ဘဲကင်ကိုပို့ပြီးတစ်လအကြာမှာ ကျန်းဖင်းရှိူ့ရဲ့အဖွားက မတော်တဆမှုတစ်ခုဖြစ်လိမ့်မယ်ဆိုတာ ယန်ကျင်းဇီသိခဲ့သည်။
မူလဇာတ်ကြောင်းအရ ကျန်းဖင်းရှိူ့၏အဖွားသည် လယ်ယာလုပ်ငန်းခွင်ဝင်နေစဉ် သူ(မ)၏ခြေထောက်ရုတ်တရက် မတော်တဆကျိုးသွားခဲ့သည်။ ဆောင်းရာသီချိန်တွင် သူ(မ)သည် မြေပြင်ကနေ ချက်ချင်းပြန်မထနိုင်ခဲ့ချေ။ နောက်ဆုံး သူ(မ)ကို ရှာဖွေတွေ့ရှိခဲ့သည့်အချိန်မှာလည်း အတော်လေးကြာမြင့်နေခဲ့ပြီဖြစ်၏။
တကယ်တော့ အဖွားအိုသည် အရမ်းအသက်မကြီးသေးပေ၊ အသက် ၆၀ သာရှိသေးသည်။ သို့သော် သူ(မ)၏ဘဝသည်အလွန်ခက်ခဲသဖြင့် သူ(မ)၏ကျန်းမာရေးအခြေအနေသည်လည်း ထိခိုက်ခဲ့ရသည်။ သူ(မ)ခြေထောက်ကျိုးသွားပြီးနောက် သူ(မ)သည် မြေပြင်ပေါ်တွင်လဲကာ အေးခဲနေခဲ့ရသောကြောင့် အအေးမိပြီးဖျားခဲ့သည်။ ကျန်းဖင်းရှိူ့စီ သတင်းရောက်လာသောအခါ သူသည် မူလပိုင်ရှင်အားဖုန်းခေါ်ခဲ့သော်လည်း မူလပိုင်ရှင်ကဖုန်းမကိုင်ခဲ့ချေ။ အဆုံးမှာတော့ သူ(မ)ကိုဆေးကုသဖို့ သူတစ်ယောက်တည်းပြန်သွားခဲ့ပေမယ့် လုံးဝပျောက်ကင်းအောင်မကုသနိုင်ခဲ့ပါဘူး။
ကျန်းဖင်းရှိူ့ကသူ(မ)ကို စိုးရိမ်၍ သူ(မ)ကို မြို့ထဲခေါ်လာပြီး နေထိုင်ဖို့အိမ်တစ်လုံးငှားခဲ့သည်။ ဒါကြောင့် သူကပိုက်ဆံကုန်သွားပြီး မူလပိုင်ရှင်၏ နေထိုင်စားသောက်စရိတ်ကို အချိန်မီမပေးချေနိုင်ခဲ့တော့ဘူး။
မူလပိုင်ရှင်သည် သူ၏အတန်းဖော်များထံမှ ဒေါ်လာရာဂဏန်းချေးယူနိုင်သလို သူ့ကိုယ်သူထောက်ပံ့ဖို့လည်း အချိန်ပိုင်းအလုပ်တစ်ခုခုကိုရှာနိုင်သည်။ သို့ရာတွင် သူက ပိုက်ဆံချေးရတာက အရမ်းရှက်ဖို့ကောင်းပြီး အချိန်ပိုင်းအလုပ်ရှာခြင်းကလည်း သူ့အဆင့်ကိုထိခိုက်စေလိမ့်မည်ဟု တွေးခဲ့သည်။ နောက်ဆုံး ကျန်းဖင်းရှိူ့ကိုသွားရှာပြီး အတူအိပ်သည့်နည်းလမ်းနှင့် ကျန်းဖင်းရှိူ့ကို ငွေဆက်ပေးရန်ချော့သည်။
ဒါကြောင့် နောက်နှစ်သစ်မှာ အသက် ၁၆ နှစ်အရွယ် ကျန်းဖင်းရှိူ့သည် ဟိုတယ်ကြီးကြီးတစ်ခုမှာ မနက်ကနေညနေအထိ အလုပ်လုပ်ရတော့သည်။ သူတစ်ယောက်တည်း လူနှစ်ယောက်စာအတွက် ငွေရှာဖို့ အလုပ်လုပ်ရသည်။ နောက်ထပ်နှစ်များတွင်လည်း သူ့တွင် အားလပ်ချိန်ဆိုသည်မှာ ရှိမနေတော့၊ မူလပိုင်ရှင်အတွက် ငွေရှာနေစဉ် သူ၏နေမကောင်းသော ခြေဆွံ့အဖွားကို ရှာကျွေးရသည်။
အဖွားကျန်းရဲ့ခန္ဓာကိုယ်ကလည်း ဒီအချိန်နောက်ပိုင်းမှာ ပိုပိုဆိုးလာတယ်။ မူလပိုင်ရှင်ကအလုပ်လုပ်ပြီး ကျန်းဖင်းရှိူ့ကိုဖယ်ရှားပစ်ဖို့ဆုံးဖြတ်လိုက်တဲ့အခါ သူ(မ) အူအတက်ရောင်သည်။
