ကျန်းဖင်းရှိူ့က အရမ်းတော်သည်။ အကယ်၍ သူသာ ချမ်းသာသောမြို့ပြမိသားစု၌ မွေးဖွားခဲ့မည်ဆိုလျှင် သူ့အတွက် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရခြင်းက သဘာဝကျကျ ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်လိမ့်မည်။
ကံမကောင်းစွာဖြင့် သူသည် ဆင်းရဲသော တောင်ပေါ်ရွာကလေး၌ မွေးဖွားခဲ့သည်။
လွန်ခဲ့သောသုံးနှစ်အတွင်း သူသည် အလွန်ကြိုးစားခဲ့သော်လည်း တစ်ခါတည်း အကုန်လုံးကို ချက်ချင်း အမှီလိုက်နိုင်ဖို့က မလွယ်ကူပေ။
ဒါပေမယ့် သူ့ဆောင်ရွက်နိုင်မှုက အံ့ဩစရာကြီးပင်။ မြောက်များစွာသော အစမ်းစာမေးပွဲများအတွက် ဘွဲ့ကြိုသင်တန်းသို့ ဖြည်းဖြည်းချင်း သူတက်ခဲ့သည်။ အဓိကအကောင်းဆုံးတက္ကသိုလ်ကို သူမတက်နိုင်လောက်ပေမယ့်လည်း တက္ကသိုလ်ကောင်းကောင်းတစ်ကျောင်းကိုတော့ သေချာပေါက်တက်နိုင်လိမ့်မည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရဖို့ ရက်အနည်းငယ်သာ လိုတော့သည်။ ယန်ကျင်းဇီသည် သူ့အလုပ်ကို ဘေးဖယ်ထားလိုက်ပြီး ကျန်းဖင်းရှိူ့စီမှာပဲ အာရုံစိုက်ထားသည်။
အဖွားကျန်းလည်း အတူတူပါပဲ။
ယန်ကျင်းဇီကူးပြောင်းလာသည့် ပထမဆုံးအချိန်နှစ်နှစ်အတွင်း ကျန်းဖင်းရှိူ့ ကိုယ်အလေးချိန်များစွာတက်ခဲ့သော်လည်း ယခုနှစ်တွင် ကျန်းဖင်းရှိူ့ ဝိတ်အနည်းငယ်ကျသွားသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲနီးကပ်လာသည်နှင့်အမျှ သူက အနည်းငယ် ဂနာမငြိမ်ဖြစ်နေ၏။
ယန်ကျင်းဇီက သူ့ကို မြို့ထဲလျှောက်လည်ဖို့ ခေါ်သွားသည်။
ဤအချိန်တွင် သူက ကျန်းဖင်းရှိူ့ကို စိတ်မလှုပ်ရှားဖို့နှင့် အခြားဘာတစ်ခုမှဖြစ်စရာမလိုကြောင်း အကြံပေးခဲ့သည်။ ထိုစကားများက သေချာပေါက် အရမ်းကြီးအသုံးမဝင်နိုင်လို့ သူက အများကြီးမပြောခဲ့ဘူး။ သူသည် ကျန်းဖင်းရှိူ့ကို တိရစ္ဆာန်ရုံ၊ ပြတိုက်၊ သိပ္ပံနှင့်နည်းပညာပြတိုက် စသည့် နေရာများစွာကို ခေါ်သွားပြီး နေရာတိုင်းကို အတူတကွကြည့်ရှုခံစားကြသည်။ သေချာတာပေါ့၊ သူက " ကိုယ် မင်းကို ချစ်တယ် " ဆိုပြီး ထပ်ခါထပ်ခါပြောဖို့လည်း သတိရသည်။
