အပိုင်း ၁၉ ( Genius Slacker 2 )
Viewers 10k

ယန်ကျင်းဇီမှာ သူ့မျက်နှာ သူ ကိတ်မုန့်နှင့်ရိုက်ဖို့ကလွဲ၍ ရွေးချယ်စရာမရှိပေ။


မူရင်းဇာတ်ကြောင်းအရ ချန်အန်းရှိူ့၏ဖွင့်ပြောချက်ကို နားထောင်ပြီးနောက် မူလပိုင်ရှင်သည် ချန်အန်းရှိူ့အား ငြင်းဆိုပြီး လှောင်ပြောင်ရုံတင်သာမက အခြားသူများ မြင်ရအောင်လည်း ကိတ်မုန့်ကို ဆွဲယူသွားသေးသည်။


ထိုအချိန်တွင် မူလပိုင်ရှင်၏ညီငယ်များသည် ကိတ်မုန့်ကို ဓာတ်ပုံရိုက်ကြသည့်အပြင် စိတ်ပျက်အားငယ်နေသော ချန်အန်းရှိူ့ကိုလည်း ဓာတ်ပုံများရိုက်ယူခဲ့ကြသည်။ ဒီဓာတ်ပုံများက နောက်ပိုင်း အခြားကျောင်းသားများစီသို့ ဖြန့်ဝေခံလိုက်ရပြီး မမြင်ဖူးသည့်သူ မရှိသလောက်ပင်။


ဤအရာအားလုံးသည် ချန်အန်းရှိူ့ မူလပိုင်ရှင်ကို နှစ်သက်ကြောင်း သက်သေသာဓကများဖြစ်သည်။


ထိုသို့သောအရာများကို အချို့သောနည်းများဖြင့် ဖျက်ဆီးပစ်ရမည်။


ယန်ကျင်းဇီက သူ့လျှာကိုထုတ်ပြီး သူ့နှုတ်ခမ်းဘေးက ကိတ်မုန့်ကို လျက်လိုက်ကာ သူ့နှလုံးသားကနေ သွေးများ တစ်စက်ပြီးတစ်စက် ကျနေပြီဟု ခံစားလိုက်ရသည်။


သူ့အချစ်လေးရဲ့ လက်ဆောင်ကိတ်မုန့်က ပျက်စီးသွားပြီ!


ကိတ်မုန့်ကို လေဟာနယ်အအုပ်ထဲ ထည့်ထားပြီး သက်တမ်းလွန်သည်အထိ သိမ်းဆည်းထားသင့်ကြောင်း သေချာနေပါသော်လည်း အခုတော့ ကိတ်က သူ့မျက်နှာပေါ်မှာပဲ ပျက်စီးသွားရသည်။ သူသည် ကိတ်အရသာလေးကိုတော့ ထပ်တလဲလဲ အချိန်မရွေး ပြန်လည်မှတ်မိနေနိုင်အောင် ကိတ်အချို့အား ဆက်လက်လျက်နေခဲ့သည်။


သူ အခု လုပ်နိုင်တာ ဘာမှမရှိဘူး။ ဘာပဲဖြစ်လာဖြစ်လာ ချန်အန်းရှိူ့၏ကောင်းကျိုးအတွက် ချန်အန်းရှိူ့ သူ့ကို သဘောကျနေမှန်း လူသိခံလို့မဖြစ်ပေ။


အကယ်၍ ဒီကိစ္စသာ ပြန့်သွားမယ်ဆိုရင် အနာဂတ်မှာ ချန်အန်းရှိူ့ စာကြိုးစားလို့ရပါတော့မလား?


သူ့မိဘတွေစီက သူ သေလောက်အောင် အရိုက်ခံရလိမ့်မယ်!


