အပိုင်း ၁၈ ( Genius Slacker 1 )
Viewers 10k

ဉာဏ်ကောင်းတဲ့ငပျင်း


ဧည့်ခန်းသည် ငါးမီတာမြင့်၍ ဥရောပစတိုင်အလှဆင်မှုများဖြင့် လက်ရာမြောက်လှကာ ဇိမ်ခံပစ္စည်းများနှင့်ပြည့်စုံပြီး အလွန်လှပသိမ်မွေ့သည်။


ယခုအချိန်တွင် ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးများနှင့် ကောင်မလေးများ အုပ်စုတစ်စုသည် အဆာပြေမုန့်များစားရန်နှင့် ဂိမ်းကစားရန် ဧည့်ခန်းထဲတွင် စုရုံးနေကြပြီး အားလုံးက ပျော်ရွှင်နေကြသည်။


ဤအဖွဲ့တွင် လူအယောက်သုံးဆယ်ခန့် ရှိသော်လည်း ဧည့်ခန်းသည် လုံးဝပြည့်သိပ်မနေပေ။ ဤအဖွဲ့၏အလယ်၌ ပြုံးပြုံးရွှင်ရွှင် မျက်ဝန်းများနှင့် ဉာဏ်ကောင်းသည့်ပုံစံဖော်ပြသော မျက်ခုံးများဖြင့် ချောမောသောလူငယ်‌တစ်ယောက် သားရေဆိုဖာပေါ်တွင် ထိုင်နေလေသည်။


ယနေ့သည် လူငယ်လေး၏မွေးနေ့ဖြစ်ပြီး ဤနေရာသည် လူငယ်လေး၏အိမ်ဖြစ်သည်။


လူငယ်လေး၏အမည်မှာ ယန်ကျင်းဇီ ဖြစ်ပြီး သူသည် T မြို့ရှိ အမှတ် ၁ အထက်တန်းကျောင်း၏ ဒုတိယနှစ်ကျောင်းသားဖြစ်သည်။ သူ့မိသားစုက အရမ်းချမ်းသာပြီး သူက အချိန်အများစုတွင် ပျော်နေရသည်ကို ကြိုက်သည်။ သူသည် ကျောင်းတွင် နာမည်ကြီးတစ်ယောက်ဖြစ်သည်။ စာမကျက်ချင်သည့်ကျောင်းသားအနည်းငယ်က သူနှင့်ကစားရသည်ကို ဂုဏ်ယူကြ၏။ ဒီနေ့ သူတို့က သူ့မွေးနေ့မှာ ပါဝင်ဆင်နွှဲဖို့ ဒီကိုရောက်လာကြလေသည်။ ဤလူအများစုသည် သူ၏ညီငယ်လေးများ မဟုတ်လျှင် ညီငယ်လေးများ၏ချစ်သူကောင်မလေးများ ဖြစ်သည်။


သူနှင့်အတူကြီးပြင်းလာသည့် အခင်ဆုံးသူငယ်ချင်းကောင်းနှစ်ယောက်လည်း ရှိနေသည်။


ကစားရန်စုဝေးနေသော ယန်ကျင်းဇီ၏ညီငယ်များသည် လေးနက်သောအကြည့်ဖြင့် ဆိုဖာပေါ်တွင် ထိုင်နေသော ယန်ကျင်းဇီနှင့် သူ့ညာဘက်မှလူနှစ်ယောက်အား မနာလိုစွာ ကြည့်နေကြသည်။


ယန်ကျင်းဇီ၏ညာဘက်တွင် ထိုင်နေသော လူနှစ်ယောက်သည်လည်း အမှတ် ၁ အထက်တန်းကျောင်းမှ ဒုတိယနှစ်ကျောင်းသားများဖြစ်ကြသည်။ တစ်ယောက်က ကြည့်ကောင်းသောရုပ်ရည်နှင့် ထူးချွန်သောပင်ကိုစရိုက်ရှိပြီး နောက်တစ်ယောက်က ဆွဲဆောင်မှုမရှိသောသွင်ပြင်လက္ခဏာရှိသော်လည်း အရမ်းသန်မာသည့်ပုံပေါ်သည်။


ဆွဲဆောင်မှုမရှိသောသွင်ပြင်လက္ခဏာနှင့်တစ်ယောက်ကို ဖူးကျီးလို့ခေါ်သည်။ သူ့မိသားစုဝင်များအားလုံးက စစ်တပ်ထဲမှာရှိသည်။ သူ့နာမည်တွင် "အသိပညာ" ရှိသော်လည်း သူသည် ကိစ္စများကိုဆောင်ရွက်ရာတွင် မကြာခဏ ဦးနှောက်မသုံးတတ်ပေ။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကတော့ တကယ်ကောင်းသည်။ ဆောင်းရာသီနှင့်နွေရာသီ အားလပ်ရက်များတွင် စစ်တန်းလျားထဲသို့ ခဏခဏ ပစ်ချခံခဲ့ရ၍ သူသည် လူအများအပြားကို တစ်ခါတည်း တိုက်ခိုက်နိုင်သည်။


ထူးချွန်သည့်ပုံပေါ်‌သောတစ်ယောက်ကတော့ သူ့နာမည်က ကျွမ်းကောင်းဟန် ပါ။ သူ့မိသားစုက နိုင်ငံရေးအသိုင်းအဝိုင်းထဲကဖြစ်သည်။ သူသည် ကလေးဘဝ ငယ်ငယ်လေးကတည်းက ထူးချွန်ခဲ့သည်။ သူတို့၏ သေးငယ်သောသုံးယောက်အုပ်စုထဲတွင် တကယ်တော့ သူက အမိန့်ပေးနိုင်သည့်တစ်ယောက် ဖြစ်သည်။


သို့သော် ကျွမ်းကောင်းဟန်ပဲဖြစ်ဖြစ်၊ ဖူးကျီးပဲဖြစ်ဖြစ် သူတို့ကို သူတို့မိသားစုက တင်းကြပ်စွာ စောင့်ကြည့်ထိန်းချုပ်ထားကြပြီး ယန်ကျင်းဇီလိုမျိုး မဆင်မခြင်ပြုမူလို့မရပေ။ ထို့ကြောင့် ကျောင်းမှာ နာမည်အကြီးဆုံးက ယန်ကျင်းဇီ ဖြစ်၏။


ယန်ကျင်းဇီ၏အဆင့်များ မကောင်းလျှင်တောင်မှ သူက ချောမောပြီးမိုက်သည့်အတွက် ကျောင်းမှာ လူတော်တော်များများက သူ့ကို သဘောကျကြသည်။


သို့သော် ယခုအချိန်တွင် အမြဲတမ်း ချောမောပြီး မိုက်သော ယန်ကျင်းဇီ၏မျက်လုံးများထဲတွင် အနည်းငယ်သောရှုပ်ထွေးမှုလေး ရှိနေသည်။


ဒါက ဘယ်နေရာလဲ?


