အပိုင်း ၃ ( Phoenix Man 3 )
Viewers 10k

ကျန်းဖင်းရှိူ့ပြန်သွားပြီးနောက် ယန်ကျင်းဇီ အပေါ်ထပ်သို့‌ နောက်တစ်ခေါက်တက်ပြီး သူ့အခန်းကိုပြန်လာခဲ့သည်။ သူ့ထိုင်ခုံတွင်ထိုင်ရင်း ဘယ်လိုပိုက်ဆံရှာရမလဲ ဆိုတာကို တွေးနေတော့သည်။


သူသည် မူလပိုင်ရှင်၏ ၁၉ နှစ် ဘဝတစ်လျှောက် မှတ်ဉာဏ်များကို လက်ခံရရှိပြီးသားဖြစ်သည်။ သူ ယခင်ဇာတ်လမ်းကို သိထားပေမယ့် အနာဂတ်မှာဖြစ်မည့်ကိစ္စများကို မသိချေ။ သူသည် အနာဂတ်အား အကြမ်းဖျင်းလောက်သာ သိရှိထားသည်။


အခုထိ ကမ္ဘာမကူးပြောင်းခင်က သူ ဘာဖြစ်ခဲ့မှန်းလည်း မမှတ်မိသေးပါ...။


ယခုလောလောဆယ်တွင် သူသည် ဆင်းရဲသောစီရင်စုမှ ထွက်လာနိုင်ခဲ့သည့် သာမန်ပထမနှစ်ကျောင်းသား ဖြစ်သည်။ သူ တက္ကသိုလ်မတက်ခင် ကွန်ပျူတာကို လုံးဝမကိုင်ဖူးခဲ့သဖြင့် ကွန်ပျူတာနှင့်ပတ်သက်ပြီး ခက်သည်ဟု သူ ထင်မိသည်။


ပိုက်ဆံဘယ်လိုရှာရမလဲ? ကျူတာလုပ်ရမလား? အချိန်ပိုင်းအလုပ်ရှာရမလား?


ဘာပဲဖြစ်ဖြစ် နေထိုင်စားသောက်စရိတ်အတွက်နဲ့ ကျန်းဖင်းရှိူ့ကို သူ မှီခိုနေလို့မရဘူး!


ကျန်းဖင်းရှိူ့၏အလုပ်သည် အရမ်းခက်ခဲမှန်း ယန်ကျင်းဇီသိသည်။ ဤကဲ့သို့အေးစက်နေသည့်ဆောင်းရာသီတွင် လူများ၏ ကားများကို ဆေးရသည်မှာ အဆင်ပြေမည်မဟုတ်ချေ။


ကျန်းဖင်းရှိူ့အား အလုပ်ထွက်စေချင်သော်လည်း သူ့တွင် ဝင်ငွေမရှိဘဲ ကျန်းဖင်းရှိူ့အား အလုပ်မလုပ်ဖို့ ဘယ်လိုလုပ် တားနိုင်ပါမည်နည်း?


ထို့အပြင် ရထားသောမှတ်ဉာဏ်များအရဆိုလျှင် ကျန်းဖင်းရှိူ့၏အဖွား လယ်စိုက်နေစဉ် မတော်တဆခြေကျိုးမည်မှာ ဖြစ်ဖို့အချိန်၁လပင်မလိုတော့။


ပိုက်ဆံရှာဖို့ ယန်ကျင်းဇီ တွေးနေတုန်း ကျန်းဖင်းရှိူ့အားအဝတ်တွေမပေးခင်ကတည်းက အခန်းပြန်ရောက်နေသည့် ဟောင်လျန်က သူ့အား မေးလာခဲ့သည်။


" ယန်ကျင်းဇီ၊ မင်းစီလာသွားတယ့်ကောင်လေးရော ဘယ်မှာလဲ? သူက ဘာလို့အဲ့လိုမျိုးဝတ်ထားတာလဲ? "


ယန်ကျင်းဇီ၏ စိတ်မှာ အလွန်အမင်းရှုပ်ထွေးနေပြီဖြစ်၏။


ဟောင်လျန်ကတော့ ဆက်ပြောနေဆဲ...


