အပိုင်း ၁၂ ( Phoenix Man 12 )
Viewers 10k

ယန်ကျင်းဇီသည် နေ့လယ်စာထမင်းဘူးကိုယူကာ ကန်တင်းသို့သွား၍ အသားဟင်းသုံးမျိုးကိုဝယ်ယူပြီးမှ အိမ်ပြန်လာခဲ့သည်။


သူ အိမ်ပြန်ရောက်သောအခါ ညစာစားချိန်ရောက်လုနီးပြီ။ သူသည် တံခါးကိုဖွင့်လိုက်ပြီးနောက် စားစရာရနံ့ကိုရလိုက်သည်။


အဖွားကျန်း မြို့ကို ပထမဆုံးရောက်လာသောအခါ သူ(မ)သည် မီးဖိုချောင်ထဲက ပစ္စည်းများကို တစ်ခုမှမသုံးတတ်သော်လည်း သူ(မ) က သင်ယူလိုစိတ်ရှိပြီး ဖြည်းဖြည်းချင်း အရာအားလုံးကို သင်ယူနိုင်ခဲ့သည်။ ယခု သူ(မ)သည် အိမ်၌ စားစရာအားလုံးကို ချက်ပြုတ်နေပြီဖြစ်၏။


သူ(မ) အကြိုက်ဆုံး တီဗီရှိုးကတောင် လူများကို ဟင်းချက်နည်းသင်ပေးသည့်ရှိုးဖြစ်လာသည်။


နှစ်ဝက်လောက်ကြာပြီးတဲ့အခါမှာတော့ သူ(မ) သည် ဘေးအိမ်က အဖွားအိုကို ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း သင်ပေးခဲ့ပြီး နောက်ဆုံးတော့ သူငယ်ချင်းတစ်ယောက်ရသွား‌ခဲ့သည်။ အဖွားအိုနှစ်ယောက်က သူများလွှင့်ပစ်ထားသည့် ဖော့ပုံးများစွာကို လိုက်စုထားပြီး ကြက်သွန်မြိတ်များ၊ ကြက်သွန်မြိတ်ကြီးများနှင့် ငရုတ်ကောင်းများ စသည်တို့ကို စိုက်ပျိုးကြသည်။ ဟင်းသီးဟင်းရွက်များက ငွေကြေးကုန်ကျသက်သာစေသည်လေ။


ယနေ့မှာ အဖွားအိုက သူ(မ)၏ ကိုယ်ပိုင်ကြက်သွန်မြိတ်ကြီးများကို အသုံးပြုပြီး ကြက်ဥနှင့်ဟင်းရွက်နှစ်မျိုးကို မွှေကြော်ကြော်ခဲ့သည်။


ဤအဖွားအို၏ ဟင်းချက်ခြင်းမှာ တစ်ခုတည်းသောအားနည်းချက်က သူ(မ) ဟင်းချက်ဆီများများမသုံးရဲခြင်းပဲ။ ဒါပေမယ့် ယန်ကျင်းဇီက ထိုအချက်ကို အဆင်ပြေသည်ဟုထင်သည်။ ဆီနည်းလေ ကျန်းမာရေးအတွက်ညီညွတ်လေ....။


ယန်ကျင်းဇီ တံခါးကနေ ဝင်လာသည်နှင့် အဖွားအိုက သူ့ကို ချက်ချင်းနှုတ်ဆက်ပြီး အိမ်ထဲမှာ စာကျက်နေသည့် ကျန်းဖင်းရှိူ့လည်းပဲ အပြင်ထွက်လာသည်။


ထိုသို့သောအကြည့်များနှင့် သူ့ကိုကြည့်နေသည့်အတွက် ယန်ကျင်းဇီတွင် ကျန်းဖင်းရှိူ့ကို နမ်းချင်စိတ်များ ထပ်ပေါ်လာပြန်သည်။


သေချာတာပေါ့၊ အဖွားအိုရှေ့မှာ သူ ချုပ်တည်းထားဖို့လိုသည်။ နှစ်ယောက်တည်းဆိုလည်း သူက သည်းခံဖို့အကောင်းဆုံးကြိုးစားသည်။


နောက်တစ်မျိုး‌ပြောင်းပြောရမယ်ဆိုရင်တော့ သူ့ကိုယ်သူ သားရဲတစ်ကောင်လိုမျိုး ခံစားနေရခြင်းဖြစ်သည်။


