အပိုင်း ၇ ( Phoenix Man 7 )
Viewers 10k

လွန်ခဲ့သည့်တစ်နှစ်ခွဲလောက်က ယန်ကျင်းဇီ သူ့ကို ချစ်ခွင့်ပန်‌ခဲ့ပေမယ့် ကျန်းဖင်းရှိူ့သည် ယန်ကျင်းဇီ သူ့ကို တကယ်ကြိုက်သည် ဟု မထင်ခဲ့ပေ။ ဒီတိုင်း သူ့စီက ပိုက်ဆံယူရလွယ်အောင် ယန်ကျင်းဇီ ချစ်ခွင့်ပန်ခဲ့သည် ဟု သူ ထင်ခဲ့သည်။


ဘာကြောင့်ပဲဖြစ်ဖြစ် သူ စိတ်ထဲမထားပေ။ သူကတော့ ယန်ကျင်းဇီကို တကယ်ကြိုက်သည်ကိုး။


အရင်က ယန်ကျင်းဇီသည် စကားချိုချိုလေးများ အများကြီးကို သူ့အား ပြောဖူးသည်၊ ဥပမာ - သူ့အဖွားကို ခေါ်လာပြီး မြို့ကြီးတစ်မြို့မှာ သူတို့အတူတူ နေကြမည် ဆိုတာမျိုး။ သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိဖို့ သူက ဒီစကားလုံးတွေကို သူ့နှလုံးသားထဲမှာ အမြဲထပ်တလဲလဲ ရွတ်နေပေမယ့် တကယ့်အမှန်တရားကို သူ သိပြီးသားဖြစ်၏။


ယန်ကျင်းဇီသည် သူ၏လက်ကို ဘယ်တုန်းကမှ မကိုင်ခဲ့ဖူးသလို သူ့ကိုကြိုက်သည့်ပုံလည်း လုံးဝမပေါ်ပေ။


ဒါပေမယ့် ယန်ကျင်းဇီက သူ့ကိုချော့ဖို့ဆန္ဒရှိသရွေ့တော့ အရမ်းကောင်းသည်။ သူ ငယ်ငယ်ကတည်းက သူ့ကို ချော့မော့ပြောဆိုပေးသည့်လူ တစ်ယောက်မှမရှိခဲ့ချေ။ ယောင်္ကျားလေးများကို ကြိုက်သည့် အခြောက်ကလေးပုံစံဖြစ်နေသော သူ့ကို ဘယ်သူကမှ သဘောမကျသည်မှာ မထူးဆန်းပေ။


သို့သော် မကြာသေးမီက ယန်ကျင်းဇီသည် ပြောင်းလဲသွားသည်။


ယန်ကျင်းဇီက သူ့လက်ကိုကိုင်သည်၊ သူ့အတွက် ပစ္စည်းများလည်း ဝယ်လာပေးသည်၊ သူ့ကို ဂရုစိုက်လာသည်။


ယန်ကျင်းဇီသည် အခြားလူတစ်ယောက်ဖြစ်သွားသည် ဟု သူ ခံစားမိသည်။


ဒါပေမယ့် ဒါက ယန်ကျင်းဇီအစစ် ဖြစ်သည်၊ သူ ဘယ်လိုမှ အမှတ်မှားစရာ အကြောင်းမရှိ။


ရုတ်တရက်ကြီး ယန်ကျင်းဇီက ဘာလို့ သူ့ကို ဒီလိုမျိုး အရမ်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေရသနည်း?


ယန်ကျင်းဇီက သူ့အဖွားကိုခေါ်လာပြီး သူတို့အတွက် အိမ်တစ်လုံးကို ငှားခဲ့သည်။


သူနှင့် သူ့အဖွား အနိုင်ကျင့်ခံနေရသည့် ရွာမှ သူ တကယ်ပဲ ထွက်လာချင်ခဲ့သည်။ ယန်ကျင်းဇီ ဒီအကြောင်းကို သိခဲ့သည်လား? သူ ဒါတွေလုပ်နေရသည့် အကြောင်းရင်းက ဒီအကြောင်းကြောင့်မဟုတ်ပါလျှင် သူ့စီက ထွက်သွားချင်ရုံသက်သက်လား?


သူ ယန်ကျင်းဇီကို ပိုက်ဆံအများကြီးပေးဖူးခဲ့တာကြောင့် အခု ယန်ကျင်းဇီက သူ့ကို ပိုက်ဆံပြန်ပေးချင်နေသည်လား?


