" ကိုယ်မင်းကိုယုံတယ်။ "
ယန်ကျင်းဇီက ကျန်းဖင်းရှိူ့၏ တည်ကြည်ခိုင်မာသောစကားလုံးများကို နားထောင်ပြီးနောက် ကျန်းဖင်းရှိူ့အား နောက်တစ်ခါထပ်နမ်းလိုက်သည်။ ကျန်းဖင်းရှိူ့က တကယ်ပဲ ချစ်စရာကောင်းလှသည်။
ကျန်းဖင်းရှိူ့၏မျက်နှာသည် ရုတ်တရက်နီရဲလာသည်။ သူ့မသိစိတ်က ရှောင်ချင်ပေမယ့် သူကတော့ မရှောင်ချင်ခဲ့ဘူး။
ဒါကိုမြင်တော့ ယန်ကျင်းဇီကပြုံးပြီး သူ့ဆံပင်ကိုပွတ်ပေးရင်း သူ့နောက်အစီအစဉ်အကြောင်း ကျန်းဖင်းရှိူ့ကိုပြောပြသည်။
သူက ဒီတစ်ခေါက် တရုတ်နှစ်သစ်ကူးပွဲတော်ချိန်မှာ အိမ်ပြန်တော့မှာမဟုတ်ဘဲ နွေဦးပွဲတော်ပြီးသွားသည့်အခါမှသာ သူက အိမ်ပြန်ပြီး သူ့ညီမများနှင့်ညီတို့ စာဆက်လေ့လာ၍ရအောင် စီစဉ်ပေးရန် သူ့မိဘများကို ပိုက်ဆံအချို့ပေးမည်။
သူသည် ကမ္ဘာကူးပြောင်းလာပြီး မူလပိုင်ရှင်၏ မိဘများနှင့် မိသားစုအပေါ် နက်နက်ရှိုင်းရှိုင်း ချစ်ခင်တွယ်တာမှုများလည်း မရှိပေ။ နှစ်သစ်ကူးမှာ ကျန်းဖင်းရှိူ့နှင့် အတူကုန်ဆုံးချင်သော်ငြားလည်း မူလပိုင်ရှင်လိုမျိုး သူ့မိသားစုကို မသိချင်ယောင်ဆောင်နေမှာ မဟုတ်ဘူး။
သူ့ညီနှင့်ညီမများဖြစ်စေ၊ ကျန်းဖင်းရှိူ့ဖြစ်စေ၊ စာဖတ်ခြင်းသည် သူတို့၏ဘဝများကို ပြောင်းလဲပေးနိုင်သည်။ သူ သူတို့အားလုံးကို စာဖတ်ခိုင်းရမည်။
ယန်ကျင်းဇီ၏ အစီအစဉ်ကို ကြားလိုက်ရပြီးနောက် ကျန်းဖင်းရှိူ့သည် ယန်ကျင်းဇီအား တုန်လှုပ်စွာကြည့်လာသည်။
တကယ်တော့ သူလည်း တရုတ်နှစ်သစ်ကူးအကြောင်း စဉ်းစားထားပြီးသားဖြစ်၏။
တရုတ်နှစ်သစ်ကူးကျင်းပဖို့အတွက်နှင့် သူ ရွာကို မပြန်ချင်ပေ။ အမြဲတမ်းမှတ်မိနေတာကတော့ အိမ်နီးချင်းများသည် သူတို့ဆွေမျိုးများအိမ်ကို လည်ပတ်သည့်အခါ သူတို့(ကျန်းဖင်းရှိူ့)အိမ်ကိုလည်း ရောက်လာပြီး မြေကြီးကို သူတို့ပိုင်တယ် ဆိုပြီး ကျယ်ကျယ်လောင်လောင် ပြောဆိုတော့သည်။
ဒါတင်မကပဲ သူ ထပ်မှတ်မိနေသေးတာကတော့ ရွာသားတစ်ယောက်ယောက် ပစ္စည်းတစ်ခုခုပျောက်သွားတာနဲ့ သူတို့အိမ်တံခါးဝမှာ ပိတ်ဆို့ထားကြကာ သူ့အဖွားကခိုးတာ ဆိုပြီး အပြစ်တင်စွပ်စွဲပြောဆိုကြသည်။ သူကလည်း အမြဲတမ်း သူနှင့် သက်တူရွယ်တူများစီက အနိုင်ကျင့်ခံရနေကြဖြစ်သည်။ တရုတ်နှစ်သစ်ကူးအချိန်ဆိုလျှင်တော့ ယန်ကျင်းဇီက ရွာပြန်လိမ့်မည် ဟု သူ အမြဲထင်ခဲ့သည်။
လက်ရှိဘဝသည် ပျော်ဖို့ကောင်းလှသော်လည်း ယန်ကျင်းဇီနှင့် ခွဲခွာရပြီး နှစ်သစ်ကူးကို သူ့အဖွားနဲ့ပဲ ကုန်ဆုံးရမည် ဟု တွေးမိတိုင်း သူ့စိတ်ထဲ အရမ်းကိုပဲ မသက်မသာခံစားရသည်။ ထို့ကြောင့် သူသည် ယန်ကျင်းဇီအား တရုတ်နှစ်သစ်ကူးအကြောင်း လုံးဝမမေးခြင်းဖြစ်သည်...ပြီးတော့ ယန်ကျင်းဇီက ရွာမပြန်ဘူး လို့ သူ အခု ကြားလိုက်ရသည်။
