ကားရေဆေးဆိုင်မှ ထွက်လာပြီး ယန်ကျင်းဇီသည် အိမ်တွင် လိုအပ်သော နေ့စဉ်သုံးပစ္စည်းများကို ဝယ်ယူလိုက်ပြီးမှ ကျောင်းသို့သွားသည်။
ယနေ့သည် စနေနေ့ဖြစ်သော်လည်း ကျောင်းကန်တင်းတွင် စားစရာများကို ဈေးချိုချိုဖြင့် ရောင်းချနေဆဲဖြစ်သည်။
ယန်ကျင်းဇီသည် ကြက်ခြေထောက်ခြောက်စုံ၊ မိုးခိုသားအတုံးကြီးခြောက်တုံး၊ အရွက်ဟင်းအမျိုးနည်းနည်းနှင့် လူနှစ်ယောက်စာထမင်းတို့ကို ဝယ်ပြီး အိမ်ပြန်သွားသည်။
နေ့လယ်ပိုင်း သူနှင့်အဖွားကျန်းတို့သည် ကြက်ခြေထောက်၊ဝက်သားတုံးကြီးများ၊ အရွက်ဟင်းများနှင့် ထမင်းစားလိုက်ကြသည်။ သူတို့၏ဝမ်းဗိုက်များလည်း ဖောင်းကားပြည့်လျှံနေတော့သည်။ စားပြီးသည့်နောက်မှာတော့ သူက ကျောင်းကို ပြန်သွားပြီး ဆန်ခေါက်ဆွဲများနှင့် အရွက်ဟင်းများကို ထပ်ဝယ်လာခဲ့သည်။
အနာဂတ်မှာ အသားဟင်းများကို ကျောင်းကဝယ်စားပြီး ထမင်းနှင့်ဟင်းသီးဟင်းရွက်များကိုတော့ အိမ်မှာချက်စားဖို့ သူ ဆုံးဖြတ်ပြီးသွားပြီ။ ဤနည်းဖြင့် သူတို့သည် ငွေလည်းစု၊ ကျန်းမာရေးနှင့်ညီညွတ်သော စားစရာများကိုလည်း စားနိုင်လိမ့်မည်။
ဒီအတိုင်းဆို အဖွားကျန်းက သူ(မ) အရမ်း ကောင်းကောင်းမွန်မွန် စားသောက်နေရသည်ကလွဲ၍ ကျန်တာများကို စဉ်းစားနိုင်တော့မည်မဟုတ်။
ရွာသူရွာသားများသည် ' တံမြက်စည်းကြယ် ' နာမည်ပြောင်ပိုင်ရှင်အဖွားအိုကို ဘယ်တော့မှ မကြည်ဖြူပေ။ ယခုချိန်တွင် သူ(မ) မြို့ကြီးမှာနေရတာကို မကောင်းဘူးလို့ မထင်တော့ချေ။ အိမ်မှာ သူ(မ) တစ်ယောက်တည်းရှိနေရတာကိုလည်း အဆင်ပြေသည်။ သူ(မ) ဂရုတစိုက်နေရမည် ဟု သာ သူ(မ) တွေးထင်မိလေသည်။ သူ(မ) နေရာမရွှေ့ရဲသော ပစ္စည်းများစွာ အိမ်မှာ ရှိသည်။ ဒါပေမယ့် သူ(မ) သည် သူ(မ)၏ အခန်းထဲက တီဗီကို ဖွင့်ကြည့်တတ်နေပြီဖြစ်သည်။
အဖွားအိုသည် မန်ဒရင်းဘာသာစကားကို နားမလည်သော်လည်း သူ(မ)က ဇီဇာမကြောင်ဘဲ ကြော်ငြာများကိုပင် စိတ်ဝင်တစားကြည့်ရှုသည်။
ယန်ကျင်းဇီ စေ့စေ့စပ်စပ်တွေးကြည့်တော့ သူသာ တီဗီကို အင်တာနက်နှင့် ချိတ်ဆက်ပေးနိုင်မည်ဆိုပါက အဖွားအိုသည်လည်း ' ကံဆိုးသူ မောင်ဝက်ဝံ ' လိုမျိုး ရယ်စရာကာတွန်းများကို ကြည့်နိုင်လောက်သည်။ ရယ်စရာကာတွန်းများကို နားလည်ဖို့ မန်ဒရင်းဘာသာစကားအား မလိုအပ်ပေ။
မွန်းလွဲပိုင်း၌ ယန်ကျင်းဇီသည် ကျူရှင်ကျောင်းကို သွားရကာ စာသင်ပြီးနောက် အဖွားကျန်းနှင့်အတူ ညစာစားဖို့ အိမ်ကိုပြန်သည်။ ထို့နောက် ကျူရှင်ကျောင်းကို နောက်တစ်ခေါက် ပြန်သွားရသည်။
ညကိုးနာရီကျော်ပြီးသည့်နောက်တွင်တော့ ကျန်းဖင်းရှိူ့ကို အလုပ်မှ သွားကြိုရန် သူ စက်ဘီးထပ်စီးရပြန်သည်။
