အပိုင်း ၂၀ ( Genius Slacker 3 )
Viewers 10k

ချန်အန်းရှိူ့ မျက်နှာသစ်ပြီး ရေချိုးခန်းထဲမှ ထွက်လာသောအခါ ကိတ်မုန့်ပေါ်က ခရင်မ်များ ယန်ကျင်းဇီ၏အခန်းအတွင်း နေရာအနှံ့ ပြန့်ကျဲပေပွနေသည်ကို သူ သတိပြုမိသည်။


ယန်ကျင်းဇီ ဘာလုပ်ခဲ့တာလဲ?


ပြီးတော့...


" မင်းမျက်နှာ ဘာဖြစ်တာလဲ? "


ချန်အန်းရှိူ့သည် ယန်ကျင်းဇီ၏ ထိခိုက်ဒဏ်ရာရထားသည့်အလား နီရဲနေသော မျက်နှာကို သတိပြုမိခဲ့သည်။


" အသိပြန်ဝင်အောင် ကိုယ့်ကိုယ်ကို အကြိမ်ရေ နည်းနည်းလောက် ပြန်ရိုက်ထားရုံပါ။ "


ယန်ကျင်းဇီကဖြေခဲ့သည်။


အသိပြန်ဝင်အောင်? သူ ရေချိုးခန်းထဲမှာ ရှိနေတုန်း ယန်ကျင်းဇီစီက သူ "သားရဲတစ်ကောင်လိုပြုမူမိမှာကို" ဆိုပြီး ပြောခဲ့တာကို တွေးမိတော့ ချန်အန်းရှိူ့၏နှလုံးခုန်နှုန်းက နည်းနည်းပိုမြန်သွားခဲ့သည်။ သူက လှည့်ထွက်သွားပြီး ပြောလိုက်သည်။


" မင်း မျက်နှာသွားသစ်လိုက်ဦး။ "


" ကောင်းပြီ! "


ယန်ကျင်းဇီက ရေချိုးခန်းထဲကို အမြန်ဝင်လိုက်ပြီး သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်လိုက်သည်။


သူ့ကိုယ်သူ ကိတ်မုန့်နဲ့ရိုက်တုန်းက သူ အရမ်းအားသုံးမိလိုက်သည်။ သူ့မျက်နှာပေါ်ကိတ်ပေရုံတင်မကပဲ သူ့ကိုယ်ပေါ်မှာပါ ကိတ်များပေနေသည်။


ရေချိုးချင်ပေမယ့် သူ စိုးရိမ်တာက ချန်အန်းရှိူ့ တစ်ယောက်တည်း ရှိနေတာ အရမ်းကြာသွားပြီး မမြင်သင့်သည့်ပစ္စည်းများကို မြင်သွားခဲ့လျှင်...


ယန်ကျင်းဇီက ရေပဲဆေးလိုက်ပြီး သူ့ကိုယ်သူ ရေသုတ်လိုက်ကာ သူ့အဝတ်အစားများကို ချွတ်ထားရင်း အပြင်ပြန်ထွက်လာခဲ့သည်။


ယန်ကျင်းဇီ ရေချိုးခန်းထဲ ဝင်သွားပြီးနောက် ချန်အန်းရှိူ့သည် ယန်ကျင်းဇီ၏အခန်းကို လှည့်ပတ်ကြည့်သည်။


ဒါက ယောက်ျားလေးများအတွက် အလွန်ပုံမှန်ဆန်သော အခန်းဖြစ်သည်။ နံရံပေါ်မှာ အနုပညာရှင်ကြယ်ပွင့်များ၏ ပိုစတာများ ကပ်ထားပြီး အခန်း၏တစ်ဖက်ခြမ်းရှိ ဗီရိုထဲတွင်တော့ ဘတ်စကတ်ဘောနှင့်အခြားအားကစားများမှ လက်မှတ်ရေးထိုး‌ထား‌သည့် အသုံးပြုပြီးသား အမှတ်တရပစ္စည်းများ ရှိသည်။


သို့သော်ငြား ဆံပင်ပေါ်မှာ ကိတ်ပေနေသေးသည့် ယန်ကျင်းဇီက ရေချိုးခန်းထဲမှ ထွက်လာသဖြင့် သူ ထပ်ပြီးလှည့်ပတ်ကြည့်ရှုဖို့ အချိန်မရလိုက်ချေ။


သူက အဝတ်တွေလည်း ချွတ်ထားသေးတယ်!


ယခုအခါသည် ဆောင်းရာသီကာလဖြစ်လေရာ ယန်ကျင်းဇီ သူ့ရှပ်အင်္ကျီကို ချွတ်လိုက်ရင်တောင်မှ သူ့မှာ ဝတ်ထားဆဲဖြစ်သည့် တခြားအင်္ကျီများ ရှိသေးသော်လည်း သူ့ဘောင်းဘီက...


မိမိုက်သည့်ပုံစံပေါ်ချင်‌ပြီး ရာသီဥတုကို ဂရုမစိုက်ကြသော ယန်ကျင်းဇီကဲ့သို့သော ယောက်ျားလေးများက အပြင်ထွက်ရင်တောင်မှ ဘောင်းဘီရှည်ဝတ်ဖို့ ငြင်းဆန်တတ်ကြကာ အိမ်နေရင်းဆိုလျှင်ဖြင့် ပိုလို့ပင်ဆိုးသည်။


ယန်အိမ်တော်တွင် အလွန်နွေးထွေးပြီး ဘောင်းဘီရှည်ဝတ်စရာမလိုသော ကြမ်းပြင်အပူပေးစနစ်ကို တပ်ဆင်ထားသည်။


ဆိုတော့......


ယန်ကျင်းဇီက အတွင်းခံဘောင်းဘီတိုတစ်စုံပဲ ဝတ်ထားလေသည်!


ချန်အန်းရှိူ့က ခပ်မြန်မြန် အကြည့်လွှဲသွားသည်။


ချန်အန်းရှိူ့က အေးတိအေးစက်ပုံစံပေါ်သော်လည်း မူလပိုင်ရှင်မှာ အရင်ကတည်းက သူ့ကို စောင့်ကြည့်လေ့လာထားခဲ့လေရာ သူ၏ သေးငယ်သောလှုပ်ရှားမှုများမှ သူ၏ခံစားချက်အချို့ကို ရိပ်မိနေပြီဖြစ်သည်။ ပြီးတော့ အခု ယန်ကျင်းဇီက ဒီအမူအရာသေးသေးလေးများအားလုံးကို အထူးတလည် စိတ်ဝင်စားနေပြီဖြစ်၏။


ဤအချိန်၌ ချန်အန်းရှိူ့သည် မရည်ရွယ်ဘဲ သူ့လက်ညှိုးကို သူ့လက်မဖြင့် ဆိတ်မိလိုက်ကာ ဒါက သူ နည်းနည်းရှက်နေတယ်လို့ ဆိုလိုတာ ဖြစ်သည်။


ယန်ကျင်းဇီက ချက်ချင်းပဲ သူ့ကို စချင်လာတော့သည်။


" အချစ်လေး၊ ကိုယ့်ခန္ဓာကိုယ်က ဘယ်လိုလဲ? "


ချန်အန်းရှိူ့ : " ... "


" ကိုယ့်မှာ ဗိုက်ကြွက်သားတွေ ရှိသေးတယ်။ မင်း ကြည့်ချင်လား? "


ယန်ကျင်းဇီက ထပ်မေးသည်။


ချန်အန်းရှိူ့၏အကြည့်က မသိမသာ ရွေ့လာပြီး ချက်ချင်း အမြန်ပြန်ဆုတ်သွားသည်။ သူက မျက်မှောင်ကြုံ့နေပြီး သူ့တစ်ကိုယ်လုံးကလည်း ပိုအေးစက်သွား‌သယောင်ပင်။


ယန်ကျင်းဇီသည် အဝတ်အစားဝတ်ရင်း အလုပ်ရှုပ်နေသော်လည်း ချန်အန်းရှိူ့ကို ကျီစယ်ရန် မမေ့ပေ။ ဒါပေမယ့် သူက အဝတ်အစားလဲပြီးသွားတော့ လေးလေးနက်နက် ပြောလာခဲ့သည်။


" အန်းရှိူ့၊ ကိုယ် ဒီနေ့ တကယ် တောင်းပန်ပါတယ်။ ကိုယ့်အနားမှာ လူတွေအများကြီး ရှိနေကြတာ။ ကိုယ် မင်းနဲ့ နှစ်ယောက်တည်း နေလို့မရလိုက်ဘူး။ လီဦးလေးကို မင်းကိုပြန်ပို့ခိုင်းလိုက်ပြီးတော့ ကိုယ် မင်းကို မနက်ဖြန် ကျောင်းမှာ လာတွေ့မယ်။ "


ချန်အန်းရှိူ့ အနည်းငယ် အဆင်မပြေဖြစ်သွားပေမယ့် ခေါင်းညိတ်လိုက်သည်။


ယန်ကျင်းဇီက သူ့မျက်လုံးမှတစ်ဆင့် သူ့ခံစားချက်ကို မြင်လိုက်ရပြီး သူ့ခမျာ ဖွင့်ပြောဖို့အတွက် ကိတ်မုန့်တစ်လုံးနှင့် လမ်းတစ်လျှောက်လုံး လာခဲ့ရသော်လည်း အဆုံးမှာတော့ အဲ့ကိတ်မုန့်က လုံးဝဖျက်ဆီးခံလိုက်ရသည်ကို တွေးမိတော့ စိတ်နည်းနည်းညစ်သွားရ၏။


စာကြည့်စားပွဲပေါ်က လက်ပတ်နာရီတစ်လုံးပါသည့် ဗူးတစ်ဗူးကို ယန်ကျင်းဇီက လှမ်းယူလိုက်ပြီး ကျန်းဖင်းရှိူ့၏လက်ထဲ ထည့်လိုက်သည်။