ဒါကိုစဉ်းစားရင်း ယန်ကျင်းဇီက အနည်းငယ်သော ဝမ်းနည်းဒေါသဖြင့် ချန်အန်းရှိူ့အား ပြောလိုက်သည်။


" ငါ အိမ်စာမလုပ်ရင်တောင်မှ မင်း ငါ့ကို ကိတ်မုန့်နဲ့ ရိုက်လို့မရဘူး! "


ရုတ်တရက်ကြီး ဒီလိုမျိုးဖြစ်သွားလိမ့်မည်ဟု ချန်အန်းရှိူ့ မျှော်လင့်မထားမိချေ။ ကိတ်မုန့်က ယန်ကျင်းဇီမျက်နှာမှာ ဖျက်စီးခံလိုက်ရပြီး သူ အနည်းငယ် ထိတ်လန့်သွားပေမယ့် တစ်ချိန်တည်းမှာပဲ တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သူ သဘောပေါက်သွားသည်။


ယန်ကျင်းဇီက ရုတ်တရက် စိတ်ပြောင်းသွားပြီး ဒီလိုတွေပြောနေတာ... တစ်ခုခုဖြစ်လို့များလား?


ချန်အန်းရှိူ့က ဒါကိုတွေးမိတော့ လူအုပ်စုကြီးတစ်စုက သူ့ဘေးနား ဖန်ချပ်ကြီးနောက်ကနေ ထွက်လာကြပြီး သူ့ကို စိန်းစိန်းဝါးဝါး ကြည့်လာကြသည်။


" ချန်အန်းရှိူ့၊ မင်း ဘာလို့ အစ်ကိုယန်ရဲ့မျက်နှာကို ကိတ်မုန့်နဲ့ရိုက်ရတာလဲ? "


" ချန်အန်းရှိူ့၊ မင်း ဘာလို့ ဒီလိုလုပ်တာလဲ? "


" မင်း သူ့အိမ်ကိုလာပြီး တမင်တကာ ပြဿနာလာရှာနေတာမလား? "


...


ယန်ကျင်းဇီ၏ ညီငယ်များအားလုံး ဒေါသအရမ်းထွက်နေကြသည်။


အဆုံးမှာတော့ ချန်အန်းရှိူ့က ဖြစ်ပျက်နေသည်များကို သဘောပေါက်နားလည်သွားပြီး ယန်ကျင်းဇီ သူ့ကို ဖွင့်ပြောခွင့်မပြုရဲခြင်း၏ အကြောင်းအရင်းမှာ အခြားလူများ ရှိနေသောကြောင့်ဖြစ်၏။


စိတ်အချဉ်ပေါက်သွားပြီး သူ့ရှေ့က ထိုသူများကို အေးစက်စွာ ကြည့်လိုက်သည်။


ယန်ကျင်းဇီ၏ညီငယ်များသည် အစက သူတို့၏စကားများနှင့်ပတ်သက်ပြီး အလွန်ရဲရင့်သော်လည်း သူတို့ကိုကြည့်လာသည့် ချန်းအန်းရှိူ့၏အကြည့်များကို သူတို့ မြင်လိုက်ရတော့ အလိုလိုကြောက်သွားကြကာ သူရဲဘောကြောင်အသံနှင့် ပြောလာကြသည်။


" မင်း... မင်း... မင်း...... တကယ်အပြစ်ရှိတဲ့လူက မင်းလေ! "


" ကိတ်မုန့်နဲ့လူကိုရိုက်လိုက်တာက မင်းပဲ! မင်းကမှားနေတာ! "


" အစ်ကိုယန်က သူ့အိမ်စာကို မလုပ်ဘူးဆိုရင်တောင်မှ မင်း အဲ့လိုလုပ်လို့မရဘူး! "


" ဒီနေ့က အစ်ကိုယန်ရဲ့မွေးနေ့။ သူ့အိမ်စာလုပ်တာကနေ တစ်ရက်လောက်လေး သူ ခွင့်ယူလို့မရဘူးလား? "


...


ချန်အန်းရှိူ့သည် သူတို့အား အေးစက်စက်အကြည့်များ ပေးနေဆဲဖြစ်သည်။ ယန်ကျင်းဇီ၏ညီငယ်များသည် အနည်းငယ်ကြောက်လန့်ကာ နောက်ဆုတ်သွားကြတော့သည်။


ချန်အန်းရှိူ့၊ ဒီလူက အေးတိအေးစက်နှင့် သူ၏တင်းမာသည့်အကြည့်ကြီးက စည်းကမ်းထိန်းသိမ်းရေးမှူးထက်ပင် သူတို့ကို ကြောက်ရွံ့စေနိုင်၏။


