင် ယန်ကျင်းဇီရပ်နေဆဲဖြစ်ပြီး သူ့ကိုလှမ်းကြည့်နေကြောင်း သူ တွေ့လိုက်သည်။ သူ ပြန်လှည့်ကြည့်မှန်း တွေ့သွားသောအခါ ယန်ကျင်းဇီကလည်း သူ့ကို လက်ဝှေ့ယမ်းပြလာသည်။
ကျန်းဖင်းရှိူ့ ခပ်မြန်မြန် ခေါင်းပြန်လှည့်လိုက်ပြီး ရှေ့ဆက်လျှောက်လိုက်သည်။ သူ လမ်းထောင့်နား ရောက်သည့်အခါတွင်တော့ ထပ်လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။
မူလနေရာတွင် ယန်ကျင်းဇီက ရပ်နေဆဲဖြစ်သည်။
ပျားရည်လောင်းခံလိုက်ရသလိုမျိုး ချိုမြနေသည့် သူ့နှလုံးသားကြောင့် ပြန်လာသည့်လမ်းတစ်လျှောက်လုံး ကျန်ူဖင်းရှိူ့ ရယ်ချင်နေကာ ခုန်ပေါက်ပြီး လမ်းလျှောက်မိတော့မည့်အထိပင်။
သူသည် စားစရာတွေအများကြီး စားခဲ့ပြီး ချည်သားဂျာကင်အထူတစ်ထည်ကိုလည်း ဝတ်ထားကာ ခုန်ပေါက်ပြီးလမ်းလျှောက်လာသဖြင့် သူ တအားပူအိုက်လာသည်။ ဒါပေမယ့် သူ အင်္ကျီချွတ်ဖို့ တွန့်ဆုတ်နေမိသည်။
အစ်ကိုကြီးကိုယ်တိုင် သူ့ကိုပေးလိုက်သည့် အစ်ကိုကျင်းဇီ၏အင်္ကျီ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
သူ့အတွက် နည်းနည်းကြီးနေသည့် အင်္ကျီကို ဆုပ်ကိုင်ထားလိုက်သည်မှာ ကျန်းဖင်းရှိူ့သည် ဘယ်တော့မှ မချွတ်ဘဲ နေတော့မည့်အတိုင်း...။
____