[ ဇာတ်သိမ်းပိုင်း ]
ယန်ကျင်းဇီသည် အစ်မကြီးယန်စီ ကြီးမားသောမိုးကြိုးတစ်စင်းပစ်ချလိုက်သော်လည်း သူ့တွင် ထိခိုက်ခြင်းလုံးဝမရှိသလို ကျန်းဖင်းရှိူ့ကိုလည်း ထိုအကြောင်းကို မပြောပြခဲ့ပေ။
ကျန်းဖင်းရှိူ့၏ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးဆုံးသွားပြီးနောက် အဖွားကျန်းကို သူတို့အိမ်သို့ ပြန်ပို့ပေးခဲ့သည်။ ထို့နောက် သူသည် ကျန်းဖင်းရှိူ့အား ခေါ်ပြီး ပျားရည်ဆမ်းခရီးဟု သတ်မှတ်နိုင်သော အားလပ်ရက်ခရီး ထွက်လာကြသည်။
အေးချမ်းသာယာသော သဘာဝရှုခင်းအလှအပနေရာများကို မသွားဘဲ ပင်လယ်ပြင်အား မျက်နှာမူထားသော နွေးထွေးနူးညံ့သည့်ပန်းပင်များနှင့် ပြည့်နှက်နေသည့် ကျွန်းငယ်တစ်ခုကို သူတို့ရွေးချယ်ခဲ့သည်။ ထို့သို့နှင့် ပြုလုပ်သင့်သော အရာအားလုံးကိုလည်း ကျိုးကြောင်းသင့်စွာ ပြုလုပ်ခဲ့ကြသည်။
အချိန်ကာလသုံးနှစ်ကျော် သည်းခံခဲ့ရပြီး နောက်ဆုံးမှာတော့ သူ အသားစားလိုက်ရပြီဖြစ်၏။ ယန်ကျင်းဇီ စိတ်လှုပ်ရှားလွန်းအားကြီးသွား၍ ကျန်းဖင်းရှိူ့ခမျာ ပင်လယ်မှာတောင် ရေဆင်းမဆော့နိုင်တော့။
သို့သော်လည်း သူတို့နှစ်ယောက် ကမ်းခြေမှာ ထိုင်နေပြီး အတူရှိနေရသရွေ့ အဆင်ပြေသည်။
အရေးကြီးဆုံးအချက်က အဆုံးမှာတော့ ကျန်းဖင်းရှိူ့က သူ့အပိုင် လုံးဝဖြစ်သွားခဲ့ပြီ။
ယန်ကျင်းဇီသည် ဖော်ပြ၍မရနိုင်သော စိတ်ကျေနပ်မှုကို ခံစားခဲ့ရပြီး မပြန်ချင်တော့ပေ။
ဒါပေမယ့် သူ ပြန်သွားဖို့လိုသေးသည်။ သူသည် လွန်ခဲ့သောတစ်နှစ်က ကုမ္ပဏီတစ်ခုကို တည်ထောင်ဖွင့်လှစ်ခဲ့ပြီး သူ့ကို စောင့်နေသော ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများစွာရှိနေသည်။ ထို့ပြင် သူ့မိဘများကိုလည်း ဝန်ခံပြောပြရဦးမည်။ ဤကိစ္စများအား သူကိုယ်တိုင် ဖြေရှင်းချင်သည်။
တစ်လခွဲအကြာ၌ ယန်ကျင်းဇီသည် ကျန်းဖင်းရှိူ့နှင့်အတူ ပြန်လာခဲ့သည်။ သူသည် ကျန်းဖင်းရှိူ့နှင့်အဖွားကျန်းတို့အား ပျော်ရွှင်ဖွယ်ရာအုပ်စုလိုက်လှုပ်ရှားမှုတစ်ခုတွင် လက်မှတ်ထိုးပါဝင်စေကာ သူတို့ကို ဆက်လက်၍ ပါဝင်ဆင်နွှဲကစားရန် တောင်းဆိုလိုက်ပြီး သူ့ဇာတိမြို့သို့ ပြန်လာခဲ့သည်။
