Extra - အိမ်ပြန်ခြင်း
ပထမဆုံးသောစန္ဒြမာသ*၏ ခုနှစ်ရက်မြောက်နေ့၊ ယန်မိသားစုနေထိုင်ရာ တောင်ပေါ်ရွာငယ်လေး။
နှစ်သစ်ကူးဆိုတော့ အပြင်မှာ အလုပ်လုပ်တဲ့လူတွေက တစ်ယောက်ပြီး တစ်ယောက် ရွာကို ပြန်လာကြသည်။
လူတစ်ယောက်အတွက် မျက်နှာဟာ အရေးကြီးဆုံးပါပဲ။ အကယ်၍ သူတို့သာ အပြင်မှာ ကောင်းကောင်းနေနေရတယ်ဆိုရင် သူတို့က ကြီးကျယ်ခမ်းနားစွာဖြင့် အိမ်ပြန်လာကာ မျက်နှာပြကြွားဝါရမည်။ မဟုတ်ရင်တော့ သူတို့ အပြင်မှာ ဘယ်လောက်ပဲချမ်းသာပါစေ အဓိပ္ပာယ်မရှိဘူး။
အနည်းဆုံးတော့ ဒီရွာက လူအများစု ဒီလိုတွေးကြတာပဲ။
ဒါကြောင့် တချို့လူတွေက အပြင်မှာ ဟင်းသီးဟင်းရွက်တွေပဲ စားရရင်တောင် သူတို့ခမျာ အထုပ်လိုက် ပိုက်ဆံစုပြီး နှစ်သစ်ကူးမှာ ကြွားဝါဖို့ ရွာပြန်ရသည်။
ဒီဘက်နှောင်းပိုင်းခေတ်များ၌ ရွာတွင် လူများ နည်းသည်ထက် နည်းလာသည်။ အမြဲလိုလို ရွာမှာနေသည့်လူများက သက်ကြီးရွယ်အိုများနှင့် ကလေးများဖြစ်သည်။ ဒါပေမယ့် နှစ်သစ်ကူးဆိုရင်တော့ သက်ဝင်လှုပ်ရှားမှုလေးရှိလာကာ ပြန်ပြီးစည်ကားလာသည်။ ရွာသူကြီးကျန်း ဖွင့်ထားသည့် ရွာထိပ်က ဆိုင်ငယ်လေးမှာ သွားလိုက်၊လာလိုက်ဖြင့် ပစ္စည်းလာဝယ်သည့်သူများနှင့် ပြည့်နေသည်။ ရွာထဲက ကလေးများသည် သူတို့မုန့်ဖိုးနှင့် သရေစာမုန့်များ၊ ဗြောက်အိုးများနှင့် မီးရှူးမီးပန်းများ လာရောက်ဝယ်ယူကြပြီး ရွာထဲက ယောက်ျားများကတော့ ဝိုင်နှင့်ဖဲကတ်များ လာဝယ်ကြကာ ရွာသူများက လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များနှင့် နေ့စဉ်သုံးပစ္စည်းများကို လာဝယ်ကြသည်။
သက်တမ်းလွန် သရေစာမုန့်များ ဝယ်ယူမိသူများကတော့ မကျေနပ်ကြောင်းကို ဆိုင်တံခါးဝအထိ ရံဖန်ရံခါ လာပြောတတ်ကြ၏။
အိုဟောင်းနေသော ဆိုင်ငယ်လေးက ယခင်နှစ်များကဲ့သို့ အသက်ဝင်နေသည်။
မကြာသေးမီနှစ်များအတွင်း လူတိုင်းက ဆိုင်မှာ စကားပြောဖို့စုဝေးကြပြီး သူတို့က အကြောင်းအရာ ခေါင်းစဉ်တစ်ခုကို သေချာပေါက် ပြောကြလိမ့်မည်။ အဲ့ဒါကတော့ ယန်မိသားစုက ခြေဆွံ့လူကြီး၏ အကြီးဆုံးသား၊ ယန်ကျင်းဇီပါပဲ။
" အဲ့မသန်စွမ်း ယန်လူအိုကြီးကတော့ တကယ်ကံကောင်းတာပဲ။ သူက ကောင်းကောင်းမနေခဲ့ရဘူး။ ဒါပေမယ့် အလားအလာကောင်းတဲ့သားတစ်ယောက်ကိုလည်း မွေးပြီးရော သူ့ဘဝက တဆစ်ချိုးပြောင်းသွားတော့တာပဲ! "
" သူတို့ဘဝပြောင်းလဲမယ့်အချိန် တစ်ခါလောက်ရှိလာလိမ့်မယ်လို့ ငါ အရင်နှစ်တွေတုန်းက ပြောဖူးတယ်လေ။ ကြည့်ရတာ ငါ့ခန့်မှန်းချက် မှန်သွားပြီပဲ။ "
" ယန်ကျင်းဇီက အပြင်မှာ ကုမ္ပဏီကြီးတစ်ခု ဖွင့်ထားတယ်လို့ ငါ ကြားခဲ့တယ်။ "
" သူ ကောလိပ်တက်နေတုန်းကတည်းက ကုမ္ပဏီကြီးတစ်ခုဖွင့်ထားတာ။ အဲ့ဒါကြောင့် သူ့အဖေနေဖို့အတွက် စီရင်စုမှာ အိမ်တစ်လုံးဝယ်လိုက်သေးတယ်။ သူက ဘွဲ့လည်းရပြီးရော၊ ကုမ္ပဏီကြီးကြီးတစ်ခုကို တည်ထောင်လိုက်ပြီး ကုမ္ပဏီပိုင်ရှင် ဖြစ်လာတော့တာပဲ။ "
" သူက သူ့ညီမတွေနဲ့ညီကိုလည်း စာလေ့လာလို့်ရအောင် အပြင်ကိုခေါ်သွားသေးတယ်။ အေးဆေးတဲ့ ညီမငယ်လေးတောင် အရင်က အဆင့်တွေ မကောင်းပေမယ့် အခု သူလည်း တက္ကသိုလ်တက်နေရပြီ။ "
" ဆိုးသွမ်းပြီစနောက်ကျီစယ်တတ်တဲ့ ယန်မိသားစုက သားငယ်လေးလည်း အခုဆိုရင် ချမ်းသာဖြစ်ထွန်းနေလေရဲ့။ "
" အစ်မကြီးယန်လည်း အလားအလာကောင်းတာပဲ။ သူ ဒီနှစ် ပြန်လာတုန်းက ကားနဲ့ပြန်လာတာ။ "
ယခုအခါ ရွာသူရွာသားများသည် ထုတ်မပြောပြနိုင်ကြဘဲ ခြေဆွံ့နေသော အဖေယန်အား မနာလိုဖြစ်နေကြသည်။
သူသည် တစ်သက်လုံး လယ်လုပ်ခဲ့ပြီး ငွေအများကြီးမရှာနိုင်ခဲ့ချေ။ ဖြစ်ချင်တော့ သားလိမ္မာလေးတစ်ယောက်ကို မွေးမိပြီး တစ်မိသားစုလုံး ချမ်းသာလာကြသည်။
သူတို့ရွာမှာ တချို့လူတွေက စာသိပ်မလေ့လာကြဘဲ တချို့က အပြင်ထွက်အလုပ်လုပ်ပြီး ဆိုင်ဖွင့်ကြကာ နောက်ဆုံးမှာ ပိုက်ဆံအများကြီးရှာနိုင်ခဲ့ကြသည်။ သူတို့ပြောကြတာက ကျန်းလူအိုကြီး၏သားက သူ့မိန်းမကို ကမ်းရိုးတန်းတစ်ဖက်စီ ခေါ်သွားပြီး အဆာပြေနံနက်စာမုန့်ဆိုင်သေးသေးလေး တစ်ဆိုင်ကို ဖွင့်ထားသည်ဟူ၍။ သူက နှစ်အနည်းငယ်လောက် အလုပ်ကြိုးစားခဲ့သည်။ ယခု သူသည် တစ်နှစ်လျှင် တစ်သိန်းနှစ်သောင်း ရှာနိုင်နေပြီ။
သို့သော်ငြား သတင်းစာနှင့်တီဗီမှာ ပါနိုင်သည့် ယန်ကျင်းဇီနှင့် နှိုင်းယှဉ်ကြည့်ရင်တော့ အဲ့ဒါဟာ ဘာမှမဟုတ်ပေ။
" စကားမစပ် ဒီတရုတ်နှစ်ကူးမှာ မသန်စွမ်း ယန်လူအိုကြီးက သူ့ရဲ့ဆွံ့အနေတဲ့မိန်းမနဲ့ ပြန်လာတယ်။ "
" မနှစ်က သူတို့ရဲ့ ပျက်စီးနေတဲ့အိမ်စုတ်ကိုလည်း ပြုပြင်ထားသေးတယ်။ "
" သူတို့ ဒီနှစ် ပြန်လာတယ်မလား? မင်းတို့ပြောကြည့်... တရုတ်နှစ်ကူးအတွက် ယန်ကျင်းဇီ ပြန်လာလောက်လား? သူ ဒီကို ပြန်လာနိုင်လား? "