ကျန်းဖင်းရှိူ့၏ အသံသည် အနည်းငယ် တုန်လှုပ်နေခဲ့သည်။
" အစ်ကို...အစ်ကိုက ကျွန်တော်နဲ့ တရုတ်နှစ်သစ်ကူးကို ဆင်နွှဲမှာလား? "
" မင်းက ကိုယ့်ဇနီးလေးလေ။ တရုတ်နှစ်သစ်ကူးကို မင်းနဲ့မဆင်နွှဲရင် ကိုယ်က ဘယ်သူနဲ့ သွားဆင်နွှဲရမှာလဲ? "
ယန်ကျင်းဇီ ပြုံးလိုက်သည်။
ကျန်းဖင်းရှိူ့၏ မျက်နှာသည် နောက်ထပ်တစ်ကြိမ် ပြန်လည်နီရဲလာပြီး သူ့နှလုံးခုန်သံမှာလည်း ပိုပိုပြီးမြန်လာသည်။
ဒီနေ့က သူ့ဘဝရဲ့ အပျော်ဆုံးနေ့ လို့ သူ ထင်တယ်။
နောက်တစ်နေ့ ကျန်းဖင်းရှိူ့ ဆိုင်ကိုသွားသောအခါ ပထမတန်းတရုတ်ဖတ်စာအုပ်ကို ယူသွားခဲ့သည်။
ပြောရမည်ဆိုလျှင် သူသည် အလယ်တန်းကျောင်းတွင် စာကို အများကြီးမကြိုးစားခဲ့သောကြောင့် သင်္ချာဖတ်စာအုပ်များနှင့် အင်္ဂလိပ်ဖတ်စာအုပ်များကို ယခုအချိန်တွင် နားမလည်နိုင်တော့ပေ။ အခု သူက သူ့ဘာသာသူ လေ့လာဖို့အတွက် ပထမတန်းတရုတ်ဖတ်စာအုပ်ကိုပဲ ယူလာသည်။
အများအားဖြင့် ဆိုင်တွင် မနက်ပိုင်း၌ အလုပ်များလေ့မရှိ။ ကျန်းဖင်းရှိူ့သည် စာအုပ်တစ်အုပ်ဖတ်ချင်သော်လည်း သူက အနည်းငယ်ရှက်နေခဲ့သည်။ အတွေးများရှုပ်ယှက်ခတ်နေကာ ယန်ကျင်းဇီအကြောင်းတွေးမိသည်။
ယန်ကျင်းဇီသည် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။ သူသာ အလယ်တန်းကျောင်းပဲပြီးထားသည်ဆိုပါက ယန်ကျင်းဇီနှင့် သူသည် ဘယ်လိုလုပ် ထိုက်တန်ပါတော့မလဲ?
ပြီးတော့...ကောလိပ်မှာ ရုပ်ရည်ချောမောသည့် ပညာတတ်သူများ အများကြီးရှိသည်။ အကယ်၍ ယန်ကျင်းဇီသာ တစ်စုံတစ်ယောက်ကို သဘောကျသွားရင် ဘယ်လိုလုပ်မလဲ?
အတိတ်မှာတုန်းက ဘယ်အချိန်မဆို သူက စွန့်ပစ်ခံလိုက်ရသည်နှင့် နှုတ်ဆက်စကားဆိုဖို့ အသင့်ပြင့်ထားခဲ့သည်။ ယန်ကျင်းဇီက သူနှင့် လမ်းခွဲချင်ပါက သူ ချက်ချင်း ထွက်သွားပေးလိုက်မည်ပင်။
ဒါပေမယ့် အခု ပြောင်းလဲသွားပြီ။
ယန်ကျင်းဇီကို သူ လုံးဝ လက်လွှတ်မပေးချင်တော့ဘူး။
အကယ်၍များ အခုချိန် ယန်ကျင်းဇီက သူနှင့် လမ်းခွဲချင်လာလျှင်...
ထိုအကြောင်းကိုတွေးကြည့်နေရုံလေးနှင့်တင် အဆင်မပြေတော့ဘဲ သူ့မျက်လုံးများနီရဲလာသည်။
ယန်ကျင်းဇီမရှိဘဲနဲ့ သူ မနေနိုင်တော့ဘူး။
သူသည် ယန်ကျင်းဇီနှင့်ထိုက်တန်သောသူတစ်ယောက် ဖြစ်ချင်သည်။
ဒါကိုစဉ်းစားရင်း ကျန်းဖင်းရှိူ့က ပထမနှစ် တရုတ်ဖတ်စာအုပ်ကို ချက်ချင်းထုတ်ဖတ်လိုက်သည်။
" ဖင်းရှိူ့၊ မင်းဘာကြည့်နေတာလဲ? "
ကျန်းဖင်းရှိူ့စာဖတ်နေသည်ကို ရှောင်ကျန်းက ပထမဆုံးသတိပြုမိသည်။ သူသည် ကျန်းဖင်းရှိူ့စီ လျှောက်လာသည်။ ကျန်းဖင်းရှိူ့၏စာအုပ်ကိုဆွဲယူပြီး စာအုပ်အဖုံးကို ကြည့်လိုက်သည်။