သူတို့က အိမ်မှာ အချိန်မမှန်ဘဲ စားလေ့ရှိသည်။ လူတိုင်း ဗိုက်ဆာနေပြီး ရှိသမျှလူလည်း ရောက်နေပြီဖြစ်ကာ ဟင်းများလည်း အဆင်သင့်ဖြစ်နေ၍ သူတို့ စစားနိုင်ပြီ။ ယနေ့လိုမျိုး ယန်ကျင်းဇီပြန်လာမှ သူတို့အားလုံး အတူတူစားကြသည်။


ထမင်းစားနေစဉ် အဖွားကျန်းက မေးလာခဲ့သည်။


" ရှောင်ယန်(ယန်လေး)၊ မင်း အခု စာကျက်ရင်းနဲ့ ပိုက်ဆံရှာဖို့ အလုပ်လုပ်နေရတယ်။ ပင်ပန်းနေပြီလား? "


ယန်ကျင်းဇီက ပြုံးပြီး


" မပင်ပန်းပါဘူး အဖွား။ ကျွန်တော် အိမ်မှာ တစ်နေ့လုံး ထိုင်နေတာ အဖွားလည်း တွေ့တာပဲ။ ကျွန်တော်က ဘယ်လိုလုပ်ပင်ပန်းမှာလဲ? "


" မင်းရဲ့ဦးနှောက်ကို သုံးရတာလည်း ပင်ပန်းတာပဲလေ။ "


အဖွားကျန်းက ပြောခဲ့သည်။


" ရှောင်ယန်၊ ဖင်းဟွာက အိမ်မှာ အလုပ်လုပ်နေတာ မဟုတ်ဘဲ စာကျက်နေတယ်ဆိုတာကို အဖွား ခုမှသိတယ်။ မင်းက အဖွားတို့ကို ထောက်ပံ့နေတာ မဖြစ်သင့်ဘူး။ ပိုက်ဆံ... "


အဖွားကျန်းသည် ကျန်းဖင်းရှိူ့ သူ(မ)အား ပေးထားသော ကဒ်ကို ထုတ်လိုက်ပြီး ယန်ကျင်းဇီအား ပေးချင်ခဲ့သည်။


အဖွားကျန်းစကားပြောနေကတည်းက ယန်ကျင်းဇီသည် အဖွားကျန်း၏အကြံကို ခန့်မှန်းမိပြီးသားဖြစ်သည်။ ကတ်ကိုမြင်လိုက်ရသောအခါ ဘာဖြစ်နေလဲဆိုတာ ပိုပိုပြီးရှင်းလင်းလာ‌တော့သည်။


" အဖွား ကျွန်တော်တို့က မိသားစုတွေပဲလေ။ အဖွား ဘာတွေလုပ်နေတာလဲ? ကျွန်တော့်ပိုက်ဆံက အဖွားတို့ပိုက်ဆံပဲပေါ့။ "


ယန်ကျင်းဇီသည် အဖွားကျန်းအား ပြုံးပြခဲ့သည်။


အဖွားကျန်းသည် ယန်ကျင်းဇီအား ပိုက်ဆံကိစ္စ‌ပြောရန် အဆင်သင့်ဖြစ်နေပြီး ယန်ကျင်းဇီ ပိုက်ဆံယူအောင် ဘယ်လိုချော့ပြောရမလဲဆိုသည်ကို တွေးနေခဲ့၏။


ဒါနဲ့ ယန်ကျင်းဇီက တကယ်ကြီး သူတို့ကမိသားစုတစ်စု လို့ ပြောလိုက်တာလား?


အဖွားကျန်းက အံ့ဩသွားသည်။


" မိသားစုတစ်စု? "


ကျန်းဖင်းရှိူ့လည်းပဲ အံ့ဩသွားခဲ့သည်။


သူက ယန်ကျင်းဇီကို ပိုက်ဆံပေးချင်ခဲ့သည်။ အဲ့အချိန်တုန်းက ယန်ကျင်းဇီက သူတို့က မိသားစု‌တစ်စုတည်းမို့ ဘယ်သူကပဲ ပိုက်ဆံသုံးသုံး အတူတူပဲ၊ အရေးမကြီးဘူး ဟု ပြောခဲ့သည်။ အဲ့တုန်းက သူ အဲ့လိုကြားရတော့ သူ့နှလုံးသားလေးမှာ ချိုမြန်မှုများနှင့် ပြည့်နှက်နေခဲ့ပေမယ့် အခု...ဒီမှာ သူ့အဖွား ရှိနေသေးတယ်လေ!