စည်းကမ်းထိန်းသိမ်းရေးမှုးကလည်း ချန်အန်းရှိူ့၏အဒေါ် ဖြစ်သည်။


သူတို့က စာကျက်ရတာကို မကြိုက်ဘူးဆိုရင်တောင်မှ အမှတ် ၁ အထက်တန်းကျောင်းကို ဝင်ခွင့်ရသေးသည် သို့မဟုတ် အမှတ် ၁ အထက်တန်းကျောင်းကို သူတို့မိသားစုက ပို့နိုင်သည်-ဆိုလိုတာက သူတို့က ဆိုးသွမ်းသည့် ကျောင်းသားများ မဟုတ်တာ ဒါမှမဟုတ် သူတို့မိသားစုက အရမ်းစည်းကမ်းတင်းကြပ်တာမျိုးပင်။


သူတို့က ဆရာတွေကို ကြောက်နေကြတုန်းပဲ။


ဒါပေါ့၊ အရေးကြီးဆုံးကိစ္စကတော့...သူတို့အစ်ကိုက ချန်အန်းရှိူ့စီက ကိတ်မုန့်နဲ့ အရိုက်ခံလိုက်ရပြီး ဒေါသတောင်မထွက်ရဲဘူး။ သူတို့ဘာလုပ်နိုင်ပါ့မလဲ?


သေချာတာပေါ့၊ ယန်ကျင်းဇီ စိတ်မဆိုးပါဘူး။ သူကိတ်မုန့်နဲ့အရိုက်ခံလိုက်ရတယ်ဆိုတာက သူ့ဘာသာသူ ရိုက်လိုက်တာပဲလေ။ သူက ကိတ်မုန့်ကို နှမြောနေသေးသောကြောင့် သူ့လျှာကိုထုတ်ပြီး သူ့ကိုယ်သူ အကြိမ်အနည်းငယ်လောက် ထပ်လျက်လိုက်သည်။


သူ နည်းနည်းလေးတော့ စားနိုင်သေးသည်။


တကယ်တော့ ချန်အန်းရှိူ့က ယန်ကျင်းဇီကို တစ်ချိန်လုံး အာရုံစိုက်နေသည်မို့ သူ ဒီမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ ဆွံ့အသွားရသည်။


သူကြိုက်တဲ့လူက အရမ်း... ကလေးကလားဆန်သလိုပဲ?


သူပို့သည့်ကိတ်မုန့်ပေါ်က စကားလုံးများကို အခြားသူများ မြင်မှာကို ယန်ကျင်းဇီက အရမ်းကြောက်နေပေမယ့် ဒီလူအကုန်လုံးက ယန်ကျင်းဇီ၏ညီငယ်များ ဖြစ်သည်။ အကယ်၍ ယန်ကျင်းဇီသာ ကိတ်မုန့်ကိုဖွက်ထားဖို့ ဆုံးဖြတ်ပြီးသားဆိုရင် သူ့စီကကိတ်မုန့်ကို ဒီညီငယ်များ လုရဲမည်မဟုတ်ပေ။ စဉ်းစားနေတုန်း ဖူးကျီးနှင့်ကျွမ်းကောင်းဟန်တို့ ဖန်ချပ်ကြီးနောက်မှ ထွက်လာသည်ကို ချန်အန်းရှိူ့ တွေ့လိုက်ရ၏။


သူ့နှလုံးသားက ရုတ်တရက် တင်းကြပ်သွားရသည်။ ဒီနှစ်ယောက်သာ ဒီမှာရှိနေမယ်ဆိုရင် သူတို့က ကိတ်မုန့်ကိုလုယူနိုင်မည့်ဖြစ်နိုင်ချေက ၁၀၀% ပဲ။ ဖူးကျီး၊ ဒီလူကို သူ လျစ်လျူရှုနိုင်သေးပေမယ့် သူ ကျွမ်းကောင်းဟန်ကိုတော့ အမြဲတမ်း သဘောမကျခဲ့ပေ။ ကျွမ်းကောင်းဟန်ကလည်း သူ့ကို သဘောမကျဘူးဆိုတာ သူ ခံစားနိုင်ပါသေးသည်။


ယန်ကျင်းဇီက သူတစ်ယောက်တည်းနဲ့ပဲ မွေးနေ့ပွဲကျင်းပမယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။ အဖြေကတော့ ဒီလူတွေက ဒီမှာ အခုရောက်နေတာ...


