ညီမယန် ညဘက်အပြင်ထွက်တယ့်အချိန်မှာ ယန်ကျင်းဇီကတော့ စီရင်စုမှာရှိတယ့် ဟိုတယ်အသေးလေးတစ်ခုစီ အဖွားကျန်းကိုခေါ်သွားပြီး တစ်ညတည်းခိုခဲ့ကြသည်။ နောက်တစ်နေ့မှာတော့ မြို့ကြီးကိုသွားဖို့ အဖွားကျန်းနှင့်အတူ မြန်နှုန်းမြင့်ရထားစီးလာခဲ့သည်။
သူ အဖွားကျန်းကို အရမ်းဂရုစိုက်သည်။ အဖွားအိုကလည်း သူ့အပေါ် သတိထားနေတာမျိုး မရှိပေ။ သူ ဘာပြောပြော သူ(မ)က နားထောင်သဖြင့် သူ့အတွက် ကိစ္စများကို ပိုလွယ်စေလာသည်။
တစ်ရက်တာခရီးစဉ် ပြီးဆုံးသွားသည့်နောက်မှာတော့ သူတို့သည် A တက္ကသိုလ်တည်ရှိရာ မြို့ကြီးစီသို့ သောကြာနေ့ညတွင် ရောက်လာခဲ့ကြသည်။
သူတို့ လမ်းတစ်လျှောက်လုံး ခြောက်နာရီကြာအောင် မြန်နှုန်းမြင့်ရထားစီးလာရပြီး အတော်လေးပင်ပန်းစေပေမယ့် ပတ်ဝန်းကျင်ရှိ အရာအားလုံးက အဖွားကျန်းအတွက်တော့ အသစ်အဆန်းပင်။ သူ(မ) အရင်က တစ်ခါမှမမြင်ဖူးခဲ့ရာ သူ(မ)က အရမ်းစိတ်လှုပ်ရှားပြီး အားအင်အပြည့်ဖြစ်နေခဲ့သည်။
ယန်ကျင်းဇီက အဖွားကျန်းကို သူ ငှားထားသော အိမ်စီ ပို့ခဲ့ပြီး အနီးအနားမှာရှိသည့် စတိုးဆိုင်တစ်ဆိုင်ကနေ ပူပူစပ်စပ် ဟင်းနှစ်မျိူးကို ဝယ်လာခဲ့သည်။
ရွာက လူတွေဟာ အစပ်စားရတာကို ကြိုက်တယ်။ သူ အဖွားအိုအားသွားကြိုတုန်းက အဖွားအို၏ စားလို့မပြီးသေးသည့် အစပ်အရသာအာလူးပြုတ်များကို မြင်ခဲ့သည်။ ဒါကြောင့်ပဲ အဖွားအိုက အစပ်စားရတာကို ကြိုက်လိမ့်မယ် လို့ သူ ထင်ခဲ့သည်။
စားစစရာ စပ်စပ်ကြီးတွေက ကျန်းမာရေးနဲ့ မညီညွတ်ပေမယ့် တစ်ခါတလေ စားတာကတော့ ဘာမှမဖြစ်နိုင်ချေ။
ထင်ထားသည့်အတိုင်း အဖွားအိုက အစပ်စားရတာကို အရမ်းကြိုက်ပြီး ဒီလိုမျိုးအရသာရှိတာမျိုးကို တစ်ခါမှမစားဖူးဘူး လို့ အဖွားက ဆက်တိုက်ပြောနေခဲ့သည်။
စားသောက်ပြီးစီးသည်အထိ သူ အဖွားအိုကို အဖော်လုပ်ပေးခဲ့သည်။ သူ လောလောလတ်လတ်ဝယ်ထားသည့် တစ်ပတ်ရစ်စက်ဘီးလေးကို စီးကာ ကျန်းဖင်းရှိူ့ရှိရာ ကားရေးဆေးဆိုင်စီ သွားသည့်အခါတွင်တော့ အချိန်မှာ ညကိုးနာရီပင် ရှိနေပြီဖြစ်၏။
ဒီရက်ပိုင်းများအတွင်း သူက ကျန်းဖင်းရှိူ့နှင့် ဖုန်းကနေ စာပို့ပြီး စကားပြောနေခဲ့သည်။
ကျန်းဖင်းရှိူ့သည် သူ၏စာတိုများကို အမြဲတမ်း မြန်မြန်ဆန်ဆန် ပြန်ပြောသည်။ chat page မှာ ' စာရိုက်နေသည် ' လို့ အမြဲပေါ်နေပေမယ့် ကျန်းဖင်းရှိူ့ဖက်က သူ့စီ အရင်စာစပို့တာ ရှားသည်။
ဒါက ယန်ကျင်းဇီကို သိပ်အဆင်မပြေစေပေ။
ဒီကလေးက တအားဂရုစိုက်နေတာပဲ၊!