အဖွားကျန်းကို သူ ပြောလိုက်သည့်စကားက အံ့ဩတုန်လှုပ်စရာကောင်းကောင်းကြီးဖြစ်နိုင်ကြောင်း ယန်ကျင်းဇီလည်း သိနေခဲ့သည်။ ဒါပေမယ့် နောက်ဆုံးမှာ အဖွားကျန်းက သိသွားမှာပဲ။ ပြီးခဲ့သည့်ခြောက်လအတွင်း တကယ်တော့ သူက အဖွားကျန်းအား ထိတ်လန့်ဖွယ်သတင်းကို ခံနိုင်ရည်ရှိအောင်လုပ်ပေးပြီးသားဖြစ်သည်။


မကြာခဏ သူသည် အဖွားအိုနှင့် လက်ရှိခေတ်ရေစီးကြောင်းများအကြောင်း ဆွေးနွေးလေ့ရှိပြီး နိုင်ငံခြားများတွင် ယောကျာ်းလေးနှစ်ယောက် လက်ထပ်နိုင်သည်ကို အဖွားအိုကို ပြောပြထားသည်။


ဤအဖွားအို၊ သူ(မ) က သူပြောသမျှအားလုံးကို ယုံကြည်သည်။ ယခုဆိုလျှင် သူ(မ)က ယောက်ျားလေးနှစ်ယောက် လက်ထပ်ထားတာက ပုံမှန်ပဲလို့ ယူဆလိုက်ပြီ။


ဒါပေမယ့် အခန်းထဲမှာ စာကျက်ဖို့ပဲ အမြဲအာရုံစိုက်နေတဲ့ ကျန်းဖင်းရှိူ့က ဒီကိစ္စကို မသိရှာပါဘူး။


ယန်ကျင်းဇီက ပြောခဲ့သည်။


" အဖွား တကယ်တော့ ကျွန်တော်နဲ့ဖင်းရှိူ့တို့ တွဲနေကြပြီ။ "


" ဘာ? "


အဖွားကျန်း ကြက်သေသေသွားသည်။ သူ(မ) နိုင်ငံခြားသားယောက်ျားလေးများ လက်ထပ်နိုင်ကြသည်ကို ကြားဖူးသော်လည်း သူ(မ)၏ မြေးလေးနှင့် ယန်ကျင်းဇီအကြောင်း တစ်ခါမှမတွေးဖူးပေ။ သူ(မ) အမြဲတွေးခဲ့တာ မြေးလေးက ဒီတိုင်း နောက်လိုက်သာသာလေးပေါ့။


ကျန်းဖင်းရှိူ့သည် ပို၍အံ့အားသင့်သွားပြီး သူ့ကိုယ်ကလည်း ထပ်ပြီး မထိန်းနိုင်မသိမ်းနိုင်စွာဖြင့် တုန်ယင်နေတော့သည်။


သူ ယန်ကျင်းဇီက သူ့အဖွားကို ထိုအကြောင်းပြောလိမ့်မည် ဟု မထင်ထားခဲ့ချေ။ သူ့အဖွား စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ?


ယန်ကျင်းဇီသည် ကျန်းဖင်းရှိူ့၏ထူးခြားမှုကို သတိပြုမိသည်။ ဒီအချိန်မှာ အဖွားကျန်းကို နှစ်သိမ့်ပေးတာက ကျန်းဖင်းရှိူ့ကိုနှစ်သိမ့်ပေးနိုင်ဖို့မှန်း သူက ကောင်းကောင်းသိထားသည်။ သူက အဖွားကျန်းကို ပြောခဲ့သည်။


" အဖွား ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ဖင်းရှိူ့ကိုဖျက်ဆီးမိပြီ။ ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်တော်တို့ တစ်သက်လုံး အတူတူရှိနေပြီးတော့ ကျွန်တော် သူ့ကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ပါ့မယ်။ "


အဖွားကျန်း‌သည် အနည်းငယ်မူးဝေနေဆဲဖြစ်သည်။


" ဘယ်လိုဖြစ်ပြီး မင်းတို့တွဲဖြစ်ကြတာလဲ? မင်း ဘယ်လိုလုပ် ဖင်းဟွာကို ကြိုက်သွားရတာလဲ? "


