အပိုင်း ၁၀ ( Phoenix Man 10 )
Viewers 10k

ယန်ကျင်းဇီသည် ထိုအကြောင်းကို သေချာမှုအပြည့်နှင့် ပြောခဲ့သည်။ သူက သံကို ပူနေတုန်း ရိုက်ချင်သည်။ အဖေယန်၊အမေယန်နှင့် အစ်မကြီးယန်တို့အားလုံး အံ့အားသင့်သွားခဲ့ကြသည်။


ကောလိပ်တက်ဖို့က လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ဒါကို ဘာလို့ မင်းက... ကောလိပ်တက်ရတာ အရမ်းလွယ်သလိုမျိုး ပြောနေရတာလဲ?


အစ်မကြီးယန် ဝင်မပြောဘဲမနေနိုင်တော့ချေ။


" ကောလိပ်တက်ရတာ လွယ်ရင်တောင် ငါ ခုထိ အထက်တန်းမအောင်သေးဘူးလေ။ "


သူ(မ) က စိတ်ပျက်ဝမ်းနည်းနေသည့်ပုံဖြင့် ပြောလာခဲ့သည်။


ယခု သူ(မ) က ဒုတိယနှစ်မှာပဲ ရှိသေးသည်။ စာအုပ်များမှ သင်ခန်းစာများကိုလည်း သူ(မ) သင်ယူပြီးကာ သူ(မ)က စာအရမ်းကြိုးစားလေ့လာနေတယ် လို့လည်း သူ(မ) ယုံကြည်သည်။ ကျောင်းမှာ ဆရာက ပေးလိုက်‌သော ခေါင်းစဉ်များအားလုံးကို သူ(မ) ဖြေဆိုနိုင်ပေမယ့် အခြားကျောင်းများမှ မေးခွန်းများကိုတော့ သူ(မ) ဖြေနိုင်ချင်မှ ဖြေနိုင်မှာ။


ကျောင်းမှာ သူတို့ သင်ရတာတွေက အခြေခံများသာ ဖြစ်သည်။


ဒါပေမယ့် တခြားနည်းလမ်းမှမရှိတာ... သူ(မ) နားမလည်သည့် မေးခွန်းရှိလာသောအခါ သူ(မ) ဆရာ့ကို မေးသော်လည်း ဆရာက မသိ။


သူ(မ) ၏ အစ်ကိုက ရွာမှာ ဉာဏ်အကောင်းဆုံးဖြစ်ပြီး သမိုင်းတစ်လျှောက်မှာ စီရင်စု၏ အကောင်းဆုံး အထက်တန်းကျောင်းကို တက်ခွင့်ရသည့် ပထမဆုံးသော ‌အလယ်တန်းကျောင်းသားလည်း ဖြစ်သည်။ သူ(မ) နားမလည်သည့် ပုစ္ဆာများကို သူ(မ)အစ်ကိုကို မေးချင်ပေမယ့်လည်း အစ်ကိုက သူ(မ)ကို မသင်ပေးချေ။ ဒါက သင်္ချာဘာသာရပ်ပဲရှိသေးသည်။


သူ(မ) တရုတ်စာနှင့်အင်္ဂလိပ်စာ သင်ယူရသည်မှာ ပိုဆိုးသည်။ အခြားအကြောင်းအရာကို ထားလိုက်ဦး၊ သူ(မ) ဘယ်လိုမျိုး ဝါကျပေါင်းစပ်ဖွဲ့စည်းရေးသားရမလဲ ဆိုတာကိုတောင် မသိဘူး။ စာအုပ်မှာ ကြက်သွန်နီများကို microscope နှင့် လေ့လာပါ လို့ ရေးထားပေမယ့် သူ(မ) microscope ကို တစ်ခါမှ မမြင်ဖူးဘူး။


" ညီမကြီးက အထက်တန်းကျောင်းတက်နိုင်လောက်တဲ့အထိ ဉာဏ်ကောင်းပါတယ်။ "


ယန်ကျင်းဇီသည် အစ်မကြီးယန်ကို နူးညံ့စွာကြည့်လိုက်သည်။


မူလပိုင်ရှင်၏မှတ်ဉာတ်များအရ ဆုံးဖြတ်ရမည်ဆိုလျှင် အစ်မကြီးယန်သည် တကယ်ဉာဏ်ကောင်းသည်။ အလယ်တန်းကျောင်းမှ ဆရာများစွာက စာအုပ်များကို နားမလည်ခဲ့ပေမယ့် အစ်မကြီးယန်သည် သူ(မ) ဘာသာ တစ်ယောက်တည်း စာအုပ်ကိုဖတ်ပြီး သင်္ချာပုစ္ဆာအားလုံးကို သင်ယူခဲ့သည်။