" အန်းရှိူ့၊ ဒါက မင်းအတွက် ကိုယ့်လက်ဆောင်ပဲ။ ကိတ်အတွက် လက်ဆောင်ပြန်ပေးတာ! "


တကယ်တော့ ဒီလက်ပတ်နာရီကို မူလပိုင်ရှင်က ဝယ်ခဲ့တာဖြစ်ပြီး ကျွမ်းကောင်းဟန်ကိုပေးဖို့ ရည်ရွယ်ထားခြင်းဖြစ်၏။


ယနေ့သည် မူလပိုင်ရှင်၏ မွေးနေ့ဖြစ်သည်။ ကျွမ်းကောင်းဟန်က သူ့ကို မွေးနေ့လက်ဆောင် ပေးလိမ့်မည်။ မူလပိုင်ရှင်က လက်ဆောင်ဖလှယ်ဖို့ကို စောစောစီးစီး ပြင်ဆင်ပြီးသားပင်။ ဒီလက်ဆောင်၏တန်ဖိုးက ကျွမ်းကောင်းဟန်၏လက်ဆောင်ထက် အများကြီးပိုဈေးကြီးသည်။


ကျွမ်းကောင်းဟန်၏ မိဘနှစ်ပါးစလုံးသည် နိုင်ငံရေးနယ်ပယ်က ဖြစ်သည်။ သူ့မိသားစုက ငွေမပြတ်ပေမယ့် ကျွမ်းကောင်းဟန် ငွေဖြုန်းတီးဖို့အတွက်တော့ မလုံလောက်ချေ။ ကျွမ်းကောင်းဟန်သည် များသောအားဖြင့် ဒေါ်လာတစ်ထောင်လောက်ရှိသော မွေးနေ့လက်ဆောင်လေးများကိုသာ အမြဲလိုလို ပေးလေ့ရှိသည်။


မူလပိုင်ရှင်ကတော့ မတူပေ။ မူလပိုင်ရှင်၏မိဘများသည် မူလပိုင်ရှင်အပေါ် အလွန်စေတနာထားကြသည်။


မူလပိုင်ရှင် ကျွမ်းကောင်းဟန်အတွက် ဝယ်ခဲ့သော နာရီသည် သောင်းနှင့်ချီ၍ ကုန်ကျသည်။


မူလပိုင်ရှင်က အကယ်၍ သူ အရမ်းဈေးကြီးသည့်တစ်စုံတစ်ခုကို ဝယ်မိပါလျှင် ကျွမ်းကောင်းဟန်က လက်ခံဖို့ ငြင်းမှာကို တွေးမိပြီး စိုးရိမ်၍ သူက ဈေးပေါသည့်လက်ဆောင်ကိုသာ ဝယ်ခဲ့သည်။


ချန်အန်းရှိူ့သည် ဗူးထဲတွင် ဘာရှိမှန်း မသိပေမယ့် သူက လက်ခံလိုက်ပြီး သူ့အိတ်ကပ်ထဲမှ ဗူးတစ်ဗူးကို ထုတ်ကာ ယန်ကျင်းဇီကို ပေးသည်။


" မင်းအတွက် လက်ဆောင်။ "


အဲ့ဒါက အလျားရှည်ပြီး သေးသွယ်သော ဗူးတစ်ဗူး ဖြစ်သည်။ ဤဗူးထဲတွင် ဖောင်တိန်တစ်ချောင်း ပါသင့်သည်။ ယန်ကျင်းဇီ ယူပြီး ဖွင့်ကြည့်လိုက်သောအခါ အထဲက ပစ္စည်းမှာ တကယ်ပဲ ဖောင်တိန်တစ်ချောင်း ဖြစ်နေလေသည်။


မူလပိုင်ရှင်၏ အနာဂတ်နှင့်ပတ်သက်သော မှတ်ဉာဏ်များက မရှင်းလင်းချေ။ အရေးကြီးသော အဖြစ်အပျက်တချို့ကပဲ ပြတ်သားသော ပုံရိပ်ကြည်ကြည်များ ရှိသည်။ ထိုပုံရိပ်များတွင် ချန်အန်းရှိူ့ အဆောင်အဦးပေါ်ကခုန်ချစဉ် ဤကဲ့သို့သောဖောင်တိန်တစ်ချောင်းကို ကိုင်ထားခဲ့၏။


ယန်ကျင်းဇီ၏စိတ်ထဲ ရုတ်တရက် ကြောက်စိတ်များ ဗြုန်းခနဲ ပေါ်လာပြီး အသက်ရှုရခက်လာသည်။


သူ သူ့အမူအရာကို ခက်ခက်ခဲခဲ ထိန်းထားလိုက်ရပြီး ချန်အန်းရှိူ့ကို ချောမောစွာ ပြုံးပြခဲ့သည်။


" အချစ်လေး၊ ကိုယ် ဒါကို အရမ်းကြိုက်တယ်။ အခုကစပြီး ဒီဖောင်တိန်ပဲသုံးတော့မယ်။ တခြားဟာတွေ မသုံးတော့ဘူး! "


ချန်အန်းရှိူ့ တိတ်တဆိတ် စိတ်သက်သာရာရသွားသည်။


သူ့မိဘများက သူ့ကို အရမ်းစည်းကမ်းတင်းကြပ်ပြီး သူတို့က သူ့ကို မုန့်ဖိုးအများကြီး မပေးဘူး။ နှစ်သစ်ကူးပိုက်ဆံ အစရှိသည့် အလားတူ အခြားလက်ဆောင်ပိုက်ဆံများကို သူတို့က သူ့နာမည်နှင့် ငွေစုပေးထားသည်။


ဤဖောင်တိန်က သူ့ကို ၈၀၀ ကျော် ကုန်ကျစေပြီး ကိတ်မုန့်ဖိုးနှင့်ပေါင်းလိုက်သောအခါ သူ တိတ်တိတ်လေး စုထားသည့် ပိုက်ဆံအားလုံး ကုန်သွားပြီဖြစ်၏။ သို့သော်ငြား ယန်ကျင်းဇီမှာက အမြဲလိုလို အစားအသောက်ကောင်းများနှင့် အဝတ်အစားကောင်းကောင်းများ ရှိ၍ ယန်ကျင်းဇီ ဒီဖောင်တိန်ကို မကြိုက်မှာ သူက စိုးရိမ်နေခဲ့သည်။


ယခုတော့ ယန်ကျင်းဇီက သူ့လက်‌ဆောင်ကို မမုန်းပေ။ အဆင်ပြေသွားပြီ။


ဤအချိန်တွင် ယန်ကျင်းဇီက ထပ်ပြောသည်။


"စကားမစပ် အချစ်လေး ကိုယ်တို့ ခွဲခွာရတော့မယ်။ ကိုယ်တို့ မခွဲခွာရခင် ကိုယ့်ကို ချစ်အနမ်းလေးတစ်ပွင့်လောက် ပေးပါလား? "


ချန်အန်းရှိူ့က ယန်ကျင်းဇီကို ကြည့်နေကာ သူ၏အမူအရာကင်းမဲ့သည့်မျက်နှာကြောင့် ယန်ကျင်းဇီ အနည်းငယ် စိုးရိမ်သွားသည်။ ချန်အန်းရှိူ့၊ သူ ရှက်နေတာလား? ဒေါသထွက်နေတာလား?


သူလည်း အဲ့လိုတွေးပြီးရော ချန်အန်းရှိူ့က ရှေ့တိုးလာပြီး သူ့ပါးကို နမ်းလိုက်သည်။


ယန်ကျင်းဇီ : " !!! "


သို့သော်လည်း နမ်းပြီးသည်နှင့် တပြိုင်နက် ချန်အန်းရှိူ့က ပြန်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။


သူ့ကြည့်ရတာ... ထွက်ပြေးနေသလိုပဲ။


ယန်ကျင်းဇီသည် သူ့နောက်ကို စိတ်ပျော်စွာဖြင့် လိုက်သွားခဲ့သည်။


ချန်အန်းရှိူ့က ထွက်ပြေးသွားသည်ဟု ယန်ကျင်းဇီက ခံစားလိုက်ရပေမယ့် သူ့ညီငယ်များကတော့ ထိုသို့မထင်ပေ။


သူတို့က ချန်အန်းရှိူ့ အေးတိအေးစက်မျက်နှာထားကြီးဖြင့် အောက်ထပ်သို့ ဆင်းလာသည်ကို တွေ့လိုက်ရပြီး ချန်အန်းရှိူ့ စိတ်တိုနေသည်ဟု သူတို့ထင်လိုက်သည်။ ဖြစ်နိုင်တာက သူ သူတို့ဘော့စ်ကို ဒေါသထွက်နေလောက်သည်။


အကယ်၍ သူတို့သာ အထက်တန်း ပထမနှစ်မှာပဲ ရှိသေးပြီး ချန်အန်းရှိူ့၏နောက်ခံကို မသိသေးဘူးဆိုလျှင် သူတို့ သေချာပေါက် ချန်အန်းရှိူ့ကို ကြောက်လိမ့်မည်မဟုတ်ပေ။ သူတို့ ချန်အန်းရှိူ့ကို တားပင်တားရဲလိမ့်မည်။ ဒါပေမယ့် လွန်ခဲ့သည့်လအနည်းငယ်လောက်က ချန်အန်းရှိူ့၏"နောက်ခံ"သည် ဖော်ထုတ်ခံခဲ့ရသည်။


သူ့မိဘနှစ်ဦးစလုံးက ကျောင်း၏ စည်းကမ်းတင်းကြပ်သည့် နာမည်ကြီးဆရာများဖြစ်ပြီး သူ့အဒေါ်က စည်းကမ်းထိန်းသိမ်းရေးမှူးဖြစ်ကာ သူ့ဦးလေးက ဒုကျောင်းအုပ်ဖြစ်သည်။


သူက ကျောင်းရှိ ဆရာများအားလုံးနီးပါး၏ ဂရုစိုက်မှုအောက်တွင် ကြီးပြင်းလာခဲ့သည်။


သူတို့ သူ့ကို ရပ်ခိုင်းရဲပါ့မလား? သူ့ကို သူတို့ မကြောက်ပဲနေနိုင်ပါ့မလား?!


