အပိုင်း ၁၁ ( Phoenix Man 11 )
Viewers 10k

ယန်ကျင်းဇီသည် ယန်မိသားစုအတွက်စီစဉ်ပေးပြီး တစ်ချိန်တည်းမှာပဲ ကျန်းဖင်းရှိူ့၏ ကျောင်းဝင်ခွင့်ကိစ္စ ဖြေရှင်းပေးဖို့ကိုလည်း သူ မေ့မထားခဲ့ပေ။


၁၄ ရက်နေ့မှာတော့ သူသည် သူ၏ဇာတိမြို့မှ ထွက်ခွာခဲ့သည်။


ယန်ကျင်းဇီ သူ နေထိုင်သည့်မြို့ကြီးကို ပြန်ရောက်လာသည့်ရက်မှာ ၁၅ ရက်နေ့ ဖြစ်ကာ ဤနေ့သည် မီးပုံပွဲတော်နေ့ ဖြစ်သလို ကျန်းဖင်းရှိူ့၏ နောက်ဆုံးသောအလုပ်ရက်ကလေးလည်း ဖြစ်သည်။


အဲဒါကိုစဉ်းစားပြီးတဲ့နောက်မှာတော့ သူ့တွင် ကျန်သည့်ပိုက်ဆံက ဒေါ်လာနှစ်ရာထက်ပင် နည်းသေးသည်။ သူသည် ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ကာ နှစ်ယောက်စာ ထမင်းဆုပ်များအား ဝယ်ယူလိုက်သည်။ ပြီးမှ ကျန်းဖင်းရှိူ့ အလုပ်လုပ်သော ဆိုင်ကို ဆက်သွားခဲ့သည်။


ကျန်းဖင်းရှိူ့က ခုလေးတင်ပဲ ကားတစ်စီးကို ရေဆေးလို့ပြီးသွားသည်။ ဖြစ်ချင်တော့ သူ ခေါင်းမော့ကြည့်လိုက်တာ ယန်ကျင်းဇီကို တွေ့လိုက်ရတော့တာပဲ။


သူ့နှလုံးသားလေး လျင်မြန်စွာ ခုန်လာသည်။


၁၅ ရက်နေ့ မတိုင်ခင်အထိ ကျန်းဖင်းရှိူ့က ကားရေဆေးဆိုင်မှာ အလုပ်လုပ်သည်။ ဒါပေမယ့် အဲ့နေ့က သူ အလုပ်ဆက်လုပ်ရမယ့်အစား အိမ်ပြန်သွားခဲ့သည်။ သူသည် အစ်မကြီးယန်ကို ယန်ကျင်းဇီ ဝယ်ပေးထားသည့် tablet နှင့် တထပ်တည်းတူသော tablet ကို ကိုင်ထားရင်း အွန်လိုင်းသင်ခန်းစာများကို နားထောင်နေခဲ့သည်။


ကျန်းဖင်းရှိူ့နှင့် အစ်မကြီးယန်တို့ ပြန်ကြည့်ပြီးလေ့လာနိုင်ဖို့အတွက် အလယ်တန်းကျောင်း အွန်လိုင်းသင်တန်းတစ်ခုမှာလည်း ယန်ကျင်းဇီက မိတ္တူတစ်စုံဝယ်ထားသည်။ သူက သူတို့နှစ်ယောက်ကို သူငယ်ချင်းအဖြစ်ထည့်ထားဖို့ တောင်းဆိုထားသေးသည်။ ဒါမှ သူတို့ နားမလည်သည့် မေးခွန်းများ တွေ့တဲ့အခါ သူတို့ အွန်လိုင်းကနေ အတူတူ လေ့လာနိုင်မှာဖြစ်သည်။


အဲ့တာတောင်မှ သူတို့ နားမလည်သေးဘူးဆိုရင် ချရေးထားပြီး သူ့ကို သင်ခိုင်းလို့ရသည်။


မူလပိုင်ရှင်သည် ပထမနှစ်တက်ခါစသာဖြစ်ပြီး အလယ်တန်းကျောင်းက စာတွေကို မမေ့သေးဘူး။


ကျန်းဖင်းရှိူ့ရော အစ်မကြီးယန်ရော နှစ်ယောက်လုံးက စာလေ့လာရာတွင် အလွန်အလေးအနက်ထားသည်။