ကျန်းဖင်းရှိူ့က တကယ်ပဲ တဖြည်းဖြည်း စိတ်ငြိမ်လာသည်။ သူ့စိုးရိမ်ပူပန်မှုများ ပိုနည်းလာပြီး သူတို့ဆက်ဆံရေးကလည်း ပိုပိုပြီးရင်းနှီးကောင်းမွန်လာတော့သည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရန် နှစ်ရက်သာလိုတော့သဖြင့် ယန်ကျင်းဇီသည် ကျန်းဖင်းရှိူ့နှင့်အဖွားကျန်းတို့ကို သူ့အိမ်ရှိရာ စီရင်စုသို့ ပြန်ခေါ်လာခဲ့သည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲစာစစ်ဌာနသည် အစ်မကြီးယန်တက်နေသည့် အကောင်းဆုံးအထက်တန်းကျောင်းဖြစ်ပြီး ကျန်းဖင်းရှိူ့တက်နေသည့် ကျောင်းမှ ကျောင်းသားများအားလုံး စာမေးပွဲဖြေဖို့ ဒီကျောင်းကိုလာရမှာဖြစ်သည်။
ယန်ကျင်းဇီသည် စီရင်စု၏ အကောင်းဆုံးဟိုတယ်တွင် အခန်းတစ်ခန်းကို ကြိုမှာထားသည်။ ဤအခန်းတွင် အိပ်ခန်းနှစ်ခန်းပါပြီး ချက်ပြုတ်လို့လည်းရသည်။ သူတို့အတွက် အသင့်တော်ဆုံးပဲ။
အဖွားကျန်းသည် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရမည့် မနက်ခင်း၌ စောစောထပြီး နံနက်စာချက်သည်။
အဖွားကျန်းသည် ယခင်က ခက်ခဲကြမ်းတမ်းသောဘဝမှာ နေထိုင်ခဲ့ရသော်လည်း အထူးသဖြင့် ယခုအခါ သူ(မ)တွင် စိုးရိမ်သောကများကင်းစင်၍ စိတ်ကျေနပ်မိသည်။ သူ(မ) နေ့တိုင်း ပျော်ရွှင်နေရကာ ထို့ပြင် သူ(မ) က အသက်ခြောက်ဆယ်ကျော်အရွယ်ဖြစ်သည်။ မြို့တွင် သုံးနှစ်ခွဲနေပြီးနောက် သူ(မ) သည် မန်ဒရင်းစကားအနည်းငယ်ပြောနိုင်ရုံတင်မက မိုဘိုင်းဖုန်းဖြင့်ငွေပေးချေနည်း၊ ဖုန်းတွင် ဗီဒီယိုများကြည့်ရှုနည်းတို့ကို သင်ယူနိုင်ခဲ့သည့်အပြင် သူငယ်ချင်းအနည်းငယ်တောင်ရထားသည်။ ယခုလက်ရှိ သူ(မ) ကို ကြည့်လိုက်ပါဦး၊ သူ(မ) က မြို့ကိုရောက်ခါစထက် နှစ်အများကြီးပိုငယ်ရွယ်သည့်ပုံပေါ်နေပြီ။
မီးဖိုချောင်၌ ရှိသမျှအသုံးအဆောင်ပစ္စည်းများကို အသုံးပြုနည်းလည်း သူ(မ) သင်ယူခဲ့ပြီးပြီဖြစ်ကာ သူ(မ) သူငယ်ချင်းများနှင့်အတူ ကျန်းမာရေးညီညွတ်သောအစားအစာများ ချက်ပြုတ်နည်းကို တစ်နေ့လုံးလေ့လာရင်း အချိန်နှစ်နှစ်ကုန်ဆုံးခဲ့လေသည်။
ယနေ့နံနက်စာအတွက် သူ(မ) အလွန်ကောင်းမွန်သော အစားအစာကို ပြုလုပ်ထားသည်။
နံနက်စာစားပြီးနောက် သူ(မ)နှင့် ယန်ကျင်းဇီတို့သည် ကျန်းဖင်းရှိူ့အား စာမေးပွဲဖြေရမည့်ကျောင်းသို့ လိုက်ပို့ကြသည်။
ဟိုတယ်က အထက်တန်းကျောင်းနှင့် မဝေး၍ သူတို့လမ်းလျှောက်သွားလိုက်ကြသည်။ လမ်းမှာ အဖွားကျန်းက ကျန်းဖင်းရှိူ့ကို တီးတိုးပြောလေသည်။
