အဖွားကို ဖွင့်ပြောပြလိုက်ရပြီးနောက် ကျန်းဖင်းရှိူ့ အရမ်းပျော်နေမှန်းသိသာနေပေမယ့်လည်း သူက ယန်ကျင်းဇီ၏ကဒ်ကို လက်ခံရန်ငြင်းဆိုခဲ့သည်။
၎င်းကိုမြင်သောအခါ ယန်ကျင်းဇီက ပြုံးပြီး ပြောခဲ့သည်။
" သူများတွေရဲ့ဇနီးတွေအားလုံးက ငွေကို တာဝန်ယူကြတယ်။ မင်း ငွေယူထားဖို့ ဆန္ဒရှိရဲ့လား? မင်းက ကိုယ့်ဇနီးလေးမဖြစ်ချင်ဘူးလား? "
ကျန်းဖင်းရှိူ့က ချက်ချင်းပဲငြင်းသည်။
" မဟုတ်ဘူး! "
" ဒါဆို ယူထားလိုက်လေ။ "
ယန်ကျင်းဇီပြောလိုက်သည်။
" ယောက်ျားတစ်ယောက်မှာ ပိုက်ဆံရှိလာရင် သူက ဆိုးသွမ်းသွားလိမ့်မယ်။ မင်း ကိုယ့်ကို အနီးကပ်ဂရုတစိုက်နဲ့ သေချာကြည့်ထားရမှာ။ "
ကျန်းဖင်းရှိူ့ လေးနက်စွာခေါင်းညိတ်လိုက်ပြီး ကဒ်ကို လက်ခံထားလိုက်တော့သည်။
ယန်ကျင်းဇီ မအောင့်နိုင်တော့ဘဲ သူ့ကို ထပ်နမ်းလိုက်ပြန်သည်။
အရင်တုန်းက သူ ကျန်းဖင်းရှိူ့ကို ပိုက်ဆံမပေးဖူးချေ။
သူ့မှာပေးဖို့ပိုက်ဆံမှမရှိတာ။
စစချင်း အချိန်ပိုင်းအလုပ်များမှ သူ ရလာသည့် ပိုက်ဆံများကို မိသားစုအကြွေးပြန်ဆပ်ရန်နှင့် အချို့ပစ္စည်းများကို ဝယ်ဖို့ သုံးလိုက်ရပြီး နောက်ပိုင်း သူ ရလာသည့် ပိုက်ဆံများကိုမူ ယန်မိသားစု၏ကုန်ကျစရိတ်များအတွက် ပေးချေရသည်။ သူ့တွင် ပေးရမည့် အိမ်ငှားခနှင့် အခြားကုန်ကျစရိတ်များလည်း ရှိသေးသည်။ ဘယ်တော့မှ သူ့မှာ ပိုက်ဆံအများကြီးမရှိဘူး။
သူက ကျန်းဖင်းရှိူ့ကို ကဒ်တစ်ကတ်ပေးဖို့ မစောင့်နိုင်တော့ဘဲ ကျန်းဖင်းရှိူ့ကို ပိုက်ဆံကိုင်ခွင့်ပေးလိုက်သည်။ ဒါဆို လုံးဝပိုက်ဆံမရှိဘူးလို့ဆိုလိုတာလား?