အူအတက်ရောင်ခြင်းသည် ခွဲစိတ်မှုတစ်ခုတည်းဖြင့်ပျောက်ကင်းနိုင်သည့် အလွန်တွေ့ရများသောရောဂါတစ်မျိုးဖြစ်သော်လည်း အဖွားအိုသည် ထိုဝေဒနာကို တိတ်တိတ်လေး ကြိတ်ခံစားခဲ့သည်။ သိတယ့်အခါမှာတော့ အူအတက်ရောင်ခြင်းသည်အလွန်ပြင်းထန်နေပြီ။ ခွဲစိတ်မှုသည် ငွေကြေးများစွာကုန်ကျသည်။ ကျန်းဖင်းရှိူ့တွင် စုဆောင်းထားသောငွေများမရှိချေ။ ထိုအချိန်တွင် သူ့မှာ မူလပိုင်ရှင်အတွက် မျှော်လင့်ချက်အချို့ရှိနေသေး၍ သူသည် မူလပိုင်ရှင်အားငွေချေးပေးရန် မိုက်မဲစွာတောင်းဆိုခဲ့သည်။
မူလပိုင်ရှင်သည်ရက်စက်လွန်းသည်။ ကျန်းဖင်းရှိူ့က သူ့ကိုသွေးဆောင်ဖြားယောင်းပြီး အနှောင့်အယှက်ပေးနေတယ်လို့ ကျန်းဖင်းရှိူ့အား စွပ်စွဲပြောဆိုသည်။ သူ့ကောင်မလေးနှင့်အတူတူပူးပေါင်းကြံစည်ကြပြီး သူတို့က ကျန်းဖင်းရှိူ့ကိုလုံးဝဖယ်ထုတ်နိုင်ဖို့ လူတစ်ယောက်ရှာပြီး ကျန်းဖင်းရှိူ့ရဲ့ခြေထောက်ချိုးခိုင်းခဲ့သည်။
ကျန်းဖင်းရှိူ့နှင့်သူ၏အဖွား နှစ်ယောက်လုံး အသက်မရှင်ခဲ့ပါ။
ယန်ကျင်းဇီသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ကွန်ပျူတာရှေ့တွင် ကြိုးစားပမ်းစားအလုပ်လုပ်သည်။
မူလပိုင်ရှင်သည် တကယ့်လူအမှိုက်ကောင်စစ်စစ် ဖြစ်သည်။ သူ ဒေါသထွက်လာသည်။ သူ ဒီကိစ္စတွေဖြစ်လာမှာကို ခွင့်မပြုနိုင်ချေ။
ယခု သူသည် ကျောင်းအပြင်ဘက်တွင် အချိန်ပိုင်းအလုပ်များဆက်လက်လုပ်နေသည်။ နောက်ဆုံးတော့ ဒါကပုံမှန်ဝင်ငွေပဲ။ ဒါ့အပြင် သူက အွန်လိုင်းအလုပ်အကိုင်တွေ ပိုပိုပြီးရလာသည်။
အစပိုင်းတွင် သူသည် အရိုးရှင်းဆုံးအလုပ်များကိုသာလုပ်နိုင်သည်။ သို့သော် သူအများကြီးသင်ယူပြီးနောက် အခု သူ ပိုခက်တယ့်အလုပ်တွေကို လုပ်နိုင်နေပြီ။ အလုပ်ကပိုခက်လေလေ၊ အလုပ်တစ်ခုပြီးရင်တစ်ခုပြီးသလောက် ပိုက်ဆံက ဒေါ်လာထောင်ချီပိုပိုရလာလေလေ ဖြစ်သည်။
သေချာတာပေါ့၊ ၎င်းသည် လုပ်ရန်လွယ်ကူသည်မဟုတ်ပါ။ ဒုတိယအပတ်အတွင်း ယန်ကျင်းဇီသည် တစ်နေ့လျှင် ၄ နာရီမှ ၅ နာရီသာအိပ်ခဲ့ရသည်။
နောက်ဆုံးမှာတော့ သူ့လက်ထဲ ယွမ် ၆၀၀၀ ရှိလာသည်။
သူ အိမ်တစ်လုံးကိုရှာဖွေခဲ့ပြီး ကျောင်းအနီးရှိရပ်ကွက်ဟောင်းတစ်ခုတွင် အိပ်ခန်းနှစ်ခန်းပါဝင်သောတစ်ထပ်အိမ်တစ်လုံးကို တစ်လလျှင် ယွမ် ၁၅၀၀ ဈေးဖြင့် ငှားရမ်းခဲ့သည်။ ထို့နောက် သူ ကျောင်းမှခွင့်ယူလိုက်သည်။ ဗုဒ္ဓဟူးနေ့ညတွင် သူ့အချိန်ပိုင်းအလုပ်ပြီးတာနဲ့ အိမ်ပြန်ရထားစီးသွားခဲ့သည်။
တစ်ညလုံးမအိပ်ခဲ့သော ယန်ကျင်းဇီသည် ကြာသပတေးနေ့မွန်းလွဲပိုင်းတွင် သူ၏ဇာတိမြို့သို့ပြန်ရောက်လာခဲ့သည်။