သူ ဘာဖြစ်သွားတာလဲ?


ယန်ကျင်းဇီ၏စိတ်သည် ဗလာဖြစ်ပြီး ဘာကိုမှ မမှတ်မိသော်လည်း သူ သေချာသည့်အရာတစ်ခုရှိသည်။


သူ ကမ္ဘာကူးပြောင်းလာခဲ့သည်!


သူရောက်နေသည့်ခန္ဓာကိုယ်ကို သူ မမှတ်မိသည့်အပြင် မကူးပြောင်းခင်က သူနှင့်ပတ်သက်သော မှတ်ဉာဏ်များလည်း သူ့မှာမရှိချေ။ သူ အခု ဘာလုပ်ရမလဲ?


ယန်ကျင်းဇီ စိတ်ပူနေတုန်း ဖုန်းက ရုတ်တရက် မြည်လာပြီး ချန်အန်းရှိူ့ ဟု ခေါ်‌သော လူတစ်ယောက် ဖုန်းဆက်နေကြောင်း ဖုန်းက ပြလာသည်။


ဒီချန်အန်းရှိူ့က ဘယ်သူလဲ? သူ ဒီဖုန်းကို ဖြေသင့်လား? မဖြေသင့်ဘူးလား?


ယန်ကျင်းဇီ အနည်းငယ်တုန့်ဆိုင်းသွားသည်။ ဤအခိုက်အတန့်တွင် သူနှင့်အတူ ဆိုဖာပေါ်တွင် ထိုင်နေသည့် ဆွဲဆောင်မှုမရှိ‌သောရုပ်ရည်ပိုင်ရှင်သည် အတူတကွ ကစားနေကြသော မိန်းကလေးများနှင့်ယောက်ျားလေးများကို ရုတ်ချည်းပြောဆိုလိုက်သည်။


" အားလုံး တိတ်တိတ်နေကြစမ်း! "


ကျယ်လောင်စွာစကားပြောနေကြသောသူများ ရုတ်တရက် ငြိမ်သွားပြီး တချို့လူများက စပီကာများကို ကျိုးနွံစွာဖြင့် ပိတ်လိုက်ကြသည်။


ယန်ကျင်းဇီသည် ဖုန်းကိုမဖြေချင်သော်လည်း ရင်ဆိုင်နေရသည့်ဤအခြေအနေ၌ သူသည် ကျည်ဆံကိုကိုက်ပြီး ဖုန်းဖြေရုံကလွဲ မတတ်နိုင်ချေ။


ဖုန်းကိုင်လိုက်သောအခါ ဖုန်းထဲမှ အေးစက်သောအသံတစ်ခု ထွက်လာသည်။


" ယန်ကျင်းဇီ၊ ငါ မင်းရဲ့အိမ်တံခါးရှေ့မှာ။ ဒါပေမယ့် ငါ ဝင်လို့မရဘူး။ "


" ငါ တစ်ယောက်ယောက်ကို လာပြီး မင်းကို ကြိုခိုင်းလိုက်မယ်။ "


ယန်ကျင်းဇီကဆိုခဲ့သည်။ အခု သူ တံခါးက ဘယ်မှာရှိမှန်းတောင် မသိသည့်အတွက် တံခါးဖွင့်ဖို့ တစ်ယောက်ယောက်ကိုခေါ်ခိုင်းလို့ပဲရလိမ့်မည်။


" ကောင်းပြီ။ "


ဖုန်း၏တခြားဖက်ကလူသည် ပြန်ဖြေပြီး ချက်ချင်း ဖုန်းချသွားသည်။


ယန်ကျင်းဇီသည် သူ့ဖုန်းကိုချလိုက်ပြီး ဆွဲဆောင်မှုမရှိသောရုပ်ရည်ပိုင်ရှင်၏လှောင်သံကို ကြားလိုက်ရသည်။


" ချန်အန်းရှိူ့က လာနေပြီ။ သူက အရမ်းစိတ်စောနေတာပဲ။ နာရီဝက်တောင်စောပြီးတော့... "


" အင်း။ "


ယန်ကျင်းဇီသည် မရေမရာဖြင့် ပြန်ဖြေလိုက်ပြီးနောက် ထိုသူက မတ်တပ်ရပ်ပြီး မလှမ်းမကမ်းတွင်ရပ်နေသော စေ့စပ်တိကျသည့်အိမ်တော်ထိန်းယူနီဖောင်းကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ခိုင်းလိုက်သည်ကို သူ မြင်လိုက်ရသည်။


" လီဦးလေး အပြင်ထွက်ပြီး ကျင်းဇီရဲ့အတန်းဖော်ကို သွားကြိုပေးပါဦး။ "


စကားပြောပြီးနောက် ထိုသူ ယန်ကျင်းဇီကို လှမ်းကြည့်သည်။


ဘာကိုမှမမှတ်မိတော့သော ယန်ကျင်းဇီ၏ခေါင်းသည် အနည်းငယ်ရှုပ်ထွေးနေဆဲဖြစ်ပြီး ထိုသူကို ငေးကြောင်ကြောင်ဖြင့် ပြန်စိုက်ကြည့်နေမိသည်။


ဒါပေမယ့် သူက အရမ်းကြည့်ကောင်းနေတော့ နှေးကွေးလေးလံနေသည့်ပုံ လုံးဝ‌မပေါ်ဘူး။


သူ့သူငယ်ချင်းက ဟိုးအလယ်ဗဟိုချက်အထိ ပြောင်းလဲသွားခဲ့ပြီဆိုတာကို မသိသည့် ဖူးကျီးဆိုသောရုပ်ဆိုးသည့်ကောင်ကြီးက ငြိမ်သက်သွားခဲ့သည့် ညီငယ်များကို ပြောခဲ့သည်။


" ချန်အန်းရှိူ့ လာနေပြီ၊ လူရှင်းကြမယ်။ ထမင်းစားခန်းမှာ သွားပုန်းကြမယ်! "


" ဘာ? ချန်အန်းရှိူ့ လာနေတယ်? "


" သူက ဘာလို့ လာတာလဲ? "


" ဘော့စ် သူ့ကို ဘာလို့ ခေါ်လိုက်တာတုန်း? "


...