" ပထမတန်း တရုတ်ဖတ်စာအုပ်? မင်း ပထမတန်း တရုတ်ဖတ်စာအုပ်နဲ့ ဘာလုပ်နေတာလဲ? "
" ကျွန်တော့်အစ်ကို...သူက ကျွန်တော့်ကို စာဆက်လေ့လာဖို့ ပြောတယ်။ "
ကျန်းဖင်းရှိူ့သည် ရှောင်ကျန်း၏လက်မှ စာအုပ်ကို ပြန်ဆွဲယူလိုက်သည်။
" စာလေ့လာမယ်? မင်း စာဆက်လေ့လာဦးမလို့လား? "
ရှောင်ကျန်းက ဆိုသည်။
" စာသင်ဖို့ ဘယ်လောက်တောင် ပိုက်ဆံကုန်လိုက်သလဲ? မင်း စာဆက်သင်ဖို့ အချိန်ဘယ်လောက်ရှိသေးလို့လဲ။ အဲ့ဒီ့အချိန် ၇ နှစ်၊ ၈ နှစ် အတွင်း ပိုက်ဆံရှာတာကမှ ပိုအဆင်ပြေဦးမယ်။ အခုဆိုရင် တစ်ချို့လူတွေများ ကောလိပ်ကနေဘွဲ့ရလာပြီး တစ်လကို သုံးထောင်၊လေးထောင်ပဲ ရှာနိုင်တယ်။ အကယ်၍ သူတို့သာ စာဆက်မသင်ခဲ့ဘူးဆိုရင် အဲ့၇နှစ်၊၈နှစ်အတွင်း သူတို့ ယွမ် ၂၀၀,၀၀၀ လောက် ရှာပြီးနေလောက်ပြီ။ "
ရှောင်ကျန်းသည် ကျယ်လောင်စွာပြောဆိုခဲ့သောကြောင့် အစ်ကိုဝမ်နှင့် ဆရာချန်းတို့၏ အာရုံစူးစိုက်မှုကို ရရှိသွားခဲ့သည်။
အစ်ကိုဝမ်က ရယ်လာသည်။
" ဖင်းရှိူ့က စာဆက်သင်ချင်လို့လား? ကြိုးစားစမ်း! အနာဂတ်မှာ ကောလိပ်တက်ပြီး ကောလိပ်ကျောင်းသားကြီး ဖြစ်လိုက်စမ်းပါ! "
ဆရာချန်းက ရှောင်ကျန်းကို မျက်စောင်းခဲလိုက်သည်။
" ရှောင်ကျန်း၊ မင်း ဘာတွေလျှောက်ပြောနေတာလဲ? အမြဲတမ်း စာသင်ရတာက ပိုသာတယ်! မင်းက ဘွဲ့ရပြီး သုံးထောင် ဒါမှမဟုတ် လေးထောင်လောက်ပဲ ရှာနိုင်ရင်တောင် မင်းမှာ အာမခံငါးခုနဲ့ ရုံးမှာ နေရာတစ်နေရာရမယ်။ ပြီးတော့ ရုံးပိတ်ရက်တွေလည်း ရှိသေးတယ်။ ငါတို့မှာ အဲ့ဒါတွေ ရှိလို့လား? "
ရှောင်ကျန်း အနည်းငယ်မကျေမနပ်ဖြစ်သွားသည်။
" တစ်ချို့သူဌေးတွေက မူလတန်းကျောင်းပဲ တက်ခဲ့ရပေမယ့် ကောလိပ်ဘွဲ့ရတွေက သူတို့အတွက် အလုပ်လုပ်ရတယ်လေ။ "
" အဲဒီ့သူဌေးတွေ အကုန်လုံးက အရင်နှစ်တွေမှာ ဆင်းရဲခဲ့တယ်လေ။ သူတို့ကို စာဆက်သင်ဖို့ အခြေအနေမပေးခဲ့ဘူး။ သူတို့သာ အခုချိန်မွေးလာကြည့်ပါလား... သူတို့မိဘတွေက ထိုင်ကြည့်ပြီးတော့ကို သူတို့ကို စာကျက်ခိုင်းလိမ့်မယ်။ အဲ့အခါကျ သူတို့ ကောလိပ်မတက်ရပဲနေပါ့မလား? "
ဆရာချန်းက ပြောပြီး ကျန်းဖင်းရှိူ့ကို ထပ်ကြည့်လာသည်။
" ရှောင်ကျန်း၊ အကယ်၍ မင်းက စာဆက်သင်ချင်တယ်ဆိုရင် မင်း ကောင်းကောင်းလေ့လာသင့်တယ်။ မင်းရဲ့အသက်အရွယ်လေးနဲ့ မင်းက ကျောင်းသွားသင့်တယ်။ ကောလိပ်မတက်နိုင်ဘူးဆိုရင်တောင် မင်း အခြားအတတ်ပညာတွေသင်ယူနိုင်သေးတယ်။ ပြီးတော့ ကားပြင်ဖို့လည်း ငါတို့မှာ certificate ရှိဖို့ လိုသေးတယ်။ "
ကျန်းဖင်းရှိူ့သည် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်။ "
သူ ကြိုးကြိုးစားစား စာလေ့လာပြီး ကောလိပ်တက်ရမှဖြစ်မယ်!