အမှန်တော့ မူလပိုင်ရှင်သာ ဒီညီမလေးကို သင်ပေးနိုင်မည်ဆိုလျှင် သူ(မ) သေချာပေါက် အထက်တန်းတက်လို့ရလိမ့်မည်။ ကံမကောင်းတာက မူလပိုင်ရှင်သည် သူ့ညီမများနှင့်ညီတို့ကို သူနှင့် အရင်းအမြစ်များအား လုယက်မည့်သူများဟု သဘောထားကာ အထူးသဖြင့် သူက သူတို့ကို တွေ့တောင်မတွေ့ချင်ပေ။


သူတို့ကို မူလပိုင်ရှင် က စာသင်ပေးဖို့မပြောနဲ့။ သူ အသုံးပြုခဲ့ဖူးသော သင်ထောက်ကူပစ္စည်းများကိုတောင်မှ ညီမငယ်များနှင့်ညီငယ်တို့ကို ပေးမည့်အစား လွှတ်ပစ်လိုက်တာများသည်။


အစ်မကြီးယန်သည် သူ(မ)က မတုံးဘူး ဟု ထင်သော်လည်း ဘယ်သူကမှ သူ(မ)ကို ချီးကျူးတာမျိုးမရှိပေ။ ဘာလို့လဲဆိုတော့ သူ(မ) ထက် ဉာဏ်ပိုကောင်းသည့် အစ်ကိုတစ်ယောက်ရှိနေ၍။ အထက်တန်းကျောင်းကတော့.... မိန်းကလေး‌များသည် အထက်တန်းဆက်တက်စရာမလို ဟု လူတိုင်းက ထင်ကြသည်။ သူ(မ)တို့တွေက အလယ်တန်းကျောင်းကနေ ဘွဲ့ရပြီးရင် အလုပ်လုပ်ရင်း အိမ်‌ထောင်ပြုရမည်သာဖြစ်သည်။


အခု အစ်ကိုက သူ(မ) အထက်တန်းကျောင်းဆက်တက်ရမည် လို့ ပြောနေသည်။ အစ်မကြီးယန်က သူ(မ) အစ်ကိုကို ကြည့်လိုက်သောအခါ သူ(မ)၏ မျက်လုံးများထဲမှ ရန်လိုမှုများ ပျောက်ကွယ်သွားတော့သည်။


ယန်ကျင်းဇီ ဆက်ပြောလိုက်သည်။


" ကျွန်တော် ဒီနေ့ မြို့ထဲမှာ အိမ်တစ်လုံးငှားလိုက်မယ်။ နောက်ပိုင်း ကျောင်းဖွင့်တဲ့အချိန်ကျရင် အမေက ညီမကြီး၊ညီမငယ်နဲ့ရှောင်ယန်တို့ မြို့မှာကျောင်းသွားတက်ရင် သူတို့အတွက် ဟင်းချက်ပေးပြီး သူတို့ကို စာသေချာကျက်ခိုင်းဖို့ အဖော်ပြုပေးပါ။ ကျွန်တော် tablet နှစ်လုံးကို ယူလာခဲ့တယ်။ ညီမကြီးနဲ့ညီမငယ်အတွက် တစ်လုံး၊ ရှောင်ယန်အတွက် တစ်လုံး။ ဒီ tablet က အွန်လိုင်းသင်ခန်းစာတွေကို နားထောင်ဖို့ သုံးလို့ရတယ်။ စာကျက်ရတာ ပိုအဆင်ပြေလိမ့်မယ်။ "


ယန်ကျင်းဇီပဲဖြစ်ဖြစ်၊အစ်မကြီးယန်ပဲဖြစ်ဖြစ် သူတို့အားလုံးအတွက် အလယ်တန်းကျောင်းများသည် အနီးအနားက မြို့လေးမှာပဲ တည်ရှိသည်။