အခြေခံအားဖြင့် ရွာများမှ လူငယ်များနှင့် သက်လတ်ပိုင်းလူများသည် အပြင်၌အလုပ်ထွက်လုပ်ကြသည်။ ငွေအချို့ရရှိပြီးနောက် သူတို့က စီရင်စုမှာ အိမ်ဝယ်ရင်ဝယ်၊ မဟုတ်လည်း ရွာမှာ အိမ်တစ်လုံးဆောက်သည်။ ထို့ကြောင့် ရွာ၌ လှပသောအိမ်တချို့ရှိလေသည်။
သေချာတာပေါ့၊ ယန်အိမ်ကတော့ စုတ်ပြတ်နေဆဲပဲ။
အဖေယန်၊အမေယန်တို့နှင့်သက်တူရွယ်တူများသည် ပုံမှန်အားဖြင့် စောစီးစွာ အပြင်၌အလုပ်ထွက်လုပ်ကြသည်။ သို့သော် ယန်စုံတွဲသည် မသန်မစွမ်းများဖြစ်ကြလေရာ တစ်သက်လုံး လယ်အလုပ်သာ လုပ်ကိုင်ခဲ့ကြသည်။
ယခုချိန်တွင် ယန်ကျင်းဇီ၌ ပိုက်ဆံရှိသော်လည်း သူသည် သူတို့ကို အများကြီးမပေးထားချေ။ စာဖတ်ခြင်းနှင့် စာလေ့လာခြင်းများအတွက် ကလေးများ၏ ကိုယ်ပိုင်ကုန်ကျစရိတ်များ အားလုံး ကုန်သွားပြီဖြစ်သည်။ ဘဝတစ်သက်လုံး စုဆောင်းငွေမရှိခဲ့သည့် ယန်စုံတွဲတွင် ယခုချိန်၌လည်း စုဆောင်းငွေမရှိသေး။
နွေရာသီအားလပ်ရက်ဖြစ်သော်လည်း အစ်မကြီးယန်နှင့် ဒုတိယညီမလေးယန်တို့ အိမ်မှာမရှိကြပေ။ သူတို့က မြို့မှာ စာသင်နေဆဲဖြစ်၍ သူ့မိဘများနှင့်ညီလေးတို့သာလျှင် အိမ်တွင်ရှိနေကြသည်။
မနှစ်က ယန်ကျင်းဇီသည် ညီလေးယန်အား ပုဂ္ဂလိကမူလတန်းကျောင်းသို့ အတင်းအကျပ် စေလွှတ်တက်ရောက်စေခဲ့သည်။ သူ့ကိုမြင်ရင် ညီလေးယန်၏မျက်နှာ စူပုတ်နေလိမ့်မည်ဟု ထင်ခဲ့ပေမယ့် သူထင်သလိုဖြစ်မလာ။ ညီလေးယန်သည် သူ့ကိုတွေ့ရလို့ အရမ်းပျော်နေဆဲဖြစ်ကာ ပိုပြီးတော့လည်း အသိတရားဝင်လာသည့်ပုံပင်။
ဝက်ဝံပေါက်လေးများသည် မိဘများအားကိုးနှင့် နေသားတကျဖြစ်လေ့ရှိပြီး မိဘများနှင့်ဝေးရာ ခေါ်သွားခံရပါက ပြဿနာမရှာရဲကြတော့။
ယန်ကျင်းဇီသည် အစ်မကြီးယန်အား ဆက်သွယ်လိုက်ပြီး သူတို့အဖေကို သွားတွေ့ပြီး သူက ပြောသည်။
" ရွာမှာနေရင် ညီလေးက စာသေချာမကျက်နိုင်ဘူး။ သူ့အစ်မတွေနဲ့မြို့မှာသွားနေရင်ရော? "
" ကျောင်းပိတ်ရက်က ကလေးတွေဆော့ဖို့ မဟုတ်ဘူးလား? သူ့ကို ခဏဆော့ခိုင်းထားတာ ဘာဖြစ်မှာမို့လို့လဲ? "
အဖေယန် စိတ်မပျော်ချေ။
" အဖေ၊ ညီလေးကို အောင်မြင်စေချင်ရင် သူ့ကို စာကျက်ခိုင်းရမယ်လေ။ "
ယန်ကျင်းဇီ မျက်မှောင်ကုတ်သွားသည်။
" သူ ဆိုးဆိုးရွားရွား စာမသင်သရွေ့ စားဖို့သောက်ဖို့အတွက် သူ ပူနေစရာမလိုဘူး။ "
အဖေယန်ကဆိုသည်။