ကျန်းဖင်းရှိူ့ သူ့နှလုံးသားလေး လေထဲတွင် တွဲလောင်းချိတ်ဆွဲခံနေရသည် ဟု ထင်မိကာ သူ့တစ်ကိုယ်လုံးတုန်လာတော့သည်။


ကံကောင်းထောက်မစွာ ဤအချိန်သည် မကြာလိုက်ပါဘဲ သူ မေးပြီးနောက် ယန်ကျင်းဇီက ချက်ချင်းပြန်ဖြေလာသည်။


" မင်းကို ကိုယ်က ဘာလို့မလိုချင်ရမှာလဲ? မင်းက ကိုယ်ရဲ့အချစ်ဆုံး ကိုယ့်ကလေးလေးလေ။ "


ယန်ကျင်းဇီသည် အမှိုက်ကောင်ဖြစ်လာရခြင်းနှင့် ပတ်သက်၍ ပြဿနာအနည်းငယ်ရှိသော်လည်း ကျန်းဖင်းရှိူ့ကိုမြင်မြင်ချင်းချစ်မိပြီးနောက် သူသည် အမှိုက်ကောင်ဖြစ်လာရသည်ကိုပင် စိတ်မရှိတော့ပေ။


ကျန်းဖင်းရှိူ့က အရမ်းချစ်ဖို့ကောင်းတာပဲ!


ကျန်းဖင်းရှိူ့သည် တုန်တုန်ယင်ယင်ဖြင့် သူ့ကိုငေးကြည့်နေဆဲဖြစ်သည်။ ယန်ကျင်းဇီ သူ့ကို ဖက်ထားလိုက်ပြီး


" ကိုယ်တို့နှစ်ယောက် တစ်သက်လုံးအတူတူရှိနေမယ် လို့ ကိုယ်တို့ကတိပေးခဲ့တယ်လေ။ ကိုယ် တစ်ခါမှ လိမ်‌မပြောဖူးဘူး။ "


ကျန်းဖင်းရှိူ့အံ့သြသွားသည်။ သူတို့ တစ်သက်လုံးအတူတူ‌နေမယ်လို့မပြောခဲ့ဖူးဘူး။ ယန်ကျင်းဇီ ဒီလိုမျိုး အရင်က တစ်ခါမှမပြောဖူးဘူး!


သို့ရာတွင် ' တစ်သက်လုံးအတွက် ' ဟူသော စကားက တကယ်ပဲ ကောင်းမွန်လှသည်။


ကျန်းဖင်းရှိူ့သည် တုန်လှုပ်မနေတော့ဘဲ ငြိမ်သွားသည်။ သူ့ကိုပွေ့ဖက်လိုက်ပြီးနောက် ယန်ကျင်းဇီသည် ဒီကောင်လေးက တအားပိန်လွန်းသည်ဟု ခံစားလိုက်ရသည်။


သူက ပိန်ရုံတင်မက အသက်အရမ်းငယ်နေသည့် ပုံလည်း ပေါ်နေသေးသည်။ သူက အသက် ၁၄၊၁၅ နှစ် လောက်ပဲရှိသေးတယ်လို့ ပြောရင်တောင် လူတိုင်းက ယုံကြမည်ပင်။


နောက်တစ်ခုကတော့ သူ ဒီကလေးကို နည်းနည်းလေးပိုဝလာအောင် ကောင်းမွန်စွာပြုစုပျိုးထောင်ရမည်။ ကလေးကို ပညာရေးလည်း ဆက်လက်သင်ယူခိုင်းရမည်။


အစပိုင်းမှာ ကျန်းဖင်းရှိူ့ကို ချော့မော့ဖြားယောင်းနိုင်ရန် မူလပိုင်ရှင်က ကျန်းဖင်းရှိူ့၏ဘဝအကြောင်းကို လေ့လာထားခဲ့သည်။


ကျေးလက်နေကလေးများသည် ယေဘူယျအားဖြင့် ကျောင်းတက်နောက်ကျတတ်သော်လည်း ကျန်းဖင်းရှိူ့သည် ကျောင်းကိုစောစောတက်ခဲ့သည်။ အဖွားကျန်းသည် စာမတတ်သူဖြစ်ပြီး မိသားစုတွင်လည်း အရွယ်ရောက် ယောင်္ကျားတစ်ယောက်မှမရှိပေ။ ပိုက်ဆံများစွာကို ဆုံးရှုံးလိုက်ရပြီးနောက် သူ(မ) အထူးတလည် မျှော်လင့်မိတာက သူ(မ)၏ မြေးလေး စာကို ကြိုးကြိုးစားစားလေ့လာနိုင်ဖို့ဖြစ်သည်။


ပြီးတော့ ကျန်းဖင်းရှိူ့၏အမှတ်များသည် ကျောင်းတွင်ကောင်းမွန်သည်ဟု မှတ်ယူနိုင်သည်။


ကျေးလက်နေကလေးအများစုသည် ငြိမ်ငြိမ်မထိုင်နိုင်ဘဲ စာသင်ခန်းအတွင်း ဂရုတစိုက်နားထောင်ရန်ကိုလည်း ငြင်းဆန်နေကြသည်။ ဆရာသည် သူတို့ကို ငြိမ်အောင် မထိန်းနိုင်ဘဲ နောက်ဆုံးတော့ သူလည်း လက်လျှော့သွားပြီး ဂရုစိုက်မနေတော့ပေ။


