အပိုင်း ၃၁၂
Viewers 53k

Chapter 312: “မြေရိုင်းလွင်ပြင်နတ်ဘုရားကျောင်းကို အလျော်ပေးသင့်တယ် ....”

လေအလင်း အင်ပါယာမြို့တော် အဓိကခန်းမဆောင်တွင် ဂျိချန်းရွဲ့ သည် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး နဂါးပလ္လင်ပေါ်တွင်ထိုင်နေသည်။ သူ့ပုံစံမှာ အရင်တုန်းကထက်စာလျှင် ပို၍ကြည့်ကောင်းလာ၏။ အင်ပါယာမြို့တော်မှာ ရုန်းရင်းဆန်ခတ်များဖြစ်နေပြီး သူ၏နေရာအဆင့်အတန်းကို အချိန်မရွေးခြိမ်းခြောက်နေသော်လည်း သူ့ပုံစံကတော့ အရင်လို စိုးရိမ်ပူပန်နေပုံမရှိတော့ပေ။

ယခုလက်ရှိ လေအလင်း အင်ပါယာသည် အလွန်တရာအင်အားကြီးမားလှသော မဟာမိတ်အဖွဲ့၏အထောက်အပံ့ရရှိနေ၍ဖြစ်သည်။ သူတို့၏တည်ရှိမှုမှာ ဂျိချန်းရွဲ့ယခင်က စဉ်းတောင်မစဉ်းစားဖူးသည့်အရာဖြစ်၏။

မြေရိုင်းလွင်ပြင် နတ်ဘုရားကျောင်း၊ ပုံရိပ်ယောင်စိတ်ဝိဉာဉ်နွံမြေ၊ တိမ်ဖြူစံအိမ် တောင်စဉ်တစ်ထောင် တောင်တန်း ၊ကြည်လင်ကောင်းကင်ဘုရား နှင့် အခြားဒဏ္ဍာရီလာဂိုဏ်း ၊အသီးသီးမှ သူတို့၏ကျွမ်းကျင်သူများကို လေအလင်း အင်ပါယာသို့စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ မမျှော်လင့်ထားသော ကံကောင်းမှုကြီးဖြစ်သည်။ ဘုရင်ခံယု၏ စစ်တပ်များက တိုင်းပြည်များစွာနှင့်မြို့တော်များစွာကို သိမ်းပိုက်နိုင်သည့်အလျောက် လေအလင်းအင်ပါယာသည်လည်း အန္တရာယ်ကျရောက်လုဆဲဆဲအခြေအနေတွင်ရှိနေသည်။

ဘုရင်ခံယု အောင်မြင်မှုသရဖူဆောင်းနိုင်နေသည့် တစ်ခုတည်းသောအချက်မှာ သူ၏စစ်တပ်တွင် အင်အားကြီးသူများ အမြောက်အများတည်ရှိနေ၍ဖြစ်သည်။

လေအလင်းအင်ပါယာ၏သူရဲကောင်းများမှာ ဘုရင်ခံယု ၏အင်အားပြင်းစစ်တပ်ကို ခုခံနိုင်ခြင်းမရှိပေ။ ရှောင်မန်တောင်မှ ဘုရင်ခံယု၏စစ်တပ်များနှင့် ပထမဦးဆုံးအကြိမ်ရင်ဆိုင်တွေ့သည့်အချိန်တွင် အရှုံးကြီးရှုံးခဲ့ပါသေးသည်။

ဘုရင်ခံယု၏အစီအစဉ်များကို လတ်တလောမှ ဂျိချန်းရွဲ့သိခဲ့ရခြင်းဖြစ်သည်။ ဘုရင်ခံယုမှာ တားမြစ်ဂိုဏ်းတစ်ခုဖြင့် ပူးပေါင်းလိုက်ပုံရသည်။ ထိုဂိုဏ်းမှာ ဆိုးဝါးလွန်းသော နတ်ဆိုးဂိုဏ်းတစ်ခုပင်ဖြစ်သည်။ မြေရိုင်းလွင်ပြင် နတ်ဘုရားကျောင်းနှင့် အခြားအစွမ်းထက်ဂိုဏ်းများတွင် ရည်ရွယ်ချက်တစ်ခုသာရှိသည်။ ဤသည်မှာ ထိုနတ်ဆိုးဂိုဏ်းအား ကမ္ဘာမြေပေါ်မှာ အမြစ်ပြတ်သုတ်သင်ဖယ်ရှားရှင်းလင်းရန်ဖြစ်သည်။

ယခုအချိန်တွင် အဓိကခန်းမဆောင်ကြီးမှာ အင်အားကြီးဂိုဏ်းများမှလွှတ်လိုက်သော ကျွမ်းကျင်သူများ၏ကာကွယ်မှုအောက်တွင် ရောက်ရှိနေပြီဖြစ်သည်။ ထိုအတွက်ကြောင့် ဂျိခန်းရွဲ့မှာ အေးအေးဆေးဆေးဖြစ်နေရခြင်းဖြစ်သည်။