အဖွားကျန်းရဲ့ခြေထောက်ကျိုးတဲ့အချိန်အတိအကျကို မူလပိုင်ရှင်ကမမှတ်မိတဲ့အတွက် သူ တတ်နိုင်သမျှစောစောပြန်လာခဲ့ခြင်းပင်။
ရွာကိုပြန်ရောက်လာပြီး ယန်ကျင်းဇီ ပထမဆုံးလုပ်ခဲ့သည့်အရာမှာ ကျန်းဖင်းရှိူ့၏အိမ်ကိုသွားခြင်းဖြစ်သည်။
အဖွားကျန်းတွင် သွက်လက်ကောင်းမွန်သောခြေထောက်များနှင့်ခြေဖဝါးများရှိနေဆဲဖြစ်ကာ သူ့ကိုမြင်တော့ အဘွားအိုသည် ကြင်နာစွာပြုံးပြလာသည်။
ဤအချိန်တွင် ဤတောင်ခြေရွာငယ်မှလူများအတွက် ယန်ကျင်းဇီသည် သူတို့၏ဂုဏ်ယူဖွယ်ဖြစ်ရုံမက ရွာ၏အလားအလာအကောင်းဆုံးသူလည်းဖြစ်သည်။
ရွာရှိလူများဖြစ်ဖြစ်၊ မူလပိုင်ရှင်၏မိဘများဖြစ်ဖြစ် ယခုအချိန်တွင် သူတို့သည် မူလပိုင်ရှင်ကို အထူးနှစ်သက်ကြသည်။
" ယန်တ*၊ မင်း မြို့မှာစာသွားသင်နေတာ မဟုတ်ဘူးလား? မင်းဘာလို့ပြန်လာတာလဲ? "
အဖွားကျန်းက စိတ်ဝင်တစားမေးလာသည်။
" အဖွားမင်းအတွက် သကြားရည်လုပ်ပေးမယ်။ "
ရွာမှာ ယန်ကျင်းဇီကို ယန်တ လို့ ခေါ်ကြသည်။ ကျန်းဖင်းရှိူ့တွင်လည်း အခြားနာမည်ပြောင်တစ်ခုရှိသည်။
သူတို့တွင် 'ကျင်းဇီ' နှင့် 'ဖင်းရှိူ့' ကဲ့သို့ ကောင်းမွန်သောနာမည်များ ရထားသည်မှာ သူတို့ ငယ်ငယ်တုန်းက စာသင်ဖို့ရောက်လာသည့် ဆရာတစ်ယောက်ကို ကျေးဇူးတင်ရမည်ပင်။
ဆရာရောက်လာပြီးနောက် သူသည် ဆင်းရဲလွန်းသောလူနေမှုပတ်ဝန်းကျင်နှင့် စားနေကျအစားအစာထဲတွင် အသားမပါမှုတို့ကို မနေနိုင်ခဲ့ချေ။ တစ်နေ့လုံး အသားစားရဖို့ စဉ်းစားပြီးနောက် နာမည်ပေးခြင်း ဟူသော အပိုစီးပွားရေးကို စတင်ခဲ့သည်။
မင်းသူ့ကို ကြက်ဥတစ်လုံးပေးနေသရွေ့ သူက ကလေးအတွက် နာမည်ကောင်းကောင်းတစ်ခုကို ရွေးပေးလိမ့်မယ်။ ထိုနှစ်အနည်းငယ်အတွင်း အနီးအနားရှိကျေးရွာများမှ ကလေးများ၏နာမည်များသည် အခြေခံအားဖြင့် သူ့စီမှလာသည်။
သူသည် ယန်ကျင်းဇီ၏စိတ်ကိုလည်း လွှမ်းမိုးနိုင်ခဲ့ကာ ထို့ကြောင့်ပင် ယန်ကျင်းဇီသည် ငယ်စဉ်ကတည်းက အပြင်ထွက်ပြီး မြို့တွင်နေထိုင်ချင်ခဲ့သည်။
" အဖွားကျန်း၊ ဖင်းရှိူ့က ကျွန်တော့်ကို အဖွားကိုလာခေါ်ခိုင်းလိုက်တယ်။ "
ယန်ကျင်းဇီကပြောသည်။
" ဖင်းဟွာက မင်းကိုလာကြိုခိုင်းလိုက်တာလား? ငါက အဲ့မှာဘာလုပ်ရမှာလဲ? "
အဖွားကျန်း အံ့သြသွားသည်။
"သူက မြို့မှာ အလုပ်ရသွားပြီ။ အိမ်တစ်လုံးငှားပြီး အဖွားကို သူနဲ့အတူနေစေချင်တာ။ "
ယန်ကျင်းဇီက ပြောလိုက်သည်။
အဖွားကျန်းက မဆိုင်းမတွငြင်းဆိုခဲ့သည်။
" ငါက ဘယ်လိုလုပ် မြို့မှာနေနိုင်မှာလဲ? ငါ့တစ်သက်လုံး မြို့ကိုတစ်ခါမှမရောက်ဖူးတယ့်အပြင် မြို့ကိုသွားရင်တောင်မှ အိမ်မှာဘာလုပ်နေရမှာလဲ? "