ဤလူများသည် ခဏတာ ညည်းညူမြည်တမ်းလိုက်ကြသော်လည်း ဧည့်ခန်းကို အမြန်ရှင်းလင်းသွားကြသည်။


ဤအချိန်တွင် ကောကျွင်းဟန်သည် ထမင်းစားခန်းစီသို့ အရင်ဆုံးထွက်သွားနေပြီဖြစ်သည်။ ဒါကို ဒီညီငယ်လေးများ မြင်သောအခါ ရည်းစားမရှိသည့်သူများက တိုက်ရိုက် နောက်ကနေလိုက်သွားကြပြီး ရည်းစားရှိသည့်သူများက သူတို့ရည်းစားများပါ လိုက်လာဖို့ ဆွဲခေါ်သွားကြသည်။


ယန်အိမ်‌တော်၏ထမင်းစားခန်းသည် ဧည့်ခန်းဘေးတွင် ရှိသည်။ အခန်းနှစ်ခန်းကြားတွင် တံခါးမရှိပေ။ ဖန်ချပ်ကြီးတစ်ချပ်က နေရာတစ်ဝက်ကို သီးခြားခွဲထားပေးသည်။ ဤဖန်ချပ်ကြီးကို အထူးပြုလုပ်ထား၏။ ထမင်းစားခန်းမှ ဧည့်ခန်းကို မြင်ရသော်လည်း ဧည့်ခန်းကနေ ထမင်းစားခန်းထဲကို မမြင်ရချေ။


ယန်ကျင်းဇီ၏ညီငယ်များ ထမင်းစားခန်းသို့ ရောက်သောအခါ ကျွမ်းကောင်းဟန်နှင့်ဖူးကျီးတို့သည် ဖန်ချပ်ကြီးနောက်တွင် ရပ်နေကြသည်ကို တွေ့လိုက်ရသည်။


သူတို့လည်း နောက်မှလိုက်ပြီး ကြီးမားသောဖန်နံရံကြီး၏နောက်တွင် ပုန်းနေလိုက်သည်။ သူတို့ အနည်းငယ် နားမလည်နိုင်ဖြစ်နေကြသည်။


" နေပါဦး၊ ငါတို့က ဘာလို့ ပုန်းနေရတာလဲ? "


ချန်အန်းရှိူ့က "ကြောက်စရာကောင်းတယ်" ဆိုပေမယ့် သူတို့ ကြောက်နေဖို့မလိုဘူးလေ၊ ဟုတ်တယ်မလား? ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်သည်။ သူတို့ ယန်ကျင်းဇီ၏အိမ်မှာ ကစားနေရင်တောင်မှ ဘာမှမဖြစ်ဘူး။ ချန်အန်းရှိူ့က ဆရာက သူတို့ကို ဘာအတွက် အပြစ်‌ပေးအောင် လုပ်နိုင်သေးလို့လား?


" ရှူး "


ကျွမ်းကောင်းဟန်က လက်ချောင်းတစ်ချောင်းကိုမြှောက်လိုက်ပြီး သူ့နှုတ်ခမ်းမှာ တင်လိုက်သည်။


လူတိုင်း ရုတ်တရက် အသံမထွက်ရဲကြတော့ပေ။


ယန်ကျင်းဇီနှင့်‌အဆင်ပြေသည့်လူများက တစ်ခုကိုတော့ သိထားကြသည်။ အဲ့တာက ယန်ကျင်းဇီက ကျွမ်းကောင်းဟန်ကို အရမ်းအလေးထားသည်ဟူ၍။


သာမန်အားဖြင့် သူတို့ ယန်ကျင်းဇီ စကားကို နားမထောင်ခဲ့လျှင်လည်း အဆင်ပြေသေးပြီး ကြီးမားသည့်အကျိုးဆက်များ ရှိလာလိမ့်မည်မဟုတ်။ အကယ်၍ သူတို့ ယန်ကျင်းဇီ စိတ်မပျော်သည့်တစ်ခုခုကို လုပ်မိမည်ဆိုလျှင်တောင်မှ သူတို့ ယန်ကျင်းဇီကို စိတ်ရင်းဖြင့် သေသေချာချာ တောင်းပန်လိုက်ရင် ယန်ကျင်းဇီက သူတို့ကို ဘာမှမလုပ်ပေ။


ဒါပေမယ့် ကျွမ်းကောင်းဟန်က စိတ်ဆိုးသွားပြီး ‌ကျွမ်းကောင်းဟန်က ယန်ကျင်းဇီရှေ့မှာ တစ်ခုခုပြောခဲ့မယ်ဆိုရင်တော့... သူတို့မှာ ယန်ကျင်းဇီနောက်ကိုလိုက်ဖို့ ဘယ်တော့မှ အခွင့်အရေးရှိလာတော့မည်မဟုတ်ချေ။


ယန်ကျင်းဇီ၏ညီငယ်များသည် စကားဆက်မပြောတော့ဘဲ ဧည့်ခန်းကိုကြည့်ကာ ဖန်နံရံနောက်တွင် ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။


ထမင်းစားခန်းထဲမှလူများ တိတ်ဆိတ်နေချိန်တွင် ယန်ကျင်းဇီသည် ဤနေရာသည် မည်သည့်နေရာဖြစ်ကြောင်းကို တွေးနေ‌ဆဲဖြစ်သည်။


ဤအချိန်တွင် သူ့အိမ်တံခါးကပွင့်လာပြီး လူသွားကြိုသည့် လီဦးလေးသည် ကိတ်မုန့်ပုံးကို ကိုင်ဆောင်လာသော ကောင်လေးတစ်ယောက်နှင့်အတူ ဝင်လာခဲ့သည်။


ထိုဆယ်ကျော်သက်သည် ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်ခန့်သာ ရှိသေးသည်။ သူက ရိုးရိုးရှင်းရှင်း down jacket နှင့် ဂျင်းဘောင်းဘီကို ၀တ်ထားသည်။ သူ့မှာ ဖြူဝင်းသော အသားအရေနှင့် ထူးချွန်သည့်အသွင်အပြင် ရှိသည်။ ဒါပေမယ့် တခြားသူများ သူ့ကို မြင်သောအခါ သူတို့ ပထမဆုံး သတိထားမိတာက သူ၏ အသွင်အပြင် သို့မဟုတ် အဝတ်အစား မဟုတ်တာ သေချာသည်။ အဲ့ဒါက သူ၏ လေးနက်သော အကြည့်နှင့် အေးစက်သော သွင်ပြင်ဖြစ်လိမ့်မည်။


ဒီကောင်လေးက တည်ငြိမ်အေးစက်နေသည့်ပုံပေါ်သည်။


ဒီလူက... ချန်အန်းရှိူ့လား?


ယန်ကျင်းဇီသည် မြားနတ်မောင်၏မြှားဖြင့် ရင်ဘတ်ကို အပစ်ခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။


ချန်အန်းရှိူ့လို့ခေါ်တဲ့ဒီကောင်လေးကို သူ မြင်မြင်ချင်း ချစ်မိသွားပြီ!