" သေချာပေါက် ပြန်မလာလောက်ဘူး။ သူ အလုပ်အရမ်းရှုပ်နေမှာ။ ဒီလိုမျိုး နေ့တိုင်း ငှက်ချေးတွေ နေရာတကာမြင်နေရတဲ့ နေရာကို သူက ဘယ်လိုလုပ် ပြန်လာပါ့မလဲ? သူက ဒီကိုပြန်လာပြီး ဘာကြည့်ရမှာလဲ? "
" အိုး..သူ ဒီနေရာကို အထင်သေးတာလည်း ဖြစ်နိုင်တယ်။ သူက ငယ်ငယ်ကတည်းက လူတွေကို အထင်သေးတယ်လေ။ "
ဒီအကြောင်းအရာကို သူတို့ ဆက်ပြောနေရင်း ဆိုးတဲ့ဘက်ကို ရောက်သွားသည်။
ဆိုင်ထဲမှာ ဆေးလိပ်သောက်နေသည့် ရွာသူကြီးက ပြောသည်။
" မင်းပြောတဲ့စကားက ဘာကိုဆိုလိုတာလဲ! ရက်နည်းနည်းလောက်ပဲနေပေမယ့် သူက နှစ်တိုင်းပြန်လာတာပဲ မဟုတ်ဘူးလား? မင်းသာ မြို့မှာ အိမ်ဝယ်ထားပြီး သက်တောင့်သက်သာနေရမယ်ဆိုရင် မင်း ဒီကိုပြန်လာပြီး လဝက်ကျော်လောက် နေချင်ပါ့မလား? ဒီရက်ပိုင်းမှာ လိုင်းမကောင်းလို့ အင်တာနက်ချိတ်မရဘူးဆိုပြီး နေ့တိုင်း ငါ့စီ လာညည်းနေတာ ဘယ်သူလဲ? "
ရွာသူကြီး ဝင်ပြောတော့ ဤလူများက စကားပြောတာ ရပ်သွားကြသည်။
ဤအချိန်တွင် ဆိုင်ပိုင်ရှင် ကျန်းလူအိုကြီး၏ အလားအလာကောင်းသော သားဖြစ်သူ ရောက်လာသည်။
ဒီလိုနဲ့ လူတိုင်းက သူ့ကို စကားပြောကြပြန်သည်။
ကျန်းလူအိုကြီး၏သား ရှောင်ကျန်းက ယန်ကျင်းဇီနှင့် အသက်တူတူပဲဖြစ်သည်။ သူသည် ကျောင်းတက်ကတည်းက ယန်ကျင်းဇီနှင့် ကျောင်းစာအဆင့်ချင်း နှိုင်းယှဉ်ခံခဲ့ရသည်။ နောက်ပိုင်း ယန်ကျင်းဇီ အထက်တန်းကျောင်း တက်နေတုန်း သူက အလုပ်ထွက်လုပ်ခဲ့သည်။
အစပိုင်းတွင် သူသည် ပေါက်စီဆိုင်တစ်ဆိုင်၌ အလုပ်လုပ်ခဲ့ပြီး ပေါက်စီနှင့်ဖက်ထုပ်ပြုလုပ်နည်းကို သင်ယူခဲ့သည်။ ထို့နောက် သူသည် ပေါက်စီနှင့်ဖက်ထုပ်များကို ရောင်းချရန် ဆိုင်ခန်းငယ်တစ်ခန်းအား စီစဉ်လိုက်ပြီးနောက် ဆိုင်ခန်းတစ်ခန်းငှားကာ မနက်စာဆိုင်ဖွင့်ခဲ့သည်။
သူ ဒီအလုပ်လုပ်လာတာ သုံးနှစ် သို့မဟုတ် လေးနှစ် ရှိနေပြီ။ သူ၏ကြိုးစားအားထုတ်မှုကြောင့် တစ်နှစ်ကို ယွမ် ၁၀၀,၀၀၀ ကျော် ဝင်ငွေရသည်။ သူ့အတွက်လည်း ဇနီးတစ်ယောက်ကို သူကိုယ်တိုင်ရှာတွေ့ခဲ့သည်။ ကောလိပ်ကနေ ဘွဲ့ရထားသည့် ယန်ကျင်းဇီထက် မနိမ့်ဘဲ သူ အရမ်း အောင်မြင်နေပြီဟု သူ ထင်သည်။ အဲ့နှစ်တုန်းက သူ အိမ်ပြန်တော့ သူက ကြွားချင်ခဲ့သည်။ တိုက်ဆိုင်စွာဖြင့် အဲ့နှစ်က ယန်ကျင်းဇီလည်း အိမ်ပြန်လာသည်။ သူက ကောလိပ်တက်နေဆဲဖြစ်ပြီး ပိုက်ဆံလည်းပါလာခဲ့သည်။ သူက သူ့အကြွေးများကို ပြန်ဆပ်နိုင်ရုံတင်မကဘဲ သူ့ညီမများနှင့်သူ့ညီ ကျောင်းတက်ဖို့ မြို့ကိုခေါ်သွားသေးသည်!
ဒါကိုကြည့်လိုက်တော့ သူက မဖြစ်စလောက်လေးလိုပဲ?
ရှောင်ကျန်းသည် အလုပ်ကို ဆက်လက်၍ ကြိုးကြိုးစားစား လုပ်ကိုင်ကာ နောက်နှစ်အနည်းငယ်အတွင်း သူသည် နောက်ဆုံးမှာတော့ ပိုက်ဆံအများကြီးစုမိသွားပြီဖြစ်၏။ သူ စီရင်စုကိုပြန်ပြီး အိမ်တစ်လုံးဝယ်ကာ ဇနီးဖြစ်သူနှင့် ကလေးတစ်ယောက် ယူခဲ့သည်။
ဤနည်းဖြင့် သူသည် ယန်ကျင်းဇီထက် ပိုကောင်းသည်ဟု သူခံစားရသည်။ ယန်ကျင်းဇီက အခုမှ ဘွဲ့ရထားတာ။ ဒါပေမယ့် အလုပ်ကောင်းကောင်းရှာနိုင်ဦးမှာ မဟုတ်လောက်ဘူး!
တိုက်တိုက်ဆိုင်ဆိုင် အဲ့နှစ်တုန်းက ယန်ကျင်းဇီကလည်း သူ့အဖေအတွက် စီရင်စုမှာ အိမ်တစ်လုံးဝယ်ခဲ့ပြီး ဝယ်တဲ့အိမ်က သူ့အိမ်ထက် ပိုကြီးနေသည်!
ရှောင်ကျန်း : " .... "
တဖြည်းဖြည်းနှင့် ရှောင်ကျန်းသည် ယန်ကျင်းဇီနှင့် မပြိုင်တော့ပေ။ အမှန်တော့ သူ ယန်ကျင်းဇီကို မသိချင်ယောင်ဆောင်နေသရွေ့ ရွာမှာ သူက အောင်မြင်သည့်လူတစ်ယောက် ဖြစ်နေလိမ့်မည်။
ဒီနေ့လိုပဲ ရှောင်ကျန်းက ဆိုင်လေးထဲကို ဝင်လိုက်သည်နှင့် ဆိုင်ထဲမှာ ထိုင်ပြီးစကားပြောနေကြသည့်လူများက သူ့ကို ချီးကျူးပြီး မေးခွန်းမျိုးစုံ မေးကြသည်။
ရှောင်ကျန်းသည် သူ၏ ဖောင်းပူလာသော ဗိုက်ကို ထိကာ ဒီစီရင်စုကအိမ်ကို ရောင်းပြီး သူ့ဆိုင်ဖွင့်ထားသည့်နေရာ၌ အိမ်ငယ်တစ်လုံး ဝယ်မည်ဖြစ်ကြောင်း အောင်ပွဲခံပြောဆိုခဲ့သည်။
သူ့ဆိုင်သည် အိမ်ဈေးနှုန်းများထိုးတက်လျက်ရှိသော မြို့ငယ်တစ်မြို့၌ တည်ရှိသည်။
လူတိုင်းက ရုတ်တရက် မနာလိုဖြစ်သွားသည်။
ရှောင်ကျန်းကိုအားကျနေရင်း လူတိုင်းက တခြားတစ်ယောက်ကို တွေးမိသွားကြပြန်သည်။
" ဒါနဲ့ မင်းတို့ ကျန်းဖင်းရှိူ့ကို မှတ်မိကြသေးလား? "
သူတို့အားလုံးက တစ်ရွာတည်းသားများဖြစ်လေရာ ကျန်းဖင်းရှိူ့ကိုမှတ်မိကြလေသည်။
" ကျန်းဖင်းရှိူ့... သူ ပြန်မလာတာ ဆယ်နှစ်လောက်ရှိပြီမလား? "
" အဲ့တုန်းက သူ ယန်ကျင်းဇီကို လွှတ်ပြီး သူ့အဖွားကို လာခေါ်ခိုင်းလိုက်တယ်ထင်တယ်။ သူတို့ဘယ်သွားလဲ ဆိုတာကို ငါ ယန်လူအိုကြီးကို မေးလိုက်သေးပေမယ့် သူလည်း မသိဘူးတဲ့။ "
" သူတို့အိမ်မှာလည်း နေတဲ့လူမရှိတော့ဘူး။ "
" အပြင်မှာ သူ ဘယ်လိုနေလဲ ငါ မသိဘူး.... "
" သူ ဘာများလုပ်နိုင်ပါ့မလဲ? ကျွန်တော်ထင်တာ သူ အချိန်ပိုင်းအလုပ်တစ်ခု လုပ်ပြီး ခက်ခက်ခဲခဲ ရှင်သန်နေရလို့ သူ ပြန်မလာရဲတာပဲ။ "
...
