ထိုညက ယန်ကျင်းဇီသည် အချိန်ပိုင်းအလုပ်တစ်ခုရလာခဲ့သည်။ တက္ကသိုလ်ပြင်ပရှိ ကျူရှင်ကျောင်းတစ်ခုတွင် မူလတန်းကျောင်းက ကလေးများကို ပရိုဂရမ်းမင်း*သင်ပေးရခြင်းဖြစ်သည်။ ဤနှစ်များအတွင်း ကွန်ပျူတာများသည် အလွန်ရေပန်းစားနေသည်။ ဘေးကျပ်နံကျပ်ဖြစ်နေခဲ့သော မူလပိုင်ရှင်သည် ကွန်ပျူတာလေ့လာခြင်းက ငွေများစွာရနိုင်သည်ကို သိခဲ့သည်။ မြို့ကြီးပြကြီးတွေမှာ သူတို့ကလေးတွေကို ငယ်ငယ်ကတည်းက ပရိုဂရမ်းမင်းသင်ခိုင်းမယ်ဆိုတာ ပြောစရာပင်မလို။
ယန်ကျင်းဇီသည် ကျူရှင်အေဂျင်စီတစ်ခုတွင် သူတစ်ယောက်တည်း များစွာသောသင်တန်းများကို ပရိုဂရမ်မင်းသင်ကြားရေးတာဝန်ယူရသည်။ တစ်နာရီ ယွမ် ၅၀ နှင့် တစ်ကြိမ်လျှင် ကလေးသုံးယောက်မှငါးယောက်ကို သင်ပေးရသည်။
သူသည် တနင်္လာနေ့နှင့်ဗုဒ္ဓဟူးနေ့များတွင် ညဘက် နှစ်နာရီစီ၊ စနေနှင့်တနင်္ဂနွေနေ့များတွင်လေးနာရီ အလုပ်လုပ်သည်။ သူသည် စုစုပေါင်း တစ်ပတ်လျှင် ၁၂ နာရီအလုပ်လုပ်သည်။ သူသည် ယွမ် ၆၀၀ ရသည့်အပြင် အကယ်၍ သူက ကျောင်းသားအသစ်တွေကိုခေါ်နိုင်မယ်၊ ဒါမှမဟုတ် သူ့ကျောင်းသားတွေက ဆက်တက်မယ်ဆိုရင် သူ ၂၀% ကော်မရှင်ရနိုင်သည်။
ဒီအချိန်ပိုင်းအလုပ်ကတော်တော်ကောင်းသည်။ ဒါက ယန်ကျင်းဇီ၏ A တက္ကသိုလ်ကကွန်ပျူတာကျောင်းသားတစ်ယောက်ဆိုသည့် နာမည်ကြောင့် သူ ဒီအလုပ်ရလာခြင်းဖြစ်သည်။
မူလပိုင်ရှင် ကွန်ပျူတာလေ့လာနေသည်မှာ လအနည်းငယ်သာရှိသေး၍ ယန်ကျင်းဇီသည် ဤရာထူးအတွက်အရည်အချင်းမပြည့်မီမည်ကို အနည်းငယ်စိတ်ပူနေခဲ့သည်။ သို့သော် ဖတ်စာအုပ်ဖတ်ပြီးသည့်နောက်တွင်တော့ သူစိတ်သက်သာရာရခဲ့သည်။ သူ တစ်ချက်ကြည့်ရုံနဲ့တင် နားလည်သွားပြီး ကလေးများကိုသင်ပေးရန်မှာ လွယ်ကူသွားလေသည်။ အချိန်ပိုင်းအလုပ်တစ်ခုရှာပြီးနောက် ယန်ကျင်းဇီသည် သူ၏ကွန်ပျူတာကျွမ်းကျင်မှုကို အတတ်နိုင်ဆုံးမြှင့်တင်ခဲ့သည်။
သင်ဟာကွန်ပျူတာကျောင်းသားတစ်ယောက်ဖြစ်နေသ၍ ဆယ်စုနှစ်တစ်ခု သို့မဟုတ် မည်မျှကြာကြာ အနာဂတ်မှာ ဘွဲ့ရပြီးသည်နှင့် အလုပ်ကောင်းကောင်းရှာနိုင်သည်။ ဒါပေမယ့် အနာဂတ်မှာဘွဲ့ရပြီးအလုပ်ကောင်းကောင်းရှာဖို့က သူ့အဆင့်ပေါ်မူတည်နေသေးသည်။ နောက်တစ်ခုက သူသည် အလုပ်ကောင်းကောင်းတစ်ခုရှာတာနဲ့တင် မကျေနပ်ချေ။