" ဖင်းရှိူ့ စိတ်မလှုပ်ရှားနဲ့နော်။ စာမေးပွဲမဖြေနိုင်လည်း ဘာမှမဖြစ်ဘူး။ အခု မင်းမှာ မင်းရဲ့လက်တွဲဖော် ရှိနေပြီ။ "
ကျန်းဖင်းရှိူ့သည် သူ့အဖွားကြောင့် သဘောကျပြုံးရယ်လိုက်ရသော်လည်း စာမေးပွဲကိုသေချာဖြေဆိုဖို့ သူ့စိတ်ထဲတိတ်တဆိတ်ဆုံးဖြတ်လိုက်သည်။
သူ့မှာ လက်တွဲဖော်ရှိနေလို့ပဲ သူ့ကိုယ်သူပိုကောင်းအောင် ပြုပြင်ချင်တာလေ။
စာမေးပွဲဖြေဖို့ ကျန်းဖင်းရှိူ့က ကျောင်းထဲဝင်သွားပေမယ့် ယန်ကျင်းဇီသည် အဖွားကျန်းကိုခေါ်၍ တံခါးနားတွင် စောင့်နေခဲ့သည်။ အဖွားကျန်းက သူ(မ) ဘေးနားက လူများကို အားရပါးရစကားပြောနေသည်။
ဘေးလူများနှင့်ခဏတာစကားပြောပြီးနောက် အဖွားကျန်းသည် ယန်ကျင်းဇီအား ကြည့်လိုက်သည်။
" ရှောင်ယန်၊ မင်းကိုကျေးဇူးအများကြီးတင်ပါတယ်... "
အဖွားကျန်းက ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်းကို လုံးဝမသိခဲ့ပေ။ ဒီနေ့ကျမှပဲ ကျောင်းဂိတ်များတွင် လူများဖြင့် စည်ကားလွန်းနေပြီး တာဝန်ရှိသူများကပင် စနစ်တကျရှိစေရန် ကူညီပေးနေရသည်ကို သူ(မ) မြင်လိုက်ရသည်။ ယခုချိန်မှသာလျှင် ဤစာမေးပွဲက အလွန်အရေးကြီးမှန်း သူ(မ) သဘောပေါက်သွားခဲ့သည်။
အကယ်၍ ယန်ကျင်းဇီသာမရှိခဲ့ဘူးဆိုရင် သေချာပေါက် သူ(မ) မြေးလေး၌ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုနိုင်မည့် အခွင့်အလမ်းလည်း လုံးဝရှိမည်မဟုတ်။
အဖွားကျန်းသည် ယန်ကျင်းဇီကိုကြည့်နေရင်း သူ(မ) သူ့ကို ပိုပိုသဘောကျလာပြီး သူ(မ)မြေးလေး ကောင်လေးရှာထားတာ တော်တော်လေးကောင်းသည်ဟုပင် တွေးနေတော့သည်။
အခုချိန်ထိ သူ(မ) မြေးလေးက အနာဂတ်မှာ သားသမီး ရမလား၊ မရဘူးလား ဆိုတာကို သူ(မ) ဂရုမစိုက်ချေ။ သူ(မ) မှာ သားလေးတစ်ယောက်နှင့် မြေးလေးတစ်ယောက်ပဲ ရှိပေမယ့် သူ(မ)၏ ဆုံးပါးသွားသော ယောက်ျားတွင် ညီအစ်ကိုမောင်နှမများရှိသေးသဖြင့် ကျန်းမိသားစု၏မျိုးဆက်မပြတ်နိုင်ပါ။
သူ(မ)တွင် မြေးလိမ္မာလေးတစ်ယောက်ရှိဖို့သာ လိုအပ်ပြီး အဲ့မြေးလေးမှာ သားသမီးရှိဖို့မလိုအပ်။
မြို့ထဲကလူများ...ဇနီးမယားရှိသည့်လူ ဘယ်နှယောက်ရှိလို့လဲ? ဇနီးမယားမရှိလည်း သူတို့ ကောင်းကောင်းမွန်မွန် နေနိုင်တုန်းပဲမလား?