" မင်း သူ့အပေါ် အတော်ကောင်းတာပဲ။ ထမင်းအတူစားဖို့ခေါ်တယ့်အပြင် အင်္ကျီတွေတောင် ပေးလိုက်တယ်။ "


" ငါ့ရဲ့ နေထိုင်စားသောက်စရိတ်နဲ့ ကျူရှင်ခတွေ အကုန်လုံး သူ့စီကချေးထားတာ။ "


ယန်ကျင်းဇီ ပြောလိုက်သည်က ဟောင်လျန်ကို တုန်လှုပ်သွားစေသည်။ ထို့နောက် ယန်ကျင်းဇီက မေးလိုက်သည်။


" ဟောင်လျန်၊ အချိန်ပိုင်းအလုပ် ဘယ်မှာရှာမလဲ ဆိုတာ မင်းသိလား? ငါ့အိမ်က အခြေအနေသိပ်မကောင်းဘူး။ "


မူလပိုင်ရှင်သည် အတော်လေးဆင်းရဲသော်လည်း ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှူမှာ မြင့်မားလေသည်။ ဆင်းရဲကြောင်းကို လူသိမခံချင်ခဲ့သည်မို့ ကောလိပ်တက်နေတုန်း ထောက်ပံ့ကြေးလျှောက်ခြင်းကဲ့သို့သော ကိစ္စများကို မလုပ်ပေ။ ပိုက်ဆံလည်းမရှာခဲ့သောကြောင့် လူတိုင်းသည် သူ့ကို အိမ်ကထောက်‌ပံ့ပေးထားသည့် သာမန်ကျောင်းသား ဟု ထင်ခဲ့ကြသည်။


ဟောင်လျန် အံ့အားသင့်သွားသော်လည်း အများကြီးမတွေးလိုက်ချေ။


" မင်း အချိန်ပိုင်းအလုပ်ရှာချင်လို့လား? အဲ့ဒါဆိုရင် နာရီအလိုက်စာသင်ပေးရတယ့် ကျူတာလုပ်လည်းရတယ်။ မဟုတ်လည်း ကျောင်းဖိုရမ်ဖြစ်ဖြစ် တစ်ခြား သီးသန့် app တွေမှာ သွားရှာလို့ရတယ်။ "


" ကျေးဇူးပဲကွာ "


ယန်ကျင်းဇီ ပြောလိုက်ပြီး ဖုန်းဖွင့်ကာ ရှာကြည့်တော့သည်။ ထို့နောက် ဟောင်လျန်က မေးလာပြန်သည်။


" ယန်ကျင်းဇီ၊ မင်း တကယ်ကြီး အချိန်ပိုင်းအလုပ်လုပ်မလို့လား? ငါတို့မှာ အတန်းတွေအများကြီး တက်ရဖို့ရှိသေးတယ့်အပြင် ပိတ်ရက်တွေမှာလည်း ကျောင်းလှုပ်ရှားမှုတွေ ရှိသေးတယ်လေ။ အချိန်ပိုင်းအလုပ်က မင်းရဲ့ကျောင်းစာတွေကို ထိခိုက်နိုင်တယ်နော်? "


ယန်ကျင်းဇီသည် ဟောင်လျန်ကို လှမ်းကြည့်လိုက်သည်။


" ဒါပေမယ့် ငါ အချိန်ပိုင်းအလုပ်မလုပ်ရင် စားဖို့ပိုက်ဆံမရှိဘူး။ "


နေ့လယ်စာစားချိန်တွင် ယန်ကျင်းဇီသည် အမျိုးမျိူးသော အချိန်ပိုင်းအလုပ်ခေါ်စာများကို ဖတ်ရှုနေခဲ့လေသည်။ နေ့လယ်စာစားချိန် ပြီးဆုံးသွားသည့်အခါမှသာလျှင် သူ ဟောင်လျန်နှင့်အတူ အတန်းသို့သွားခဲ့သည်။


သူတို့အတွက် ကွန်ပျူတာဌာနတွင် ပထမနှစ်အတွက် သင်တန်းများ အများအပြားရှိသည်။ သင်တန်းများသည် ပျင်းစရာကောင်းလှပြီး အနည်းငယ် ခက်လည်းခက်၏။


ငယ်စဉ်တောင်ကျေး ကလေးဘဝက ဆင်းရဲခဲ့သော မူလပိုင်ရှင်သည် ကျောင်းတွင်သာ ကွန်ပျူတာသုံးနိုင်ပြီး အကြိမ်ရေမှာ နည်းပါးလှသည်။ ထို့ကြောင့်ပင် သူသည် အတန်းတွင် သင်သည့်စာကို မကြာခဏနားမလည်ခဲ့ချေ။ တဖြည်းဖြည်း သူ့အတွက် အမှီလိုက်ရန်မှာ ခက်ခဲလာပြီဖြစ်သည်။