သူ့မှာ ချစ်သူတစ်ယောက်ရှိနေ၍ သူက ငွေအများကြီးရှာပြီး သူ့ချစ်သူကိုကောင်းကောင်းနေခွင့်ရအောင် နည်းလမ်းရှာရမည်ဖြစ်၏။ ယန်ကျင်းဇီ ကြိုးကြိးစားစား စာကျက်ဖို့ ဆုံးဖြတ်လိုက်သည်။
သေချာတာပေါ့၊ သူ အရင်ဆုံး ကျန်းဖင်းရှိူ့ကိုသွားတွေ့ရမည်။ စနေ၊ တနင်္ဂနွေတွေမှာ သူ့အချိန်ပိုင်းအလုပ်က နေ့လယ် ၂း၃၀ ကနေ ၄း၃၀ အထိ၊ ညနေ ၆ ကနေ ၈ အထိ ဖြစ်သည်။ ဒါပေမယ့် ဒီနေ့ ယန်ကျင်းဇီက စောစောထွက်ပြီး စူပါမားကတ်ကိုအရင်သွားခဲ့သည်။
သူသည် စူပါမားကတ်၌ သရေစာများပါသော အထုပ်ကြီးတစ်ထုပ်ကို ဝယ်လိုက်သည်။ သူ တစ်ခုခုကိုစဉ်းစားပြီးနောက် လက်ကားအထည်ဈေးကို သွားပြီး ယောက်ျားအဝတ်အစားများအချို့ကို ၀ယ်သည်။
သူ စူပါမားကတ်၌ အ၀တ်အစား၀ယ်ချင်သော်လည်း စူပါမားကတ်ရှိအ၀တ်များသည် အလွန်စျေးကြီးပြီး သူ့တွင် ငွေမရှိ။
ကားရေဆေးဆိုင်သို့ သူရောက်သောအခါ နေ့လယ် ၁၂ နာရီ ထိုးပြီဖြစ်၏။
ဆိုင်မှာ အလိုအလျောက်ကားရေဆေးစက် ရှိသော်လည်း ကားအတွင်းပိုင်းကိုသန့်ရှင်းရေးလုပ်ဖို့ လူတစ်ယောက်လိုသေးသည်။ သူရောက်သောအခါ အဝတ်စုတ်တစ်ခုကိုင်ထားသော ကျန်းဖင်းရှိူ့သည် ရှောင်ကျန်းနှင့်အတူ အလုပ်ရှုပ်နေခဲ့သည်။
ဆောင်းရာသီ၌ အသက်မပြည့်သောဆယ်ကျော်သက်သည် အညစ်ခံ*အပြာရောင်အ၀တ်ကို ၀တ်ထားပြီး အနားယူချိန်တောင်မရှိဘဲ ဒီဟာလုပ်လိုက်၊ဟိုဟာလုပ်လိုက်နှင့် အလုပ်များနေခဲ့သည်။ သူ့လက်များက ရေအေးကြောင့် နီရဲပြီးဖူးရောင်နေခဲ့၏။ ယန်ကျင်းဇီ အထူးစိတ်မသက်မသာဖြစ်မိသည်။ ကံကောင်းထောက်မစွာဘဲ ကားရေဆေးတာက မြန်မြန်ပြီးသွားပြီး ကားပိုင်ရှင်ကမောင်းထွက်သွားသည်။
ရှောင်ကျန်းက ဖင်းရှိူ့ဘေးနားသွားပြီး ဆေးလိပ်သောက်သည်။ ကျန်းဖင်းရှိူ့သည် အဝတ်စုတ်ကိုရေပုံးထဲသို့ထည့်လိုက်ပြီး ရေဆေးတော့မည်အလုပ် ရုတ်တရက် ပုံးထဲမှာအဝတ်စုတ်ကိုကိုင်ထားသော လက်တစ်စုံပေါ်လာသည်။ သူမော့ကြည့်လိုက်သောအခါ ယန်ကျင်းဇီကိုတွေ့လိုက်ရသည်နှင့်ချက်ချင်း သူ ထိတ်လန့်သွားသည်။
ယန်ကျင်းဇီကသူ့၏တုံ့ပြန်မှုကို ဂရုစိုက်မဘဲ အဝတ်စကိုယူကာ အဝတ်စုတ်ကိုတိုက်ရိုက်လျှော်လိုက်သည်။
" အစ်ကိုကျင်းဇီ…"
ကျန်းဖင်းရှိူ့သည် အဝတ်စုတ်ကို ဆွဲယူချင်ခဲ့သည်။
" ကိုယ်ကူဆေးပေးမယ်။ မင်းသွားပြီး မင်းလက်ကိုဆေးလိုက်ပါ။ "
ယန်ကျင်းဇီသည် ကျန်းဖင်းရှိူ့ အဝတ်စုတ်ယူမည်ကိုရပ်တန့်နိုင်လိုက်သည်။
" အစ်ကို…… "
" လိမ္မာတယ့်ကလေး ကိုယ့်စကားနားထောင်ရမယ်လေ "
ယန်ကျင်းဇီကပြောသည်။