ဒီတစ်ခါတော့ သူ ကျန်းဖင်းရှိူ့ကို တင်မနင်းတော့ချေ။ အိမ်အပြန်၌ ကျန်းဖင်းရှိူ့ကို စက်ဘီးစီးခိုင်းပြီး သူ နောက်က လိုက်ပြေးသည်။ မိနစ်နှစ်ဆယ်စာ ခရီးလေးက မိနစ်လေးဆယ်စာ ဖြစ်သွားတော့သည်။ ကျန်းဖင်းရှိူ့က အဆင်ပြေပေမယ့် ယန်ကျင်းဇီကတော့ ချွေးများဖြင့်စိုရွှဲနေသည်။ သူ့လေ့ကျင့်ခန်းပြီးသွားတော့ သူလည်း ဗိုက်ဆာလာသည်။
သူက ကျန်းဖင်းရှိူ့ကို ဝလာစေချင်သောကြောင့် သူ ဆန်ပြုတ်ကို သီးသီးသန့်သန့် ချက်ထားသည်။ ယန်ကျင်းဇီနှင့် ကျန်းဖင်းရှိူ့တို့သည် ဆန်ပြုတ်သောက်ပြီး ကြက်ခြေထောက်များကို စားခဲ့သည်။ သူတို့စားပြီးနောက် ရေချိုးကာ အိပ်ရာဝင်ဖို့ပြင်ကြတော့သည်။ နှိုးစက်နာရီဖွင့်ထားမည်ကို ကာကွယ်ဖို့ အိပ်မပျော်ခင် ကျန်းဖင်းရှိူ့၏ဖုန်းကို ယန်ကျင်းဇီက ယူသိမ်းထားခဲ့သည်။
နောက်တစ်နေ့ မနက်စောစောတွင် ယန်ကျင်းဇီသည် မနေ့က ထမင်းအကျန်များကို ကြက်ဥထမင်းကြော်အဖြစ် ကြော်လိုက်ပြီး ကြက်ခြေထောက်များနှင့် မိုးခိုးသားကြီးများကိုလည်း ပြန်နွှေးလိုက်သည်။ ကျန်းဖင်းရှိူ့ အလုပ်မသွားခင် ဗိုက်အပြည့်စားရစေဖို့အတွက် သူ အရွက်အချို့များကိုပင် ကြော်လှော်လိုက်သေးသည်။ ဤအချိန်ကာလအတောအတွင်း သူ တစ်ပတ်ရစ်စက်ဘီး တစ်စီးကိုလည်း ဝယ်ပြီးပြီ။
တနင်္လာနေ့ကစပြီး သူသည် ကျောင်းသွားရမည်ဖြစ်ပြီးကျန်းဖင်းရှိူ့ကို မနက်ပိုင်းလိုက်မပို့နိုင်တော့ချေ။ မနက်ပိုင်းများတွင် ကျန်းဖင်းရှိူ့သည် သူ့ကိုယ်ပိုင်စက်ဘီးတစ်စီးနှင့် အလုပ်သွားရပေမည်။
ဒါပေမယ့် ညပိုင်းမှာ သူ ကျန်းဖင်းရှိူ့ကို သွားကြိုနိုင်ပြီး သူတို့ စကားပြောရင်း အိမ်တူတူပြန်လာလို့ရသည်။
ယန်ကျင်းဇီ၏ဘဝသည်လည်း တည်ငြိမ်လာခဲ့သည်မှာ ဒီဇင်ဘာလ အစပိုင်းမှ ဒီဇင်ဘာလကုန်အထိပင်။
ဒီဇင်ဘာလကုန်ခါနီးတွင် ခရစ်စမတ်နေ့နှင့် နှစ်သစ်ကူးနေ့တို့ရှိပြီး စာသင်နှစ်တစ်ခုလည်းပြီးတော့မည်ဖြစ်၍ A တက္ကသိုလ်သည် ပျော်ပွဲရွှင်ပွဲများစွာကို စီစဉ်ကျင်းပခဲ့သည်။ ယန်ကျင်းဇီသည် ပါဝင်ဆင်နွှဲခြင်းမရှိဘဲ ကျန်းဖင်းရှိူ့အတွက် ခရစ်စမတ်လက်ဆောင်အဖြစ် စားစရာအချို့ကို ပြင်ဆင်နေခဲ့သည်။
တကယ်တော့ သူ တအားအလုပ်ရှုပ်နေခဲ့သည်... ပိုက်ဆံရှာရင်း သူ တအားအလုပ်ရှုပ်နေခဲ့ခြင်းပင်။
မကူးပြောင်းခင်တွင် သူသည် အလွန်ဉာဏ်ကောင်းသူ မဟုတ်လျှင် ပရိုဂရမ်မာတစ်ယောက် ဖြစ်ခဲ့လိမ့်မည် ဟု ယန်ကျင်းဇီ ထင်မိသည်။
သူ ကွန်ပျူတာပရိုဂရမ်မင်းကို မြန်မြန်ဆန်ဆန် သင်ယူနိုင်ခဲ့သောကြောင့် ထင်မိခြင်းဖြစ်သည်။ ဒါကြောင့်ပဲ သူက ဇန်နဝါရီ အစောပိုင်းကာလတွင် ကုမ္ပဏီငယ်တစ်ခုကို ကူညီရသော ရေရှည်တည်ငြိမ်သည့် အလုပ်တစ်ခုကို လက်ခံရရှိခဲ့လေသည်။
ဒီအလုပ်က ပိုရှုပ်ထွေးပြီး ပိုခက်ပေမယ့် လစာကတော့ တော်တော်လေးကောင်းသည်။ တစ်လကို ယွမ် ၁၀,၀၀၀ ထက် ပိုများသော ဒေါ်လာ ၃၀၀၀ တောင် ရသည်!