သို့သော်လည်း မကြာသေးမီက သူ့တွင် ပိုက်ဆံအများကြီးရှိပြီး ဒီကဒ်ကိုဖင်းရှိူ့စီပေးလိုက်ပြီ။ အနာဂတ်တွင် မိသားစုကဏ္ဍအားလုံးကိုဂရုစိုက်ဖို့ သူ့မှာ အချိန်အများကြီးမရှိနိုင်လောက်တော့ဘူး။
ကျန်းဖင်းရှိူ့နှင့်သူ့အဖွားတို့သည် မြို့၌နေထိုင်မှုဘဝနှင့် လိုက်လျောညီထွေဖြစ်သွားပြီဖြစ်ကာ ကုန်စုံဈေးဝယ်ခြင်းကဲ့သို့ အနာဂတ်ဘဝ၏အိမ်မှုဝေယျာဝစ္စများအတွက် တာဝန်ယူဆောင်ရွက်နိုင်ကြပြီဖြစ်၏။
တစ်နေ့လုံး အိမ်မှာနေပြီးစာကျက်တာက ကျန်းဖင်းရှိူ့အတွက် မကောင်းလှ။ ကုန်စုံဆိုင်များတွင် ဈေးဝယ်ထွက်ရမည်ဆိုလျှင် ကောင်းလိမ့်မည်။
" ဒါနဲ့ မင်းကိုကိုယ့်ကဒ်ပေးရုံလေးဆိုရင် ပျင်းစရာကောင်းတယ်။ ကိုယ် မင်းကဒ်ထဲ ပိုက်ဆံလွှဲလိုက်မယ်။ "
ယန်ကျင်းဇီသည် သူ့ကဒ်မှ ယွမ် ၃၀,၀၀၀ ကို ကျန်းဖင်းရှိူ့၏ကဒ်သို့ လွှဲပေးစဉ်အတွင်း ပြောခဲ့သည်။
အရင်က ကျန်းဖင်းရှိူ့ သူ့ကို ကဒ်ပေးခဲ့ဖူးပြီး သူကလည်း သူ့ကဒ်ကို ကျန်းဖင်းရှိူ့စီ ပေးခဲ့ပေမယ့် တကယ်တမ်းကျ...တိုက်ရိုက်ငွေလွှဲပေးတာက ပိုပြီးလက်တွေ့ဆန်သဘာဝကျသည်။
ကျန်းဖင်းရှိူ့က မငြင်းဘဲ ကတိပေးခဲ့သည်။
" ကျွန်တော် ပိုက်ဆံကိုဂရုစိုက်ပါ့မယ်။ "
" ကိုယ်မင်းကိုယုံတယ်။ "
ယန်ကျင်းဇီ အပြုံးတစ်ပွင့်နှင့်အတူ ဆိုသည်။
" ကိုယ် အနာဂတ်မှာ အလုပ်နည်းနည်းရှုပ်လာလိမ့်မယ်။ မင်း အိမ်မှာ ဟင်းသီးဟင်းရွက်တွေနဲ့တခြားတစ်ခုခုဝယ်ရင် ပိုက်ဆံချွေတာဖို့မတွေးနဲ့နော်။ အာဟာရပြည့်ဝအောင်သာ သေချာစားနော်၊ ဟုတ်ပြီလား? "
ကျန်းဖင်းရှိူ့က အတည်ယူကာ ခေါင်းကိုညိတ်ရင်း ယန်ကျင်းဇီပြောသမျှ ချရေးထားသည်။
လုပ်ငန်းတစ်ခုစရန်စီစဉ်နေသောကြောင့် ယန်ကျင်းဇီသည် အလုပ်များလာလိမ့်မှာဖြစ်သည်။
ကောလိပ်ကျောင်းသားများအတွက် လုပ်ငန်းတစ်ခုစတင်ရန် မလွယ်ကူပေ။ လူများသည် အတွေ့အကြုံမရှိကြသည့်အတွက် အဆုံးတွင်တော့ သူတို့ရင်းနှီးမြှုပ်နှံထားသည့်ငွေများ ဆုံးရှုံးသွားတော့သည်။ ထို့ကြောင့် သူ့တွင် ငွေကြေးရင်းနှီးမြှုပ်နှံရန် အစီအစဉ်မရှိ။
သူသည် ပရိုဂရမ်အသေးစားများနှင့် ဂိမ်းသေးသေးလေးများကို ရေးဆွဲပြီး ကုမ္ပဏီကြီးများကိုရောင်းရန် စီစဉ်ထားသည်။
ပရိုဂရမ်းမင်းတွင် သင်ယူလေ့လာစရာ ဗဟုသုတအကြောင်းအရာများစွာရှိကာ လူအများစုသည် ချောချောမွေ့မွေ့မရေးနိုင်ခင် နှစ်အနည်းငယ်ခန့်လေ့လာရန်လိုအပ်သည်။ သို့သော်ငြားလည်း ယန်ကျင်းဇီက ဘယ်တော့မှမမေ့တတ်ဘဲ သူ၏ ယခုလက်ရှိအသိပညာအဆင့်ကလည်း သူတို့ကျောင်းမှဘွဲ့ရများ၏အသိပညာအဆင့်ထက် မနိမ့်ကျချေ။