အစ်ကိုကျင်းဇီက သူ့ကို 'လိမ္မာတယ့်ကလေး' လို့ ခေါ်လိုက်တယ်။ ချက်ချင်း ကျန်းဖင်းရှိူ့သည် သူ့လက်များကို ရုတ်တရက်ဆေးမိလိုက်သည်။
ယန်ကျင်းဇီ အဝတ်စုတ်ကိုဆက်လျှော်သည်။ သူအဝတ်စုတ်လျှော်ပြီးသည်နှင့် အသက်လေးဆယ်ကျော်လူလတ်ပိုင်းအမျိုးသားတစ်ဦးက အံ့သြစွာကြည့်နေသည်ကို တွေ့လိုက်ရသည်။
" မင်းက ကျန်းဖင်းရှိူ့ရဲ့အစ်ကိုလား? "
" ဟုတ်ပါတယ်။ "
ယန်ကျင်းဇီက တစ်ဖက်လူကို ပြုံးပြလိုက်သည်။
ဆရာချန်းသည် ယန်ကျင်းဇီကိုကြည့်ပြီး အနည်းငယ်အံ့ဩသွားသည်။
ကျန်းဖင်းရှိူ့၏ မျက်နှာသည် ကြည့်ကောင်းသည်။ သူ့အစ်ကိုကအရမ်းချောတယ်လို့ပြောတယ့်အတွက် ဆရာချန်းက ချောမောတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ဖို့မျှော်လင့်ထားပေမယ့် ကျန်းဖင်းရှိူ့ရဲ့အစ်ကိုက အရမ်းကြည့်ကောင်းလိမ့်မယ်လို့ သူဘယ်တုန်းကမှမတွေးခဲ့မိချေ။
သူက ရုပ်ချောရုံတင်မကဘဲ ကောင်းမွန်သည့်ဟန်ပန်အမူအရာလည်း ရှိသည်။ ဆရာချန်းက ဒီကောင်လေးဟာ အဝတ်စုတ်ကိုမကိုင်ထားသင့်ဘူးလို့ ခံစားရသည်။
နေဦး၊ သူပါ ကျန်းဖင်းရှိူ့လိုမျိုး ပြုစားခံလိုက်ရတာလား? ဒီလူကအရမ်းလှပေမယ့် သူ့ညီလေးကိုဒီလိုမျိုးနေခိုင်းထားတယ်။ သူက တကယ်ပဲလူကောင်းတစ်ယောက်မဟုတ်ဘူး။
ဆရာချန်း အနည်းငယ်မျက်မှောင်ကျုံ့လိုက်သည်။
" အရင်လတွေတုန်းက ဖင်းရှိူ့ကိုဂရုစိုက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ "
ယန်ကျင်းဇီ ရိုးသားစွာပြောလိုက်သည်။ မူလပိုင်ရှင်၏မှတ်ဥာဏ်အရ ကျန်းဖင်းရှိူ့၏လုပ်ဖော်ကိုင်ဖက်များသည် ကျန်းဖင်းရှိူ့ကိုကောင်းစွာဆက်ဆံခဲ့သည်။ တစ်ချိန်က ထိုသူများသည် ကျန်းဖင်းရှိူ့အဖွား၏ဆေးရုံစရိတ်အတွက်ပင် ငွေချေးပေးခဲ့ဖူးသည်။ သို့သော် ငွေကြေးပမာဏများပြားလာခြင်းတို့ကြောင့် ကျန်းဖင်းရှိူ့သည် နောက်ဆုံးတွင် အခြားလစာပိုရသည့်အလုပ်တစ်ခုခုကိုလုပ်ရန် ကားရေဆေးဆိုင်မှအလုပ်ထွက်ခဲ့ရ၏။
ဆရာချန်း စောနလေးတင်မှ ပေါ်ထွက်လာသော သူ့မကျေနပ်ချက်များက ရုတ်တရက်ပျောက်သွားသည်ဟု ခံစားလိုက်ရသည်။
" အဟမ်း၊ ငါဘာမှမလုပ်ခဲ့ဘူး။ "
အစပိုင်းမှာ သူက ယန်ကျင်းဇီအပေါ် မကောင်းတဲ့အမြင်တစ်ခုရှိခဲ့ပေမယ့် အခု သူက ရိုးရိုးသားသား ကျေးဇူးတင်ခံလိုက်ရသည့်အတွက် သူ အနည်းငယ် သံသယမဝင်မိဘဲ မနေနိုင်တော့ချေ။ သူ ဒီကောင်လေးအပေါ် အထင်မှားမိတာလား?