ယန်ကျင်းဇီ ဝယ်ထားသော အွန်လိုင်းသင်တန်းများ အားလုံးသည် တကယ့်သာမန်ဗီဒီယိုများသာဖြစ်သည်။ အချို့သောအွန်လိုင်းသင်တန်းများနှင့်မတူဘဲ ဆရာက လူများအား အချိန်နှင့်တပြေးညီသင်ကြားပေးပြီး အွန်လိုင်းအိမ်စာများကိုလည်း လုပ်ခိုင်းသည်။ ဒါပေမယ့် သူတို့က အကောင်းဆုံးရလဒ်ကို ရနေဆဲဖြစ်ကာ လေးနက်စွာဖြင့် ဂရုတစိုက်နားထောင်နေဆဲလည်းဖြစ်သည်။


ကျန်းဖင်းရှိူ့သည် A4 စာရွက်အရွယ်ရှိ မှတ်စုစာအုပ်တစ်အုပ်ကို ဝယ်ခဲ့ပြီး အတန်းတက်သည့်အခါတိုင်း မှတ်စုများကို ရေးချမှတ်သားထားသည်။


ယန်ကျင်းဇီကတော့ အတန်းတက်တာအပြင် အချိန်ပိုင်းအလုပ်မျိုးစုံကို လုပ်လေသည်။


သူတို့မှာ ‌ကုန်ကျစရာအများကြီး မရှိဘူး လို့ အစ်မကြီးယန်က ပြောခဲ့သည်။ သူတို့သည် အစားအစာများနှင့် ဟင်းသီးဟင်းရွက်များကို အိမ်ကနေ ရရှိသည်။ သူတို့မှာ လစဉ်ငှားရမ်းခပေးရတာနှင့် အသားဝယ်တာအပြင် ကျောင်းအသုံးအဆောင်ပစ္စည်းများအမျိုးစုံကိုပဲ ဝယ်သည်။ တစ်လ ယွမ်တစ်ထောင်က လုံလောက်သည်။ သေချာ‌တာပေါ့ သူကတော့ ပိုက်ဆံပိုပေးသည်။ ကလေးသုံးယောက်က အမြဲတမ်း အသားအချို့ကိုစားချင်ရှာကြသဖြင့် သူတို့ အစားအစာနဲ့ ပတ်သက်ပြီး အရမ်းချွေတာမနေရအောင် သူက သူတို့ကို တစ်လလျှင် ယွမ်နှစ်ထောင်ပေးသည်။


ယန်ကျင်းဇီတို့ဘက်ကို ကြည့်မယ်ဆိုရင်တော့ သူတို့လည်း ပိုက်ဆံအများကြီးသုံးစရာမလို။ ဟင်းများကို သူတို့ကိုယ်တိုင်ချက်စားလိုက်၊ A တက္ကသိုလ်၏ကန်တင်းက ဝယ်စားလိုက်ဖြင့် သူတို့ ပိုက်ဆံအများကြီးမကုန်ပေ။


ခြောက်လဆိုသည့်အချိန်ကာလတစ်ခု ကြာမြင့်ပြီးသည့်နောက်မှာတော့ ယန်ကျင်းဇီ၌ ဘဏ်အပ်ငွေပေါင်းသောင်းချီရှိလာတော့သည်။


တစ်ချိန်တည်းမှာပဲ ယန်ကျင်းဇီက ကျူရှင်အတန်းကနေ အလုပ်ထွက်လိုက်ပြီး အွန်လိုင်းအလုပ်များကို ရွေးရာတွင်လည်း ဇီဇာကြောင်လိုက် ဂျီးများလိုက်နှင့် သူ၏ အနာဂတ်ကိုယ်ပိုင်လမ်းကြောင်းအတွက် စတင်အစီအစဉ်ဆွဲသည်။