" သူက အရမ်းကောင်းတယ်။ ကျွန်တော် သူ့ကို ကြိုက်တယ်။ "


ယန်ကျင်းဇီပြန်ဖြေခဲ့သည်။


" ဖင်းဟွာ မကောင်းဘူးလို့ ငါမပြောပါဘူး။ အဲ့ဒါက.... "


သေချာပေါက် သူ(မ)၏ မြေးလေးက အရမ်းကောင်းသည်ဟု အဖွားကျန်းထင်သည်။ ဒါပေမယ့် ယန်ကျင်းဇီက သူ(မ)မြေးလေးကို သဘောကျပြီး ထိုဟာက အရမ်းမယုံကြည်နိုင်ဖွယ်ကောင်းလွန်းတယ်လို့ သူ(မ) ထင်နေတုန်းပင်။


အတိတ်ကာလတွင် ယန်ကျင်းဇီသည် ရွာမှာ အတော်ဆုံးတစ်ယောက်ဖြစ်ခဲ့သည်။ ကျန်းဖင်းရှိူ့ကတော့ အဲ့လိုမဟုတ်ဘူး။ သူက အဆိုးဆုံးတစ်ယောက်ပဲ။


ကျန်းဖင်းရှိူ့ ငယ်ရွယ်စဉ်က သူသည် အမြဲတမ်း အရိုက်ခံရလေ့ရှိသည်။ သူ(မ) မြေးလေး၏ ဒဏ်ရာများကို သူ(မ) တွေ့ရသည့်အကြိမ်တိုင်း သူ(မ) စိတ်ဆင်းရဲရပြီး ဘာမှလည်းမလုပ်နိုင်ဘူး။


" အဖွားမသိတာနေမယ်။ ကျွန်တော် အထက်တန်းကျောင်းတက်တုန်းက သုံးတဲ့ပိုက်ဆံက ကျန်းဖင်းရှိူ့ရဲ့ပိုက်ဆံပဲ။ "


ယန်ကျင်းဇီသည် အဖွားကျန်း၏လက်ကို ဆုပ်ကိုင်လိုက်ကာ


" အဲ့တုန်းက သူ အလုပ်အရမ်းကြိုးစားခဲ့လို့ ကျွန်တော် အထက်တန်းကျောင်းပြီးအောင် ဆက်တက်နိုင်ခဲ့ပြီး ကျွန်တော် ကောလိပ်ဆက်တက်တော့လည်း သူက ကျွန်တော့်နောက်လိုက်ပြီး ကျွန်တော့်ကျောင်းလခတွေပေးလို့ရအောင် ပိုက်ဆံရှာဖို့ အလုပ်လုပ်ခဲ့တယ်။ အကယ်၍များ ကျွန်တော့်မှာ သူသာမရှိခဲ့ဘူးဆိုရင် ဒီနေ့ကျွန်တော်ဆိုတာလည်း ရှိလာမှာမဟုတ်ပါဘူး။ "


အဖွားကျန်းသည် ဤအကြောင်းကို တကယ်ပဲမသိ‌ခဲ့လေရာ သူ(မ) အနည်းငယ်လောက်မအံ့ဩဘဲမနေနိုင်။


ယန်ကျင်းဇီက ထပ်ပြောလာသည်။


" အမှန်တော့ သူ ကျွန်တော့်အတွက် လုပ်ပေးခဲ့တာတွေက ကျွန်တော် သူ့အတွက် လုပ်ပေးခဲ့တာတွေထက် အများကြီးပိုပါတယ်။ ဒါပေမယ့် ကျွန်တော်က အရင်က အရမ်းဆင်းရဲလို့ သူ့ကို ဘာမှမပေးနိုင်ခဲ့တာပါ။ အခု ကျွန်တော့်မှာ ပိုက်ဆံရှိနေပြီမို့လို့ ကျွန်တော် သူ့ကို ပိုက်ဆံကိုင်ခိုင်းမှာပါ။ "


ယန်ကျင်းဇီကပြောပြီး ကဒ်တစ်ကတ်ကို ထုတ်ယူလိုက်ကာ ကျန်းဖင်းရှိူ့အား ပေးလိုက်သည်။


" ဖင်းရှိူ့ ဒါက လွန်ခဲ့တဲ့ခြောက်လတုန်းက ကိုယ် စုထားတဲ့ ပိုက်ဆံတွေ။ ယူထားလိုက်ပါ! "