ဒါကလည်း မူလပိုင်ရှင် အမှိုက်ကောင်ကို အပြစ်တင်ရမှာပဲ!
သောကြာနေ့ညများတွင် ကားရေဆေးဆိုင်၏ စီးပွားကေးသည် အလွန်ကောင်းလေ့ရှိသည်။ လူအများစုက ပိတ်ရက်တွေမှာ အဆင်ပြေပြေနှင့် အပြင်ထွက်လည်နိုင်ရန် သောကြာနေ့ညတွင် ကားရေဆေးလေ့ရှိကြသည်။
ကျန်းဖင်းရှိူ့ ဆက်တိုက်အလုပ်ရှုပ်နေပေမယ့် အရမ်းပျော်နေခဲ့သည်။ မနက်ဖြန် စနေနေ့မှာ ယန်ကျင်းဇီက သူ့ကို လာတွေ့လိမ့်မည်။
တစ်ပတ်လုံးလုံး သူ ယန်ကျင်းဇီကို မတွေ့ခဲ့ရသည့်အတွက် ယန်ကျင်းဇီကို အတော်လေးတွေ့ချင်နေမိသည်။
ကားတစ်စီးကို ခြောက်သွေ့နေအောင် သုတ်လိုက်ပြီးသည့်အခါတွင်တော့ ကျန်းဖင်းရှိူ့ ဖုန်းထုတ်ကြည့်မိလိုက်ပြီး စာတိုအသစ်ရောက်မနေသည်ကို တွေ့လိုက်ရသည်။
ယန်ကျင်းဇီ အရမ်းအလုပ်များနေတာ ဖြစ်လိမ့်မည်။ ဒါပေမယ့် ယန်ကျင်းဇီက မနက်ဖြန် သူ့ကိုလာတွေ့မယ် လို့ ပြောထားပြီးကတည်းက သူ စောင့်နေရုံသာဖြစ်သည်။
သူ့မှာလည်း ယန်ကျင်းဇီကို ပြောပြရမည့် သတင်းကောင်း ရှိနေသည်။
အခုက ပိုပိုအေးလာ၍ ကားရေဆေးရတာကလည်း ပိုပိုခက်လာသည်။ သူဌေး၏ဇနီးက သူ့ကို ယွမ် ၅၀၀ လစာ ပိုပေးလိုက်သည်။ ယန်ကျင်းဇီက သူ့ကို ပစ္စည်းတွေ အများကြီးဝယ်ပေးပြီး ပိုက်ဆံတွေ အကုန်သုံးလိုက်ပေမယ့် နောက်လကျရင် သူက ယန်ကျင်းဇီကို ပိုက်ဆံပိုပေးနိုင်လိမ့်မည်။
ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်လိုက်ပြီး ကားနောက်ကြည့်မှန်ကတစ်ဆင့် ကျန်းဖင်းရှိူ့ တိတ်တဆိတ် သူ့ကိုယ်သူ ကြည့်လိုက်သည်။
သူ ဒီအပတ်မှာ ယန်ကျင်းဇီ သူ့အတွက်ဝယ်လာသည့် ခေါင်းလျှော်ရည်ကို အသုံးပြုထားခဲ့သည်။ သူ့အတွက် ယန်ကျင်းဇီ ဝယ်လာသည့် ခရင်မ်ကိုလည်း သူ လိမ်းထားသေးသည်။ ဒီနှစ်ခုစလုံး သုံးရတာ အဆင်ပြေသည်။
အခု သူ့ဆံပင်က အရင်လိုဆပ်ပြာနဲ့လျှော်တုန်းကသလိုမျိုး ကြမ်းမနေတော့ဘူး။ သူ့မျက်နှာပေါ်က အက်ကြောင်းလေးတွေလည်း သက်သာလာသည်။
သူ ပိုကောင်းလာသည် ဟု ခံစားခဲ့ရသည်။
' အစ်ကိုကျင်းဇီ၊ ဒါကို အစ်ကို ကြိုက်ရဲ့လား? '
" ကျန်းဖင်းရှိူ့၊ မင်း မှန်ကြည့်နေတာလား? "
ကျန်းဖင်းရှိူ့ရဲ့ အပြုအမူတွေကို မြင်ပြီးတော့ ရှောင်ကျန်းက အံ့ဩတကြီးမေးလာသည်။
" ကျွန်... "