ဒါပေါ့၊ ကျန်းဖင်းရှိူ့အတွက် ကျောင်းတစ်ကျောင်းစီစဉ်ပေးဖို့လည်း သူက မေ့မနေခဲ့ချေ။


အဆက်အသွယ်လည်းမရှိ၊ ပိုက်ဆံလုံလုံလောက်လောက်လည်း မရှိသဖြင့် ထိုကိစ္စဆောင်ရွက်ဖို့က မလွယ်ကူပေ။ နဂိုက ယန်ကျင်းဇီသည် ဤမြို့ကြီး၌ ကျောင်းတစ်ကျောင်းကို ကျန်းဖင်းရှိူ့အတွက် ရှာပေးချင်ခဲ့သော်လည်း သူ သင့်တော်သည့်ကျောင်းလေးကိုတောင် ရှာမတွေ့ခဲ့။ ကျန်းဖင်းရှိူ့သည် အရမ်းအလေးအနက်ထားပြီး တော်တော်လေး ကောင်းမွန်စွာ သင်ယူနိုင်ခဲ့သည်ကို ဒီနောက်ပိုင်းမှာ သူ သိလိုက်ရသည်။ ဒါကြောင့် သူက သူ့ဇာတိမြို့ကိုပဲ ပြန်သွားပြီး သူတို့၏ စီရင်စုမှာရှိသည့် သာမန်အထက်ကျောင်းတစ်ကျောင်းမှာ ကျန်းဖင်းရှိူ့၏ကျောင်းဝင်ခွင့်ကိုလျှောက်ဖို့ ငွေသုံးခဲ့သည်။


ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားများသည် နှစ်တိုင်း ဂဏန်းတစ်လုံးစာသာရှိသည်။ သူတို့ထဲက အများစုကတော့ ကောလိပ်ကိုသွားရင်သွား၊ မဟုတ်ရင်တော့ ဝင်ခွင့်စာမေးပွဲပြီးသွားလည်း ကောလိပ်သွားဆက်မတက်ဘဲ နေလိုက်ကြတာပဲ။ ကျန်းဖင်းရှိူ့၏ ယခင်အလယ်တန်းကျောင်းအဆင့်များက သိပ်မကောင်းသော်လည်း သူတို့က သူတို့၏ကျောင်းသားစာရင်းထဲ ကျန်းဖင်းရှိူ့နာမည်ထည့်ပေးဖို့ ဆန္ဒရှိနေကြဆဲပင်။


သေချာတာကတော့ ကျန်းဖင်းရှိူ့က အဲ့အထက်တန်းကျောင်းမှာ သွားတက်စရာမလို။ ယန်ကျင်းဇီက သူ့ကို အိမ်မှာပဲ အွန်လိုင်းကနေ စာကျက်ခိုင်းပြီး အတန်းအချို့ဖြစ်ဖြစ် တခြားဟာတွေပဲဖြစ်ဖြစ် သင်ခိုင်းဖို့ ရည်ရွယ်ထားသည်။


Self-study သည် စိတ်အားထက်သန်မှုများစွာ လိုအပ်‌သော ကိစ္စတစ်ရပ်ဖြစ်သော်လည်း ကျန်းဖင်းရှိူ့သည် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့သည်။


သူသည် အရင်က အများကြီးနာကျင်ခံစားခဲ့ရရာ နေ့တိုင်း အိမ်မှာနေပြီး ဆယ်နာရီကျော်စာဆက်တိုက်ကျက်နေရတာ သူ့အတွက် လုံးဝမခက်ခဲပေ။


ယန်ကျင်းဇီ ဒုတိယနှစ်ရောက်သောအခါ ကျန်းဖင်းရှိူ့သည် အလယ်တန်းသင်ရိုးများကို ပြီးသွားခဲ့ပြီဖြစ်ပြီး စနစ်တကျဖြင့် အထက်တန်းသင်ရိုးများကို စတင်လေ့လာတော့သည်။


ကျန်းဖင်းရှိူ့သည်လည်း သူ့ဇာတိမြို့ရှိအထက်တန်းကျောင်းတစ်ခုတွင် အထက်တန်းကျောင်းသားဖြစ်လာသည်။ များသောအားဖြင့် အတန်းတက်ဖို့ အဲ့အထက်တန်းကျောင်းကို သူ သွားနေစရာမလိုဘူး။ သတ်မှတ်ထားသည့်အချိန်ကျရောက်လာမှ သူက စာမေးပွဲသွားဖြေရုံဖြစ်သည်။


သူ၏စာလေ့လာမှုများတွင် တိုးတက်မှုကြီးကြီးမားမားရှိလာသည့်အပြင် ကျန်းဖင်းရှိူ့၏အသွင်အပြင်သည်လည်း လွန်ခဲ့သောခြောက်လအတွင်း ဒရမ်မာဆန်ဆန် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။