ယန်ကျင်းဇီသည် အလုပ်ကို အလွန်အလေးအနက်ထားကာ တစ်ချိန်တည်းမှာပင် ကျူရှင်အေဂျင်စီကအလုပ်ကိုလည်း ဆက်လုပ်နေဆဲဖြစ်သည်။
ကလေးများကို သင်ပေးရခြင်းက စိတ်အနှောင့်အယှက် အနည်းငယ်ဖြစ်ရသော်လည်း မပင်ပန်းရသည့်အတွက် ထိုအချိန်ကိုပင် သူ အနားယူဖို့ အသုံးချနိုင်သေးသည်။
ယန်ကျင်းဇီ အလုပ်အရမ်းရှုပ်နေသည်မှာ သူ့ကျောင်းက သူငယ်ချင်းများနှင့်စကားပြောဆိုရန်ပင် အချိန်မရှိ။ သူနှင့် ရင်းနှီးသော ဟောင်လျန်ကတော့ နားမလည်နိုင်တော့ပေ။
" ယန်ကျင်းဇီ၊ မင်း အခုတလော ဘာတွေလုပ်နေတာလဲ? မင်းကို အတန်းထဲမှာလည်း မတွေ့မိတဲ့အပြင် အဆောင်ကိုလည်း မင်း ပြန်မလာဘူး။ "
" ငါ ပိုက်ဆံရမယ့် အချိန်အပိုင်းအလုပ်တွေကို ရှာတွေ့ထားတယ်။ "
ယန်ကျင်းဇီ ဖြေလိုက်သည်။
" ဘွဲ့မရခင်ကတည်းက မင်း ဘာလို့ ပိုက်ဆံရှာဖို့ ထက်သန်နေရတာတုန်း? အဓိက က စာကျက်ဖို့မဟုတ်ဘူးလား။ "
ဟောင်လျန် မနေနိုင်တော့ဘဲ မေးမိလိုက်တော့သည်။
A တက္ကသိုလ်၏ သင်ခန်းစာများက ခက်ခဲသည်။ အကယ်၍ ယန်ကျင်းဇီသာ စာကိုဘေးဖယ်ထားပြီး အလုပ်ပဲလုပ်နေလျှင် ပင်ပန်းရသည်နှင့်မတန်မှာကို သူစိုးရိမ်သည်။
ယန်ကျင်းဇီလည်း သိပေမယ့် ကံကောင်းတာက သူ့ဦးနှောက်က အရမ်းကောင်းနေသည်။
" ငါ့မှာ စားဖို့တောင်မရှိတော့ အလုပ်မလုပ်ပဲနေလို့မရဘူး။ ဒါပေမယ့် ငါ အတန်းတိုင်းကို တက်ပါတယ်။ မင်း စိတ်ချထားလို့ရတယ်။ "
အတန်းများစွာသည် ကျောင်းသားဦးရေစာရင်းစစ်လေရာ သူ မတက်ဘဲနေလို့မရချေ။ ထို့အပြင် သူ့အချိန်ပိုင်းအလုပ်တွင် သူ မသိတာတစ်ခုခုရှိလာရင်လည်း ဆရာများကို မေးလို့ရသေးသည်။
ယန်ကျင်းဇီ ပြောတာကို ကြားလိုက်ရပြီး ဟောင်လျန်က ချက်ချင်းပဲ အကြံပြုလာသည်။
" ကျောင်းက ဆင်းရဲတဲ့ကျောင်းသားတွေကို ထောက်ပံ့ကြေးပေးတယ်လေ။ မင်း ထောက်ပံ့ကြေးအတွက် လျှောက်ချင်လား? "
ယန်ကျင်းဇီ ခဏစဉ်းစားလိုက်ပြီး ငြင်းဆန်ခဲ့သည်။ ဆင်းရဲသောကျောင်းသားများအတွက် ထောက်ပံ့ကြေးသည် သူ့ဘဝကို တိုးတက်စေနိုင်မည် မဟုတ်သည့်အပြင် သူက အခု ကျောင်းအပြင်မှာ အိမ်ငှားနေနေသည်။ ဒီအိမ်ငှားခပိုက်ဆံနှင့် သူက ဘယ်လိုများ သူများတွေကို သူ့ကိုယ်သူ အိမ်ငှားနေနိုင်နေသည့် ' ဆင်းရဲသောကျောင်းသား ' ဟု ရှင်းပြနိုင်ပါ့မလဲ?