ဆိုင်ကိုဦးစီးသော ကျန်းလူအိုကြီးက တကယ်တော့ Mrs.ကျန်းရဲ့ခင်ပွန်းဖြစ်သူ၏ ညီငယ်ဖြစ်သည်။
အဲ့တုန်းက သူ(မ)ခင်ပွန်းကို ဆုံးရှုံးခဲ့ရသော Mrs.ကျန်းက သူတို့ကို ကူညီခိုင်းမည်ကို စိုးရိမ်၍ သူက Mrs.ကျန်းနှင့် စောစောစီးစီး အဆက်အသွယ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ ဒါပေမယ့် အခု သူ့မိသားစုဝင်တိုင်းက စီးပွားရေးအခြေခိုင်နေပြီး သူ ပြန်တွေးမိသောအခါ သူ့မရီးဖြစ်သူ ရောက်လာခဲ့သည်ကို စဉ်းစားမိပြီး ရှက်ရွံ့လာခဲ့သည်။
" ဖင်းဟွာရဲ့အဖွားက အသက်ကြီးနေပြီ။ သူမ အပြင်မှာ ကောင်းကောင်းနေနိုင်ရဲ့လား ငါ မသိဘူး။ "
" သူမ ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ? ငှားထားတဲ့ အိမ်ခန်းကျဉ်းကျဉ်းလေးမှာ သူမ လမ်းလျှောက်လို့မရဘူး။ စကားပြောစရာလူလည်း ရှိမှာမဟုတ်ဘူး။ သေချာပေါက် သူမ စိတ်ညစ်နေမှာပဲ။ "
ရှောင်ကျန်းက မေးခဲ့သည်။
" ဘာလို့ ကျန်းဖင်းရှိူ့က ပြန်မလာတာလဲ? အကယ်၍ သူသာ ပြန်လာခဲ့ရင် ဝိုင်းကူဖို့ ကျွန်တော့်ဆိုင်မှာ ခန့်ထားလို့ရတယ်။ "
ငယ်စဉ်က ရှောင်ကျန်းသည် အမြဲတမ်း ကျန်းဖင်းရှိူ့အား အနိုင်ကျင့်ခဲ့သည်။ တကယ်တော့ အဲ့ဒါက သူ့ဝမ်းကွဲပဲ။ အခု ပြန်စဉ်းစားကြည့်တော့...သူလည်း အနည်းငယ် ရှက်ရွံ့သွားသည်။
သို့သော်ငြား အချို့သောလူများကတော့ ရှက်ရွံ့မှုကို လုံးဝမခံစားရပေ။ ရှောင်ကျန်းနှင့်သက်တူရွယ်တူ လူတစ်ယောက်က ပြောလာခဲ့သည်။
" အစ်ကိုကျန်း၊ အစ်ကိုက တကယ်ကြီး အဲ့ဒီဂြိုဟ်ဆိုး ကျန်းဖင်းရှိူ့ကို အစ်ကို့စီမှာ အလုပ်လုပ်စေချင်တာလား? သူ အစ်ကို့စီကို ကံဆိုးမှုတွေ သယ်လာမှာကို အစ်ကို မကြောက်ဘူးလား? "
" မဟုတ်တာတွေ လျှောက်ပြောမနေနဲ့! "
ရှောင်ကျန်းက ဟန့်တားလိုက်သည်။
ရလဒ်ကတော့ အဲ့လူက ဆက်ပြောဆဲပင်။
" မှားလို့လား? အဲ့ကျန်းဖင်းရှိူ့က ဘေးဒုက္ခကြယ်ပွင့်ပဲလေ! "
ရှောင်ကျန်းနှင့် ဆိုင်ပိုင်ရှင် ကျန်းလူအိုကြီးတို့ ရုတ်ခြည်း အနည်းငယ် မပျော်မရွှင်ဖြစ်သွားကြရ၏။
ဒါပေမယ့် သူတို့ ဘာမှမပြောရသေးခင်မှာပဲ အားလုံး၏အာရုံကို ဖမ်းစားသွားသည့် အပြင်ဘက်မှ လှုပ်ရှားမှုတချို့ ရှိလာခဲ့သည်။
အရမ်းကို အသက်ဝင်ပြီး စည်စည်ကားကား ရှိလှသည့် ကားသံများနှင့် အခြားသော ဆူညံသံများ ဖြစ်လေသည်။
အားလုံးက အပြင်ကိုထွက်ကြည့်ကြတော့ ရွာထဲကို တန်းစီဝင်လာသည့် ကားသုံးစီးကို တွေ့လိုက်ရသည်။ ရှေ့မှဦးဆောင်လာသည်က Santana ကားဟောင်းတစ်စီး ဖြစ်ပြီး အလယ်က ရိုးရိုး Honda ဖြစ်ကာ နောက်ဆုံးတစ်ခုကတော့ မြင့်မားသော လမ်းကြမ်းတွင် မောင်းနှင်နိုင်သည့် ကားဖြစ်သည်။ ထိုကား၏အောက်ခံထည်က အရမ်းမြင့်ပြီး အပြင်ပန်းကိုယ်ထည်က အလွန်ကြော့ရှင်းလှပသည်။ တစ်ချက်ကြည့်လိုက်တာနဲ့ အရမ်းဈေးကြီးမည့်ပုံပင်။
ဒါက ရွာကို ပြန်လာတဲ့သူလား? ဒါမှမဟုတ် သူတို့စီ လာလည်တဲ့သူလား?
ကားသည် လျင်မြန်စွာ ထိုးရပ်လိုက်ကာ Santana ကားပေါ်မှလူက ဦးစွာ ဆင်းလာသည်။ ကားထဲမှာ လူတစ်ယောက်ရှိပြီး ရွာသားများသည် အဲ့လူကို အရမ်းရင်းနှီးကြသည်။ အဲ့ဒါ သူတို့ဘက်ကို အလုပ်လာလုပ်နေတဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေး ကေဒါ* မလား? မြို့ထဲက ကေဒါတွေကပါ သူနဲ့ လိုက်လာကြတယ်ပေါ့!
ဒါကိုမြင်တော့ ရွာသူကြီးက အမြန်ထလိုက်သည်။
ရွာထဲက လူတိုင်း ခံစားလိုက်ရတာက ဒီကို လူကြီးတစ်ယောက် ရောက်နေတာပဲ!
" ဒီကို ဘယ်သူ ရောက်နေတာလဲ? "
" သူက ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းကို ကြီးကြပ်ဖို့ ရောက်လာတာလား? "
" ဒါမှမဟုတ် သူတို့ ဖွံ့ဖြိုးရေး လုပ်တော့မလို့များလား? "
...
ရွာသားများက သိချင်နေကြကာ ထိုအချိန်တွင် နောက်ထပ်ကားနှစ်စီးကလည်း ရပ်လိုက်ကြသည်။
တစ်စုံတစ်ယောက် ဒုတိယမြောက်ကားပေါ်မှ ဆင်းလာသည်...သူတို့ကို ကြည့်ရတာ သူတို့အားလုံးက ကေဒါများဖြစ်သည့်ပုံပင်။
ဘာလို့ ကေဒါတွေအများကြီး သူတို့ရွာကို ရောက်နေကြတာလဲ?