ယန်ကျင်းဇီသည် ကန်တင်းမှ နေ့စဉ် အမျိုးမျိုးသော အသားဟင်းများကို ဝယ်ယူပြီး အိမ်ပြန်သည်။ သူက အိမ်မှာလည်း အရွက်ဟင်းမျိုးစုံကိုလည်း ချက်သည်။ အာဟာရဓာတ်များ ဆက်တိုက်ဖြည့်တင်းခံရပြီးနောက် ကျန်းဖင်းရှိူ့သည် အရပ်ပိုရှည်လာတော့သည်။


နောက်ပြီး သူ အပြင်မထွက်တာလည်း ရက်ပေါင်းများစွာ ကြာနေပြီဖြစ်သဖြင့် သူ့အသားက အဖြူရောင်ပြောင်းသွားပြီး ပိုကြည့်ကောင်းလာသည်။


ယနေ့သည် တက္ကသိုလ်စတက်ရမည့်နေ့ဖြစ်သည်။ ယန်ကျင်းဇီသည် နံနက်စောစောအပြင်ထွက်သွားခဲ့သည်။ ကျန်းဖင်းရှိူ့သည် ယန်ကျင်းဇီထွက်သွားသည်ကို ကြည့်နေစဉ် tablet ကို ကိုင်ထား၍ tablet ထဲတွင် မှတ်တမ်းတင်ထားသော အသံဖိုင်အတိုင်း အင်္ဂလိပ်စာကိုရွတ်ဆိုနေခဲ့သည်။


သူ စာသင်နေတုန်း အဖွားကျန်း ရောက်လာသည်။


" အဖွား၊ ဘာကိစ္စရှိလို့လဲ? "


ကျန်းဖင်းရှိူ့ tablet ကို ချထားလိုက်သည်။


အဖွားကျန်းက ပြောသည်။


" ဖင်းရှိူ့၊ မင်း တကယ်စာဆက်သင်မလို့လား? "


ကျန်းဖင်းရှိူ့ ခေါင်းညိတ်ပြသည်။


အဖွားကျန်း၏မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများ အပြည့်ပင်။


" ဒါပေမယ့်.... "


ကျန်းဖင်းရှိူ့ မေးလိုက်သည်။


" အဖွား ဘာဖြစ်လို့လဲ? "


အဖွားကျန်း ပြန်ဖြေလာသည်။


" မင်းက အလုပ်မလုပ်ဘဲ ငါတို့ အမြဲတမ်း သူများစီက စားနေလို့မဖြစ်ဘူး၊ သူများစီမှာလည်း ကပ်နေနေတာ.... "


မကြာသေးမီကပဲ အဖွားကျန်း စိတ်ရှုပ်ထွေးလာခဲ့ခြင်းဖြစ်သည်။


သူ(မ)၏ ဘဝတစ်လျှောက်လုံး သူများစီက အခွင့်ကောင်းယူဖူးတယ်ဆိုတာ မရှိဘဲ အနိုင်ကျင့်ခံနေကြဖြစ်ပြီး သူ(မ) သူတစ်ပါးအပေါ် အခွင့်ကောင်းယူလေ့လည်း မရှိဘူး။ ဒါပေမယ့် ဒီနှစ်ဝက်တစ်ခုလုံး... သူ(မ) မြေးလေးက ဒီနှစ်ဝက်တစ်ခုလုံး အလုပ်မသွားဘူး။ သူတို့နှစ်ယောက်လုံးကို ယန်ကျင်းဇီက ကြည့်ရှုစောင့်ရှောက်ပေးထားတာ!


အမှန်တော့ ကျန်းဖင်းရှိူ့ စစချင်း အလုပ်မသွားတုန်းက ကျန်းဖင်းရှိူ့ အလုပ်ထွက်လာခဲ့မှန်း သူ(မ) မသိခဲ့ချေ။ သူ(မ) ထင်တာက သူ(မ) မြေးလည်း ယန်ကျင်းဇီလိုမျိုး အွန်လိုင်းကနေပိုက်ဆံရှာလိမ့်မည်ပေါ့။


သူ(မ) စကားလုံးများကို နားမလည်ခဲ့ပါဘူး။ ကျန်းဖင်းရှိူ့ အင်္ဂလိပ်စာနှင့်သင်္ချာအကြောင်းကို ပြောနေသည်ကို သူ(မ) ကြားရသောအခါ သူ(မ) ထျန်းရှူး[သမ္မာကျမ်းစာ]ကို နားထောင်နေရသည့်အတိုင်း ခံစားခဲ့ရသည်။ သူတို့ အနှောင့်အယှက်မဖြစ်အောင် နေဖို့ပဲ သူ(မ) သတိထားပြီး ထိုအကြောင်းကို သူ(မ) များများစားစားလည်း မတွေးခဲ့မိ။


သူ(မ) မြေး အိမ်မှာနေတာ ပိုက်ဆံရှာဖို့မဟုတ်ဘဲ စာသင်ဖို့မှန်း သူ(မ) သိလိုက်ရတာ သိပ်မကြာသေးဘူး!