အလုပ်အရမ်းရှုပ်နေခဲ့သော ယန်ကျင်းဇီက နည်းနည်းလေး ဝိတ်ကျသွားပေမယ့် ကျန်းဖင်းရှိူ့ကတော့ မတူပေ။
သူက ကိုယ်အလေးချိန်လည်း ပိုတက်လာပြီး အရပ်လည်း ပိုရှည်လာသည်။
ကားရေဆေးဆိုင်က စရိတ်ငြိမ်းအလုပ်ပေမယ့် အသားဟင်းခွက်များ အများကြီး ချက်လေ့မရှိသည့်အပြင် မနက်ပိုင်း ချက်ပြုတ်မည့်သူလည်း မရှိ။ သူဌေးက ဆိုင်မှာ ပေါ့ပေါ့ပါးပါးစားလို့ရအောင် အသင့်စားခေါက်ဆွဲခြောက်ထုပ်များပုံးလိုက်ဝယ်ထားပေးသည်။
အဲ့တုန်းက ကျန်းဖင်းရှိူ့ ဗိုက်အပြည့်စားရပေမယ့်လည်း ကျန်းမာရေးနှင့်ညီညွတ်စွာ စားရခြင်းမဟုတ်။
ယခုအခါ မတူတော့ပေ။
ယန်ကျင်းဇီက ကျန်းဖင်းရှိူ့ကို ညတိုင်း အဆာပြေစားခိုင်းပြီး မနက်စာကလည်း အလျှံအပယ်ပင်။ ကျန်းဖင်းရှိူ့သည် လျင်လျင်မြန်မြန်ဖြင့် ကိုယ်အလေးချိန်တိုးလာခဲ့ပြီး သူ့ပုံပန်းသွင်ပြင်လေးကလည်း အလွန်ကောင်းမွန်လာသည်။
ဒါတင်မကသေးပဲ လူတွေက သူ့ကို စကားအများကြီးမပြောချင်သည့်လူလို့ ထင်ထားကြပြီး အခုတော့ သူက စကားများလာသည်။
" အစ်ကိုကျန်း၊ ကျွန်တော့အစ်ကိုက ကျွန်တော့်အတွက် နေ့တိုင်း ညလယ်စာလုပ်ပေးတယ်! "
" အစ်ကိုဝမ်၊ A တက္ကသိုလ်ရဲ့ ကန်တင်းက ကြက်ခြေထောက်နှပ် အရမ်းစားလို့ကောင်းတာပဲ! "
" ဆရာချန်း၊ ကျွန်တော့်အစ်ကိုက ကျွန်တော့်ကို ညတိုင်းလာကြိုပေးတယ်! "
အရင်က သူသည် စကားပြောရင် စကားထစ်လေ့ရှိပေမယ့် အခု လုံးဝစကားမထစ်တော့ချေ။ ပြီးတော့ သူက အားတာနဲ့ ဆရာချန်းအနားကပ်ပြီး ဆရာချန်းစီက လက်မှုပညာကို သင်ယူသည်။
ကားရေဆေးခြင်းအပြင် သူတို့က ကားပိုင်ရှင်၏ စိတ်ကြိုက်အတိုင်း ကားအလှအပကို ပြုလုပ်နိုင်ပြီး ၎င်းသည် ငွေအမြတ်ဆုံးဖြစ်သည်။ ဆရာချန်းသည် ဘယ်လို ကားပြင်ရမလဲ ဆိုတာကို သိတာကြောင့် သူ့လစာက အရမ်းမြင့်ပြီး သူ့အလုပ်ချိန်ကလည်း မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိသာ ဖြစ်သည်။
အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်ဆုံးလာပြီး ဆောင်းရာသီအားလပ်ရက်ကို ရောက်ရှိလာသည်။
A တက္ကသိုလ်၏ ကျောင်းသားအများစုသည် အိမ်ပြန်သွားခဲ့ကြကာ ယန်ကျင်းဇီကတော့ အိမ်မပြန်ဘဲ ကျူရှင်ကျောင်းမှာ အလုပ်များ ပိုတိုးယူလိုက်သည်။ အခုချိန်ထိ သူ ပိုက်ဆံလိုနေတုန်းပဲ!
ဘယ်လိုပဲဖြစ်ဖြစ် သူ အခု ကျောင်းသွားစရာ မလိုတော့ဘူး ဆိုတော့ သူ့စိတ်ဖိစီးမှုများ အနည်းငယ်လျော့ပါးသွားရပြီး အဖွားကျန်းနှင့်လည်း ပိုရင်းနှီးလာခဲ့သည်။
အဖွားကျန်းသည် ခင်မင်ရင်းနှီးရန် လွယ်ကူသော အဖွားအိုတစ်ဦးဖြစ်ကာ သူ(မ) က ယန်ကျင်းဇီသည် အရမ်း အင်အားကြီးသည် ဟု နက်နက်နဲနဲ ယုံကြည်လက်ခံထားသဖြင့် သူ(မ) သည် ယန်ကျင်းဇီပြောသမျှစကားတိုင်းကို နားထောင်သည်။
ကျန်းဖင်းရှိူ့ရှေ့တွင်တော့ သူ(မ)က မကြာခဏ စကားအနည်းငယ်လောက်ဖြင့် ညည်းညူလေ့ရှိသည်။ အစားအစာတွေက အရမ်းကောင်းပြီး သူ(မ) နေ့တိုင်း အမြဲတမ်း အများကြီးစားနေမိသည်။ ဒါပေမယ့် ယန်ကျင်းဇီရှေ့ရောက်သွားရင်တော့...