ကျန်းဖင်းရှိူ့သည် ယန်ကျင်းဇီအား မျက်တောင်မခတ်ဘဲ ငေးကြောင်ကြည့်နေသည်။ မလှုပ်ဘဲ ယန်ကျင်းဇီသည် ကဒ်ကို သူ့လက်ထဲ အတင်းထိုးထည့်လိုက်သည်။


" အစ်ကိုကျင်းဇီ.... "


ကျန်းဖင်းရှိူ့က ငြင်းဆိုချင်ခဲ့သည်။


ယန်ကျင်းဇီသည် အဖွားကျန်းကို ထပ်ကြည့်ပြန်သည်။


" အဖွား ကျွန်တော်တို့က တကယ်ချစ်တာပါ။ ကျွန်တော်တို့ကို လမ်းမခွဲခိုင်းပါနဲ့။ "


ယန်ကျင်းဇီ ပြောခဲ့‌သော စကားများကြောင့် အဖွားကျန်းသည် မူးဝေနေပြီး ယခု သူ(မ) မှတ်မိသည့် တစ်ခုတည်းသော အကြောင်းအရာမှာ


" မင်းတို့နှစ်ယောက် တွဲနေကြပြီဆိုရင် ကလေးကိစ္စရော ဘယ်လိုလုပ်မလဲ? "


" ကျွန်တော် ကလေးတွေ မလိုချင်ပါဘူး။ မိသားစုမှာ ညီငယ်လေးတစ်ယောက်လည်း ရှိသေးတာပဲ။ ကျွန်တော့်မှာ ကလေးမရှိလည်း ဘာမှမဖြစ်ဘူး။ ဖင်းရှိူ့က ကလေးလိုချင်တယ်ဆိုရင်‌တော့ ဖင်းရှိူ့ရဲ့ မိသားစုနာမည်နဲ့ ကလေးတစ်ယောက်လောက် ကျွန်တော်တို့ မွေးစားလို့ရတယ်။ "


ယန်ကျင်းဇီက ပြန်ဖြေလိုက်သည်။


ဒါက ယန်ကျင်းဇီ အချိန်အကြာကြီး စဉ်းစားနေ‌ခဲ့‌သော ကိစ္စဖြစ်သည်။


ပြောရမယ်ဆိုရင် သူတို့ကျေးလက်ဒေသမှာ မိဘများက အသက်ကြီးလာရင် သူတို့ကိုကူညီစောင့်ရှောက်ပေးဖို့ ကလေးများအား ကျွေးမွေးပြုစုခြင်းကို အလေးထားပြီး သူတို့က အမြဲတမ်း သားတစ်‌ယောက်လိုချင်ကြသည်။ ဒါပေမယ့် တကယ်တမ်း သူတို့မှာ ကလေးမရှိဘူးဆိုရင်တောင် ကလေးမွေးစားလည်း အတူတူပါပဲ။


အဖွားကျန်းမှာ ဘာကန့်ကွက်ချက်မှ မရှိဘူး။


" အဲ့တာလည်း အဆင်ပြေတာပဲ။ "


" အဖွား ကျွန်တော်တို့တွဲနေတာကို သဘောတူပြီလား? "


ယန်ကျင်းဇီ မေးလိုက်သည်။


" ငါက ဖင်းရှိူ့သဘောအတိုင်းပါပဲ။ "


အဖွားကျန်းသည် သူတို့က မြေးလေးအကြောင်းပြောနေမှန်း သတိရသွားခဲ့ပြီး အခု သူ(မ)က ကျန်းဖင်းရှိူ့အား ကြည့်နေခဲ့သည်။


ကျန်းဖင်းရှိူ့သည် စိတ်ပူနေခဲ့ရရုံမက အရမ်းလည်းကြောက်နေခဲ့သည်။ သူ့အဖွား စိတ်ဆိုးပြီး သဘောမတူမှာကို စိုးရိမ်မိသည်။


အခြေအနေဘယ်လောက်ဆိုးနိုင်လဲ? အဖွား အရမ်းဒေါသထွက်သွားရင် သူ ဘာလုပ်သင့်လဲ?


ရလဒ်ကတော့ သူ့အဖွားက ယန်ကျင်းဇီ၏စကားများကြောင့် သဘောထားပြောင်းသွားခဲ့သည်။


ကျန်းဖင်းရှိူ့ ဒါကိုလုံးဝမယုံနိုင်သေးဘူး!