ချန်အန်းရှိူ့၏အမူအရာမှာ ပိုအေးစက်လာပုံရပေမယ့် သူ့မျက်လုံးများက ကိတ်မုန့်ကိုလျက်နေဆဲဖြစ်သော ယန်ကျင်းဇီစီ ရောက်သွားတော့ သူ့မျက်လုံးများက နူးညံ့သွားသည်။ တဖြည်းဖြည်း သူ စိတ်ငြိမ်လာသည်။


ဒါက သာမန်လူများ မမြင်နိုင်ရုံလေးတင် ဖြစ်ကာ သူတို့ မြင်တာက ချန်အန်းရှိူ့ ယန်ကျင်းဇီကို အေးစက်စွာ စိုက်နေကြည့်သည်ကို ဖြစ်၏။


ယန်ကျင်းဇီ၏ညီငယ်များသည် သူတို့၏ဘော့စ်ကို စတင်သနားလာကြသည်။


သူတို့ဘော့စ်က အရမ်းသနားစရာကောင်းသည်။ သူတို့နှစ်ယောက်က စားပွဲတစ်ခုတည်းမှာ ထိုင်ကြပြီး နေ့တိုင်း ကျောင်းမှာ အမြဲလိုလို စောင့်ကြည့်ခံနေရတတ်သည်။ အခုလည်း ပိတ်ရက်ဖြစ်ပြီး မွေးနေ့ဖြစ်နေတာတောင်မှ အိမ်စာမလုပ်လို့ သူ့ခမျာ မျက်နှာကို ကိတ်မုန့်နဲ့အရိုက်ခံရသေးသည်...


" သခင်လေး? "


ချန်အန်းရှိူ့ကိုလမ်းပြခဲ့သည့် လီဦးလေးလည်း ထွက်လာပြီး ယန်ကျင်းဇီအား စိုးရိမ်တကြီး ကြည့်လာခဲ့သည်။


" ကျွန်တော် အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် မွေးနေ့အတွက် ကျွန်တော် ကိတ်ခွဲရမှာပဲဟာကို။ "


ယန်ကျင်းဇီက ပြန်ဖြေလိုက်သည်။ သူက သူ့မျက်နှာကို ထိလိုက်ပြီး ခရင်မ်ချိုချိုများကို ယူလိုက်ကာ ထိုခရင်မ်အားလုံးကို ချန်အန်းရှိူ့၏မျက်နှာပေါ်တွင် လှမ်းသုတ်လိုက်သည်။


ယန်ကျင်းဇီ၏ညီငယ်များ: " ... "


သူတို့ဘော့စ်က ယောက်ျားပီသလိုက်တာ! သူက တကယ်ကြီး ချန်အန်းရှိူ့ကို အဲ့လိုဆက်ဆံရဲတယ်!


ဘော့စ်က... တကယ်ကိုပဲ ဘော့စ်ဖြစ်ထိုက်တာပဲ!


ချန်အန်းရှိူ့၏မျက်နှာသည် ကိတ်မုန့်၏ခရင်မ်ချိုချိုများနှင့် အပြည့်ပေနေသည်။ သူ နည်းနည်းလောက် လျက်ကြည့်ချင်ပေမယ့် သူ ထိန်းချုပ်ထားလိုက်ရသည်။ ဒါကြောင့်ပဲ သူ့တစ်ကိုယ်လုံးက ပိုပြီးအေးတိအေးစက်ဆန်လာတော့သည်။


မူလက ယန်ကျင်းဇီ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်နေသော လီဦးလေးကတော့ သူက ပြုံးပြီး စိတ်သက်သာရာရသွားသည်။ သူ့သခင်လေးက လူအများနှင့် ကစားနေသည်လေ...