ကျန်ဖင်းရှိူ့သည် စာအုပ်များကို ပို၍လေးနက်စွာဖတ်ပြီး သူ အားလပ်သည့်အခါတိုင်း စာအုပ်များကိုဖတ်သည်။
သို့သော် သူသည် အလုပ်ချိန်အတွင်း တိတ်တဆိတ်စာလေ့လာနေသည်က သူ့ကိုအတော်လေးရှက်စေသည်။ သူသည် သူ့အလုပ်ကို ပြီးအောင်လုပ်သည့်အပြင် အလုပ်ပိုတောင်လုပ်သည်။ ဒါပေမယ့် အလုပ်လုပ်ရင်း အားလပ်ချိန်အချို့ရှိလာပါက သူသည် စာရွက်ပေါ်ကူးထားသော ရှေးဟောင်းကဗျာများကို ဖတ်ရှုသည်။
ဒါပေမယ့် ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် သူသည် ကြိုးကြိုးစားစား စာလေ့လာလို့မရပေ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို သူ ဝင်ဖြေချင်သေးတယ်ဆိုရင်တော့ ယန်ကျင်းဇီပြောသည့်အတိုင်း စာကျက်ဖို့ကိစ္စတစ်ခုတည်းကိုပဲ သူ အာရုံစိုက်ထားရန်လိုနေပြီ။
နေ့လယ်ခင်းမှာ သူဌေး၏ဇနီးရောက်လာသောအခါ ကျန်းဖင်းရှိူ့ အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့သူဌေးမကို သွားရှာတော့သည်။ ဖင်းရှိူ့က သူ အလုပ်ထွက်ချင်ကြောင်း ပြောခဲ့သည်။
သူဌေးမက ကျန်းဖင်းရှိူ့ကို ဆက်နေဖို့ သိမ်းသွင်းစည်းရုံးခဲ့သည်။ ကျန်းဖင်းရှိူ့က စာဆက်သင်ချင်တယ် လို့ ပြောတာကို သူ(မ) ကြားလိုက်ရပြီးနောက်ပိုင်း သူ(မ) သူ့ကို ထပ်မစည်းရုံးတော့ဘဲ သူ အလုပ်မထွက်ခင် သူတို့ဝန်ထမ်းသစ်ခေါ်ယူတာကို စောင့်ပေးဖို့ ၁၅ ရက် ဆက်နေခိုင်းခဲ့သည်။
နှစ်သစ်ကူးကာလမှာ ကားရေလာဆေးသည့် လူများ အများကြီးရှိပြီး ကားရေဆေးခများလည်း ဈေးတက်လာလိမ့်မည်။ ဒါကြောင့်ပဲ နှစ်သစ်အချိန်ကြီးမှာတောင် သူဌေးက ဆိုင်တံခါးမပိတ်ချင်ဘူး။
ကျန်းဖင်းရှိူ့ သဘောတူလိုက်သည်။
ဒီအကြောင်းကို ညနေအထိ ယန်ကျင်းဇီ မသိခဲ့ရပေမယ့်လည်း ပြုံးပြီး ကန့်ကွက်ခြင်းမရှိ။
ကားရေဆေးဆိုင်မှ ဝန်ထမ်းများသည် တစ်နေ့လျှင် ၁၃ နာရီ အလုပ်လုပ်ရသည်။ ဝင်ငွေကနည်းပေမယ့် ထမင်းစားနေရင်တောင်မှ ဖောက်သည်လာရင် ချက်ချင်း အလုပ်ထလုပ်ရလိမ့်မည်။ ယခုလစာက ၅၀၀ တိုးလာတော့ အခု ဖင်းရှိူ့မှာ ၃၅၀၀ ရှိသည်။ သူ့အမြင်၌ လုပ်သင့်သည့်အလုပ်ကောင်းလည်း မဟုတ်၊ လက်မှတ်ထိုးထားသည့် စာချုပ်စာတန်းလည်း မရှိတော့... တကယ်တော့ ကျန်းဖင်းရှိူ့ အလုပ်ချက်ချင်းထွက်လာရင်တောင် လုံးဝကိစ္စမရှိချေ။
ဒါပေမယ့် ကျန်းဖင်းရှိူ့က ဆိုင်ကို တော်တော်လေးသဘောကျသည်။ ယခု အလုပ်ထွက်လာရသောအခါ ကျန်းဖင်းရှိူ့သည် သူဌေးမအပေါ် အားနာနေသည်။ ဤကိစ္စတွင် ကျန်းဖင်းရှိူ့အား နောက်ထပ် ၁၅ ရက် နေခိုင်းရလည်း ပြဿနာမရှိပေ။
ယန်ကျင်းဇီ၏အိမ်တွင် ဖုန်းမရှိသော်လည်း ရွာထဲတွင် ဖုန်းတစ်လုံးရှိသည်။
ယန်ကျင်းဇီသည် ဆောင်းရာသီအားလပ်ရက်မှာ သူက အလုပ်လုပ်ရဦးမှာဖြစ်ပြီး လက်မှတ်ကလည်း အရမ်းဈေးကြီးတော့ ရက်အနည်းငယ်နောက်ကျပြီးမှ ၈ ရက်နေ့လောက်တွင် ပြန်လာခဲ့ပါ့မည် ဟု ဖုန်းလှမ်းဆက်ပြီး ပြောထားခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်၏။
ထို့နောက် သူသည် ကလေးများအား ကျူရှင်သင်တန်းများတွင် သင်ပေးသည်၊ အိမ်၌ အွန်လိုင်းအလုပ်လုပ်သည်၊ မရပ်မနား ပိုက်ဆံရှာသည့်ဘဝကို စတင်တော့သည်။
ဒီနေ့ဟာ ဖေဖော်ဝါရီလ ၁၁ ရက်၊ နှစ်သစ်ကူးအကြိုနေ့ ဖြစ်သည်။
နှစ်သစ်ကူးမတိုင်မီ ရက်အနည်းငယ်လိုကတည်းက ကျူရှင်သင်တန်းအေဂျင်စီက ပိတ်ထားခဲ့သည်။ အဲ့တာကြောင့်ပဲ ယန်ကျင်းဇီက သူ့အာရုံကို အွန်လိုင်းအလုပ်များ လုပ်သည့်အပေါ် ထားထားလိုက်တော့သည်။
