အပိုင်း ၁၆ ( Phoenix Man 16 - extra 1 )
Viewers 10k

Extra - University


ကျန်းဖင်းရှိူ့ ကျောင်းစတက်တော့ ယန်ကျင်းဇီ အလုပ်ကိစ္စခရီးထွက်နေရ၍ သူ့ကို အဖွားကျန်းက ကျောင်းလိုက်ပို့ပေးသည်။


အဖွားကျန်းသည် တက္ကသိုလ်တွင် စိတ်ဝင်စားမှု အပြည့်ရှိပြီး တက္ကသိုလ်ထဲဝင်သောအခါ တအံ့တဩဖြင့် စတင်ချီးမွမ်းတော့သည်။


" ဖင်းရှိူ့၊ ဒီကျောင်းက တကယ်ကောင်းတာပဲ။ "


" ဖင်းဟွာ၊ မင်းရဲ့အိပ်ဆောင်ကလည်း တကယ်ကြီးတယ်။ "


" ဒီတက္ကသိုလ်က အရမ်းလှတာပဲ! "



အဖွားကျန်းက အခုချိန်မှာ ပြောမပြတတ်နိုင်လောက်အောင် ပျော်ရွှင်နေပြီး ကျန်းဖင်းရှိူ့ကလည်း သူ(မ)နှင့်ထပ်တူ အရမ်းပျော်နေသည်။


" အဖွား ကန်တင်းကို ကြည့်ပါဦး၊ မကျယ်ဘူးလား? တက္ကသိုလ် A နှင့်ယှဉ်ရင် အရမ်းကြီးတော့ မဆိုးပါဘူး။ "


" အဖွား၊ ကျွန်တော်တို့ ခဏနေရင် ညစာစားဖို့ ကန်တင်းကို သွားကြမယ်။ "


" အဖွား…… "


သူတို့နှစ်ယောက်က ‌ထုတ်မပြောပြနိုင်လောက်သည့်စိတ်လှုပ်ရှားမှုများဖြင့် စကားပြောနေကြပြီး သူတို့၏ဒေသိယစကားများကို ကြားရနေသည့် ပတ်ဝန်းကျင်မှ လူများကလည်း အံ့ဩဆို့နင့်နေကြသည်။ ' အဲ့လောက်စိတ်လှုပ်ရှားဖို့လိုလို့လား? '


ဒီတောသားငတုံးတွေက ဘယ်ကရောက်လာတာလဲ?


တကယ်တော့ ကျန်းဖင်းရှိူ့က ယခုချိန်၌ ချမ်းသာနေပြီဖြစ်၏။


ပိုက်ဆံအချို့ကို ယန်ကျင်းဇီ၏စတူဒီယို ရရှိပြီးနောက် သူက ပိုက်ဆံကို သူ့ကဒ်ထဲ ထည့်ထားသည်။ အခု သူ့မှာ စုဆောင်းငွေအများကြီး ရှိနေပြီ။


အစပိုင်းမှာ ပိုက်ဆံက သူ့ကို စိတ်မငြိမ်စေခဲ့ပေမယ့် သူ့စိတ်နေစိတ်ထားက တဖြည်းဖြည်း ပြောင်းလဲလာကာ ကျင့်သားရသွားသော်လည်း ပိုက်ဆံအများကြီး မသုံးဖြစ်ခဲ့ချေ။


သို့သော် သူသည် ပိုက်ဆံချွေတာနေတတ်သေးပြီး ကလေးဘဝမှ လူကြီးဘဝအထိ ဆင်းရဲနွမ်းပါးသော သူ့ဘဝ၏ပုံရိပ်များက ပျောက်ကွယ်ဖို့ မလွယ်ပေ။


ပိုအရေးကြီးတာက ဒီပိုက်ဆံကို သူ ရှာထားတာ မဟုတ်ဘူး။ ဘယ်လိုလုပ် သူ လျှောက်ဖြုန်းနေနိုင်ပါ့မလဲ?


နောက်ပြီး ဒီနှစ်တွေမှာ အိမ်တစ်လုံးက ဘယ်လောက်တောင် ဈေးကြီးလိုက်သလဲ! သူ အိမ်ဝယ်ဖို့ ပိုက်ဆံစုချင်သေးတယ်! တွေးကြည့်တော့ သူတို့မှာ ပိုက်ဆံအများကြီး မရှိဘူးပဲ!


ထို့ကြောင့် လွန်ခဲ့သောသုံးနှစ်အတွင်း ကျန်းဖင်းရှိူ့သည် ငွေကြေးများစွာ သုံးစွဲခြင်းမရှိခဲ့။ အဝတ်အစားနှင့် ဖိနပ်များအားလုံးက တန်ဖိုးနည်းကုန်အမှတ်တံဆိပ်များ ဖြစ်ကာ သူတို့ကိုဝတ်လို့ရနေသည့် ကာလပတ်လုံး သူ အသစ်ဝယ်လိမ့်မည်မဟုတ်ချေ။


သူနှင့်အဖွားကျန်းတို့နှစ်ယောက်စလုံးက ခေတ်ဆန်ဆန်ဝတ်စားထားခြင်းမရှိသည့်အပြင် ဒေသိယစကားကိုလည်း ပြောကြသည်။ လမ်းလျှောက်နေတုန်း သူတို့က အတော်လေး ထင်းခနဲ မြင်သာထင်သာရှိနေသည်။ ကျောင်းတက်သောအခါ ကျန်းဖင်းရှိူ့သည် အတန်းရှေ့တွင် သူ့ကိုယ်သူ မိတ်ဆက်ပြီး သူ့ဇာတိကို ပြောပြခဲ့သည်။ အတန်းထဲက လူများသည် ကျန်းဖင်းရှိူ့ တော်တော်ဆင်းရဲသည်ဟု ထင်ကြပြီး တချို့လူ‌များက ကျန်းဖင်းရှိူ့၏ ဆင်းရဲသော ဇာတိ၊စီရင်စု အခြေအနေအကြောင်းပင် လာမေးကြသည်။


ကျန်းဖင်းရှိူ့က သူမဆင်းရဲဘူး လို့ ပြောပြပေမယ့် အခြားသူများက မယုံကြပေ။


ထို့နောက် ကျန်းဖင်းရှိူ့လည်း ဘာမှဆက်မပြောတော့။


ဘာပဲဖြစ်ဖြစ် သူ့မှာ သူ့အတန်းဖော်များနှင့် အဆက်အသွယ်မှ သိပ်မရှိပဲ။ သူက ကျောင်းမှာမနေသည့်အပြင် ယန်ကျင်းဇီက သူ့ကို ကားမောင်းနည်းသင်ခိုင်းနေလို့ သူ အရမ်းအလုပ်များနေသည်။