သို့သော် သူ့ဦးနှောက်ကကောင်းနေပြီး စာကြိုးစားမှ သူ့ဘဝ တိုးတက်ပြောင်းလဲနိုင်မည်ဖြစ်သောကြောင့် သူသည် အတန်းချိန်တွင် အလွန်အလေးအနက်ထားကာ ‌ဆရာကပေးလိုက်သည့်အိမ်စာများကိုလည်း ပြီးအောင်လုပ်သည်။


သို့ရာတွင် အဲ့ဒါအကုန်ပင်။


ဒါပေမယ့် ယခု ယန်ကျင်းဇီက အတန်းထဲမှာရှိနေတုန်း ဆရာပြောသမျှ သူ အကုန်လုံးနားလည်ကြောင်း ရုတ်တရက်ကြီးသိသွားခဲ့လေသည်!


ဆရာက တစ်ခါပဲပြောလိုက်သည့်ဟာကိုတောင်မှ သူ အပြည့်အစုံမှတ်မိနိုင်သည်။


အတန်းတွင် ကျောင်းသားများ ပိုမိုနားလည်နိုင်စေရန် ဆရာက သင်ခန်းစာဟောပြောချက်များကို နောက်တစ်ခေါက် ပြန်ပြောပြလေ့ရှိသည်။ ယန်ကျင်းဇီအတွက်ကတော့ နောက်တစ်ခေါက် နားထောင်ဖို့မလိုအပ်တော့ချေ။


ကူးပြောင်းလာသည့်လူဖြစ်နေ၍ သူ ရွှေရောင်လက်ချောင်း ရလိုက်သည်မှာ သိသာလှ၏!


မကူးပြောင်းခင် ယခင်ဘဝ၏မှတ်ဉာဏ်များကတော့ သူ့မှာ မရှိသေးပေ။ မူလပိုင်ရှင်မှာ စာကျက်ခြင်းမှလွဲ၍ ကျန်သည့်စွမ်းရည်မရှိချေ။ သူ့သင်ယူနိုင်စွမ်းက ပိုမြန်သွားလည်း ယခုချိန် သူ ပိုက်ဆံအများကြီး မရှာနိုင်သေးပါ။ သူသည် အချိန်ပိုင်းအလုပ်လေးတစ်ခုကိုသာ ရှာနိုင်သည်။


ထိုည၌ ယန်ကျင်းဇီသည် အချိန်ပိုင်းအလုပ်တစ်ခု၏ အင်တာဗျူး သွားရောက်ဖြေ‌ဆိုခဲ့သည်။


တစ်နေ့လုံး ယန်ကျင်းဇီသည် ပိုက်ဆံရှာဖို့ တွေးနေခဲ့သော်လည်း ကျန်းဖင်းရှိူ့ကတော့ ကားရေဆေးဆိုင်သို့ပြန်ရောက်နေပြီဖြစ်၏။


ကျန်းဖင်းရှိူ့ အလုပ်လုပ်နေသော ကားရေဆေးဆိုင်သည် ကားရေဆေးခြင်းအပြင် ကားပြင်သည့်အလုပ်လည်း လုပ်သဖြင့် အတော်လေးလုပ်ငန်းကျယ်ပြန့်သည်။


ပုံမှန်အားဖြင့် ဆိုင်ကိုစီမံခန့်ခွဲသည်မှာ သူဌေး၏ဇနီးဖြစ်သည်။ သူဌေး၏ဇနီးအပြင် အလုပ်သမားလေးယောက်ရှိသည်။ အလုပ်သမားလေးယောက်တွင် တစ်ယောက်က ကားနှင့်စက်ပစ္စည်းပြင်နိုင်သည်။ လူတိုင်း သူ့ကို ဆရာချန်း ဟု ခေါ်ကြပြီး သူ့လစာက တစ်လလျှင် ၈၀၀၀ ဖြစ်သည်။