အဲ့မြို့မှာ လမ်းမတစ်လမ်းသာ ရှိသည်။ အလယ်တန်း‌ကျောင်းတစ်ကျောင်းလုံးတွင်လည်း အတန်းတစ်တန်းအတွက် စာသင်ခန်းနှစ်ခန်းသာ ရှိသည်။ တိုတိုပြောရရင်တော့ သင်ကြားမှုအရည်အသွေးက တော်တော်ညံ့သည်။


အဲ့တာက တော်သေးတယ်။ မြို့ကနေ အိမ်ပြန်ဖို့အတွက်လည်း မင်း နှစ်နာရီပါး လမ်းလျှောက်ရဦးမယ်။


နေ့တိုင်း အစ်မကြီးယန်က မောင်နှမတွေကို ခေါ်ပြီး သွားလိုက်ပြန်လိုက် လုပ်နေတာ အနည်းဆုံး လေးနာရီလောက်တော့ ကြာမှာပဲ။ အဲ့ဒါ အချိန်ပုပ်သွားတာ မဟုတ်ဘူးလား?


ယန်ကျင်းဇီ အရမ်းသေချာသည်။ အကယ်၍ မင်း သူတို့ကို စာကြိုးစားစေချင်ရင် သူတို့ ဒီလိုမျိုးဆက်သွားနေလို့မရဘူး!


ကျောင်းများ၏ သင်ကြားမှုအရည်အသွေးပြဿနာအတွက်ကတော့....ကျောင်းပြောင်းရန်မှာ သေချာပေါက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ဒါပေမယ့် ကျောင်းပြောင်းဖို့က အရမ်းမလွယ်ကူချေ။ မင်းမှာ ပိုက်ဆံ သို့မဟုတ် အဆက်အသွယ်ရှိဖို့ လိုပြီး သူ့မှာတော့ တစ်ခုမှမရှိ။


ကံကောင်းတာက အွန်လိုင်းသင်တန်းများ ဆိုသည့် ပိုမိုကောင်းမွန်သော ရွေးချယ်စရာရှိသည်!


ယနေ့ခေတ်တွင် အမျိုးမျိုးသော အွန်လိုင်းသင်တန်းများသည် အတော်လေးဈေးသက်သာပြီး အချို့သောသင်တန်းများကို အွန်လိုင်းပေါ်တွင် အခမဲ့တွေ့ရှိနိုင်သည်။ သူတို့ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းတိုင်းက ဆရာများ၏ ပို့ချချက်ဗီဒီယိုများကို ဝယ်နေသရွေ့ အစ်မကြီးယန်အတွက် ဈေးကြီးကြီးသင်တန်းအချို့အား သူ ပိုက်ဆံပေးစရာမလိုတော့ပါ။ အွန်လိုင်းပို့ချချက်များသည် ပိုက်ဆံအများကြီး မကုန်ပေ။


မြို့ကြီးက အရမ်းကောင်းကောင်းနေနိုင်သည့် မိသားစုများမှ ကလေးများကတော့ ဒီလိုမျိုး အပြန်အလှန်တုံ့ပြန့်မှုမရှိသော ပို့ချချက်ဗီဒီယိုများကို အာရုံစူးစိုက်ဖို့ အခက်အခဲရှိလိမ့်မည်။ ဒါပေမယ့် စာဖတ်ပြီး သူ(မ)ဘဝကို ပြောင်းလဲချင်သည့် အစ်မကြီးယန်လိုလူမျိုးကတော့ သေသေချာချာ လိုက်နားထောင်မယ် ဆိုတာကို သူ ယုံကြည်သည်။


ယန်ကျင်းဇီ၏အစီအစဉ်က အရမ်းကောင်းသည်။ အစ်မကြီးယန်က စိတ်လှုပ်ရှားလွန်းလို့ မတ်တပ်တောင်ထရပ်မိလိုက်သည်။ ဒါပေမယ့် အဖေယန်ကတော့ မပျော်ဘူး။


" အိမ်ငှားမယ်? ပိုက်ဆံကုန်လိုက်မယ့်ဖြစ်ခြင်း! "


" အများကြီးမကုန်ပါဘူး။ ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ်။ "

ယန်ကျင်းဇီပြောလိုက်သည်။


" ဒါဆို မင်း မင်းအမေကို လိုက်နေခိုင်းစရာ မလိုဘူး....သမီးကြီးလည်း ဟင်းချက်တတ်တာပဲ။ "


အဖေယန်ကထပ်ထည့်ပြောသည်။


" လယ်အလုပ်တွေ အများကြီးရှိသေးတယ်! "


" အဖေ၊ သူ စာကျက်နေတုန်း ဟင်းချက်ဖို့ အချိန်ယူရမယ်ဆိုရင် အချိန်ဖြုန်းတာ မဟုတ်ဘူးလား? "


ယန်ကျင်းဇီဆိုသည်။


အကယ်၍ သူ့အမေသာ မလိုက်ဘူးဆိုရင် အစ်မကြီးယန်က သူ့မောင်နှမတွေကိုပါ ဂရုစိုက်နေရလိမ့်မယ်။ အဲ့တာဆို သူ(မ) ဘယ်လိုလုပ် စာသေချာကျက်နိုင်ပါတော့မလဲ?


