အပိုင်း ၃၀၅
Viewers 62k

အခန်း ၃၀၅ “အမျိုးသမီး... မင်းက လူကို လန့်အောင်လာလုပ်နေတာပဲ... ”

ညအချိန် ကျရောက်လာပြီ ဖြစ်သောကြောင့် အနောက်မြောက်ပိုင်း လွင်ပြင်၌ သိပ်သည်းလှသော အမှောင်ထုက လွှမ်းခြုံထားပေပြီ...။

မြေပြင်ပေါ်တွင် စွန်းထင်နေသော သွေးစက်များက တန်ဖိုးကြီးလှသော သမိုင်းကြောင်းအတွက် ကြီးကျယ်မြင့်မြတ်လှသည့် အစိတ်အပိုင်းများပင် ဖြစ်သည်။ လက်ရှိအချိန်၌ အလင်းရောင် တစ်ချက်နှင့်အတူ မိုလောမြို့၏ ရှေးဟောင်းမြို့ တံခါးကြီးက ကျယ်လောင်လှသော အသံဖြင့် ပွင့်သွားသည်။ စနစ်တကျ စီတန်းထားသော စစ်သည်တော်များက မြို့အတွင်းမှ ချီတက်ထွက်ခွာ လာကြသည်။

မိုလင်း ဦးဆောင်ထားသော တပ်ဖွဲ့ဝင်များက တည်ငြိမ် ရင့်ကြတ်လှသော အမူအရာများဖြင့် အနောက်တိုင်းဆန်ဆန် မြို့တော်ဆီသို့ ချီတက်လာကြသည်။ နတ်ဆိုးသားရဲများက အစောပိုင်း အချိန်လေးကတင် ဆုတ်ခွာခဲ့ပြီ ဖြစ်သောကြောင့် ယခုအချိန်က သူတို့ကို တိုက်ခိုက်ရန်အတွက် အကောင်းဆုံး ပင်ဖြစ်သည်။ ထိုကဲ့သို့ အခွင့်အရေးကောင်း ရရှိရန်အတွက် သူတို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရခြင်းဖြစ်သည်။


အနောက်ပိုင်း ဆန်းကြယ်မြို့တော်ကို နတ်ဆိုး သားရဲများ၏ တိုက်ခိုက်မှူဒဏ်မှ ပြန်လည် ထူထောင်ခွင့်မပေးနိုင်ပေ.။ သို့မှသာလျှင် သူတို့က လေအလင်း အင်ပါယာ၏ ရှေးဟောင်းသမိုင်းဝင် မြို့တော်ကို အလွယ်တကူ တိုက်ခိုက် သိမ်းယူနိုင်လိမ့်မည်။ ထိုအကြံအစည်ကို တပ်ဖွဲ့၏ တပ်မှူးကသာ ဆုံးဖြတ်ထားခြင်း မဟုတ်ပဲ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် သူများနှင့်ပါ ပူးပေါင်း၍ အတူတကွ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

ထိုအနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော စစ်သည်တော်များ၏ အကူအညီဖြင့် သူတို့က မြို့များကို တိုက်ခိုက်ရန် စီစဉ်ခဲ့ရာတွင် အောင်မြင်မှု များစွာ ရရှိခဲ့သည်။ ထို့ကြောင့်ပင်လျှင် ထိုသူများ အပေါ်တွင် အလွန်အမင်း ယုံကြည်လာ ခဲ့ကြသည်။ အနောက်ပိုင်း ဆန်းကြယ် မြို့တော်ကို တိုက်ခိုက်ရန် အဆိုပြုသည့် အချိန်တွင် သူတို့က ခြွင်းချက်မရှိ ထောက်ခံ ခဲ့ကြသည်။

လက်ရှိအချိန်၌ တပ်အတွင်းရှိ သူတို့၏ အဆင့်အတန်းကို တပ်မှူး အဖြစ်ပင် နှိုင်းယှဉ်၍ ရသည်။ အဘယ့်ကြောင့် ဆိုသော် ထိုသူတို့၏ အကူအညီဖြင့် တိုက်ပွဲပေါင်း များစွာကို အောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

............................