ဒီလူက အရမ်းကြည့်ကောင်းသည်! အပျော်အပါးမလိုက်စားသည့် ရုပ်လေးကလည်း အရမ်းချစ်စရာကောင်းသည်!


အတိုချုပ်ပြောရလျှင် ခေါင်းမှခြေဖျားအထိ သူ မကြိုက်သည့်နေရာ မရှိပေ။


တစ်ချိန်တည်းမှာပင် သူ ဝင်ထားသော ခန္ဓာကိုယ်၏မှတ်ဉာဏ်များက သူ့စိတ်ထဲ ရုတ်တရက် ပေါ်လာသည်။


သူ ဝင်ထားသည့်ကိုယ်ကိုလည်း ယန်ကျင်းဇီဟု ခေါ်ပြီး လွယ်လွယ်ပြောရရင်တော့ ဒီလူက လူယုတ်မာပဲ!


ဤခန္ဓာကိုယ်၏ မူလပိုင်ရှင် မမွေးမီကပင် သူ့မိဘများသည် စီးပွားရေးစတင်လုပ်ကိုင်ခဲ့သည်။ သူမွေးလာည့်အချိန်မှာတော့ မိသားစုက အရမ်းချမ်းသာနေပြီဖြစ်သည်။


ထို့အပြင် သူတို့က မူလပိုင်ရှင်ကိုမမွေးဖွားမီ သမီးလေးတစ်ယောက် မွေးထားသော်လည်း ထိုသမီးလေး ပျောက်ဆုံးသွားသောကြောင့် သူတို့က မူလပိုင်ရှင်ကို အလွန်တရာချစ်ခင်ကြသည်။


မဟုတ်ဘူး၊ ရိုးရိုးချစ်တာလို့တောင် မပြောနိုင်ဘူး။ ဒါဟာ အလွန့်အလွန် အလိုလိုက်ဖျက်ဆီးခြင်းပဲ!


မူလပိုင်ရှင်သည် ငယ်စဉ်ကတည်းက အရာရာကို ပိုင်ဆိုင်လိုခဲ့ကာ သူသည် မာနကြီး၍ ဗိုလ်ကျခြယ်လိုပြီး ထိန်းမနိုင်သိမ်းမရ သောင်းကျန်းတတ်ခြင်းဟူသော စရိုက်ပိုင်ရှင် ဖြစ်လာသည်။ သူက သူ့မိဘများ ပြောသည့်စကားကိုပင် နားမထောင်ချေ။


သို့သော် သူ့ကို ထိန်းချုပ်နိုင်သည့်သူ မရှိတာတော့ မဟုတ်ပေ။ မူလပိုင်ရှင်သည် လူတစ်ဦး၏စကားကို အလွန်နားထောင်ပြီး ထိုသူမှာ ကျွမ်းကောင်းဟန် ဖြစ်သည်။


မူလပိုင်ရှင်ကိုမွေးလာသောအခါ မူလပိုင်ရှင်၏မိဘများက ချမ်းသာနေပြီဖြစ်၍ မူလပိုင်ရှင်အား ကဏ္ဍပေါင်းစုံမှ အကောင်းဆုံး ပံ့ပိုးပေးကြသည်။ ထို့အတွက်ကြောင့် မူလပိုင်ရှင်သည် ဖူးကျီးနှင့်ကျွမ်းကောင်းဟန်တို့ကို သိခွင့်ရခဲ့သည်။


ကျွမ်းကောင်းဟန်သည် ငယ်ငယ်ကတည်းက ဉာဏ်ကောင်းပြီး ရုပ်ရည်ချောမောသည်။ မူလပိုင်ရှင်က သူ့ကို သဘောကျခဲ့သည်။


တခြားသူတွေရှေ့မှာ တစ်ခုခုကို ပြောနိုင်ခဲ့သည့် မူလပိုင်ရှင်က ကျွမ်းကောင်းဟန်ရှေ့မှာဆိုရင် ငြင်းဆိုဖို့ ဘာမှ မပြောနိုင်ဘဲ သူ့မှာရှိသော ကောင်းမွန်သည့်အရာအားလုံးကိုတောင်မှ ကျွမ်းကောင်းဟန်စီ ယူသွားသည်။


စာသင်ရခြင်းကို ဘယ်တော့မှမကြိုက်ခဲ့သည့် မူလပိုင်ရှင်သည် ကျွမ်းကောင်းဟန်နှင့် ကျောင်းတစ်ကျောင်းတည်း ပညာသင်ကြားခွင့်ရရန်အတွက် လအနည်းငယ်ကြာ တိတ်တဆိတ် သင်ကြားပေးရန် တစ်စုံတစ်ဦးကို ရှာဖွေခဲ့ရသည်။ နောက်ဆုံးမှာတော့ သူ T မြို့ရှိ အမှတ် ၁ အထက်တန်းကျောင်းကို တက်ရောက်နိုင်ခဲ့သည်။


ကျွမ်းကောင်းဟန်၏အဆင့်များသည် အမြဲတမ်း ‌အရမ်းကောင်းခဲ့သည်။ အရင်က သူတို့တက်ခဲ့သည့် ပုဂ္ဂလိက အလယ်တန်းကျောင်းမှာ သူက အမြဲတမ်း ပထမ ရခဲ့သည်။ ဒါပေမယ့် သူ အမှတ် ၁ အထက်တန်းကျောင်းကို တက်ကတည်းက ‌ကျွမ်းကောဟန်သည် ပြိုင်ဘက်တစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။


မဟုတ်ဘူး၊ ဒါက ပြိုင်ဘက်တစ်ယောက်နှင့်တွေ့သလောက် မရိုးရှင်းပေ။ အထက်တန်းကျောင်းတက်ကတည်းက ‌ကျွမ်းကောဟန်သည် ပထမနေရာကို မရဖူးဘဲ အမြဲ ဒုတိယနေရာမှာပဲ ရှိနေခဲ့သည်!