" အဖေ တစ်ယောက်တည်း အိမ်မှာ မနေချင်ဘူးဆိုရင် အဖေလည်း မြို့မှာလိုက်နေလို့ရတာပဲ။ "


" မဖြစ်ဘူး။ ငါ မြို့ကိုသွားရင် အိမ်က လယ်ကို ဘယ်လိုလုပ်မလဲ? အိမ်မှာရှိတဲ့ ဝက်တွေကိုရော ဘယ်လိုလုပ်ကြမလဲ? "


အဖေယန်က‌ ဖြေလာသည်။


တကယ်တော့ ယန်ကျင်းဇီက အဖေယန်ကို မြို့ကိုမသွားစေချင်ပါဘူး။ ထိုစကားဟာ အတိအကျကိုပဲ သူကြားချင်နေသည့် စကား ဖြစ်သည်။


အမေယန်သည် စကားမပြောနိုင်ဘဲ ဆွံ့အနေသည်။ ဒါတင်မကဘဲ သူ(မ) ၏ ကလေးများကို သိသိသာသာ ဦးစားပေးအလိုလိုက်တာမျိုးလည်း မရှိဘဲ သူ(မ) က အစ်မကြီးယန်၏ စကားကိုလည်း နားထောင်သည်။ ကလေးများ စာကျက်ရန် သူ(မ) ကို အဖော်ပြုခိုင်းခြင်းက ကောင်းသည်။ ဒါပေမယ့် အဖေယန်ကတော့ မတူပေ။


အဖေယန်က တကယ်ကိုပဲ ယောကျာ်းကြီးစိုးရေးဝါဒသမားဖြစ်ပြီး သူ့ကလေးများကိုလည်း ရိုက်တတ်သေးသည်။ အကယ်၍ သူသာ မြို့ကိုသွားရင် သူ့မှာ လုပ်စရာဘာမှမရှိဘူး။ နေ့တိုင်း အိမ်မှာ ကလေးတွေကို အလုပ်လုပ်ဖို့ အမိန့်ပေးပြီး သမီးကြီးကို အိမ်ထောင်ပြုပေးဖို့ ပြောနေလိမ့်မည်။ အဲ့တာက သေချာပေါက် အစ်မကြီးယန်၏စာကျက်ခြင်းကို ထိခိုက်စေမည်။ ယန်ကျင်းဇီက ဒီအကြောင်းကို စဉ်းစားနေစဉ် အဖေယန်စကား‌ထပ်ပြောတာကို ကြားလိုက်ရသည်။


" တကယ်တော့ သမီးကြီးရော၊ သမီးငယ်ရောက မိန်းကလေးတွေပဲ။ အလယ်တန်းကျောင်းပြီးတာနဲ့ သူတို့ အလုပ်လုပ်လို့ရပြီ။ ဘာအထက်တန်းကျောင်း... "


ယန်ကျင်းဇီက ပြောလိုက်သည်။


" သူတို့စာဆက်သင်ဖြစ်ရင် ပိုက်ဆံတွေအများကြီးပိုရှာနိုင်လိမ့်မယ်။ "


" မိန်းကလေးတစ်ယောက်က ပိုက်ဆံဘယ်လောက်ရှာနိုင်သလဲဆိုတာ ကိစ္စမရှိဘူး။ အချိန်တန်ရင် သူက တစ်ခြားမိသားစုရဲ့ မိန်းမဖြစ်သွားမှာပဲ။ "


အဖေယန်က သဘောမတူသေးဘူး။


ယန်ကျင်းဇီကပြောသည်။


" ဘယ်သူပြောတာလဲ? ညီမကြီးက ကောလိပ်ဆက်တက်မှာကို အဖေကဂရုမစိုက်ဘူးလား? "


" အဖေ၊ သမီး အဖေ့ကို ပင်စင်လစာ ပေးမယ်လေ! "


အစ်မကြီးယန် ပြောခဲ့သည်။


" မင်းရဲ့ယောက္ခမတွေက ကျေကျေနပ်နပ်လက်ခံနိုင်မှာတဲ့လား? "


အဖေယန်ကပြန်မေးလိုက်သည်။


ယန်ကျင်းဇီ: "...."