ဒါတင်မကသေးဘဲ သူ့အိမ်ထောင်စုစာရင်းကို ကျောင်းသို့ပြောင်း‌လိုက်ပြီးနောက် ယန်ကျင်းဇီက သူ့ကို အိမ်ရှာခိုင်း‌သည်။ သူက အိမ်တစ်လုံးကို ငွေအပြည့်ပေးချေပြီး ဝယ်ယူကာ သူ့နာမည်အောက်မှာထားဖို့ စီစဉ်ထားသည်။ အနာဂတ်မှာ သူတို့သုံးယောက် အတူနေကြမည့် အိမ်လေးပေါ့။


ထို့အပြင် သူ့အဖွားကိုအဖော်ပြုပေးဖို့ သူ အချိန်ယူရဦးမည်။


ကျောင်းသားသစ်များသည် ကောလိပ်ဝင်ခွင့်စာမေးပွဲမှ လွတ်မြောက်ခါစဖြစ်သည်။ ယေဘူယျအားဖြင့် ၎င်းတို့သည် ကလပ်လှုပ်ရှားမှုများကို အထူးစိတ်ဝင်စားကြပြီး လှုပ်ရှားမှုများစွာတွင် ပါဝင်ကြသော်လည်း ကျန်းဖင်းရှိူ့ကတော့ တစ်ခုမှမပါဝင်ထား။


ပထမအချက်က သူ စိတ်မဝင်စားလို့၊ နောက်တစ်ချက်က သူ့မှာ အချိန်မလောက်လို့။


ပြီးတော့... သူက ဘဏ္ဍာရေးနှင့်စာရင်းကိုင်ဘာသာရပ်များကို မေဂျာယူထားသည်။ ဘွဲ့ရပြီးနောက် ယန်ကျင်းဇီ၏ကုမ္ပဏီသို့သွားကာ ယန်ကျင်းဇီကိုကူပြီး ငွေကြေးစီမံပေးဖို့ သူ တွေးထားခဲ့သည်။ သူ့ကိုယ်ရေးအကျဉ်းတွင် အချက်အလက်အနည်းငယ်ထပ်ထည့်ဖို့အတွက်နှင့် အမျိုးမျိုးသော လှုပ်ရှားမှုများတွင် ပါဝင်ဖို့မလိုအပ်တော့ချေ။


သူ လိုတာက စာကြိုးစားဖို့၊ အနည်းငယ်သော အောင်လက်မှတ်များထပ်ယူဖို့နှင့် ယန်ကျင်းဇီကို အနာဂတ်မှာ အများကြီးကူညီပေးဖို့ပါပဲ။


ထို့နောက် အတန်းထဲတွင် သူ့ကိုယ်သူ ထောက်ပံ့ဖို့ ငွေရှာရန် သူ အပြင်မှာ အလုပ်လုပ်နေရသည် ဆိုသည့် ကောလာဟလများ ထွက်လာသည်။


ကျန်းဖင်းရှိူ့က အဲ့ဒါကို ရှင်းပြခဲ့သော်လည်း ဘယ်သူမှမယုံကြ၍ သူ ထပ်မရှင်းပြတော့။ သူ့တွင် အတန်းဖော်များနှင့် အဆက်အသွယ် အများကြီးမရှိချေ။ ထို့အပြင် သူ့အတန်းဖော်အများစုက သူ၏ 'မိသားစုအခြေအနေ' ကို သိရှိကြပြီးနောက် သူ့အပေါ် အရမ်းဖော်ရွေကြသည်။ တချို့က သူ့ကို မေးသည် : မင်း အလှူခံချင်သလား?


သေချာတာပေါ့၊ သူ လုံးဝ မဆိုင်းမတွ ငြင်းခဲ့သည်။


တကယ်တော့ သူက တော်တော်ချမ်းသာသည်။


ဤကျောင်း၏အပြိုင်အဆိုင်လေထုဟာ မပြင်းထန်လှချေ။ ကျောင်းသားအများစုသည် အတော်လေး စိတ်အေးလက်အေးနေကြသည်။ ကျန်းဖင်းရှိူ့သည် ၎င်းတို့ကြားတွင် တမူထူးသူဟု ယူဆနိုင်ပြီး ဒါပေမယ့် အဲ့ဒါက အချို့သောကျောင်းသားများ၏ လေးစားမှုကို နိုးကြွစေသည်။ ကျောင်းသားအချို့က သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်၍ သူနှင့်စာအတူကျက်ချင်သည် ဟု ပြောကြသည်။


ကျန်းဖင်းရှိူ့သည် သူတို့ကိုခေါ်ပြီး စာအတူကျက်ချင်စိတ်ရှိပြီး self-study နည်းလမ်းအချို့ကိုလည်း သင်ပေးခဲ့သည်။ သူ့မှာ သူငယ်ချင်းအနည်းငယ်ရှိလာသည်။


နောက်ပြီး ဒီလူတွေ၊ အစတုန်းကတော့ သူတို့ ကျန်းဖင်းရှိူ့နဲ့ စာသင်ပြီးရင် ကျေးဇူးတင်သည့်အနေဖြင့် သူတို့ ကျန်းဖင်းရှိူ့ကို တစ်ခုခုဝယ်ပေးပြီး ကျန်းဖင်းရှိူ့ကို ကူညီကြမယ်လို့ တိုးတိုးတိတ်တိတ် ဆွေးနွေးထားခဲ့ကြသည်။


ရလဒ်ကတော့ သူတို့ရင်းနှီးသွားကြသည်။ ရုတ်တရက်ကြီး သူတို့ သိလိုက်ရတာက ကျန်းဖင်းရှိူ့က လုံးဝ မဆင်းရဲဘူး... ကျန်းဖင်းရှိူ့ ဆင်းရဲတယ်လို့ ဘယ်သူပြောတာလဲ?