ယန်ကျင်းဇီ၏ညီငယ်များ အရမ်းအံ့သြသွားရသဖြင့် မေးခွန်းလေးတစ်ခွန်းတောင် မမေးဝံ့ပေ။


ကံကောင်းထောက်မစွာပဲ ဒီအချိန်မှာ ယန်ကျင်းဇီက ချန်အန်းရှိူ့နောက်လိုက်လာပြီး ပြောခဲ့သည်။


" လီဦးလေး။ အန်းရှိူ့ကို အိမ်ပြန်ပို့ပေးဖို့ ဒရိုင်ဘာကို လီဦးလေးက ခေါ်ပေးပါဦး! "


" ဟုတ်ကဲ့ပါ သခင်လေး။ "


လီဦးလေးက ပြုံးပြပြီး ချက်ချင်းပဲ သွားစီစဉ်ပေးသည်။


လီဦးလေးသည် ချန်အန်းရှိူ့အား လျင်မြန်စွာ ခေါ်ဆောင်သွားခဲ့ပြီး ဤအချိန်တွင် ယန်ကျင်းဇီ၏မျက်နှာက နည်းနည်းနီနေမှန်းကိုလည်း ယန်ကျင်းဇီ၏ညီငယ်များက တွေ့ရှိသွားခဲ့ကြသည်။


" ဘော့စ်၊ မင်း... ချန်အန်းရှိူ့စီက အရိုက်ခံလိုက်ရတာလား? "


ညီငယ်တစ်ယောက်က မေးလာခဲ့သည်။


ဤလူ စကားပြောပြီးသည်နှင့် တခြားလူအားလုံးကလည်း ယန်ကျင်းဇီ၏မျက်နှာကို သတိထားမိသွားကြပြီး နောက်တစ်ယောက်က ပြောလာခဲ့သည်။


" ချန်အန်းရှိူ့က အရမ်းလွန်တာပဲ! ဘာလို့ သူက လူကိုရိုက်ရတာလဲ! "


" သူ ဘယ်သူ့ကိုမှ မရိုက်ခဲ့ပါဘူး! ဒါ ငါ့ဘာသာငါ ရိုက်ထားတာ! "


ယန်ကျင်းဇီက ရှင်းပြခဲ့၏။


ယန်ကျင်းဇီ၏ညီငယ်လေး : "ဘော့စ် သူက ကိုယ့်ဘာသာကိုယ် ပြန်ရိုက်ခိုင်းတာလား? "


ယန်ကျင်းဇီ : " ... "


" ယန်ကျင်းဇီ! "


ဤအချိန်၌ လူကောင်ကြီးကြီး ဖူးကျီးက ယန်ကျင်းဇီ၏နာမည်ကို ရုတ်တရက် ထအော်ခေါ်လာသည်။


" မင်း! ဒါ ဘာလုပ်တာလဲ? "


ယန်ကျင်းဇီသည် ဖူးကျီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့၏နံပါတ်တစ် ညီငယ်‌ဖြစ်သူ ယွီလိမင်ထံသို့ ကလပ်တစ်ခု၏ မန်ဘာကဒ်ကို ထုတ်ပေးလိုက်သည်။


" လိမင်၊ မင်း သူတို့ကို ကစားဖို့ Diamond Age ကို ခေါ်သွားလိုက်။ ကုန်ကျစရိတ်အကုန်လုံးကို ငါ့အကောင့်ထဲ ထည့်လိုက်။ "


" အိုကေ ဘော့စ်။ "


ယွီလိမင်က ကဒ်ကိုယူပြီး ညီငယ်များနှင့် ညီငယ်များ၏ရည်းစားများ အဖွဲ့ကို ဦးဆောင်ကာ ဟေးခနဲဖြင့် ပျော်ရွှင်စွာ ထွက်သွားကြသည်။


ဤလူများထွက်သွားပြီးနောက် ယန်ကျင်းဇီသည် ဖူးကျီးနှင့် ကျွမ်းကောင်းဟန်တို့ကို ကြည့်လိုက်သည်။


ဖူးကျီးနှင့်ကျွမ်းကောင်းဟန်တို့၏ မျက်နှာများသည် အလွန်ရုပ်ဆိုးနေကြသည်။


ဒီနေ့ ဘာလုပ်ရမယ်ဆိုတာ ယန်ကျင်းဇီနှင့် အချိန်အတော်ကြာကတည်းက ဆွေးနွေးခဲ့ကြပေမယ့် အခု ယန်ကျင်းဇီ၏အပြုအမူက အရမ်းမှားနေပြီ။


ယခင်က ချန်အန်းရှိူ့ ကိတ်မုန့်နဲ့ရိုက်တယ်လို့ ယန်ကျင်းဇီ ပြောတာကို ယန်ကျင်းဇီ၏ညီငယ်များ ယုံကြပေမယ့် သူတို့ မယုံဘူး။


ချန်အန်းရှိူ့က ယန်ကျင်းဇီကို သဘောကျနေပြီး သူ ဒီနေ့ ဒီကိုလာတာက ဖွင့်ပြောဖို့ ဖြစ်သည်။ ဒီလိုဆို သူက ဘယ်လိုလုပ် ယန်ကျင်းဇီကို ကိတ်မုန့်နဲ့ ရိုက်ပါ့မလဲ? သူ ကိတ်မုန့်ကို ဝယ်လာပြီး တစ်လမ်းလုံး သယ်လာတာက ယန်ကျင်းဇီကိုရိုက်ဖို့အတွက်ပဲဆိုတာတော့ မဖြစ်နိုင်ဘူးမလား?


ပြီးတော့ အဲ့အချိန်တုန်းက ယန်ကျင်းဇီ ကိတ်မုန့်ကို တွန်းလိုက်တာကိုလည်း သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသေးသည်။


ဒါ့အပြင် အဲ့နောက်ပိုင်းမှာ ယန်ကျင်းဇီက ချန်အန်းရှိူ့ကို ခေါ်သွားဖို့ ဆင်ခြေပေးလိုက်သေးသည်ကို ထည့်မတွေးရသေးချေ။


ယန်ကျင်းဇီ ဘာကြောင့် ဒီလိုလုပ်ရသည့် အကြောင်းရင်းကို သူတို့ မစဉ်းစားနိုင်ဘဲ ဒေါသဖြစ်ခဲ့ကြကာ နောက်ဆုံးမှာတော့ ယန်ကျင်းဇီကို အပြစ်တင်ပြီး ကြည့်နေကြသည်။


ယန်ကျင်းဇီက စကားမပြောပေ။


သူ ကူးပြောင်းလာသည့် ခန္ဓာကိုယ်၏ မူလပိုင်ရှင်က လူယုတ်မာတစ်ယောက် ဖြစ်ပေမယ့် ကျွမ်းကောင်းဟန်ကိုတော့ သူ့မှာ တကယ်ပဲ ပြောစရာစကားမရှိဘူး။ ဒါတင်မကသေးပဲ တကယ်တော့ ဖူးကျီးကလည်း ကျွမ်းကောင်းဟန်ကို သဘောကျနေသည်။


မူလပိုင်ရှင်နှင့် ဖူးကျီးတို့ နှစ်ယောက်စလုံးက ကျွမ်းကောင်းဟန်အတွက် များစွာပေးဆပ်ခဲ့သည်။


ချန်အန်းရှိူ့ အဆောက်အဦးပေါ်မှ ခုန်ချပြီးနောက် ကျွမ်းကောင်းဟန်သည် နိုင်ငံခြားသို့ ကျောင်းသွားတက်ခဲ့ပြီး မူလပိုင်ရှင်ကလည်း နောက်မှ လိုက်သွားခဲ့သည်။ မူလပိုင်ရှင်သည် နိုင်ငံခြားတွင် ကျွမ်းကောင်းဟန်၏ ကုန်ကျစရိတ်အားလုံးကို တာဝန်ယူခဲ့၏။ အကယ်၍ သူသာ ပြဿနာတစ်ခုခု ကြုံလာခဲ့ရင် မူလပိုင်ရှင်က ဖြေရှင်းပေးလိမ့်မည်။


သို့သော် ကျွမ်းကောင်းဟန်သည် မူလပိုင်ရှင်နှင့် ဆက်ဆံရေးကို အတည်မပြုခဲ့ဘဲ သူက မူလပိုင်ရှင်ကို အချိုနည်းနည်း ကျွေးပြီး မူလပိုင်ရှင်ကို မျှော်လင့်ချက်ရောင်ခြည် သန်းထားစေခဲ့သည်။


အိမ်မပြန်ခင် သူတို့ နိုင်ငံခြားမှာ ရှစ်နှစ်ကြာ နေခဲ့ကြသည်။


မူလပိုင်ရှင်၏မိဘများသည် မူလပိုင်ရှင်၏ရှေ့၌ သားသမီးရှိခဲ့ပြီး မူလပိုင်ရှင်ကို မမွေးခင် ကလေးပျောက်သွားခဲ့သည်။ မူလပိုင်ရှင်ကိုမွေးတော့ သူတို့က အသက်လေးဆယ် ခန့် ရှိနေပြီဖြစ်သည်။