ဒီအချိန်တွင် ကျန်းဖင်းရှိူ့ ပြန်ရောက်လာခဲ့သည်။
ကျန်းဖင်းရှိူ့သည် သူ့လက်များကိုဆေးပြီးပြီဖြစ်သော်လည်း မပြောင်သေးသည့် အနက်ရောင်ဆီအချို့ရှိနေသေးသည်။ သူ့လက်ကို နောက်တွင်ဖွက်ထားလိုက်ကာ ယန်ကျင်းဇီအား သေသေချာချာကြည့်လိုက်သည်။
"အစ်ကိုကြီး...အစ်...အစ်ကိုက ကျွန်တော့်ကို ဘာလို့လာတွေ့တာလဲ "
" ကိုယ် ကျောင်းစာကိုအမှီလိုက်ဖို့ အရင်ကအရမ်းအလုပ်များနေခဲ့လို့ မင်းကိုလာမတွေ့နိုင်ခဲ့ဘူး။ အခု ကိုယ့်မှာ အားလပ်ချိန်နည်းနည်းရှိလာပြီ။ ဒါကြောင့် မင်းကို လာတွေ့တာ။ "
ယန်ကျင်းဇီ ရှင်းပြလိုက်သည်။
" ကိုယ် မင်းအတွက် စားစရာတွေနဲ့အ၀တ်တွေယူလာခဲ့တယ် "
" အစ်ကိုကြီး၊ ကျွန်တော် အဲဒါတွေမလိုပါဘူး။ အစ်ကို...အစ်ကိုကြီးပဲ ဝတ်ပါ။ "
" ကိုယ့်မှာ အဝတ်အစားအလုံအလောက်ရှိတယ်။ ဒါတွေကို မင်းအတွက်ယူလာပေးခဲ့တာ။ မင်း အဲဒါတွေကို၀တ်ဖို့ သတိရရမယ်၊သိလား? "
ယန်ကျင်းဇီက အသံတိုးတိုးနှင့်ဆိုလိုက်သည်။
" မင်းအဲဒါတွေမဝတ်ရင် ကိုယ့်ကိုမကြိုက်လို့ပဲ။ ပြီးရင် ကိုယ်ကဝမ်းနည်းရလိမ့်မယ်။ "
ကျန်းဖင်းရှိူ့ ရှက်သွေးဖြာသွားကာ
" ကျွန်တော်ကြိုက်... "
" ကိုယ်သိတယ်။ "
ယန်ကျင်းဇီက ဆက်ပြောသည်။
" မင်းရဲ့ဝတ်စားပုံက ပိုကောင်းလာရင် ကိုယ်မင်းကိုပိုကြိုက်လာလိမ့်မယ်။ "
ကျန်းဖင်းရှိူ့၏မျက်နှာသည် ပိုပိုပြီးနီရဲလာတော့သည်။
ယန်ကျင်းဇီက ထပ်ပြောသည်။
" ကိုယ် သရေစာမုန့်တွေယူလာခဲ့တယ်။ မင်းစားဖို့သတိရရမယ်။ နောက်တစ်ပတ် ကိုယ် ထပ်လာခဲ့မယ်။ အကယ်၍ ကိုယ် နောက်တစ်ပတ်လာတွေ့တယ့်အထိ မင်း အဲ့သရေစာမုန့်တွေကိုစားလို့မကုန်သေးရင် ကိုယ် မင်းကို နောက်တစ်ခေါက် လာထပ်တွေ့တော့မှာမဟုတ်ဘူး။ "
ကလေးတွေ သရေစာအများကြီးစားတာမကောင်းပေ။ ဒါပေမယ့် ကျန်းဖင်းရှိူ့သည် ဒီလိုသရေစာမုန့်တွေကို တစ်ခါမှ မစားဖူးချေ။ ဒီလောက်လေးနည်းနည်းစားတာက တကယ်ပဲ ဘာမှဖြစ်မှာမဟုတ်ဘူး။
ကျန်းဖင်းရှိူ့မစားချင်မှာကို ကြောက်တဲ့အတွက် သူ အဲ့လိုမျိုးပြောလိုက်ရတာပင်။
" ကျွန်တော် အကုန်ကုန်အောင်စားလိုက်ပါ့မယ်။ "
ကျန်းဖင်းရှိူ့က လမ်းပေါ်ထွက်ပြီး ပျော်ပျော်ကြီး ကခုန်နေဖို့ မစောင့်နိုင်တော့ချေ။ ကောင်းလိုက်တာ! နောက်အပတ်လည်း ယန်ကျင်းဇီက သူ့ကိုလာတွေ့မယ်တဲ့!