တရုတ်နှစ်သစ်ကူးကာလအတွင်း လူအများစုက အနားယူချင်ကြသည်။ ဒါက သူ့ကို အလုပ်အများကြီး ရစေပြီး ပိုက်ဆံအများကြီး ရှာနိုင်စေသည်။ တစ်ခုတည်းသော ပြဿနာက ကွန်ပျူတာရှေ့တွင် အကြာကြီးထိုင်ရသောကြောင့် သူ့ခါးနာသည်။
ယန်ကျင်းဇီသည် အလွန်အလုပ်များနေပြီး သူ အလုပ်လုပ်နေချိန်တွင် အဖွားကျန်းသည် တီဗီသံကို အနည်းဆုံးဖြစ်အောင် တိုးထားသည်။
အဖွားအို စဉ်းစားနေတာ တော်တော်ကြာပြီ။ ကွန်ပျူတာကို ခေါက်နေရုံနဲ့ ယန်ကျင်းဇီ ဘယ်လိုလုပ်ပြီး ပိုက်ဆံရှာနေတာပါလိမ့်? ဒါပေမယ့် သူ(မ) က ယန်ကျင်းဇီက အရမ်းတော်သည် ဟု တွေးမိနေဆဲဖြစ်ကာ ယန်ကျင်းဇီကို အထင်ကြီးနေတုန်းပင်။
ယန်ကျင်းဇီ ခဏအနားယူသည့် အချိန်တွင် ယန်ကျင်းဇီ၏ ခန္ဓာကိုယ်အားပြန်ပြည့်စေရန် ယန်ကျင်းဇီစားဖို့ သူ(မ) က ချက်ချင်း ကြက်ဥစွပ်ပြုတ်ကို ထချက်ပေးသည်။
ယန်ကျင်းဇီသည် သကြားညိုများပါသည့် ကြက်ဥအရသာ စွပ်ပြုတ်ပူပူကို ဘယ်အချိန်မဆို စားသည်။
ဒါက သူတို့၏ ဒေသခံအစားအစာဖြစ်ပေမယ့်လည်း ဉာဏအလုပ်သမားသည် သကြားဓာတ်လိုအပ်ပြီး ကြက်ဥစွပ်ပြုတ်စားရတာကလည်း အမှန်တကယ်ပဲ အရမ်းကောင်းမွန်သည်။
၎င်းသည် အဖွားအို၏ စိတ်ရင်းစေတနာလည်းဖြစ်သည်။
နှစ်သစ်ကူးအကြိုတွင် ကားရေဆေးဆိုင်သည် နံနက်ပိုင်းတစ်ချိန်သာဖွင့်သည်။ ဆိုင်ပိတ်ချိန်နီးလာတော့ ယန်ကျင်းဇီသည် စက်ဘီးစီးပြီး အပြင်ထွက်ကာ ကျန်းဖင်းရှိူ့အား အိမ်ပြန်ခေါ်လာခဲ့သည်။
ဆိုင်က အလုပ်သမားများအတွက် ဆေးဇီးသီးတစ်ထုပ်၊ နေကြာစေ့တစ်ထုပ်၊ မြေပဲတစ်ထုပ်နှင့် ဆီတစ်ပုံးတို့ကို နှစ်သစ်ကူးလက်ဆောင်များအဖြစ် ပေးခဲ့သည်။ ဒီပစ္စည်းတွေက တန်ဖိုးမကြီးပေမယ့် ကျန်းဖင်းရှိူ့အတွက်တော့ ပထမဆုံးအကြိမ် အခြားသူများထံမှ နှစ်သစ်ကူးလက်ဆောင်ရခြင်းဖြစ်လေသည်။ သူသည် အလွန်ပျော်ရွှင်ခဲ့သည်။
သူသည် နှစ်သစ်ကူးလက်ဆောင်ပစ္စည်းများကို စက်ဘီး၏ရှေ့ခြင်းတောင်းထဲ ထည့်ကာ ယန်ကျင်းဇီနောက်မှလိုက်ပြီး အိမ်ပြန်လာခဲ့သည်။ လမ်းတစ်လျှောက်၌ စာရွတ်ဆိုဖို့ကိုလည်း သူမေ့မလာခဲ့ပေ။
သူတို့၏ ဝေးလံခေါင်သီသော တောင်ပေါ်ကျေးရွာမှ မူလတန်းကျောင်းဆရာသည် စံနှုန်းပြည့်ဝသော မန်ဒရင်းဘာသာစကားကို သင်ကြားပေးသည်။ သူ စကားပြောသည့်အခါ လျှာပြားသံ၊ ရှေ့နှာသံနှင့် နောက်နှာသံတို့ဖြင့်စကားပြောလေ့ရှိပြီး အသံတစ်ခုနှင့်တစ်ခုကလည်း လုံးဝမသက်ဆိုင်။ ထို့ကြောင့် အသံထွက်မှားသောစကားလုံးများကို ကြားရသည့်အခါ ယန်ကျင်းဇီက ဆရာ့ကို သွားသတိရတတ်သည်။
အစပိုင်းမှာ မူလပိုင်ရှင်၏ မန်ဒရင်းက သိပ်ပြီး မကောင်းပေမယ့် အထက်တန်းကျောင်းတက်ပြီးနောက် သူက စတင်ပြောင်းလဲခဲ့သည်။ အခု လုံးဝပြောင်းလဲသွားပြီး သူသည် သူများကိုပင် ပြန်သင်ပေးနိုင်သေးသည်။
နှစ်သစ်ကူးအကြိုနေ့မှာ လမ်းမပေါ်များ၌ လူမရှိပေ။ သူတို့သည် စကားပြောနေရင်း ယာဉ်များကင်းမဲ့နေသော လမ်းများပေါ်တွင် ဖြည်းညင်းစွာ စက်ဘီးစီးနင်းလာခဲ့သော်လည်း သူတို့အတွက်တော့ မအေးသလိုပင်။
သူတို့ အိမ်ပြန်ရောက်တော့ အဖွားကျန်း ဖက်ထုပ်များလုပ်နေသည်ကို တွေ့လိုက်ရသည်။
သူ(မ)၏လက်များထဲ အဖြူရောင်ဂျုံမှုန့်များက ယိမ်းနွဲ့လှုပ်ရှားနေပြီး သူတို့၏စိတ်နှလုံးကိုပြီးပြည့်စုံစေသည့် ဖက်ထုပ်များအဖြစ် လျင်လျင်မြန်မြန် ကူးပြောင်းသွားသည်။