ဤအချိန်တွင် ယန်ကျင်းဇီက ထပ်ပြောလာခဲ့သည်။


" လီဦးလေး၊ ကျွန်တော် အန်းရှိူ့ကို အပေါ်ထပ်ခေါ်သွားပြီး မျက်နှာသွားသစ်လိုက်ဦးမယ်။ ဒီမှာ ရှင်းပေးထားပါဦး။ "


" ကောင်းပါပြီ သခင်လေး။ "


လီဦးလေးကပြန်ဖြေသည်။


ဒါကို ယန်ကျင်းဇီ မြင်လိုက်‌သောအခါ သူသည် ချန်အန်းရှိူ့ကို သူ၏သန့်ရှင်းသောလက်တစ်ဖက်ဖြင့် ဆွဲခေါ်သွားပြီး အပေါ်ထပ်သို့ခေါ်သွားတော့မည်ဖြစ်သည်။


ထိုအချိန်တွင် ကျွမ်းကောင်းဟန်က အော်ခဲ့သည်။


" ယန်ကျင်းဇီ! "


အကယ်၍ ကျွမ်းကောင်းဟန်၏ခေါ်သံကိုကြားသူက မူလပိုင်ရှင်သာဆိုရင် သူ့စီ သေချာပေါက် သွားမည်ဖြစ်သော်လည်း လက်ရှိသူက...


သူက ကျွမ်းကောင်းဟန်နှင့် ခပ်ဝေးဝေးနေချင်သည်။


ယန်ကျင်းဇီက ပြန်မထူးဘဲ ချန်အန်းရှိူ့ကို ခေါ်သွားခဲ့သည်။


ယန်ကျင်းဇီ၏ညီငယ်များ: " !!! "


သူတို့ဘော့စ်က ချန်အန်းရှိူ့ကို "အန်းရှိူ့"လို့ တိုက်ရိုက်ခေါ်ရဲသည်။ သူက သူ့လက်ကိုတောင် သွားဆွဲရဲလိုက်သေးသည်!


ချန်အန်းရှိူ့ရဲ့လူတစ်ကိုယ်လုံးက ရေခဲတုံးအကြီးကြီးတစ်တုံးလိုပဲဆိုတာ သူ မမြင်ဘူးလား?


ချန်အန်းရှိူ့ကလည်း ယန်ကျင်းဇီ သူ့လက်ကို လူရှေ့မှာလာဆွဲမယ်လို့ မမျှော်လင့်ထားပေ။ သူ မှင်သက်သွားမိပြီး တစ်ကိုယ်လုံး တောင့်တင်းသွားကာ သူ့မျက်နှာက ကျောက်တုံးလိုအေးခဲသွား၏။ သူ့ကြည့်ရတာ ယန်ကျင်းဇီ၏ အတင်းဆွဲခေါ်ခံနေရသလိုပင်။


ယန်ကျင်းဇီသည် စကားထပ်မပြောခင် ချန်အန်းရှိူ့အား သူ့အခန်းထဲ ခေါ်လာခဲ့သည်။


" အန်းရှိူ့ ကိုယ် တောင်းပန်ပါတယ်။ လူတွေအများကြီး ရောက်လာလိမ့်မယ်လို့ ကိုယ် မထင်ထားခဲ့ဘူး။ မင်းရဲ့အချစ်ကိတ်မုန့်လေးတောင် မစားလိုက်ရဘူး! "


ချန်အန်းရှိူ့က ဆိုသည်။


" မင်း အဲ့တာကို စားပြီးပြီလေ။ "


ထိုစကားလုံးများကို ကြားလိုက်ရ‌သောအခါ ယန်ကျင်းဇီက ရယ်လိုက်သည်။


" ဟုတ်တယ်။ ကိုယ် စားပြီးပြီ။ "


သူက စကားပြောပြီးတော့ လက်ချောင်းတစ်ချောင်းကို ထုတ်၍ ချန်အန်းရှိူ့၏မျက်နှာပေါ်မှ ခရင်မ်အချို့ကို ယူလိုက်ပြီး သူ့နှုတ်ခမ်းပေါ်လိမ်းလိုက်ကာ လျှာနှင့်လျက်လိုက်သည်။


ချန်အန်းရှိူ့က ယန်ကျင်းဇီ၏ပါးစပ်ကို အုပ်ထားဖို့ သူ့လက်ကိုထုတ်လိုက်ပြီး ခရင်မ်ပေသွားသည့်လက်ကိုလည်း ကိုင်ထားလိုက်သည်။


သူတို့နှစ်ယောက်က အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့သည်။ ယန်ကျင်းဇီသည် မနေနိုင်ဘဲ အရင်ရယ်လိုက်သည်။ ထို့‌နောက် ချန်အန်းရှိူ့ကလည်း ရယ်လာသည်။