အဖေယန်၏ စဉ်းစားပုံက တကယ်ကိုပြဿနာရှိနေပြီး အဓိပ္ပာယ်လည်းမရှိဘူး။


ထိုသို့စဉ်းစားပြီးနောက် ယန်ကျင်းဇီသည် ထပ်မငြင်းချင်တော့သောကြောင့် ပြောခဲ့သည်။


" အဖေ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ညီလေးနဲ့ညီမတွေကို စာဆက်သင်စေချင်တယ်။ အဖေ သဘောတူရမယ်။ "


ဒီမိသားစုမှာ မူလပိုင်ရှင်က အမြဲပြောလေ့ရှိသည်။ သူ ဆုံးဖြတ်တာကို ဘယ်သူမှ မကန့်ကွက်ရဘူး။


အဖေယန်က အသက်ကြီးလာရင် သူ့ကိုထောက်ပံ့ပေးဖို့ သူ့သားအကြီးဆုံးအပေါ် မှီခိုရမည် ဟု အမြဲတွေးခဲ့သည်။ သူသည် သားအကြီးဆုံး ဒေါသထွက်မှာကို ကြောက်သည်။ သူ ဘယ်လိုပဲဖြစ်နေပါစေ သားအကြီးဆုံး၏ဆုံးဖြတ်ချက်ကို သူ မဆန့်ကျင်ဝံ့ပေ။ အခု ယန်ကျင်းဇီက ပြောလိုက်ပြီ။ ဒါဆိုလည်း....သူတို့ကို စာဆက်သင်ခိုင်းလိုက်တော့!


အဖေယန်စီက ကန့်ကွက်စကားမရှိတော့ပေမယ့် ယန်ကျင်းဇီက ထပ်ပြောလာသည်။


" အဖေ စဉ်းစားကြည့်။ ကျွန်တော်က ပိုက်ဆံအများကြီးရှာနိုင်နေပြီး မောင်နှမတွေ စာသင်ဖို့အတွက် မြို့ထဲမှာ အိမ်ငှားပေးတယ်။ ဒါက ဂုဏ်တက်စရာကိစ္စပဲ။ အဖေ အပြင်ထွက်ပြီး လူတွေကို ပြောပြလိုက်။ သူတို့အားလုံး အဖေ့ကို အားကျနေမယ်ဆိုတာ သေချာတယ်။ "


များသောအားဖြင့် အဖေယန် အလေးထားဆုံးမှာ ဂုဏ်သတင်းဖြစ်သည်။


သူသည် ငယ်စဉ်ကတည်းကခြေဆွံ့ခဲ့ပြီး သူ၏ဇနီးကလည်း စကားမပြောနိုင်ပါ။ အရင်တုန်းက ရွာမှာ သူ ခေါင်းမထောင်နိုင်ခဲ့ပေ။ နောက်ပိုင်း သူ့သားတွင် ကောင်းမွန်သည့်အချိန်ရှိ‌လာသောအခါ ကျောမတ်ပြီး ယောက်ျားတစ်ယောက်ဖြစ်နိုင်ခဲ့သည်။ အမြဲလိုလို သူ့အကြိုက်ဆုံးက လူတွေက သူ့ကို သားကောင်းတစ်ယောက်ရထားလို့ ဝိုင်းချီးကျူးကြတာကို နား‌ထောင်ရခြင်းဖြစ်သည်။


ယခု ယန်ကျင်းဇီပြောသော စကားကို လိုက်တွေးကြည့်တော့... အဖေယန်သည် ရုတ်တရက်ကြီး အနာဂတ်ကို ‌မျှော်လင့်မိသွားသည်။


မိသားစုညစာစားပြီးသွားသည့်အခါမှာတော့ ယန်ကျင်းဇီသည် ပိုက်ဆံတစ်ထုပ်ကို ထုတ်လိုက်ပြီး အကြွေးအရင်ဆပ်ဖို့ သူ့အား ခေါ်သွားရန် အဖေယန်ကို ပြောလိုက်သည်။