နတ်ဆိုးသားရဲများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသော အနောက်ပိုင်း ဆန်းကြယ်တပ် အနီးသို့

လျှို့ဝှက်အဖွဲ့ တစ်ဖွဲ့ချဉ်းကပ် လာခဲ့ကြသည်။ တပ်အထဲတွင် လူသုံးယောက်က စက်ဝိုင်းပုံသဏ္ဌာန် လှည့်ပတ်၍ လျှောက်နေကြသည်။ နှစ်ယောက်၏ လက်ထဲတွင် တောက်ပလှသော ကျောက်စိမ်းပြား ငါးခုကို ကိုင်ထားလေ၏...။ အဆောင်ပြား တစ်ခုက ပျက်စီးနေပုံရပြီး တခြား အဆောင်များကဲ့သို့ တောက်ပခြင်း မရှိတော့ပေ...။

သို့သော်လည်း အဖြူရောင် အခိုးအငွေ့များက မှော်အစီအရင် အတွင်းပျံ့နှံ့နေပြီး မှိန်ဖြော့လှသည့် လိုင်းကလေးများဖြင့် အော်ဟစ်နေကြသော မျက်နှာများကို တွေ့မြင်ရနိုင်သည်။

"ငါတို့အမှောင်ထု အတွင်းမှာပဲ အနောက်ပိုင်း ဆန်းကြယ်မြို့တော်ကို တိုက်ခိုက်သိမ်းပိုက် နိုင်မယ်ဆိုရင်... အရှင်သခင်ရဲ့ အမိန့်ကို အောင်မြင်သွားပြီ... ဒီလိုဆိုရင် အရှင်သခင်ဆီကို ဝိညာဉ်တွေအမြောက်အမြား ငါတို့ ပြန်လည် ယူဆောင်သွားနိုင်လိမ့်မယ်..." အက်ရှရှ အသံတစ်သံက ပြောလိုက်သည်။

အဆောင်ပြားကို ကိုင်ဆောင်ထားသော လူနှစ်ယောက်က တတိယအရိပ်ကို လေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။

"အကြီးအကဲရဲ့ အကူအညီနဲ့ ဆိုရင် ငါတို့ အနောက်ပိုင်း ဆန်းကြယ်မြို့တော်ကို သေချာပေါက် သိမ်းယူနိုင်မှာပါ...

“ငါတို့ရန်သူတွေကို အာကာသ အာနန်ဂိုဏ်းက ကျွမ်းကျင်သူတွေက ကူညီနေမယ်ဆိုရင်တောင်မှ ငါတို့ သူတို့ကို မကြောက်ရွံ့ဘူး...”

“အကြီးအကဲသာ ငါတို့ကို ကူညီမယ်ဆိုရင် အဲ့ဒီ အာကာသအာနန်ဂိုဏ်းက အရူးတွေက ပျက်စီးသွားရလိမ့်မယ်..." အသံက ယုံကြည်လေးစားမှု စိတ်လှုပ်ရှားမှု များဖြင့် ပြည့်နေသည်။

သူတို့၏ သဘောတကျ ရယ်မောလိုက်မှုကို အဝေးတစ်နေရာဆီမှပင် ကြားနိုင်လေသည်။

............................

"ငါတို့ အနံ့မွှေးမွှေးလေးက်ိုတောင် ရနေပြီ...”

“ ဟာ... အနံ့က တော်တော် မွှေးတာပဲ... ဒါပေမယ့်... အမွှေးနံ့က ငါတို့ထင်ထားသလောက်လဲ မပြင်းထန်ဘူးနော်..."

"အရူး ငတုံး သူကအခုမှ စချက်တာလေ စိတ်ဝိညာဉ် သားရဲတွေရဲ့ အသားက အချိန်အကြာကြီးပဲ ချက်ရတယ်... ဒီတော့ အစောပိုင်းလေးကမှ သူချက်တယ်ဆိုမှတော့ အနံ့က ဘယ်လိုလုပ် ပြင်းထန်အုံးမလဲ..."