ယန်ကျင်းဇီ သူ(မ)ကို ဟင်းပွဲများ ဘယ်လောက်ပေးပေး၊ သူ(မ) က မငြင်းဆိုဘဲ အကုန်စားသည်။ အကြိမ်တိုင်း သူ(မ) ပိုစားမိတာချည်းပင်။ ပြုစုပျိုးထောင်ခြင်း တစ်လကျော်ကြာပြီးသည့်နောက်တွင်တော့ ပိန်ပါးသော အဖွားအိုလည်း ကျန်းဖင်းရှိူ့နီးပါး ဝလာတော့သည်။ သူ့ပတ်ဝန်းကျင်မှ လူနှစ်ဦး၏ ပြောင်းလဲမှုများသည် ယန်ကျင်းဇီကို အလွန်စိတ်ကျေနပ်စေသည်။
အခုမှ သူ သူ့ဘဝကို ကြိုက်နှစ်သက်လာသည်။
ကျန်းဖင်းရှိူ့သည်လည်း သူ့လက်ရှိဘဝတွင် ပိုမိုပျော်မွေ့လာသည်။
သူ့အတွက်တော့ သူ့ဘဝ၏ ဤရက်ပိုင်းများမှာ အိပ်မက်တစ်ခု မက်နေရသလိုပင်။
သူ့အဖွားက သူ့စီရောက်လာပြီးတော့ ယန်ကျင်းဇီကလည်း သူနဲ့အတူတူ နေနေသည်။ အထူးသဖြင့် ယန်ကျင်းဇီက သူ့အပေါ် အရမ်း..အရမ်းကောင်းပေးသေးသည်!
ဒါတွေအကုန်လုံးက သူ့ကို စိုးရိမ်ပူပန်စေပေမယ့် သူ့အခုဘဝကို လက်လွှတ်ဆုံးရှုံးလိုက်ရမှာကိုလည်း သူ ကြောက်သည်။
ယနေ့သည် ကျန်းဖင်းရှိူ့၏ ရှားရှားပါးပါး အားလပ်ရက်ကလေး ဖြစ်သည်။
ယခုတလော သူ ကားရေဆေးဆိုင်တွင် မနက်စာမစားဖြစ်ဘူး။ ဆိုင်မှာရှိသည့် ခေါက်ဆွဲခြောက်ထုပ်များ မကုန်သေးချေ။ ရှောင်ကျန်းသည် သူ့အတွက် ခေါက်ဆွဲခြောက်ထုပ်များ အနည်းငယ်ယူသွားခဲ့သည်။ ဒီနေ့ နေ့လယ်မှာ ကျန်းဖင်းရှိူ့သည် အသင့်စားခေါက်ဆွဲထုပ်များကို ပြုတ်လိုက်ပြီး သူ့အဖွားနှင့် အတူစားခဲ့သည်။
" ဒီအသင့်စားခေါက်ဆွဲခြောက်က အရမ်းစားလို့ကောင်းတာပဲ! အရသာထုပ်တွေလည်း အများကြီးပါတယ်! "
အဖွားကျန်းသည် စားနေရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။
" မင်း ငယ်ငယ်တုန်းက အဖွား မင်းအတွက် ဝယ်ခဲ့တဲ့ ခေါက်ဆွဲခြောက်ထုပ်တွေဆို အရသာထုပ်တစ်ထုပ်ပဲပါတယ်။ "
ကျန်းဖင်းရှိူ့ကလည်း ခေါင်းညိတ်ပြီး သဘောတူလာသည်။
" အရမ်းအရသာရှိတယ်! အဖွား အခုဆိုရင် အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေမှာလည်း အနံ့အရသာအမျိုးမျိုးရှိနေပြီ။! "
ထပ်ပြီး အဖွားကျန်းက ပြောခဲ့သည်။
" အခုနောက်ပိုင်း အဖွားနေရတဲ့ဘဝက ပိုကောင်းလာတာပဲ။ ထမင်းစားတိုင်း အသားနဲ့ဥတွေလည်း စားရတယ်။ ဘဝမှာ ဒီလောက်ကောင်းကောင်းနေရလိမ့်မယ်လို့ မထင်ခဲ့ဖူးဘူး! "
ဤကိစ္စနှင့်ပတ်သက်ပြီး ကျန်းဖင်းရှိူ့သည် အဖွားကျန်းလောက် စိတ်မလှုပ်ရှားမိ။ မြို့သူမြို့သားများ အားလုံး အသားအမြဲစားနေကြမှန်း သူ သိပြီးသားဖြစ်သည်။
သို့သော် သူလည်း အဖွားကျန်းလိုမျိုး တွေးမိသည်။ ဤကမ္ဘာပေါ်တွင် ဒီလိုမျိုးကောင်းမွန်လှသည့်အရာမျိုး ရှိနေလိမ့်မည်ဟု သူ တစ်ခါမှမထင်မိခဲ့ချေ။
သူများတွေ အနိုင်ကျင့်တာကို ခံရင်း ကြီးပြင်းလာရပြီး သူ့ကို စကားလုံးချိုချိုလေးတွေ ပြောမည့်သူ တစ်ယောက်မှ မရှိခဲ့ပေမယ့်လည်း အခု ယန်ကျင်းဇီက သူ့ကို သဘောကျသည်။
သူ့မှာ သူ နှစ်ခြိုက်သဘောကျရသည့် အိမ်လေး ရှိလာပြီ။
ကျန်းဖင်းရှိူ့နှင့် အဖွားကျန်းတို့သည် ခေါက်ဆွဲစားပြီး ခေါက်ဆွဲပြုတ်မှအရည်များကို သောက်နေခဲ့ကြသည်။ ယန်ကျင်းဇီပြန်လာသည့်အချိန်အထိ သူတို့ ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြဆဲဖြစ်သည်။
ယန်ကျင်းဇီကို မြင်တော့ ကျန်းဖင်းရှိူ့ စိတ်နည်းနည်းလှုပ်ရှားသွားပြီး သူ့လက်ထဲက ပန်းကန်ကို ဖွက်ထားချင်မိလာသည်။
ဆိုင်က အသင့်စားခါက်ဆွဲခြောက်ထုပ်များကို စားလို့ရ၍ သူ့အတွက် မနက်စာနှင့် ညလယ်စာ ပြင်မပေးရန် ယန်ကျင်းဇီအား သူ တစ်ခါမေးခဲ့ဖူးပြီး ယန်ကျင်းဇီက သဘောမတူခဲ့ပေ။ ယန်ကျင်းဇီ ပြန်ပြောသည်က အသင့်စားခေါက်ဆွဲခြောက်ထုပ်များက အာဟာရမဖြစ်သဖြင့် သူ့ကိုလည်း စားခွင့်မပြုခဲ့ချေ။ အခု ယန်ကျင်းဇီက သူ့နောက်ကွယ်မှာ သူတို့ တိတ်တိတ်လေးစားနေသည်ကို မြင်သွားပြီ။ ဒါ...