အဖွားကျန်းသည် သူ(မ)၏ဘဝတစ်လျှောက်လုံး ရွာငယ်လေးတစ်ရွာတွင်နေထိုင်ခဲ့ပြီး အဝေးဆုံးဆို၍ မြို့လေးကိုသာ ရောက်ဖူးသော သာမန်ကျေးလက်အမျိုးသမီးတစ်ဦး ဖြစ်သည်။ မြို့ကြီးကိုသွားဖို့လည်း မရည်ရွယ်ထားပေ။
ယန်ကျင်းဇီသည် ဤအချက်ကိုမျှော်လင့်ပြီးသားပင်။
" အဖွား၊ ဖင်းရှိူ့က မြို့ကြီးမှာ သူ တစ်ယောက်တည်းဖြစ်နေတာ။ သူ့ကိုထမင်းချက်ကျွေးမယ့်သူလည်း မရှိဘူး၊ သူ့ကို စကားပြောမယ့်သူတောင် မရှိဘူး။ သူ မင်းကိုအရမ်းသတိရနေတာ ... "
ယန်ကျင်းဇီသည် ကျန်းဖင်းရှိူ့၏ လက်ရှိဘဝအခြေနေကို ပြောပြလိုက်သည်။ အဖွားကျန်းကို သူနှင့်အတူလိုက်ခဲ့အောင် စည်းရုံးသိမ်းသွင်းနိုင်ဖို့အရေး သူ့လေသံနှင့် စကားလုံးများက အရမ်းကိုခါးခါးသီးသီးဖြစ်နေခဲ့သည်။
တကယ်တော့ အဖွားအိုတစ်ဦးသည် ရင်းနှီးသောနေရာမှထွက်ခွာပြီး သူ(မ)လုံးဝမသိသောနေရာသို့သွားခြင်းသည် မကောင်းပေ။ ဒါပေမယ့် အဖွားကျန်းက အသက်ကြီးလာပြီး သူ(မ)ရဲ့ ကျန်းမာရေးကလည်း သိပ်မကောင်းဘူး။ အကယ်၍ သူ(မ) ဒီမှာပဲဆက်နေနေမယ်ဆိုရင် သူ့မှတ်ဉာဏ်တွေထဲကအတိုင်း သူ(မ)မှာ မတော်တဆမှုတစ်ခုဖြစ်လာလိမ့်မယ်။
ဒါ့အပြင် သူ့မှာ နောက်ထပ်စိတ်ကူးတစ်ခုရှိသည်။ သူက ကျန်းဖင်းရှိူ့ကို အလုပ်မလုပ်ဘဲ စာဆက်လေ့လာစေချင်သည်။
ကျန်းဖင်းရှိူ့သာ စာဆက်လေ့လာမယ်ဆိုရင် အဖွားကျန်းကိုအဖော်ပြုပေးနိုင်ပြီး အဖွားကျန်းလည်း အရမ်းအထီးကျန်တော့မှာမဟုတ်ဘူး။
အဖွားကျန်း၏ခင်ပွန်းသည် စောစီးစွာ ဆုံးပါးသွားသဖြင့် သူ(မ)က သူ(မ)၏ သားအတွက် အလုပ်ကြိုးစားခဲ့သည်။ သူ(မ)၏ သားနှင့်ချွေးမတို့ ဆုံးသွားပြီး ကျန်းဖင်းရှိူ့တစ်ဦးတည်းသာကျန်ရစ်ခဲ့သည်။ ရွာသားများက သူ(မ)သည်တံမြက်စည်းကြယ်တစ်ပွင့်* လို့ ပြောကြပြီး သူ(မ)နှင့် အဆက်အသွယ်မလုပ်ချင်ကြပေ။ သူမမှာလည်း သူငယ်ချင်းမရှိဘူး။
သူ(မ)နှင့် ရင်းနှီးသောနေရာမှ မထွက်ခွာချင်သော်လည်း မြေးဖြစ်သူက သူ(မ)ကို မြို့ကိုလာချင်စေကြောင်း ကြားလိုက်ရပြီးနောက် သူ(မ) နောက်ဆုံးတွင် သွားရန်ဆုံးဖြတ်ခဲ့သည်။
အဖွားအိုကို ဖျောင်းဖျရတာက လွယ်ကူသည် ဟု ဆိုနိုင်သည်။ သူ(မ)က ကျန်းဖင်းရှိူ့ကို ဖုန်းတစ်ခါမဆက်ဘဲ သူနှင့်အတူထွက်သွားရန် သဘောတူလိုက်သည်။ ယန်ကျင်းဇီက အဖွားအိုကို သူ(မ)ပစ္စည်းများကို သိမ်းခိုင်းလိုက်ပြီး သူ့အိမ်ကိုပြန်ခဲ့သည်။
မူလပိုင်ရှင်မိသားစုသည် ကျန်းဖင်းရှိူ့၏မိသားစုကဲ့သို့ ဆင်းရဲပြီး အခြားအကြွေးများစွာကိုလည်း အကြွေးတင်နေဆဲဖြစ်သည်။
မသန်စွမ်းစုံတွဲတစ်တွဲ ကလေးလေးယောက်ကို ထောက်ပံ့ရတာ မလွယ်ဘူး!