" အဖွားက ဘာအတွက် ကျွန်တော့်ကို ကျေးဇူးတင်နေရတာလဲ? "
ယန်ကျင်းဇီပြုံးလိုက်သည်။
အဖွားကျန်းနှင့်ပေါင်းသင်းဆက်ဆံဖို့က အရမ်းလွယ်ကူသည်။ လွန်ခဲ့သောသုံးနှစ်လုံးလုံး အိမ်မှာ သူ(မ)က အိမ်အလုပ်များ၊ အဝတ်လျှော်ခြင်း၊ ချက်ပြုတ်ခြင်းနှင့် အရာအားလုံးကို စိတ်အားထက်သန်စွာ လုပ်ကိုင်ခဲ့သည်။ ယန်ကျင်းဇီသည် သူ(မ)ကို သူ့အဖွားရင်းလို့ သတ်မှတ်ထားပြီးပြီ။ ဤအချိန်တွင် သူသည် သူ(မ)စားရန် ရေခဲမုန့်ဝယ်လိုက်သည်။
ကျန်းဖင်းရှိူ့နှင့်အဖွားကျန်းတို့နှစ်ယောက်စလုံးက ဝက်ပေါင်ခြောက်အစပ်ဖြစ်ဖြစ်၊ သကြားလုံးချိုချိုများဖြစ်ဖြစ် သရေစာမုန့်မျိုးစုံကို ခုံခုံမင်မင်နှစ်ခြိုက်ကြသည်။ သူတို့ သရေစာမုန့်များကို ကြိုက်သော်လည်း သူက သူတို့၏ကျန်းမာရေးအတွက် လျှော့စားခိုင်းလေ့ရှိသည်။
အဖွားကျန်းသည် သစ်သားဇွန်းပြားငယ်လေးနှင့် ရေခဲမုန့်ကို ပျော်ပျော်ရွှင်ရွှင်တူးစားနေစဉ် ယန်ကျင်းဇီသည် ကျောင်းဂိတ်ဝကိုကြည့်နေသည်။
အချိန်များကုန်ဆုံးသွားကာ နောက်ဆုံးမှာတော့ စာမေးပွဲပြီးသွားခဲ့သည်။
အစ်မကြီးယန်လည်း သူတို့အနီးအနားသို့ ရောက်လာသည်။
အစ်မကြီးယန်ဆိုသည်က နာမည်အရင်းမဟုတ်မှန်း ထင်ရှားလှသည်။ သို့သော်ငြား ဆရာကျီကျောက်စီမှာ သူ(မ)အတွက် နာမည်ရွေးပေးဖို့ အဖေယန်က ကြက်ဥတစ်လုံးကို မသုံးခဲ့ဘဲ ယန်ကျင်းဇီ၏နာမည်နှင့် ခပ်ဆင်ဆင်ရွေးကာ သူ(မ)အား ယန်ကျင်းဟုန် ဟု နာမည်ပေးခဲ့လေသည်။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူ(မ)၏ကျောင်းကိုကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် အသုံးပြုခဲ့သည်။ အားလပ်ရက်အပန်းဖြေပြီးနောက် ယန်ကျင်းဟုန်သည် မြို့တွင်နေသော်လည်း ယနေ့တွင် စာအုပ်ဆိုင်၌ သူ(မ) သင်ထောက်ကူပစ္စည်းများလာဝယ်ရသည်။
သူ(မ) အထက်တန်းကျောင်းတက်ကတည်းက ယန်ကျင်းဇီက ကုန်ကျစရိတ်များကို သူ(မ)စီ တိုက်ရိုက်ပေးခဲ့သည်။ တစ်လလျှင် ၈၀၀ ရပြီး သိပ်မများပေမယ့် သူ(မ) သက်တောင့်သက်သာနေထိုင်ဖို့အတွက်တော့ လုံလောက်သည်။ သူ(မ) ပိုက်ဆံနည်းနည်းတောင် စုထားသေးသည်။
ဒီနေ့ သူ(မ) သင်ထောက်ကူပစ္စည်းများ ဝယ်ခဲ့သည်။ မသိစိတ်၏စေ့ဆော်မှုအရ သူ(မ) က အတန်းဖော်များနှင့်အတူ သူတို့ကျောင်းပေါက်ဝက အခြေအနေကို ကြည့်ချင်လာသည်။
ထို့နောက် မရေမတွက်နိုင်သော မိဘများက ကျောင်းတံခါးဝ၌ စောင့်နေကြသည်ကို သူ(မ) မြင်ခဲ့သည်။
ဒါက စာမေးပွဲဖြေရုံလေးပဲ မဟုတ်ဘူးလား? မိဘများက ကျောင်းတံခါးမှာတောင် စောင့်နေကြတာ.... ယန်ကျင်းဟုန်သည် လူအုပ်ကြီးအား ဖျတ်ခနဲ တစ်ချက်မျှသာကြည့်လိုက်ပြီး ထွက်ခွာတော့မည့်အချိန်၌ လူအုပ်ကြီးထဲတွင် သူ(မ) ယန်ကျင်းဇီကို ရုတ်တရက်ကြီး မြင်လိုက်ရသည်။
သူ(မ)အစ်ကိုက ဘာလို့ ဒီမှာ ရှိနေတာလဲ?