နောက်တစ်ယောက်သည် သူဌေးဇနီး၏ ဆွေမျိုးဖြစ်ပြီး တစ်လလျှင် ၆၀၀၀ ရသည်။ ကျန်းဖင်းရှို့ထက် ဆိုင်တွင် အလုပ်လုပ်နေသည်မှာ အချိန်အနည်းငယ်ကြာနေပြီဖြစ်၍ အလုပ်ကိုပိုနားလည်နေသော နောက်ထပ်တစ်ယောက်ကတော့ တစ်လလျှင် ၄၀၀၀ ရသည်။


ကျန်းဖင်းရှိူ့သည် ကားရေဆေးခြင်းကိုသာ လုပ်ရပြီး အနည်းဆုံးလစာ တစ်လလျှင် ၃၀၀၀ သာ ရသည်။ သူ့လစာနည်းနေရခြင်းမှာ အကြောင်းရင်းရှိသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် အသက်ငယ်ငယ်လေးဖြစ်ကာ သူ့တွင် ထောက်ပံ့စရာ မိန်းမနှင့်ကလေးမရှိ၍ဖြစ်၏။ အလုပ်က စရိတ်ငြိမ်းဖြစ်၍ သူက ကောင်းမွန်စွာနေနိုင်ဦးမှာပင်။


တစ်လလျှင် လစာ ၃၀၀၀ ရနေသော လူငယ်တစ်ယောက်သည် စီးကရက်ဝယ်သောက်ဖို့ လုံလောက်ရုံသာမက မကြာမကြာ ဆိုင်မှစားစရာများမှာစားနိုင်သေးသည်။ အဝတ်အစားများကိုလည်း မကြာခဏအသစ်ဝယ်ယူနိုင်သည့်အပြင် နှစ်တိုင်း မိုဘိုင်းဖုန်းအသစ်လဲနိုင်သည်။


သို့သော် ကျန်းဖင်းရှိူ့... သူတို့ ကျန်းဖင်းရှိူ့ ပိုက်ဆံသုံးတာ တစ်ခါမှမမြင်ဖူးချေ။


ဒါတင်မကသေး...အထူးသဖြင့် ကျန်းဖင်းရှိူ့သည် အလွယ်တကူ အနိုင်ကျင့်ခံရနိုင်သည့် နုံနုံအအ ကလေးဖြစ်နေသည်။


ကျန်းဖင်းရှိူ့ ပထမဆုံးရောက်လာသောအခါ ဆရာချန်းမှလွဲ၍ ၀န်ထမ်းနှစ်ဦးစလုံးသည် ကျေးလက်မှလာသောဤကောင်လေးအား သူတို့၏အလုပ်ကိုတွန်းပို့ရန် နှစ်သက်ကြသည်။ ကျန်းဖင်းရှိူ့ကမညည်းညူဘဲ အလုပ်အားလုံးလုပ်ခဲ့သဖြင့် အဆုံးမှာတော့ ဝန်ထမ်းနှစ်ဦးသာ ရှက်သွားကြလေသည်။ သူဌေးနဲ့သူ့ဇနီးတောင်မှ ကျန်းဖင်းရှိူ့အား ကရုဏာသက်မိလာကြ၏။


ထိုသို့မဟုတ်လျှင် သူဌေးက ကျန်းဖင်းရှိူ့ကို ဘဲသားကင်ပေးမှာ မဟုတ်ချေ။ ရလဒ်ကတော့ ကျန်းဖင်းရှိူ့က စားရန်တွန့်ဆုတ်နေဆဲဖြစ်သည်။


ကျန်းဖင်းရှိူ့နှင့်အခြားသူများသည် တစ်လအတွင်းတစ်ရက်ပိတ်ရက်ရှိသည်။ ကျန်းဖင်းရှိူ့သည် တစ်ခါမှမသုံးခဲ့‌ဖူးသော်လည်း သူသည် ဘဲကင်ကိုရရှိသောအခါ အားလပ်ရက်ကို သုံး၍ သူ့အစ်ကိုကိုသွားတွေ့ပြီး ဘဲကင်ကိုပေးမည် ဟုပြောခဲ့သည်။


ဆိုင်မှာရှိတဲ့လူတိုင်းက ဒီကလေးရဲ့ဦးနှောက်မှာ ပြဿနာရှိနေတာများလား ဟု တွေးမိကြသည်။


များသောအားဖြင့် ကျန်းဖင်းရှိူ့သည်‌ တစ်ပြားတစ်ချပ်သုံးရန်ပင် တွန့်ဆုတ်နေလေ့ရှိသည်။ သူတို့က ဘာကြောင့်လဲလို့မေးတော့ သူက သူ့အစ်ကိုရဲ့ နေထိုင်စားသောက်စရိတ်အတွက် ငွေစုထားပြီး သူ့အစ်ကိုရဲ့ကျူရှင်ခအတွက်လည်း ချွေတာချင်ခဲ့တယ်ဆိုတာ သိလိုက်ရသည်။