" ဖင်းရှိူ့၊ မင်း ကိုယ်နဲ့ အတူရှိနေချင်လား? "


ယန်ကျင်းဇီမေးသည်။


အဖွားကျန်းသည်လည်း သူ(မ)မြေးကို ကြည့်နေခဲ့သည်။


လူနှစ်ယောက်ကြည့်ခြင်းကိုခံနေရသည့် ကျန်းဖင်းရှိူ့၏ မျက်နှာ‌လေးသည် ရှက်သွေးဖြာနီမြန်းလာတော့သည်။


" ကျွန်တော် ရှိနေချင်ပါတယ်။ "


သူ ယန်ကျင်းဇီနှင့် အတူရှိနေချင်တာပေါ့။ ဒီကမ္ဘာမှာ ဒီလောက်အထိ သူ့ကို လိုလိုလားလားဖြစ်စေတဲ့ အခြားကိစ္စဆိုတာ ရှိတောင်မရှိဘူး!


သူ သဘောတူသည်ကို မြင်သောအခါ ယန်ကျင်းဇီက ပြုံးပြီး အဖွားကျန်းကို ပြန်ကြည့်လိုက်သည်။


" အဖွား စိတ်မပူပါနဲ့။ ကျွန်တော်တို့ ကောင်းကောင်းနေမှာ သေချာပါတယ်။ "


အဖွားကျန်းသည် အနည်းငယ်ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရခဲ့သည်။


" နေဦး၊ မင်းတို့...တစ်ခန်းတည်းမှာ အိပ်တာ။ ဒါ... "


" အဖွား စိတ်မပူပါနဲ့။ ဖင်းရှိူ့က ငယ်သေးတယ်။ ပြီးတော့ ကျွန်တော်တို့ ဘာမှလည်းမလုပ်ပါဘူး။ "


ယန်ကျင်းဇီ က‌တိပေးလိုက်သည်။


အဖွားကျန်းသည် ယန်ကျင်းဇီအား နားမလည်နိုင်စွာ ကြည့်လာခဲ့သည်။


" ဖင်းရှိူ့က ငယ်သေးတယ်? သူက သိပ်မငယ်တော့ပါဘူး...မင်းတို့က...ယောက်ျားလေးနှစ်ယောက်... "


ယောက်ျားလေးနှစ်ယောက် ဘယ်လိုအိပ်သလဲ?


ယန်ကျင်းဇီ: " ... "


ဒီအဖွားအိုက အဲဒါကို ပဟေဠိဖြစ်နေတာလား?!


ထို့ပြင် အိမ်‌ထောင်စောစောပြုခြင်းသည် ကျေးလက်ဒေသများတွင် ပုံမှန်ဖြစ်ပြီး အလယ်တန်းကျောင်းအောင်ပြီးသည်နှင့် လက်တွဲဖော်ရှာကြသည်။ မင်းမှာ ရည်ရွယ်ထားတဲ့သူရှိရင် အရင်ဆုံး စေ့စပ်ထားပြီး တရားဝင်အရွယ်ရောက်သည့်အခါ မင်း လက်ထပ်စာချုပ် ရလာလိမ့်မည်။ လူများစွာသည် လက်မထပ်ခင်ကပင် ကလေးများစွာ ရှိနေကြပြီဖြစ်သည်။


ဒါပေမယ့် ဒီအဖွားအို၊ သူ အဖွားအိုကို 'ထို' ကိစ္စအား မပြောပြနိုင်ချေ။


ဝမ်းနည်းဖို့ကောင်းလိုက်တာ!


ယန်ကျင်းဇီက အဲ့လိုစဉ်းစားလိုက်ပြီး သူ့ကို စူးစူးစိုက်စိုက်ကြည့်နေသော ကျန်းဖင်းရှိူ့ကို တွေ့လိုက်ရတော့သည်။ စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းများနှင့်ပေါ့။


ဒီကလေး...ယောက်ျားလေးနှစ်ယောက် ဘယ်လိုအိပ်လဲ မသိလောက်ဘူး။


ဤမိသားစုတွင် မရိုးမသားအတွေးများရှိသည့်လူက သူတစ်ယောက်တည်းဖြစ်နိုင်သည်။ မရိုးမသားအတွေးများနှင့်တစ်ယောက်က အဖွားအို၏မေးခွန်းများကို မ‌ဖြေခဲ့ပါဘူး။