ပြောရရင်တော့ မူလပိုင်ရှင်ရဲ့ရလဒ်ကောင်းများကြောင့် မူလပိုင်ရှင်၏မိသားစု အသက်ရှင်နေသေးတာ ဖြစ်သည်။ သူ့မှာ အနာဂတ်ကောင်းကောင်းရှိလာမယ်လို့ လူတိုင်းကခံစားရသည့်အတွက် အကြွေးရှင်တွေက အိမ်တံခါးဝအထိလာပြီး ပိုက်ဆံလာမတောင်းကြချေ။
မူလပိုင်ရှင် တက္ကသိုလ်မှဘွဲ့ရပြီးသောအခါ သူသည် အကြွေးကိုကျိန်းသေဆပ်နိုင်လိမ့်မည်ဟု လူတိုင်းထင်ကြသည်။ မူလပိုင်ရှင်မိသားစုအတွက် အကြွေးတွေက အများကြီးဖြစ်နေပေမယ့် တကယ်တမ်း ၇၀၀၀၊ ၈၀၀၀ လောက်ပဲရှိသည်။
ဒါပေမယ့် မူလပိုင်ရှင် အမှိုက်ကောင်ကတော့ တကယ့်ကို တစ်ကိုယ်ကောင်းဆန်လွန်းလှသည်။
ဟိုးကလေးဘဝကတည်းက သူ့မိဘများကိုဘယ်လိုသဘောကျစေမလဲ ဆိုတာကို သိနေပြီး သူ့မောင်နှမများနှင့်လည်း ယှဉ်ပြိုင်သည်။ သူ ကျောင်းစတက်ပြီးနောက် စာဖတ်မည်ဟု ဆင်ခြေပေးကာ လယ်ယာလုပ်ငန်းကိုဘယ်တော့မှမလုပ်ခဲ့ပေ။
သူသည် အဆင့်ကောင်းကောင်းရပြီး သူ့မိသားစုဝင်များက သူ့ကိုအလွန်ထောက်ခံသော်လည်း သူက ၎င်းကိုတန်ဖိုးမထားချေ။ သူ့မိသားစုဝင်များသည် သူ့ကိုဆွဲချနေသည်ဟု အမြဲထင်နေခဲ့သည်။
လှပချမ်းသာသည့်မိန်းမပျိုလေးနှင့် အလုပ်ကောင်းကောင်းရခဲ့ပြီးနောက် မူလပိုင်ရှင်သည် မိသားစုနှင့်အဆက်အသွယ် လုံးဝဖြတ်လိုက်၏။
နောက်ပိုင်းတွင် မူလပိုင်ရှင်၏မိဘများ နေမကောင်းဖြစ်လာပြီး ညီငယ်၊ညီမငယ်များသည် မူလပိုင်ရှင်ကိုတောင် ရှာမတွေ့နိုင်။ ဤမိသားစု၏ကံကြမ္မာသည် ကျန်းဖင်းရှိူ့ထက် အနည်းငယ်ကောင်းမွန်ရှာသည်။
ကျိန်းသေပေါက် မူလပိုင်ရှင်က ဒီလိုအမှိုက်ကောင်မျိုးဖြစ်နေမှတော့ သူ့အဆုံးသတ်ကလည်း မကောင်းခဲ့ဘူး။
မူလပိုင်ရှင်က ကျန်းဖင်းရှိူ့၏ ခံစားချက်များကို ဖော်ထုတ်နိုင်ပြီး ကျန်းဖင်းရှိူ့နှင့်အတူအိပ်နိုင်သည်မှာ ကျန်းဖင်းရှိူ့နှင့် အတူတူမို့ပင်၊ သူကလည်း ယောကျာ်းလေးများကို ကြိုက်သည်။
သူသည် မိန်းမပျိုလေးကလှပချမ်းသာ၍ ပိုးပန်းခဲ့သည်။ အစပိုင်း လှပချမ်းသာသည့်မိန်းမပျိုလေးနှင့်အတူရှိနေတုန်း သူသည် ပြီးပြည့်စုံသောရည်းစားဖြစ်ခဲ့သည်။
ဒါပေမယ့် သူတို့လက်ထပ်ပြီး ကလေးတွေရှိလာပြီးတဲ့နောက် လှပချမ်းသာသည့်မိန်းမပျိုက ပိတ်လှောင်ထားတယ်လို့ထင်လာကာ ငယ်ငယ်ရွယ်ရွယ် ကောင်လေးတွေကို စဉ်းစားရင် နောက်ဆုံး ဖောက်ပြန်တော့သည်။