ထိုသို့သောအခြေအနေများတွင် မိမိကိုယ်ကိုထိန်းချုပ်မှု အားနည်းသော ကျောင်းသားများသည် အမှတ်များ ဆိုးဆိုးရွားရွားရလေ့ရှိကြသော်လည်း ကျန်းဖင်းရှိူ့သည် အလွန်ဂရုတစိုက်နားထောင်တတ်သောကြောင့် သူ၏အဆင့်များသည် အတော်လေးကောင်းသည်။


ကံမကောင်းစွာဖြင့် သူ့ကို ဆရာက ချီးကျူးသောကြောင့် အတန်းဖော်များသည် သူ့ကို ပို၍ပင် ပြင်းပြင်းထန်ထန် အနိုင်ကျင့်ခဲ့ကြသည်။


သူသည် အလယ်တန်းကျောင်းတုန်းက ပိန်ပိန်သေးသေးလေးဖြစ်ပြီး ပိုပိုပြီးအနိုင်ကျင့်ခံရလာသည်။ အလယ်တန်းကျောင်းရှိ ကျောင်းသားအများစုသည် တစ်ခါမှ အထက်တန်းကျောင်းကို ဆက်တက်ခွင့်မရဘဲ အများဆုံး ကျောင်းသား တစ်ယောက်၊နှစ်ယောက်ကိုသာ ခရိုင်အတွင်းရှိ သာမန်အထက်ကျောင်းကို ပို့ပေးနိုင်သည်။ ကျန်းဖင်းရှိူ့သည်လည်း အထက်တန်းသို့ဆက်မတက်နိုင်တော့ပါ။ အဘယ်ကြောင့်ဆိုသော် သူသည် စာဆက်သင်ယူရန် ပိုက်ဆံမရှိ၍ ကျောင်းနားလိုက်ရခြင်းဖြစ်သည်။


ယန်ကျင်းဇီ ခန့်မှန်းမိသလောက် ကျန်းဖင်းရှိူ့သည် မူလပိုင်ရှင်၏ပညာရေးကို အလွန်အမင်းထောက်ခံနေရခြင်းမှာ မူလပိုင်ရှင်သည် သူ့အိပ်မက်ကို ဆက်လက်ကြိုးပမ်းနေသောကြောင့် ဖြစ်နိုင်သည်။


ယေဘုယျအားဖြင့်ပြောရလျှင် ကျန်းဖင်းရှိူ့သည် ပညာရေးတွင် တကယ်ထူးချွန်သည်။ သူက အသက်ငယ်ငယ်လေးပဲရှိနေ၍ ကျောင်းဆက်တက်ရမည်ဖြစ်၏။


ဒီအကြောင်းကိုစဉ်းစားရင်း ယန်ကျင်းဇီက ကျန်းဖင်းရှိူ့၏ လက်မောင်းကိုညှစ်လိုက်ပြီး ကျန်းဖင်းရှိူ့၏လက်ကိုလည်း ညှစ်ကြည့်လိုက်သေးသည်။


လက်မောင်းများသည် အလွန်ပိန်ပြီး လက်များကလည်းကြမ်းတမ်းနေသောကြောင့် ယခုအချိန်မှစ၍ သေသေချာချာ ဂရုတစိုက်ထိန်းသိမ်းထားရမည်။


ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ချင်ရင် မင်းမှာပိုက်ဆံရှိရမယ်။ သူ ပိုက်ဆံရှာရမည်။


ကျန်းဖင်းရှိူ့က ယန်ကျင်းဇီ ဘာတွေတွေးနေမှန်းမသိဘူး။ သူ့ကို ယန်ကျင်းဇီက ကိုင်ထားပြီး သူ့လက်မောင်းနဲ့လက်တွေကို အပြန်ပြန်အလှန်လှန် အညှစ်ခံနေရသည်။ ကျန်းဖင်းရှိူ့၏ ခန္ဓာကိုယ်တစ်ကိုယ်လုံး ပူတက်လာတော့သည်။


ကျင်းဇီ ဘာတွေလုပ်နေတာလဲ? ဘာတွေဖြစ်နေတာလဲ?


ဒါ့အပြင် သူ့လက်က ရုပ်နည်းနည်းဆိုးနေမလား?