သူတို့သည် ဖက်ထုပ်များ၊ ကြက်သားစတူး၊ အရည်ခမ်းချက်ထားသော ဝက်သားနှပ်တစ်အိုး၊ အသားလုံးကြော်များ၊ ငါးကင်တစ်ကောင်နှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို ချက်ပြုတ်ခဲ့သည်။ ဤနှစ်သစ်ကူးညစာစားပွဲသည် အလွန်ကြွယ်ဝပြည့်နှက်နေခဲ့သည်။
ယန်ကျင်းဇီတွင် မူလပိုင်ရှင်၏မှတ်ဉာဏ်များသာရှိ၍ ဤညစာကို မူလပိုင်ရှင်၏မှတ်ဉာဏ်၌ အလျှံပယ်ဆုံးညစာအဖြစ် ဆိုနိုင်သည်။ အသားလေးတောင် ခဏခဏ မထည့်ထားနိုင်သည့် ဖက်ထုပ်များကို စားနေကြ ကျန်းဖင်းရှိူ့နှင့် အဖွားကျန်းတို့ဆိုလျှင် ပြောစရာပင်မလိုတော့။
ကျန်းဖင်းရှိူ့ငွေမရှာနိုင်ခင်တုန်းက သူတို့က အသားမစားနိုင်ဘူး။ ဆိုလိုတာက ကျန်းဖင်းရှိူ့ငွေရှာနိုင်တဲ့နောက်ပိုင်း သူတို့ဘဝက နည်းနည်းပိုကောင်းလာသည်။ ကျန်းဖင်းရှိူ့က ယန်ကျင်းဇီကို ပိုက်ဆံအများဆုံးပေးပေမယ့်လည်း သူက သူ့အဖွားကိုလည်း ပိုက်ဆံအချို့ပေးခဲ့သည်။
ထိုညက သူတို့သုံးယောက်စလုံး အများကြီးစားခဲ့သည်။ စားသောက်ပြီးသောအခါ သူတို့က နွေဦးပွဲတော်ပျော်ပွဲရွှင်ပွဲကြည့်ဖို့ အဖွားကျန်း၏အခန်းထဲကို သွားကြသည်။ ကြည့်နေရင်း အဖွားကျန်းက စာအိတ်နီနှစ်ခုကို ထုတ်လိုက်ပြီး ယန်ကျင်းဇီနှင့် ကျန်းဖင်းရှိူ့အား ပေးခဲ့သည်။ စာအိတ်နှစ်ခုတွင် ယွမ်နှစ်ရာစီပါသည်။
ဒါက အဖွားအို၏စေတနာဖြစ်၍ ယန်ကျင်းဇီက လက်ခံခဲ့သည်။ ဒါပေမယ့် ယန်ကျင်းဇီ၏စိတ်ထဲမှာတော့ သူသည် ဒီရက်အနည်းငယ်အတွင်း အဖွားအိုအား ခေါ်ပြီး ဈေးဝယ်ထွက်ရန် စဉ်းစားနေခဲ့သည်။
မြို့ကြီးများတွင် နှစ်သစ်ကူးပွဲတော်၏ အငွေ့အသက်က အားသိပ်မကောင်းလှပေ။ ကျန်းဖင်းရှိူ့၏ ကားရေဆေးဆိုင်ဆိုလျှင် နှစ်သစ်ကူးအကြိုနေ့အထိ ဆိုင်ဖွင့်ပြီး နှစ်သစ်၏ပထမဆုံးရက် တစ်ရက်ပဲ ဆိုင်ပိတ်ကာ နောက်နေ့များတွင် ဆိုင်ပြန်ဖွင့်သည်။ ဆိုင် တော်တော်များများက ဒီလိုပါပဲ၊ တချို့ဆိုင်တွေဆို နှစ်သစ်အတွက် ဆိုင်တောင်မပိတ်မနေဘူး။
စူပါမားကတ်များနှင့် အခြားဆိုင်များသည် ပုံမှန်အတိုင်း လည်ပတ်နေကြသည်။
နှစ်သစ်မှာ ယန်ကျင်းဇီက ကျန်းဖင်းရှိူ့ကို မြို့ထဲက ဈေးဝယ်စင်တာကြီးတစ်ခုစီ ခေါ်သွားခဲ့သည်။
ဒုတိယမြောက်နေ့ ကျန်းဖင်းရှိူ့ အလုပ်သွားသောအခါ ယန်ကျင်းဇီသည် အဖွားအိုအား သီးသန့်စစ်ဆေးရန် ဆေးရုံသို့ခေါ်ဆောင်သွားခဲ့သည်။
အဖွားအို၏ခန္ဓာကိုယ်သည် အတော်အတန်ကောင်းမွန်သည်။ သူ(မ)ဟာ အသားနှင့်ငါး အများကြီးမစားခဲ့ရ၍လားမသိ၊ သူ(မ)၏ သွေးပေါင်ချိန်ကလည်း တော်တော်လေးကောင်းသည်။ သူ(မ)ကသာ သူ(မ)ကိုယ်သူ(မ) သေသေချာချာ ဂရုစိုက်မယ်ဆိုရင် နောက်ထပ် နှစ်ပေါင်း ၂၀ ကနေ ၃၀ အထိ နေနိုင်လိမ့်မည်။
ယန်ကျင်းဇီသည် အလွန်ပျော်ရွှင်သွားပြီး အဖွားအိုကို တိရစ္ဆာန်ဥယျာဉ်သို့ ခေါ်သွားကာ ခရီးလမ်းတစ်လျှောက်လုံး အဖွားအိုအား ထူးထူးဆန်းဆန်းကိစ္စအချိူ့ကို ပြောပြတော့သည်။
ဥပမာအားဖြင့် အမျိုးသမီးများက အမျိုးသားများဖြစ်လာစေသည့် ဆေးတီထွင်ပြီးပြီဆိုတာမျိုး၊ အခြားသောနိုင်ငံများတွင် ယောက်ျားလေးနှင့် ယောက်ျားလေး၊ မိန်းကလေးနှင့် မိန်းကလေး၊ လက်ထပ်နိုင်ကြသည်ဆိုတာမျိုးများ ဖြစ်သည်။
အဖွားအိုသည် အံ့ဩသွားတော့သည်။ ယန်ကျင်းဇီ၏ဖုန်းမှ ဗီဒီယိုများနှင့် ဓာတ်ပုံများကို ကြည့်လိုက်ရပြီးနောက် သူ(မ) ပိုပြီး အံ့အားသင့်သွားရတော့သည်။