စစ်သည်တော်များက သူတို့ အချင်းချင်း ပြောဆို ငြင်းခုန်နေကြသည်။ သူတို့က အိုးကြီး ကိုးအိုးဖြင့် ပြင်ဆင်ထားသောအစားအစာ များကြောင့် စိတ်လှုပ်ရှားနေကြ၏။ နီယန်ကလည်း သူမ၏ နှုတ်ခမ်းပါးလေးများကို လျှာဖြင့်လျက်လိုက်သည်။ သူမက တည်ငြိမ်စွာဖြင့်ပင် ဒယ်အိုးများကို အာရုံစိုက်နေလေ၏။

ထိုစိတ်ဝိညာဉ်များ ရောနှော ပေါင်းစပ်မှုက ပေါက်ကွဲမှုကို ဖြစ်စေနိုင်သည်။ အဆင့်ခုနစ် စိတ်ဝိညာဉ် သားရဲများ၏ စွမ်းအင်ဖြစ်သောကြောင့် ပေါက်ကွဲပျက်စီး မှုကလည်း စခန်းတစ်ခုလုံး ပျက်စီးသည်အထိ ဖြစ်နိုင်ပေ၏။ ထန်းယင်လည်း ထိတ်လန့်ကြောက်ရွံ့ နေမိသည်။ တခြား တစ်ဖက်တွင်မူ ခုန်းရွှမ်း၏ မျက်လုံးများက အထင်မြင်သေးမှုဖြင့် ကျဉ်းမြောင်းနေသည်။

" သူက စားဖိုမှူး တစ်ယောက်ပဲလေ... ဘာများကြီးကြီးမားမား လုပ်နိုင်မှာ မဟုတ်လို့လဲ..."

ရုတ်တရက် ပုဖန်က အလျင်အမြန်ထ၍ အိုးကြီးရှေ့၌ရပ်ကာ မလွှဲတမ်း စိုက်ကြည့်နေသည်။ ဒယ်အိုးအတွင်းမှ ထွက်ပေါ်လာသော စွမ်းအင်သိပ်သည်းစွာ ပါဝင်သည့် ရေနွေးငွေ့များက ဒယ်အိုးအလယ်မှ ဖြစ်ပေါ်နေသော အဖြူရောင် မီးခြင်္သေ့ကို ပတ်လည်ဝန်းရံ နေလေရာ ကြည့်ရသည်မှာအစစ်အမှန်နှင့်ပင် တူလှသည်။ ပုဖန်က မီးခြင်္သေ့၏ ဟိန်းဟောက်သံကိုပင် ခံစားမိလေသည်။

ဒယ်အိုးအတွင်းမှ ရေများက ပွက်ပွက်ဆူနေသော်လည်း ထိုအရာက မီးအပူရှိန်ကြောင့် မဟုတ်ပေ။ မှော်ဝင်ပစ္စည်းများ၏ စိတ်ဝိညာဉ်စွမ်းအင်များက ဒယ်အိုးအတွင်း၌ လှည့်ပတ်နေသောကြောင့်သာ ဆူပွက်နေခြင်း ဖြစ်သည်။ ပုဖန်က မျက်မှောင်ကြုံ့လိုက်သည်။ ယခုအချိန်က အရေးကြီးသည့် အဆင့်ပင်ဖြစ်သည်။ အကယ်၍ သူသာ ကောင်းစွာထိန်းချုပ် နိုင်ခြင်းမရှိပါက ပေါက်ကွဲထွက်သွားပေလိမ့်မည်...။

ပုဖန်က အိုး၏နှုတ်ခမ်းပေါ်သို့ ရပ်လိုက်ကာ သူ့၏ ဒူးကို အနည်းငယ် ကွေးလိုက်သည်။ အစစ်အမှန် စွမ်းအင်များက သူ့ခြေထောက်အတွင်းသို့ စီးဆင်းဖြတ်သန်း သွားပြီးနောက် အိုးထဲသို့စီးဝင်သွားသည်။