မှားမြင်မိလိုက်တာလို့ ယန်ကျင်းဟုန် ထင်ပေမယ့် သူ(မ) သေသေချာချာကြည့်လိုက်တဲ့အခါမှာလည်း အဲ့လူက သူ(မ)အစ်ကိုဖြစ်နေဆဲပဲ!
သူ(မ)၏အစ်ကိုသည် ကလေးငယ်အရွယ်ကပင် သူတို့ရွာ၌ အချောဆုံးရုပ်ရည်ပိုင်ရှင်အဖြစ် ကြီးပြင်းလာခဲ့ပြီး ယခုဆိုလျှင် အသက်ပိုကြီးလာသည်နှင့်အမျှ သူက ပိုချောလာသည်။ ဤသို့သောသူက သက်လတ်ပိုင်းမိဘများအုပ်စုထဲတွင် ရပ်နေလေရာ လူအုပ်ထဲတွင် ပေါ်လွင်ထင်ရှားနေတော့သည်။
ဘာလို့... သူ(မ)အစ်ကိုက ဒီမှာ ရှိနေရတာလဲ?
ယန်ကျင်းဟုန်သည် ပထမတော့ အနည်းငယ်စိတ်ရှုပ်ထွေးနေခဲ့ပေမယ့် အခြားတစ်ခုကို ရုတ်တရက် သတိရသွားသည် - ကျန်းဖင်းရှိူ့ ဒီနေ့ ကောလိပ်ဝင်ခွင့်စာမေးပွဲ လာဖြေမှာ!
သူ(မ)သည် ကျန်းဖင်းရှိူ့နှင့် အသက်တူကာ တစ်ရွာတည်းနေသော်လည်း အဆက်အသွယ်အနည်းငယ်သာရှိပြီး ဒါပေမယ့် သူ(မ)မှာ သူနှင့် ဆိုးဆိုးရွားရွား ဆက်ဆံရေးမျိုးလည်း မရှိပေ။ ငယ်စဉ်ကလေးဘဝက သူ(မ)သည် အရမ်းအလုပ်များပြီး ကစားဖို့အချိန်မရှိသဖြင့် သူများတွေလိုမျိုး ကျန်းဖင်းရှိူ့အား အနိုင်မကျင့်ဖူးခဲ့ချေ။
ယခင်က ယန်ကျင်းဇီ သူ(မ)ကို ကျန်းဖင်းရှိူ့နှင့်အတူ အွန်လိုင်းမှာစာလေ့လာခိုင်းခဲ့ရာ သူ(မ)က ကျန်းဖင်းရှိူ့နှင့်ရင်းနှီးလာသည်။
သို့သော် ယောက်ျားလေးနှင့်မိန်းကလေး ကွဲပြားချက်ကြောင့် သူတို့ စကားသိပ်မပြောဖြစ်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ကျန်းဖင်းရှိူ့သည် အလယ်တန်းကျောင်းပြီးထားတာ ကြာပြီဖြစ်၍ ကျန်းဖင်းရှိူ့က ပိုက်ဆံအချို့ရှာပြီးနောက် စက်မှုလက်မှုပညာဆိုင်ရာ အထက်တန်းကျောင်းတစ်ကျောင်း သို့မဟုတ် အခြားတစ်ခုခုမှာ ကျောင်းတက်ချင်သည်ဟု သူ(မ) အမြဲထင်ခဲ့ထားသည်။ ဒါပေမယ့် မကြာသေးခင်တုန်းက သူ(မ) ကျန်းဖင်းရှိူ့နှင့် စကားပြောနေရင်း ကျန်းဖင်းရှိူ့က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေမယ် ဆိုတာ သူ(မ) မတော်တဆ သိလိုက်ရသည်။
အဲ့အချိန်တုန်းက သူ(မ) အတော်လေး အံ့ဩသွားခဲ့ပေမယ့် အခု သူ(မ)အစ်ကိုကို မြင်လိုက်ရတော့ ပိုတောင်အံ့ဩသွားရသည်။
သူ(မ)အစ်ကိုက ကျန်းဖင်းရှိူ့ကြောင့် ဒီကိုရောက်နေတာလား?