သူသည် ဂျူနီယာနှင့်စီနီယာကျောင်းသားအချို့ကို သူ၏အဆွယ်ကောင်းသောနှုတ်ဖြင့် ရွှန်းရွှန်းဝေအောင်ဆွဲဆောင်နိုင်လိုက်ပြီး နောက်ဆုံး ထိုစီနီယာများနှင့် စီးပွားရေးတစ်ခုစတင်ခဲ့သည်။
လုပ်ငန်းတစ်ခုစတင်ရခြင်းသည် အလွန်ခဲယဉ်းပြီး သူ့တွင် အချိန်ပိုင်းအလုပ်လုပ်ရန်အချိန်လည်း မရှိသောကြောင့် အချိန်ကြာမြင့်စွာဝင်ငွေမရှိ၍ သူ စိတ်သောကအနည်းငယ်ရောက်ရသည်။ ဒါပေမယ့် သူ အိမ်ပြန်ရောက်ပြီး ကျန်းဖင်းရှိူ့ကိုမြင်လိုက်ရသည်နှင့် စိတ်သက်သာရသွားကာ သူ့တစ်ကိုယ်လုံး လျော့ပါးသွားရ၏။
ကျန်းဖင်းရှိူ့က သူ့ကို ချွင်းချက်မရှိထောက်ခံပြီး အမြဲတမ်း သူလည်း ချက်ချင်းစိတ်ငြိမ်သွားတတ်သည်။
ကျန်းဖင်းရှိူ့အား အထက်တန်းကျောင်းမှ အကြောင်းအရာမျိုးစုံ ရှင်းပြရခြင်းကလည်း သူ့တွင် ရုတ်တရက် အကြံဉာဏ်များစွာ ထွက်ပေါ်လာအောင် ထူးထူးခြားခြားလှုံ့ဆော်ပေးနိုင်သေးသည်!
လပေါင်းများစွာလူးလှိမ့်ခံစားရပြီးနောက် ယန်ကျင်းဇီသည် ထုတ်ကုန်တစ်ခုကို တကယ်လုပ်နိုင်ခဲ့သည်။ ထို့နောက် သူသည် အချို့လူများနည်းတူ သူ့ကိုယ်ပိုင်ကုမ္ပဏီတွင် လူများရင်းနှီးမြှုပ်နှံရန်မပြောဘဲ ထုတ်ကုန်ကို တိုက်ရိုက်ရောင်းချလိုက်သည်။
သူနှင့်သူ့အတန်းဖော်များကြား ပိုက်ဆံခွဲယူပြီးနောက် ယန်ကျင်းဇီသည် ထိုအတန်းဖော်များနှင့်ပင် စတူဒီယိုငယ်တစ်ခုကိုတည်ထောင်လိုက်ပြီး ထုတ်ကုန်များကို ဆက်လက်ထုတ်လုပ်သည်။
ဟုတ်တာပေါ့၊ သူက သူ့ပိုက်ဆံကို ကျန်းဖင်းရှိူ့စီ လွှဲပေးဖို့လည်း မမေ့ခဲ့ဘူး။
ငယ်စဉ်ကလေးဘဝမှကြီးလာသည့်အထိ ကျန်းဖင်းရှိူ့တွင် ခက်ခဲခါးသီးသောဘဝ အမြဲတမ်းရှိခဲ့သည်။ ထိုအကြောင်းကြောင့် ကျန်းဖင်းရှိူ့၌ နက်ရှိုင်းသော သိမ်ငယ်ကြောင့်ကြစိတ်ရှိနေပြီး ထိုစိတ်ကိုဖြည်းဖြည်းချင်းပြောင်းလဲရမည်မှန်း ယန်ကျင်းဇီက အလွန် ရှင်းလင်းစွာ သိထားသည်။ ဘယ်လိုပြောင်းလဲရမလဲဆိုတာကတော့...ဒါပေါ့၊ သူ့ကိုပိုက်ဆံပေးရမည်။
စီးပွားရေးကြွယ်ဝချမ်းသာလာသည်နှင့်အမျှ ကျန်းဖင်းရှိူ့၏ကိုယ်ပေါ်မှ ဆင်းရဲမွေတေမှုအမှတ်အသားများလည်း အားမထုတ်ရဘဲ လွယ်လွယ်ကူကူဖြင့် တဖြည်းဖြည်းပျောက်ကွယ်သွားလိမ့်မည်။
ယန်ကျင်းဇီစဉ်းစားနေတုန်း ကျန်းဖင်းရှိူ့က သူ့စီ ဘာစားချင်လဲလို့ စာပို့ပြီးမေးနေတာကို တွေ့လိုက်သည်။
ယန်ကျင်းဇီက ပြုံးပြီး စာပြန်လိုက်သည်။
" ကိုယ်က မင်းကို စားချင်တာ "
ကျန်းဖင်းရှိူ့က အစက်များစွာကို သူ့အတွက် ပြန်ပို့လာခဲ့သည်။
ထိုကလေးသည် ယခု သူနှင့် စကားပြောသည့်အခါ ထိန်းမထားတော့ဘဲ သူ့ကို ပြန်ပြီးတော့တောင် နောက်ပြောင်ကျီစယ်ရဲနေပြီ!