သူ့အပြုံးက မသိသာဘဲ သူ့နှုတ်ခမ်း‌ထောင့်စွန်းများကသာ ကွေးသွားခြင်းဖြစ်သည်။


ပြီးတော့ ဒီအပြုံးက ရေခဲနှင့်နှင်းများကို ချက်ချင်း အရည်ပျော်သွားစေခဲ့သည်။


ယန်ကျင်းဇီ၏နှလုံးသားသည် လျင်မြန်စွာခုန်လာပြီး အနမ်းတစ်ပွင့်ရဖို့အတွက် ချန်အန်းရှိူ့နှင့်ပိုနီးအောင် တိုးကပ်သွားချင်ခဲ့ပါသော်လည်း ဤအချိန်တွင် ချန်အန်းရှိူ့အနောက်မှပစ္စည်းများကို သူ ရုတ်တရက် တွေ့လိုက်ရသည်။ သူ့ခုတင်ဘေး...မဟုတ်ဘူး... မူလပိုင်ရှင်၏ခုတင်ဘေးတွင် ကျွမ်းကောင်းဟန်၏ဓာတ်ပုံတစ်ပုံ ရှိနေသည်။


အခန်းထဲမှာ ကျွမ်းကောင်းဟန်၏ဓာတ်ပုံတစ်ပုံထက် ပိုရှိနေသေးပေမယ့် ချန်အန်းရှိူ့၏ဓာတ်ပုံ တစ်ပုံမှမရှိချေ။


ယန်ကျင်းဇီသည် ချန်အန်းရှိူ့အား ရေချိုးခန်းထဲ ရုတ်ချည်းတွန်းထည့်လိုက်သည်။


" ဟန်နီ မျက်နှာသွားသစ်လိုက်ဦးနော်! "


ချန်အန်းရှိူ့ အနည်းငယ်မှင်သက်မိသွားသည်။


" မင်း... "


သူ့မျက်နှာမှာ ခရင်မ်အများကြီးပေမနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယန်ကျင်းဇီ၏အဝတ်အစားများပင် ခရင်မ်များနှင့်ပေနေ၍ သူက အရင် သန့်ရှင်းရေးလုပ်သင့်သည်။ ဒါပေမယ့် သူ စကားပြောလို့မပြီးခင်မှာပဲ ရေချိုးခန်းထဲအတွန်းခံလိုက်ရပြီး တံခါးကိုလည်း ယန်ကျင်းဇီက ပိတ်လိုက်သည်။


ချန်အန်းရှိူ့သည် အကူအညီမဲ့သွားသလို အနည်းငယ်ခံစားလိုက်ရသည်။


" ငါတို့ အတူတူ ဆေးလို့ရပါတယ်။ "


ယန်ကျင်းဇီ၏ရေချိုးခန်းက ရေချိုးကန်နှစ်ကန်ရှိပြီး အလွန်ကျယ်သည်။


" မဟုတ်ဘူး။ ကိုယ်စောင့်ပြီးမှ ဆေးလိုက်မယ်! အခု ကိုယ်တို့ အတူတူ ရှိနေလို့မဖြစ်ဘူး! "


ယန်ကျင်းဇီသည် ပြေးထွက်ရင်း စကားပြန်ပြောကာ ခုတင်ဘေးက ဓာတ်ပုံဘောင်ကိုဆွဲယူလိုက်ပြီး ခုတင်အောက်ထဲ ထိုးထည့်လိုက်သည်။


" ဘာလို့လဲ? "


ချန်အန်းရှိူ့ အံ့ဩသွားသည်။


" ခုနက မင်းပြုံးလိုက်တာ အရမ်းလှတယ်။ ကိုယ် တစ်ခုခုလုပ်မိပြီး သားရဲတစ်ကောင်လို ပြုမူမိမှာကို ‌ကြောက်လို့။ "


ယန်ကျင်းဇီသည် စာရေးစားပွဲပေါ်မှ ဓာတ်ပုံကို ယူပြီး ခုတင်အောက်ထဲ ထိုးထည့်လိုက်ပြန်သည်။


ချန်အန်းရှိူ့ : " ... "


မှန်ထဲမှာ သူ့ကိုယ်သူ ကြည့်ရင်း သူသည် သူ့လက်ညိုးကိုဆန့်ထုတ်လိုက်ကာ ခရင်မ်တချို့ကို ယူပြီး အရသာမြည်းကြည့်လိုက်သည်။ ကိတ်မုန့်က တကယ် အရသာရှိသည်ဟု ချန်အန်းရှိူ့ ရုတ်တရက် ခံစားလိုက်ရသည်။