ကျန်းဖင်းရှိူ့ပျော်နေတာကို ယန်ကျင်းဇီတွေ့တော့ ခေါင်းလေးကိုနူးနူးညံ့ညံ့ပွတ်ပေးချင်သော်လည်း သူ့အချိန်ပိုင်းအလုပ်ကို နောက်ကျနေပြီဖြစ်၍ သူက စကားပဲပြောနိုင်ခဲ့သည်။
" ဖင်းရှိူ့၊ ကိုယ့်မှာကိစ္စလေးတွေရှိသေးလို့ နောက်အပတ်မှထပ်လာခဲ့မယ်။ "
ကျန်းဖင်းရှိူ့ခေါင်းညိတ်လိုက်ပြီး ယန်ကျင်းဇီထွက်သွားသည်ကို ကြည့်နေခဲ့သည်။
ယန်ကျင်းဇီသည် အမြန် ထွက်သွားခဲ့သည်။ ငွေရှာဖို့ သူ စိတ်စောနေလေသည်။
ကျန်းဖင်းရှိူ့သည် ဆယ့်ခြောက်နှစ်သာရှိသေးသည်။ ဒီအသက်အရွယ်က ကျောင်းမှာပညာသင်နေသင့်၏။
ယန်ကျင်းဇီသည် ယနေ့အစောပိုင်းတွင် ပရိုဂရမ်းမင်းစာအုပ်များကိုဖတ်ရန် ကျောင်းသို့ရောက်လာပြီး နောက်အပတ်အထိ သူစာဖတ်မပျက်ပေ။
ထို့နောက် သူ့ဦးနှောက်က တကယ်ကောင်းမှန်း သူသိသွားသည်။ အနည်းဆုံး သူ ပထမနှစ်သင်တန်းများက အရာအားလုံးကိုလျင်မြန်စွာနားလည်သွားပြီး ဒုတိယနှစ်နှင့်အငယ်တန်းသင်တန်းများကိုလည်း သူကိုယ်တိုင်လေ့လာကြည့်ရာ အခက်အခဲမရှိဘဲ ချောချောမွေ့မွေ့နားလည်နေသည်။
ဒါတင်မက သူ လုပ်နိုင်တယ့်အလုပ်အချို့ကို ယူနိုင်တဲ့ ဖိုရမ်တစ်ခုကိုလည်းတွေ့ခဲ့သည်။
ဖိုရမ်တွင် အလုပ်မျိုးစုံရှိသည်။ အချို့သည်အတော်လေးတရားဝင်သည်။ အချို့ကုမ္ပဏီများသည် ပြင်ပမှရသောအစီအစဉ်များကိုလုပ်ရန် ပရိုဂရမ်ရေးဖို့လူများကိုရှာသည်။ အချို့မှာတရားဝင်မဟုတ်ပေ၊ ဥပမာအားဖြင့် ဂိမ်းများကို plug-in* ပြုလုပ်သည့် လူများအားလက်ခံထားသော အလုပ်တစ်ခုရှိသည်။
တရားမ၀င်အလုပ်ကိုလုပ်မည့်အစား ကုမ္ပဏီများ၏ပြင်ပအစီအစဉ်များကို ပရိုဂရမ်ရေးရမည့် ရိုးရှင်းသောအလုပ်အချို့ကို ယန်ကျင်းဇီရွေးခဲ့သည်။
သူသည် လူသစ်တစ်ယောက်ဖြစ်၍ သေချာပေါက်ကို သူရသည့်အလုပ်များက အရမ်းမကောင်းနိုင်။ အလုပ်တွေအကုန်လုံးက ခက်ခဲပြီး ပိုက်ဆံလည်းအများကြီးမရပေ။
ဒါပေမယ့် သူက သည်းခံပြီး ဖြည်းဖြည်းချင်းလုပ်သည်။ သူ့အချိန်တွေအများကြီးကုန်ပြီး ဒေါ်လာရာဂဏန်းပဲရရင်တောင်မှ အဆုံးတွင် ၎င်းသည်ငွေဖြစ်နေတုန်းပင်။
ယန်ကျင်းဇီအလုပ်ရှုပ်နေချိန်တွင် တစ်ဖက်မှာတော့ ကျန်းဖင်းရှိူ့သည် သူ့အတွက် ယန်ကျင်းဇီ၀ယ်ခဲ့သောအဝတ်အစားသစ်တစ်စုံကို ဝတ်နေပြီဖြစ်သည်။ တစ်ခါမှမစားဖူးသော သရေစာမုန့်များကိုလည်း သူစားသည်။