အဖွားအိုနှင့်အတူ အချိန်နှစ်ရက်ဖြုန်းလိုက်ပြီးနောက် ယန်ကျင်းဇီသည် အလုပ်ဆက်လုပ်သည်။
သူသည် ၇ ရက်နေ့ အထိ အလုပ်လုပ်ခဲ့ပြီး သူ့ဇာတိမြေပေါ် နောက်ထပ်တစ်ကြိမ် ခြေချဖြစ်သည်။
၈ ရက်နေ့ နံနက်ခင်းတွင် သူသည် ရွာသို့ အိတ်ကြီးကြီးများနှင့် ပြန်ရောက်လာခဲ့သည်။
ရွာထိပ်တွင် သူ့ညီလေးက သစ်သားသေနတ်ဖြင့် ဆော့ကစားနေခဲ့သည်။ သူ့ကိုတွေ့သောအခါ ကလေးက အိမ်ကို စတင်ပြေးထွက်သွားသည်။
" အစ်ကိုပြန်လာပြီ! အစ်ကိုပြန်လာပြီ! "
ယန်ကျင်းဇီ အိမ်ကိုရောက်သွားတဲ့အခါမှာတော့ ယန်မိသားစုတစ်စုလုံးက သူ့ကို စောင့်နေပြီ။
မူလပိုင်ရှင်က ဒီမိသားစုကို စိတ်ရင်းနှလုံးရင်းနဲ့ လုံးဝဂရုမစိုက်ပေမယ့်လည်း၊ အိမ်မှာ ဆီပုလင်းလေးတောင်ဝိုင်းမလောင်းပေးပေမယ့်လည်း သူ့သင်ယူနိုင်စွမ်းကတော့ အံ့မခန်းပင်။ သူ့ကို ရွာမှာ အလားအလာအကောင်းဆုံးလူတစ်ယောက်အဖြစ် သိနေကြသည်။ နောက်ပြီးတော့ သူက ကျန်းဖင်းရှိူ့စီက ငွေညှစ်ထုတ်နေခဲ့တာမို့လို့ သူ့မိသားစုစီက တစ်ခါမှ ပိုက်ဆံမတောင်းဖူးပေ။
ယန်မိသားစုပဲဖြစ်ဖြစ်၊ ရွာမှတခြားလူများဖြစ်ဖြစ် ယခုလက်ရှိ မူလပိုင်ရှင်အပေါ် ထင်မြင်ချက်မှာ အလွန်ကောင်းမွန်သည်။
အဖေယန်နှင့် အမေယန်သည် ယန်ကျင်းဇီကို မြင်သောအခါ သူတို့၏မျက်နှာပေါ်၌ အပြုံးများဖြစ်ပေါ်လာသည်။ ဒုတိယညီမလေးယန်နှင့် ယန်ရှောင်ယန်တို့၏ မျက်နှာများမှာ ကြည်ညိုလေးစားခြင်းအပြည့်ရှိသည်။ မျက်နှာပေါ် ဘာမှရှိမနေသည့် တစ်ယောက်တည်းသောသူက အစ်မကြီးယန်ဖြစ်သည်။ ဒါပေမဲ့ သူ(မ) က သူ(မ)၏ အစ်ကိုကို ရိုသေစွာကြိုဆိုသည်။
" စားပြီးပြီလား? "
အဖေယန်က မေးသည်။
" မစားရသေးပါဘူး။ "
ယန်ကျင်းဇီ ပြုံးလိုက်သည်။
အဖေယန်က ချက်ချင်းပဲ ပြောလာသည်။
" ငါတို့လည်းထမင်းစားတော့မှာ။ သမီးကြီးရေ ကြက်ခြေထောက်ကို နွှေးလိုက်တော့ဟေ့! "
အစ်မကြီးယန်က သူ(မ)ရဲ့နှုတ်ခမ်းတွေကို ဆူလိုက်ပြီး ဒုတိယညီမလေးယန်ကိုခေါ်ပြီး မီးဖိုချောင်ထဲ ဝင်သွားသည်။ မကြာခင်မှာပဲ အထဲကနေ အပူရှိန်ထွက်လာသည်။ ခဏအကြာမှာတော့ သူတို့သည် အချို့သောစားစရာများကို ထုတ်ယူလာ၏။
ဟင်းပွဲများသည် အလွန်ရိုးရှင်းသည်။ အသားဟင်းဆိုလို့ ဝက်ဆားနယ်ခြောက်နှင့် ကြက်ခြေထောက်တစ်ချောင်းပါသော ပန်းကန်ပြားတစ်ခုသာ ရှိသည်။ အဖေယန်က ကြက်ခြေထောက်ကို ယန်ကျင်းဇီကို ထည့်ပေးလိုက်ပြီး အပြုံးလေးတစ်ခုနှင့် ပြောသည်။
" ယန်တ၊ မင်းနဲ့မင်းညီလေးက နှစ်သစ်ကူးမှာ ကြက်ခြေထောက် တစ်ယောက်တစ်ချောင်းစားရတယ်။ ငါ မင်းအတွက် ဒါကို သိမ်းထားပေးတာ။ စားလို့မကောင်းမှာ မပူနဲ့! "
ယန်ကျင်းဇီသည် ကြက်ခြေထောက်ကို ကြည့်ပြီး အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။
မူလပိုင်ရှင်က သူ့မိသားစုနှင့်ပတ်သက်၍ မကျေနပ်ခဲ့ပေ။ သူ့မိသားစုက သူ့ကို ကျွေးမွေးပြုစုတာ အရမ်းဆိုးရွားသည် ဟု ထင်ပြီး မိသားစုက အရမ်းဆင်းရဲတာကိုလည်း သူက ဒေါသထွက်သည်။
သူတို့မှာသာ ကလေးတစ်ယောက်တည်း ရှိမယ်ဆိုရင် သူတို့ဘဝက ပိုကောင်းနေမယ်ဆိုတာ အသိသာကြီး။ ဒါပေမယ့် အဖေယန်သည် သူတို့မှာ သားတစ်ယောက်တည်းရှိတာက သူ့ကို စိတ်ချလက်ချရှိမနေစေ၍ နောက်ထပ်ကလေးတစ်ယောက်ယူခဲ့သည်။ အဆုံးမှာတော့ သူတို့မှာ ကလေး လေးယောက်ရှိလာသည်။ ကလေး လေးယောက် ရှိသည့် မိသားစုက ဘယ်လိုလုပ် အဆင်ပြေပါတော့မလဲ?