တည်ငြိမ်လှသော အစစ်အမှန် စွမ်းအင်များက အိုးထဲသို့ စီးဝင်သွားသည်နှင့် တစ်ပြိုင်နက် အရှိန်ပြင်းစွာသော စွမ်းအင်များက တည်ငြိမ်သွားပြီး အိုးအတွင်းမှ ဆူပွက်ကာ လျော့နည်းသွားသည်။

ပုဖန်က သူထုတ်လွှင့်လိုက်သော အစစ်အမှန်စွမ်းအားများကို အာယုံစူးစိုက်၍ အိုးထဲမှ လှည့်လည်နေသော စိတ်ဝိညာဉ် စွမ်းအားများကို ထိန်းချုပ်လ်ိုက်သည်။ ယခုအဆင့်က အလွန်ခက်ခဲလှပြီး အရေးကြီးသည့် အဆင့်လဲဖြစ်သည်။ အရာအားလုံး တည်ငြိမ်သွားပြီးသည်နှင့် ပြုလုပ်လုပ်ဆောင်ရသည်က တဖြေးဖြေးနဲ့ လွယ်ကူလာပေလိမ့်မည်။

ပုဖန်က ခြေဖျားအသာခတ်၍ ပထမအိုးပေါ်မှ ဆင်းသက်လိုက်ကာ ကောင်းစွာပွက်ပွက်ဆူနေပြီ ဖြစ်သော ဒုတ်ိယအိုးပေါ်သို့ ပြောင်းလိုက်သည်။ သူက အိုးတစ်ခုချင်းစီရှိ အပူချိန်ကို ထိန်းချုပ်ရမည် ဖြစ်ပြီး မြင့်တက်လာသော အပူချိန်ကို မည်ကဲ့သို့ကောင်းစွာ ထိန်းချုပ်ရမည်ကို သိပေသည်။

အဝေးမှ ကြည့်နေသော နီယန်က ဆွံ့အနေမိသည်။ သူမက ပုဖန်အစစ်အမှန် စွမ်းအင် ထိန်းချုပ်သည်ကို မြင်သည့်အခါတိုင်း သင်ယူလိုစိတ် ပို၍ ပြင်းပြလာခဲ့သည်။ ထို အစစ်အမှန် စွမ်းအင်များကို မည်သို့ထိန်းချုပ်သည်ကို အတိအကျ မသိသောကြောင့် အံ့အားသင့်နေမိသည်။ ပုဖန်ကို စိုက်ကြည့်နေသော နီယန်က နှာခေါင်းတရှုံ့ရှုံ့ လုပ်လိုက်သည်။ လေထုထဲမှ မွှေးပျံ့လာသော ရနံ့များက သူမ၏ ထက်မြက်လှသော အနံ့ခံအာရုံထဲသို့ ထိုးဖောက်ဝင်ရောက် လာသောကြောင့် မျက်ဝန်းများတောက်ပ သွားသည်။

ပထမအိုးမှ ထွက်ပေါ်လာသော အမွှေးရနံ့များက ကြွယ်ဝသိပ်သည်း လှသောကြောင့် စကားလုံးနှင့်ပင် ဖော်ပြလို့ မရနိုင်ပေ။ ပတ်ဝန်းကျင် တခွင်သို့ပျံ့နှ့သွားသော မွှေးရနံ့များက လူအုပ်ကြီးကိုလုံးဝ ဆွဲဆောင်ထားလိုက်သည်။ လေထဲတွင် ပျံ့နှံ့နေသော မွှေးရနံ့များကို ကျယ်ပြန့်လှသော ဧရိယာအတွင်းရှိ လူတိုင်းနီးပါး အနံ့ခံလိုက်မိကြသည်။