ယန်ကျင်းဇီသည် ကျန်းဖင်းရှိူ့ကို အာဟာရမဖြစ်သော အသင့်စားခေါက်ဆွဲခြောက်ထုပ်များကဲ့သို့ စားစရာများကို တကယ်ကြီးမစားစေချင်လှပေမယ့် ကျန်းဖင်းရှိူ့စားနေသည်ကိုမြင်တော့လည်း သူ စိတ်မဆိုးဘူး။
အထူးသဖြင့် သူ့ဘေးမှာ အဖွားကျန်းက သူ့ကို စကားပြောနေဆဲဖြစ်သည်။
" ယန်တ၊ ပြန်လာပြီလား? ဒီခေါက်ဆွဲခြောက် စားလို့ကောင်းတယ်။ မင်းရော စားဦးမလား? "
" အဖွားကျန်း၊ ကျွန်တော် အဆင်ပြေပါတယ်။ "
ယန်ကျင်းဇီ ပြုံးလိုက်ပြီး သူ ဝယ်လာခဲ့သော အသားနှင့် ဟင်းသီးဟင်းရွက်များကို မီးဖိုချောင်ထဲ နေရာချထားလိုက်သည်။ ကျောင်းကန်တင်းက ပိတ်သွားပြီ။ အခုချိန်ကစပြီး သူတို့ဘာသာ သူတို့ ချက်စားရတော့မယ်။
ထို့အပြင် သူ့မှာ ကျန်းဖင်းရှိူ့နှင့်ဆွေးနွေးစရာ နောက်ထပ်တစ်ခုရှိသေးသည်။
နေ့လယ်စာစားပြီးသောအခါ အဖွားကျန်းသည် အိပ်ယာဝင်သွားခဲ့သည်။ ယန်ကျင်းဇီက ကျန်းဖင်းရှိူ့ကို အခန်းထဲခေါ်လာသည်။
" ဖင်းရှိူ့၊ ကိုယ့်မှာမင်းနဲ့ဆွေးနွေးစရာရှိတယ်။ "
" ဘာလဲဟင်? "
ကျန်းဖင်းရှိူ့မေးလိုက်သည်။
" နှစ်သစ်ကူးပြီးသွားရင် မင်း ကားရေဆေးဆိုင်ကနေ အလုပ်ထွက်ပြီး စာဆက်သင်ဖို့ အဆင်ပြေလား? "
ယန်ကျင်းဇီက မေးသည်။
" စာသင်ရမယ်? "
ကျန်းဖင်းရှိူ့ စိတ်ရှုပ်သွားသည်။
" ဟုတ်တယ်။ ကျောင်းသွားရမယ်။ မင်းက ငယ်သေးတယ်။ စာဖတ်တာက မင်းအတွက် ကောင်းတယ်။ "
" ပိုက်ဆံရော? ကျွန်တော် ပိုက်ဆံရှာချင်တယ်... "
ကျန်းဖင်းရှိူ့ ဆက်မပြောနိုင်တော့သည်အထိ စိတ်ရှုပ်ထွေးသွားသည်။
" ကိုယ်ကပိုက်ဆံရှာမယ်။ "
ယန်ကျင်းဇီသည် သူ့ဖုန်းကိုထုတ်လိုက်ပြီး ကျန်းဖင်းရှိူ့ကို ပြလိုက်သည်။
" ကြည့်။ ကိုယ် အခု တစ်လကို ယွမ် ၁၀,၀၀၀ ကျော် ရှာနိုင်နေပြီ။ ကိုယ် မင်းကို ထောက်ပံ့နိုင်ပြီ။ "
သူ့လစာရလာပြီဖြစ်သောကြောင့် ကျန်းဖင်းရှိူ့ကို ဒီအကြောင်းပြောပြဖို့ သူ့မှာ ယုံကြည်ချက်ရှိသည်။
" ဒါပေမယ့်…ဒါပေမယ့်… "
ကျန်းဖင်းရှိူ့ ဘာပြန်ပြောရမှန်းမသိတော့ချေ။ သူ့စိတ်ထဲတွင် အတွေးပေါင်းများစွာပေါ်လာသည်။
ဒါပေါ့၊ သူစာသင်ချင်တာပေါ့။ ဘယ်လောက်တောင် သူ စာသင်ချင်လဲဆိုတာ ဘုရားပဲ သိလိမ့်မယ်!