ကျန်းဖင်းရှိူ့၏တက္ကသိုလ်ဘဝသည် အလွန်တည်ငြိမ်သော်လည်း သူ၏ဒုတိယနှစ်တွင် မ‌မျှော်လင့်ထားသောကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သည်။


ရုတ်တရက် တစ်စုံတစ်‌ယောက်က သူ့ကို တက်တက်ကြွကြွ စတင်ပိုးပန်းတော့သည်။ လူတိုင်းသိသွားကြသည့်အထိပင် ပိုးပန်းလာသေးသည်။


ကျန်းဖင်းရှိူ့ကို လိုက်လံပိုးပန်းနေသည့်သူမှာ ကောကျွင်းရိ ဟု ခေါ်သော နောက်အတန်းမှ ‌ကောင်လေးတစ်‌ယောက် ဖြစ်သည်။


လူများသည် လိင်တူကြိုက်သည့်သူများအပေါ် ပိုပိုပြီး သည်းခံနိုင်လာသော်လည်း လူအများစုက ဒါကို ဖုံးကွယ်ထားဆဲဖြစ်ပြီး လူသိမခံကြပေ။ ဒါပေမယ့် ဒီကောကျွင်းရိကတော့ ထူးခြားသည်။ သူ့လိင်စိတ်တိမ်းညွတ်မှုကို တကယ်ကြီး ကြော်ငြာရဲသည်။ လူတိုင်းက အဲ့ဒါကို သိသွားကြသည်။


ကံကောင်းစွာဖြင့် တက္ကသိုလ်ရှိ ကျောင်းသားအများစုသည် စိတ်သဘောထား ပွင့်လင်းကြပြီး မည်သူကမျှ သူ့ကို အတိုက်အခံမလုပ်သည့်အပြင် သူက အရမ်းမိုက်တယ် လို့ မိန်းကလေးအချို့က ထင်ကြကာ သူ့ကို စတင်ထောက်ခံကြတော့သည်။


အချိန်အတိုင်းအတာတစ်ခုအထိ ကောကျွင်းရိသည် ကျောင်းမှာ လူသိများခဲ့သည်။


ဤလူအကြောင်းကို ကျန်းဖင်းရှိူ့ ပထမနှစ်ကျောင်းသားဘဝမှာကတည်းက သိခဲ့ကာ ထိုသူကို ခဏတာ လေးစားလိုက်ပြီးနောက် သူ့ဘဝကို ပုံမှန်အတိုင်း ဆက်လက်နေထိုင်ခဲ့သည်။


သူလည်း ယောက်ျားတွေကို ကြိုက်ပေမယ့် သူ့အချစ်ရေးအကြောင်း ဆွေးနွေးမခံချင်တာကြောင့် ကောကျွင်းရိလိုမျိုး သူ့လိင်စိတ်တိမ်းညွတ်မှုကို ဖွင့်ပြောမှာ မဟုတ်ဘူး။


သို့သော်ငြား သူ စေတနာ့ဝန်ထမ်းလှုပ်ရှားမှုတစ်ခုမှာ ကောကျွင်းရိနှင့်အတူ ပါဝင်ဖြစ်ခဲ့သည်။ ကောကျွင်းရိက သူနှင့်အတူတူပဲဆိုတာကို သိသွားပြီး သူ့ကိုမေးခဲ့၏။


ကျန်းဖင်းရှိူ့သည် တူညီသောလူများနှင့် တွေ့ဆုံခဲပြီး လိင်စိတ်တိမ်းညွတ်မှုကို လူသိထင်ရှား ပြောဝံ့သည့် ကောကျွင်းရိကဲ့သို့သော လူများအပေါ် အထင်ကြီးသောကြောင့် သူ ဝန်ခံခဲ့သည်။


အဲ့နေ့လည်းပြီးရော ကောကျွင်းရိက တကယ်ကြီး သူ့ကို လိုက်တော့တာပဲ!


မသိမသာလိုက်တာလဲ မဟုတ်၊ သူ့ကို ပေါ်ပေါ်ထင်ထင်ကြီး လိုက်နေတာ!


ကျန်းဖင်းရှိူ့ အံ့အားသင့်သွားသည်။ သူ့လိင်စိတ်တိမ်းညွတ်မှု အရမ်းကို မထင်မှတ်ထားစွာပဲ ပေါ်သွားလိမ့်မည်လို့ သူ မမျှော်လင့်ထားချေ။


ထိုအကြောင်းကြောင့် သူ့သူငယ်ချင်းများထံမှ ဖဲကြဉ်ခြင်းကို မခံရသော်လည်း သူ့ကို စိတ်မသက်သာဖြစ်စေသည့် ထူးဆန်းသောအကြည့်များတချို့ကိုတော့ သူ လက်ခံရရှိနေဆဲဖြစ်သည်။


ကံကောင်းစွာဖြင့် သူ ကျင့်သားရသွားပြီး အခု လူတိုင်းက သူ့လိင်စိတ်တိမ်းညွတ်မှုကို သိသွားကြတော့ သူ စိတ်အေးလက်အေးဖြစ်သွားသည်။


ဒါပေမယ့် ကောကျွင်းရိရဲ့ပိုးပန်းမှုကြီးက သူ့ကို အရမ်းဒုက္ခပေးတာပဲ!


ကျန်းဖင်းရှိူ့သည် ကောကျွင်းရိအား တုန့်ဆိုင်းမှုမရှိဘဲ ငြင်းဆိုသော်လည်း ကောကျွင်းရိသည် လက်မလျှော့ဘဲ ကျန်းဖင်းရှိူ့အား လက်ဆောင်များနှင့် ဖွင့်ပြောဝန်ခံခြင်းများစွာကို အမြဲပေးသည်။


ကျန်းဖင်းရှိူ့က အနှောင့်အယှက်ကို သည်းမခံနိုင်ပေမယ့် လူအချို့က သူတို့ဒီလိုလုပ်နေတာကိုမြင်ပြီး ဇွတ်အတင်း သူ့ကို လက်ခံခိုင်းတော့သည်။


လူများစွာ၏အမြင်တွင် ကောကျွင်းရိသည် ကျန်းဖင်းရှိူ့လောက် ချောမောခြင်းမရှိသော်လည်း၊ သူ့အဆင့်များက ကျန်းဖင်းရှိူ့လောက် မကောင်းမွန်သော်လည်း သူသည် ချမ်းသာပြီး ချစ်စိတ်ပြင်းပြသူဖြစ်သည်။ ကျန်းဖင်းရှိူ့က သူနှင့်လိုက်ဖက်သည်။


ယနေ့သည် ခရစ်စမတ်နေ့ဖြစ်သဖြင့် ကျန်းဖင်းရှိူ့သည် အတန်းပြီးသည်နှင့် အိမ်သို့အမြန်ပြန်သည်။