ကျန်းဖင်းရှိူ့တွင် ငယ်ငယ်ကတည်းက အဖေနှင့်အမေမရှိခဲ့သဖြင့် သူသည် အနည်းငယ်ပိန်ပါးပြီး ဘာသိဘာသာနေလာတတ်သည်။ ရွာကကလေးတွေ သူ့ကို ဘယ်တုန်းကစပြီးအနိုင်ကျင့်လဲဆိုတာ သူမမှတ်မိတော့ချေ။ သူတို့တွေက သူ့ကို အခြောက်လို့ အမြဲခေါ်တယ်။ အချို့ကလေးတွေက သူ့ပစ္စည်းတွေကို ခိုးတယ်။ သူ ရေပုံးထမ်းပြီးအိမ်ပြန်လာရင် ရေပုံးကမှောက်ပစ်ခံရသည်။ သူ လမ်းပေါ်မှာလျှောက်လာရင်တောင်မှ တွန်းချခံရသည်။
ထို့အတွက်ကြောင့် သူသည် ပိုပိုပြီးကြောက်တတ်လာကာ introvert ပိုပိုဆန်လာသည်။ သူ လူတွေကိုစကားမပြောရဲတော့ဘူး။ သူ စကားပြောရင်လည်း စကားထစ်လာသည်။
သူ့ဘ၀တွင် သူလုပ်ဖူးသမျှထဲမှာအရဲရင့်ဆုံးက ကျောင်းလွယ်အိတ်တစ်လုံးဝယ်ပြီး ယန်ကျင်းဇီကိုပေးလိုက်တာဖြစ်နိုင်သည်။
ယန်ကျင်းဇီကသူ့ကို ဘယ်တုန်းကမှအနိုင်မကျင့်ဖူးချေ။ အရင်တုန်းက သူအနိုင်ကျင့်ခံရစဥ် ယန်ကျင်းဇီက သူ့ဘက်ကနေ ဝင်ပြောပေးဖူးတယ်!
ထို့ပြင် ယန်ကျင်းဇီသည် အလွန်စမတ်ကျပြီးရုပ်ရည်ချောမောသူဖြစ်၍ ရိုးရှင်းစွာပင် သူ လက်လှမ်းမမှီနိုင်။ သူက ယန်ကျင်းဇီကို အကောင်းဆုံးတွေ အမြဲတမ်းပေးချင်ခဲ့သည်။
ယန်ကျင်းဇီကသူ့ကို ဒီလောက်အများကြီးမကြိုက်ဘူးဆိုတာ သူတကယ်ပဲသိထားသည်။ သူက နှစ်သက်ဖွယ်မကောင်းသည့်လူဖြစ်၍ ယန်ကျင်းဇီက သူ့ကိုမကြိုက်တာ ပုံမှန်ဖြစ်သည်။
ဒါပေမယ့် အခု ယန်ကျင်းဇီက သူ့လက်ကိုကိုင်ပြီး သူ့အတွက် အ၀တ်အစားနဲ့သရေစာတွေ ဝယ်ခဲ့ပေးသည်။ ဒီလိုဆိုရင် ယန်ကျင်းဇီကသူ့ကို နည်းနည်းလေးကြိုက်သေးသည်၊ ဟုတ်တယ်မလား?
ကားဆေးဆိုင်သို့ရောက်ပြီးနောက် ကျန်းဖင်းရှိူ့သည် လူများနှင့်စကားပြောရန် အစမပျိုးရဲခဲ့သော်လည်း မကြာသေးမီက သူ စကားစပြောရဲလာသည်။
အားလပ်ချိန်မှာ ကျန်းဖင်းရှိူ့က ရှောင်ကျန်းကို အမြဲတမ်းစကားပြောသည်။
" အစ်ကိုကျန်း၊ ဒီအနွေးထည်က အရမ်းနွေးတာပဲ။ ကျွန်တော် ဒီလိုအနွေးထည်မျိုး အရင်ကတစ်ခါမှမဝတ်ဖူးဘူး။ "
ခဏအကြာ သူသည် ဆရာချန်းစီရောက်သွားခဲ့ပြန်သည်။
"ဦးလေးချန်း၊ ဒီနေ့ ကျွန်တော် အထဲမှာပြောင်းဖူးစေ့တွေပါတယ့် ဝက်အူချောင်းစားခဲ့တယ်။ အဲဒါက အရမ်းအရသာရှိတယ်! "
အရင်က သူ အနည်းငယ်ကြောက်ရွံ့သောအစ်ကိုဝမ်ကိုပင် လိုက်ရှာခဲ့သည်။
" အစ်ကိုဝမ်၊ ကျွန်တော့်အစ်ကိုက နောက်အပတ်လည်း သူလာတွေ့မယ်လို့ပြောခဲ့တယ်။ "