လူအများက အံ့အားသင့်နေကြပြီး ဒီအချိန်မှာ တန်ဖိုးကြီးသော လမ်းကြမ်းတွင် မောင်းနှင်နိုင်သည့်ကား၏ တံခါးက ပွင့်သွားခဲ့သည်။
ကားပေါ်တွင် ထိုင်နေသော ကျန်းဖင်းရှိူ့သည် ခဏတုန့်ဆိုင်းပြီးမှ အဆုံးမှာတော့ ကားထဲမှ ထွက်လာတော့သည်။
သူ ပြန်မလာတာ ဆယ်နှစ်ကြာပြီဖြစ်ပြီး အခုမှ သူ ပြန်လာခဲ့သည်။ သူသည် အနည်းငယ်သော လွမ်းဆွတ်ခြင်းနှင့် ကြောက်ရွံ့မှု အနည်းငယ်တို့ကို ခံစားနေရသည်။
ဤရွာ၌ သူ အရင်ကနေထိုင်ခဲ့ရသည့်ဘဝသည် အရမ်းဆိုးရွားလွန်းသဖြင့် သူ ပြန်မမှတ်မိချင်ရလောက်သည့်အထိဖြစ်သည်။
သူ ယန်ကျင်းဇီကို ဒီမှာတွေ့ခဲ့ရသည်က ထူးဆန်းသည်။ ဒီနေရာနဲ့ပတ်သက်ပြီး သူ အနည်းဆုံးတော့ အမှတ်တရကောင်းလေးများကို သိမ်းထားနိုင်လိမ့်မည်ဟု ထင်ခဲ့ပေမယ့် ယန်ကျင်းဇီ ဘဲကင်ကို လက်ခံလိုက်ကတည်းက ရုတ်တရက်ကြီး သူ အတိတ်ကို သတိရမနေချင်တော့ပေ။
အခု သူ ဒီမြေကို ပြန်ရောက်လာတော့ အတိတ်ကကိစ္စများ ဟိုးအဝေးကြီးမှာ ကျန်ခဲ့ပြီလို့ ခံစားရသည်။
ယခုဆိုလျှင် သူ့နှလုံးသားလေးက လွန်ခဲ့သောဆယ်နှစ်တာကာလ၏ ချိုမြိန်ကောင်းမွန်မှုများနှင့် ပြည့်နှက်နေသည်။
ထိုအရာများကို တွေးတောရင်း ကျန်းဖင်းရှိူ့သည် တုန့်ဆိုင်းမနေတော့ဘဲ ကားပေါ်မှ သေချာဆင်းလိုက်ပြီး ပြန်လှည့်ကာ သူ့အဖွားကို သွားကူညီသည်။
အဖွားကျန်းသည် ကားပေါ်မှဆင်းလာရင်း
" ဒီကားက အရမ်းမြင့်ပေမယ့် အထဲမှာထိုင်ရတာ အရမ်း သက်တောင့်သက်သာရှိတယ်! "
ကားပေါ်မှဆင်းပြီးနောက် ကျန်းဖင်းရှိူ့သည် ပတ်ဝန်းကျင်ကို ကြည့်သည်။
ဆယ်နှစ်ကျော်ကြာမြင့်ပြီးသည့်နောက် ဤနေရာတွင် အများကြီး..အများကြီးပြောင်းလဲသွားသော်လည်း ရင်းနှီးသည့်အရာများကတော့ ရှိနေဆဲပါပဲ...ကျန်းဖင်းရှိူ့က သူ့ဘေးပတ်ပတ်လည်ကို ကြည့်နေတုန်း သူ့ပတ်ဝန်းကျင်က လူများကလည်း သူ့ကို ကြည့်နေကြသည်။
သူ ပထမဆုံး ကားပေါ်ကနေ ဆင်းလာချိန်မှာတော့ သူ့ပတ်ဝန်းကျင်က လူများကလည်း အရမ်းသိချင်နေကြလေသည်။
" အဲ့ဒါ ဘယ်သူလဲ? "
" ဒီသခင်လေးက ဘယ်ကလာတာလဲ? "
" သူ့ကိုကြည့်ပါဦး! သူ့ကြည့်ရတာ အရမ်းချမ်းသာမယ့်ပုံပဲ! "
" သူက အဆင့်မြင့်အရာရှိကြီးတစ်ယောက်ယောက်ရဲ့ သားဖြစ်နိုင်တယ်။ "
...
ထို့နောက် ကျန်းဖင်းရှိူ့က သူ့အဖွား ကားပေါ်ကဆင်းတာကို ကူညီပေးခဲ့သည်..
ကျန်းဖင်းရှိူ့၏ပြောင်းလဲမှုများက အရမ်းများပြားသည်။
ရွာကနေထွက်လာတုန်းက သူသည် ပိန်ပိန်သေးသေး ဆယ့်ခြောက်နှစ်ကောင်လေးဖြစ်ပြီး ဒါပေမယ့် အခုချိန်မှာတော့ သူက နှစ်ဆယ့်ခြောက်နှစ်အရွယ် ချောမောသည့် ယောက်ျားလေးတစ်ယောက်ဖြစ်နေပြီဆိုတော့ ဘယ်သူကမှ သူ့ကို မမှတ်မိပေမယ့် အဖွားကျန်းကတော့ မတူပေ။
အဖွားကျန်းက အဝတ်အစားများပြောင်းထားပြီး သူ(မ)မျက်နှာမှာ ယခင်ကလို စိတ်အားငယ်၍မှုန်မှိုင်းနေသည့်အမူအရာ မရှိတော့ရင်တောင်မှ ရွာသားအိုကြီးများက သူ(မ)ကို မှတ်မိနိုင်ကြသေးသည်။
" ဒါ ကျန်းဖင်းရှိူ့ရဲ့အဖွား မလား? "
" သူမက ဘာလို့ ကားထဲမှာ ရှိနေတာလဲ? "
" သူမကို ကူတွဲပေးထားတာ ဘယ်သူလဲ? "
...
ရုတ်တရက် တစ်စုံတစ်ယောက်က ပြောလာခဲ့သည်။
" ကျန်းဖင်းရှိူ့တော့...မဟုတ်ဘူးမလား? "
ဤစကားလုံးများ ထွက်လာသည်နှင့် လူအားလုံး ငြိမ်ကျသွားကြတော့၏။
အရင်တုန်းက ရွာမှာ ကျန်းဖင်းရှိူ့က လူအများမကြိုက်ဆုံးတစ်ယောက် ဖြစ်သည်။ အဖေရော၊ အမေရော မရှိတော့သည့် ဤကလေး၌ အနာဂတ်မရှိနိုင်တော့ဟု လူတိုင်း ထင်ခဲ့ကြပေမယ့် အခု...သူတို့ မြင်လိုက်ရတာက ဘာလဲ?
ကျန်းဖင်းရှိူ့သည် သိလျက်နှင့် ရွာသားများ၏တည်ရှိမှုအား လျစ်လျူရှုလိုက်ကာ သူနှင့်အတူလာသည့် စီရင်စုခေါင်းဆောင်များနှင့် စကားပြောရန် ရှေ့သို့တိုးသွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် ယန်ကျင်းဇီ၏ကုမ္ပဏီ ကိုယ်စားပြုအနေဖြင့် ဤနေရာကိုလာခဲ့ပြီး စီရင်စု၏ အဓိကမြို့ကြီးတွင် ဘော်ဒါမူလတန်းကျောင်းနှင့် ဘော်ဒါအလယ်တန်းကျောင်း တည်ဆောက်ရန် ငွေကြေးလှူဒါန်းဖို့ စီစဉ်ထားသည်။
ဤကျောင်းနှစ်ကျောင်းသည် သူ့မွေးရပ်မြေမှ ကျောင်းသားများကို ခေါ်ယူလိမ့်မည်။ မြို့များမှကျောင်းသားများရော၊ ကျေးရွာငယ်လေးများမှ ကျောင်းသားများရော ကျူရှင်တက်စရာမလိုဘဲ ကျောင်းတက်နိုင်လိမ့်မည်။
ဘာလို့ ကျောင်းကို စီရင်စု၏အဓိကမြို့ကြီးမှာ ဆောက်ရသလဲ ဆိုတော့... ပထမအချက်က သူတို့ကို ပိုတော်သည့်ဆရာကောင်းများ ပေးနိုင်ရန်ဖြစ်သည်။ ဒုတိယအချက်က လူဦးရေလျော့ကျမှုကြောင့် မြို့ထဲမှာ ကျောင်းကိုထားလိုက်မယ်ဆိုရင် ကျောင်းသားအများကြီး မရှိလောက်တော့ပေ။