ယန်ကျင်းဇီ၏စတူဒီယိုမှ ထုတ်ကုန်ရလဒ်တစ်ခု ထွက်လာပြီးနောက် သူ့စတူဒီယိုက ဒုတိယမြောက်ထုတ်ကုန်ကို လျင်မြန်စွာထုတ်ခဲ့လေရာ မူလပိုင်ရှင်ထက်စောပြီး ကျောင်းမှာ သူ့ကို နာမည်ကျော်ကြားစေခဲ့သည့်အပြင် သူ့ကိုလည်း လီဝေ့ဝေ့နှင့်ထပ်တွေ့စေသည်။
မူလဇာတ်ကြောင်း၌ မူလပိုင်ရှင်သည် လီဝေ့ဝေ့၏မိသားစုက ချမ်းသာကြောင်း သိသွားပြီးနောက် လီဝေ့ဝေ့ကို စတင်ပိုးပန်းခဲ့သည်။ ထိုအချိန်တုန်းက မူလပိုင်ရှင်တွင် မနှစ်မြို့ဖွယ်အရာအချို့ ရှိခဲ့သည်။ လီဝေ့ဝေ့သည် အစပိုင်းတွင် တုန့်ဆိုင်းပြီး မူလပိုင်ရှင်ကို လက်မခံချင်ခဲ့ပေ။
နောက်ပိုင်း မူလပိုင်ရှင် ပိုပိုကောင်းမွန်လာမှ လီဝေ့ဝေ့က သဘောထားပြောင်းသွားခဲ့သည်။
သို့သော် ယခုတွင်မူ... လီဝေ့ဝေ့သည် ယန်ကျင်းဇီအား အတည်ကြီးဦးစွာဆက်သွယ်လာခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ယန်ကျင်းဇီ၏ငြင်းဆန်မှုကတော့ အရမ်းသိသာထင်ရှားသည်။ ဥပမာ - သူတို့ ပထမဆုံးတွေ့ခဲ့တုန်းက လီဝေ့ဝေ့သည် သူ(မ)ကိုယ်သူ(မ) မိတ်ဆက်ပြီးသားဖြစ်ပြီး နောက်တစ်ခေါက် သူတို့တွေ့တော့ သူက သူ(မ)ကို မသိချင်ယောင်ဆောင်သည်။
လီဝေ့ဝေ့သည် ချမ်းသာသောအမျိုးသမီးတစ်ဦးဖြစ်ပြီး အရှက်မရှိ မျက်နှာပြောင်ပြောင်နှင့် သူများနောက်မလိုက်နိုင်ချေ။ သူ(မ) နောက် လိုက်နေသည့်သူများကလည်း ရှိနေသေးသည်။ နောက်ဆုံးတော့ သူ(မ)က အရမ်းချောတဲ့ ကောင်လေးတစ်ယောက်နှင့်တွဲသွားခဲ့သည်။
ယန်ကျင်းဇီ သိလိုက်ရတာက ဒီကောင်မလေးက face-con တစ်ယောက်ပဲ!