ယန်ကျင်းဟုန် ဤသို့တွေးနေစဉ် သူ(မ)ဘေးမှ မိနိးကလေးအတန်းဖော်နှစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် သူ(မ)၏လက်မောင်းများကို တစ်ယောက်တစ်ဖက်စီ ဆုပ်ကိုင်ကာ
" ကျင်းဟုန်၊ အဲ့တစ်ယောက်က အရမ်းချောတာပဲ! "
" ကျောင်းက နာမည်ကြီးတစ်ယောက်ထက်တောင် အများကြီးပိုချောသေးတယ်! "
" သူက အနုပညာရှင်ကြယ်ပွင့်တစ်ယောက်ထက်လည်း အများကြီးပိုလှတယ်နော်! "
…
သူတို့ ညွှန်းဆိုနေကြသည့်သူက သူ(မ)အစ်ကိုမှန်း ယန်ကျင်းဟုန် သိလိုက်ရသည်။
အဲ့အချိန်မှာပဲ ကျောင်းဂိတ်တံခါးက ပွင့်လာပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
ယန်ကျင်းဟုန်သည် သူ(မ)အစ်ကိုက ဖြေဆိုသူများထဲမှ တစ်ယောက်စီ လျှောက်သွားပြီး ထိုသူအား ပွေ့ဖက်လိုက်သည်ကို တွေ့လိုက်ရသည်။ ကျန်းဖင်းရှိူ့မဟုတ်ရင် ဘယ်သူများ ဖြစ်နိုင်ပါ့မလဲ?
သူ အရမ်းအလုပ်များနေကြောင်း ပြီးခဲ့သောနှစ်များအတွင်း သူ(မ)အစ်ကိုက အမြဲပြောလေ့ရှိသည်။ ဒါဆို ဘာလို့ ကျန်းဖင်းရှိူ့ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေတာကို အပို့အကြိုလုပ်ဖို့ သူ့မှာ အချိန်ရှိနေတာလဲ?
ယန်ကျင်းဟုန်၏အတွေးများ ရှုပ်ထွေးနေပြီး သူ(မ)အစ်ကိုကို မေးချင်ခဲ့သော်လည်း လူများစွာရှိနေသဖြင့် သူ(မ)အစ်ကိုကို မမြင်ရတော့ပေ။
သို့သော် ဒီနေ့လယ်ခင်းမှာပဲ သူ(မ)အစ်ကိုကို ကျောင်းဂိတ်မှာ ထပ်တွေ့ခဲ့သည်။
နေ့လယ်ခင်း၌ နေပြင်းနေလေရာ ယန်ကျင်းဇီသည် အဖွားကျန်း လိုက်လာရန် ခွင့်မပြုခဲ့ချေ။ သူ တစ်ယောက်တည်း ကျန်းဖင်းရှိူ့ကို စောင့်နေတုန်း ယန်ကျင်းဟုန် သူ့စီရောက်လာသည်။
" အစ်ကို ဘာလို့ ဒီမှာ ရှိနေတာလဲ? "
ယန်ကျင်းဟုန်က မေးသည်။
" ငါ ကျန်းဖင်းရှိူ့ကို စောင့်နေတာ။ "
ဘာမှမထူးဆန်းသည့် သာမန်ကိစ္စရပ်တစ်ခုကဲ့သို့ ယန်ကျင်းဇီ တည်ငြိမ်စွာဖြင့် ပြန်ဖြေခဲ့သည်။
" ကျန်းဖင်းရှိူ့ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အစ်ကိုက ဘာလို့ စောင့်နေတာလဲ? "
ယန်ကျင်းဟုန် စိတ်ရှုပ်ထွေးစွာဖြင့်
" အစ်ကိုတို့က သူငယ်ချင်းကောင်းတွေလား? "
" သူက ငါ့သူငယ်ချင်းကောင်းမဟုတ်ဘူး။ "
ယန်ကျင်းဇီ သူ့ညီမကို စိတ်လှုပ်ရှားမှုမရှိဘဲ အေးအေးဆေးဆေး ကြည့်လိုက်သည်။
" သူက မင်းရဲ့ ယောင်းမပဲ။ "
ယန်ကျင်းဟုန်ခမျာ ကြက်သေ သေသွားတော့သည်။
ယန်ကျင်းဇီသည် သူ့ညီမ၏တုံ့ပြန်ချက်ကို လုံးဝအလေးမထားဘဲ ဆက်ပြောသည်။