ကျန်းဖင်းရှိူ့သည် ဤကိစ္စကိုဆောင်ရွက်ရန် အလွန်စိတ်အားထက်သန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်က သူသည် စီရင်စု၏အဓိကမြို့ကြီးမှလူများနှင့် စကားပြောခဲ့ကာ သူ့မိဘများ၏အုတ်ဂူများကို ပြုပြင်ပြီး စီရင်စု၏အဓိကမြို့ကြီးမှလူများနှင့် စာချုပ်ချုပ်နိုင်ရန် မျှော်လင့်ရင်း ဤအချိန်၌ ဤနေရာသို့ သူ ရောက်လာခဲ့သည်။
ဖြစ်ချင်တော့ သူ့မိဘများ၏အုတ်ဂူကိုပြင်ဖို့ မွေးရပ်မြေသို့ သူ ပြန်မှာကို သိသွားကြပြီး စီရင်စုမြို့မှ ခေါင်းဆောင်တစ်ယောက်က သူနှင့်အတူလိုက်လာရန် အပြင်းအထန်တောင်းဆိုကာ ထို့နောက် မြို့ထဲက လူအနည်းငယ်ပါ ပါလာကြတော့သည်။
တကယ်တော့ လူအများကြီး မရောက်လာကြပေ။ သူက အသားမကျနိုင်သေးပေမယ့်လည်း ကိုင်တွယ်နိုင်ခဲ့သည်။ အဆုံးမှာတော့ သူ့တွင် နှစ်ပေါင်းများစွာအလုပ်အတွေ့အကြုံ ရှိသည်လေ။
တက္ကသိုလ်ပထမသုံးနှစ်တွင် ကျန်းဖင်းရှိူ့သည် စာမေးပွဲအောင်လက်မှတ်များအားလုံးကို ယူခဲ့သည်။
သူ၏အကြီးတန်းနှစ်တွင် ယန်ကျင်းဇီ၏ကုမ္ပဏီ၌ အလုပ်သင်ဆင်းခဲ့သည်။
ယန်ကျင်းဇီက သူ့ကို ကောင်းကောင်းဂရုစိုက်ပြီး ကုမ္ပဏီက လူများကလည်း သူ့ကို ယန်ကျင်းဇီ၏ချစ်သူမှန်း သိကြသည်။ ထို့ကြောင့် သူသည် ကုမ္ပဏီတွင် အလွန်ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ခဲ့ပြီး လူလူချင်းဆက်သွယ်မှုဆိုင်ရာ ဆက်ဆံပြောဆိုရေး၌ ကောင်းစွာတိုးတက်ခဲ့သည်။
ယခုအချိန်တွင် သူသည် စီရင်စု၏ခေါင်းဆောင်များနှင့် စကားစမြည်ပြောဆိုကာ ရယ်မောနေနိုင်ပြီ။
အဖွားကျန်းတောင်မှ လူကြောက်တာမျိုး လုံးဝမရှိချေ။ သူ(မ)သည် ဒေသိယစကားပြောသည်။ အခြားသူများက သူ(မ)မြေးကို ချီးကျူးကြသောအခါ သူ(မ)က ပြုံးပြီး နှုတ်ခမ်းကိုကွေးညွတ်ရင်း
" သူ့မှာ သူ့သူဌေးကိုကူညီနိုင်တဲ့ အရည်အချင်း အများကြီး မရှိပါဘူး။ "
အဲဒါ အဖွားကျန်းက ပြောပေမယ့် တကယ်တမ်းတော့ သူ(မ)မြေးလေးက အရမ်းတော်သည်...ချောင်းဟန့်လိုက်ပြီး လက်တွဲဖော်ရှာသည့်စွမ်းရည်တောင်မှ ကောင်းသည်ဟု သူ(မ)ထင်သည်။
စီရင်စုခေါင်းဆောင်က ရောက်လာကာ သူက ကျန်းဖင်းရှိူ့ကို လမ်းလိုက်ပြပေးရင်း ဒီကိုရောက်နေတာလို့ ပြောပြီး ကျန်းဖင်းရှိူ့အား ကောင်းကောင်းဂရုစိုက်ပေးရန် ရွာသူကြီးကိုမှာခဲ့ပြီး ပြန်သွားသည်။
ထိုနေရာသို့ရောက်သောအခါ ရွာမှလူများသည် ကျန်းဖင်းရှိူ့ကိုအဝေးမှကြည့်၍ အနီးကပ်လာရန် အနည်းငယ်ကြောက်ကြသော်လည်း သူတို့ထွက်သွားသောအခါတွင် ထိုလူများအားလုံး ရောက်လာကြသည်။
မကြာသေးမီက ရှောင်ကျန်းသည် ရွာထဲတွင် ရှိနေခဲ့ပြီး သူ့ကျောကိုမတ်ထားရင်း လမ်းလျှောက်ခဲ့ပေမယ့် ကျန်းဖင်းရှိူ့ကိုတွေ့သောအခါ သူ့မသိစိတ်က ကျောကိုကိုင်းလိုက်သည်။
" မင်းက ကျန်းဖင်းရှိူ့လား? "
ကျန်းဖင်းရှိူ့က ပြုံးပြီး " ဟုတ်တယ်။ "
"မင်း...ဒီနှစ်တွေမှာ မင်း ဘယ်လိုနေလဲ? "
ရှောင်ကျန်းက ထပ်မေးသည်။
" အရမ်းကောင်းတယ်။ "
ကျန်းဖင်းရှိူ့က ပြန်ဖြေသည်။
ကျန်းဖင်းရှိူ့က ကြည့်ကောင်းနေပြီး အဖွားကျန်းလည်း ကြည့်ကောင်းနေသည်။
အရင်က ရွာမှာ အဖွားကျန်းဟာ ရွယ်တူများထက် အသက်ပိုကြီးသည့်ပုံပေါ်သော်လည်း အခုတော့ မတူတော့ချေ။ ယခု အဖွားကျန်းသည် ရွယ်တူများထက် အသက်ပိုကြီးသည့်ပုံ လုံးဝမပေါ်တော့သည့်အပြင် ပိုငယ်သည့်ပုံသာ ပေါ်တော့သည်။
သူမ၏ဝတ်စားဆင်ယင်မှုက ပိုလို့တောင် ဖက်ရှင်ကျသေးသည်။ သူတို့ရွာမှာ သူ(မ)ထက် ပိုဖက်ရှင်ကျသည့်အဖွားအို မရှိပေ။
ဤလူနှစ်ယောက်ကို အထင်သေးပြီး အမြဲအနိုင်ကျင့်ခဲ့ကြသည့် လူတို့က ယခုအချိန်၌ လည်ပင်းကိုကျုံ့ပြီး ခေါင်းမဖော်ဘဲ ပုန်းနေကြကာ သူတို့မှာ နာကျည်းချက်မရှိဘူးလို့ထင်နေသည့် သူများကတော့ သူတို့နှင့်လာစကားပြောကြသည်။
အခြားသူများ မေးသောအခါ ကျန်းဖင်းရှိူ့သည် ယဉ်ကျေးစွာ ပြန်ဖြေသည်။ အဖွားကျန်းကတော့ မတူဘူး။ အခု သူ(မ) မျက်ခုံးပင့်မိလိုက်သလို ခံစားနေရသည်။ သူ(မ)ဟာ လူကောင်သေးမှန်း သိသာပေမယ့် သူ(မ)ခေါင်းကတော့ အရမ်းကို ဝင့်ကြွားစွာဖြင့် မော့ထားလေသည်။
" သူက တက္ကသိုလ်ကောင်းကောင်းတက်ခဲ့ရပြီး အလုပ်ကောင်းကောင်းလည်း ရထားတယ်။ "
" ဒါပေမယ့် ဒါက ယန်ကျင်းဇီရဲ့အကူအညီကို ကျေးဇူးတင်ရမှာ။ "
" ရှောင်ယန်က လူကောင်းပါ။ "
" ဘွဲ့ရပြီးတော့ အခု ဖင်းရှိူ့က ရှောင်ယန်ရဲ့ကုမ္ပဏီမှာ အလုပ်လုပ်တယ်။ တစ်လကို နှစ်သောင်းကနေ သုံးသောင်းလောက် ရတယ်! "
...
အဖွားကျန်းသည် ဤအကြောင်းအရာများကို ပြောခဲ့ပြီး ရွာသားများက သူတို့အကြောင်း တိတ်တိတ်လေး အတင်းတုပ်ကြသည်။
" ဒီနှစ်တွေထဲ အပြင်မှာ ကျန်းဖင်းရှိူ့ ခက်ခက်ခဲခဲ နေနေရမှာပဲလို့ ငါထင်ခဲ့တာ။ သူ အဆင်ပြေနေလိမ့်မယ် လို့ ငါ မတွေးခဲ့မိဘူး။ "
" ယန်ကျင်းဇီက သူ့ကို ဘာလို့ ကူညီပေးတာလဲ? ယန်ကျင်းဇီ ငါတို့ထဲက တစ်ယောက်ယောက်ကို ကူညီပေးတာတောင် ငါ တစ်ခါမှမမြင်ဖူးဘူး! "
" ကြည့်ရတာ ကျန်းဖင်းရှိူ့ တကယ် ကောင်းကောင်းနေနေရတဲ့ပုံပဲ။ "
...