ကျန်းဖင်းရှိူ့ အနည်းငယ်ရှက်သွားပြီး မျက်နှာနီလာသည်။
" နောက်ဆုံးတော့ မင်း ရုပ်ချောအောင်နေရမယ်ဆိုတာ သိသွားပြီပေါ! "
ရှောင်ကျန်းကပြောလာတော့သည်။
" ငါ မင်းကို ပြောမယ်။ ယောင်္ကျားလေးတွေလည်း ကောင်းကောင်းမွန်မွန်ဝတ်စားပြီး ရုပ်ကကြည့်ကောင်းနေမှ ရည်းစာရှာနိုင်မှာ! အေး မင်းအစ်ကိုလိုမျိုး ကြီးလာရင်တော့ မင်း ကောင်မလေးတွေနောက် လိုက်စရာမလိုတော့ဘူး။ အဲ့စား ကောင်မလေးတွေ အုပ်စုလိုက်ကြီး မင်းစီပစ်ဝင်လာလိမ့်မယ်။ "
ကျန်းဖင်းရှိူ့အစ်ကို အကြောင်းပြောရင်း ရှောင်ကျန်း၏ မျက်နှာတွင် မနာလိုအားကျနေသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူ့မှာ ကျန်းဖင်းရှိူ့ရဲ့အစ်ကိုအပေါ် ထင်မြင်ချက်တွေရှိခဲ့ပေမယ့် သူ့အစ်ကိုက အရမ်းချောတယ်ဆိုတာကိုလည်း သူ ဝန်ခံရပေမည်။
သူက ရုပ်လည်းချောသည့်အပြင် နာမည်ကြီးတက္ကသိုလ်က ကျောင်းသားလည်း ဖြစ်နေသေးသည်။ သူ့အနာဂတ်က သူတို့နဲ့ တကယ် တခြားစီပဲ။
အဲ့အကြောင်းကိုတွေးမိတော့ ရှောင်ကျန်းက ထပ်ပြောလိုက်သည်။
" ကျန်းဖင်းရှိူ့၊ မင်း အစ်ကိုက အနာဂတ်မှာ ဘာမှစိတ်ပူစရာမလိုဘူး။ သူ့အခြေအနေနဲ့ဆိုရင် အိမ်ကောင်းကောင်းက အမျိုးသမီးတစ်ယောက်ကို သူရှာနိုင်လိမ့်မယ်။ "
ကျန်းဖင်းရှိူ့၏ မျက်နှာပေါ်ရှိအပူသည် လျော့ကျသွားပြီး ခဏလောက်ကြာမှ ခေါင်းညိတ်ပြလာသည်။
" ဟုတ်တယ်။ "
ကျန်းဖင်းရှိူ့က ရှောင်ကျန်း ဒီလိုပြောတာကို မကြားချင်သဖြင့် ကား၏အခြားတစ်ဖက်သို့ နေရာပြောင်းပြီး ကားသုတ်နေလိုက်သည်။
ကားက သန့်ရှင်းသွားသည်။ ကားပိုင်ရှင်က စိတ်ကျေနပ်မှုအပြည့်နှင့် ကားမောင်းထွက်သွားလေသည်။ ကျန်းဖင်းရှိူ့ နောက်အလုပ်တစ်ခုကို ပြောင်းလုပ်နေတုန်း ရှောင်ကျန်းက ရုတ်တရက်ကြီး ပြောလာသည်။
" ကျန်းဖင်းရှိူ့၊ အဲ့ဒါ မင်းအစ်ကိုမလား? "
ကျန်းဖင်းရှိူ့ ခေါင်းမော့ကြည့်လိုက်တော့ သူ တကယ်ပဲ လမ်းမီးတိုင်အောက်ကနေ လမ်းလျှောက်လာသည့် ယောင်္ကျားတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူက ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး သူ့မျက်နှာပေါ် ကျရောက်နေသည့် လမ်းမီးတိုင်၏ အလင်းရောင်ကလည်း ထိုသူကို ပိုနူးညံ့စေသယောင်ပင်။
အဲ့ဒါ ယန်ကျင်းဇီပဲ!