သူတို့အောက်က အငယ်တွေကိုကူညီဖို့ အလုပ်လုပ်ခဲ့ကြသည့် ညီအစ်ကိုမောင်နှမများကို သူတို့ကြားဖူးပေမယ့် ညီလေးက သူ့အစ်ကိုအတွက် အချိန်ပိုင်းအလုပ်လုပ်တာကို သူတို့တစ်ခါမှမမြင်ဖူးခဲ့ချေ။


ဤသို့သောကိစ္စမျိုးရှိလျှင်တောင်မှ ကျန်းဖင်းရှိူ့၏ လူနေမှုပုံစံက မဟုတ်သေးပေ။


ကျန်းဖင်းရှိူ့သည်တစ်လလျှင် ၃၀၀၀ ရသည်။ သူ့အစ်ကိုအားနှစ်ထောင်ပေးပြီး ကျန်သည့် ၁၀၀၀ ကို သူ့အစ်ကို၏ကျူရှင်ခအတွက် စုထားသည်။


သူက လူကြီးတစ်ယောက်တောင်မဟုတ်သေးဘူး!


သူ၏အစ်ကို အရှက်မရှိလိုက်ပုံမှာ အသက်မပြည့်သေးသောကလေးတစ်ဦးထံမှငွေကိုပင် သုံးစွဲရဲသည်။


မနေ့က သူဌေးသည် ညစာစားပွဲသွားခဲ့ပြီး သူက ဟင်းများ အနည်းငယ်ထုပ်ပြီးပြန်လာသည်။ ကျန်းဖင်းရှိူ့အတွက် ဘဲကင်အပြင် နေ့လယ်စာအတွက် အသုံးပြုခဲ့သည့် အခြားဟင်းပွဲများလည်းရှိသည်။ ဤအချိန်သည် ကားရေဆေးဆိုင်မှ အလုပ်သမားများ၏ ထမင်းစားချိန်ဖြစ်သည်။ ဖြစ်ချင်တော့..သူဌေးနှင့်သူ့ဇနီးတို့ အတူတူ အပြင်ထွက်သွားကြပြီး သူတို့ အခွင့်ကောင်းယူကာ စကားပြောဖြစ်ကြသည်။


ဆရာချန်း က ပြောလာသည်။


" ဒီကလေးကျန်း ... သူက သူ့အစ်ကို ကို ရှာဖို့သွားခဲ့တယ်။ တော်ကြာ သူ ငိုရင်းနဲ့ ပြန်လာနိုင်တယ်။ "


" ဘာလို့လဲ? "


ကျန်းဖင်းရှိူ့လိုမျိုး ကားရေဆေးရသည့် ရှောင်ကျန်းက မေးသည်။


ရှောင်ကျန်းသည် ယခုနှစ်တွင် အသက် ၂၀ ဖြစ်ကာ ကျန်းဖင်းရှိူ့ထက် ၄နှစ်ကြီးသည်။ အစပိုင်းမှာ သူကဆင်းရဲပြီးညစ်ပတ်နေတဲ့ ကျန်းဖင်းရှိူ့ကို အထင်သေးသည်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျန်းဖင်းရှိူ့က သူ့အလုပ်တွေလုပ်ပေးတယ့်အတွက် သူ ကျန်းဖင်းရှိူ့အပေါ် မကောင်းမမြင်တော့ချေ။


သေချာတာပေါ့ သူ ကျန်းဖင်းရှိူ့စီကို သူ့အလုပ်တွေတွန်းပို့နေဆဲဖြစ်သည်။


" မင်းကျောင်းတက်နေတုန်း အဲ့လိုပုံစံမျိုးနဲ့ မင်းညီက မင်းစီလာလည်မှာကို မင်းကြိုက်လား? "


ဆရာချန်းက မေးလိုက်သည်။


" ငါမကြိုက်ဘူး။ "