လူတိုင်းက ကျန်းဖင်းရှိူ့အကြောင်း ပြောနေကြသည်။ ယန်မိသားစုနေထိုင်ရာအိမ်တွင် အစ်မကြီးယန်နှင့် ညီမလေးယန်တို့သည် ကျန်းဖင်းရှိူ့ကို ပြဿနာရှာချင်နေသော အဖေယန်အား ဖြောင်းဖျနေရသည်။
အစ်မကြီးယန်သည် တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး ယခု ဘွဲ့လွန်ကျောင်းတွင် ကျောင်းဆက်တက်နေသည်။ ယခုအခါ သူ(မ)၏အကျင့်စရိုက်သည် ယန်ကျင်းဇီနှင့် ပိုပိုတူလာကာ သူ(မ)အဖေကို လှမ်းကြည့်လိုက်ချိန်၌ သူ(မ)သည် အလွန် တင့်တယ်လှပနေတော့သည်။
" အဖေ၊ အစ်ကိုကြီးက အိမ်မပြန်လာချင်တော့ဘူး။ အဖေ ကျန်းဖင်းရှိူ့နဲ့ ပဋိပက္ခဖြစ်ရင် သူ သေချာပေါက် အိမ်ပြန်လာတော့မှာ မဟုတ်ဘူးနော်! "
နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ သူ(မ)အစ်ကိုကြီးက အိမ်ပြန်လာခဲသည်။ သူ အိမ်ပြန်လာခဲ့ရင်တောင်မှ ခဏပဲနေပြီး ပြန်သွားလိမ့်မည်။ ဒါတင်မကပဲ သူ(မ)အစ်ကိုကြီး မြို့မှာ ဘယ်နားနေလဲ ဆိုတာကိုလည်း သူတို့ မသိဘူး။ သူတို့ သူ့စီ မသွားနိုင်ဘူး... သူ(မ)အစ်ကိုကြီး၏ ပြောဆိုချက်အရတော့ ကျန်းဖင်းရှိူ့ကို သူတို့ ကြောက်လန့်စေမှာစိုးရိမ်သည်ဟူ၍။
ဟုတ်ပါတယ်၊ နှစ်ဦးနှစ်ဘက်ကြားက ဆက်ဆံရေး အမြဲတမ်း ရှိနေခဲ့ပါသည်။ သူတို့အားလုံးက သူတို့အစ်ကိုကြီး၏ ကြည့်ရှုစောင့်ရှောက်မှုဖြင့် ကြီးပြင်းလာခဲ့သည်လေ။
" သူက ငါ့သားပါ။ ဘာလို့ ငါက သူ့ကို ဂရုစိုက်လို့မရတာလဲ? "
အဖေယန် စိတ်မချမ်းသာပေ။
အစ်မကြီးယန်က ပြောခဲ့သည်။
" အစ်ကိုကြီးက အဖေ့ထက် အများကြီးတော်တယ်။ အဖေ သူ့ကို ဂရုစိုက်ပေးစရာ လိုသေးလို့လား? "
အဖေယန် : " ... "
" အဖေ၊ အစ်ကိုကြီးက အဖေ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး တန်ဖိုးထားစေချင်ရင် အဖေ ကျန်းဖင်းရှိူ့ကို ကောင်းကောင်းဂရုစိုက်သင့်တယ်။ "
အစ်မကြီးယန်က အကြံပေးလာသည်။
" မင်း...မင်းအစ်ကိုကြီးက မိန်းမတစ်ယောက်ရတာနဲ့ သူ့အမေကို မေ့သွားပြီ! "
အဖေယန် အနည်းငယ် ဝမ်းနည်းသွားသည်။
" ဟုတ်တယ်။ အစ်ကိုကြီးက အဲ့လိုလူပဲ! သမီးတို့ ဘာမှမလုပ်နိုင်ဘူးလေ။ သူက အဲ့လိုလူဖြစ်နေရက်နဲ့ အကယ်၍ အဖေသာ ကျန်းဖင်းရှိူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံလိုက်မယ်ဆိုရင်... သူ့အမေကို မေ့သွားရုံလောက်တင် မဟုတ်လောက်ဘူး! "
အစ်မကြီးယန်က ဆက်ပြောသည်။
" သူ အဖေ့ကို ပိုက်ဆံပေးတာတောင် ရပ်ပစ်လိုက်နိုင်တယ်နော်! "
အဖေယန်သည် ချက်ချင်းပင် ကြောက်လန့်သွားတော့သည်။
နှစ်ကြာလာတော့ ကုန်ဈေးနှုန်းများလည်း တက်လာရာ ယန်ကျင်းဇီက သူ့ကို အရင်ကထက် ပိုများသည့် ပိုက်ဆံပေးကာ တစ်လလျှင် ယွမ်လေးထောင် ဖြစ်လာသည်။
သူက ညို့ဓာတ်ကောင်းသည့်မိန်းမလှလေးများ၊ လောင်းကစား၊ မူးယစ်ဆေးဝါးများနှင့် ဆက်နွယ်ညစ်ညမ်းနေခြင်းမရှိဘဲ သူ အမျှော်လင့်ဆုံးကတော့ အရသာရှိသည့်တစ်ခုခုကို စားရတာ ကြိုက်ပြီး စီရင်စုမှာ စားရတာကလည်း ဈေးမကြီးပေ။ ပိုက်ဆံက သူ့ဘဝကို သက်တောင့်သက်သာ နေစေသည်ပင်။
သူ့သားကသာ ပိုက်ဆံမပေးတော့ရင်...
ကျန်းဖင်းရှိူ့အား ပြဿနာရှာမည့် အတွေးကို အဖေယန် အဆုံးသတ်လိုက်တော့သည်။
အစ်မကြီးယန်က ထပ်ပြောပြန်သည်။
" အဖေ သွားရအောင်။ ကျန်းဖင်းရှိူ့ကို သွားနှုတ်ဆက်ရအောင်။ "
" ဘာလို့ နင်က ငါ့ကို သွားနှုတ်ဆက်စေချင်နေတာတုန်း? "
အဖေယန်က မေးသည်။
အစ်မကြီးယန်က ပြန်ပြောလိုက်သည်။
" အဖေ သွားသွား၊ မသွားသွား သမီးကတော့ သွားမှာပဲ။ "
အစ်မကြီးယန်သည် စကားပြောပြီးသည်နှင့် ထွက်သွားကာ ညီမလေးယန်နှင့် ညီလေးယန်တို့က သူ(မ)နောက်ကနေ ကမန်းကတန်း လိုက်သွားကြသည်။
ဒါကိုမြင်တော့ အဖေယန်နှင့်အမေယန်တို့ကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး နောက်ကလိုက်သွားသည်။
မကြာခင်မှာပဲ သူတို့ ကျန်းဖင်းရှိူ့ကို တွေ့လိုက်ရသည်။
ယန်စုံတွဲသည် ကျန်းဖင်းရှိူ့ကို ဤနှစ်များအတွင်း မတွေ့ခဲ့ရဘဲ ယခုမှသာလျှင် သူတို့ ရုတ်တရက်ကြီး တွေ့လိုက်ရတာ ဖြစ်သည်။ ကျန်းဖင်းရှိူ့က တကယ်ချောမှန်း သူတို့သိလိုက်ရပြီး သူတို့သား ကြိုက်နေသည်ကို သူတို့ မအံ့ဩတော့ချေ။
အစ်မကြီးယန်သည် ကျန်းဖင်းရှိူ့ကို လွန်ခဲ့သောခြောက်နှစ်က တွေ့ဖူးခဲ့သော်လည်း ဤနှစ်ကာလများအတောအတွင်း သူ(မ) သူ့ကို လုံးဝမတွေ့ခဲ့ဖူးဘဲ ယခုအခါ သူ့ကို မြင်လိုက်ရသောအခါ သူ(မ) အံ့ဩသွားရသည်။ သူ(မ)အစ်ကိုက မျက်လုံးကောင်းလွန်း၍ သူ(မ) တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။
သူ(မ)အစ်ကိုက တကယ်ပဲ ဘဝမှာ အောင်နိုင်သူ ဖြစ်သည်။ သူက ထက်မြက်ပြီး စွမ်းဆောင်နိုင်ရုံသာမက အသက်မွေးဝမ်းကြောင်းတွင်လည်း အလုပ်ကောင်းတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပြီး တစ်စုံတစ်ယောက်ကို ရှာဖွေရာတွင်လည်း အရမ်းတော်သည်။
သူ(မ)အစ်ကိုနှင့် အဆက်အသွယ်များစွာ ရှိသေးသည်။ သူ(မ)အစ်ကိုက မကြာခဏ အိမ်ပြန်လာခြင်းမရှိသော်လည်း သူ့မောင်နှမများကိုတော့ အခါအားလျော်စွာ ဂရုစိုက်လေ့ရှိသည်။ သူ(မ) သူ့ကို မကြာမကြာ တွေ့ခဲ့ရသည်။ သူ(မ)အစ်ကိုနှင့်ကျန်းဖင်းရှိူ့အကြောင်း သူ(မ) အများကြီးသိထား၏။
ကျန်းဖင်းရှိူ့က သူ(မ)အစ်ကိုကို ချစ်ခင်၍ သစ္စာရှိကာ သူ(မ)အစ်ကို ပြောသမျှ အားလုံးကိုလည်း နားထောင်လေရာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ?