မူလပိုင်ရှင် တရုတ်ပြည်ကို ပြန်ရောက်သောအခါ သူတို့က ကျန်းမာရေးမကောင်းတော့သည့်အတွက် ကုမ္ပဏီကို အေးဂျင့်တစ်ယောက်၏အုပ်ချုပ်မှုအောက်တွင် ထားကာ သူတို့၏ သက်ကြီးရွယ်အိုနေ့ရက်များကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်ဖို့ ရှယ်ယာများကိုသာ ယူထားချင်ခဲ့ကြသည်။ သူတို့က မူလပိုင်ရှင်စီမှာ ကုမ္ပဏီကို စီမံခန့်ခွဲနိုင်မည့် အရည်အချင်းမရှိဟု အမြဲထင်ခဲ့ကြ၏။


ဒါပေမယ့် အပျော်အတွက် ပိုက်ဆံသုံးခြင်းကလွဲ၍ ဘာမှမသိသော မူလပိုင်ရှင်သည် ကျွမ်းကောင်းဟန်၏ရှေ့တွင် သူ၏အရည်အချင်းကို ပြသရန်အတွက် ကုမ္ပဏီကို စီမံခန့်ခွဲတော့လေသည်။


ကုမ္ပဏီစီမံခန့်ခွဲဖို့ကို မေ့ထားပြီး သူက နေရာတိုင်းမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံဆဲဖြစ်သည်။


နှစ်အနည်းငယ်လောက် သူ့စီက လှန်လှောခံလိုက်ရပြီးနောက်မှာတော့ ကုမ္ပဏီက ဒေဝါလီခံလိုက်ရကာ သူ့မှာ အကြွေးအများကြီး ကျန်ခဲ့တော့သည်။


အဲ့အချိန်မှာ မူလပိုင်ရှင်ဟာ တော်တော်လေးဆိုးရွားသည့် ဘဝမှာ နေထိုင်ခဲ့ရသည်။ ကျွမ်းကောင်းဟန် သူ့ကို ကူညီလိမ့်မည်ဟု သူက ယုံကြည်ခဲ့သည်။ အဆုံးမှာတော့ သူက ကုမ္ပဏီဒေဝါလီမခံရခင်မှာ ကျွမ်းကောင်းဟန်ကို ပိုက်ဆံအများကြီးနှင့် ပစ္စည်းအများကြီး ပေးခဲ့သည်လေ။ သို့သော်လည်း ကျွမ်းကောင်းဟန်ကတော့ သူ့ကို လုံးဝ ဂရုမစိုက်ပေ။ သူ့အတွက် သင့်တော်သော မိန်းကလေးတစ်ယောက်နှင့် လက်ထပ်ပြီး ချမ်းသာကြွယ်ဝသည့်ဘဝတွင် နေထိုင်သွားခဲ့သည်။


မူလပိုင်ရှင်၏ သက်ကြီးရွယ်အို မိဘနှစ်ပါးကလည်း ရောဂါကုသရန် ပိုက်ဆံမရှိ၍ ဆုံးပါးသွားကာ မူလပိုင်ရှင်မှာ အကြွေးနွံနစ်ပြီး အရိုက်ခံရသည့်ခွေးတစ်ကောင်သာသာ ဖြစ်လာခဲ့သည်။


နောက်ဆုံးတွင် မူလပိုင်ရှင်သည်လည်း ချန်အန်းရှိူ့ကဲ့သို့ အဆောက်အဦးပေါ်မှ ခုန်ချသတ်သေသွားသည်။


ယန်ကျင်းဇီတွင် မူလပိုင်ရှင်၏မှတ်ဉာဏ်များ ရှိသော်လည်း မူလပိုင်ရှင်၏ခံစားချက်များ မရှိပေ။ သူက ကျွမ်းကောင်းဟန်ကို ချစ်လည်းမချစ်သလို မုန်းလည်းမမုန်းချေ။ အမှန်တော့ မူလပိုင်ရှင်က သေသင့်သည်ဟု သူ ထင်သည်။


သို့သော်ငြား သူ၏ထင်မြင်ချက်အရ ကျွမ်းကောင်းဟန်သည် အလွန်အော်ဂလီဆန်စရာကောင်းသည်။


ဖူးကျီးကတော့ မူလပိုင်ရှင်လိုမျိုး ကျွမ်းကောင်းဟန်၏လက်များကြားထဲ ကစားခံခဲ့ရခြင်းပင်။


ဤအခိုက်အတန့်တွင် ယန်ကျင်းဇီသည် ဤလူနှစ်ယောက်ကို ကြိမ်းမောင်းအပြစ်တင်ပစ်လိုက်ချင်သော်လည်း သူ မတတ်နိုင်ပေ။


ချန်အန်းရှိူ့ရေးထားသည့်အချစ်ကဗျာများက ကျွမ်းကောင်းဟန်၏လက်ထဲတွင် ရှိနေဆဲ ဖြစ်သည်။


မူရင်းသမိုင်းကြောင်းမှာ ကျွမ်းကောင်းဟန်သည် ဖူးကျီးအား ချန်အန်းရှိူ့ လက်မှတ်ထိုးထား‌ရုံတင်မကပဲ မူလပိုင်ရှင်၏တောင်းဆိုချက်အရ "ကျင်းဇီအတွက်" ဆိုပြီး ရေးထားသည့် အချစ်ကဗျာများကို ကျောင်းတွင် ဖြန့်ခိုင်းခဲ့သည်။ သူက ထိုအချစ်ကဗျာများကို ဓာတ်ပုံရိုက်ပြီး အတန်း၏ group chat ထဲ ပို့လိုက်သည်။


ဤအချစ်ကဗျာများသည် ချန်အန်းရှိူ့ကို ဒုက္ခပေးသော အမှိုက်များထဲမှ တစ်ခုလည်းဖြစ်သည်။


ထို့အပြင် မူလပိုင်ရှင်၊ ဒီအရူးက သူ့ဖုန်းမှာ ဤသူငယ်ချင်းနှစ်ယောက်နှင့် စကားပြောနေတုန်း မပြောသင့်သည့်အရာများကို ပြောခဲ့သေးသည်။


ဤအရာများကို ဖျက်ဆီးခြင်းသည် အကောင်းဆုံးဖြစ်သည်။


ယန်ကျင်းဇီက တိတ်ဆိတ်နေတော့ ဖူးကျီးက အရင်ပြောလိုက်သည်။ သူက ယန်ကျင်းဇီကို ခက်ထန်စွာ ကြည့်ကာ ဆိုးဝါးသောလေသံဖြင့် ဆိုသည်။


" ယန်ကျင်းဇီ၊ ခုနက မင်း ကိတ်မုန့်ကို ဖျက်ဆီးလိုက်တာလား? "


" ငါ ဖျက်ဆီးလိုက်တယ်။ "


ယန်ကျင်းဇီက ပြောသည်။


" မင်း ရူးနေလား? မင်း ဘာလုပ်ချင်လို့လဲ?! "


ဖူးကျီးက ‌မေး၏။


" ငါ ဘာမှမလုပ်ချင်ဘူး။ လူတွေကို အဲ့လိုစနောက်တာက မကောင်းဘူးလို့ပဲ တွေးမိရုံတင်။ "


ယန်ကျင်းဇီက ဆက်ပြောသည်။


" ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ရအောင်လား? "


" ချီးပဲ။ ယန်ကျင်းဇီ၊ မင်း သူ ကောင်းဟန်ကို ဘယ်လို အနိုင်ကျင့်ခဲ့တယ်ဆိုတာ မေ့လိုက်ပြီလား? "


ဘယ်မှာ ချန်အန်းရှိူ့က ကျွမ်းကောင်းဟန်ကို အနိုင်ကျင့်လို့လဲ? သူက အဆင့်ကောင်းကောင်းများသာ ရသည်။ အဲ့ဒါက မှားလို့လား?


ပြောရမည်ဆိုလျှင် ချန်အန်းရှိူ့သည် စိတ်အားထက်သန်ဆုံး ကျောင်းသားတစ်ယောက် ဖြစ်ပြီး အေးတိအေးစက် အကြည့်လေးဖြင့် မွေးလာခဲ့ခြင်းသာ။


ယခု ကျောင်းမှလူများ ချန်အန်းရှိူ့ကို ကြောက်ကြခြင်းမှာ တကယ်တော့ သူတို့၏ ကိုယ်ပိုင်ထင်မြင်အကဲဖြတ်ချက်များကြောင့်ပင် ဖြစ်သည်။


ချန်အန်းရှိူ့၏မိဘနှစ်ပါးစလုံး ဆရာများဖြစ်ကြသည် ဟူသော အချက်ကို အစက ကျောင်းမှာ ဘယ်သူမှမသိကြချေ။ သူတို့ အဲ့ဒါကို သိသွားကြတော့ မတော်တဆ ကြေညာမိလိုက်ကြသည်။ ချန်အန်းရှိူ့က ဆရာ့စီကို ကျောင်းသားများအကြောင်း သွားတိုင်လိမ့်မည်ဟု သူတို့က အလိမ်အညာတချို့ကိုလည်း ထပ်ပေါင်းထည့်လိုက်သေးသည်။


ယန်ကျင်းဇီ အောင့်ထားလိုက်ပြီး ဒါကိုပြန်မငြင်းခဲ့ဘဲ ပြောခဲ့သည်။


" တကယ်တမ်း သူက ဘာမှမလုပ်ထားဘူးလေ။ ငါတို့စီစဉ်ထားတဲ့အတိုင်းသာ လုပ်ခဲ့မယ်ဆိုရင် သူ ဘယ်လိုဖြစ်သွားမလဲ? ငါတို့ လူတစ်ယောက်ရဲ့ဘဝကို တစ်သက်လုံး ဖျက်ဆီးပစ်မိလိုက်နိုင်တယ်။ "


" ဒီလိုအသေးအမွှားကိစ္စလေးက သူ့ဘဝကို ဘယ်လိုလုပ် ပျက်စီးစေနိုင်မှာလဲ? "


ဖူးကျီးက ပြောသည်။


ယန်ကျင်းဇီ ပြန်မပြောရသေးခင် ကျွမ်းကောင်းဟန်က ရုတ်တရက် ဝင်ပြောသည်။


" ယန်ကျင်းဇီ၊ မင်း ချန်အန်းရှိူ့ကို ကြိုက်နေတာတော့ မဟုတ်ဘူးမလား?