ယန်ကျင်းဇီသည် အဖေယန်အား ဘာမှထပ်မပြောရန် ဆုံးဖြတ်လိုက်ပြီး သူပြန်မှ တန်းလုပ်ရုံပဲ။ သူ ညီလေးယန်ကို တခါတည်း ခေါ်သွားလိုက်မည်။
ထိုကိစ္စအား ဘေးဖယ်ထားလိုက်ပြီး ယန်ကျင်းဇီသည် လာရင်းအကြောင်းကိစ္စကိုသာ ပြောလိုက်တော့သည်။
" အဖေ၊ အမေ၊ ကျွန်တော့်မှာလက်တွဲဖော်ရှိနေပြီ။ "
" မင်းမှာလက်တွဲဖော်ရှိနေပြီလား? သူ(မ) ဘယ်ကလာလဲ? ဘာအလုပ်လုပ်သလဲ? "
အဖေယန်က မေးသည်။
ယန်ကျင်းဇီက ပြန်ဖြေလိုက်သည်။
" ကျွန်တော်တို့ရွာက ကျန်းဖင်းရှိူ့။ "
" ကျန်းဖင်းရှိူ့? "
အဖေယန်သည် အချိန်ခဏတာအထိ တုံ့ပြန်မှု မလုပ်နိုင်ခဲ့ချေ။
" ဟုတ်တယ်။ ကျန်းဖင်းရှိူ့။ "
ယန်ကျင်းဇီ အခိုင်အမာ အတည်ပြုသေချာစေသည်။
တစ်ချိန်က ယန်ကျင်းဇီသည် အဖွားကျန်းအား လာခေါ်သွားခဲ့ဖူးတာကြောင့် အဖေယန်သည် ကျန်းဖင်းရှိူ့ကို အထင်ကြီးခဲ့သည်။ ဒါပေမယ့် အဲ့အထင်ကြီးမှုကြောင့်ပဲ သူ အနည်းငယ်စိတ်ရှုပ်ထွေးနေရလေသည်။
" သူ.... သူက ယောက်ျားလေးမဟုတ်ဘူးလား? "
" အင်း။ ကျွန်တော်က ယောက်ျားတွေကို ကြိုက်တယ်။ "
ယန်ကျင်းဇီက ပြောသည်။
အဖေယန်သည် မူးမေ့သတိလစ်သွားမတတ်ဖြစ်ကာ ဒေါသတကြီး ပြောသည်။
" မင်း ရူးနေလား?! ယောက်ျားတွေကိုကြိုက်တယ်ပေါ့ မင်း......! "
ယန်ကျင်းဇီ အော်လိုက်သည်။
" အဖေ! "
အဖေယန် ပိုစိတ်ဆိုးသွားကာ ရှေ့နောက်မစဉ်းစားတော့ဘဲ ကျိန်ဆဲစကားများကို ပြောဆိုတော့သည်။ ထို့နောက် သူက ပြောလာသည်။
" မင်း သူနဲ့လမ်းခွဲလိုက်တော့။ ကောင်းကောင်းမွန်မွန် မိန်းကလေးတစ်ယောက်နဲ့ မင်း လက်ထပ်ရမယ်! "
ယန်ကျင်းဇီ မျက်မှောင်ကြုံ့လိုက်ပြီး ပြောလိုက်သည်။
" အဖေ၊ ကျွန်တော်က ပြောပြရုံပဲ။ အဖေ ကန့်ကွက်မယ်ဆိုရင်တောင် ဘာမှမထူးဘူး။ "
အဖေယန်က ဆက်တိုက်ပြောဆိုသည်။
" မင်းက ငါ့သားလေ၊ ငါ ကန့်ကွက်တာ ဘာလို့ ဘာမှမထူးရမှာလဲ? ငါ မင်းကိုပြောမယ်၊ မင်း ကျန်းဖင်းရှိူ့နဲ့မဖြစ်နိုင်ဘူး။ မင်းအမေနဲ့ငါ မိန်းကလေးတော်တော်များများကို လိုက်ကြည့်ပြီးပြီ။ မင်းပြန်လာပြီဆိုတော့ သွားပြီးတွေ့ကြည့်... "
ယန်ကျင်းဇီသည် သူ့အဖေကို တည်ငြိမ်စွာကြည့်လိုက်ပြီး
" အဖေ ကျွန်တော့်ကို blind date သွားခိုင်းမယ်ဆိုရင် ကျွန်တော်က ယောက်ျားတွေကိုကြိုက်ပါတယ်လို့ လူတွေကို လိုက်ပြောပစ်လိုက်မယ်။ အဲ့တာဆို အဖေ မျက်နှာပျက်ရလိမ့်မယ်။ "