ဒီလိုခင်ပွန်းသည်မျိုး သူ(မ)လည်း လိုချင်သည်။ ထိုသူက ရုပ်မချောရင်တောင်မှ ကိစ္စမရှိပါဘူး။
ယန်မိသားစု ကျန်းဖင်းရှိူ့ကို မြင်သောအခါ ကျန်းဖင်းရှိူ့လည်း ယန်မိသားစုကို မြင်ပြီး ရုတ်တရက် အနည်းငယ် အဆင်မပြေဖြစ်သွားသည်။
သူ့အဖွားက သူနှင့်ယန်ကျင်းဇီ၏ဆက်ဆံရေးကို သိသော်လည်း ယန်မိသားစုက မသိနိုင်လောက်သေးပေ။
ယန်ကျင်းဇီသည် ယန်မိသားစု၏ ဂုဏ်ယူစရာ ကျက်သရေဆောင်သူ ဖြစ်သော်လည်း သူက ယန်ကျင်းဇီကို ကွေးစေခဲ့သည်။ အကယ်၍ ယန်မိသားစုသာ သိသွားခဲ့ရင် သူ့ကို မုန်းသွားကြမည်မှာ သေချာသည်။
တကယ်တော့ သူ ဤအကြောင်းရင်းကြောင့် ပြန်မလာရဲခြင်းပင်။
ကျန်းဖင်းရှိူ့သည် အပြစ်ရှိသည်ဟု ခံစားနေရပြီး အဖွားကျန်းလည်း ထပ်တူ ခံစားနေရသည်။
ယန်ကျင်းဇီသည် ယန်မိသားစု၏ကလေး ဖြစ်သော်လည်း သူ(မ)သည် သူနှင့်အတူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး သူက သူ(မ)ကို ထောက်ပံ့ပေးခဲ့သည်။ သူ(မ) အနည်းငယ် ရှက်မိပြီး ထို့ပြင်... ယန်ကျင်းဇီက သူ(မ)မြေးလေးနှင့်အတူရှိနေကာ သားရှိလာမည်မဟုတ်...
ကျန်းဖင်းရှိူ့ အနည်းငယ် စိတ်မသက်မသာဖြစ်နေပြီး ခုနလေးတင်အထိ စကားပြောနေခဲ့သည့် အဖွားကျန်းလည်း စကားပြောခြင်းကိုရပ်လိုက်ပြီး ယန်မိသားစုအား ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။
အဖေယန် တုံ့ပြန်ခဲ့သည်က " ဟမ့် " ။
ကျန်းဖင်းရှိူ့ခမျာ ပို၍ပင် အပြစ်ရှိလာသယောင်။
အခု အဖေယန်က သူ့ကို မကြိုက်တော့ဘူး။ သူနှင့်ယန်ကျင်းဇီအကြောင်းကိုသိရင် သူ့ကို ပိုတောင် မကြိုက်မှာကို သေချာသည်။
" အစ်ကိုကျန်း၊ အစ်ကိုက ပြန်လာချင်တယ်လို့ အစ်ကိုကြီးက ညီမတို့ကို ပြောပြပြီး ဧည့်ခံခိုင်းထားတယ်။ ညစာစားဖို့ အိမ်ကို လိုက်ခဲ့ပါ။ "
အစ်မကြီးယန်က ပြုံးပြသည်။
" အစ်ကိုက မင်းကို ငါ့အကြောင်း ပြောပြတာလား? "
ကျန်းဖင်းရှိူ့ အံ့ဩသွားသည်။ ယန်ကျင်းဇီ... သူ့မိသားစုကို ပြောပြမှာလား? ယန်ကျင်းဇီက ဘာမှပြန်မပြောပြလောက်ဘူးလို့ သူ အမြဲထင်ခဲ့သည်။ သူတို့ဆက်ဆံရေးက ရှင်းပြလို့မလွယ်ဘူးလေ။
" သေချာပေါက် သူ ပြောပြတာပေါ့။ "
အစ်မကြီးယန်က ပြုံးပြပြီး ညီမလေးယန်ကလည်း ပြုံးပြသည်။ ညီလေးယန်ကတော့ ကျန်းဖင်းရှိူ့ကို စပ်စပ်စုစုဖြင့် အပေါ်အောက်ကြည့်ရှုနေသည်။
အဖေယန်က ထပ်မံ " ဟမ့် " လာခဲ့သည်။
အစ်မကြီးယန်က သူ(မ)အဖေကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ကျန်းဖင်းရှိူ့ကို ပြန်ကြည့်သည်။
" လာပါ။ ညီမတို့နောက်ကို လိုက်ခဲ့။ "
ကျန်းဖင်းရှိူ့က သူတို့နောက်ကနေလိုက်ပြီး ရှေ့သို့လမ်းဆက်လျှောက်သည်။ လမ်းတစ်လျှောက်လုံး ယန်မိသားစု သူ့ကို သဘောကျလာအောင် သူ ဘာလုပ်သင့်လဲ တွေးနေခဲ့သည်...
ကြည့်ရတာ... သူဘယ်လောက်ပဲကောင်းနေပါစေ အဆင်ပြေပါ့မလား?
သူက မိန်းကလေးဆိုရင်တောင် ယန်မိသားစုက သူ့ကို သဘောမကျလောက်ပေ။ ပိုဆိုးတာက သူက ယောက်ျားလေး ဖြစ်နေသေးသည်။
ကျန်းဖင်းရှိူ့သည် အလွန်စိတ်ရှုပ်ထွေးနေလေသည်။ ရလဒ်ကတော့ သူလည်း ယန်မိသားစု၏တံခါးဝကို ဝင်လိုက်ရော အစ်မကြီးယန် ပြောတာကို ကြားလိုက်ရသည်။
" ယောင်းမ မစိုးရိမ်ပါနဲ့။ ညီမတို့ ကိုက်မစားပါဘူး! "
ကျန်းဖင်းရှိူ့သည် မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားသည်။ မတ်တပ်ရပ်နေရင်း သူက တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
" မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ? "
အဖွားကျန်းလည်း မတုံ့ပြန်နိုင်ခဲ့ပေ : " ဟာ? "
" ယောင်းမလို့ခေါ်တာ မကြိုက်ဘူးလား? ဒါဆို ညီမ အစ်ကိုကျန်းလို့ ခေါ်ရမလား? "
အစ်မကြီးယန်က ဆက်ပြောသည်။
" အစ်ကိုကြီးက အစ်ကို့ကို ယောင်းမလို့ ခေါ်ခိုင်းထားလို့ ညီမ အဲ့လိုခေါ်လိုက်တာ။ ကြည့်ရတာ သိပ်မကောင်းဘူး ထင်တယ်။ "
" မဟုတ်ဘူး...မင်း မင်းအစ်ကိုနဲ့ငါရဲ့ ဆက်ဆံရေးကို သိတာလား? "
ကျန်းဖင်းရှိူ့ ထိတ်လန့်သွားသည်။
" အစ်ကိုတို့အကြောင်း ညီမတို့ သိပြီးပြီဆိုတာ အစ်ကို မသိဘူးလား? "
အစ်မကြီးယန်လည်း ထိတ်လန့်သွားလေသည်။
အစပိုင်းတုန်းက သူ(မ)အစ်ကိုက အိမ်ကိုပြန်လာပြီး ထုတ်ပြောရလောက်သည်အထိ အရမ်းစိတ်စောနေခဲ့သည်။ သူ(မ) ထင်ခဲ့တာက ကျန်းဖင်းရှိူ့၏တောင်းဆိုချက်ဟု... ဒါပေမယ့် ကျန်းဖင်းရှိူ့က ဒါကို မသိဘူးတဲ့လား?
" မင်း ဘယ်တုန်းကသိတာလဲ? "
ကျန်းဖင်းရှိူ့ မမေးဘဲမနေနိုင်။
" လွန်ခဲ့တဲ့ခြောက်နှစ်လောက်က အစ်ကိုရဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ညီမ အစ်ကိုတို့ကို တွေ့ခဲ့တယ်။ ပြီးတော့ အစ်ကိုကြီးက ညီမတို့ကို ပြောပြခဲ့တာပဲ။ "
အစ်မကြီးယန်က ပြောသည်။
" ငါ မသိခဲ့ဘူး... "
ကျန်းဖင်းရှိူ့၏စိတ်သည် ပြောမပြနိုင်လောက်အောင် ရှုပ်ထွေးနေပြီး ချိုမြိန်မှုနည်းနည်းရှိနေပေမယ့် ယန်ကျင်းဇီက သူ့မိသားစုကို ပြောပြတာ အရမ်းစောတာပဲ!