ရှောင်ကျန်းသည် ‌မပြောချင်သော်လည်း အမှန်အတိုင်း ပြောကြားခဲ့သည်။ တက္ကသိုလ်မဟုတ်ဘဲ ဒီလိုကားရေဆေးဆိုင်ကို ကျန်းဖင်းရှိူ့ကဲ့သို့ပုံစံနှင့် ညီငယ်တစ်ယောက် သူ့ဆီလာလျှင်တောင်မှ သူရှက်မိလိမ့်မည်။


ကျန်းဖင်းရှိူ့ကရုပ်မဆိုးပေမယ့် သူ့ရဲ့ဝတ်ဆင်ပုံက မယုံကြည်နိုင်လောက်အောင် ရုပ်ဆိုးလွန်းသည်။


" သူက သူများစားပြီးသားဘဲကင်ကို သွားပို့တာ...သူ့အတွက် တန်ဖိုးကြီးစားစရာဖြစ်ပေမဲ့ တခြားသူတွေက အဲ့လိုတွေးမှာမဟုတ်ဘူး။ "


အစ်ကိုဝမ်ဟုခေါ်သော သူဌေး၏ဇနီးဆွေမျိုးဖြစ်သူက ဆိုသည်။


အစ်ကိုဝမ်သည် သူဌေးဇနီး၏တူဖြစ်သည်။ သူကဆိုင်မှာအလုပ်လုပ်သော်လည်း များသောအားဖြင့် သူက အလုပ်သိပ်မလုပ်ချေ။ ဆိုင်မှာတအားအလုပ်ရှုပ်နေတဲ့အခါမှ သူက သူဌေး၏ဇနီးကိုကူညီပြီးတော့ ကလေးတွေကို အပို့၊အကြိုလုပ်ပေးတာမျိုး မဟုတ်လျှင် ပစ္စည်းတစ်ခုခုဝယ်ပေးသည်။


သူတို့သုံးယောက်မှာ ဆရာသည် ၀င်ငွေအမြင့်ဆုံးရှိသော်လည်း လုပ်ကိုင်ကျွေးမွေးရမည့်သူ့မိသားစုက လူကြီးတွေနဲ့ကလေးတွေ ရှိနေ၍ သူလည်းမချမ်းသာပါ။ ရှောင်ကျန်းသည် ထမင်းမငတ်ဘဲ ကောင်းကောင်းနေနိုင်ပေမယ့် သူ့လစာအကုန်လုံးကို တစ်ချို့နေရာတွေမှာ ဖြုန်းနေကြဖြစ်သည်။ အစ်ကိုဝမ်ကတော့ မတူပေ။ သူ့တွင် လစာသာမက အိမ်မှထောက်ပံ့ကြေးလည်းရှိသည်။ သူ့မှာ အိမ်တစ်လုံးနှင့်ကားတစ်စီးရှိကာ သူ့ဘဝကအကောင်းဆုံးဖြစ်သည်။


သူတို့က သူဌေး၏ဇနီးဖြစ်သူ ချက်ကျွေးသော အလုပ်ကစားစရာများကို မကြိုက်ဘူး။ သူတို့သည် အိမ်ပြန်ပြီး ထမင်းစားသည်၊ မဟုတ်ပါက စားစရာမှာစားသည်။ ဟုတ်တာပေါ့၊ ဘဲကင်သည် သူတို့အတွက် စိတ်ဝင်စားစရာဖြစ်မနေချေ။


ရှောင်ကျန်းက ပြောလာသည်။


" အစ်ကို နောက်ဆုံးတစ်ခေါက် သူဌေးဇနီးမရှိတုန်းက သူဌေး ငါတို့ကို တစ်ယောက် ယွမ် ၅၀ ပေးပြီး ကိုယ့်ဘာသာကိုယ် ဝယ်‌စားခိုင်းတာ မှတ်မိတယ်မလား? အဲ့တုန်းက ရှောင်ကျန်း(ကျန်းဖင်းရှိူ့) ၅ယွမ်တန် ပေါက်စီပဲဝယ်စားခဲ့တာ။ နောက်နှစ်အတွက် သူ့အစ်ကိုရဲ့ကျူရှင်ခ မလောက်မှာကြောက်လို့ဆိုပြီး ဝက်အူချောင်းလေးတစ်ချောင်းတောင် သူ ဝယ်မစားရဲဘူးလေ။ "


" အဲ့ကလေးကဘာဖြစ်နေတာလဲ။ သူ့လိုအရူးမျိုးကို ငါ ပထမဆုံးမြင်ဖူးတာပဲ! "