" မင်း သူနဲ့တွေ့ရင် သူ့ကိုယောင်းမလို့ခေါ်ဖို့ သတိရဦး။ "
ကျန်းဖင်းရှိူ့သည် သူ့အား ဇနီးလေးဟု အခေါ်ခံရခြင်းကို ကြိုက်နှစ်သက်လေရာ ညီမဖြစ်သူစီက ယောင်းမလို့ အခေါ်ခံရတာကိုလည်းကြိုက်မှာ သေချာသည်။
ယန်ကျင်းဟုန်သည် သူ(မ) မှားကြားလိုက်ခြင်းဟု သံသယဖြစ်နေပြီး သူ(မ)အစ်ကိုအား တုန်လှုပ်စွာဖြင့် ကြည့်နေခဲ့သည်။
" အစ်ကို ဘာပြောလိုက်တာလဲ? "
" ကျန်းဖင်းရှိူ့ကို ယောင်းမလို့ခေါ်ဖို့ ငါ မင်းကို ပြောနေတာ။ "
ယန်ကျင်းဇီက ပြန်ပြောသည်။
" အစ်ကိုတို့နှစ်ယောက်လုံးက ယောက်ျားလေးတွေလေ! "
ယန်ကျင်းဟုန် ထိတ်လန့်တကြား ဆိုလာသည်။ သူ(မ)က အသံကိုနှိမ့်ပြောနေသော်လည်း သူ(မ)မျက်နှာပေါ်က ထိတ်လန့်မှုကြီးကတော့ သိသာနေ၏။
" ငါမကန်းသေးပါဘူး။ "
ယန်ကျင်းဇီကဆိုသည်။
" ဒီကိစ္စ အိမ်ကို ပြန်မပြောနဲ့ဦး။ ဖင်းရှိူ့နဲ့ ညီမငယ်တို့ရဲ့ စာမေးပွဲတွေပြီးသွားမှ ဒီရက်တွေထဲ ငါပြန်လာပြီး သူတို့ကို ပြောပြလိုက်မယ်။ "
ကျန်းဖင်းရှိူ့ က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေနေရပြီ။ ဆယ်ရက်အတွင်း ဒုတိယညီမယန်၏ အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲလည်း ကျင်းပလိမ့်မည်။ ယန်ကျင်းဇီသည် သူတို့၏စာမေးပွဲများကို မထိခိုက်စေချင်ဘဲ စာမေးပွဲများပြီးမှသာလျှင် အဖေယန်နှင့်အမေယန်အား သေချာရှင်းပြရန် သူ စီစဉ်ထားသည်။
သူ့မောင်နှမများ၏ကျောင်းကိစ္စနှင့် သူ့အဖေနှင့်အမေ၏ထာက်ပံ့ကြေးများအတွက် သူ့မှာ တာဝန်ရှိပေမယ့် သူ့မိသားစုက သူနှင့်ကျန်းဖင်းရှိူ့တို့ကိစ္စများအား ဝင်ရောက်စွက်ဖက်ခွင့်မရှိ။
ယန်ကျင်းဇီ၏အမူအရာသည် အလွန်တည်ငြိမ်နေသော်လည်း ယန်ကျင်းဟုန်ကတော့ မိုးကြိုးပစ်ချခံလိုက်ရသလိုပင်။
ယခုဆိုလျှင် သူ(မ)အစ်ကိုက အကြီးတန်းနှစ်ရောက်နေပြီဖြစ်ကာ ဘွဲ့ရတော့မည်ဖြစ်သည်။ ထို့အတွက်ကြောင့်ပဲ သူတို့အဖေက သူ(မ)အစ်ကိုကို မိန်းမပေးစားဖို့ အောင်သွယ်တော်တစ်ယောက် ရှာနေပြီဖြစ်၏။
သူတို့အဖေက မြို့သူများသည် စိတ်အနှောင့်အယှက်နှင့်ဒုက္ခများသာပေးတတ်၍ ယန်ကျင်းဇီက လက်ထပ်ဖို့အမျိုးသမီးကို သူတို့ရွာကပဲ ရွေးသင့်သည်ဟု အမြဲတမ်း တွေးသည်။ ဒါမှ သူ့ချွေးမလေးက သူတို့လိုသက်ကြီးစုံတွဲကို မနှစ်သက်မှာမျိုး မရှိတော့ဘဲ သူတို့လည်း သူတို့သားနှင့်ချွေးမတို့နှင့် အတူနေလို့ရနိုင်လိမ့်မည်။
ဒါပေမယ့်...တကယ်ပဲ သူ(မ)အစ်ကိုက ယောက်ျားတစ်ယောက်ကို ရှာတွေ့လာခဲ့သည်လား?