ဒါပေမယ့် အခု သူ့မှာ စာသင်ဖို့ပိုက်ဆံမရှိဘူး။
သူနှင့်သူ့အဖွားက မြို့ကြီးမှာနေထိုင်ပြီး စားခြင်းနှင့်သောက်ခြင်း၊ အရာရာတိုင်းက ပိုက်ဆံလိုသည်။
ယခု ယန်ကျင်းဇီသည် ပိုက်ဆံပိုရှာနိုင်ပြီး သူ့ကို ထောက်ပံ့နိုင်ပေမယ့် ယန်ကျင်းဇီ၏ပိုက်ဆံကို သူ သုံးလို့မဖြစ်ဘူး ဟု သူ အမြဲတမ်းခံစားရသည်။
" ကျွန်တော် အစ်ကို့ပိုက်ဆံကို ဘယ်လိုလုပ်သုံးလို့ရပါ့မလဲ? "
ကျန်းဖင်းရှိူ့ပြောလိုက်သည်။
" ကိုယ်က မင်းပိုက်ဆံကို သုံးနိုင်ပြီး ဘာလို့ မင်းက ကိုယ့်ပိုက်ဆံကို မသုံးနိုင်ရတာလဲ? "
ယန်ကျင်းဇီ ပြန်မေးလိုက်သည်။
ကျန်းဖင်းရှိူ့ ခဏတာဆွံ့အသွားသည်။
သူ ကျင်းဇီကို ပိုက်ဆံပေးတုန်းက သူ့ကို လိုအပ်သည့်သူ ရှိသည်ဟု ခံစားရသည်မှာ သူ့အတွက် စိတ်ကျေနပ်စရာပင်။ ဒါပေမယ့် အကယ်၍ သူသာ ကျင်းဇီ၏ပိုက်ဆံကို ယူသုံးချင်လျှင် ကျင်းဇီက သူ့ကိုမုန်းနိုင်လား? အနာဂတ်မှာ သူ့ကို မလိုချင်တော့တာမျိုး ဖြစ်နိုင်လား?
သူသည် ယန်ကျင်းဇီနှင့်အတူတူ ရှိနေချင်သည်။ တစ်သက်လုံး သူ ယန်ကျင်းဇီနှင့်အတူတူ ရှိနေချင်သည်။
ထို့နောက် ယန်ကျင်းဇီက ပြောလာသည်။
" အရင်က ကိုယ်တို့အရမ်းဆင်းရဲခဲ့လို့ မင်းစာဆက်မသင်ခဲ့ရပေမယ့် အခု အဲ့လိုမဟုတ်တော့ဘူးလေ။ ကိုယ်တို့ပိုက်ဆံချမ်းသာနေပြီ။ မင်းစာဆက်သင်ရမယ်။ "
ကျန်းဖင်းရှိူ့ တွန့်ဆုတ်နေသေးသည်ကို ယန်ကျင်းဇီ မြင်သောအခါ သူ့ခေါင်းကို လှမ်းထိလိုက်သည်။
" မင်းစဉ်းစားကြည့်လေ။ အနာဂတ်မှာ ကိုယ်က ဘွဲ့ရသွားမယ်။ ပြီးရင် ကုမ္ပဏီအကြီးကြီးမှာ သေချာပေါက် အလုပ်ရပြီး ရုံးထိုင်ရလိမ့်မယ်။ အဲ့အခါကျရင် သူများတွေက ကိုယ့်လက်တွဲဖော်က ဘာအလုပ်လုပ်လဲလို့ မေးလိမ့်မယ်။ မင်းက ကားရေဆေးပါတယ်ဆိုပြီး ကိုယ်က သူတို့ကို ပြောရမှာလား? "
အဲ့ဒါက လုံးဝအဆင်မပြေဘူး။ သူသည် ယန်ကျင်းဇီကို အရမ်းရှက်မိသည်။
ဒါဆို...ယန်ကျင်းဇီက တကယ်ပဲ သူနဲ့ တစ်သက်လုံးနေချင်တာလား?
ပြောရမည်ဆိုလျှင် ကျန်းဖင်းရှိူ့သည် တစ်ခါမှ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိချေ။ အနာဂတ်မှာ သူနှင့် ယန်ကျင်းဇီသည် သေချာပေါက်ခွဲခွာရမည် ဟု သူ တွေးမိသည်။ ဒါပေမယ့် အခု...ယန်ကျင်းဇီက တကယ်ပဲ သူနဲ့ တစ်သက်လုံး အတူတူရှိနေဖို့ ဆန္ဒရှိတာလား?