အင်ပါယာမြို့တော်ကိုကာကွယ်ရန် ဂိုဏ်းတစ်ဂိုဏ်းစီမှကျွမ်းကျင်သူ အနည်းဆုံးတစ်ယောက်စီ လွှတ်လိုက်၏။ ထိုအထဲတွင် အင်အားအနည်းဆုံးလူ၏ အဆင့်မှာ သူတော်စင်အဆင့် ရှိလေသည်။ အများစုမှာ စစ်နတ်ဘုရားအဆင့် အဆင့်တွင် ရောက်နေပြီဖြစ်သည်။

အင်ပါယာမြို့တော်တွင်လည်း ကျွမ်းကျင်သူများစွာရှိသည့်အတွက် ဂျိချန်းရွဲ့မှာ ထိုက်တောင်တန်းကြီးလို မယိုင်မလဲလုံခြုံစိတ်ချနေခြင်းဖြစ်သည်။

"အရှင်မင်းကြီး.. စဉ်းစားသုံးသပ်ပြီးဖြစ်ပါသလား"

ဖောင်းပွနေသောကြွက်သားများဖြင့် ပေါက်ထွက်မတတ်ဖြစ်နေသော လူတစ်ယောက်မှ နဂါးပလ္လင်ပေါ်ရှိ ဂျိချန်းရွဲ့အား ကြည့်နေ၏။ လျှပ်စစ်ဗို့အားတစ်သောင်းခန့် တဖြတ်ဖြတ်လက်နေသော မျက်ဝန်းများဖြင့်ကြည့်နေခြင်းဖြစ်သည်။

မေးခွန်းမေးသည့်လူမှာ မြေရိုင်းလွင်ပြင် နတ်ဘုရားကျောင်းမှ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ထိုသူမှာ အဆင့်(၈) စစ်နတ်ဘုရားအဆင့်ရှိသူဖြစ်၏။ ဂျိချန်းရွဲ့အားကြည့်နေသည့် သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်းမရှိ၊ အားကျခြင်းလည်းမရှိပေ။

မြေရိုင်းလွင်ပြင်နတ်ဘုရားကျောင်းမှာ အခြားဂိုဏ်းများစိန်မခေါ်ရဲလောက်သည့် အနေအထားတွင် ရှိနေခြင်းကြောင့်ဖြစ်သည်။

"အကြီးအကဲဆန်း သင့်ရဲ့တောင်းဆိုချက်ကို ငါကိုယ်တော် မလိုက်လျောချင်တာမဟုတ်ပါဘူး၊ တစ်ခုပဲ ဖန်ဖန်ဆိုင်လေးက ထိလို့မရတဲ့ဆိုင်ဖြစ်တာမို့ပါ "

ဂျိချန်းရွဲ့၏မျက်နှာပေါ်တွင် ကူကယ်ရာမဲ့အမူအရာများရှိသည်။

"အရှင်မင်းကြီး ကျွန်ုပ်တို့ မြေရိုင်းလွင်ပြင်နတ်ဘုရားကျောင်းက အကြီးအကဲရှားယု သေဆုံးမှုက ဒီဆိုင်နဲ့ပတ်သက်နေပါတယ်။ အကြီးအကဲရှားယုနဲ့ အဲဒီဆိုင်ကလူ တိုက်ခိုက်တာကိုလည်း လူတော်တော်များများ မျက်မြင်ကိုယ်တွေ့ပါ"

အကြီးအကဲဆန်းရဲ့အမူအရာက အေးစက်လာသည်။ မြေရိုင်းလွင်ပြင်နတ်ဘုရားကျောင်း၏ အကြီးအကဲတစ်ယောက်အနေနဲ့ သူတို့လူနှစ်ယောက် ဒီဆိုင်လေးထဲတွင်သေဆုံးသွားသည်ကို လျစ်လျူရှုပစ်၍မရချေ။

သူ ဒီနေရာသို့ရောက်လာရသည့်ရည်ရွယ်ချက်မှာ လေအလင်းအင်ပါယာ၏ ဧကရာဇ်အား ကာကွယ်ဖို့အပြင် အကြီးအကဲနှစ်ယောက်သေဆုံးမှုကိုပါ စုံစမ်းစစ်ဆေးရန်ရောက်ရှိလာခြင်းဖြစ်သည်။

မြေရိုင်းလွင်ပြင်နတ်ဘုရားကျောင်းမှာ စော်ကား၍ကောင်းသော နေရာမဟုတ်။ ဒီဆိုင်က သူတို့လူနှစ်ယောက်ကို သတ်ဖြတ်ရဲမှတော့ ပြန်ပေးဆပ်ဖို့ကိုလည်း ပြင်ဆင်ထားသင့်သည်။