အစ်ကိုဝမ်က သူ့ခြေထောက်တွေကိုစောင်းလိုက်ပြီး စီးကရက်ကိုမီးညှိလိုက်သည်။


ဆရာချန်ကလည်း သူ့အတွက် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။


" ဒီလောက်လတွေကြာနေတာတောင် ရှောင်ကျန်း(ကျန်းဖင်းရှိူ့) က သူ့လစာကိုလွှဲပေးဖို့ လတိုင်းဘဏ်ကိုသွားခဲ့ပေမယ့် သူ့အစ်ကိုကသူ့ကိုလာတွေ့တာ ငါတစ်ခါမှမတွေ့ဖူးသေးဘူး။ အာ... "


" ငါပြောပါတယ်၊ အဲ့ကလေးက အရမ်းတုံးလွန်းနေတာပါဆို! "


အစ်ကိုဝမ်က ကောက်ချက်ချလိုက်၏။


သူတို့စကားပြောနေတုန်း ကျန်းဖင်းရှိူ့ ပြန်လာသည်ကို သူတို့တွေ့လိုက်ရသည်။


ကျန်းဖင်းရှိူ့သည် အတော်အတန်ကြီးသောကုတ်အင်္ကျီကို ဝတ်ထားပြီး လက်ထဲတွင်လည်း ပလတ်စတစ်အိတ်တစ်လုံးကို ကိုင်ထားသည်။ အေးခဲမှုကြောင့် သူ့မျက်နှာကလည်း နီနေသေးသည်။


လူတိုင်းက သူ့ကိုကြည့်နေတော့ သူနည်းနည်းစိတ်မသက်မသာဖြစ်သွားသည်။


" ဆ..ဆရာချန်း၊ အ..အစ်ကိုဝမ်၊ အစ်ကို..အစ်ကိုကျန်း... "


" ရှောင်ကျန်း(ကျန်းဖင်းရှိူ့)၊ မင်း မင်းအစ်ကိုကို သွားတွေ့တာ မဟုတ်ဘူးလား? မင်း ဘာလို့ အဝတ်အစားအသစ်တွေ ဝယ်လာတာလဲ? "


ရှောင်ကျန်းကမေးလိုက်သည်။


" မဟုတ်ဘူး...ကျွန်တော်မဝယ်ခဲ့ဘူး။ အစ်ကိုက ကျွန်တော့်ကိုပေးလိုက်တာ... "


ကျန်းဖင်းရှိူ့၏မျက်လုံးများသည်တောက်ပနေပြီး သူကိုင်ထားသော အနွေးထည်ကိုချွတ်လိုက်သည်။ သူက စကားမထစ်တော့ဘဲ ပြောလာသည်။


" အစ်ကိုကကျွန်တော့်ကိုပေးခဲ့တာ။ သူက ကျွန်တော် အအေးမိမှာကြောက်လို့ ကျွန်တော့်ကိုအနွေးထည်ပေးလိုက်တာ။ "


ဒီဇာတ်ကွက်က သူတို့ထင်ထားတာနဲ့မတူပေ။ အစ်ကိုဝမ်သည် မမေးဘဲမနေနိုင်တော့ချေ။


" ဘဲကင်ရော? သူ စားလိုက်လား? "


" ဟုတ်တယ်။ "


ကျန်းဖင်းရှိူ့က ခေါင်းတညိတ်ညိတ်နှင့် ဘဲကင်အရသာကိုပြန်သတိရလာလေသည်။


" ကျွန်တော်တို့အတူတူစားခဲ့တာ ဘဲကင်ကတကယ်စားလို့ကောင်းတယ်။ "


အစ်ကိုဝမ် : " ... "


ကျန်းဖင်းရှိူ့က ထပ်မံဆိုလာသည်။


" ကျွန်တော့်...ကျွန်တော့်အစ်ကိုက ကျွန်တော့်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ သူက ကျွန်တော့်လ... ကျွန်တော့်ကို ထမင်းစားဖို့ဖိတ်ပြီး အဝတ်အစားတွေပေးတယ် "


သူက ယန်ကျင်းဇီ ဒီနေ့သူ့လက်ကိုကိုင်ထားတယ်လို့ပြောချင်ပေမယ့် လူတွေကိုမပြောပြသင့်ဘူးလို့ တွေးမိသည့်အတွက် တစ်ခြားအကြောင်းကိုပဲပြောပြနိုင်သည်။