သို့သော် လှပချမ်းသာသည့်မိန်းမပျိုလေးကို ရန်စ၍ ကောင်းမလာနိုင်ပေ။ သူ(မ)သည် မူလပိုင်ရှင်ထင်သည့်အတိုင်းမဟုတ်။ လက်ထပ်ပြီးကလေးတွေရှိနေတာနဲ့ပဲ သူ(မ) သူ့ကိုအစားထိုးလို့မရတော့ဘူးလား? ဤမိန်းမပျိုသာ အဆိပ်မပြင်းလျှင် သူ့ကို နှောင့်ယှက်မှုနှင့် ကျန်းဖင်းရှိူ့ကို မသန်စွမ်းဖြစ်သွားစေမှာ မဟုတ်ဘူး။
နောက်ဆုံးတွင် မူလပိုင်ရှင်သည် အိမ်မှမောင်းချခံလိုက်ရကာ အရိုက်ခံရပြီး မသန်စွမ်းတစ်ဦးဖြစ်သွားသည်။ သူ့ကလေးများသည် သူ့ကို အဖေအဖြစ် အသိအမှတ်မပြုခဲ့ချေ။ အဆုံး၌ သူသည် သူ့ဘဝကိုဆုံးရှုံးလိုက်ရပြီး တစ်ယောက်တည်းသေဆုံးခဲ့သည်။ သူ့စရိတ်နှင့်သူသွားသည် ဟု ဆိုနိုင်သည်။
သို့ရာတွင် အခု သူ ကူးပြောင်းလာပြီးပြီဖြစ်ရာ သူ သေချာတာကတော့ ဒီလိုလုပ်မှာမဟုတ်ဘူး။
ယန်ကျင်းဇီသည် အိမ်ထဲကိုဝင်ကာ သူ့မိဘတွေကို တွေ့လိုက်သည်။
ဤဒုက္ခိတစုံတွဲ၏ အဝတ်အစားများက ကျန်းဖင်းရှိူ့ဟာများထက် ပိုတောဆန်သည်။
ငွေရှာရန်လိုအပ်ကြောင်းကို ယန်ကျင်းဇီသည် နောက်တစ်ခေါက် နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားခဲ့သည်။
" အာ၊ မင်း ဘာလို့ပြန်လာတာလဲ "
ယန်ကျင်းဇီ၏ အဖေက ယန်ကျင်းဇီကို အံ့သြစွာကြည့်လိုက်သည်။
" ကျန်းဖင်းရှိူ့ကသူ့အဖွားကိုခေါ်သွားချင်နေလို့ ကျွန်တော်ကူညီခဲ့တာ။ "
ယန်ကျင်းဇီ ပြန်ဖြေလိုက်သည်။
" သူ ကျွန်တော်ကို ပြန်လာဖို့ ပိုက်ဆံနည်းနည်းပေးထားတယ်။ "
" သူက သူ့အဖွားကိုခေါ်ထားပြီး ဘာလုပ်မလို့လဲ? "
အဖေယန်သည်လည်း အဖွားကျန်းကဲ့သို့ နားမလည်ချေ။
" သူ့အဖွားတစ်ယောက်တည်း နေရတာ ဒုက္ခရောက်မှာကို သူကြောက်တာ။ "
ယန်ကျင်းဇီကရှင်းပြပြီး သူ့အဖေကို ဒေါ်လာတစ်ထောင်ပေးခဲ့သည်၊ ကျန်းဖင်းရှိူ့ သူ့ကိုပေးလိုက်တယ်လို့ ပြောရင်းပေါ့။
" ဒါကို ဖင်းဟွာက မင်းကို ပေးလိုက်တာ?! "
ဒေါ်လာတစ်ရာတန် ငွေစက္ကူဆယ်ရွက်ကိုမြင်သောအခါ အဖေယန်၏လက်များသည် တုန်နေခဲ့သည်။ သူ့တစ်ဘဝလုံး ဒီလောက်ပိုက်ဆံအများကြီးကို သူ တစ်ခါမှမမြင်ဖူးဘူး။
သူ့ကိုဒီလိုမြင်ရတာ ယန်ကျင်းဇီ အနည်းငယ် စိတ်မသက်မသာခံစားရသည်။ မူလပိုင်ရှင်သည် အပြင်ဘက်တွင်အေးချမ်းသောဘဝဖြင့် နေထိုင်စဉ်အခါက သူ့မိသားစုအကြောင်းကို တစ်ခါမှမတွေးခဲ့ပေ။
" သူက အလုပ်ရနေပြီ။ အဲ့တာမို့လို့ သူ့မှာ ပိုက်ဆံအချို့ရှိတယ်။ ဖေဖေ၊ ဒီပိုက်ဆံနဲ့ ကျန်းမိသားစုရဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို ဝယ်လိုက်ပြီးတော့ ကျန်းမိသားစုရဲ့ လယ်မြေကို ငှားထားလိုက်ပါ။ အဖွားကျန်းက အနာဂတ်မှာ ပြန်မလာလောက်တော့ဘူး။ "