အဖေယန်သည် စကားပြန်မပြောနိုင်တော့ဘဲ နင်သွားပြီး သူ့မျက်နှာက နီမြန်းလာကာ ယန်ကျင်းဇီအား ဒေါသတကြီးကြည့်သည်။
" အဖေ၊ နောက်ပိုင်းကျရင် ကျွန်တော် အဖေ့ကို ဘဏ်ကဒ်လျှောက်ဖို့ ခေါ်သွားမယ်။ ပြီးရင် အဖေ့ကို လတိုင်း ပိုက်ဆံလွှဲပေးပြီး အဖေ သက်တောင့်သက်သာနေရအောင် စီရင်စုမှာ အိမ်တစ်လုံးဝယ်ပေးမယ်။ "
ယန်ကျင်းဇီက ပြောသည်။
စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခဲ့သည့် လွန်ခဲ့သောသုံးနှစ်အတွင်း သူ့တွင် ချမ်းသာကြွယ်ဝမှုအချို့ရှိပြီး လတ်တလောရရှိထားသည့်ငွေကိုလည်း ကျန်းဖင်းရှိူ့စီ မပေးရသေးချေ။
ထိုငွေသည် ယွမ် ၅၀၀,၀၀၀ ဖြစ်ပြီး ယန်မိသားစုအတွက် စီရင်စုတွင် အိမ်ကြီးရခိုင်တစ်လုံးကို ဝယ်နိုင်လောက်အောင်အထိ လုံလောက်လေသည်။
အဖေယန်သည် လက်မလျှော့ဘဲ စကားဆက်ပြောနေကာ ကျန်းဖင်းရှိူ့ကိုပါ ဆူပူကြိမ်းမောင်းနေသည်။ ထိုစဉ် ယန်ကျင်းဇီက ပြောခဲ့သည်။
" အဖေ သူ့ကိုဆူရင် ကျွန်တော် အဖေ့ကို ပိုက်ဆံမပေးတော့ဘူး။ တကယ်ဆိုရင် အဖေက ခုမှ အသက်လေးဆယ်ကျော်ပဲရှိသေးတာ အဖေ ကျွန်တော့်ကို ထောက်ပံ့ခိုင်းလို့ မရသေးဘူး။ "
သဘာဝကျကျပဲ အဖေယန် တွ့န်ဆုတ်သွားတော့၏။
သူ ဘာမှမလုပ်နိုင်တော့သဖြင့် သူ့သားစကားကို နားထောင်လိုက်ရတော့လေသည်။
အဖေယန်သည် စကားပြောခြင်းကို ရပ်လိုက်ရပြီး အမေယန်ကတော့ မျက်ရည်များကို တိတ်တိတ်လေး သုတ်နေခဲ့သည်။
ယန်ကျင်းဇီသည် အဖေယန်အား ဤကဲ့သို့ ခပ်မာမာလေသံဖြင့် ငြင်းခုံနိုင်ခြင်းမှာ မူလပိုင်ရှင်၏ ငယ်ရွယ်စဉ်ကတည်းက အပြုအမူကြောင့်ဖြစ်ပြီး သူက အနည်းငယ်တော့ အေးတိအေးစက်နှင့် ပိုသူစိမ်းဆန်သည်။ ဒါပေမယ့် သူ့အမေနှင့်တော့ ထိုသို့မဆက်ဆံချေ။
ယန်ကျင်းဇီ သူ့အသံကို နူးညံ့ပျော့ပြောင်းစေလိုက်ကာ
" အမေ၊ ယောက်ျားတွေကို ကြိုက်တာ ကျွန်တော့်သဘာဝဗီဇ။ ပြောင်းလဲလို့မရဘူး။ အများကြီးတွေးမနေပါနဲ့။ ကျွန်တော့်ကို အိမ်ထောင်မပြုချင်တဲ့ အလုပ်သရဲလို့သာ သဘောထားလိုက်ပါ။ အကယ်၍ အမေ မြေးလေးတွေလိုချင်တယ်ဆိုရင် ညီမနှစ်ယောက်ကို ယန်မျိုးရိုးနဲ့ ကလေးတစ်ယောက်မွေးခိုင်းလို့ရတယ်။ ပြီးတော့ ညီလေးကိုလည်း ကလေးယူခိုင်းလို့ရတာပဲ။ "