ဇာတ်ကြောင်းအချက်အလက်များကို ဘေးဖယ်လိုက်မည်ဆိုလျှင်တော့ အဲ့ဒါက သူနှင့် ဘာမှမဆိုင်ပေ။
ယန်ကျင်းဇီ၏ဒုတိယနှစ်ပြီးဆုံးချိန်တွင် အစ်မကြီးယန်သည် အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲကို ဖြေခဲ့ပြီး ယန်ကျင်းဇီတက်ခဲ့သည့် စီရင်စုက အကောင်းဆုံးအထက်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့သည်။
ဒုတိယညီမလေးယန်နှင့် ယန်ညီလေးတို့လည်း ယခင်က အလွန်ပျမ်းမျှအမှတ်များသာရခဲ့သော်လည်း ယခုအခါတွင်မူ သူတို့၏အဆင့်များ တိုးတက်လာပြီဖြစ်၏။
ကျန်းဖင်းရှိူ့ကတော့ သူ၏လုပ်ထုံးလုပ်နည်းဆိုင်ရာအထက်တန်းကျောင်းသို့ပြန်ပြီး စာမေးပွဲဖြေခဲ့သည်။ သူ့အဆင့်များက မကောင်းဘဲ ပျမ်းမျှအမှတ်များထက်ပင် နည်းသော်လည်း နှစ်ပေါင်းများစွာ အိမ်ကျောင်းပညာရေးသင်ခဲ့ရပြီးနောက် စာမေးပွဲအောင်မြင်အောင်ဖြေနိုင်ခဲ့သည်မှာပင် ကောင်းမွန်လှသည်။
ယန်ကျင်းဇီ၏ ဂျူနီယာနှစ်အဆုံးတွင် ကျောင်းအပ်ချိန်၌ အဆင့်များနိမ့်ကျနေခဲ့သော အစ်မကြီးယန်သည် အောင်မြင်စွာတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး ယခု နောက်ဆုံးစာမေးပွဲ၌ ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်သွားခဲ့သည်။
ဒုတိယညီမလေးယန်၏အဆင့်များ ထပ်မံတိုးတက်လာသော်လည်း ညီလေးယန်၏အဆင့်များကတော့ တိုးတက်မလာ။ ယခင်နှစ်နှင့်နှိုင်းယှဉ်ကြည့်ပါက ညီလေးယန်က ပိုမိုဆုတ်ယုတ်သွားသည်ကိုပင် တွေ့ရမည်။ ယန်ကျင်းဇီသည် ဒုတိယညီမလေးယန်ကို ဆက်သွယ်ခဲ့ရာ အစ်မကြီးယန် အထက်တန်းကျောင်းတက်ပြီးနောက်ပိုင်း အဖေယန်၊အမေယန်နှင့်ဒုတိယညီမလေးယန်တို့သည် ညီလေးယန်အား မစောင့်ကြည့်နိုင်တော့သဖြင့် ယခင်က tablet တစ်လုံးနှင့် အွန်လိုင်းသင်ခန်းစာများကို နားထောင်နေကြဖြစ်သည့် ညီလေးယန်သည် ယခုအခါ tablet တွင် တစ်နေ့လုံး ဂိမ်းဆော့ဖို့ပဲ တွေးနေတော့မှန်း သိလိုက်ရသည်။
အဲ့တာက ဘာကိစ္စကြီးကြီးမှ မဟုတ်ဘူးလို့ အဖေယန်က ထင်နေတာကို မေ့ထားလိုက်ဦး။
အဖေယန်၏အမြင်တွင် ယန်ကျင်းဇီသည် အလွန်ကောင်းနေပြီဖြစ်သည်။ ကောလိပ်ကျောင်းသားတစ်ယောက်သည် ငွေရှာနေနိုင်ပြီဖြစ်ပြီး အနာဂတ်မှာ သူက သေချာပေါက် ပိုတောင်ရှာနေနိုင်လိမ့်မည်။ ဒီလိုဆိုရင် အနာဂတ်မှာ ညီလေးယန် လက်ထပ်သောအခါ ပိုက်ဆံအကြောင်း တွေးပူနေစရာမလိုတော့ဘူး။
နောက်ပြီး သားအငယ်ဆုံးလေးက စာမသင်ရင်တောင် သူက အချိန်ပိုင်းအလုပ်တစ်ခုလုပ်ပြီး သူ့ကိုယ်သူထောက်ပံ့နိုင်သေးသည်။ သူက ဘယ်တော့မှ အစာငတ်မသေနိုင်ဘဲ သူတို့နှင့်လည်းအတူနေနိုင်သည်။ အဲ့ဒါ မကောင်းဘူးလား?