သူ့ယန်ကျင်းဇီ အလွန်လှပကြောင်း ကျန်းဖင်းရှိူ့ ငယ်ငယ်ကတည်းက သိပြီးသားဖြစ်သည်။
ရွာကလူတိုင်းညစ်ပတ်ပေမယ့် သူ့ယန်ကျင်းဇီကတော့ မတူပေ။ သူ့မျက်နှာမှာ နှာချေးတွဲလောင်းဆိုတာမရှိ၊ သူ့အဝတ်များသည်လည်း အမြဲသန့်ရှင်းပြီး သူ၏အသားသည် ရွာ၏အလှဆုံးမိန်းကလေးထက် ပိုဖြူသည်။
ယန်ကျင်းဇီက အရမ်းကွဲပြားသည်။
သူသည် ငယ်စဉ်က ယန်ကျင်းဇီကိုအထင်ကြီးပြီး နောက်ပိုင်း အသက်နည်းနည်းကြီးလာတော့ ယန်ကျင်းဇီကို ကြိုက်မိသော်လည်း ယန်ကျင်းဇီနှင့် အတူရှိနေရဖို့ တစ်ခါမှမတွေးခဲ့ဖူးချေ။ ပထမတော့ သူ ယန်ကျင်းဇီက အထက်တန်းကျောင်းတက်နေပြီး ကျောင်းလွယ်အိတ်တောင်မရှိဘူး လို့ တွေးမိခဲ့တာကြောင့် ယန်ကျင်းဇီကို ကျောင်းလွယ်အိတ်တစ်လုံး သူ ပေးချင်ခဲ့သည်။
ယန်ကျင်းဇီသည် ကျောင်းလွယ်အိတ်ကိုလက်ခံခဲ့ပြီး သူနှင့်စကားပြောရန် ဆန္ဒရှိခဲ့တာမို့ ဘဘာဝကျစွာပင် သူ စိတ်လှုပ်ရှားနေခဲ့သည်။
နောက်ပိုင်း ယန်ကျင်းဇီတွင် ခက်ခဲနေသည်ကို သိသွားသောအခါ သူသည် ယန်ကျင်းဇီအတွက် ငွေရှာခဲ့တော့သည်။
ယန်ကျင်းဇီလိုလူမျိုးစီမှာ စားဖို့ပိုက်ဆံတောင်မရှိဘူး။
မျက်စိတစ်မှိတ်အတွင်း ထိုအချိန်မှစ၍ အချိန်သုံးနှစ်ကြာခဲ့ပြီဖြစ်၏။
တကယ်တော့ လွန်ခဲ့သောသုံးနှစ်အတွင်း ယန်ကျင်းဇီက သူ့အပေါ် အရမ်းကြီးနွေးနွေးထွေးထွေးမရှိပေမယ့် ယန်ကျင်းဇီက သူနဲ့စကားပြောဖို့ဆန္ဒရှိနေပေးတာတောင် သူအရမ်းပျော်သည်။
ပြီးတော့ သိပ်မကြာသေးခင်ကပဲ...
သိပ်မကြာသေးပေမယ့် ယန်ကျင်းဇီသည် သူ့အား အလွန်ကြင်နာခဲ့သည်မှာ အစစ်မဟုတ်သလိုမျိုး သူ ခံစားခဲ့ရသည်။
ယန်ကျင်းဇီက ပိုပိုကြည့်ကောင်းလာပြီး ကျန်းဖင်းရှိူ့၏ မျက်လုံးများက သူ့စီကနေ အကြည့်မလွှဲနိုင်တော့ချေ။
ကျန်းဖင်းရှိူ့၏ တောက်ပနေသော မျက်လုံးများက ယန်ကျင်းဇီကိုကြည့်လိုက်သည်။
" ဖင်းရှိူ့ "
ယန်ကျင်းဇီသည် ကျန်းဖင်းရှိူ့ကိုမြင်သွားပြီး ပြုံးပြလိုက်သည်။
" အစ်ကိုကျင်းဇီ "
ကျန်းဖင်းရှိူ့ ရုတ်တရက် သတိပြန်ဝင်လာပြီး
" အစ်ကို ... အစ်ကိုက ဘာလို့ဒီကိုရောက်နေတာလဲ? "
" ကိုယ် မင်းကိုလာခေါ်တာ။ ဖင်းရှိူ့၊ ကိုယ် အိမ်တစ်လုံးငှားထားတယ်။ ဒီည မင်း ကိုယ်နဲ့လာနေပါ။ "
ကားရေဆေးဆိုင်သည် ည ၁၀ နာရီတွင်ပိတ်ပြီး နံနက် ၉ နာရီတွင် ဖွင့်သည်။ သူငှားခဲ့သည့်အိမ်ကနေ စက်ဘီးစီးရင် ဆိုင်နှင့် မိနစ် ၂၀ စာ ဝေးသည်။ ကျန်းဖင်းရှိူ့အတွက် အလုပ်အသွားအပြန် အဆင်ပြေနိုင်သည်။ တကယ်တော့ သူက ကျန်းဖင်းရှိူ့ကို အလုပ်ထွက်စေချင်ပေမယ့် သူ့မှာ ပိုက်ဆံမရှိတော့ သူ နှေးနှေးကွေးကွေး တစ်ခုချင်းစီ လုပ်နေရသည်။
" အစ်ကို အိမ်ငှားလိုက်တာလား? ပိုက်ဆံလောက်ရဲ့လား? "
ကျန်းဖင်းရှိူ့ စိုးရိမ်တကြီးမေးလိုက်သည်။ ကားရေဆေးဆိုင်က စရိတ်ငြိမ်းအလုပ်ဖြစ်တာကြောင့် သူ ကားရေဆေးဆေးဆိုင်မှာ အလုပ်လုပ်နေရင်း နေရာပြောင်းဖို့တစ်ခါမှမတွေးခဲ့ဖူးပါ။ ဤမြို့ကြီးတွင် အိမ်တစ်လုံးငှားရန်မှာ အလွန်စျေးကြီးပြီး ဟောင်းနွမ်းစုတ်ပြတ်သည့်အိမ်တစ်လုံး ငှားရင်တောင်မှ တစ်လ ယွမ် ၅၀၀ မှ ၆၀၀ ကြား ကုန်ကျနိုင်သည်။ နေလို့လည်းရ၊ စားလို့လည်းရသည့် ဆိုင်မှာ အလုပ်လုပ်ခြင်းသည် သူ့ကို တစ်လ ၁၀၀၀ စုမိစေသည်။
အခု ယန်ကျင်းဇီက အိမ်တစ်လုံးငှားခဲ့သည်? သူ ပိုက်ဆံ ဘယ်လောက်ကုန်သွားလဲ?