အကယ်၍ သူ(မ) မြေးလေးက အလုပ်မလုပ်ဘဲ စာကျက်မယ်ဆိုရင် သူ(မ) တို့ ဘာသွားစားကြမလဲ?


သူတို့က ယန်ကျင်းဇီနဲ့ ဘာမှမတော်ဘဲ ဘယ်လိုလုပ် သူတို့ကို ယန်ကျင်းဇီ ထောက်ပံ့နိုင်မှာလဲ?


" အိုက်ယား..အရင်က အဖွားထင်တာ ဘယ်လိုပဲဖြစ်ဖြစ် အိမ်က မင်းငှားထားတာဆိုတော့ ယန်တ စားစရာဝယ်တာ ဘာမှမဖြစ်ဘူးပေါ့။ ဒါပေမယ့် အခု မင်းက အလုပ်မသွားတော့ဘဲ အထက်တန်းကျောင်းကလည်း နောက်ထပ်သုံးနှစ်တောင် တက်ရဦးမှာဆိုတော့.... "


အဖွားကျန်း စိုးရိမ်ပူပန်နေခဲ့သည်။


ပိုက်ဆံမရှာနိုင်တော့သည့်အတွက် အစပိုင်းတွင် ကျန်ဖင်းရှိူ့သည်လည်း တကယ်ပဲ အရမ်းစိတ်မကောင်းဖြစ်ခဲ့သည်။


ဒါပေမယ့် ယန်ကျင်းဇီက သူ့ကိုအားပေးတိုက်တွန်းနေခဲ့သည်။


ပိုအရေးကြီးသည်မှာ သူသည် ယန်ကျင်းဇီနှင့် ထိုက်တန်သော လူတစ်ယောက် ဖြစ်ချင်သည်။


ယန်ကျင်းဇီက အရမ်းတော်သည်။ A တက္ကသိုလ်ကဲ့သို့ ကျောင်းကောင်းတွင် စာသင်နေသည်။ သူလည်း အရမ်းကြီးညံ့နေလို့မဖြစ်ပေ။ အနာဂတ်မှာ သူ A တက္ကသိုလ်ကို မတက်နိုင်ရင်တောင် သူ တက္ကသိုလ်တက်ရမှဖြစ်မည်။


တကယ်တော့ အစပိုင်းမှာ ကျန်းဖင်းရှိူ့သည် ယန်ကျင်းဇီနှင့်တစ်သက်လုံးအတူရှိနေဖို့ တစ်ခါမှ မတွေးခဲ့ဖူးချေ။ သူ တွေးထားတာက ယန်ကျင်းဇီ သူ့ကိုလိုအပ်ရင် သူက ယန်ကျင်းဇီနှင့်အတူရှိနေပေးပြီး အကယ်၍ တစ်နေ့နေ့မှာ ယန်ကျင်းဇီက သူ့ကို ထပ်မလိုတော့ဘူးဆိုရင် သူက ထွက်သွားပေးလိမ့်မည်။


ဒါပေမယ့် အခု သူ နောက်မဆုတ်တော့ဘူး။ သူ မထွက်သွားချင်တော့ဘူး။


သူ ယန်ကျင်းဇီနှင့် အတူရှိနေချင်သည်။


" အဖွား၊ ကျွန်တော် တက္ကသိုလ်တက်ချင်တယ်။ "


ကျန်းဖင်းရှိူ့က ပြောကြားခဲ့သည်။


" အဖွားလည်း မင်းကို တက္ကသိုလ်တက်စေချင်ပါတယ်... ဘာလို့ အဖွားတို့ ရွာကကျောင်းကို မပြန်ဘဲနေကြမှာလဲ? ဒီမှာ အိမ်ငှားခက ဈေးအရမ်းကြီးတယ်.... "