သူတို့စာသင်နှစ်မှာ ချန်အန်းရှိူ့သည် နံပတ်တစ် ကျောင်းသား ဖြစ်ပြီး အဲ့ဒါက နှစ်ပေါင်းထောင်ချီကြာသည့်အထိ မပြောင်းလဲချေ။


အထက်တန်းကျောင်းပထမနှစ်တွင် ‌ကျွမ်းကောဟန်သည် သူ စာမေးပွဲဖြေသည့်အကြိမ်တိုင်း ပထမ မရသည့်ကိစ္စကို အရမ်းစိတ်ဆိုးခဲ့သည်။ သို့သော်ငြား ထိုအချိန်တုန်းက ချန်အန်းရှိူ့နှင့် အတန်းမတူသောကြောင့် သူ မပျော်‌ပေမယ့် သူ ဘာမှမလုပ်ခဲ့ပေ။


ဒါပေမယ့် နောက်ပိုင်းမှာ ကျန်းအန်းရှိူ့နှင့် သူတို့သုံးယောက် အားလုံး အတူတူ တစ်ခန်းထဲ ရောက်သွားကြသည်။


ထိုအချိန်မှစ၍ ကျွမ်းကောဟန်သည် ချန်အန်းရှိူ့စီမှ အပြတ်အသတ်အနိုင်ယူခံရတော့သည်။


ချန်အန်းရှိူ့သည် အဆင့်များကောင်းရုံမက ရုပ်ရည်သွင်ပြင်ကလည်း ကောင်းမွန်လှသည်။ သူက အမြဲ ကျောင်းမှာ အေးစက်တည်ငြိမ်နေသည့်သူ ဖြစ်သော်လည်း သူ့ကို လေးစားသဘောကျသည့်သူများစွာရှိပြီး ဒါပေမယ့် ကျွမ်းကောင်းဟန်ကတော့...


ကျွမ်းကောင်းဟန်၏ရုပ်ရည်သည် မဆိုးသော်လည်း ချန်အန်းရှိူ့ကိုဖယ်ထားလိုက်ပါဦး၊ သူက ယန်ကျင်းဇီကိုပင် လုံးဝမယှဉ်နိုင်ပေ။


ကျွမ်းကောင်းဟန်၏မိသားစုနောက်ခံသည် အလွန်ကောင်းမွန်သော်လည်း အမှတ် ၁ အထက်တန်းကျောင်းမှ ကျောင်းသားများသည် ခက်ခက်ခဲခဲ စာကြိုးစားရပြီး လူအချို့ကပဲ အခြားသူများ၏မိသားစုအခြေအနေကို အာရုံစိုက်နိုင်ကြသည်။


ကျွမ်းကောင်းဟန်၏ရလဒ်များသည် အလွန်ကောင်းမွန်သော်လည်း ချန်အန်းရှိူ့ကသာလျှင် အကောင်းဆုံးရလဒ်များနှင့်တစ်ယောက်ဖြစ်သည်!


အမြဲတမ်း လူအများ၏အာရုံစိုက်ရာ ဖြစ်ခဲ့သည့် ကျွမ်းကောင်းဟန်သည် သည်းမခံနိုင်တော့ပေ။ သူ့အတန်းက အတန်းပိုင်ဆရာဖြစ်သောသင်္ချာဆရာက ချန်အန်းရှိူ့၏ဖခင် ဖြစ်ပြီး သူတို့အတန်း၏ဓာတုဗေဒဆရာမက ချန်အန်းရှိူ့၏မိခင်ဖြစ်ကြောင်း သူ မတော်တဆ သိရှိခဲ့ရသည်။ ချန်အန်းရှိူ့၏အဆင့်များ အရမ်းကောင်းနေရခြင်းမှာ သူ့မိဘများက သူ့အတွက် အနောက်တံခါးကို ဖွင့်ပေးထားသောကြောင့်ဖြစ်မည်ဟု ကျွမ်းကောင်းဟန် ခံစားခဲ့ရသည်။


မူလပိုင်ရှင်နှင့်ဖူးကျီးအား သူသည် သီးသန့် စကားအနည်းငယ်ကို မကျေမနပ်ပြောကြားခဲ့သည်။ အရင်က ချန်အန်းရှိူ့အပေါ်တွင် ဘာထင်မြင်ချက်မှမရှိခဲ့သည့် မူလပိုင်ရှင်နှင့်ဖူးကျီးတို့သည် ချန်အန်းရှိူ့အား စတင်မုန်းတီးလာကြတော့သည်။


ဤအချိန်တွင် ချန်အန်းရှိူ့၏ဖခင်ဖြစ်သူ သူတို့အတန်းပိုင်ဆရာချန်သည် ချန်အန်းရှိူ့၏ဘေးတွင် ယန်ကျင်းဇီ ထိုင်ဖို့ စီစဉ်ခဲ့သည်။


သူတို့၏အခန်း ၁ သည် သိပ္ပံစမ်းသပ်ခန်းဖြစ်ပြီး အမှတ် ၁ အထက်တန်းကျောင်း၏ အကောင်းဆုံးအတန်းများထဲမှ တစ်ခန်းဖြစ်သည်။ ဤအတန်းကို မူလပိုင်ရှင် တက်နိုင်ခဲ့ခြင်းမှာ သူ့အဖေနှင့်အမေက ကျောင်းအုပ်ကြီးကိုတွေ့ပြီး သူ့အတွက် စမ်းသပ်အဆောက်အဦးတစ်ခုကို လှူဒါန်းခဲ့၍ဖြစ်သည်။ မဟုတ်လျှင်... မူလပိုင်ရှင်၏ဆိုးဝါးရှုပ်ထွေးသည့်အဆင့်များနှင့်ဆိုရင်တော့ သူသည် အခန်း ၁၀ သို့သာ ဝင်နိုင်လိမ့်မည်။


ဝင်ပြီးနောက် မူလပိုင်ရှင်သည် အခန်း ၁ တွင် သိုးမည်း ဖြစ်လာပြီး သူ စာမကျက်လျှင်တောင်မှ အခြားသူများကို အမြဲလိုက်နှောင့်ယှက်သည်။


မူလပိုင်ရှင်သည် စာသင်ရခြင်းကို တကယ်မကြိုက်ချေ။ သူ အခန်း ၁ ကို ဝင်လာတာက ‌ကျွမ်းကောင်းဟန်နှင့်အတူရှိနေဖို့အတွက်သာ ဖြစ်သည်။


မူလပိုင်ရှင်သည် သူ့ပတ်ဝန်းကျင်ရှိလူများ၏ စာလေ့လာမှုအပေါ် အမြဲတမ်း နှောင့်ယှက်လွှမ်းမိုးမှုရှိသည်ကို တွေ့သောအခါ ထပ်ခါတလဲလဲ ဆုံးမခံရသော်လည်း သူသည် မပြောင်းလဲပေ။ အတန်းပိုင်ဆရာချန်သည် ကြံမိကြံရာဖြင့် သူ့သားဖြစ်သူနှင့်အတူထိုင်ခိုင်းရန်သာ စီစဉ်နိုင်ပြီး သားဖြစ်သူကို ယန်ကျင်းဇီအား ကြည့်ခိုင်းထားလိုက်သည်။


သူသည် သူ့သားကို အလွန်စိတ်ချယုံကြည်ပြီး သူ့သားအပေါ်တွင် မည်သည့်သက်ရောက်မှုမျှ ရှိလာလိမ့်မည်မဟုတ်ဟု ခံစားရသည်။