ယန်ကျင်းဇီထံမှ ထိုစကားများ ထွက်လာသောအခါ ယန်စုံတွဲ အရမ်းဝမ်းနည်းမနေတော့ပေ။
ယန်ကျင်းဇီကထပ်ပြောပြန်သည်။
" ကျန်းဖင်းရှိူ့ကိုလည်း အပြစ်မတင်ပါနဲ့။ သူက ကျွန်တော့်ထက် အသက်ငယ်တယ်။ သူက ကျွန်တော့်စီက လိမ်လည်လှည့်ဖြားခံလိုက်ရတာ။ ကျွန်တော် အထက်တန်းတက်တဲ့အချိန်ကစပြီး တက္ကသိုလ်စတက်တဲ့အချိန်အထိ ကျွန်တော့်ကိုထောက်ပံ့ပေးဖို့ သူက ပိုက်ဆံရှာခဲ့တယ်။ အဖေနဲ့အမေတို့စီက ပိုက်ဆံမတောင်းဘဲနဲ့ ကျွန်တော် ကျောင်းမှာ စားနိုင်၊သောက်နိုင်မယ် ထင်လို့လား? "
ယန်ကျင်းဇီသည် လူများကိုစည်းရုံးရာတွင် အရမ်းတော်ပြီး သူ့အဖေနှင့်အမေတို့ လက်ခံယုံကြည်စေလာအောင်လည်း ခပ်မြန်မြန် သိမ်းသွင်းစည်းရုံးလိုက်နိုင်သည်။
ယန်စုံတွဲသည် ရှေးရိုးဆန်သော်လည်း သားသမီးများစွာရှိသည့်အတွက် သူတို့က ယန်ကျင်းဇီကို လက်ခံနိုင်လိုက်သည်။
သားအကြီးဆုံးပြောသလိုမျိုး သူတို့သားက လူပျိုကြီးဖြစ်ချင်ပြီး လက်မထပ်ချင်ဘူးလို့သာ ဟန်ဆောင်လိုက်ကြတာပေါ့! အရေးကြီးဆုံးအချက်က သူတို့ သူတို့သားအကြီးဆုံးကို တကယ်ကြီး ထိန်းချုပ်လို့မရတာပဲ!
သူတို့ စိတ်ပြေသွားသည်ကို ယန်ကျင်းဇီ တွေ့လိုက်ရပြီး ပြောလိုက်သည်။
" အဖေ၊အမေ၊ ကျွန်တော် အဖေတို့အတွက် စီရင်စုမှာ အိမ်တစ်လုံးဝယ်ပေးမယ်။ အခုကစပြီး လတိုင်း ယွမ်နှစ်ထောင်လည်း ပေးမယ်။ တခြားမိသားစုတွေက ကလေးတွေဆိုရင် သူတို့မိဘတွေကို အိမ်ဝယ်ပေးနိုင်ဖို့နဲ့ လက်ထပ်နိုင်ဖို့ကို အလုပ်ကြိုးစားနေရတုန်းပဲ။ ဒါပေမယ့် အဖေတို့က အေးအေးဆေးဆေးနေနိုင်နေပြီ။ ရွာထဲကလူတိုင်း အဖေတို့ကို အားကျနေကြမှာ။ ကျွန်တော် ယောက်ျားတွေကို ကြိုက်တယ်ဆိုတဲ့အချက်ကတော့ အဖေတို့ မပြောသရွေ့ ဘယ်သူမှမသိနိုင်ဘူး။ ကျွန်တော်က လိုချင်တာ တအားများပြီး လက်မထပ်ချင်ဘူးလို့သာ လူတွေကို ပြောပြလိုက်ပါ။ "
ဒါက...တကယ်ကောင်းတာပဲ။
ယခုဆိုလျှင် အဖေယန်သည် ချမ်းသာနေပြီဖြစ်ကာ စီးကရက်ပင်သောက်နိုင်နေပြီ။ သူက အိမ်မှာ စီးကရက်နှစ်လိပ်ကိုဖွာကာ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး အေးအေးလူလူ လမ်းလျှောက်ထွက်ရင်း စီရင်စုမှာ သူတို့နေဖို့ အိမ်တစ်လုံးကို သူ့သားအကြီးဆုံးက ဝယ်ပေးတော့မယ် ဆိုသည့်အကြောင်းကို လူများအား စတင်ပြောပြတော့လေသည်။