မူလပိုင်ရှင်တွင် မကျေနပ်မှုများနှင့် ပြည့်နှက်နေသည်။
ယန်ကျင်းဇီကတော့ အခြေအနေကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပြီး သူ့မိဘများနှင့် မောင်နှမများအပေါ် မနှစ်မြို့ခြင်းများ မရှိပေ။
အဖေယန်နှင့် အမေယန်သည် အရမ်းနှစ်လိုဖွယ်ရှိသော မိဘကောင်းများမဟုတ်သော်လည်း ဒါက သူတို့ကို အပြစ်တင်လို့ မရဘူး။
သူတို့သည် ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက နေထိုင်လာတဲ့ စီရင်စုကနေ တစ်ခါမှ အပြင်မထွက်ဖူးဘူး။ သူတို့က ဗဟုသုတနည်းပါးပြီး ကလေးတွေကို မွေးပြီးရင် သူတို့အသက်ကြီးလာတဲ့အခါ ကာကွယ်စောင့်ရှောက်ခိုင်းရမည် ဆိုသည့်အတွေးအခေါ်ကိုလည်း ခံယူထားကြသေးသည်။ သို့ရာတွင် သူတို့က အရူးများဖြစ်နေပါစေဦး၊ သူတို့ သူတို့ကလေးတွေကို အားနာစရာမလိုပါဘူး။
ဥပမာ - နှစ်သစ်မှာ ကြက်သားစားတာမျိုး။ အဖေနှင့်အမေသည် သားဦးစားပေးစနစ်ကိုကိုင်စွဲပြီး သားနှစ်ယောက်ကိုပဲ ကြက်ခြေထောက်များကျွေးသော်လည်း သမီးများကတော့ အခြားကြီးမားသောကြက်သားအစိတ်အပိုင်းများကို စားနိုင်ကြသည်။ ဒါပေမယ့် သူတို့ကတော့ ကြက်ဖင်ဆီဗူးများနှင့် ကြက်ခေါင်းများကိုသာ စားကြသည်။
ယန်ကျင်းဇီသည် သူ့ကို ငေးကြည့်နေသည့် ဒုတိယညီမလေးယန်အား ကြက်ခြေထောက်ကျွေးလိုက်သည်။ သူ့မှတ်ဉာဏ်များအရ ဒီမိသားစု၏ လျစ်လျူရှုခံရဆုံးက ဒုတိယညီမလေးယန်ဖြစ်သည်။
" မင်း ဘာလို့ သူ့ကို ကြက်ခြေထောက်ကျွေးလိုက်ရတာတုန်း? "
အဖေယန်က မျက်မှောင်ကျုံ့လိုက်ပြီး ယန်ရှောင်ယန်ကလည်း အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။ ဒုတိယညီမလေးကတော့ တုန်ယင်နေပြီး သူ(မ)ရှေ့က ကြက်ခြေထောက်ကို ကြည့်ရင်း လှုပ်တောင်မလှုပ်ရဲတော့ပေ။
" တက္ကသိုလ်မှာ ထမင်းစားတိုင်း ကြက်ခြေထောက်စားနေကြ။ ကြက်ခြေထောက်တွေ ကုန်သွားတယ်ဆိုတာတောင် မရှိဘူး။ ညီမငယ်လေးပဲ စားပါစေ။ "
ယန်ကျင်းဇီ ထိုစကားများကို ပြောပြီးသည်နှင့် ချက်ချင်းဆိုသလိုပဲ အစ်မကြီးယန်၊ ဒုတိယညီမလေးယန်နှင့် ယန်ရှောင်ယန်တို့က သူ့ကို အားကျစွာကြည့်လာကြသည်။ ကောလိပ်မှာ ကျောင်းသားတွေက နေ့တိုင်း ကြက်ခြေထောက်စားရတာလား?!
ထို့နောက် ယန်ကျင်းဇီက ပြောလိုက်သည်။
" ဒါနဲ့ အဖေ ကျွန်တော် ဒီတစ်ခေါက်ပြန်လာတာ ညီမကြီး၊ညီမငယ်နဲ့ ရှောင်ယန်တို့ စာဆက်သင်ဖို့ပဲ။ ပညာသင်ယူရတာက ကောင်းမွန်တဲ့ကိစ္စဖြစ်တယ်။ သူတို့အားလုံး ကောလိပ်တက်သင့်တယ်! "