လွန်ခဲ့သည့်နှစ်အနည်းငယ်က ယန်ကျင်းဇီသည် ငွေရှာရန် အလုပ်များခဲ့ပြီး အားလပ်ရက်များစွာကို သူနှင့်အတူ မကုန်ဆုံးနိုင်ခဲ့ပေ။ ယခုအခါ ပိုက်ဆံလုံလောက်သွားပြီဖြစ်၍ အားလပ်ရက်များတွင် သူတို့နှစ်ယောက်တည်း အပြင်ထွက်စားလေ့ရှိသည်။ သူ ဒီနေ့ညစာကို အရမ်းမျှော်လင့်ထားသည်။


သို့သော်လည်း ကျန်းဖင်းရှိူ့ စာသင်ခန်းထဲမှ ထွက်လာသည်နှင့်တပြိုက်နက် ပန်းများကိုင်ထားသော ကောကျွင်းရိ၏ တားဆီးခြင်းကို ခံလိုက်ရသည်။


" ကျန်းဖင်းရှိူ့၊ ဒါက မင်းအတွက်။ "


" တောင်းပန်ပါတယ် ငါလက်မခံနိုင်ဘူး။ "


ကျန်းဖင်းရှိူ့က တဲ့တိုးပြောသည်။


ကျန်းဖင်းရှိူ့သည် အလွန်အေးစက်စွာ ပြုမူခဲ့ပြီး ကောကျွင်းရိတွင် ဝမ်းနည်းသောအမူအရာ ပေါ်လာခဲ့သည်။ ဤအချိန်၌ ကောကျွင်းရိနှင့်အတူပါလာသော ကျောင်းသားနှစ်ယောက်က


" ကျန်းဖင်းရှိူ့၊ မင်းရဲ့သဘောထားက ဘာလို့ ဒီလောက် ဆိုးနေရတာလဲ? "


" ကျန်းဖင်းရှိူ့၊ ကောကျွင်းရိက မင်းကို ပန်းတွေပေးဖို့ လာခဲ့တာ၊ မင်းက ဘာလို့ ဒီလိုဖြစ်နေတာလဲ? "


ကျန်းဖင်းရှိူ့က ဒီလူတွေကို ဂရုမစိုက်ချင်ပေ။


" ငါ အိမ်အမြန်ပြန်ရမှာ။ အရင်သွားနှင့်မယ်။ "


" နေဦး! "


ကောကျွင်းရိက အော်လိုက်ပြီး


" ကျန်းဖင်းရှိူ့၊ မင်းက ဘာလို့ ငါ့ကို သဘောမတူတာလဲ? "


အစပိုင်းတွင် ကောကျွင်းရိသည် နောက်အတန်း၌ တောင်ပေါ်မှလာသည့် ဆင်းရဲသော ကျောင်းသားတစ်ဦး ရှိကြောင်း ကြားလိုက်ရသည့်အချိန်မှ ကျန်းဖင်းရှိူ့အကြောင်း ကြားဖူးခဲ့ခြင်းဖြစ်သည်။


ကျန်းဖင်းရှိူ့မှာ မိဘများမရှိတော့ဘဲ အဖွားနှင့်အတူနေသည်။ ဆင်းရဲသည့်စီရင်စုမှ ဤအဖြစ်အပျက်ကို သိရဖို့က လွယ်လွန်းသည်။ ထိုအကြောင်းများသည် ကျန်းဖင်းရှိူ့အား လူအများက စာနာမှုဖြစ်စေသည်။


ဒါပေမယ့် ကျန်းဖင်းရှိူ့က သူ့‌စာလေ့လာမှုအပေါ် အလေးအနက်ထားပြီး ရုပ်ရည်ကလည်း အရမ်းချောမောတာကြောင့် ပိုနာမည်ကြီးလာသည်။


တကယ်တော့ သူတို့ဌာနမှာ ကျန်းဖင်းရှိူ့ကို သဘောကျသည့် မိန်းကလေးများစွာရှိသည်။ ကျန်းဖင်းရှိူ့၏မိသားစုက အလွန်ဆင်းရဲသည်ဟု ကြားသိရတာတောင်မှ ကျန်းဖင်းရှိူ့အား ချစ်ခင်မှုကိုပြသည့် မိန်းကလေးများ ရှိနေသေးပြီး ကျန်းဖင်းရှိူ့ကတော့ ငြင်းဆိုခဲ့သည်။


ကောကျွင်းရိသည် ကျန်းဖင်းရှိူ့ကို အလွန်နှစ်သက်ပြီး ကျန်းဖင်းရှိူ့၏မိသားစုနောက်ခံကို ဂရုမစိုက်။


သူ့မိသားစုက ချမ်းသာပြီး ဩဇာတိက္ကမ ကြီးမားသည် ဟု မသတ်မှတ်နိုင်ပေမယ့် သူတို့က အတော်လေးတော့ ချမ်းသာသေးသည်။ သူ့တစ်လအသုံးစရိတ်က ၈၀၀၀ ဖြစ်သည်။ သူ့မှာပိုက်ဆံမပြတ်ဘူး။ သူ့မိဘများစီကလည်း ပိုက်ဆံအပိုရနိုင်ပြီး ကျန်းဖင်းရှိူ့ကို လုံးဝထောက်ပံ့နိုင်သည်။


အစက သူသည် ကျန်းဖင်းရှိူ့က အဖြောင့်တစ်ယောက်လို့ ထင်သောအခါ ကျန်းဖင်းရှိူ့ သူနှင့်အတူနေအောင် အပျော့ဆွဲဆွဲနိုင်ရန် ပိုက်ဆံသုံးသင့်၊မသုံးသင့် စဉ်းစားခဲ့သည်။ နောက်ပိုင်း ကျန်းဖင်းရှိူ့ကလည်း သူ့လိုပဲ ယောက်ျားများကိုနှစ်သက်ကြောင်း သူ သိလိုက်ရသဖြင့် ကျန်းဖင်းရှိူ့ကို ရအောင်လိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။


ဒါပေမယ့် သူ မထင်ထားတာက ကျန်းဖင်းရှိူ့က သူ့ကို တကယ်ကြီးငြင်းပယ်ခဲ့တာပဲ။


သူ၏ ဘက်ပေါင်းစုံမှအခြေအနေများက အရမ်းကောင်းသည်ဟု သူ ယုံကြည်ပြီး သူက ကျန်းဖင်းရှိူ့ကို ကြိုက်သည်။ ကျန်းဖင်းရှိူ့က ဘာလို့ ငြင်းနေတာလဲ?