အဖွားကျန်း အနည်းငယ်စိတ်ပူနေသည်။


" မင်း အရင်က အဖွားကို ပေးထားတဲ့ပိုက်ဆံတွေ အဖွား စုထားတာ ယွမ် ၅၀၀၀ ရှိတယ်။ အခု ကျောင်းပြန်ပြီး ပိုက်ဆံစုကြရအောင်လား? "


" ကျွန်တော် မပြန်ချင်ဘူး။ "


ကျန်းဖင်းရှိူ့ ငြင်းလိုက်သည်။ သူက ယန်ကျင်းဇီနှင့် အတူရှိနေချင်ပြီး ယန်ကျင်းဇီနှင့်မခွဲခွာလို။


" အိုက်ယား... "


အဖွားကျန်း သက်ပြင်းချလိုက်ပြီး ရုတ်တရက် တစ်ခုခုကို သူ(မ) တွေးမိသွားသည်။


" ဖင်းဟွာ၊ မင်းမှာ လက်ထဲ ပိုက်ဆံဘယ်လောက်ရှိလဲ? "


ကျန်းဖင်းရှိူ့ ပြန်ဖြေသည်။


" ကျွန်တော့်မှာ ၁၀,၀၀၀ ကျော်လောက်ရှိတယ်။ "


သူသည် ကားရေဆေးဆိုင်တွင် အလုပ်လုပ်နေစဉ် လတိုင်း ငွေတစ်ထောင်စုသည်။ သူ့အဖွားကို ပေးသည့်ငွေက နည်းပြီး သူ့အတွက်လည်း နှစ်ထောင်ထားထားသည်။ အလုပ်၏ နောက်ဆုံးလနှစ်လစာက ပေါင်းသွားပြီး နောက်ထပ် လုပ်အားခ ရှစ်‌ထောင်ကို ရရှိခဲ့သည်။


ပုံမှန်အတိုင်းဆိုလျှင် သူသည် ဒီရက်ပိုင်း ပိုက်ဆံအနည်းအများကုန်‌လေ့ရှိသော်လည်း နှစ်သစ်ကူးတိုင်း သူတို့က သူ့အတွက် စာအိတ်နီများ အမြဲပို့ပေးသည်...အဆုံးမှာတော့ သူ့မှာ ပိုက်ဆံနည်းသွားရမည့်အစား သူ့တွင်ရှိသည့်ပိုက်ဆံက ပိုပိုများ‌လာတော့သည်။


" မင်းမှာ ပိုက်ဆံအများကြီးရှိတာပဲ? "


အဖွားကျန်း အနည်းငယ်အံ့ဩသွားပြီး ပြောလာသည်။


" ဒါဆို ယန်တကို ပိုက်ဆံနည်းနည်းပေးကြမလား? "


ကျန်းဖင်းရှိူ့ သဘောတူလိုက်သည်။ ပြီးခဲ့သည့်ခြောက်လအတွင်း ယန်ကျင်းဇီသည် ပိုက်ဆံရှာဖို့ အလုပ်တအားကြိုးစားခဲ့သည်။ ဘယ်အချိန်ပဲဖြစ်ဖြစ် သူ ယန်ကျင်းဇီကို ပိုက်ဆံပေးပါစေ၊ ယန်ကျင်းဇီက အမြဲငြင်းသည်။ ဒါမှမဟုတ် သူ့အဖွားကို ပေးခိုင်းရင်ရော?


သူ့ရည်းစားလို့ ယန်ကျင်းဇီက အဖွားကျန်းကို မပြောပြနိုင်ဘူး။ အဲ့အကြောင်းပြချက်နဲ့ ပိုက်ဆံယူဖို့ ယန်ကျင်းဇီ ငြင်းလို့မရ‌နိုင်တော့ဘဲ ယူထားလိုက်ရပေမည်။


အကြောင်းအရာကိစ္စကိုပြောပြရန် စဉ်းစားနေသည့် ကျန်းဖင်းရှိူ့၏မျက်နှာသည် မလွှဲမရှောင်သာ နီရဲတက်လာသည်။


ယန်ကျင်းဇီက သူ့ကို အမြဲတမ်း ‘ဇနီးလေး’ လို့ ခေါ်သည်... သူလည်း ‘ဇနီးလေး’လို့ အခေါ်ခံရတာ ကြိုက်သည်။