ကျွမ်းကောင်းဟန်က ယန်ကျင်းဇီကို ပြုံးရိပ်မရှိဘဲ ကြည့်နေခဲ့ပြီး သူ့မျက်ဝန်းများက အနည်းငယ် အေးစက်နေသည်။


" ငါ သူ့ကို တော်တော်လေး သဘောကျတယ် ကျွမ်းဟန်။သူ့အပေါ်မှာရှိတဲ့ ငါ့ခံစားချက်တွေအတွက်ပဲဖြစ်ဖြစ် သူ့ကို ပြဿနာမရှာပါနဲ့။ "


ယန်ကျင်းဇီကပြောလိုက်သည်။


ကျွမ်းကောင်းဟန်၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။


" ယန်ကျင်းဇီ၊ မင်း ငါ့ကို သစ္စာဖောက်တာလား...? "


ယန်ကျင်းဇီသည် ကျွမ်းကောင်းဟန်၏အမူအရာကို သတိပြုမိပြီး သူ့နှလုံးထခုန်သွား၏။


ဤအချိန်တွင် မူလပိုင်ရှင်သည် ကျွမ်းကောင်းဟန်ကို နှစ်သက်သော်လည်း ကျွမ်းကောင်းဟန်သည် အထက်တန်းကျောင်းတက်စဉ် စာကျက်ပြီး အချစ်၌ ပျော်မွေ့မနေသင့်ဟု အမြဲပြော‌လေ့ရှိတာကြောင့် မူလပိုင်ရှင်က ဖွင့်မပြောဘဲ ကျွမ်းကောင်းဟန်ကလည်း မူလပိုင်ရှင် သူ့ကိုကြိုက်နေမှန်း မသိ‌ချင်ယောင်ဆောင်ခဲ့သည်။


ဒါပေမယ့် တကယ်တော့ ကျွမ်းကောင်းဟန်က ဒါကို သိတယ်မလား?


ယန်ကျင်းဇီ ဒါကို သဘောပေါက်သည်နှင့်တပြိုင်နက် ဖူးကျီးက သူ့ကို လက်သီးဖြင့်ထိုးသည်။


" ယန်ကျင်းဇီ၊ ချန်အန်းရှိူ့အတွက်နဲ့ မင်းရဲ့ညီအစ်ကိုကို မင်း သစ္စာဖောက်လိုက်တာလား? "


ယန်ကျင်းဇီ လျင်မြန်စွာ ရှောင်လိုက်နိုင်ပေမယ့် ဖူးကျီးက သူ့ကို မှီသည်။ သူ့ဒုတိယလက်သီးချက်က ယန်ကျင်းဇီ၏ပခုံးကို ထိ၏။


မူလပိုင်ရှင်သည် ညီငယ်တစ်စုဖွဲ့၍ တိုက်ခိုက်နည်းကို အနည်းငယ်သင်ယူခဲ့သော်လည်း ငယ်စဉ်ကလေးဘဝကတည်းက သူ့မိသားစုစီမှ တန်းလျားထဲပစ်ချခံခဲ့ရသော ဖူးကျီးထက်တော့ တော်တော်ညံ့သေးသည်။


ဤအချိန်၌ ယန်ကျင်းဇီသည် ဖူးကျီးကို လုံးဝအနိုင်မယူနိုင်ပေ။


ဒါပေမယ့် ဒါက သူ့အိမ်။


ယန်ကျင်းဇီက လှည့်ပြီး ထွက်ပြေးရင်း အော်ဟစ်နေတော့သည်။


" ကူညီပါဦး! အစ်ကိုကျန်းရေ! ကယ်ပါဦး! "


ယန်စုံတွဲက ယန်ကျင်းဇီအတွက် သက်တော်စောင့်တစ်ယောက်ကို စီစဉ်ပေးထားပေမယ့် ယန်ကျင်းဇီ မကြိုက်၍ ၎င်းသက်တော်စောင့်သည် ယန်ကျင်းဇီအနားတွင် မနေချေ။ဒါပေမယ့် အခု ယန်ကျင်းဇီက အကူအညီအော်ခေါ်နေပြီ။


အိမ်အကူတစ်ယောက် မီးဖိုချောင်ထဲက ထွက်လာပြီး အဝေးရောက်နေသည့် လီဦးလေးလည်း ရောက်လာသည်။ ဒုတိယထပ်တွင် ရှိနေသော သက်တော်စောင့်ဖြစ်သူ အစ်ကိုကျန်းသည် လှေကားကို နှစ်ခါတည်းဖြင့် ခုန်ဆင်းလာခဲ့သည်။


ယန်ကျင်းဇီသည် ဖူးကျီးထံမှ လက်သီးနှစ်ချက် အထိုးခံလိုက်ရပြီး ယခုအချိန်တွင်တော့ ဖူးကျီးအား ရန်ကျန်းက ထိန်းချုပ်ထားပြီးပြီဖြစ်သည်။


စစ်မှုထမ်းအဖြစ် မွေးဖွားလာခဲ့သူ အစ်ကိုကျန်းသည် အရပ်ရှည်ရှည် ယောက်ျားတစ်ယောက် ဖြစ်၏။ ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ် အရွယ် ကောင်လေးတစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းဖို့က သူ့အတွက် အရမ်းလွယ်သည်။ သူသည် ဖူးကျီး၏လက်ကို နောက်သို့ လိမ်လိုက်ရာ ဖူးကျီး မလှုပ်ရှားနိုင်တော့ပေ။


" ယန်ကျင်းဇီ၊ မင်းမှာ သတ္တိရှိရင် ငါနဲ့ လာတိုက်စမ်းပါ! "


ဖူးကျီးက အော်လိုက်သည်။


" မင်း အခု ငါ့ကို ရိုက်ရဲလို့လား! "


ယန်ကျင်းဇီက ပြန်ဖြေသည်။


သူသည် ဖူးကျီးနှင့် စကားပြောနေစဉ် ရုတ်တရက်ကြီး ကျွမ်းကောင်းဟန်၏နံဘေးသို့ ပြေးသွားကာ ကျွမ်းကောင်းဟန်၏အိတ်ကပ်အတွင်းမှ လက်ကိုင်ဖုန်းကို လုယူလိုက်၏။


သူ၏တိုက်ခိုက်ရေးစွမ်းအားသည် ဖူးကျီးလောက် မကောင်းမွန်သော်လည်း ကျွမ်းကောင်းဟန်ထက်တော့ သာလွန်ပြီး ကျွမ်းကောင်းဟန်၏လက်ကိုင်ဖုန်းကို လျင်မြန်စွာ လုယူနိုင်လိုက်သည်။


" ယန်ကျင်းဇီ၊ မင်း ဘာလုပ်ချင်လို့လဲ? "


ကျွမ်းကောင်းဟန်သည် ယန်ကျင်းဇီကို စိန်းစိန်းဝါးဝါး ကြည့်သည်။


ယန်ကျင်းဇီက ပြောသည်။


" ကျွမ်းကောင်းဟန်၊ ချန်အန်းရှိူ့ရေးထားတဲ့ အချစ်ကဗျာတွေကို မင်း ငါ့ကိုပြန်ပေးရင် မင်းရဲ့ဖုန်းကို ငါ မင်းစီ ပြန်ပေးမယ်။ "


" ယန်ကျင်းဇီ၊ မင်း ငါနဲ့ တကယ် ရန်ဖြစ်‌ချင်နေတာလား? "


ကျွမ်းကောင်းဟန် ယန်ကျင်းဇီကို ကြည့်လိုက်သည်။ ပုံမှန်မဟုတ်သောဒေါသကို သူ ခံစားနေရပြီး သေချာနားမလည်နိုင်သည့်ဆုံးရှုံးမှု ဟူသော နောက်တစ်မျိုးကလည်း သူ့နှလုံးသားထဲ ရှိနေလေသည်။


အရင်တုန်းကတော့ ယန်ကျင်းဇီက သူ့ကို နေရာတိုင်း ပထမဦးစားပေးထားခဲ့ပေမယ့် အခု...