" ကိုယ် အချိန်ပိုင်းအလုပ်တစ်ခုရထားတယ်။ ပိုက်ဆံလောက်ပါတယ်။ "
ယန်ကျင်းဇီက ပြောသည်။
" အစ်ကို စာကျက်နေရင်းနဲ့ ဘယ်လိုလုပ် အလုပ်သွားနိုင်မလဲ? "
ကျန်းဖင်းရှိူ့ သူ့ကို အလုပ်မလုပ်စေချင်ပေ။
" ကိုယ့်အချိန်ပိုင်းအလုပ်က အရမ်းမကြာပါဘူး။ "
ယန်ကျင်းဇီရယ်လိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။
" မင်း အလုပ်ဆင်းတော့မှာလား? "
" မိနစ်နှစ်ဆယ်ကျန်သေးတယ် "
ကျန်းဖင်းရှိူ့ အချိန်ကြည့်ပြီး ဖြေသည်။
" ကိုယ် မင်းကိုစောင့်နေမယ်။ "
ယန်ကျင်းဇီက ပြောလိုက်၏။
ကျန်းဖင်းရှိူ့က ခေါင်းညိတ်ပြပြီး လှည့်သွားကာ ယန်ကျင်းဇီအတွက် ထိုင်ခုံတစ်လုံးသယ်လာပေးသည်။
ယန်ကျင်းဇီထိုင်ပြီး ကျန်းဖင်းရှိူ့နှင့်စကားပြောပြီး ရှောင်ကျန်းနှင့်လည်း စကားပြောခဲ့သည်။ ညနက်နေပြီဖြစ်ရာ ရှောင်ကျန်းနှင့် ကျန်းဖင်းရှိူ့တို့သာ ဆိုင်မှာ ရှိနေခဲ့သည်။
လူတိုင်းက ခဏစကားပြောခဲ့ကြပြီး အလုပ်ဆင်းဖို့ အချိန်ရောက်လာသည်။
အစက ကျန်းဖင်းရှိူ့သည် ကားရေဆေးဆိုင် အပေါ်ထပ်ရှိ အခန်းငယ်တစ်ခု၌နေထိုင်ခဲ့ကာ နောက်ဆုံးမှာတော့ သူလည်း အခု ထွက်သွားတော့မည်ဖြစ်သည်။ အထုပ်သိမ်းဖို့ အပေါ်တက်ပြီး သူ့ပစ္စည်းတွေကို ပလတ်စတစ်အိတ် တစ်အိတ်ထဲ ထည့်လိုက်ကာ သူ့လက်တွင် ကိုင်ထားခဲ့သည်။
ကျန်းဖင်းရှိူ့ အောက်ထပ်သို့ဆင်းလာသောအခါ ယန်ကျင်းဇီက သူ့ကိုစောင့်နေရင်း သူ့စက်ဘီးပေါ်ထိုင်နေခဲ့သည်။
ဒီတစ်ပတ်ရစ်စက်ဘီးလေးက အဖွားကျန်းကိုသွားမခေါ်မီ ယန်ကျင်းဇီဝယ်ထားခဲ့ခြင်းပင်။ သူ့မှာ သူ့အချိန်ပိုင်းအလုပ်သွားဖို့နှင့် ကျောင်းတက်ဖို့ရှိသေးသည်။ ဘတ်စ်ကားစောင့်ရတာက အချိန်ပေးရပြီးတော့ တက္ကစီစီးဖို့ကလည်း အရမ်းစျေးကြီးတာကြောင့် သူ စက်ဘီးတစ်စီးကိုသာ ဝယ်ခဲ့သည်။
ကျန်းဖင်းရှိူ့ကိုသယ်ဖို့ လိုကောင်းလိုလိမ့်မယ်လို့ တွေးမိတာကြောင့် သူက နောက်မှာ အပိုထိုင်ခုံပါသည့် စက်ဘီးတစ်စီးကို တမင်ရွေးဝယ်ခဲ့သည်။
ဒီအချိန်မှာပဲ သူ့ခြေတစ်ဖက်က မြေကြီးပေါ်နင်းထားရင်း ကျန်းဖင်းရှိူ့ကို လှမ်းပြောလိုက်သည်။
" ဖင်းရှိူ့ လာထိုင်! "
ရုတ်တရက် ကျန်းဖင်းရှိူ့၏နှလုံး အခုန်မြန်လာသည်။