အဖေယန်တွင် ထိုသို့သောအတွေးများ ရှိခဲ့ပြီး သူ့သားများကို သူ့သမီးများထက် နှစ်ဆပိုချစ်လေရာ သူသည် ညီလေးယန်အား အတိုင်းအဆမဲ့ အလိုလိုက်ချစ်ခင်သည်။ ရွာမှာနေဖို့ ယန်ကျင်းဇီ၏မလိုလားခြင်းကိုလည်း သူက သိရှိထားသောကြောင့် ညီလေးယန် စာသင်ချင်လာအောင် လုပ်ဖို့ သူ ထပ်ပြီး စိတ်အားတက်ကြွထက်သန်မနေတော့ချေ။
ယန်ကျင်းဇီသည် ထိုအကြောင်းကိုသိပြီး ဒီတစ်ခေါက် နွေရာသီအားလပ်ရက်မှာ အိမ်ပြန်သွားခဲ့လေသည်။
အရင်တုန်းက သူသည် နှစ်သစ်ကူးအတွင်း ရက်အနည်းငယ်လောက်သာ အိမ်ပြန်သည်မှာ အမြဲလိုလို လ၏ဆယ်ရက်နေ့နားဝန်းကျင်တွင် အိမ်ပြန်လာလေ့ရှိပြီး မီးပုံးပွဲတော်မတိုင်ခင် ပြန်သွားသည်။
သူနှင့်သူ့မိသားစုကြားကဆက်ဆံရေးသည် အရမ်းမနက်ရှိုင်းပေ။ ထိုအိမ်တွင်နေထိုင်ရခြင်းသည် တကယ်တော့ သူနှင့်လွန်စွာမှကျွမ်းဝင်ရင်းနှီးခြင်းရှိမနေ။
ဒါပေမယ့် ဒါက သူ့မိသားစုပဲလေ။ ထို့ကြောင့် သူသည် သူ့မောင်နှမငယ်များ၏စာလေ့လာမှုအပေါ် တန်ဖိုးထားနေဆဲဖြစ်သည်။ ဒီတစ်ခေါက် သူပြန်ရောက်တဲ့အခါမှာတော့ မြို့ထဲတွင် ပုဂ္ဂလိကမူလတန်းကျောင်းတစ်ကျောင်းကို ရှာတွေ့ခဲ့ပြီး ညီလေးယန်ကို ထိုးထည့်ထားလိုက်တော့သည်။ ညီလေးယန် စာမလိုက်နိုင်မှာကို ကြောက်လို့ သူက ညီလေးယန်ကို အတန်းတစ်တန်းနှိမ့်ပြီး ကျောင်းအပ်လိုက်သေးလေ၏။
အဖေယန် အရမ်းစိတ်ဆိုးသွားပေမယ့် ယန်ကျင်းဇီကတော့ သူ့စကားကိုနားမထောင်ပေ။ သူက ယန်ကျင်းဇီ၏စည်းမျဉ်းများကို မထိန်းချုပ်နိုင်သဖြင့် ထိုကိစ္စကို နောက်ဆုံးမှာတော့ လက်ခံလိုက်ရသည်။ ပြီးတော့ လှည့်ထွက်သွားပြီး ရွာပတ်ရင်း သားအငယ်ဆုံးကိုတောင် မြို့မှာစာသင်ခိုင်းလိုက်ပြီဖြစ်၍ သူ့သားအကြီးဆုံးက အရမ်းချမ်းသာသည်ဟု လိုက်လံကြွားဝါပြောဆိုနေတော့သည်။
အမှန်တော့ ယန်ကျင်းဇီသည် ညီလေးယန်အား မြို့ထဲမှာ စာသင်ဖို့လွှတ်လိုက်ရုံတင်မက လုံလုံလောက်လောက် မထူးချွန်သေးသည့် ဒုတိယညီမလေးယန်ကိုလည်း ကျူရှင်သင်တန်းများစွာတွင် ကျောင်းအပ်ပေးခဲ့သည်။