" မင်းက သူကို ပိုက်ဆံအားလုံးပေးထားတာ။ သူ ထမင်းစားဖို့ မင်းကိုဖိတ်လည်း အဲ့ပိုက်ဆံကမင်းဟာပဲ။ "


အစ်ကိုဝမ်က အထင်သေးစွာဖြင့်ပြန်ပြောသည်။


ကျန်းဖင်းရှိူ့က အစ်ကိုဝမ်ကို မကျေမနပ်နဲ့ကြည့်လာသည်။


" ကျွန်တော့်အစ်ကိုက...ကျွန်တော့်ကို အနာဂတ်မှာကောင်းကောင်းမွန်မွန် နေခိုင်းမှာ။ "


" အဲ့တာက မင်းယုံနေတာလေ။ "


အစ်ကိုဝမ်က ငြင်းဆိုလိုက်သည်။


ကျန်းဖင်းရှိူ့၊ ဒီကလေးက အရမ်းရိုးသားနေတာ!


သူသိသလောက်ကတော့ ကျန်းဖင်းရှိူ့က သူ့အစ်ကိုကို တစ်လလျှင် ယွမ် ၂၀၀၀ပေးသည်။


သာမန်ယောက်ျားလေးများအတွက် တစ်လ ၂၀၀၀ ရခြင်းသည် မိသားစုကို ဝန်ပိစေသည်မဟုတ်။ အချို့ချမ်းသာသောမိသားစုများဆိုလျှင် တစ်လ ၇၀၀၀ မှ ၈၀၀၀ အထိသုံးနိုင်သည်။


သို့သော် ကျန်းဖင်းရှိူ့၏အခြေအနေသည် စားဖို့နှင့်ဝတ်ဖို့အတွက်တောင်မှ အလွန်ဆင်းရဲနေခြင်းပင်။ သာသာယာယာ စာကျက်နေသော သူ့အစ်ကို‌ကတော့ မလိုအပ်ဘဲ တစ်လလျှင် ယွမ် ၂၀၀၀ သုံးစွဲနေသည်။


A တက္ကသိုလ်ရဲ့ ကန်တင်းက အထူးစျေးနဲ့ တန်ဖိုးနည်းတာကို ဘယ်သူကမသိလို့လဲ! သူ့အစ်ကိုက တစ်လကို ယွမ်၁၀၀၀ပဲသုံးရင်တောင် အေးအေးဆေးဆေး နေနိုင်ပြီး ပိုက်ဆံစုနိုင်လိမ့်မည်။


ဘယ်လောက်ပဲဆိုးနေပါစေ သူ့ညီကိုလာတွေ့သင့်သည်။ ဒါပေမယ့် ကျန်းဖင်းရှိူ့က သူတို့နဲ့ ၅လလောက်အလုပ်လုပ်ပြီးတာတောင် သူ့အစ်ကိုကို သူတို့ တစ်ခါမှမမြင်ဖူးဘူး။


" ကျွန်တော့်အစ်ကိုကြီးက ကျွန်တော့်ကို ကောင်းကောင်းမွန်မွန်နေထိုင်ခွင့်ပေးမှာ သေချာတယ်။ သူ...သူက ကျွန်တော့်အဘွားကို အနာဂတ်မှာမြို့ကိုခေါ်လာလိမ့်မယ်။ "


ကျန်းဖင်းရှိူ့သည် အစ်ကိုဝမ်အား လေးနက်စွာကြည့်လိုက်သည်။


အစ်ကိုဝမ်သည် ကျန်းဖင်းရှိူ့၏ စိတ်ပိုင်းဖြတ်ပြီးသောအကြည့်ကိုမြင်သောအခါ သူ့အထင်မှားနေတာများလားဟု တွေးမိတော့သည်။


တကယ်ပဲ ကျန်းဖင်းရှိူ့ရဲ့ အစ်ကိုက လူကောင်းလား?


____

* ရွှေရောင်လက်ချောင်း - (အများအားဖြင့် ဇာတ်လိုက်များသာရလေ့ရှိသည့်) အထူးစွမ်းရည်။ ဇာတ်လိုက်တွေရဲ့ကောင်းလွန်းတယ့် ရွှေရောင်ကံပေါ့။


အခု ယွမ် ၃၀၀၀ က အမေရိကန်ဒေါ်လာ ၄၆၃.၈၆ ဒေါ်လာ တန်ဖိုးရှိပါတယ်။

____