" မင်း ငါ့အတွက် ချန်အန်းရှိူ့ ရေးထားပေးတဲ့ ကဗျာတွေကို ပြန်ပေး။ "


ယန်ကျင်းဇီ၏ဆုံးဖြတ်ချက်သည် အရမ်းခိုင်မာသည်။


ကျွမ်းကောင်းဟန်သည် ယန်ကျင်းဇီအား လေးလေးနက်နက် စေ့စေ့ကြည့်လိုက်ပြီးမှ နောက်ဆုံး ပြောလာတော့သည်။


" ငါ အဲ့ဒါ ယူမလာဘူး။ အိမ်ပြန်ပြီး သွားယူလိုက်မယ်။ "


ယန်ကျင်းဇီ ခဏလောက် စဉ်းစားလိုက်ကာ ပြီးမှ ပြောလိုက်၏။


" မင်း သွားယူလိုက်ပါ။ "


အဲ့ကဗျာများကို ကျွမ်းကောင်းဟန်အား ပေးထားပြီးသားဖြစ်သော်လည်း သူ သွားပြန်ယူလိမ့်မည်ဟု ယန်ကျင်းဇီ အာမမခံနိုင်ပေ။ ဒါပေမယ့် သူ ထိုကဗျာများကို ပြန်ယူနိုင်မည့် နည်းလမ်းတစ်ခု ရှာရပေမည်... ထို့အပြင် ကျွမ်းကောင်းဟန်နှင့်ဖူးကျီးတို့၏ ဖုန်းများထဲမှ ဇာတ်ရှုပ် chat မှတ်တမ်းများကိုလည်း ဖျက်ပစ်ရဦးမည်။


သူ ဖုန်းလုလာတာ ဒီအတွက်ပင်။


ကျွမ်းကောင်းဟန်က လှည့်ထွက်သွားသည်။ သူ ထွက်သွားသောအခါ ယန်ကျင်းဇီသည် အစ်ကိုကျန်း၏ထိန်းချုပ်ခြင်းကို ခံနေရသော ဖူးကျီးထံသို့ လျှောက်သွားကာ ဖူးကျီး၏ဖုန်းကို ထုတ်လိုက်ပြီး ဖူးကျီး၏လက်ဗွေရာဖြင့် ဖုန်းဖွင့်လိုက်သည်။ သူတို့ group ၏ chat history ကို ဖွင့်လိုက်ပြီး ဖျက်ပစ်လိုက်၏။ စဉ်းစားလိုက်ပြီးသောအခါ chat software ကို uninstall လုပ်လိုက်ပြီး ဖူးကျီး၏ဖုန်းအား စက်ရုံကထုတ်လိုက်သည့်အတိုင်း မူလ setting ပြန်ဖြစ်သွားအောင် လုပ်လိုက်သည်။


" ချီး! ယန်ကျင်းဇီ လူယုတ်မာကောင်! "


ဖူးကျီးက ဆက်လက်ကျိန်ဆဲနေတော့သည်။


ယန်ကျင်းဇီသည် ဖူးကျီး၏ဖုန်းကို ဖူးကျီးစီ ပြန်ပေးလိုက်၏။


" သွားတော့။ "


ဖူးကျီးက ဖုန်းကို ဆွဲယူလိုက်ပြီး အစ်ကိုကျန်းအား မျက်စောင်းခဲကာ ထွက်သွားသည်။


" ယန်ကျင်းဇီ၊ ငါ မင်းနဲ့ ရှင်းလို့ မပြီးသေးဘူး! "


ဖူးကျီး ထွက်သွားသည်။ ကျွမ်းကောင်းဟန်၏ဖုန်းသည် စကားဝှက်ဖြင့် ပိတ်ထားသဖြင့် ဖွင့်မရလေရာ သူ ကျွမ်းကောင်းဟန်ပြန်လာတာကိုပဲ စောင့်နေရသည်။


သို့သော် ကျွမ်းကောင်းဟန်က ပြန်မလာခဲ့ပေ။ ဒါတင်မကပဲ နာရီဝက်လောက်ကြာတော့ သူ့ဖုန်းက အသံမြည်လာပြီး ကျွမ်းကောင်းဟန်က screenshot တချို့ကို ပို့လာခဲ့သည်။


ကျွမ်းကောင်းဟန်သည် ချန်အန်းရှိူ့အကြောင်း ပြောနေသည့် သူတို့ group chat က chat history ၏ screenshot တစ်ပုံကို တင်ခဲ့၏။


အားလုံးနီးပါးက မူလပိုင်ရှင်၏ ကြွားလုံးများ ဖြစ်ကာ ယန်ကျင်းဇီ ဖျက်ပစ်ချင်နေသည့်ဟာများ အတိအကျပင်။


ပုံကိုနှိပ်ပြီး ဝင်ကြည့်လိုက်တော့ ယန်ကျင်းဇီ သွေးအန်လုမတတ် ဖြစ်သွားရသည်။


" ချန်အန်းရှိူ့က ငါ့ကို အသေချစ်တယ်။ ပထမနှစ်ဝက်အတွက် သင်္ချာဘာသာက အဓိကအချက်တွေကို ရွေးထုတ်ပြီး ငါ့ကိုပေးခဲ့တယ်။ သူ့မျက်လုံးတွေ နီရဲနေတာကို ငါ တွေ့လိုက်တယ်။ သူ မနေ့ညက မအိပ်ခဲ့တာ ထင်တယ်။ "


" ချန်အန်းရှိူ့က ငါ့ကို ချောကလက်တစ်ပိုင်း ပေးခဲ့တယ်။ ချီး! ငါ အဲ့လို အခြောက်ဆန်တာတွေ မစားဘူး! "


" ငါ ဒီနေ့ အတန်းထဲမှာ အိပ်နေတုန်း ချန်အန်းရှိူ့က ငါ့ကို စာလေ့လာဖို့ တိုက်တွန်းတယ်။ ငါ စာသေချာလိုက်နားထောင်သရွေ့ ငါ့အတွက် အချစ်ကဗျာတွေ ရေးပေးမယ်လို့ သူ ငါ့ကို ကတိပေးခဲ့တယ်။ "


...


Screenshot များသည် အခြေခံအားဖြင့် ထိုကဲ့သို့သောစကားများဖြစ်ကာ ချန်အန်းရှိူ့၏ အဓိကအချက်မှတ်စုများ သို့မဟုတ် တခြားတစ်ခုခုကို သူ ရိုက်ယူထားသည့် ဓာတ်ပုံများ ဖြစ်သည်။


ယန်ကျင်းဇီခမျာ သွေးအန်လုနီးပါး။


ဤမှတ်တမ်းများကို ဖျက်ရန် ကျွမ်းကောင်းဟန်၏ မိုဘိုင်းလ်ဖုန်းကို လုယူခဲ့သော်လည်း ကျွမ်းကောင်းဟန်က screenshot ရိုက်ထားပြီး အပိုသိမ်းထားမယ်လို့ မထင်ထားခဲ့ဘူး!


ယန်ကျင်းဇီသည် ကျွမ်းကောင်းဟန်ကို ချက်ချင်းဖုန်းဆက်သည်။


" ကျွမ်းကောင်းဟန် screenshot တွေ အားလုံးကို ဖျက်ပစ်လိုက်စမ်းပါ! "


" မဖျက်နိုင်ဘူး။ "


ကျွမ်းကောင်းဟန်က ပြောခဲ့သည်။


" ဒါနဲ့ ငါ့ဖုန်းထဲမှာ ဘာမှမရှိဘူး။ မင်း အဲ့ဒါကို ဘယ်လိုကြိုက်တာလဲ? "


စကားပြောပြီးနောက် ကျွမ်းကောင်းဟန်က ဖုန်းချသွားသည်။


ယန်ကျင်းဇီသည် ကျွမ်းကောင်းဟန်၏ လက်ကိုင်ဖုန်းကို မြေပြင်ပေါ်သို့ လွှတ်ပစ်လိုက်သည်။


ကျွမ်းကောင်းဟန်သည် အပေါ်ယံ၌ ရိုးသားသည့်ပုံပေါ်သော်လည်း အမှန်မှာ သူသည် မကျေမချမ်းဖြစ်တတ်ကာ မနာလိုဝန်တိုတတ်သည်။ သူ အခု ထိုအရာများကို ပြန်မပေးတော့မှန်း ယန်ကျင်းဇီ အရမ်းသေချာသည်။


ကျွမ်းကောင်းဟန်သည် တစ်ခုခုလုပ်ရန် ထိုအရာများကို အသုံးပြုနေဆဲ ဖြစ်လိမ့်မည်။


ဒါကို‌တွေးရင်း ယန်ကျင်းဇီသည် screenshot များကို ချက်ချင်းပြန်ကြည့်လိုက်ကာ စဉ်းစားပြီးမှ chat history အပြည့်အစုံကို ဖတ်ရန် သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။


Chat history တစ်ခုလုံးကို ဖတ်ပြီးနောက် ယန်ကျင်းဇီ၏စိတ်သည် အနည်းငယ် ပြေလျော့သွားရသည်။


Chat မှတ်တမ်းထဲတွင် မူလပိုင်ရှင်က သူနှင့်ချန်အန်းရှိူ့အကြောင်း အများကြီးပြောပြီး ချန်အန်းရှိူ့က သူ့ကို ဘယ်လောက်အလိုလိုက်ကြောင်း ပြောထားပေမယ့် group ထဲမှာ သူ ချန်အန်းရှိူ့ကို မစော်ကားခဲ့ချေ။


အဆုံးမှာ‌တော့ မူလပိုင်ရှင်ကိုယ်တိုင်၌က ယောက်ျားများကို ကြိုက်သည်။ ချန်အန်းရှိူ့က သူ့ကို အလိုလိုက်အကြိုက်ဆောင်နေတာကို တွေ့ရတော့ ကျွမ်းကောင်းဟန် သူ့ကို သဘောကျအောင် ကြိုးစားဖို့ မူလပိုင်ရှင်က သူ့ဘာသာသူ တွေးခဲ့လိမ့်မည်။


ထို့အပြင် ကျွမ်းကောင်းဟန်သည် အလွန်သတိထားတတ်သောကြောင့် ချန်အန်းရှိူ့ကိုဆန့်ကျင်သော ၎င်းတို့၏ "လျို့ဝှက်ပူးပေါင်းကြံစည်ချက်" အား group ထဲတွင် တစ်ခါမှ ထုတ်မပြောဖူးပေ။


Group ထဲတွင် ကျွမ်းကောင်းဟန်သည် ချန်အန်းရှိူ့၏မကောင်းကြောင်းပင် မပြောခဲ့ချေ။


ဒါပေမယ့် ဒီကျေးဇူးကြောင့်ပဲ မူလပိုင်ရှင်က group ထဲမှာ ရှိနေတုန်း စကားပြောဆိုရာတွင် အလွန်ဆင်ခြင်ခဲ့သည်။