တကယ်က ဒုတိယညီမလေးယန် ကျောင်းပြောင်းလိုက်တာ အကောင်းဆုံးဖြစ်ပေမယ့် သူ(မ)သည် အလယ်တန်းကျောင်းသူဖြစ်နေပြီးသားဖြစ်ကာ ယခုအချိန်တွင် အလယ်တန်းကျောင်းအသစ်ကောင်းကောင်းသို့ ကျောင်းပြောင်းရမှာလည်း မလွယ်ကူပေ။
အစိုးရအလယ်တန်းကျောင်းများတွင် တက်ရောက်နိုင်ဖို့အတွက် မှတ်ပုံတင်ပြီးသားအမြဲတမ်းနေထိုင်ရာနေရာ ရှိရမည်ဖြစ်သည်။ ပုဂ္ဂလိကအလယ်တန်းကျောင်းများတွင်မူ ကျောင်းအပ်နှုန်းကောင်းဖို့အတွက် အမှတ်မကောင်းသည့်ကျောင်းသားများကို မလိုချင်ကြပေ။
အလယ်တန်းကျောင်းမှ ကလေးများက နှိုင်းယှဉ်ရခြင်းကို သဘောကျကြသည်။ နောက်ပြီး ပုံမှန်အားဖြင့် ပုဂ္ဂလိကကျောင်းမှ ကလေးများသည် အနည်းငယ်ချမ်းသာကြသည်။ ဒုတိယညီမလေးယန်၏ ကာရိုက်တာက အားနည်းတော့ သူ(မ) အနိုင်ကျင့်ခံရမည်ကို စိုးရိမ်၍ ယန်ကျင်းဇီ သူ(မ)ကို မလွှတ်ရဲချေ။
သေချာတာပေါ့၊ ညီလေးယန်ကလည်း စည်းကမ်းကြီးတဲ့ကျောင်းကို ဘယ်သွားချင်မလဲ။ ဒါပေမယ့် ယန်ကျင်းဇီက သူပြောတာကို နားမထောင်သည့်အပြင် သူ(ယန်ကျင်းဇီ)က သူ့ကျောင်းစာများအတွက်ပဲ ထောက်ပံ့ပေးမှာဖြစ်ပြီး အကယ်၍ သူသာ ကျောင်းမသွားဘူးဆိုလျှင် သူ့(ယန်ကျင်းဇီ)စီက ပဲနိတစ်ပြားတောင်မရနိုင်ဘူးလို့ ရှင်းလင်းသေချာစွာ ပြောပြလိုက်သည်။
အစ်ကိုတစ်ယောက်အနေဖြင့် သူက သူ့မောင်နှမများ ကျောင်းပြီးအောင်ထားနိုင်ဖို့ အကောင်းဆုံးကြိုးစားခဲ့ပြီးပြီ။ ဒါပေမယ့် သူ သူတို့ကို တစ်ချိန်လုံး ထောက်ပံ့ပေးနေမှာ မဟုတ်ဘူး။
သူတို့၏စာလေ့လာမှုများအတွက်သာ သူ ထောက်ပံ့ပေးနိုင်သည်။
မူလပိုင်ရှင်သည် အဓိကအားဖြင့် ကျန်းဖင်းရှိူ့အပေါ် မှီခိုလိုက်ခြင်းကြောင့် စာဖတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူသာ သူ့အဖေကို အားကိုးလိုက်ရင်တော့... သူ့အဖေ သမီးဖြစ်သူကို မရောင်းစားမချင်း အဆင်ပြေမှာမဟုတ်။ တစ်နည်းအားဖြင့်ဆိုသော် မူလပိုင်ရှင် စာကြိုးစားဖို့ မတွေးနိုင်လောက်တော့ဘူး။ သို့သော် မူလပိုင်ရှင် အထက်တန်းကျောင်းတက်နေတုန်း အစ်မကြီးယန်သည် အသက်ငယ်သေးကာ 'ရောင်း'၍မရသေးချေ။
တစ်ခါတစ်ရံ ယန်ကျင်းဇီ ခံစားမိသည်က ကံကောင်းလို့ သူ ရှာလိုက်သည့် ပစ်မှတ်က ကျန်းဖင်းရှိူ့ဖြစ်နေခြင်း...။