ပုဖန်က ဒုတိယအိုးပေါ်မှ ခုန်လိုက်၍ တတိယအိုးပေါ်သို့ ကျသည်နှင့် တစ်ပြိုင်နက် ဒုတိယအိုးမှလဲ သူ၏မွှေးရနံ့များကို စတင် ထုတ်လွှတ်လာသည်။ မွှေးရနံ့များက ပထမအိုးများကဲ့သို့ပင် ကြွယ်ဝကြသော်လည်း ခြားနားကြသည်။ ပထမအိုးမှ ရနံ့က ပို၍ပြင်းထန်ပြီး ဒုတိယအိုးမှ ရနံ့က တည်ငြိမ်အေးချမ်း လှသည်။ တစ်ခုချင်းစီမှ ထုတ်လွှင့်လာသော မွှေးရနံ့များက သူတို့၏သက်ဆိုင်ရာ စိတ်ဝိညာဉ် သားရဲများကို ကိုယ်စားပြုသည်။

မီးခြင်္သေ့က ကြမ်းတမ်းခက်ထန်ပြီး ဆူးဆင်ရိုင်းက တည်ငြိမ်သော်လည်း ကြောက်စရာကောင်းသည်။ ရှေးဟောင်း တောင်လိပ်လေးက ငြိမ်းအေးလှသည်။ ထွက်ပေါ်လာသော မွှေးရနံ့ တစ်ခုချင်းစီက ရှူရှိုက်လိုက်သည့် လူတိုင်းကို မတူညီသော ခံစားမှုမျိုး ပေးစွမ်းလေသည်။

ပုဖန်က ကိုးခုမြောက် အိုးပေါ်မှ ခုန်ဆင်းလိုက်သည့် အချိန်တွင် သိပ်သည်းလှသော အမွှေးအကြိုင် ရနံ့များက ဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားပေပြီ။ ထိုခံစားချက်က နဂါးများက ကောင်းကင်ပေါ်သို့ ဆန်တက်၍ လေထဲတွင် လှည့်လည်နေသည်ဟုပင် ခံစားရသည်။

ပုဖန်က မြေပြင်ပေါ်သို့ ညင်သာစွာ သက်ဆင်းလိုက်ပြီး အိုးကြီး ကိုးခု၏ အလယ်၌ ထိုင်လိုက်သည်။ သူ့၏ နားထဲမှာ ကြားနေရသော သားရဲတို့၏ ဟိန်းဟောက်သံများက အလွန်ပင် စည်းချက်ကျနေသည်။ အိုးတစ်ခုချင်းစီမှ ထွက်ပေါ်လာသော မွှေးရနံ့များက တစ်ခုနှင့်တစ်ခု ဆွဲဆောင်ကာ အစီအရင် တစ်ခုပုံ ဖြစ်ပေါ်နေသည် ဟုပင်ထင်ရသည်။ ထိုအချက်က ပုဖန်၏ စိတ်ကို တုန်လှုပ်သွားစေသည်။ သို့သော်လည်း ထိုပုံသဏ္ဌာန်က ကြည်လင်ထင်ရှားမှု မရှိပဲ အလွယ်တကူ ကျော်ဖြတ် သွားနိုင်မည်ဟုလည်း ထင်ရပေသည်။

ပုဖန် ရယ်ချင်စိတ် ဖြစ်သွားသည်။

"ဘယ်လိုဖြစ်ပြီး စားကောင်းသောက်ဖွယ်ကနေ အစီအရင်ပုံ ပေါ်လာတာလဲ ဒါပေမယ့် ဘယ်သူ သိနိုင်မလဲလေ... ဒါက ဖြစ်ကောင်းဖြစ်နိုင်တာပဲ... စားကောင်းသောက်ဖွယ် တွေနဲ့ အစီအရင်တစ်ခု ဘာကြောင့် ဖန်တီးလို့ မရ ရမှာလဲ..." ပုဖန်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်ရင်း တွေးတော လိုက်မိသည်။

ပတ်ဝန်းကျင်တွင် ရှိနေသော လူအုပ်ကြီး၏ တီးတိုး ပြောဆိုသံများက သူ့၏ အတွေးများကို လာရောက် နှောက်ယှက်နေသောကြောင့် ပုဖန်က ထိုသူများဘက်သို့ လှည့်လိုက်သည်။ ဒယ်အိုးမှ ထွက်လာသော စိတ်ဝိညာဉ် စွမ်းအင်အခိုးအငွေ့များ ဖုံးလွှမ်းနေသည့် ပုဖန်၏ပုံရိပ်ကို သူတို့ကြည့်လေလေ လူအုပ်ကြီးကပို၍ အံအားသင့်လေလေ ဖြစ်နေသည်။