ဤရက်ပိုင်းများတွင် ကောကျွင်းရိက အနည်းငယ်စိတ်ဆိုးနေခဲ့ကာ အခု သူ ထပ်မေးသည်။


ကျန်းဖင်းရှိူ့က ပြန်ပြောသည်။


" ငါပြောပြီးသား။ ငါ့မှာ ငါ့ရည်းစားကောင်လေးရှိတယ်။ "


သူ့မှာရည်းစားရှိပြီးသားဖြစ်ကြောင်း ကျန်းဖင်းရှိူ့က ကောကျွင်းရိကို ပြောပြပြီးသားဖြစ်ပေမယ့် ကောကျွင်းရိက လုံးဝဂရုမစိုက်ဘဲ သူ့ပိုးပန်းမှုကို မရပ်ပေ။


ကျန်းဖင်းရှိူ့၏စကားများကို ကြား‌သောအခါ ကောကျွင်းရိဘေးမှ ကျောင်းသားများက


" ကျန်းဖင်းရှိူ့၊ မင်းက မင်းမှာ ကောင်လေးရှိတယ် ပြောနေပေမယ့် အဲ့လူကို ငါတို့ တစ်ခါမှ မတွေ့ဖူးဘူး။ "


" အဲ့လူက ကောကျွင်းရိထက် ပိုသာလို့လား? "


ကျန်းဖင်းရှိူ့၏ပြောဆိုချက်အရ ကောလိပ်မတက်ခင်ကတည်းက သူ့မှာ ရည်းစားရှိသည်။


ထိုကဲ့သို့သော စီရင်စုငယ်လေးတွင် သူက အထက်တန်းကျောင်း တက်ခဲ့သည်။ သူ ပြောနေသော ဟိုမှာရှိသည့် သူ့ရည်းစားက ဘယ်လိုလူလဲ?


" ငါ့ကောင်လေးက အရမ်းကောင်းတယ်။ "


ကျန်းဖင်းရှိူ့က ဖြေခဲ့သည်။ သူ့မိသားစု၏ယန်ကျင်းဇီက ကောကျွင်းရိထက် သေချာပေါက်ပိုကောင်းသည်။ ဒီကမ္ဘာမှာ ယန်ကျင်းဇီထက် ပိုကောင်းတဲ့လူဆိုတာ မရှိဘူး!


ယန်ကျင်းဇီအကြောင်းပြောသောအခါ ကျန်းဖင်းရှိူ့၏မျက်ဝန်းများ နူးညံ့သွားသည်။


ဒါပေမယ့် ဒီအချိန်မှာ ကောကျွင်းရိက ရုတ်တရက်ကြီး ‌ပြောလာသည်။


" မင်းမှာရည်းစားရှိတာ သေချာရဲ့လား? "


ကျန်းဖင်းရှိူ့ မျက်မှောင်ကုတ်သွားသည်။


ကောကျွင်းရိက ပြောသည်။


" မင်း ငယ်ငယ်ကတည်းက မင်းမိဘတွေ ဆုံးသွားတယ်။ မင်းမှာ အဖွားတစ်ယောက်ပဲ ရှိတယ်။ ဆင်းရဲတဲ့ကျောင်းသားတွေအတွက် ကျောင်းထောက်ပံ့ကြေးတွေ၊ ကျောင်းချေးငွေတွေ၊ အဲ့တာမျိုးတွေရှိပေမယ့် မင်းက အဲ့ဒါတွေမသုံးဘဲနဲ့ ကျောင်းစရိတ်တွေ ပေးနိုင်နေတုန်းပဲ။ များသောအားဖြင့် မင်း‌ရဲ့အဝတ်အစားအများစုက တော်တော်လေး ဈေးပေါပေမယ့် မင်းခြေထောက်ပေါ်က အဲ့ရှူးဖိနပ်တွေက အနည်းဆုံး ၂၀၀၀ လောက် တန်ဖိုးရှိတယ်။ ကျန်းဖင်းရှိူ့၊ ဘာရည်းစားလဲ၊ မင်း ပိုင်းလုံးလုပ်စားနေတာမဟုတ်ဘူးလား? "


ကျန်းဖင်းရှိူ့ အံ့အားသင့်သွားကာ သူ့ရှူးဖိနပ်ကို သူ ကြည့်မိသည် : " ငါ့ဖိနပ်က ၂၀၀၀ လောက် ရှိတာလား? " ဒီရှူးဖိနပ်ကို ယန်ကျင်းဇီက သူ့အတွက် ဝယ်ခဲ့ခြင်းဖြစ်သည်။ ဝတ်ရတာ သက်တောင့်သက်သာရှိလို့ သူ ဆက်ဝတ်ထားခဲ့ပေမယ့် ဒီရှူးဖိနပ်က နှစ်ထောင်ကြီးများတောင် ကုန်တယ်? အရမ်းဈေးကြီးတာပဲ!


" ဘာတွေဟန်ဆောင်နေတာလဲ? "


ကောကျွင်းရိက ဆက်ပြောသည်။


" မင်းလက်က နာရီကလည်း ဈေးမပေါဘူး။ ကျန်းဖင်းရှိူ့၊ ငါ မင်းကို တကယ်ကြိုက်ပြီး မင်းနဲ့အတူရှိနေချင်ပေမယ့် မင်းကရော? မင်းက စောင့်စည်းမှုမရှိဘူးပဲ! "


ကောကျွင်းရိက အမှန်တကယ် စိတ်ဆိုးနေတာ ဖြစ်သည်။ သူက ကျန်းဖင်းရှိူ့ကို နှစ်လလောက် အပြင်းအထန် လိုက်ခဲ့သည်။ အောင်မြင်လိမ့်မယ်လို့ သူ ထင်ခဲ့ပေမယ့် ကျန်းဖင်းရှိူ့က တစ်ခါမှ သဘောမတူတော့ သူ မျက်နှာပျက်ရသည်။


ကောကျွင်းရိ၏စကားကို ကြားသောအခါ သူ့ပတ်ဝန်းကျင်ရှိ ကျန်းဖင်းရှိူ့ကို ကြည့်နေသော လူများ၏ မျက်နှာအမူအရာများက အနည်းငယ်ပြောင်းလဲသွားသည်။


ကျန်းဖင်းရှိူ့ သူ့လက်က နာရီကို တစ်ချက်ကြည့်လိုက်ပြန်သည်။ ဒီနာရီက အရမ်းရိုးရှင်းသည်။ ဒါကို ယန်ကျင်းဇီက သူ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အချိန်မလွတ်စေဖို့ ဝယ်လာပေးတာ။ သူက ဒီနာရီကို အလွန်ဆုံး ဒေါ်လာအများကြီးတန်မယ်လို့ ထင်ခဲ့ပေမယ့် ဒါကလည်း အရမ်းဈေးကြီးတယ်လား?