ယန်ကျင်းဇီ သူ့အဖေကိုအကြံပေးလိုက်သည်။ သူတို့မှာ လယ်မြေများနှင့် မွေးမြူရေးတိရစ္ဆာန်များ ပိုများလာလျှင် သူတို့သည်လည်း ပိုပြီးအဆင်ပြေလာနိုင်သည်။ အဖွားကျန်းတွင်လည်း ငွေပိုရလာနိုင်သည်။
အဖေယန်သည် သူ့သားအကြီးဆုံးပြောသောစကားကို အမြဲလိုလို အလွန်နားထောင်လေ့ရှိသည်။ သူက စဉ်းတောင်မစဉ်းစားဘဲ သဘောတူလိုက်ပြီး မေးလာသည်။
" ဖင်းဟွာက အပြင်မှာ ငွေရှာနိုင်တယ်။ မင်းညီမလည်းရှာနိုင်လိမ့်မယ်။ မင်းညီမ ငွေရှာနိုင်အောင် မင်း သူ(မ)ကို မြို့ကိုခေါ်သွားလို့ရလား? "
ယန်ကျင်းဇီတွင် ညီမလေးနှစ်ယောက်နှင့် ညီလေးတစ်ယောက်ရှိသည်။ ညီမအကြီးလေးက သူ့ထက် ၃ နှစ်ငယ်ကာ ၁၆ နှစ်သာရှိသေးပြီး အလယ်တန်းကျောင်း ဒုတိယနှစ် ကျောင်းသူဖြစ်သည်။ ဒုတိယမြောက် ညီမက သူ့ထက် ၅ နှစ်ငယ်ပြီး ၁၄ နှစ်ဖြစ်ကာ ပဉ္ဇမတန်းရောက်ပြီ။ သူ့ညီကတော့ သူ့ထက် ၈ နှစ်ငယ်သည်၊ အသက် ၁၁ နှစ်၊ တတိယတန်း တက်နေသည်။
အမှန်တော့ မူလပိုင်ရှင် တက္ကသိုလ်ဝင်ခွင့်ရတုန်းက သူ့ညီမကို အိမ်ထောင်ပြုခိုင်းပြီး လက်ဖွဲ့ငွေနဲ့ ကျောင်းတက်ဖို့ စဉ်းစားလိုက်သေးသည်။
အဖေယန်နှင့်အမေယန်သည် နည်းနည်းရှေးရိုးစွဲရှိပေမယ့် အဲ့အချိန်တုန်းက တအားအသက်ငယ်နေသေးသော သူ့ညီမငယ်လေးကို လက်ထပ်ခိုင်းရလောက်သည့်အထိ သူတို့က မရူးသေးပေ။ သူ(မ)လေးက ဆယ့်ခြောက်နှစ်တောင်မပြည့်သေးဘဲ အလယ်တန်းကျောင်းလည်း မပြီးသေးပါ။ သူ(မ) ပြဿနာရှာမှာကိုလည်း ကြောက်တာမို့ မူလပိုင်ရှင် သူ့အကြံကိုစွန့်လွှတ်လိုက်သည်။
" ဖေဖေ၊ နှစ်သစ်ကူးမှ ဒီကိစ္စကို ကျွန်တော်တို့ဆွေးနွေးကြမယ်။ အကယ်၍ သူ(မ) ကျွန်တော်နဲ့ အခုလိုက်လာရင် သူ(မ)မှာ နေစရာနေရာမရှိနိုင်ဘူး။ "
ကျင်းဇီရဲ့မှတ်ချက်တွေကအဓိပ္ပာယ်ရှိတယ်လို့ အဖေယန်က တွေးမိပြီး ချက်ချင်းသဘောတူလိုက်သည်။
" နှစ်သစ်မကူးခင် အိမ်ကိစ္စတွေအများကြီးရှိသေးတယ်။ မင်းညီမ မရှိလို့မဖြစ်ဘူး။ နောက်မှထပ်ပြောကြတာပေါ့။ "
အဖေယန်ကခြေဆွံ့နေပြီး သူ့အမေကဆွံ့အနေသည်။ သူတို့မိသားစု၏ မည်မျှ ကြီးကြီးသေးသေး ကိစ္စအားလုံးကို ညီမအကြီးက ကိုင်တွယ်သည်။
ယန်ကျင်းဇီသည် အိမ်မှာခဏပဲနေခဲ့သည်။ သူက အဖွားကျန်းကို သူ(မ)မိသားစုရဲ့မွေးမြူရေးတိရစ္ဆာန်တွေကို သူ့အဖေဆီရောင်းဖို့ တောင်းဆိုခဲ့ပြီးနောက် ညစာမစားဘဲ အဖွားကျန်းကိုခေါ်ပြီး ရွာမှထွက်လာသည်။