မူလပိုင်ရှင်၏အမြင်တွင် ကျွမ်းကောင်းဟန်သည် စိတ်သဘောထားကောင်းသူဖြစ်ကာ ကျွမ်းကောင်းဟန်၏ရှေ့တွင် ထိုသို့သောမကောင်းကြောင်းများကို ပြောရန် ရှက်သဖြင့် သူက ရိုင်းတောင်မရိုင်းခဲ့ဘူး။


ဒါတောင်မှ မူလပိုင်ရှင်က group ထဲမှာ မပြောသင့်တာကို ပြောခဲ့သေးသည်။


မူလပိုင်ရှင်က group ထဲတွင် သူနှင့်ချန်အန်းရှိူ့တို့၏ကိစ္စများအားလုံးကို အသေးစိတ် ပြောပြသည်။ ချန်အန်းရှိူ့ သူ့ကိုဘယ်လောက်သဘောကျကြောင်းနှင့် အလားတူကိစ္စများ အလုံးစုံကို အဓိကထားပြောခဲ့သည်။ မူလပိုင်ရှင်က ပြောခဲ့သေး၏။


" ငါ ချန်အန်းရှိူ့ကို အရမ်းနုံလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါ သူ့ကို ဘယ်တော့မှ ကြိုက်မိမှာ မဟုတ်ဘူး။ "


" ငါ သူ့ပုံစံကို မကြိုက်ဘူး။ "


" ချန်အန်းရှိူ့က တကယ်ကြီး ငါ့အတွက် ဟင်းချက်လာတယ်! စားရဆိုးလိုက်တာ! "


...


မူလပိုင်ရှင်ထံမှ ဤမှတ်တမ်းများနှင့် ချန်အန်းရှိူ့ရေးထားသည့် အချစ်ကဗျာများပါ ပေါင်းလိုက်လျှင် ဤအရာများသည် ချန်အန်းရှိူ့ မူလပိုင်ရှင်ကို သဘောကျကြောင်း သက်သေများ ဖြစ်သည်!


ပိုအရေးကြီးတာက ချန်အန်းရှိူ့ ဒါကိုမြင်သွားခဲ့မည်ဆိုလျှင် ချန်အန်းရှိူ့ ဘယ်လိုထင်သွားလောက်မလဲ?


ယန်ကျင်းဇီသည် လူများကို သူ့အခန်းထဲ သန့်ရှင်းရေး လုပ်ခိုင်းပြီးသား ဖြစ်သည်။ သူသည် အခန်းထဲတွင် စိုးရိမ်ပူပန်စွာဖြင့် ရှေ့နောက်ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။ လှည့်ပတ်လျှောက်ပြီးသကာလ သူက သူ့ဖုန်းကို ထုတ်ပြီး ချန်အန်းရှိူ့စီ ဖုန်းဆက်လိုက်သည်။


မကြာမီပင် ချန်အန်းရှိူ့သည် ဖုန်းပြန်ဖြေသည်။


" အန်းရှိူ့! "


ယန်ကျင်းဇီက နာမည်ထုတ်ခေါ်လိုက်သည်။


" ဘာဖြစ်လို့လဲ? "


ချန်အန်းရှိူ့က မေးသည်။


" အန်းရှိူ့၊ ကိုယ်က အရူးတစ်ယောက်ပဲ။ ကိုယ် တစ်ခုခု အမှားလုပ်မိလိုက်ပြီ။ ကိုယ့်မှာ အပြစ်ရှိတယ်... "


ယန်ကျင်းဇီသည် သူ့ကိုယ်သူ စတင်ဆူပူကြိမ်းမောင်းတော့သည်။ သူ့ကိုယ်သူ ပိုပြီးကျိန်ဆဲလေ၊ သူက ပိုပြီးစိတ်လှုပ်ရှားလာလေပါပဲ။


ချန်အန်းရှိူ့ : " ... "


ချန်အန်းရှိူ့သည် ထပ်မမေးခင် ခဏတဖြုတ် ဘာပြောရမှန်းမသိဖြစ်သွားသည်။


" ဘာကိစ္စဖြစ်လို့လဲ? "


" ကျွမ်းကောင်းဟန်နဲ့တခြားသူတွေက မင်းကို အနိုင်ကျင့်‌ချင်နေကြတာ။ ကိုယ် သူတို့နဲ့ ရန်ဖြစ်ခဲ့တယ်။ "


ယန်ကျင်းဇီကပြောသည်။


ချန်အန်းရှိူ့၏အသံသည် အေးစက်နေသည်။


" အဲ့ဒါကြောင့် မင်း နေလို့ အဆင်‌မပြေဖြစ်နေတာလား? "


" မဟုတ်ဘူး။ "


ယန်ကျင်းဇီက ဆက်ပြောသည်။


" အန်းရှိူ့၊ ကိုယ်က အတော်မိုက်မဲတဲ့လူတစ်ယောက်ပဲ... အန်းရှိူ့၊ သူတို့က မင်းပေါ်မှာ ထင်မြင်ချက်တွေ ရှိတယ်။ မင်း ကိုယ်နဲ့အတူရှိနေမယ်လို့ သဘောတူ‌တုန်းက ကိုယ် တော်တော်လေး စိတ်လှုပ်ရှားနေခဲ့တာ။ မင်း ကိုယ့်ကို ဘယ်လိုသဘောကျကြောင်း group chat ထဲမှာ ကိုယ် ပေါက်က‌ရတွေ အများကြီး ပြောခဲ့တယ်။ မင်းကိုထိခိုက်စေဖို့ သူတို့က အဲ့စကားတွေကို သုံးနိုင်တယ်။ အန်းရှိူ့၊ မင်း ကိုယ့်ကို ဆူဆဲလို့ရပါတယ်! "


ချန်အန်းရှိူ့သည် အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲဖြစ်ကာ ထို့နောက် ယန်ကျင်းဇီ၏ ဝမ်းနည်းသံကြီးကို ကြားလိုက်ရသည်။


" ကိုယ် မင်းကို screenshot တစ်ခု ပို့လိုက်မယ်။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ ကိုယ်နဲ့လမ်းမခွဲလိုက်ပါနဲ့နော်။ "


ချန်အန်းရှိူ့သည် ဖုန်းတစ်ဖက်မှ အမြဲတမ်း ကျီစယ်ဆော့ကစားနေတတ်သော သူ့ကောင်လေး၏ ဆွဲဆွဲငင်ငင် ငိုကြွေးသံကြီးကို ကြားရချိန်တွင် လုံးဝ ဒေါသထွက်မနေပေ။ တကယ်တော့ သူက အနည်းငယ် ရယ်ချင်နေသည်။


ဤအချိန်၌ ယန်ကျင်းဇီသည် ဖုန်းချလိုက်ပြီး ချန်အန်းရှိူ့ထံသို့ screenshot တချို့ ‌ပို့လိုက်သည်။


ဤ screenshot များသည် ယန်ကျင်းဇီကိုယ်တိုင် သူ့ဖုန်းမှ ရိုက်ယူထားခြင်းဖြစ်သည်။ သူသည် group နာမည်များနှင့် အခြား screenshot များကို ယူကာ အလွန်အကျွံ လွန်ကဲခြင်း မရှိသော screenshot များကိုသာ ရွေးချယ်ခဲ့သည်။


ထို့ကြောင့် ချန်အန်းရှိူ့ ဖုန်းကို ဖွင့်လိုက်သည်နှင့် ယန်ကျင်းဇီ ပြောထားသည့် screenshot ကို မြင်လိုက်ရသည်။


" ခုနက အတန်းထဲမှာ ရှိနေတုန်း ချန်အန်းရှိူ့က ငါ့ကို တိတ်တိတ်လေး ကြည့်နေတယ်။ "


" ဒီနေ့ ငါ ချန်အန်းရှိူ့ကို မနက်စာ ပေးခဲ့ပြီး ချန်အန်းရှိူ့က မယုံနိုင်လွန်းလို့ လန့်သွားတယ်လေ! "


" ဖူးကျီး၊ ငါ မင်းကို ပြောပြမယ်။ အခု ငါ ချန်အန်းရှိူ့ကို ဘာပဲလုပ်ခိုင်းပါစေ သူ သေချာပေါက် လုပ်ပေးလိမ့်မယ်။ "


...


ချန်အန်းရှိူ့ : " ... "


ချန်အန်းရှိူ့တွင် ယန်ကျင်းဇီအား ဆူပူကြိမ်းမောင်းချင်စိတ်များ ပေါ်ထွက်လာတော့သည်။


တကယ်တော့ ယန်ကျင်းဇီ ပြောခဲ့သည်မှာ ကြွားလုံးထုတ်ထားတာ မဟုတ်ဘဲ အဖြစ်မှန်များ ဖြစ်သည်။ သူက ယန်ကျင်းဇီကို တကယ်ကြိုက်ပြီး ထိုအရာများကို လုပ်ခဲ့သော်လည်း ယန်ကျင်းဇီက ဤအကြောင်းများအား တခြားသူများကို ပြောပြခဲ့သည်!