ချန်အန်းရှိူ့သည်လည်း မူလပိုင်ရှင် စာလေ့လာအောင် စောင့်ကြည့်ဖို့ အစွမ်းကုန်ကြိုးစားခဲ့သည်။


မူလပိုင်ရှင်သည် သင်ယူရတာကို မကြိုက်သည့်အတွက် သူက ဒါကို အလွန်မကျေနပ်ချေ။ ချန်အန်းရှိူ့ကိုသင်ခန်းစာပေးဖို့ တစ်ယောက်ယောက်ကို သူ ရှာချင်ပေမယ့် ချန်အန်းရှိူ့၏မိဘများသည် ဆရာများဖြစ်ကာ ဆွေမျိုးများကလည်း ဆရာများဖြစ်သည်။ အကယ်၍ သူသာ တကယ်လုပ်မယ်ဆိုရင် သူ အခန်း ၁ မှာ ဆက်နေလို့ရလိမ့်မည်မဟုတ်ပေ။ ကျွမ်းကောင်းဟန်နှင့်အတူတက်ချင်၍ သူ အခန်း ၁ ကို စဝင်ကတည်းက ချန်အန်းရှိူ့၏ဖခင်သည် ၎င်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့လေ၏။


ထို့ကြောင့် မူလပိုင်ရှင်သည် ချန်အန်းရှိူ့ကို ကိုင်တွယ်ရန် အခြားနည်းလမ်းကို စဉ်းစားခဲ့သည်။ သူသည် ချန်အန်းရှိူ့၏ပုစ္ဆာမေးခွန်းများကို တနေကုန် နှောင့်ယှက်ခဲ့ပြီး ချန်အန်းရှိူ့ စာကောင်းကောင်းလေ့လာခြင်းကို တားဆီးဖို့ ကြိုးစားခဲ့သည်။


ချန်အန်းရှိူ့က အခြားသူများအပေါ်တွင် အမြဲတမ်း အေးစက်နေပြီး အခြားသူများကို ဂရုမစိုက်ပေမယ့် သူက မူလပိုင်ရှင်ကို အရမ်းစိတ်ရှည်သည်ဟု ပြောရမှာထူးဆန်းလှသည်။


သူ့အမူအရာက အမြဲအေးစက်နေပေမယ့် မူလပိုင်ရှင်က သူ့ကို မေးခွန်းတွေမေးနေသမျှ သူသည် မူလပိုင်ရှင်ကို မမောမပန်းဖြင့်ပြောဖို့ ဆန္ဒရှိနေတတ်သည်။


ပထမတော့ မူလပိုင်ရှင်က သူ့မှာ ပိုက်ဆံရှိ၍ ချန်အန်းရှိူ့က ဒီလိုဖြစ်တာလို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပိုက်ဆံကြောင့်မဟုတ်ဘူးဆိုတာကို သိလိုက်ရသည်။


ချန်အန်းရှိူ့က သူ့ကို တကယ်ကြိုက်တာ!


မူလပိုင်ရှင်သည် ယောက်ျားများကို နှစ်သက်ပေမယ့် အဲ့ဒါကို သတိပြုမိလိုက်တော့ သူက အရမ်းရွံခဲ့ပြီး သူ့သူငယ်ချင်းများဖြစ်သော ဖူးကျီးနှင့် ကျွမ်းကောင်းဟန်တို့ကို အဖြစ်အပျက်အကြောင်း ချက်ချင်းပြောပြခဲ့သည်။


ဤအချိန်တွင် အမျိုးသားသင်္ချာပြိုင်ပွဲ ကျင်းပသည်။ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမည့်နေရာက တော်တော်နည်းသည်။ သူတို့ကျောင်းမှာ သုံးနေရာပဲရှိသည်။ ၎င်းတို့ထဲမှ နှစ်‌နေရာကို တတိယနှစ်ကျောင်းသူကျောင်းသားများအား ပေးအပ်ခဲ့ပြီး ကျန်နေရာအား ချန်အန်းရှိူ့ကို ပေးခဲ့သည်။


ကျွမ်းကောင်းဟန်က ဒီနေရာကို အမြဲလိုချင်ခဲ့ပေမယ့် အခုတော့ အဲ့ဒါက ချန်အန်းရှိူ့၏ခေါင်းပေါ်ကို ကျသွားပြီ။ ဒါက ချန်အန်းရှိူ့၏ဖခင် အမှောင်ထဲမှဆောင်ရွက်မှုကြောင့်ဖြစ်သည်ဟု သူ ထင်ခဲ့သည်။


ချန်အန်းရှိူ့၏မိဘနှစ်ပါးစလုံးသည် အမှတ် ၁ အထက်တန်းကျောင်းရှိ အကောင်းဆုံးဆရာများထဲမှ ဆရာများဖြစ်ကြသည်။ သူတို့က အရမ်းစည်းကမ်းကြီးပြီး ပင်ကိုအားဖြင့် မဖော်ရွေကြပေ။ အထူးသဖြင့် စာလေ့လာဖို့ငြင်းနေပြီး အမြဲ သူများကိုလိုက်နှောင့်ယှက်နေသည့် မူလပိုင်ရှင်ကို မကြာခဏ ဆူလေ့ရှိသော ချန်အန်းရှိူ့၏ဖခင် ဖြစ်သည်။ ချန်အန်းရှိူ့ကိုယ်တိုင်ကလည်း အေးစက်ပြီး ချစ်စဖွယ်မကောင်းချေ။ ဤအခြေအနေတွင် ကျွမ်းကောင်းဟန်သည် ချန်အန်းရှိူ့အား ဆွဲဆောင်ပြီး ချန်အန်းရှိူ့၏လိင်စိတ်တိမ်းညွတ်မှုကို ဖော်ထုတ်ကာ ချန်းအန်းရှိူ့ကို သင်ခန်းစာပေးဖို့ မူလပိုင်ရှင်အား ပြောခဲ့သည်။


မူလပိုင်ရှင်သည် ကျွမ်းကောဟန် ခိုင်းသည့်အတိုင်း လိုက်လုပ်ခဲ့သည်။ မူလက ချန်အန်းရှိူ့နှင့် ခပ်ဝေးဝေးနေချင်သော်လည်း ‌ကျွမ်းကောဟန်က ဒါကို တောင်းဆိုခဲ့တော့... မူလပိုင်ရှင်သည် ချန်အန်းရှိူ့နှင့် စတင်ဆက်သွယ်ခဲ့သည်။