ဤအချိန်တွင် ကျန်းဖင်းရှိူ့၏သူငယ်ချင်းများသည် နိုးကြားတက်ကြွလာကြပြီး ကျန်းဖင်းရှိူ့ကို ကူညီသည်။


" ကျန်းဖင်းရှိူ့က သူဆင်းရဲတယ်လို့ ဘယ်တုန်းကမှ မပြောဖူးဘူး။ "


" ကျန်းဖင်းရှိူ့က မဆင်းရဲဘူး။ ဖိနပ်တစ်ရံနဲ့ နာရီတစ်လုံးလောက် ဝယ်တာ ဘာမှားနေလို့လဲ? "


သူတို့က ကျန်းဖင်းရှိူ့နှင့် အမြဲတမ်း စာအတူကျက်နေကြဖြစ်သည်။ ကျန်းဖင်းရှိူ့က ပိုက်ဆံချွေတာသုံးတတ်သော်လည်း သူကမဆင်းရဲဘူးလို့ အကြိမ်ရေအများကြီးပြောဖူးသည်။


ဒီရက်ပိုင်း သူ့လိင်စိတ်တိမ်းညွတ်မှုအကြောင်း လူသိရှင်ကြားဖြစ်သွားပြီးနောက် ကျန်းဖင်းရှိူ့က သူနှင့်သူ့ကောင်လေးက ဆက်ဆံရေးကောင်းမွန်ကြသည်ဟု အကြိမ်ပေါင်းများစွာ ထုတ်ပြောဖူးသည်။ ဒီတော့ ဘာကြောင့် ကောကျွင်းရိက ထွက်လာပြီးတော့ "ပိုင်းလုံး" လို့ ပြောတာလဲ? ကျန်းဖင်းရှိူ့က အဲ့လိုလူမျိုး မဟုတ်ဘူး။


နေရာ၌ လူအုပ်စုတစ်စု ဖြစ်လာလေရာ ကျန်းဖင်းရှိူ့၏ counselor* ထွက်လာပြီး


" အတန်းပြီးသွားပြီ။ မြန်မြန်လူစုခွဲကြ! မင်းတို့သွားရမယ့် ခရစ်စမတ်အတွက် ချိန်းဆိုထားတဲ့ နေရာတွေကို သွားကြတော့! မင်းတို့က ဒီမှာ ဘာလို့ လတ်လျားလတ်လျား လာလုပ်နေကြတာလဲ? "


ကျန်းဖင်းရှိူ့ကိုကြိုက်သည့် မိန်းကလေးတစ်ယောက်က ဝင်ပြောသည်။


" ကျန်းဖင်းရှိူ့မှာ အမြဲတမ်းလုပ်နေတဲ့ အချိန်ပိုင်းအလုပ်တစ်ခုရှိတယ်။ ဒါကြောင့် သူက ပိုက်ဆံရှာနိုင်တယ်! "


" အချိန်ပိုင်းအလုပ်? သူက ကျောင်းမှာမနေဘဲ အပြင်မှာ နေ့တိုင်းနေနေတာ။ အကယ်၍ သူသာ အချိန်ပိုင်းအလုပ်ပေါ်မှာ မှီခိုနေရမယ်ဆိုရင် ငါထင်တာ သူ အိမ်ငှားခတောင် တတ်နိုင်ပါ့မလား? ညတိုင်း သူ ဘာလုပ်နေလဲ ဘယ်သူကသိမှာလဲ? ဘယ်ယောက်ျားရဲ့ဘေးမှာ သူ အိပ်နေလဲ ဆိုတာကိုရော? "


ဘာပဲဖြစ်ဖြစ် သူ ကျန်းဖင်းရှိူ့ကို မဖမ်းနိုင်မှတော့ ကျန်းဖင်းရှိူ့ကို နာမည်ဖျက်ဖို့ သူ စဉ်းစားထားသည်။


သူ ကျန်းဖင်းရှိူ့နှင့်အတူမရှိတာက ကျန်းဖင်းရှိူ့က သူ့ကို အထင်သေးလို့မဟုတ်ဘဲ သူက ကျန်းဖင်းရှိူ့ကို အထင်သေး၍ဖြစ်သည်။


" သူက ငါ့ဘေးမှာ အိပ်နေတာ၊ ဘာကိစ္စရှိလို့လဲ? " 


ထိုအချိန်တွင် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။


အားလုံးက ခေါင်းလှည့်ကြည့်လိုက်တော့ လူငယ်တစ်ယောက်က သူတို့စီ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။


လူငယ်သည် သနပ်ခါးရောင် သိုးမွှေးကုတ်အင်္ကျီကို ဝတ်ဆင်ထားကာ ကြယ်သီးများကို စေ့စေ့စပ်စပ် တပ်ထားပြီး သူ့လည်ပင်းတွင် အနက်ရောင်လည်စည်းတစ်ထည်ကို ပတ်ထားသည်။


ဒါက ရိုးရိုးရှင်းရှင်း အဝတ်အစား ဖြစ်ပေမယ့် သူက အရမ်း‌ကြည့်ကောင်းနေတော့ လူတိုင်း၏စိတ်အာရုံကို ချက်ချင်းဖမ်းစားနိုင်လိုက်သည်။


ကောင်းကျွင်းရိက သူ့လက်ထဲမှာ နှင်းဆီပန်းတစ်စည်းကို ကိုင်ထားရင်တောင်မှ သူ့ကို ဘယ်သူမှ သတိမထားမိကြတော့ဘူး။


ကျန်းဖင်းရှိူ့က ဒီလူကို မြင်တော့ ပြုံးသွားသည်။


" အစ်ကိုကျင်းဇီ! "


ပြုံးပြီးနောက် သူ့ခြေထောက်ပေါ်က နှစ်ထောင်တန်ရှူးဖိနပ်ကို သူ ‌တွေးမိလိုက်ကာ အနည်းငယ်ရှုပ်ထွေးသွား၏။


သူက အားကစားသမား မဟုတ်ဘူး။ နှစ်ထောင်တန်ဖိနပ်ဝတ်တာက နှစ်ရာတန်ဖိနပ်ဝတ်တာနဲ့ အတူတူပါပဲ။ ဘာလို့ သူ့ကို ဒီလောက်စျေးကြီးတဲ့ ဖိနပ်ကို ဝယ်ပေးရတာလဲ?


သူ အခု နာကျင်နေရပြီ!