တစ်ကြိမ်ထက်ပိုမပြောသော်လည်း သူက အကြိမ်ကြိမ်အပြန်ပြန်အလှန်လှန်ပြောခဲ့သည်။ သူ့ပါးစပ်ထဲသကြားလုံးတစ်လုံးရှိနေရင်တောင်မှ သူ တစ်နေ့ခင်းလုံးပျော်ရွှင်နေလိမ့်မည်။
အခြားသူများ : " ... "
ယန်ကျင်းဇီ ကျန်းဖင်းရှိူ့အတွက် အဝတ်အစားတွေနဲ့ သရေစာမုန့်တွေဝယ်လာတာ သူတို့အတွက် ပုံမှန်ပင်။
ဆရာချန်းသည် အကူအညီမဲ့စွာ
" ငါ့သားကအဲဒီသရေစာမုန့်တွေကိုမစားချင်တော့ဘူး။ အဲ့ညစ်ပတ်ကောင်က အဲလိုအဝတ်အစားတွေကိုလည်း ဘယ်တော့မှမဝတ်ဘူး။ သူက ဖိနပ်ဝယ်ရင်တောင် ဖိနပ်တံဆိပ်ကောင်းကောင်းမှ ဝယ်ဝတ်တာ! "
အစ်ကိုဝမ်နှင့် ရှောင်ကျန်းတို့က သဘောတူညီခဲ့ကြသည်။
ဒါပေမယ့် ကျန်းဖင်းရှိူ့က အရမ်းပျော်နေတာကို မြင်ရတော့ သူတို့က သူ့အပျော်ကိုမဖျက်ဆီးချင်ပေ။ သူတို့က သူတို့အလုပ်တွေကို သူ့စီ အမြဲလိုလိုတွန်းပို့နေတာ။ အခုတော့ သူ့ကိုလုပ်ခိုင်းဖို့ သူတို့ရှက်နေကြသည်။ ဒီကလေးကသနားစရာကောင်းလွန်းတယ်၊ သူတို့ကပါ သူ့ကို ထပ်ပြီးဒုက္ခမပေးချင်တော့ချေ။
သူတို့က ကျန်းဖင်းရှိူ့ကို အလုပ်လုပ်ဖို့မတောင်းဆိုခဲ့ပေမယ့် ကျန်းဖင်းရှိူ့က ကြက်သွေးထိုးခံထားရသလိုမျိုး တစ်နေ့လုံးအလုပ်ကိုမြန်မြန်ဆန်ဆန်လုပ်နေတော့သည်။ သူ့တစ်ကိုယ်လုံး တက်ကြွလန်းဆန်းနေသည်။
သူ့အစ်ကိုကသူ့ကိုလာတွေ့တယ့်အခါ သူက တခြားတစ်ယောက်လို ဖြစ်နေလိမ့်မယ်!
မျက်စိတစ်မှိတ်အတွင်းမှာ တစ်ပတ်ကြာသွားပြီး ယန်ကျင်းဇီက ကျန်းဖင်းရှိူ့ကို သွားထပ်တွေ့ခဲ့သည်။
သန့်ရှင်းသောအဝတ်သစ်များကို ၀တ်ထားသည့် ကျန်းဖင်းရှိူ့သည် အများကြီးပိုမိုတက်ကြွနေပုံပေါ်ကာ သူ(ယန်ကျင်းဇီ)က သူ့ကို ကြည့်လိုက်သောအခါ သူ့မျက်လုံးများက ပိုမိုတောက်ပလာသည်။
ဒီတစ်ခါ ယန်ကျင်းဇီက သူ့အတွက် သန့်စင်ခန်းသုံးပစ္စည်းများအပြင် မျက်နှာလိမ်းခရင်မ်များ၊ လက်လိမ်းခရင်မ်များနှင့် အလားတူပစ္စည်းများ၊ စမတ်ဖုန်းတလုံးတို့ကို ယူလာခဲ့သည်။
ယနေ့ခေတ်တွင် လူတိုင်းလိုလို စမတ်ဖုန်းတစ်လုံးရှိနေပြီဖြစ်သော်လည်း ကျန်းဖင်းရှိူ့တွင် သူ ၁၀ ယွမ်ဖြင့် ဝယ်ထားသော တစ်ပတ်ရစ် ခလုတ်ဖုန်းဟောင်းတစ်လုံးသာရှိသည်။
ဘယ်လိုတောင် ဒီဘက်ခေတ်ကလေးတစ်ယောက်က ခလုတ်ဖုန်းကိုသုံးနေနိုင်ရတာလဲ? အရင်တစ်ခေါက်ကတည်းက ယန်ကျင်းဇီက သူ့ကိုစမတ်ဖုန်းဝယ်ပေးချင်ခဲ့ပေမယ့် သူ့မှာပိုက်ဆံမရှိခဲ့ပါဘူး။ ယခု သူသည် အလုပ်လုပ်ပြီး နောက်ဆုံးတွင် ငွေအနည်းငယ်ရကာ ကျန်းဖင်းရှိူ့အတွက် စမတ်ဖုန်းတစ်လုံးကို ၀ယ်လိုက်သည်။