သူတို့မိသားစု၏ အကြွေးများအားလုံး ပေါင်းရင်တောင် ၁၀,၀၀၀ ထက် နည်းသည်။ အခု သူ့မှာ ပြန်ဆပ်ဖို့ငွေရှိပြီး အကြွေးပြန်ဆပ်ပြီးမှသာလျှင် သူ့မောင်နှမများက မြို့ထဲတွင် နေနိုင်လိမ့်မည်။


မင်းက အကြွေးတင်နေပေမယ့် မင်းမိသားစုကို စာသင်ဖို့ မြို့ကိုသွားခိုင်းနိုင်တယ်လား?


အကြွေးပြန်ဆပ်ရတော့မယ်လို့ ကြားလိုက်ရသည့်အခါ အဖေယန်က ချက်ချင်းပဲ အားတက်သရောဖြစ်လာသည်။


သူသည် ယန်ကျင်းဇီကို ခေါ်သွားခဲ့ပြီး သူ့သားက သူတို့အိမ်ရဲ့အကြွေးတွေကို ပြန်ဆပ်တော့မှာကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် စကားလုံးအချို့ပြောဆို‌တော့သည်။


" ငါ့မိသားစုရဲ့ ကျင်းဇီက အရမ်းတော်တယ်။ တက္ကသိုလ်ကျောင်းသားတစ်ယောက်ပဲ ဖြစ်သေးတာကို ပိုက်ဆံရှာနိုင်နေပြီ! "


" ကလေးဘဝကတည်းက သူကလိမ္မာတယ်။ ငါ တစ်ခါမှ သူ့ကို စိတ်ပူစရာမလိုခဲ့ဘူး! "


" သူက သူ့မောင်နှမတွေ အေးအေးဆေးဆေး စာလေ့လာလို့ရအောင် မြို့ထဲမှာ အိမ်ငှားဖို့လည်း ခွင့်ပြုလိုက်တယ်။ ပိုက်ဆံအများကြီးကုန်လိမ့်မယ် လို့ ငါ သူ့ကို ပြောတယ်။ ဒါပေမယ့် သူက ဆက်လုပ်ချင်နေတုန်းပဲ! သူက ပိုက်ဆံအများကြီးရှာနိုင်နေတော့ ဖြုန်းစရာနေရာမရှိတော့ဘူး! "


" ပညာသင်ရတာက အရမ်းကောင်းတာပဲ! တွေ့လား ကျင်းဇီက စာဆက်သင်နေရင်းနဲ့ ပိုက်ဆံတွေအများကြီးရှာနိုင်နေပြီ! "


...


အဖေယန်သည် သူ့ခြေဆွံ့ခြေထောက်ကို ရွာထိပ်ကနေ ရွာဆုံး၊ ပြီးတော့ ရွာဆုံးကနေ ရွာထိပ်အထိ တရွတ်တိုက်ဆွဲလာသည်။ သူ အရက်မ‌သောက်ထားပေမယ့်လည်း သူ့တစ်ကိုယ်လုံးက နီရဲနေပြီး သူ့အသံကလည်း ပုံမှန်ထက် ပိုကျယ်လောင်နေခဲ့သည်။


သူသည် အချိန်များစွာနောက်ကျစေခဲ့သော်လည်း ယန်ကျင်းဇီက သူ့ကို လောဆော်ခြင်းမရှိ။


အဖေယန်က အခု အရမ်းပျော်ရွှင်နေတယ် ဆိုတာ သိသာသည်။ ဒါကြောင့် သူ့ကို ခဏလောက်ပျော်ခွင့်ပြုထားခဲ့သည်။ ဒီနေ့ သူ အိမ်ငှားဖို့လုပ်ထားပေမယ့်လည်း အခု ကြည့်ရတာ အိမ်ငှားဖို့အဆင်မပြေလောက်တော့ဘူး။


နောက်တစ်နေ့၌ ယန်ကျင်းဇီသည် သူ့အမေနှင့် မောင်နှမများကို မနက်စောစော မြို့ထဲခေါ်သွားသည်။