သူ့ကို ယန်ကျင်းဇီ မလွှတ်ခင် ခဏလောက်ကိုင်ထားလိုက်သေးသည်။


"ကောင်းပြီ။ ရေချိုးရအောင်။ ပြီးရင်စောစောအိပ်ပါ။ "


ကျန်းဖင်းရှိူ့ ခေါင်းညိတ်လိုက်သည်။


ယန်ကျင်းဇီက ထပ်ပြောလာသည်။


" ဟုတ်တယ် ကိုယ်တို့ဒီညအတူတူအိပ်မယ်။ အခုချိန်ကစပြီး အတူတူအိပ်ကြမှာ။ "


အတူတူအိပ်မယ်? ကျန်းဖင်းရှိူ့သည် လုံးလုံးအံ့သြသွားပြီး ယန်ကျင်းဇီ သူ့ကိုအနည်းငယ်တွန်းလိုက်မှသာလျှင် သူ ရေချိုးခန်းထဲသို့ပြေးဝင်သွားသည်။


ကျန်းဖင်းရှိူ့ ရေချိုးနေတုန်း ယန်ကျင်းဇီသည် အိပ်ရာပြင်သည်။


အိမ်မှာ အိပ်ခန်းနှစ်ခန်းသာပါဝင်ပြီး အပြင်က ထမင်းစားခန်းသည်လည်း စားပွဲတစ်လုံးသာရှိပြီး အလွန်ကျဥ်းသည်။ နေရာမရှိသောကြောင့် သူသည် ကျန်းဖင်းရှိူ့နှင့် အတူအိပ်ရလိမ့်မည်။


ဒါပေမယ့် အိပ်ရာကို ခွဲထားရမည်။


ကျန်းဖင်းရှိူ့သည် အလွန်ငယ်ရွယ်သေးသည်။ အနည်းဆုံး နောက် ၂နှစ်အတွင်း သူသည် သူ့ကို ဘာမှလုပ်လိမ့်မည်မဟုတ်ပေ။


ပြောရရင် မူလပိုင်ရှင်ဟာ ကလေးတစ်ယောက်နှင့် အတူအိပ်ခဲ့လေသည်၊ တကယ်ပါပဲ ဒီလူ့တိရစ္ဆာန်ကောင်ကတော့!


ယန်ကျင်းဇီသည် မူလပိုင်ရှင်ကို တစ်နေ့တခြား ပိုပိုပြီး မုန်းလာသည်။


ကျန်းဖင်းရှိူ့သည် ကားရေဆေးဆိုင်တွင် ပစ္စည်းများကိုထုပ်ပိုးနေစဉ် အိပ်ရာခင်းကိုသယ်မလာခဲ့သော်လည်း ယန်ကျင်းဇီက သူ့အတွက် အိပ်ရာခင်းကိုပြင်ဆင်ပြီးသားပင်။ သူ အိပ်ရာခင်းများအားလုံးကို ကျောင်းမှယူလာကာ အသစ်များဝယ်လာခဲ့သည်။


သူသည် အခု ၁.၈ မီတာ ကြီးမားသော ခုတင်ပေါ်တွင် အိပ်ရာခင်းနှစ်ထည်ကိုခင်းထားပြီးပြီ။ အားလုံးပြင်ဆင်ပြီးသောအခါ ကျန်းဖင်းရှိူ့လည်း ရေချိုးပြီးသွားပြီးဖြစ်၍ အပြင်ထွက်လာသည်။


" ဆံပင်ကိုခြောက်အောင်သုတ်ထားနှင့်၊ ကိုယ် ရေချိုးလိုက်ဦးမယ်။ "


ယန်ကျင်းဇီက ပြောသည်။


ကျန်းဖင်းရှိူ့ခေါင်းညိတ်လိုက်ပြီး ခုတင်ပေါ်တွင် အိပ်ရာနှစ်ခုကိုမြင်လိုက်ရသဖြင့် သူ ခဏတာ ခံစားချက်ပျောက်ဆုံးသွားသည်။


ဒါပေမယ့် မကြာခင်မှာပဲ သူ ပြန်ပြီး အဆင်ပြေလာသည်။ ယန်ကျင်းဇီက သူ့ကိုမကြိုက်တာမှ မဟုတ်တာ၊ သူနဲ့အိပ်ဖို့ဆန္ဒရှိတာတောင်မှ အရမ်းကောင်းနေပြီ။ သူက ဘာတွေထပ်စဉ်းစားချင်နေသေးတာလဲ!


အပြင်ထွက်လာရင်းနဲ့ သူက သူ့သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ခရင်မ်ကိုယူလာခဲ့သည်။ သူ ခရင်မ်ကိုအပြင်ထုတ်လိုက်ပြီး သူ့ကိုယ်သူ သေချာလိမ်းလိုက်ပြီးမှ သူ့ဆံပင်ကို ခြောက်သွေ့စေလိုက်သည်။


သူ သူ့အသားအရည်ကိုဂရုစိုက်ဖို့ ဘယ်တုန်းကမှမတွေးခဲ့ဖူးပေမယ့် အခု ... ယန်ကျင်းဇီက သူ့ကိုပိုကြည့်ကောင်းစေချင်မယ်မလား?