ကျန်းဖင်းရှိူ့သည် ယန်ကျင်းဇီကို မျက်တောင်မခတ်ဘဲ ကြည့်နေသည်။
ယန်ကျင်းဇီ မနေနိုင်တော့ဘဲ ကျန်းဖင်းရှိူ့၏နဖူးကို နမ်းလိုက်သည်။
" ဖင်းရှိူ့၊ မင်း စာသေချာကြိုးစားရင် မင်း ကောလိပ်တက်ရလိမ့်မယ် လို့ ကိုယ် ယုံတယ်! "
ကျန်းဖင်းရှိူ့၏တစ်ကိုယ်လုံးအေးခဲသွားသည်။ ယန်ကျင်းဇီ သည် သူ့ကိုတကယ်နမ်းလိုက်သည်။
ယန်ကျင်းဇီသည် သူ့စိတ်အခြေအနေ ရှုပ်ထွေးနေသည်ကို ဂရုမစိုက်ပါ။ ကျန်းဖင်းရှိူ့ကို သူက အိပ်ယာဘေးခေါ်သွားပြီး တတိယနှစ် အလယ်တန်းကျောင်းသားများအတွက် ဖတ်စာအုပ်များကို ကျန်းဖင်းရှိူ့လက်ထဲ ထည့်ပေးလိုက်သည်။
" ဒီနေ့ကစပြီး မင်း အချိန်ရတာနဲ့ စာစဖတ်ထားတော့။ နောက်စာသင်နှစ်မှာ မင်း ဒီမှာ အထက်တန်းကျောင်းတက်လို့ရအောင် ကိုယ် နည်းလမ်းစဉ်းစားကြည့်လိုက်မယ်။ "
ကျန်းဖင်းရှိူ့ အလယ်တန်းကျောင်းပြီးထားတာ ၆ လ ရှိပြီ။ ကျောင်းသားဘဝတုန်းက စာတွေကို ဖင်းရှိူ့မှတ်မိနိုင်သေးပြီး ထပ်တိုးကျောင်းသားစာရင်းသွင်းနိုင်မည့် အထက်တန်းကျောင်းကို ရှာရမည်။ ပုံမှန်အတိုင်းအထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲကို မအောင်မြင်ခဲ့သော ကျောင်းသားများသည် ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်ခွင့်မရှိ။ ယခုအချိန်မှာ ကျန်းဖင်းရှိူ့သည် ကောင်းမွန်သော ဒုတိယတန်းစား အထက်တန်းကျောင်းတစ်ကျောင်းကိုပဲ တက်ရောက်နိုင်သည်။ ဒုတိယတန်းစား အထက်တန်းကျောင်းကနေလည်း ကောလိပ်တက်ခွင့်ရှိသည်။
မင်းမှာ စာလေ့လာချင်စိတ်ရှိနေသမျှ နည်းလမ်းကတော့ အမြဲရှိနေမှာပဲ။
ပြီးတော့ ကျောင်းမှာ နောက်ထပ်နှစ်အနည်းငယ်လောက် စာသင်ရတာက လူ့အဖွဲ့အစည်းမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ခက်ခက်ခဲခဲအလုပ်လုပ်နေရတာထက်တော့ ပိုကောင်းသည်။
" ကျွန်တော် အလယ်တန်းကျောင်းမှာတုန်းက စာကောင်းကောင်းမလုပ်ခဲ့ဘူး။ အခု ကျွန်တော် ဒီစာတွေကို နားမလည်လောက်တော့ဘူး။ "
ကျန်းဖင်းရှိူ့ စိုးရိမ်သွားသည်။
" မင်း နားမလည်ရင် ကိုယ့်ကို မေးလို့ရတယ်လေ။ "
ယန်ကျင်းဇီကပြောလိုက်သည်။
" နှစ်ကုန်ရင် မင်း အလုပ်ထွက်လိုက်လို့ရပြီ။ အိမ်မှာနေပြီး နောက်၆လအတွင်း ဒီစာအုပ်တွေကို ပြန်ဖတ်ကြည့်။ "
" အစ်ကိုကျင်းဇီ၊ ကျွန်တော် အထက်တန်းကျောင်းကို တကယ်သွားလို့ရတာလား? "
ယန်ကျင်းဇီကို ကြည့်ရင်း ကျန်းဖင်းရှိူ့က မေးလာသည်။ သူတို့က အလယ်တန်းကျောင်းအထိပဲ တက်ရတာကို ကျင့်သားရနေပြီ။ အလယ်တန်းကျောင်းပြီးသွားသောအခါ ကျောင်းသားများအားလုံးနီးပါးသည် စာဆက်မလေ့လာတော့ပေ။ သူတို့က အထက်တန်းကျောင်းဆိုတာကို လက်လှမ်းမမှီနိုင်ပါချေ။
" ဟုတ်တယ်။ "
ယန်ကျင်းဇီက ပြန်ဖြေလိုက်သည်။
" မင်း ပုံမှန်အထက်တန်းကျောင်းကို တက်လို့မရပေမယ့် ဒုတိယတန်းစား အထက်တန်းကျောင်းကိုတော့ တက်လို့ရသေးတယ်။ မင်းသာ စာကြိုးစားမယ်ဆိုရင် အနာဂတ်မှာ မင်း သေချာပေါက် တက္ကသိုလ်ဆက်တက်နိုင်လိမ့်မယ်။ "
ကျန်းဖင်းရှိူ့ ကျောင်းတက်ရမည်မှာ အလွန်တရာမှ ရိုးရှင်းလွယ်ကူသည့်ကိစ္စဖြစ်သလိုမျိုး ယန်ကျင်းဇီတွင် ယုံကြည်မှုအပြည့်ရှိခဲ့သည်။ သူ့ကို ကြည့်ပြီး ကျန်းဖင်းရှိူ့ သူ့နှလုံးသား၌ ရုတ်ခြည်းသတ္တိထွက်ပေါ်လာခဲ့သည်။
သူ စာဆက်သင်တော့မည်။ သူက စာတော်တယ် ဆိုတာကို ယန်ကျင်းဇီကို သိစေချင်သည်။
" အစ်ကို၊ ကျွန်တော် စာကြိုးစားပြီးတော့ တက္ကသိုလ်ရအောင်တက်မယ်။ "
ကျန်းဖင်းရှိူ့သည် တောက်ပလင်းလက်နေသော မျက်လုံးများနှင့် လေးနက်စွာပြောခဲ့သည်။