သူသည် ရွာထိပ်မှရွာဆုံး၊ တဖန် ရွာဆုံးမှရွာထိပ်အထိ သွားပြီးသည့်နောက်ဆုံးမှာသာ အဆင်ပြေသွားတော့သည်။
အမေယန်နှင့်ပတ်သက်၍... ယန်ကျင်းဇီသည် သူ့ကိုထောက်ပံ့ပေးဖို့ ကျန်းဖင်းရှိူ့ ပိုက်ဆံရှာသည့်အကြောင်းကို ပြောပြပြီးသောအခါ သူ(မ)က ကျန်းဖင်းရှိူ့အား ပိုပြီးလက်ခံလာသည်။
ညီလေးယန်ကတော့ အဖေယန်ကို အနိုင်ရအောင် ပြောနိုင်သည့် သူ၏အစ်ကိုဖြစ်သူအား လေးစားစွာကြည့်၏။
မကြာခင်မှာပဲ ယန်ကျင်းဇီ ပြန်သွားပြီး သူ့ညီလေးကိုလည်း ခေါ်လာခဲ့သည်။
ညီလေးယန်သည် သူ့ထက် ရှစ်နှစ်ငယ်ကာ အခု သူက ဆယ့်လေးနှစ်ရှိပြီ။
ယန်ကျင်းဇီသည် သူ့ကို စီရင်စုသို့ခေါ်သွားသည်။ ဟိုတယ်တွင် အခန်းတစ်ခန်းငှားပြီးနောက် သူ အိမ်စရှာသည်။ သူသည် ပရိဘောဂခင်းကျင်းပြင်ဆင်ထားပြီးသော အိပ်ခန်းလေးခန်းပါ နှစ်ထပ်အိမ်တစ်လုံးကို လျင်လျင်မြန်မြန် ရွေးချယ်လိုက်ကာ ယွမ် ၅၀၀,၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။
ယန်ကျင်းဇီသည် အရမ်းတက်ကြွလန်းဆန်းနေပြီး ငွေအပြည့်ပေးချေလိုက်သော်လည်း အိမ်ပိုင်ဆိုင်မှု တရားဝင်ဖြစ်ဖို့က ရက်ပေါင်းများစွာကြာသည်။ လွန်ခဲ့သောရက်အနည်းငယ်အတွင်း စီရင်စုရှိဟိုတယ်တွင် သူ သူ့ညီလေးနှင့်အတူတူနေထိုင်ခဲ့ပြီး အမျိုးမျိုးသော လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ဖြတ်သန်းနေစဉ်တွင်လည်း သူ့ညီကိုခေါ်သွားခဲ့သည်။
ထို့နောက် အိမ်ဝယ်ပြီးသောအခါ ယန်ကျင်းဇီသည် သူ့ညီအား ပြောခဲ့သည်။
" လူတစ်ယောက်မှာ ပိုက်ဆံရှာနိုင်တဲ့ အရည်အချင်းရှိနေသရွေ့ အဲ့လူက အိမ်ကောင်းကောင်းနဲ့နေနိုင်တယ်ဆိုတာ တွေ့တယ်မလား။ အကယ်၍ မင်းသာ အဲ့လိုလူမျိုး ဖြစ်ချင်တယ်ဆိုရင် စာကို သေသေချာချာလေ့လာရမယ်။ "
ညီလေးယန်ကလည်း ထိုသို့ထင်ခဲ့သည်။
အိမ်ဝယ်ပြီးနောက် ယန်ကျင်းဇီသည် ယန်စုံတွဲကို အိမ်ကြီးရခိုင်သစ်သို့ ခေါ်လာခဲ့သည်။
ဤအချိန်၌ သူ့မိဘများသည် စိတ်ငြိမ်သွားကြပြီဖြစ်ကာ အိမ်အသစ်ကိုမြင်လိုက်ရပြီးသောအခါ သူတို့၏ ထင်မြင်ချက်သဘောထားများ ပိုမိုလျော့နည်းသွားသည်။
သူတို့သားက သူတို့ကို ပိုက်ဆံတွေအများကြီးပေးပြီးပြီလေ။ သူတို့ ဘာများထပ်ပြောနိုင်ပါ့မလဲ?