ယန်ကျင်းဇီ အိပ်ဖို့လှဲလိုက်သည့်အချိန်မှာ သူ့ဘေးက ကောင်လေးစီမှ မျက်နှာလိမ်းခရင်မ်နံ့ကို သူရလိုက်သည်။


ဇာတိကိုပြန်သွားရပြီး ယန်ကျင်းဇီသည် တော်တော်လေးပင်ပန်းနေပြီး နောက်ဆုံးမှာတော့ ဒီအနံ့ကိုရနေရင်း မြန်မြန်အိပ်ပျော်သွားခဲ့သည်။


ယန်ကျင်းဇီ အိပ်ပျော်သွားမှ ကျန်းဖင်းရှိူ့သည် စိတ်သက်သာရာရသွားပြီး လှုပ်ရဲတော့သည်။


ယန်ကျင်းဇီ သူ့ဘေးနားမှာအိပ်နေတယ်လို့ တွေးမိတာနဲ့ သူ့နှလုံးခုန်သံ ပိုပိုပြီးမြန်လာသဖြင့် သူ လုံးဝအိပ်မပျော်ဘူး။ အခုတော့ သူ မနက်ဖြန်မနက် အိပ်ယာမထနိုင်မှာကို စိုးရိမ်မိလာသည်။


သူ့ဖုန်းတွင် တုန်ခါနေသော နှိုးစက်နာရီကို ပေးထားလိုက်ပြီး ယန်ကျင်းဇီမနိုး‌စေဖို့အတွက် ဖုန်းကို သူ့စောင်ထဲထည့်ထားလိုက်သည်။ နောက်ဆုံးတော့ ကျန်းဖင်းရှိူ့လည်း စိတ်ငြိမ်သွားပြီး အိပ်‌ပျော်သွားလေတော့သည်။


ယန်ကျင်းဇီဟာ ပျင်းရိတတ်သူတစ်ယောက်မဟုတ်ဘူး။ အများအားဖြင့် သူသည် ၇ နာရီထက် နောက်မကျဘဲ အိပ်ရာထလေ့ရှိသည်။


သူ အဆောင်နေရတုန်းကလည်း စောစောထလေ့ရှိသည်။


သို့သော် သူ ဒီနေ့ အိပ်ရာထသည့်အချိန်၌ သူ့ဘေးတွင် ဘယ်သူမှမရှိတော့ပေ။ သူ အခန်းအပြင်ထွက်လာသောအခါ အသံတိုးတိုးဖြင့် စကားပြောနေကြသော အဖွားကျန်းနှင့် ကျန်းဖင်းရှိူ့တို့ကို တွေ့လိုက်ရသည်။


" ဖင်းဟွာ၊ အမြန်ရထားက အရှည်ကြီးပဲ။ အထဲကလည်း အရမ်းလှတယ်။ အစက အဖွား ရထားမှာ အိမ်သာမရှိဘူး ထင်လို့ အရမ်းစိုးရိမ်နေတာ။ တော်သေးတယ် ယန်တက အဖွား အိမ်သာဝင်ချင်လားလို့ မေးပေးလို့။ "


" အမြန်ရထားပေါ်မှာ အိမ်သာရှိတယ်ပေါ့! ကျွန်တော် သိတောင်မသိဘူး! အဲ့တုန်းက ကျွန်တော် ဘယ်မှမသွားရဲခဲ့ဘူး။ "


ကျန်းဖင်းရှိူ့က ပြောခဲ့သည်။


" ဒီက လေအေးပေးစက်က သုံးရအရမ်းလွယ်တယ်။ နွေးနေတာပဲ။ "


" အဖွား၊ အိမ်သာလည်း သုံးရလွယ်တယ်! "


" အဖွား မီးဖိုချောင်ပစ္စည်းတွေကို မသုံးတတ်ဘူး။ မင်းအတွက် ဘယ်လိုချက်ပေးရမလဲ အဖွား မသိဘူး။"


" ကျွန်တော်လည်း ဘယ်လိုသုံးရမှန်းမသိဘူး... "


" မြို့ကြီးမှာ ကြက်သွန်နီ‌လေး စားဖို့တောင် ပိုက်ဆံနဲ့ဝယ်ရတယ်။ ငွေစုဖို့ခက်မှာပဲ။ "


" ဟုတ်တယ်၊ ကျွန်တော် အရင်တုန်းက ပေါက်စီ၀ယ်စားတာလည်း တစ်လုံးကို ၁ ယွမ် စီ ပေးခဲ့ရတယ်လေ! "