မူလပိုင်ရှင်သည် ကျွမ်းကောင်းဟန်စီတွင် သူ့နှလုံးသားရှိသော်လည်း ‌ကျွမ်းကောင်းသန်၏ စာလေ့လာမှုအပေါ် သက်ရောက်မှုရှိမှာကို စိုးရိမ်သောကြောင့် သူသည် ဝန်မခံရဲခဲ့ပေ။ ဒါပေမယ့် သူက အများကြီး ကစားခဲ့ဖူးသဖြင့် ဘယ်လိုလုပ်ရင် လူတွေကိုဆွဲဆောင်နိုင်မလဲဆိုတာကိုတော့ သူ အတော်လေးတတ်မြောက်ပြီးသားပင်။


သူက မနက်ပိုင်းမှာ မနက်စာ၊ နေ့လယ်မှာ နို့ ပို့သည်။ အတန်းချိန်မှာ အချစ်ကဗျာတစ်ပုဒ်ကို ကူးယူပြီး ပေးခဲ့သည်။


ချန်အန်းရှိူ့သည် မူလပိုင်ရှင်အား ကြိုက်ပြီးသားဖြစ်လေရာ မူလပိုင်ရှင်အတွက် သူ့ခံစားချက်များက ပို၍ခိုင်မြဲလာပြီး အချစ်ဖြစ်လာတော့သည်။


ဖြစ်ပုံမှာ ချန်အန်းရှိူ့က အေးစက်ပြီး ဘယ်အချစ်စကားလုံးကိုမှ မပြောနိုင်သည့်အပြင် ကျောင်းမှာ စာကြိုးစားပြီး အချစ်မှာနစ်မြောလို့မဖြစ်ဘူးဟု တွေးမိသောကြောင့် မူလပိုင်ရှင်၏စာလေ့လာမှုအပေါ် တစ်နေ့လုံး စောင့်ကြည့်နေတော့၏။ ကျောင်းဆင်းပြီးရင် လာမည့်သင်္ချာပြိုင်ပွဲအတွက် ပြင်ဆင်ဖို့ သူ့အဖေက ချန်အန်းရှိူ့ကို နေ့တိုင်း အိမ်ပြန်ခေါ်သွားသည်။


ဆိုတော့ မူလပိုင်ရှင်မှာ ချန်အန်းရှိူ့က သူ့ကိုကြိုက်ကြောင်း ဘာသက်သေမှမရှိသေးဘဲ သူ ရေးထားသည့် ချန်အန်းရှိူ့ကို ချော့ထားသော ချစ်ကဗျာအနည်းငယ်သာ ရှိသည်။


နောက်ဆုံးမှာတော့ ကျွမ်းကောင်းဟန်၏ "သတိပေးချက်" အောက်တွင် မူလပိုင်ရှင်၌ ဆိုးသွမ်းသောနည်းလမ်းတစ်ခု ထွက်ပေါ်လာခဲ့သည်။


မူလပိုင်ရှင်၏မွေးနေ့သည် ချန်အန်းရှိူ့၏သင်္ချာပြိုင်ပွဲ ပြီးဆုံးသည့်ရက်၏ နောက်နေ့ဖြစ်ခဲ့သည်။


မူလပိုင်ရှင်သည် ချန်အန်းရှိူ့အား သူ့မွေးနေ့တွင် သူ့အိမ်ကိုလာပြီးအဖော်ပြုပေးဖို့ တောင်းဆိုခဲ့သည်။ သူက စကားလုံးချိုချိလေးများကိုလည်း ပြောခဲ့ကာ ချန်အန်းရှိူ့အား သူ့ကို အချစ်ကိတ်မုန့်တစ်လုံးပေးခိုင်းခဲ့သည်။ သူ့မွေးနေ့မှာ ဖွင့်ပြောခံရဖို့ အထူးတလည် မျှော်လင့်နေကြောင်းလည်း ပြောခဲ့‌ပြီး ချန်အန်းရှိူ့ကို သူ့စီ ဖွင့်ပြောစေခဲ့၏။


ချန်အန်းရှိူ့တွင် ခပ်တန်းတန်းနေတတ်သော ပင်ကိုစရိုက်ရှိသည်။ သူသည် မူလပိုင်ရှင်ကို နှစ်သက်သော်လည်း မူလပိုင်ရှင်ကို တစ်ခါမျှ တရားဝင် ဖွင့်မပြောခဲ့ဖူး၍ အနည်းငယ် အပြစ်ရှိသလို ခံစားရသောကြောင့် သဘောတူခဲ့သည်။


မူလပိုင်ရှင်၏မွေးနေ့တွင် ချန်အန်းရှိူ့သည် ချစ်ခြင်းမေတ္တာကိုရေးသားထားသော မွေးနေ့ကိတ်ဖြင့် မူလပိုင်ရှင်စီ ရောက်လာခဲ့ပြီး ဖွင့်ပြောဖို့ သတ္တိမွေးခဲ့သည်။ အဖြေကတော့ သူလည်း ဖွင့်ပြောပြီးရော ကျွမ်းကောင်းဟန်နှင့်ဖူးကျီးတို့သည် မူလပိုင်ရှင်၏ညီငယ်များနှင့်အတူ ထမင်းစားခန်းထဲမှ ထွက်လာကြတော့သည်။


မူလပိုင်ရှင်က သူ့ကို မဆိုင်းမတွ ငြင်းဆိုခဲ့ပြီး လှောင်ပြောင်သရော်ကာ သူကရွံဖို့ကောင်းသည်ဟု စော်ကားခဲ့သည့်အပြင် သူ့လိုအေးစက်နေသောလူကို ဘယ်တော့မှ နှစ်သက်လာမည်မဟုတ်ကြောင်း ဆိုခဲ့သည်။


ချန်အန်းရှိူ့က ဘယ်သူလဲ? သူက အမှတ် ၁ အထက်တန်းကျောင်း၏ ဘယ်သူမှ မရနိုင်သည့် ပန်းလေးတစ်ပွင့်၊ သူတို့စာသင်နှစ်က ထိပ်တန်းကျောင်းသားလေ!


အခု သူက ပြဿနာကောင်ကို ဖွင့်ပြောလိုက်သည်!