ယန်မိသားစုနှင့်ကျန်းဖင်းရှိူ့တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။
အဆုံးတွင် အဖွားကျန်းသည် တော်တော်ကလေး ရှက်စရာကောင်းသည့် မြင်ကွင်းကို ချိုးဖျက်လိုက်သည်။
" ရှောင်ယန်က မင်းတို့ကို ပြောပြီးပြီလို့ ငါ မမျှော်လင့်ထားဘူး။ မင်းတို့ မလန့်သွားဘူးလား? သူ ငါ့ကိုပြောပြတုန်းက ငါ အံ့သြသွားတယ်! "
အဖေယန်က စကားများသည်။ စကားစမြည်ပြောရခြင်းကို နှစ်သက်သူများသည် သူတို့ကိုယ်ပိုင်စကားလုံးများကို မထိန်းချုပ်နိုင်ဘဲ ယခုချိန်မျိုး၌ သူတို့က ပြောမိတော့သည်။
" ဟုတ်တာပေါ့ ငါ အရမ်းလန့်သွားတာ! သူက တကယ် ငါ့ကို လန့်စေတယ်။ သူက ဒီလောက်တော်ရဲ့သားနဲ့ ဘာလို့ ယောက်ျားတွေကို ကြိုက်ရတာလဲ? "
အဖွားကျန်းက ပြောခဲ့သည်။
" ငါလည်း မသိဘူး! ဒါပေမယ့် ဒါတွေအကုန်လုံးက ဖြစ်ပြီးသွားတော့ ငါလည်း ဘာမှမလုပ်နိုင်ဘူး။ "
" ငါလည်းဘာမှမလုပ်နိုင်ဘူး။ ဒီကလေးက ငါ့စကားကို နားမထောင်ဘူး! "
အဖေယန်နှင့်အဖွားကျန်းတို့သည် စတင်ညည်းညူကြသည်။
သူက တကယ်တော့ ကျန်းဖင်းရှိူ့အကြောင်း ပြောချင်ပေမယ့် သူ့သမီး သူ့ကို ပြောထားတာကို ပြန်တွေးမိပြီး မပြောရဲတော့ဘူး။ ကျန်းဖင်းရှိူ့ အိမ်ပြန်ရောက်ပြီး ပြန်တိုင်လိုက်ရင် သူ့သား စိတ်ဆိုးမှာကို သူ ကြောက်သည်။
ဒါပေမယ့် ယန်ကျင်းဇီအကြောင်း ပြောတာကတော့ မတူပေ။ ဒါက ကျန်းဖင်းရှိူ့ရဲ့အဖွားက စပြောတာ!
လူကြီးနှစ်ယောက်က စကားစပြောနေပြီ။ ကျန်းဖင်းရှိူ့က အစ်မကြီးယန်ကို ကြည့်လိုက်သည်။
" သူ မင်းကို ငါ့အကြောင်း ဘာပြောပြတာလဲ? "
အစ်မကြီးယန်က ပြောသည်။
" အစ်ကိုကြီးက အစ်ကို့ကို တစ်ချိန်လုံး ချီးကျူးနေတာ။ "
အစ်မကြီးယန်က အတိတ်ကာလအကြောင်း စပြောပြသည်။
ကျန်းဖင်းရှိူ့က နားထောင်ခဲ့သည်။ သူ့မျက်လုံးများ အနည်းငယ် ချဉ်နေပြီး သူ့နှလုံးသားက နွေးထွေးနေကာ ကြီးထွားလာသည်။
သူနှင့်ယန်မိသားစု ပြဿနာများတက်မည်က သူ့ကံကြမ္မာဟု သူ အမြဲထင်ခဲ့ပေမယ့် ယန်ကျင်းဇီက သူ့အတွက် အတားအဆီးများကို ကူညီရှင်းလင်းပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားမိခဲ့ပေ။
ယန်ကျင်းဇီက သူ့အပေါ် တကယ်ကောင်းသည်။
သူ ယန်ကျင်းဇီနှင့် တွေ့ဆုံခဲ့ရတာ အရမ်းကံကောင်းသည်။
ဤနေရာသို့ပြန်မလာခင်က ကျန်းဖင်းရှိူ့သည် သူ့နှလုံးသားထဲမှ စိုးရိမ်ပူပန်များကို ခံစားခဲ့ရသည်။ သူ့တွင် ငယ်စဉ်အချိန်တုန်းက အနိုင်ကျင့်ခံရခြင်းများမှ ကုစားမရနိုင်သော ကျန်ရစ်ခဲ့သည့်ဒဏ်ရာများ ရှိသေးသည်။ ဒါပေမယ့် အခုတော့... သူ့ကိုအနိုင်ကျင့်ခဲ့သည့်သူများ သူ့ကို ဆက်ဆံသည့်ပုံကို မြင်လိုက်ရပြီး သူ့နှလုံးသားထဲက ဝမ်းနည်းမှုဒဏ်ရာဟောင်းများ သက်သာသွားပြီဖြစ်၏။
ဤအချိန်၌ သူ့ရင်ထဲက စိုးရိမ်စိတ်များပင် လုံးဝပျောက်ကွယ်သွားသည်။
ဤကမ္ဘာကြီးတွင် သူ့ကို အမြဲတမ်း ချစ်ပြီး အတားအဆီးများကို ဖယ်ရှားပေးမည့် လူတစ်ယောက် ရှိသည်။ သူ ကြောက်နေစရာမလိုတော့ဘူး။
အနာဂတ်မှာ သူ ပိုပြီး ကောင်းကောင်းမွန်မွန် နေရမှာ သေချာလှသည်။
တစ်ချိန်တည်းမှာပင် ယန်ကျင်းဇီသည် မူလက ကျန်းဖင်းရှိူ့နှင့် အတူပြန်သွားရန် စီစဉ်ခဲ့သော်လည်း သူ ကိစ္စအချို့နှင့် ကြုံလိုက်ရပြီး အတူတူပြန်မသွားနိုင်တော့ချေ။ သူ ရုတ်တရက် မျက်မှောင်ကြုံ့လိုက်သည်။
သူ့မိသားစုကိုပြောပြပြီးသား ဆိုတာကို ကျန်းဖင်းရှိူ့ကို သူ ပြောပြဖို့ မေ့သွားတဲ့ပုံပဲ?
အဘယ့်ကြောင့်ဆိုသော် အဖေယန်သည် ကျန်းဖင်းရှိူ့အပေါ် အမြဲတမ်း ထင်မြင်ချက်များ ရှိနေတတ်ပြီး ကျန်းဖင်းရှိူ့အား အဖေယန် နှောင့်ယှက်မှာကို သူကြောက်သောကြောင့် သူက ထိုနှစ်ယောက်ကို သီးခြားစီခွဲထားခဲ့သည်။ ကျန်းဖင်းရှိူ့မပါဘဲ သူ တစ်ယောက်တည်း အိမ်ပြန်နေကြဖြစ်သည်။
သူတို့နှစ်ယောက်က မတွေ့နိုင်ဘဲ ကျန်းဖင်းရှိူ့ကလည်း သူ့မိသားစုအရေးကိစ္စများကို ဘယ်တော့မှမမေးချေ။ အချိန်အတော်ကြာပြီးနောက် သူ့မိသားစုကိုပြောပြပြီးသားဆိုသည့်အကြောင်းကို ကျန်းဖင်းရှိူ့အား ပြောပြရန် မေ့သွားခဲ့သည်။
ဒါပေမယ့် သူ မပြောထားလည်း ဘာမှမဖြစ်လောက်ပါဘူး၊ ဟုတ်တယ်မလား?
သူ့အဖေက အခု အဖြစ်မှန်ကို လက်ခံလိုက်ပြီဖြစ်ပြီး နှစ်သစ်ကူးလည်းရောက်နေပြီဆိုတော့ ညီမနှစ်ယောက်ကလည်း အိမ်ပြန်ရောက်နေသည်။ ကျန်းဖင်းရှိူ့ မတရား ခံရလိမ့်မည် မဟုတ်ပေ။
ဒါကိုစဉ်းစားရင်း ယန်ကျင်းဇီ အလုပ်မလုပ်တော့ဘဲ ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။
ဖုန်းမှာ ကျန်းဖင်းရှိူ့ထံမှ စကားလုံးသုံးလုံးပါသော မက်ဆေ့ခ်ျတစ်စောင် ရောက်နေသည်။ : " I love you "
ထို့အပြင် သူ့မောင်နှမများစီမှ မက်ဆေ့ခ်ျများလည်း ရှိသည်။ ရွာမှာဖြစ်ပျက်သမျှအားလုံးကို သူ့မောင်နှမများက သူ့ကို ပြန်ပြောပြသည်။
ယန်ကျင်းဇီက ပြုံးလိုက်ကာ သူ့အဖေစီ ကစားဖို့ ငွေပမာဏတစ်ခု ပို့လိုက်ပြီး ညီနှင့်ညီမများကိုလည်း စာအိတ်အနီများ ပေးလိုက်သည်။ နောက်ဆုံးတော့ ကျန်းဖင်းရှိူ့ အလှည့် ရောက်လာသည်။
စကားလုံးသုံးလုံးစီသို့ သူ စာပြန်လိုက်သည်။
" I love you "
____
*စန္ဒြမာသ - ကမ္ဘာကို လက တစ်ပတ်ပတ်မိရန် ကြာမြင့်သောကာလကို မူတည်၍ တွက်ချက်သောလ။ [ မူရင်း - DMNL Myanmar Dictionary ] ရှင်းမှ ပိုဆိုးသွားလားမသိ။ Lunar month နော် ಥ‿ಥ
*ကေဒါ - အထူးလေ့ကျင့်သင်ကြားပေးထားသော အလုပ်သမား၊ မန်နေဂျာ။
____