အကယ်၍ သူသာ အခြားတစ်ယောက်ယောက်အဖြစ် ပြောင်းလဲသွားမယ်ဆိုရင် မိသားစုကို ပိုက်ဆံအများကြီးပေးနေသည့်သူ့အား သူတို့ လက်မခံနိုင်မှာ စိုးရိမ်စရာပင်။
ယန်ကျင်းဇီသည် သူ့မောင်နှမငယ်များ၏စာသင်ကြားမှုနှင့်ပတ်သက်၍ စိတ်ပူသော်လည်း သူ စိတ်အပူဆုံးက ကျန်းဖင်းရှိူ့ဖြစ်သည်။
တကယ်တော့ ကျန်းဖင်းရှိူ့က အရမ်းတော်ပေမယ့်လည်း အရမ်းနောက်ကျသွားပြီဖြစ်သည်။ စာသင်နှစ်အဆုံးမှာ သူ စာမေးပွဲပြန်ဖြေတော့ အလယ်တန်းစာမေးပွဲအောင်ခဲ့သော်လည်း သူ့အထက်တန်းစာမေးပွဲရမှတ်များသည် အရမ်းနည်းသည်။ သူ့အဆင့်များနှင့် သူသည် အနာဂတ်မှာ သာမန်ကောလိပ်ကိုသာ တက်နိုင်လိမ့်မည်။
ကျန်းဖင်းရှိူ့ကတော့ ဤအကြောင်းနှင့်ပတ်သက်၍ အလွန်စိတ်ကျေနပ်သည်။ ယခင်က ဒီလိုနေ့မျိုးရှိလာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘဲ ယန်ကျင်းဇီကတော့ သူ ပိုတော်လာလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် ယန်ကျင်းဇီသည် သူ့အား နောက်ကျကျန်သော စာသင်သားများကို လက်တွဲခေါ်ယူပေးသော သင်တန်းတစ်ခုတွင် ကျောင်းအပ်ပေးပြီး နောက်ဆုံးအနေဖြင့် တစ်ဟုန်ထိုးခြေကုန်သုတ်နိုင်ရန်အတွက်လည်း အဆင့်မြင့်ပြန်လည်အသက်သွင်းအတန်း၌ သူ့အား ကျောင်းအပ်နှံပေးခဲ့သည်။
ထုံးစံအတိုင်း ယန်ကျင်းဇီသည် အားလပ်ချိန်ရှိသည့်အခါ သို့မဟုတ် သူ့ကိုကူပြီးအခြေခံတည်ဆောက်ပေးသည့်အခါ သူ့အား ဟောပြောချက်လက်ချာများကိုလည်း သင်ပေးလိမ့်မည်။
ကျန်းဖင်းရှိူ့က မတုံးပေမယ့် သူ့အခြေခံပြိုလဲသွားတာက တအားများသည်။
ဤအချိန်တွင် ကျန်းဖင်းရှိူ့သည် လူကြီးတစ်ယောက် ဖြစ်နေပြီဖြစ်၏။ အမှန်က ယန်ကျင်းဇီ နည်းနည်းတော့ အသည်းယားမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်ရတာက ပင်ပန်းပြီး ကျန်းဖင်းရှိူ့ကို တစ်ခုခုလုပ်ဖို့ကလည်း သူက ရှက်သည်။ အဆုံးမှာတော့ သူပဲ ဆက်သည်းခံလိုက်ရတာပေါ့လေ။
သို့သော်ငြား အချိန်ကုန်ဆုံးခြင်းက လျင်မြန်၍ မျက်စိတမှိတ်အတွင်း ကျန်းဖင်းရှိူ့လေး ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရတော့မည်ဖြစ်၏။