အခိုးအငွေ့များ၏ အလယ်တွင် ထိုင်နေသော ပုဖန်က နတ်ဘုရား တစ်ပါးဟုပင် ထင်မှတ်ရလေသည်။ အကယ်၍ သူ့မှာသာ တည်တင်းသည့် မျက်နှာထား မရှိလျှင် မိန်းကလေး များစွာက သူ့ကို အပြိုင်အဆိုင် လုယက် ကြပေလိမ့်မည်။ ပုဖန်က ပတ်ဝန်းကျင်တွင် ရှိနေသော အခိုးအငွေ့များကို လက်ဖြင့် ဝှေ့ယမ်းလိုက်ပြီး အိုး ကိုးအိုး၏ အလယ်မှ နေ၍ရှောင်ထွက်လာခဲ့သည်။ သူအိုးများကို အပြင်ဘက်မှ ပြန်ကြည့်လိုက်သည့် အချိန်တွင် ခြားနားသည့် ခံစားမှုကို ခံစားရသည်။

အိုးကြီး ကိုးအိုးမှာ အလင်းရောင်များ စတင်တောက်ပလာပြီး အိုး၏အထက်တွင် သားရဲကောင်များပုံ ပေါ်လာသည်။ ထိုသားရဲများက သူတို့၏ သက်ဖြတ်ခြင်း ခံခဲ့ရသည့် မီးခြင်္သေ့ ဆူးဆင်ရိုင်း ရှေးဟောင်းတောင်လိပ် စသဖြင့် သူတို့၏ အစစ်အမှန်ဟုပင် ထင်ရလေသည်။ လူအုပ်ကြီးလည်း အံအားသင့်သွားကြ၏။ သူတို့က ထိုကဲ့သို့ မြင်ကွင်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးကြ ခြင်းဖြစ်သည်။

"ဒါ... ဒါက စား...စားလို့ရော ရပါ့မလား..."

မွှေးရနံ့များ၏ အပြည့်အဝ ဆွဲဆောင်မှုက်ို ခံထားရသည့် လူအုပ်ကြီးက သူတို့၏ ဗိုက်ထဲမှာ အသံများ မြည်လာကြသည်။ ဗိုက်ထဲမှ မြည်သံများက ပို၍ကျယ်လောင်လာသောကြောင့် သူတို့၏ ဆာလောင်မှုကို ဖုံးကွယ်မထားနိုင်တော့ပေ။

ပုဖန်ကို မနှစ်သက်သော ခုန်းရွှမ်ပင်လျှင် သူ့၏ ဗိုက်ကိုပွတ်၍ နှုတ်ခမ်းများကို လျှာဖြင့်သပ် နေမိသည်။

"ရှားပါးလှသော ကံကြမ္မာအိုး ဟင်းပွဲက ကျက်ပြီ..."

ပုဖန်၏ ကြည်လင်တည်ငြိမ်လှသော အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"ကျက်ပြီလား..." လူအုပ်ကြီးက အံ့အားသင့်နေကြသည်။

နီယန်က ထရပ်လိုက်ပြီး ပုဖန်ရှိရာဆီသို့ ခြေလှမ်းကြဲများဖြင့် လျှောက်သွားလိုက်ကာ သူ့၏ပခုံးကို ဆွဲလိုက်သည်။

"ပိုင်ရှင်ပု ငါ့ကိုပေးတော့..."

နီယန်၏ မျက်လုံးလေးများက သူမအကြိုက်ဆုံး သားရဲကောင်ကို တွေ့လိုက်ရသကဲ့သို့ပင် တောက်ပနေသည်။ ပုဖန်က သူ့၏ဘေးအပါးမှ နွေးထွေးသည့် ခံစားမှုကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ ဒီအမျိုးသမီးက သူ့ကိုလန့်အောင် လုပ်နေပေသည်...။

.....................