မြေးအဖွားနှစ်ယောက်က တအံ့တဩစကားပြောနေကြသည်ကို ယန်ကျင်းဇီ နားထောင်ရတာ ဝမ်းသာအားရရှိလှသည်။ ထို့အပြင် စားပွဲပေါ်တွင် ပေါက်စီအချို့ ရှိနေကြောင်းကိုလည်း သူ သတိထားမိလိုက်သည်။


" မင်း ပေါက်စီထွက်ဝယ်ထားတာလား? "


ယန်ကျင်းဇီမေးလိုက်သည်။


ကျန်းဖင်းရှိူ့ ရုတ်တရက်ကြီး မတ်တတ်ထရပ်လိုက်ပြီး


" အင်း ကျွန်တော် ပေါက်စီဝယ်လာတာ...အေးနေလောက်ပြီ။ ကျွန်တော် ပြန်ပေါင်းပေးမယ်။ "


ထို့နောက် ယန်ကျင်းဇီက ပြန်ပြောသည်။


" မီးဖိုချောင်ထဲမှာ မိုက်ခရိုဝေ့ဗ်ရှိတယ်။ ကိုယ် ပြန်နွှေးလိုက်မယ်။ "


ယန်ကျင်းဇီသည် ပေါက်စီများကိုအပူပေးပြီး ထပ်ပြောလာသည်။


" ဖင်းရှိူ့၊ ကိုယ် မင်းကို ဒီနှစ်ရက်မှာ စက်ဘီးစီးနည်း သင်ပေးမယ်။ ပြီးရင် မင်း ညဘက် အိမ်ပြန်လာလို့ရအောင် မင်းအတွက် စက်ဘီးတစ်စီး ထပ်ဝယ်ပေးမယ်။ "


ကျန်းဖင်းရှိူ့သည် ညဘက်နောက်ကျမှ အလုပ်ဆင်းရသည်။ တကယ်တော့ သူသာ ဒီမှာနေမယ်ဆိုရင် သိပ်အဆင်မပြေလောက်ပေမယ့် ယန်ကျင်းဇီကတော့ ကျန်းဖင်းရှိူ့ကို ဒီမှာနေစေချင်သည်။


ဒါက သူတို့နှစ်ယောက်၏ ခံစားချက်များ တိုးလာစေရန် အဆင်ပြေပြီး ကျန်းဖင်းရှိူ့သည်လည်း အဖွားကျန်းကို အဖော်ပြုပေးနိုင်သည်။


" အိုကေ! "


ကျန်းဖင်းရှိူ့ ခေါင်းညိတ်လိုက်သည်။


ကိစ္စအဆင်ပြေသွားပြီး ယန်ကျင်းဇီသည် သူနှင့်အတူ အဘွားကျန်းနှင့် စကားပြောပေးသည်။ သူသည် အဖွားကျန်းအား အိမ်တွင်အမျိုးမျိုးသော ပစ္စည်းများကို အသုံးပြုနည်းရှင်းပြပြီး အဖွားကျန်း ကြည့်လို့ရအောင် အဖွားကျန်း၏အခန်းက တီဗီကိုလည်း ဖွင့်ထားလိုက်သည်။


အဖွားကျန်းသည် မန်ဒရင်းဘာသာစကားကို မသိ၍ တီဗီကိုလည်း သိပ်နားမလည်ပေမယ့် သူ(မ)က တီဗီကြည့်ရတာကို တော်တော်ပျော်သည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် ရှစ်နာရီထိုးနေပြီဖြစ်ကာ ကျန်းဖင်းရှိူ့ကဆိုလာသည်။


" ကျွန်တော် အလုပ်သွားတော့မယ်။ "


" ကိုယ် မင်းကိုလိုက်ပို့မယ်။ " ယန်ကျင်းဇီကပြောသည်။


ကျန်းဖင်းရှိူ့ကငြင်းချင်ပေမယ့် ယန်ကျင်းဇီက သူ့ကို ကားရေဆေးဆိုင်လိုက်ပို့မယ်လို့ မရမကပြောသည်။


အခုအချိန်မှာ ဆိုင်က မဖွင့်သေးတော့ ယန်ကျင်းဇီသည် ကျန်းဖင်းရှိူ့ကို စက်ဘီးစီးသင်ပေးသည်။


စက်ဘီးပေါ်ကပြုတ်ကျမှာမကြောက်သရွေ့ လူကြီးတွေ စက်ဘီးစီးသင်ခြင်းက လွယ်ကူလိမ့်မည်။ ပြီးတော့ ကျန်းဖင်းရှိူ့ကလည်း ပြုတ်ကျမှာ မကြောက်ဘူး။


သူ အရင်က စက်ဘီးမစီးဖူးပေမယ့် အခုကျ သူက တစ်ခါတည်းနဲ့ စက်ဘီးစီးတတ်သွားတော့သည်။ သူ စက်ဘီးစီးတတ်သွားပြီးနောက် ယန်ကျင်းဇီလည်း စက်ဘီးစီးပြီး ပြန်သွားသည်။