မိသားစုအရေးကိစ္စများကို ယန်ကျင်းဇီ ကျကျနန ကိုင်တွယ်ဖြေရှင်းနေတုန်း ကျန်းဖင်းရှိူ့၏ စာမေးပွဲရလဒ်များ ထွက်လာသည်။
ကျန်းဖင်းရှိူ့သည် အဓိကအကောင်းဆုံးတက္ကသိုလ်သို့ ဝင်ခွင့်မရခဲ့ချေ။ ဒါပေမယ့်လည်း သူက တက္ကသိုလ် A နှင့် မဝေးသော သူတို့နေသည့်မြို့ထဲရှိ ကောင်းမွန်သော တက္ကသိုလ်ကျောင်းတစ်ကျောင်း၌ ဝင်ခွင့်ရခဲ့သည်။
ဝင်ခွင့်အကြောင်းကြားစာကို လက်ခံလိုက်ရသောအခါ ကျန်းဖင်းရှိူ့၏မျက်လုံးများ နီရဲလာတော့သည်။
သူ ကောလိပ်တက်ရတော့မယ်!
ဤအချိန်၌ သူ အစစ်အမှန်မဟုတ်သယောင် ခံစားချက်တစ်ခုအား ခံစားခဲ့ရသော်လည်း ထိုခံစားချက်က ချက်ချင်းပဲ ပျောက်ကွယ်သွားသည်။
ဒါတွေအကုန်လုံးက အစစ်ဆိုတာ သူ သိထားတာ ကြာပြီ!
လွန်ခဲ့သောသုံးနှစ်အတွင်း ယန်ကျင်းဇီသည် သူနှင့်အတူ နေ့နေ့ညည အတူရှိနေလေရာ သူ့နှလုံးသားထဲရှိ မတည်ငြိမ်မှုကလည်း ဟိုးအရင်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ။
အခု သူ အလွန့်အလွန် သေချာသည့်အရာကတော့ သူက ယန်ကျင်းဇီကို ချစ်ပြီး ယန်ကျင်းဇီကလည်း သူ့ကို ချစ်သည်။
သူတို့ တစ်သက်လုံး အတူရှိနေမှာပါ။
ဤသို့တွေးရင် ကျန်းဖင်းရှိူ့သည် ယန်ကျင်းဇီအား ဖက်လိုက်သည်။
အဖက်ခံလိုက်ရသော ယန်ကျင်းဇီက သူ့ကို နမ်းလိုက်ကာ မေးလိုက်၏။
" မင်း ပျော်ရဲ့လား? "
" ပျော်တယ်! "
ကျန်းဖင်းရှိူ့က ဖြေခဲ့သည်။
" မင်း ကိုယ့်ကို ဆုသေးသေးတစ်ခုလောက် မပေးချင်ဘူးလား? "
ယန်ကျင်းဇီ မေးလိုက်ပြီးနောက် ကျန်းဖင်းရှိူ့က သူ့ကို နမ်းလာ၏။
ယခုအချိန်တွင် ကျန်းဖင်းရှိူ့က တကယ့်ကို ရဲရင့်လာပြီဖြစ်သည်။ စစချင်းတုန်းကလိုမျိုး သူက ရှိုးတိုးရှန့်တန့် ရှက်ကြောက်မနေတော့ပေ။ သေချာတာပေါ့၊ ယန်ကျင်းဇီက ကျန်းဖင်းရှိူ့၏ဤပုံစံသစ်ကို ကြိုက်သည်။
ယန်ကျင်းဇီက လူကို အခန်းထဲခေါ်သွားသည်။
လာလတ္တံ့သော အချိန်ကာလ ရှည်ကြာဦးမည်ဆိုလျှင်တောင်မှ သူတို့၏လက်ရှိအချိန်လေးကို မြတ်နိုးတန်ဖိုးထားရမည်လေ!