ဂျိချန်းရွဲ့မှာ ဒီအကြောင်းကိုသိသော်လည်း စိတ်ရှုပ်စရာကောင်းသည်ဟု ထင်မြင်သောကြောင့်ဖြစ်သည်။ သူ့မျက်စိထဲတွင်တော့ ပိုင်ရှင်ပု၏ဆိုင်သည် အချိန်မရွေးပေါက်ကွဲနိုင်သော ဗုံးတစ်လုံးနှင့်တူလှသည်။

ပိုင်ရှင်ပုကိုဆန့်ကျင်သူ မည်သူဖြစ်ဖြစ်၊ အဆုံးသတ်သွားရတာချည်းသာဖြစ်၏။ မြေရိုင်းလွင်ပြင်နတ်ဘုရားကျောင်းမှလူများ ပိုင်ရှင်ပုကိုနောက်ထပ်ဆန့်ကျင်ကြမှာ သူ မလိုလားပေ။

"အရှင်မင်းကြီး ဒီကိစ္စမှာ အရှင်မင်းကြီးရဲ့အမြင်ကို မမေးပါဘူး၊ ဆိုင်ပိုင်ရှင်ပြန်ရောက်နေပြီဆိုတော့ ကျွန်ုပ်ကိုယ်တိုင် ဖြေရှင်းချက်သွားတောင်းရပါလိမ့်မယ်၊ ဆိုင်ကို အင်အားအကြီးဆုံး သားရဲတစ်ကောင်စောင့်ကြပ်နေတယ်ဆိုရင်တောင်မှ ကျွန်ုပ်တို့ မြေရိုင်းလွင်ပြင် နတ်ဘုရားကျောင်းကို စော်ကားချင်သလိုစော်ကားလို့မရပါဘူး"

အကြီးအကဲဆန်း ၏စကားသံများမှာ အေးစက်ပြီးမာကျော၏။ဂျိချန်းရွဲ့ ဘာပြောပြော သူကတော့ ဂရုမစိုက်ချေ။ စကားဆုံးသည့်အခါ တစ်ဖက်သို့လှည့်ပြီး ခန်းမဆောင်တွင်းမှထွက်သွားခဲ့သည်။

ပလ္လင်ပေါ်တွင်ထိုင်နေသော ဂျိချန်းရွဲ့ မှာ အကြီးအကဲဆန်း ၏အပြုအမူကြောင့် ရှိုးတိုးရှန့်တန့်ဖြစ်ပြီး အနည်းငယ်ဒေါသထွက်ရသေး၏။

ယခုအချိန်တွင် နန်းတော်တွင်း၌ အခြားဂိုဏ်းဝင်များလည်းရှိသည်။ ဥပမာပြောရသော် တိမ်ဖြူစံအိမ် ၊ကျန့်ခုံး၊ တောင်စဉ်တစ်ထောင်တောင်တန်းမှ သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ဦးနှင့် အခြားပညာရှင်များဖြစ်ကြသည်။

ဂျိချန်းရွဲ့မှာ ဒေါသထွက်သွားသော်လည်း မတတ်နိုင်ပေ။ ထိုကဲ့သို့ကျွမ်းကျင်သူတစ်ဦးအား တားနိုင်သည့်နည်းလမ်း သူ့မှာမရှိသောကြောင့်ဖြစ်ပေသည်။

မနက်ခင်းတွင် ပုဖန် အိပ်ရာကနိုးလာခဲ့ပြီး ရေချိုးကာ မီးဖိုချောင်တွင်းဝင်လာခဲ့သည်။ အစောကြီးနိုးနေသော ယုဖူမှာမူ မီးဖိုချောင်ထဲတွင် လှီးဖြတ်ခုတ်ထစ်နေပြီဖြစ်သည်။ သူမက ပုဖန်ကိုမြင်ပြီး အပြုံးလေးဖြင့် နှုတ်ဆက်လိုက်၏။

ပုဖန် သူမကိုခေါင်းငြိမ့်ပြလိုက်ပြီး မိမိမီးဖိုရှိရာသို့သွားလိုက်သည်။ ထို့နောက် ကိုယ်ပိုင်မီးဖိုချောင်သုံးဓါးကြီးကိုထုတ်ကာ ခုတ်ထစ်လှီးဖြတ်ရေးစတင်လေ့ကျင့်တော့သည်။ သူ၏ဓါးကိုင်ကျွမ်းကျင်မှုအဆင့်မှာ အဆုံးစွန်ထိရောက်နေပြီဖြစ်သော်လည်း ပုဖန်က လေ့ကျင့်မြဲလေ့ကျင့်ဆဲဖြစ်သည်။