ချန်အန်းရှိူ့ ဒေါသထွက်နေကာ ထို့နောက် ယန်ကျင်းဇီက သူ့စီ အသံမက်ဆေ့ခ်ျ နောက်တစ်ခု ပို့လိုက်သည်ကို တွေ့လိုက်ရသည်။


အသံမက်ဆေ့ခ်ျကို သူ နှိပ်လိုက်တော့ ယန်ကျင်းဇီ၏ ဝမ်းနည်းပက်လက်သံကြီးက ထပ်မံ ထွက်ပေါ်လာသည်။


" အန်းရှိူ့၊ မင်း ကိုယ့်ကို ဆူလို့လည်းရတယ်၊ ရိုက်လို့လည်းရတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး မင်း ကိုယ့်ကို လမ်းမခွဲသွားပါနဲ့။ "


ဤကဲ့သို့ ခပ်ဆင်ဆင် အလားတူမက်ဆေ့ခ်ျနှင့်အတူ ယန်ကျင်းဇီသည် ဆက်တိုက် ပို့နေဆဲ။ မြောက်‌များစွာသော အသံမက်ဆေ့ခ်ျများမှာ အပို့ခံလာရတော့၏။


ချန်အန်းရှိူ့ ဒေါသထွက်မနေနိုင်တော့ဘဲ နောက်ဆုံးမှာတော့ သူ မနေနိုင်တော့ဘဲ ရယ်မိလိုက်တော့သည်။


ချန်အန်းရှိူ့အား စိတ်ငြိမ်သွားစေရန် နှစ်သိမ့်ပေးပြီးနောက် ယန်ကျင်းဇီသည် သူ့ဖုန်းကို ရှာတွေ့ပြီး မူရင်းပိုင်ရှင် ရိုက်ကူးထားသော ချန်အန်းရှိူ့ရေးထားသည့် အချစ်ကဗျာ၏ ဓာတ်ပုံကို ဖွင့်ကြည့်လိုက်သည်။


မူလပိုင်ရှင်က ထိုကဗျာများကို ကျွမ်းကောင်းဟန်အား ပေးခဲ့သော်လည်း သူ့ဖုန်းထဲတွင် ဓာတ်ပုံများ ကျန်ခဲ့သေးသည်။


အခုလက်ရှိ အကြီးမားဆုံးပြဿနာက ဒီအချစ်ကဗျာပဲ!


ချန်အန်းရှိူ့၏ အက္ခရာစာလုံးများသည် အလွန်ထူးခြားပြီး သိသာထင်ရှားကာ တစ်ချက်ကြည့်ရုံနှင့် ချန်အန်းရှိူ့ ရေးထားမှန်း ပြောပြနိုင်သည်...


ဤကမ္ဘာတွင် ရှိဖို့ဖြစ်နိုင်ချေမရှိပုံရသော အရာများစွာ တည်ရှိသည်။ သို့သော်ငြား ဤကဗျာများနှင့်ဆိုလျှင် မူလပိုင်ရှင်နှင့်ချန်အန်းရှိူ့တို့တွင် တကယ်ပဲ ဆက်ဆံရေးတစ်ခု ရှိနေမှန်း လူတိုင်းသိသွားဖို့က လွယ်ကူသည်။


ဒီကဗျာများကို ချန်အန်းရှိူ့ ရေးထားမှန်း လူသိမခံ၍ မဖြစ်ချေ!


ယန်ကျင်းဇီသည် စာရွက်နှင့်ဘောပင်ကို ရှာတွေ့လိုက်ပြီး ဓာတ်ပုံများကို ပရင့်ထုတ်လိုက်ကာ မူလပိုင်ရှင်အတွက် ချန်အန်းရှိူ့ စီစဉ်မှတ်သားပေးထားခဲ့ဖူးသည့် မှတ်စုများကိုလည်း ထုတ်လိုက်သည်။ ထို့နောက် သူသည် ချန်အန်းရှိူ့၏လက်ရေးအတိုင်း ကူးယူရေးသားနိုင်အောင် စတင်လေ့ကျင့်တော့သည်။


ကူးရေးနေစဉ်....

ယန်ကျင်းဇီသည် သူက ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်နေမှန်း ရုတ်တရက် သိလိုက်ရသည်!


ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် အရမ်းတော်သော်လည်း အလယ်အလတ် ကောင်းမွန်သည့်အဆင့်လောက်သာ ဖြစ်သည်။ ဒါပေမယ့် သူကတော့ မတူပေ။ သူက ဘယ်သောအခါမှ ဘာတစ်ခုကိုမှ မေ့မသွားချေ!


သူ မကူးပြောင်းလာခင်တုန်းက ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ခဲ့မှာပဲ!


သူ့ဉာဏ်ရည်နှင့် သူသည် ချန်အန်းရှိူ့ထက် မညံ့သော ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်လာလိမ့်မည်။


သေချာ‌တာပေါ့၊ အဲ့အကြောင်းကို စဉ်းစားရမယ့် အချိန်မဟုတ်သေးဘူး။ အခု... သူ ချန်အန်းရှိူ့၏လက်ရေးအတိုင်း ကူးရေးနိုင်အောင် လေ့ကျင့်ရမည်!


ယန်ကျင်းဇီသည် ချန်အန်းရှိူ့ ရေးထားသော စကားလုံးတိုင်းကို ဂရုတစိုက် ကြည့်ရှုလေ့လာကာ သူ့စိတ်ထဲတွင် စွဲထင်ကျန်ရစ်စေသသည်...


အကြိမ်အနည်းငယ်ခန့် လိုက်တုပပြီး အကြိမ်အနည်းငယ်လောက် ကူးရေးကာ နောက်ဆုံးမှာတော့ ချန်အန်းရှိူ့၏စာလုံးအတိုင်း သူ တကယ်ကြီး စာလုံးတစ်လုံး ရေးနိုင်ခဲ့ပြီ!


ထို့နောက် သူ ကူးရေးပြီး ထပ်လေ့ကျင့်သည်။ နောက်ဆုံးမှာတော့ သူသည် ချန်အန်းရှိူ့နီးပါး ကောင်းမွန်သော စကားလုံးများကို ရေးနိုင်ခဲ့သည်။


ထပ်ပေါင်းထည့်ရမည်ဆိုလျှင် မူလပိုင်ရှင်က ချန်အန်းရှိူ့ကို အချစ်ကဗျာများ ရေးခိုင်းသောအခါ သူ့ကိုယ်ပိုင်စာအုပ်ထဲမှ စာရွက်ကို ဆုတ်ဖြဲပြီး အသုံးပြုခဲ့သည်။


ယန်ကျင်းဇီသည် ထိုစာအုပ်ကို ထုတ်ကာ ချန်အန်းရှိူ့ ရေးသော အချစ်ကဗျာများမှ ဆယ်ပုဒ်ကို ချန်အန်းရှိူ့၏လက်ရေးဖြင့် ရေးလိုက်သည်။ သူ နောက်တစ်ကြိမ် ထပ်ရေးခဲ့သည်။ နောက်ပိုင်းတွင် ကျွမ်းကျင်ပညာရှင်များမှလွဲ၍ သူ ရေးခဲ့သော အချစ်ကဗျာများနှင့် ချန်အန်းရှိူ့ ရေးခဲ့သော အချစ်ကဗျာများ၏ ကွဲပြားခြားနားချက်ကို ဘယ်သူမှ မခွဲနိုင်တော့ပေ။


ချန်အန်းရှိူ့ကိုယ်တိုင်တောင် မခွဲနိုင်လောက်တော့ပေ။


ဤအချိန်တွင် ယန်ကျင်းဇီသည် တရုတ်လက်ရေးလှ လေ့ကျင့်နေသည်မှာ ဆယ်နာရီလောက် ရှိနေပြီဖြစ်ကာ နံနက်သုံးနာရီ၊လေးနာရီခန့် ရှိပြီဖြစ်၏။


ယန်ကျင်းဇီ အနည်းငယ် စိတ်လျှော့လိုက်ပြီး ချန်အန်းရှိူ့၏လက်ရေးဖြင့် စာရွက်ပေါ်တွင် အခြားတစ်ခုခုကို စရေးသည်။


" ယန်ကျင်းဇီက ကမ္ဘာပေါ်မှာ အချောဆုံးလူပဲ! ချန်အန်းရှိူ့ဆိုတဲ့ငါ့ထက်တောင် အဆတစ်သောင်း ပိုချောတယ်! "


" ယန်ကျင်းဇီက ကမ္ဘာပေါ်မှာ ဉာဏ်‌အကောင်းဆုံးပဲ! ချန်အန်းရှိူ့ဆိုတဲ့ငါ့ထက်တောင် အဆတစ်သောင်း ဉာဏ်ကောင်းတယ်! "


" ယန်ကျင်းဇီ၊ မင်းက နှင်းတောင်လိုပဲ။ အအေးစက်ဆုံး၊ ကြည်လင်နေတဲ့ကျောက်စိမ်းလိုမျိုး၊ ဥယျာဉ်ထဲက အလှဆုံးနဲ့အနူးညံ့ဆုံး နှင်းဆီ... "


...


တိုတိုပြောရရင် ဒါက အစအဆုံး ပေါက်တတ်ကရများဖြင့် ပြည့်နေရမည်။ သူက ချန်အန်းရှိူ့၏လက်ရေးဖြင့် သူ့ကိုယ်သူ ခေါင်းမှခြေဖျားအထိ ချီးကျူးရေးသားခဲ့သည်။


သူ ထပ်ထည့်မရေးနိုင်လောက်တော့သည့်အထိ ရေးလိုက်လေသည်။ စဉ်းစားပြီး‌သည့်နောက် သူက ထပ်ရေး၏။


" မေးခွန်းဖြေရတာကို ကျွန်တော် ‌သဘောကျတယ်။ မေးခွန်းတွေကို ဖြေရတာက ကျွန်တော့်ကို ပျော်ရွှင်စေတယ်။ "


" ကျွန်တော် လေ့ကျင့်ခန်းစာအုပ်တစ်အုပ်ကို ဇနီးအဖြစ် လက်ထပ်ချင်တယ်။ "


" ဘဝရဲ့အဓိပ္ပာယ်က မေးခွန်းတွေကို ဖြေဖို့ပဲ! "


...


သေချာတာပေါ့၊ ချန်အန်းရှိူ့၏လက်မှတ်ကိုလည်း ရေးထိုးထားရမည်။