သူ ထိုင်သင့်လားလို့ မသိပေမယ့် ယန်ကျင်းဇီပြောတာကို ကြားလိုက်ရပြီးနောက် သူ စက်ဘီးနောက်ခုံတွင် ကိုးရိုးကားရားထိုင်လိုက်သည်။
" ကိုယ့်ကို သေချာဖက်ထား။ သွားကြမယ်။ "
ယန်ကျင်းဇီ စက်ဘီးစနင်းသည်။
ကိုယ် ကြိုက်နေတယ့်သူကို စက်ဘီးပေါ်တင်နင်းရင်း အိမ်ပြန်ပို့ပေးရတာက အရမ်းရင်ခုန်စရာကောင်းသည်။ ယန်ကျင်းဇီသည် ဤမြင်ကွင်းကိုနှစ်သက်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း တကယ်လည်းကြုံရော...
သူသည် သူ၏ ကာယခွန်အား နည်းနေတာကို ရုတ်တရက် တွေ့ရှိခဲ့သည်။
စာပဲကျက်ပြီး လေ့ကျင့်ခန်းမလုပ်တယ့် မူလပိုင်ရှင်ကိုပဲ အပြစ်တင်!
ခဏလောက် စက်ဘီးနင်းပြီး ယန်ကျင်းဇီ မောလာသည်။
ကျန်းဖင်းရှိူ့သည် သူ့လက်ကို ယန်ကျင်းဇီ၏ခါးပေါ် တင်ထားခဲ့သည်။
ယန်ကျင်းဇီက သူ့ကိုသေချာကိုင်ထားဖို့ ပြောထားသော်လည်း သူကမလုပ်ရဲဘူး။ ထို့ကြောင့် ယန်ကျင်းဇီ၏ခါးကို ညင်ညင်သာသာ လက်တင်ထားရသော်လည်း သူအရမ်းပျော်နေပြီ။ တိတ်တဆိတ်ပြုံးနေရင်း သူ့မျက်နှာကို ယန်ကျင်းဇီ၏အင်္ကျီပေါ် မသိမသာတင်ထားလိုက်သည်။
ယခု ဆောင်းရာသီဖြစ်၍ ယန်ကျင်းဇီသည် အဝတ်ထူထူ များဝတ်ထားသည်။ သူ ဒီလိုမျိုး မှီထားတာ ယန်ကျင်းဇီ မသိလောက်ဘူးမလား?
စဉ်းစားရင်း ကျန်းဖင်းရှိူ့က ယန်ကျင်းဇီ၏ အင်္ကျီကို ခိုးနမ်းလိုက်သည်။
နမ်းပြီးသွားမှ ကျန်းဖင်းရှိူ့ ယန်ကျင်းဇီခမျာ အသက်ပြင်းပြင်းရှူနေရမှန်း သိသွားသည်။
" အစ်ကိုကျင်းဇီ... ကျွန်တော် လမ်းဆင်းလျှောက်လိုက်မယ်လေ... "
" ရတယ်။ ဒီတိုင်းထိုင်နေ။ ဒါက ကိုယ့်အတွက် လေ့ကျင့်ခန်းတစ်ခုပဲ... "
စကားပြောပြီးသည်နှင့် ယန်ကျင်းဇီ ဟောဟဲလိုက်လာတော့သည်။
ကျန်းဖင်းရှိူ့သည် ယန်ကျင်းဇီ၏ အသက်ရှူမဝသောအသံကို နားထောင်ပြီး ဂနာမငြိမ်ဖြစ်လာပေမယ့် ယန်ကျင်းဇီက လေ့ကျင့်ခန်းလုပ်ချင်ကြောင်းပြောခဲ့တော့... သူ ဆက်ထိုင်နေရခဲ့သည်။
ပုံမှန် မိနစ် ၂၀ စာ ခရီးလေးက နာရီဝက်ခရီး ဖြစ်သွားခဲ့သည်။
နောက်ဆုံးတော့ သူ အိမ်ကိုပြန်ရောက်လာပြီး တံခါးကိုဖွင့်လိုက်သည်။ ယန်ကျင်းဇီက စက်ဘီးကို အိမ်ထဲရွှေ့နေစဉ် ကျန်းဖင်းရှိူ့ကို ပြောခဲ့သည်။
" လာလေ "