သူသည် စားနေသော ထမင်းပန်းကန်ကို အမြန်လက်စသတ်လိုက်ပြီး ပြောလိုက်သည်။


" ကျွန်တော့်မှာ အလုပ်ရှိသေးလို့။ အလုပ်ရှုပ်ဦးမယ်ထင်ပါတယ်။ "


သူက အခန်းထဲဝင်လာပေမယ့် အလုပ်ရှုပ်မနေဘဲ အပြင်ဘက်မှလှုပ်ရှားမှုကို အာရုံစိုက်နေခဲ့သည်။ ပြီးနောက် ကျန်းဖင်းရှိူ့က သူ့အဖွားကို ရှက်ရွံ့စွာကြည့်ပြီးပြောသည်ကို သူ ကြားလိုက်ရသည်။


" အဖွား တောင်းပန်ပါတယ်... "


" ရပါတယ်။ အဖွား ဒါက ပုံမှန်ပဲဆိုတာ သိပါတယ်။ ပြီးတော့ တစ်ချို့တွေဆို သူတို့ကိုယ်သူတို့ မိန်းကလေးတွေအဖြစ် ပြောင်းလဲလိုက်ကြတယ်။ "


အဖွားကျန်းကပြောသည်။


ကျန်းဖင်းရှိူ့ အနည်းငယ်အံ့အားသင့်သွားသည်။ သူ့အဖွားက အရမ်းပွင့်လင်းမှန်း သူ မသိခဲ့ဘူး!


အဖွားကျန်းက ထပ်ပြောခဲ့သည်။


" ဖင်းဟွာ၊ မင်း မိန်းကလေးဖြစ်ချင်ရင် ပိုက်ဆံတွေအများကြီးလိုမှာနော်။ "


ကျန်းဖင်းရှိူ့ နည်းနည်းလေးဆွံ့အသွားသည်။


" အဖွား၊ ကျွန်တော် မပြောင်းပါဘူး။ "


သူသည် ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး သူ့ကိုယ်သူလည်း ယောက်ျားလေးတစ်ယောက်အဖြစ် ခံယူထားသည်။ ဒီတိုင်း သူ ဘာလို့ ယန်ကျင်းဇီကို ကြိုက်မှန်း မသိရုံလေးဖြစ်ကာ ယခုဆိုလျှင် သူက ပိုပိုပြီးကြိုက်လာမိသေးသည်။ ယန်ကျင်းဇီမရှိဘဲ သူ မနေနိုင်တော့ဘူး။


" မပြောင်းရင်ကောင်းတာပေါ့။ " 


အဖွားကျန်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ သူ(မ)၏မြေးလေးကသာ မြေးမလေးဖြစ်လာမယ်ဆိုရင် သူ(မ) သည်းခံနိုင်မှာမဟုတ်ဘူး။


ဒါပေမယ့် အခု သူ(မ) မြေးက ဒီလိုဆိုတော့...


" ဖင်းဟွာ ဒါဆို အဖွား မင်း မြေးချွေးမလေးတစ်ယောက်ကို လက်ထပ်နိုင်ဖို့အတွက် ပိုက်ဆံဆက်စုစရာမလိုတော့ဘူးပေါ့? "


အဖွားကျန်းက ရုတ်ခြည်းမေးလာပြန်သည်။


ကျန်းဖင်းရှိူ့ ဟိုးငယ်ငယ်‌လေးကတည်းက သူ(မ) စိတ်ပူနေခဲ့ခြင်းဖြစ်သည်။ သူ(မ) စိတ်ပူတာက အနာဂတ်မှာ သူ(မ)မြေးကို မြေးချွေးမတစ်ယောက်နှင့်လက်ထပ်ပေးဖို့ ပိုက်ဆံမသုံးနိုင်ဘူးဆိုလျှင် သူ(မ)မြေးလေး လူပျိုကြီး ဖြစ်သွားမှာကိုပဲ။ အခု သူ(မ)မြေးက မြေးချွေးမတစ်ယောက်နှင့် လက်ထပ်စရာမလို‌တော့ဘူးဆိုတော့ သူ(မ) ရုတ်တရက်ကြီး စိတ်အေးသွားရပြီ။


ကျန်းဖင်းရှိူ့: " ... "


ခိုးနားထောင်နေသော ယန်ကျင်းဇီ: " ... "