" ခင်ဗျားက ဘယ်သူလဲ? " 


ကောကျွင်းရိက မေးသည်။


" ငါက ကျန်းဖင်းရှိူ့ရဲ့ ရည်းစား။ "


ယန်ကျင်းဇီက ဖြေလိုက်သည်။


" တစ်ယောက်ယောက်က ငါ့ရည်းစားကို နှောင့်ယှက်နေတယ် ဆိုတာ ငါကြားဖူးတာ ကြာပြီ...အဲ့တာ မင်းလား? "


ယန်ကျင်းဇီ၏ရောင်ဝါလက္ခဏာက ပြင်းထန်လှပြီး ကောကျွင်းရိက သိသိသာသာ အားနည်းလှသည်။


" ခင်ဗျားက တကယ်ပဲ သူ့ရည်းစားလား? "


" အတု ဖြစ်နိုင်ပါ့မလား? "


ယန်ကျင်းဇီသည် ကျန်းဖင်းရှိူ့ကို လှမ်းဆွဲလိုက်ပြီး ပြောခဲ့သည်။


" ကျန်းဖင်းရှိူ့မှာ ရည်းစားရှိပြီးသားပါ။ ‌အနာဂတ်မှာ မင်း သူနဲ့ဝေးဝေးနေပြီး သူ့ကိုမနှောင့်ယှက်တော့ဖို့ ငါ မျှော်လင့်ပါတယ်။ "


ကောကျွင်းရိသည် ကျန်းဖင်းရှိူ့ကို မရနိုင်သည့်အတွက် ရှက်ရွံ့နေသော်လည်း အခု ဒီစကားကိုကြားလိုက်ရတော့ သူ ပိုရှက်သွားသည်။


" ခင်ဗျားက တကယ်ပဲ သူ့ရည်းစားလား? ကျွန်တော်ကတော့ လူတွေကိုလှည့်စားဖို့ သူ မရိုးဖြောင့်တဲ့ လူရမ်းကားတစ်ယောက် ( ယောက်ျားပြည့်တန်ဆာ ) ငှားထားတယ်ထင်တာပဲ! "


ဘယ်လိုပဲဖြစ်ဖြစ် ကောကျွင်းရိပြောပြီးတာနဲ့ counselor က အော်လိုက်သည်။


" ကောကျွင်းရိ၊ မင်း ဘာတွေပြောနေတာလဲ! "


ကောကျွင်းရိ ထိတ်လန့်သွားပြီး ထို့နောက် counselor က ယန်ကျင်းဇီစီ လျှောက်လာပြီး မျက်နှာပေါ်တွင် အံ့ဩနေသော အမူအရာဖြင့် ယန်ကျင်းဇီအား ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။


" ကြီးမြတ်တဲ့နတ်ဘုရား! ကြီးမြတ်တဲ့နတ်ဘုရားယန်! ငါတို့ အရင်က တွေ့ဖူးတယ်။ မင်း ငါ့ကို မှတ်မိလား? "


" မှတ်မိတယ်။ ဒီကျောင်းရဲ့ကိုယ်စားပြုအနေနဲ့ မင်း ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး တတိယဆုရသွားတာ။ "


ယန်ကျင်းဇီ သူ့ရှေ့ကလူကို မှတ်မိသည်။


သူ၏ကောလိပ်နှစ်များအတွင်း ဆုငွေအတွက် သူသည် အချို့ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ သင်္ချာပြိုင်ပွဲတစ်ခုမှာ သူ့ရှေ့က‌ဒီလူနှင့် တွေ့ခဲ့သည်။


အဲ့အချိန်မှာ ဒီလူက သူ့အဆင့်များကို သံသယဖြစ်ခဲ့ပြီး သူက ဒီလူကို IQ ဖြင့် ချေမှုန်းခဲ့ကာ ယွမ်တစ်ထောင်ကို အနိုင်ရရှိခဲ့သည်။


" ကြီးမြတ်တဲ့နတ်ဘုရားရေ၊ အဲ့ဒါ ငါပဲ! ငါ မင်းကို အမြဲတမ်း လေးစားနေခဲ့တာ! မင်း ငါ့ကို လက်မှတ်ထိုးပေးပါဦး! "


counselor သည် ယန်ကျင်းဇီအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေခဲ့ပြီး ရုတ်တရက် သူ့နောက်က ကျောင်းသားများကို လှည့်ကြည့်သည်။


" ဘယ်သူ့စီမှာ ဘောပင်နဲ့စာရွက် ရှိလဲ? "


ကျောင်းသားများသည် စာရွက်နှင့်ဘောပင်ကို အစောတလျင် ပေးခဲ့ကြပြီး counselor က ချက်ချင်းပဲ စာရွက်နှင့်ဘောပင်ကိုယူကာ ယန်ကျင်းဇီအား လက်မှတ်ထိုးရန် ကမ်းလှမ်းလိုက်၍ ပြောခဲ့သည်။


" ကြီးမြတ်တဲ့နတ်ဘုရား၊ စွန့်ဦးတီထွင်မှုဆိုင်ရာ ဟောပြောချက်တွေ ပို့ချပေးဖို့ အောင်မြင်သူတချို့ကို ငါတို့ကျောင်းက မကြာသေးခင်ကပဲ ဖိတ်ခေါ်ချင်နေတာ။ မင်းမှာ အချိန်ရှိနိုင်လား? "


" ဒါက ငါ့ရည်းစားရဲ့ကျောင်းပါ။ ငါ့မှာ အချိန်ရှိတာပေါ့။ "


ယန်ကျင်းဇီက ဖြေလိုက်သည်။


counselor က ယန်ကျင်းဇီနှင့် ချက်ချင်း စကားစမြည်ပြောဆိုတော့သည်။ သူ့သဘောထားက နည်းနည်းလေး...မျက်နှာချိုသွေးပြီး မြှောက်ပင့်နေသလိုပဲ?


ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ပတ်ဝန်းကျင်က ကျောင်းသားများ အံသြသွားကြသည်။


ဒီလူက ဘယ်သူလဲ?