ညီမယန်သည် ကျောင်းချိန်ပြီး၍ သူ(မ)၏ ညီမနှင့် မောင်ငယ်တို့နှင့်အတူ အိမ်ပြန်လာရာ တောင်ပေါ်လမ်းတွင်ပင် နှစ်နာရီကြာသဖြင့် သူတို့ အိမ်ပြန်ရောက်သည့်အခါ ယန်ကျင်းဇီက ပြန်သွားပြီဖြစ်၏။
ယန်ကျင်းဇီ အိမ်ပြန်လာသည့်အကြောင်းကို ကြားတော့ ညီမယန် အလွန်အမင်း ထိတ်လန့်သွားသည်။
" သူကတောင် အိမ်ကိုပိုက်ဆံပြန်ပေးခဲ့သေးတယ်?! "
ကျန်းဖင်းရှိူ့ သူ့အစ်ကိုအား အလုပ်ကိစ္စများအတွက် ငွေပေးခဲ့လျှင်ပင် သူ(မ) သိထားသည့် သူ(မ)၏ အစ်ကိုဖြစ်သူသည် မိသားစုကိုငွေပေးမည့်သူမဟုတ်ချေ။
" မင်းအစ်ကိုက မိသားစုကို ပိုက်ဆံပေးသွားတာ ဟုတ်တယ်။ သူက အရမ်းလိမ္မာတယ်။ ကောလိပ်သွားတက်တုန်းကတောင် အိမ်ကို ပိုက်ဆံတစ်ခါမှ မတောင်းဖူးဘူး။ "
အဖေယန်က ပြောခဲ့သည်။ သူ့သားအကြီးဆုံးမှာ ကောင်းမွန်သည့်ဘဝရှိသည် ဟု သူ အမြဲခံစားမိခဲ့သည်။ အပြင်မှာ ကျောင်းတက်နေရပေမယ့် သူ့သားက ဘယ်တော့မှ အိမ်ကို ပိုက်ဆံမတောင်းခဲ့ဘူး။ သူ့သားက ပိုက်ဆံတကယ်လိုချင်တယ်ဆိုရင်တောင် သူတို့မှာ ပေးစရာ ပိုက်ဆံလည်း မရှိပါဘူး။
သူ(မ)အဖေ၏စကားများကို ကြားရသောအခါ ညီမကြီးယန်က အသံတိတ်သွားသည်။ သူ(မ)ရဲ့အစ်ကိုက အရမ်းတော်တယ်လို့ သူ(မ)ဝန်ခံပေမယ့် သူ(မ)ရဲ့အစ်ကိုကို သူ(မ) အမြဲတမ်း မနှစ်သက်ခဲ့ချေ။
ဟိုးကလေးအရွယ်ကတည်းက မိသားစုမှာ ဘယ်လောက် အလုပ်များများ သူ(မ)၏အစ်ကိုသည် လယ်ဆင်းဖို့ အမြဲငြင်းလိမ့်မည်။ သူ(မ)၏ ညီငယ်ညီမငယ်များကလည်း မသွားနိုင်တော့ အလုပ်အားလုံးက သူ(မ)ပခုံးပေါ် ရောက်လာခဲ့သည်။
စာလေ့လာဖို့အတွက်ကတော့…အစတုန်းက သူ(မ)ရဲ့ အဆင့်တွေက အရမ်းမဆိုးပေမယ့် သူ(မ)မှာ အိမ်အလုပ် လုပ်စရာတွေအများကြီးရှိခဲ့သည်။ အိမ်ကိစ္စတွေကို မေ့ထားပြီး စာပဲကျက်နေတယ့် သူ(မ)အစ်ကိုနဲ့ မတူဘူး။ သူ(မ) အဆင့်တွေ ဖြည်းဖြည်းချင်း ကျလာသည်။
သူ(မ) အထက်တန်းကျောင်းကိုပင် တက်နိုင်မှာ မဟုတ်လောက်ဘူး။
ညီမယန်၏မျက်လုံးများ အနည်းငယ်နာကျင်လာသည်။ သူ(မ) အံ့ကြိတ်လိုက်ပြီး ကျောပေါ်တွင် ခြင်းတောင်းတစ်လုံးသယ်ကာ အပြင်ထပ်ထွက်လာ၏။ သူ(မ) မြက်တွေကိုရိတ်ပြီး ဝက်တွေကိုကျွေးဖို့ ဝက်စာလည်း ချက်ရဦးမည်လေ။
____
*ယန်တ - ယန်ကြီး :3 ယန်မိသားစုက သားအကြီးဆုံးမို့လို့ အကြီးဆုံးယန် လို့ ခေါ်ကြတာပါ။
*တံမြက်စည်းကြယ်တစ်ပွင့် - လူတွေကို ကံဆိုးမိုးမှောင်ကျစေတယ့် လူကို တင်စားခေါ်ဝေါ်တာပါပဲ။
____