ယန်ကျင်းဇီ ငှားထားသောအိမ်သည် အရင်က ချည်ထည်စက်ရုံဖြစ်ခဲ့ဖူးသည်။ အိမ်တွင် တောင်ဘက်သို့မျက်နှာမူသောအိပ်ခန်းနှစ်ခန်း၊ မြောက်ဘက်သို့မျက်နှာမူသောထမင်းစားခန်း အသေးတစ်ခန်း၊ မြောက်ဘက်သို့မျက်နှာမူသောမီးဖိုချောင်တစ်ခုနှင့် ပြတင်းပေါက်မဲ့ရေချိုးခန်းတစ်ခန်းတို့ ရှိသည်။
ဒီလိုအိမ်မျိုးက တကယ်ပဲမကောင်းဘူး။ ရေချိုးခန်းနဲ့ မှိုစွဲနေတယ့်နံရံတွေရဲ့ အနံ့တွေကို သူ အတော်လေးမုန်းသည်။ ဒါပေမယ့် ကျန်းဖင်းရှိူ့က အိမ်ထဲဝင်လာတာနဲ့
" ဒီအိမ်က တော်တော်ကောင်းတာပဲ။ " လို့ ပြောခဲ့သည်။
ဤအိမ်တွင် ယခင်က စုံတွဲတစ်တွဲနေထိုင်ခဲ့ဖူးသည်။ သူတို့က သူတို့သမီး၏ကလေးများကို ကူထိန်းပေးရမည်ဖြစ်၍ ယန်ကျင်းဇီကို အိမ်ငှားပေးခဲ့ခြင်းဖြစ်သည်။ အိမ်သည် ပရိဘောဂအပြည့်အစုံနှင့် သန့်ရှင်းသည်။ ရွာရှိ ကျန်းဖင်းရှိူ့၏အိမ်ထက် ကောင်းသည်ကတော့ အမှန်ပင်။ ကားရေဆေးဆိုင်က သူ့အရင်အခန်းထက်ပင် ပိုကောင်းသည်။
" မင်းကြိုက်ရင် ကောင်းတာပေါ့။ အခု ကိုယ့်မှာ ပိုက်ဆံအများကြီးမရှိဘူး။ ဒီအိမ်ကိုပဲငှားနိုင်တယ်။ အနာဂတ်မှာတော့ ကိုယ်တို့ တစ်ယောက်ကို တစ်ခန်းစီ နေရပြီး မင်းရဲ့ အဖွားအတွက်လည်း တစ်ခန်းသက်သက်ပေါ့။ "
ယန်ကျင်းဇီကပြောသည်။
ကျန်းဖင်းရှိူ့အံ့ဩသွားသည်။
" ကျွန်တော့်အဖွားလား? "
" မင်းအဖွား အထဲမှာရှိတယ်၊ အိပ်ပျော်နေလောက်ပြီထင်တယ်။ "
ယန်ကျင်းဇီက ရယ်လိုက်သည်။
အဖွားကျန်းနှင့် ပူပူစပ်စပ်ညစာစားပြီးနောက် သူက အဖွားကျန်းကို အခန်းထဲဝင်အနားယူစေပြီး အဖွားကျန်းအတွက် လေအေးပေးစက်ကို ဖွင့်ပေးခဲ့သည်။
ထိုအချိန်တွင် အဖွားကျန်းသည် ကျန်းဖင်းရှိူ့ပြန်လာမည်ကို စောင့်ဆိုင်းဖို့ တွေးနေခဲ့သော်လည်း ယခုမူ အိမ်တွင် ဘာအသံမှမကြားရတော့သဖြင့် သူ(မ) အိပ်ပျော်သွားလောက်ပြီ။
ယန်ကျင်းဇီက တည်ငြိမ်စွာပြောပေမယ့် ကျန်းဖင်းရှိူ့ကတော့ တောင့်တင်းသွားပြီး ထပ်ခါထပ်ခါ ရေရွတ်နေတော့သည်။
" အဖွားလား? "
" ဟုတ်တယ်။ "
ယန်ကျင်းဇီ ခေါင်းညိတ်လိုက်ပြီး အဖွားကျန်း၏ အခန်းတံခါးကိုဖွင့်လိုက်သည်။
အိမ်၏ တောင်ဘက်သို့မျက်နှာမူထားသော အိပ်ခန်းနှစ်ခန်းသည် အရွယ်အစားတူပြီး အပြင်အဆင်က ခပ်ဆင်ဆင်ပင်။ အိပ်ခန်းနှစ်ခန်းလုံးတွင် အိပ်ရာ၊ စာအုပ်စင်၊ တီဗီစင်နှင့် တီဗီတို့ ရှိသည်။