အဆုံးမှာတော့ မိန်းကလေးတစ်ဦးက ပြောလာခဲ့သည်။


" အဲ့တာ ယန်ကျင်းဇီပဲ! ငါက အရမ်းကိုသနားစရာလေးဖြစ်နေပြီလား? အစက ငါက ကျန်းဖင်းရှိူ့ကို ကြိုက်ပေမယ့် ကျန်းဖင်းရှိူ့က ကောင်လေးတွေကိုပဲ ကြိုက်တယ်။ ယန်ကျင်းဇီကအရမ်းချောတယ်လို့ ငါ တွေးနေတာ သိပ်မကြာသေးဘူး။ ဒါပေမယ့် သူကလည်း ကောင်လေးတွေကိုပဲ ကြိုက်တယ်... "


" ယန်ကျင်းဇီ? "


တချို့လူတွေက စပ်စုကြသည်။


မိန်းကလေးက ပြန်ဖြေသည်။


" နင်တို့ Baidu* မှာ ရှာတတ်တယ်ဆိုရင် သူက ဘယ်သူလဲဆိုတာ နင်တို့ သိသွားလိမ့်မယ်! "


လူတွေက သူတို့ဖုန်းကို ထုတ်ပြီး Baidu မှာ ရှာကြသည်...


" ဒီယန်ကျင်းဇီက အရမ်းစွမ်းအားကြီးတယ်! "


" တက္ကသိုလ် A ရဲ့ ကျောင်းသား! သူက ကျောင်းတက်နေတုန်း လုပ်ငန်းတစ်ခုစလုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးကိုလည်း ရခဲ့သေးတယ်! "


" ငါ သူ့ကုမ္ပဏီကို သိတယ်။ ငါ့ဦးလေးလျှောက်ကြွားနေတဲ့ ငါ့ဝမ်းကွဲက သူ့ကုမ္ပဏီမှာ အလုပ်လုပ်တာ။ "


" လူအစစ်က ပုံတွေထဲကထက် ပိုချောတာပဲ! "


ကျန်းဖင်းရှိူ့မှာ တကယ်ပဲ အဲ့လောက်ကောင်းတဲ့ ရည်းစား ရှိတာလား?



လူအများက ယန်ကျင်းဇီမှာ ပိုက်ဆံရှိသည့်အပြင် ရုပ်ချောပြီးတော့ သူသာ ရည်းစားလိုချင်မယ်ဆိုရင် တစ်ယောက်ပြီးတစ်ယောက် သူ့စီ အပြေးအလွှား ရောက်လာကြမယ့် လူအုပ်လိုက်ကြီး ရှိလာလိမ့်မည်ဟု ပြောကြသည်။ ညစ်ပတ်တဲ့ကိစ္စမျိုး သူ လုပ်ဖို့လိုဦးပါ့မလား? ထို့ထက် ပိုအရေးကြီးသည်မှာ လူများသည် ယန်ကျင်းဇီနှင့်ကျန်းဖင်းရှိူ့သည် ဇာတိတူသည်ကို ရှာတွေ့သွားကြသည်!


ဒါဆို သူတို့နှစ်‌ယောက်က အချစ်စစ်မှာ ပျော်ဝင်နေကြတာပေါ့?


ဤအချိန်၌ ကျန်းဖင်းရှိူ့၏သူငယ်ချင်းတစ်ယောက်က ပြောသည်။


" တကယ်တော့ ကျန်းဖင်းရှိူ့မှာ ငွေမပြတ်ပါဘူး။ သူက ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို အမြဲလိုလို လေ့လာနေပြီး ငါတို့ကိုလည်း ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေကို စီမံခန့်ခွဲဖို့ အကြံပေးသေးတယ်။ "


အရင်က ဒီလိုပြောခဲ့မယ်ဆိုရင် လူတိုင်းက မယုံကြလောက်ဘူး။ ဒါပေမယ့် အခု... ဒါက လူသိမခံချင်တဲ့ သူဌေးလား?


ကောကျွင်းရိ ဘယ်အချိန်က တိတ်တဆိတ် ထွက်သွားလဲဆိုတာကို ဘယ်သူမှ မသိလိုက်ကြချေ။


တစ်ချိန်တည်းမှာပဲ ကျန်းဖင်းရှိူ့၏အိမ်တွင် ရွှေတွင်းတစ်တွင်းရှိနေသည်ဟု ကျောင်းမှာ ကောလာဟလအသစ်တစ်ခု ထွက်ပေါ်ခဲ့သည်။


ဒီကိစ္စကို နောက်ပိုင်းမှာ အတည်ပြုနိုင်ခဲ့ပါသည်။


အကြောင်းအရင်းကား လူအချို့က ကျန်းဖင်းရှိူ့ ဇိမ်ခံကားတစ်စီး မောင်းနှင်လာသည်ကို တွေ့လိုက်ကြပြီး အခြားသူများကတော့ ကျန်းဖင်းရှိူ့သည် ဤမြို့၌ အိမ်တစ်လုံးပိုင်ကြောင်း ရှာတွေ့ခဲ့သည်!


ဒီက အိမ်ဈေးတွေက အရမ်းဈေးကြီးတာ! တကယ်ကြီး ကျန်းဖင်းရှိူ့မှာ အိမ်ရှိတယ်!


ကျန်းဖင်းရှိူ့: "...."


သူ့အိမ်မှာ ရွှေတွင်း လုံးဝမရှိပါဘူး!


အခုတော့ သူ တအားစိတ်ဖိစီးနေရပြီ။ ယန်ကျင်းဇီက ဘာလို့ သူ့ကို ကားကောင်းကောင်း ဝယ်ပေးရတာလဲ? ပိုက်ဆံရှိရင်လည်း ဘဏ္ဍာရေးစီမံခန့်ခွဲမှုထဲ ထည့်လိုက်သည်ကမှ ပိုကောင်းဦးမည်။ မဟုတ်လည်း အိမ်တစ်လုံးဝယ်ပြီး အိမ်ငှားခကောက်လို့ရတာပဲကို...

____

*Baidu - China's Google ^_^


*Counselor - တက္ကသိုလ်အကြံပေးတစ်ဦးကို ဝင်ခွင့်အကြံပေးအဖြစ် တစ်ခါတစ်ရံ ရည်ညွှန်းလေ့ရှိပြီး ကျောင်းသားများနှင့် တက္ကသိုလ်တစ်ခုကြား ဆက်သွယ်မှု၏ ပထမဆုံးလိုင်းဖြစ်သည်။ တက္ကသိုလ်အကြံပေးတစ်ဦးမှ ပံ့ပိုးပေးသော ဝန်ဆောင်မှုများသည် ကျောင်းသားသစ်များအဖြစ် ဝင်ခွင့် သို့မဟုတ် အခြားကျောင်းမှ ပြောင်းရွှေ့ရန် ပြင်ဆင်နေသော ကျောင်းသားများအတွက် အထူးအရေးကြီးပါသည်။ [ source : google ]

____