ယခုအချိန်မှာတော့ ကားရေဆေးဆိုင်က လူတိုင်း ဆိုင်ကိုရောက်လာကြပြီ။


အစ်ကိုဝမ်သည် သမ်းဝေနေရင်း ယန်ကျင်းဇီထွက်သွားတာကို တွေ့လိုက်ပြီး အံ့ဩသွားသည်။


" ဒီနေ့လည်း မင်းအစ်ကို အစောကြီးရောက်နေတာပဲလား? "

" သူ့အစ်ကို ဒီနေ့စောစောလာတာမဟုတ်ဘူး၊ ဒါပေမယ့် သူလည်း မနေ့က ဒီမှာမနေဖြစ်ဘူး။ မနေ့ညက သူ့အစ်ကိုလာကြိုသွားလို့။ "


ရှောင်ကျန်းကပြောသည်။


" လာကြိုတယ်? ဘယ်သွားမလို့ လာကြိုတာလဲ? "


အစ်ကိုဝမ် အနည်းငယ်အံ့ဩသွားသည်။


" ကျွန်တော့်အစ်ကို...ကျွန်တော့်အစ်ကိုက အိမ်ငှားထားတာ ကျွန်တော်တို့အတူတူနေနေကြပြီ။ "


ကျန်းဖင်းရှိူ့၏မျက်လုံးများသည် တောက်ပနေခဲ့သည်။


" အစ်ကိုဝမ်၊ ကျွန်တော့်အစ်ကိုက အဖွားကိုလည်း မြို့ပေါ်ခေါ်လာပြီးပြီ။ ကျွန်တော်တို့ အတူတူနေကြတော့မှာ! "


" မင်းအဖွားကလည်း သူ့အဖွားပဲမလား? "


အစ်ကိုဝမ်က ပျင်းပျင်းနှင့်ပြောလာသည်။


" သူက ကျွန်တော့်အစ်ကိုအရင်း မဟုတ်ဘူး။ ဒီတိုင်း ကျွန်တော်က သူ့ကို အစ်ကိုလို့ခေါ်တာ။ "


ကျန်းဖင်းရှိူ့က ရှင်းပြလိုက်သည်။ ဒီလူတွေဟာ ယန်ကျင်းဇီက သူ့အစ်ကိုအရင်းလို့ အထင်လွဲနေမှန်း သူ သိပြီးသားပင်။ အရင်က မရှင်းပြချင်ပေမယ့် အခု ရုတ်တရက်ကြီး သူ ရှင်းပြချင်လာသည်။


" သူက မင်းရဲ့အစ်ကိုရင်း မဟုတ်‌တာတောင် မင်းက သူစာကျက်ဖို့ ပိုက်ဆံရှာပေးတယ်? "


အစ်ကိုဝမ် မှင်တက်ဆွံ့အမိသွားသည်။


ရှောင်ကျန်းနှင့် ဆရာချန်းတို့သည်လည်း အာစေးမိသွားသည်ပင်။ ကျန်းဖင်းရှိူ့က သူ့အစ်ကိုသုံးဖို့ ပိုက်ဆံအများကြီး ပေးနေကျဖြစ်သည်။ သူတို့က ကျန်းဖင်းရှိူ့၏အစ်ကိုအရင်းဟု ထင်ခဲ့ကြပေမယ့် အစ်ကိုအရင်းမဟုတ်ဘူးတဲ့လား?


" ကျွန်တော့်အစ်ကိုက အခု အချိန်ပိုင်းအလုပ် ရနေပြီ။ ဒါကြောင့် သူ ကျွန်တော့်ပိုက်ဆံ မလိုတော့ဘူး။ "


ကျန်းဖင်းရှိူ့ဆက်ပြောပြသည်။


" သူက ကျွန်တော်ကို ကြင်ကြင်နာနာဆက်ဆံပါတယ်။ အိမ်ငှားပေးပြီး ကျွန်တော့်အဖွားကိုပါ ခေါ်လာပေးတာ။ "


" ဒါဆို သူက မင်းကို ပြန်ဆပ်နေတာပေါ့? "


ရှောင်ကျန်းက မေးလာသည်။


ကျန်းဖင်းရှိူ့ ခဏလောက်စဉ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။


" သူ ပိုက်ဆံပြန်ဆပ်နေတာ...သူ အရင်က ပိုက်ဆံမရှိလို့ ကျွန်တော့်စီက ပိုက်ဆံယူတယ်။ အခု သူ အိမ်ငှားတော့ ကျွန်တော့်ကို ပိုက်ဆံမပေးခိုင်းဘူး၊ အိမ်ငှားခကို သူပေးတယ်။ "


တကယ်က ယန်ကျင်းဇီ သူ့ကို ပိုက်ဆံမဆပ်ပေ။ ဒါပေမယ့် သူများတွေ ယန်ကျင်းဇီကို မကောင်းပြောမည်ကို သူ မကြားချင်ပေ။