သူ အကုန်စားလိုက်၏။


ရေချိုးခန်းထဲမှ ရေသံထွက်လာသည့်အချိန်မှာတော့ သူ့အခန်းထဲက သက်သေအားလုံးကို လက်စဖျောက်ပြီးသည့် ယန်ကျင်းဇီကတော့ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။


သူ့သစ္စာစောင့်သိမှုကို ပြသဖို့အတွက် မူလပိုင်ရှင်က ချန်အန်းရှိူ့ရေးသည့် အချစ်ကဗျာကို ကျွမ်းကောင်းဟန်စီ ပေးခဲ့သည်!


ယန်ကျင်းဇီသည် သူ့မျက်နှာကို သူ ဒေါသတကြီး ပါးရိုက်လိုက်ပြီး သူ့မျက်နှာပေါ်က ကိတ်မုန့်ကပါ ရုတ်ချည်း လွင့်စင်ကုန်ကြသည်။


ယန်ကျင်းဇီ သူ့ကိုယ်သူ ရိုက်နေတုန်း သူ့ညီငယ်များက သူ့ကို စိတ်ပူနေခဲ့ကြသည်။


သူတို့ဘော့စ်က ချန်အန်းရှိူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလိုက်ခြင်း၏ အကျိုးဆက်က ဘာတွေဖြစ်လာနိုင်မလဲ?


ညီငယ်များထဲကတစ်ယောက်က မမေးဘဲ မနေနိုင်။


" ချန်အန်းရှိူ့ ဒေါသထွက်နေလောက်ပြီ။ ဘော့စ်... သူ အရိုက်ခံရလောက်လား? "


နောက်ညီငယ်တစ်ယောက်က ပြောသည်။


" အဲ့တာကိုစိတ်ပူမနေနဲ့။ ချန်အန်းရှိူ့က လူမရိုက်တတ်တာ သေချာတယ်။ ဒါပေမယ့် သူ ဘော့စ်ကို လေ့ကျင့်ခန်းစာအုပ် ဆယ်အုပ်စာလောက်တော့ ဖြေခိုင်းလောက်တယ်။ "


" အဲ့ဒါက အရိုက်ခံရတာထက်တောင် ပိုကြောက်စရာကောင်းသေးတယ် ဟုတ်တယ်မလား? "


" ... "


သူတို့စကားပြောနေကြစဉ် ယန်ကျင်းဇီ အပေါ်တက်သွားပြီးနောက်ပိုင်းကတည်းက အေးစက်နေသောမျက်နှာထားနှင့် ကျွမ်းကောင်းဟန်က ရုတ်တရက် ဝင်ပြောလာခဲ့သည်။


" စိတ်မပူနဲ့။ ချန်အန်းရှိူ့က စိတ်ဆိုးမှာ မဟုတ်ဘူး။ သူက ယန်ကျင်းဇီကို ကြိုက်နေတာ။ "


အခုပဲ စကားပြောနေသည့် ယန်ကျင်းဇီ၏ညီငယ်နှစ်ယောက်က အံ့အားသင့်သွားပြီး ပြောလာကြသည်။


" ကျွမ်းကောင်းဟန်၊ မင်းက အရမ်းရယ်ရတာပဲ! "


" ဟားဟား! မင်းလည်း ဟာသတွေပြောတတ်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ "


ချန်အန်းရှိူ့က သူတို့ဘော့စ်ကို ဘယ်လိုလုပ် ကြိုက်မှာလဲ?


အခြားသူက စီရင်စုချန်ပီယံဖြစ်ချင်သည့် သူတို့ကျောင်း၏ အတော်ဆုံးကျောင်းသားဖြစ်ပြီး သူ့စိတ်ထဲ စာကျက်ဖို့ကလွဲ ဘာမှမရှိဘူး!


အို၊ တကယ်တော့ နောက်တစ်ခုလည်း ရှိသေးသည်။ အဲ့တာက အခြားသူများကို စည်းကမ်းတင်းကြပ်ပြီး စာလေ့လာဖို့ တိုက်တွန်းတာလေ။