ဒီအဖြစ်အပျက်ကို ချက်ချင်းဆိုသလိုပဲ မူလပိုင်ရှင်၏ညီငယ်က သတင်းဖြန့်ခဲ့သည်။ ခဏကြာတော့ ကျောင်းရှိလူတိုင်းက ချန်အန်းရှိူ့ မူလပိုင်ရှင်ကို ကြိုက်နေကြောင်း သိသွားကြသည်။


မူလပိုင်ရှင်သည် သူ့အတွက် ချန်အန်းရှိူ့ရေးပေးထားသည့် အချစ်ကဗျာများကိုလည်း ထုတ်လာကာ ဂရုများစွာသို့ ဖြန့်ဝေခဲ့သည်။


ချန်အန်းရှိူ့ အပြင်းအထန်ရိုက်ချခံလိုက်ရကာ ချန်အန်းရှိူ့၏မိဘများလည်း ထိခိုက်ခဲ့သည်။


သူတို့လင်မယားနှစ်ယောက်က လူများကို စာသင်ပြပြီး ပညာသင်ပေးနေခဲ့ကြသည်ဖြစ်ရာ သူတို့၏ကျောင်းသားများအပေါ် မြင့်မားသည့်တောင်းဆိုမှုများ ရှိသည်။ သူတို့က သူတို့ကိုယ်သူတို့နှင့် သူတို့၏ကလေးများအတွက်လည်း မြင့်မားသည့်တောင်းဆိုမှုများ ရှိသည်။ အခု သူတို့သားက ယောက်ျားများကိုကြိုက်ပြီး အဲ့ယောက်ျား၏အိမ်အထိသွားကာ ဖွင့်ပြောခဲ့သည့်အပြင် ထိုသူအတွက် ရည်းစားများလည်း ရေးခဲ့ပေးသေးသည်။ သူတို့ကို အလျင်အမြန် ဒေါသထွက်စေခဲ့သည်!


ထို့အပြင် မူလပိုင်ရှင်၏ မိဘများသည် မူလပိုင်ရှင်၏ စကားလုံးများကို ကြားခဲ့ပြီးနောက် ချန်အန်းရှိူ့နှင့် မူလပိုင်ရှင်၏ ပတ်သက်မှုမှာ မူလပိုင်ရှင်ကို ထိခိုက်စေသည်ဟု ထင်ကာ ချန်မိသားစုကို ဖြေရှင်းဖို့ တိတ်တဆိတ် ဆောင်ရွက်ခဲ့သည်။


ချန်အန်းရှိူ့၏အရေးကိစ္စများသည် ပိုပိုပြီး ဒုက္ခများလာသည်။ ဒီအချိန်မှာ ချန်အန်းရှိူ့၏မိဘများသည် ကျောင်းသားများထံမှ လာဘ်ငွေများလက်ခံခဲ့ကြောင်း အတိုင်ခံခဲ့ရသည်။ တချို့လူများက ချန်မိသားစုကို တကယ်သွားရှာပြီး နှောင့်ယှက်တိုက်ခိုက်ခဲ့ကြသည်ဟု ကောလာဟလများ ထွက်ပေါ်လာခဲ့၏။


ချန်အန်းရှိူ့၏အဖိုးဖြစ်သူ၊ ဆယ်စုနှစ်များစွာကြာ ဆရာဖြစ်ခဲ့သော လူအိုကြီးက ဒေါသထွက်လွန်း၍ ‌ဆုံးပါးသွားခဲ့ကာ ချန်အန်းရှိူ့သည် မိသားစုထဲတွင် အပြစ်သား ဖြစ်လာခဲ့သည်။


အဆုံးမှာတော့ ချန်အန်းရှိူ့သည် ကျောင်းအဆောက်အဦး၏ အပေါ်ဆုံးထပ်ကနေ ခုန်ချခဲ့သည်။


ယန်ကျင်းဇီက နောက်ပိုင်းမှာ ဘာဖြစ်မယ်ဆိုတာကို တွေးမိပြီး သူ့မျက်နှာ ချက်ချင်းပြောင်းသွားသည်။


ချန်အန်းရှိူ့က ဒါကို သတိမပြုပေ။


သူ့မျက်နှာမှာ ဘာအမူအယာမှမရှိပေမယ့် သူက တကယ်တော့ အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ သူ့အား ပို့ဆောင်ပေးသော ဦးလေးလီ မရှိတော့သည်ကို မြင်လိုက်ရပြီးတော့ အသက်ပြင်းပြင်းရှူကာ သူယူလာခဲ့သည့် ကိတ်မုန့်ကို ဖွင့်လိုက်သည်။


ဒီကိတ်မုန့်ကို သူ့မုန်ဖိုးနှင့် သူကိုယ်တိုင် မှာခဲ့သည်။


ကိတ်မုန့်ကိုယ်တိုင်၌က အသည်းပုံဖြစ်ပြီး "ယန်ကျင်းဇီကို ချန်အန်းရှိူ့က ချစ်သည်" ဟူသော စာလုံးခုနှစ်လုံးကို ၎င်းပေါ်တွင် ရေးထားသည်။


သူ ကိတ်မုန့်ဆိုင်မှာ ယိုကိုတောင်းပြီး ဒါကို ရေးခဲ့ခြင်းဖြစ်ကာ ဒါက ယန်ကျင်းဇီ၏တောင်းဆိုမှုလည်း ဖြစ်သည်။


ချန်အန်းရှိူ့က ကိတ်မုန့်ကို လွှဲပေးပြီး ပြောခဲ့သည်။


" ယန်ကျင်းဇီ... "


သူ့စကားမဆုံးခင်မှာ ယန်ကျင်းဇီ၏လက်က ကိတ်မုန့်အောက်ကို ရုတ်တရက် ရောက်လာပြီး ကိတ်မုန့်ကိုကိုင်ကာ ကိတ်ကိုတွန်းထုတ်လိုက်သည်။


ကိတ်မုန့်တစ်ခုလုံးက ယန်ကျင်းဇီ၏မျက်နှာပေါ် ကျသွားသည်။ ယန်ကျင်းဇီ၏ ချောမောသော မျက်နှာတွင် ကိတ်မုန့်များ ပေကျံနေတော့သည်။ ကိတ်မုန့်က သူ့မျက်နှာပေါ်ကနေ ပြုတ်ကျပြီး သူ့တန်ဖိုးကြီးအဝတ်အစားများပေါ်အထိ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတော့၏။


ချန်အန်းရှိူ့ : " ... "

____

# English Translator's Note


မူရင်းခေါင်းစဉ်က ' Xue Shi ' သို့မဟုတ် စာသင်နေသည့်ဆန်ကုန်မြေလေး။ ရိုင်းတဲ့အသုံးအနှုန်းမဟုတ်ပေမယ့် အပျင်းတအားထူပြီး စာမကျက်တဲ့ ကျောင်းသားကို ဆိုလိုချင်တာ။ နောက်ဆုံးမှ စာတွန်းကျက်ပြီး ရုတ်တရက်ကြီး အမှတ်ကောင်းကောင်းရသွားတာမျိုး။ အဲဒီလိုကျောင်းသားကို ဘယ်လိုခေါ်ရမှန်း မသိတော့ဘူး။ သေချာတာကတော့ protagonist-level cheat ပါပဲ။ #

____