" ဒါဆို သူက မင်းအပေါ် တကယ်ကောင်းတာပဲ။ "


ရှောင်ကျန်းက ပြန်ပြောလာသည်။


" ဟုတ်တယ်! "


ကျန်းဖင်းရှိူ့ ခေါင်းညိတ်လိုက်ပြီး အားတက်သရော ဆက်ပြောတော့သည်။


" အစ်ကိုကျန်း၊ ကျွန်တော့်အစ်ကို ငှားထားတယ့်အိမ်မှာ အခန်းနှစ်ခန်းရှိတယ်။ တစ်ခန်းမှာ ကျွန်တော့်အဖွား နေပြီး ကျွန်တော်က ကျွန်တော့်အစ်ကိုနဲ့ နောက်တစ်ခန်းမှာ အတူတူနေတယ်... "


တစ်ခန်းတည်းအတူတူနေရသည့်အကြောင်းကို ပြောရတော့ ကျန်းဖင်းရှိူ့ မပြုံးမိဘဲ မနေနိုင်ချေ။


" မင်းအစ်ကိုက ကျောင်းအဆောင်မှာနေပြီး မင်းက ဆိုင်မှာနေရင် မင်းတို့တွေ ပိုက်ဆံ ဘယ်လောက်တောင် စုလို့ရမလဲ? ဒီဘက်ခေတ် အိမ်ငှားနေရတာ ဈေးကြီးတယ်။ မြေပိုင်ရှင်ကို ပေးမယ့်အစား မင်းတို့ ကိုယ့်အတွက် ငွေသုံးလိုက်တာမှ ပိုကောင်းဦးမယ်။ "


ရှောင်ကျန်းကဆိုသည်။


" မင်းက ငွေဖြုန်းဖို့ပဲသိတယ်။ အဖွားကို ဒီခေါ်ထားပြီး ဝတ်ကြီးဝတ်ငယ်ပြုစုပေးရတာလည်း ကောင်းပါတယ်။ "


ဆရာကျန်းက ဝင်ပြောလာသည်။


' ငါ့ဝမ်းပူဆာ မနေသာ ' ဟူသော သုံးစွဲမှုနိယာမကို လက်ကိုင်ပြုထားသော ရှောင်ကျန်းသည် လစာရသည်နှင့် ချက်ချင်း ငွေသုံးလေ့ရှိသည်။ ဘယ်လိုငွေစုရလဲ ဆိုတာ သူ လုံးဝမသိဘူး။


ဆရာချန်းကတော့ မတူပေ။ သူက မိသားစုကို တန်ဖိုးထားချစ်ခင်ပြီး သူရှာသမျှပိုက်ဆံများသည်လည်း သူ့မိသားစုအတွက်ပင်။ သူက သူ့မိသားစုကို ပိုက်ဆံမပေးဘူးဆိုရင်တောင် သူ အပြစ်တင်ခံရမှာ မဟုတ်ပေမယ့်ပေါ့။


ဒီအချိန်မှာပဲ ဆရာချန်းက ကျန်းဖင်းရှိူ့ကို ပြောလိုက်သည်။


" မင်းအစ်ကိုက မင်းအပေါ် တကယ်ကောင်းပါတယ်။ ပိုပြီး ကြိုးကြိုးစားစားလေး ပိုက်ဆံရှာ၊ ငွေစုပြီးရင် အနာဂတ်လက်တွဲဖော်တစ်ယောက်လောက်လည်း ရှာပေါ့။ "


" ဟုတ်တယ်။ အဲ့အခါကျရင် ငါ မင်းကို ကောင်မလေးတွေနဲ့ မိတ်ဆက်ပေးမယ်! " အစ်ကိုဝမ်က ပြောသည်။


ကျန်းဖင်းရှိူ့၏မျက်နှာမှာ နီမြန်းသွားတော့သည်။


" ကျွန်တော့်ကို မိတ်ဆက်ပေးစရာမလိုပါဘူး။ "


" ရှက်စရာမလိုပါဘူး။ ဒါပေမယ့် မင်း အခု တစ်ယောက်ယောက်ကို ရှာဖို့ကျ တအား ငယ်သေးတယ်။ အချစ်မှာနစ်မြောဖို့ စောသေးတယ်ပေါ့ကွာ! "


အစ်ကိုဝမ်က ထပ်ပြောလာသည်။


သူ့မျက်နှာပိုနီလာပေမယ့် ကျန်းဖင်းရှိူ့ ဘာမှဆက်မပြောတော့ချေ။


သူ့မှာ ချစ်သူရှိနေပြီးသား! မကောင်းတာက သူ ဘယ်သူ့ကိုမှ ပြောပြလို့မရဘူး!