ယခုအချိန်တွင် အခန်းထဲမှာ လေအေးပေးစက်ဖွင့်ထားပြီး အဖွားအိုက ခုတင်ပေါ်မှာ အိပ်ပျော်နေပြီ။
ကျန်းဖင်းရှိူ့က တံခါးနားမှာရပ်ပြီး တံခါးမပိတ်ခင် အချိန်တော်တော်ကြာကြာကြည့်ပြီးမှ ယန်ကျင်းဇီကို လှည့်ကြည့်လိုက်သည်။
" လွန်ခဲ့တဲ့နှစ်ရက်က ကိုယ် ရွာပြန်ပြီး မင်းအဖွားကိုခေါ်လာခဲ့တာ။ "
ယန်ကျင်းဇီကဆိုလိုက်သည်။
ကျန်းဖင်းရှိူ့သည် သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး နောက်ဆုံးတွင် ခြောက်ကပ်စွာပြုံးပြလာသည်။
" အစ်ကိုကျင်းဇီ၊ ငွေအများကြီးကုန်သွားတယ်မလား? ကျွန်တော့်မှာ ပိုက်ဆံနည်းနည်းကျန်သေးတယ်။ ကျွန်တော် အစ်ကို့ကိုပေးမယ် ... "
" ကိုယ် မင်းကိုမပြောခဲ့ဘူးလား? ကိုယ် အချိန်ပိုင်းအလုပ်တစ်ခုတွေ့ထားပြီး အခု ကိုယ် တစ်ပတ်ကို ယွမ်ထောင်ချီရှာနိုင်နေပြီ။ ကိုယ့်မှာပိုက်ဆံရှိတယ်။ "
ယခု သူ ပိုက်ဆံအများကြီး မရှာနိုင်သေးပေ။ အွန်လိုင်းအလုပ်က မတည်ငြိမ်သော်လည်း သူ တကယ် ပိုက်ဆံပြတ်လျှင် သူသည် အချိန်ပိုင်းကျူရှင်ဆရာအလုပ်အနည်းငယ် ပိုယူနိုင်သည်။ တစ်ပတ်ကို ၁၀၀၀၊၂၀၀၀ အထိ သူရှာနိုင်သည်။
သူသည် လူများအား အွန်လိုင်းသင်တန်းများပို့ချရန် အချို့သော ပလက်ဖောင်းများနှင့်လည်း စာချုပ်ချုပ်ဆိုနိုင်သေးသည်။ လူတစ်ယောက်တွင် အရည်အချင်းရှိနေသရွေ့ ပိုက်ဆံရှာနိုင်မည့် နည်းလမ်းများစွာရှိလေသည်။
မူလပိုင်ရှင်သည် စရိုက်လက္ခဏာသိပ်မကောင်းသော်လည်း သူ၏ လေ့လာသင်ယူနိုင်စွမ်းကတော့ အလွန်ကောင်းမွန်သည်။ သူက ကွန်ပျူတာကို တစ်ခါမှမကိုင်ဖူးပေမယ့် ကျောင်းရဲ့သင်ခန်းစာတွေကို အမီလိုက်နိုင်သည်။ ပြီးတော့ မူလဇာတ်ကြောင်းအရ ယခုနှစ်၏ပထမနှစ်ဝက်တွင် သူသည် အတန်းထဲ၌ ထူးထူးချွန်ချွန် ရပ်တည်နိုင်ခဲ့သည်။ ဒုတိယနှစ်ရောက်သောအခါ သူသည် ဌာန၌ပင် ကျော်ကြားခဲ့သည်။ မဟုတ်ရင် လှပချမ်းသာသည့် မိန်းမပျိုလေးက သူ့ကိုကြိုက်လာမှာ မဟုတ်ဘူး။
အခု သူဖြစ်သွားပြီး…သူ့သင်ယူမှုစွမ်းရည်က မူလပိုင်ရှင်ထက်တောင် ပိုကောင်းလာသည်ဟု ခံစားရသည်။
ယန်ကျင်းဇီ ဘဝင်နည်းနည်းမြင့်နေစဉ် ကျန်းဖင်းရှိူ့က ပြောလာသည်။
" အစ်ကိုကျင်းဇီ...အခု အစ်ကို့မှာ ပိုက်ဆံရှိနေပြီ...အစ်ကို ကျွန်တော့်စီက ထွက်သွားချင်တာလား? "