ဤမြို့တွင် လူဦးရေလျော့ကျမှုသည် အလွန်ပြင်းထန်သည်။ အခြေခံအားဖြင့် ရွာကလူငယ်များသည် အလုပ်ထွက်လုပ်ကြပြီး မြို့ကလူငယ်များလည်း ထို့အတူပင်။ နှစ်တိုင်း ကျောင်းမှာ ကျောင်းသားဦးရေနည်းလာသည်။ ဒါကြောင့်ပဲ မြို့ထဲကအိမ်များသည် အလွန်ဈေးသက်သာသည်။ အိမ်တစ်လုံးကို ၁၀,၀၀၀ သို့မဟုတ် ၂၀,၀၀၀ ဖြင့် ဝယ်ယူနိုင်သည်။


သနားစရာကောင်းတာက သူ့မှာ ပိုက်ဆံမရှိဘူး။ ပြီးတော့ ဒီလိုအိမ်မျိုးဝယ်ဖို့လည်း မလိုသေးချေ။


ယန်ကျင်းဇီသည် တစ်လလျှင် ယွမ် ၁၅၀ ဖြင့် အလွန်သေးငယ်သော နှစ်ထပ်အိမ်တစ်လုံးကို ငှားရမ်းခဲ့သည်။


အိမ်က တော်တော်လေးဟောင်းနေပြီဖြစ်၏။ ပထမထပ်မှာ မီးဖိုချောင်၊ ထမင်းစားခန်း၊ အိမ်သာတစ်လုံးနှင့် အိပ်ခန်းငယ်တစ်ခန်းတို့ ပါဝင်သည်။ ဒုတိယထပ်သည် အတော်နိမ့်သော ထပ်ခိုးကလေး ဖြစ်သည်။ ၎င်းကို အခန်းသုံးခန်းခွဲထားပြီး အမေယန်နှင့်အခြားသူများအတွက် တစ်ယောက်လျှင်တစ်ခန်းစီ အံကိုက်ဖြစ်သည်။


ဤအိမ်၏ တစ်ခုတည်းသော အားနည်းချက်မှာ လျှပ်စစ်ပစ္စည်းများမရှိခြင်း ဖြစ်သည်။ ပရိဘောဂဟောင်းများ အနည်းငယ်သာရှိသော်လည်း ဒါက ဘာမှမဖြစ်ပါဘူး။ သူတို့ စီရင်စုကိုသွားပြီး ပစ္စည်းအချို့ဝယ်လိုက်၍ရသည်။


ယန်ကျင်းဇီသည် အိမ်ငှားပြီးလျှင် စီရင်စုမြို့စီ သွားကာ အိမ်အားလျှပ်စစ်ကြိုးသွယ်လိုက်ပြီး တပတ်ရစ်တီဗီအပါအဝင် လျှပ်စစ်ပစ္စည်းအချို့ကိုလည်း ဝယ်ယူခဲ့သည်။


ယန်မိသားစုတွင် တီဗီမရှိသဖြင့် အမေယန်သည် တီဗီတစ်ခါမှမကြည့်ဖူးပေ။ သူ(မ) တီဗီကြည့်ပြီး ပျော်ရွှင်နိုင်အောင် သူ ဝယ်လာခဲ့သည်။


ယန်ကျင်းဇီသည် ကျန်အချိန်များကို အိမ်၌နေရင်း ကုန်ဆုံးခဲ့သည်။ တစ်ချိန်တည်းမှာတင် သူ သယ်လာခဲ့သည့် tablet ကိုလည်း အစ်မကြီးယန်အား ပေးလိုက်သည်။


သူ ဝယ်ခဲ့သည့် tablet ကလည်း တပတ်ရစ်ဖြစ်သည်။ နောက်ဆုံးတော့ သူ အခု ပိုက်ဆံပြတ်သွားပြီ။ ဒါပေမယ့် အွန်လိုင်းသင်တန်းများနှင့် လေ့ကျင့်ခန်းစာအုပ်မျိုးစုံအတွက် သူ ပိုက်ဆံအများကြီးသုံးခဲ့ခြင်းဖြစ်သည်။


ကလေးများအတွက် စာကျက်ချင်စိတ်ပေါက်စေမည့် motivation က အရမ်းအရေးပါသည်။ စာကျက်ဖို့ လုံလောက်သည့် motivation ရှိရင် သူတို့က စာကောင်းကောင်းကျက်နိုင်လိမ့်မည်။ ယန်ကျင်းဇီသည် ဤအချက်ကို ရှင်းရှင်းလင်းလင်းနားလည်ထားပြီး သူက အားလပ်ချိန်တိုင်း ကောလိပ်မှာစာသင်ရခြင်းဟာ ဘယ်လောက်ကောင်းတယ် ဆိုတာကို သူတို့ကို ပြောပြလေ့ရှိသည်။