အဲ့လိုခေါ်ခံရတာက မသိရင် သူတို့က မိသားစုတစ်ခုတည်းလိုပဲ။


ကျန်းဖင်းရှိူ့ ယန်ကျင်းဇီအကြောင်း စဉ်းစားနေတုန်း ကျောင်းစတက်‌နေရသည့် ယန်ကျင်းဇီ‌ကတော့ အခြားသူများ၏ခြေ‌ထောက်များကိုချိုးရတာ ကြိုက်နှစ်သက်သော မူလပိုင်ရှင်၏အရင်ဇနီးဖြစ်သူ လှပချမ်းသာသည့်မိန်းမပျိုလေးကို ကျောင်းမှာ တွေ့သည်။


လှပချမ်းသာသည့်မိန်းမပျိုလေး၏ နာမည်က လီဝေ့ဝေ့ဖြစ်ပြီး ယန်ကျင်းဇီထက် တစ်နှစ်ငယ်သည်။ သူ(မ) က အခုမှ ပထမနှစ်ကျောင်းသူဖြစ်သည်။


သူ(မ) က အရမ်းမလှပေမယ့် သူ(မ) က ဝတ်တတ်စားတတ်ပြီး သူ(မ) ၏ အဝတ်အစားများကလည်း ကောင်းမွန်သည်။ အခုမှ ကျောင်းစတက်သည့် ပထမနှစ်များကြားထဲ သူ(မ) ကို အလှလေး ဟု သတ်မှတ်နိုင်သည်။


မူလဇာတ်ကြောင်းမှာ မူလပိုင်ရှင်သည် လှပချမ်းသာသည့်မိန်းမပျိုလေးအား သူ ဒုတိယနှစ်ကျောင်းသား ဖြစ်ကတည်းက သတိထားမိခြင်းဖြစ်သော်လည်း လှပချမ်းသာသည့်မိန်းမပျိုလေးကတော့ သူ့အားလုံးဝသတိမပြုမိ။ နောက်ပိုင်း မူလပိုင်ရှင်၏ ဆောင်ရွက်ချက်များက ပိုပိုကောင်းလာပြီး သူသည် ဌာနတွင် ထင်ပေါ်ကျော်ကြားလာသည်။ အဲ့အခါကျမှ သူတို့အချင်းချင်း အဆက်အသွယ်ရှိလာကြခြင်းဖြစ်သည်။


မူလပိုင်ရှင်သည် မိန်းမပျိုလေးအား သူ့အငယ်တန်းနှစ်ကတည်းက လိုက်လံပိုးပန်းခဲ့သည်။ လိုက်လံပိုးပန်းခြင်း တစ်နှစ်ကုန်ဆုံးပြီးသွားသည့်အခါမှ နောက်ဆုံး၌ သူသည် အလှလေးကိုရသွားတော့သည်။


ယန်ကျင်းဇီကတော့ ကောင်မလေးကို လုံးဝစိတ်မဝင်စားဘူး။ သူ(မ)နှင့် ဝေးဝေးနေဖို့ သူက ဆုံးဖြတ်ပြီးပြီ။ ဒီနေ့ ဆရာကျောက်ကို မေးခွန်းမေးဖို့ သူ ကျောင်းလာတော့ တစ်ဖက်လူကို မြင်ပေမယ့် သူ သူ(မ) ကို စကားမပြောခဲ့ဘူး။


ရလဒ်ကတော့ သူက သူ(မ)နှင့် အဆက်အသွယ်မလုပ်ပေမယ့် သူ ထွက်သွားတာကို လီဝေ့ဝေ့က အမှီလိုက်ပြီး သူ့ကို ပြုံးပြလာသည်။


" စီနီယာက အသက်ဘယ်လောက်ရှိပြီလဲ? နာမည်ဘယ်လိုခေါ်လဲဟင်? "


ယန်ကျင်းဇီက အရှိန်မြှင့်လိုက်ပြီး သူ့တပတ်ရစ်စက်ဘီးလေးပေါ် မြန်မြန်တက်ကာ ဆွဲဆောင်မှုရှိသောကျောင်းသူမလေးကို ထားခဲ့ရင်း ကြိုးကနေလွှတ်လိုက်တဲ့မြှားတစ်စင်းလိုမျိုး အမြန်ပြေးထွက်သွားတော့သည်။


လီဝေ့ဝေ့: "..."