ကလေးများစွာသည် ယွမ် ၆၀၀ တန် စမတ်ဖုန်းကို အထင်သေးပေမယ့် ကျန်းဖင်းရှိူ့သည် အလွန်အံ့သြသွားပြီး အစက ကိုင်တောင်မကိုင်ဝံ့ပေ။
ထိုနေ့ ယန်ကျင်းဇီ ကားရေဆေးဆိုင်ကို စောစောသွားခဲ့သည်။ တစ်မနက်လုံး သူဆိုင်မှာနေကာ ဧည့်သည်မရှိသည့်အခါတွင် ကျန်းဖင်းရှိူ့အား လက်ကိုင်ဖုန်းကိုသုံးနည်း သင်ပေးသည်။ သူ ကျန်းဖင်းရှိူ့အတွက် အမျိုးမျိုးသော app များကိုလည်းသုံးနည်းသင်ပေးကာ သူနဲ့လည်း သူငယ်ချင်းများအဖြစ်ထည့်ထားလိုက်သည်။
မပြန်ခင် သူက ပြောခဲ့သည်။
" အမြဲလိုလို အတန်းချိန်တွေရှိနေတယ့်အတွက် မင်း ကိုယ့်ကိုဖုန်းခေါ်ရင်မဖြေနိုင်လောက်ဘူး။ မင်းမက်ဆေ့ခ်ျပို့ထားလို့ရတယ်။ အတန်းပြီးရင် ကိုယ်ဖတ်လိုက်မယ်။ "
ကျန်းဖင်းရှိူ့ကို သူ့နှလုံးသားကနေ နက်နက်ရှိုင်းရှိုင်းကို ကြိုက်တယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ သူကဆင်းရဲလွန်းနေပြီး ကျန်းဖင်းရှိူ့ကိုလာတွေ့ဖို့လည်း ရှက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သူတို့ရဲ့မိုဘိုင်းလ်ဖုန်းတွေနဲ့ ပိုဆက်သွယ်နိုင်ကာ တစ်ယောက်အကြောင်းကိုတစ်ယောက် အချင်းချင်းအရင်သိလာနိုင်သည်။
ယန်ကျင်းဇီသည် ကျန်းဖင်းရှိူ့နှင့်တွေ့ပြီး ပြန်လာသည့်နှင့် သူသည် နောက်တစ်ခေါက် အလုပ်ထဲသူ့ကိုယ်သူမြှုပ်နှံထားလိုက်တော့သည်။
အခြားတစ်ဖက်တွင် ကျန်းဖင်းရှိူ့သည် ရှောင်ကျန်းထံသို့ချဉ်းကပ်လာသည်။
" အစ်ကိုကျန်း၊ ကျွန်တော့်အစ်ကိုက ကျွန်တော်အတွက် ဖုန်းအသစ်ဝယ်ပေးတယ်။ အဲ့ဒါက မိုဘိုင်းဖုန်းအသစ်ကြီး! "
ရှောင်ကျန်း : " ... "
ယွမ် ၆၀၀ ဆဲလ်ဖုန်းဆိုတာဘာလဲ? သူ့ကိုယ်ပိုင်ဆဲလ်ဖုန်းကတောင် ယွမ်ထောင်ချီတန်တယ်ဟ!
____
*ပရိုဂရမ်းမင်း - programming က code ရေးတာပါ။ YouTube, Facebook အကုန်လုံးက code တွေနဲ့ရေးထားတာပါ။
*အညစ်ခံ - အဝတ်တွေကို စက်ဆီတွေမပေအောင်လို့ ကားပြင်တယ့်သူတွေ အပေါ်ကနေထပ်ဝတ်တယ့် အပေခံအဝတ်ကြီးတွေပါ။
*plug-in - ဒါကတော့ မူရင်းပရိုဂရမ်ကို မပြောင်းဘဲ ကုတ်အသစ် ထပ်ပေါင်းထည့်ရေးတာပါ။
ရှင်းပြတာနားမလည်ရင် မေးလို့ရပါတယ်။ ပြီးတော့ ဒါလေးက No Drama ပါ။ အေးအေးဆေးဆေး ongoing လိုက်ဖတ်လို့ရပါတယ် (。•̀ᴗ-)✧
____