အစ်မကြီးယန်တို့အုပ်စုက နားထောင်ပြီးတိုင်း အံ့ဩကြပြီး သူတို့သည် တက္ကသိုလ်တက်ချင်စိတ်များဖြင့် ပြည့်ဝနေကြတော့သည်။


ထို့နောက် ယန်ကျင်းဇီက သူတို့ကို အနာဂတ်တွင် မြို့မှာနေရတာ ဘယ်လောက်အဆင်ပြေလိုက်မလဲဆိုတာကို ဆက်ပြောပြသည်။ ဒါကြောင့် ပြောရမယ်ဆိုရင် သူတို့မှာ မြို့သားဖြစ်ချင်စိတ်လည်းရှိသည်။


အရာအားလုံးကို စီစဉ်ပြီးသောအခါ ဒုတိယညီမလေးယန်နှင့် ရှောင်ယန်တို့သည် ယန်ကျင်းဇီအား အရာရာစွမ်းဆောင်နိုင်သည့်အစ်ကိုကြီးအဖြစ် မှတ်ယူလိုက်ပြီဖြစ်သည်။


အစတုန်းက ယန်ကျင်းဇီကို မကျေနပ်သည့် အစ်မကြီးယန်ကတောင်မှ ယခုဆိုလျှင် ယန်ကျင်းဇီကို အလွန်ဂရုစိုက်သည်။ သူ(မ) က အမြဲတမ်း ယန်ကျင်းဇီအနားမှာ ရေခပ်ပေးတာမျိုး၊ သူ့ပါးစပ်ထဲအထိ အစာခွံ့ကျွေးတော့မလိုမျိုး တဝဲလည်လည်ရှိနေတတ်သည်။


ယန်ကျင်းဇီ ရွာထဲလျှောက်သွားနေတုန်း အစ်မကြီးယန်က သူ(မ)နှင့် သက်တူရွယ်တူကောင်မလေးများကို စကားပြောနေသည်အား ကြားလိုက်ရသည်။


" ငါ အထက်တန်းကျောင်းကို သေချာပေါက် တက်ရလိမ့်မယ် လို့ ငါ့အစ်ကိုက ပြောတယ်။ "


" ငါအထက်တန်းအောင်တဲ့အခါ ကောလိပ်ကိုလည်း ဆက်တက်ရမှာပဲ! "


" ငါတော့ မြို့သူမလေး ဖြစ်လာတော့မှာပဲ!


" ငါ့အစ်ကိုက အရမ်း‌စွမ်းတာပဲ။ သူ ကျောင်းတက်တုန်းက အိမ်ကနေ ပိုက်ဆံမတောင်းခဲ့ဖူးဘူး။ အဲ့အစား သူ အခု အိမ်ပြန်လာတော့ ပိုက်ဆံတွေအများကြီး ပါလာသေးတယ်! "


" ငါ ငါ့အစ်ကိုစီကနေ သင်ချင်တယ်! "


....


ထို့နောက် အစ်မကြီးယန်ပြောတာကို ကြားလိုက်ရသည့် ထိုသူငယ်ချင်းများက မနာလိုဖြစ်ကြသည်: " နင့်အစ်ကိုက အရမ်းတော်တာပဲ။ "


အခြားသူများက အစ်မကြီးယန်ကို မေးသည်: " နင့်အစ်ကိုက ဘယ်လိုဇနီးမျိုးကို ရှာချင်တာလဲဟင်? ငါ သူ့ကိုလိုက်ရင် အောင်မြင်မယ်လို့ နင်ထင်လား? "


ယန်ကျင်းဇီက ရွာမှာရှိတဲ့ ကောင်မလေးတွေရဲ့ စိတ်ကူးယဉ်ရည်းစား ဖြစ်သွားခဲ့ပြီ!


အစ်မကြီးယန်က မဆိုင်းမတွ ပြောလိုက်သည်။


" နင် သေချာပေါက်အောင်မြင်မှာ မဟုတ်ဘူး။ ငါ့အစ်ကိုက ကောလိပ်တက်ခဲ့ရတဲ့ မြို့ပေါ်က တစ်ယောက်ယောက်ကိုပဲ ငါ့ယောင်းမအဖြစ် ရွေးသင့်တယ်! "


ယန်ကျင်းဇီ: "..."