ဓါးကိုင်လေ့ကျင့်ခန်းပြီးနောက်မှာ အသားလွှာထွင်းထုခြင်းအတွက် လေ့ကျင့်ရသေးသည်။ သူ၏ ခုနှစ်စင်ကြယ်အသားလွှာထွင်းထုခြင်း စွမ်းရည်မှာ ကျွမ်းကျင်ဖို့လိုနေဆဲဖြစ်သည်။

ထို့ကြောင့် ဂရုတစိုက်လေ့ကျင့်နေခဲ့ရသည်။

ပုဖန်မှာ အချိန်တစ်ချို့ကြာအောင်လေ့ကျင့်ပြီးသည့်အခါမှ ဝက်နံရိုးချိုချဉ်ချက်ပြုတ်ဖို့ စတင်လိုက်သည်။ စစ်တပ်တွင်းမှာလေ့ကျင့်ခဲ့သည့်အတွက်ကြောင့် သူ့အတွေ့အကြုံတွေက အတန်ငယ်တိုးတက်နေပြီဟုပြော၍ရသော်ငြား ချို့ယွင်းချက်တစ်ချို့ကတော့ ရှိနေဆဲဖြစ်သည်။ သူကတော့ အချက်အပြုတ်နှင့်ပတ်သက်လျှင် လုံ့လဝီရိယကြီးလေသည်။

အချိန်ခဏလေးအတွင်းမှာပင် ဝက်နံရိုးချိုချဉ်ကြော် ကျက်သွားပြီး မီးဖိုချောင်တစ်ခုလုံး မွှေးရနံ့တွေပြည့်လာသည်။ ပုဖန်မှာ နံရိုးပေါင်းထဲ လိမ္မော်ရည်လေးထပ်ထည့်လိုက်ပြီး စွဲမက်စရာကောင်းသည့်မွှေးရနံ့လေးထွက်လာစေလိုက်ပါသည်။ ဤသည်မှာ ဆိုင်တွင်းမှလူများ၏စားချင်သောက်ချင်စိတ်ကို တိုးပွားလာစေသော ရနံ့သင်းထုံထုံကလေးသာဖြစ်ချေ၏။

ပုဖန်သည် ဆိုင်တံခါးကိုဖွင့်လိုက်ပြီး ဝက်နံရိုးချိုချဉ်ကြော် ဘလက်ကီရှေ့တွင်ချပေးလိုက်သည်။ဒီနှစ်ရက်မှာ ဘလက်ကီအတွက် အပျော်ဆုံးနေ့ရက်တွေဖြစ်နိုင်သည်။

ပုဖန် စစ်တပ်ထဲမှာနေခဲ့သည့်လဝက်အတွင်း ဘလက်ကီမှာ စိတ်ဓါတ်တွေလည်းကျနေခဲ့ရသည်။ ဝက်နံရိုးချိုချဉ်မရှိသောဘဝကြီးတွင် သူ မနေလိုပေ။

ပုဖန်သည် ဘလက်ကီ၏ အမွှေးများးကို ခပ်ဖွဖွပွတ်ပေးပြီးမှ ဆိုင်တွင်းပြန်ဝင်လာခဲ့သည်။ နောက်တော့ ထိုင်ခုံပေါ်မှာကျောဆန့်ပြီး ရှောင်ရှောင်လုံအလာကို စောင့်နေလိုက်သည်။ ဤနေ့တွင် ပုဖန်မှာ ရှောင်ရှောင်လုံနှင့်ယုဖူတို့၏စွမ်းရည်များကို ကြည့်ရှုအကဲဖြတ်စစ်ဆေးမည်ဖြစ်သည်။ သူ မီးဖိုချောင်ထဲသို့ ပြန်ရောက်ချိန်မှာတော့ နှစ်ယောက်သားအစွမ်းပြဖို့ အဆင်သင့်ဖြစ်နေပြီ။

အရင်တစ်ခေါက် အရှုံးနှင့်ရင်ဆိုင်လိုက်ရသည့် ရှောင်ရှောင်လုံမှာတော့ အကြာကြီးတေးထားခဲ့ရသေးသည်။ သူ့မှာဦးတည်ချက်တစ်မျိုးသာရှိသည်။ နိုင်ဖို့အရေးပင်။

"ဒီနေ့စစ်မေးမှာက အရမ်းလွယ်တယ်၊ အလွှာတစ်ထောင်ပန်းတို့ဟူး လုပ်ဖို့ မင်းတို့ရဲ့အလှီးစွမ်းရည်၊ ပုံဖော်စွမ်းရည်ကိုပြသရုံပဲ"

ပုဖန်က လက်နှစ်ဖက်ကိုနောက်ပစ်ရင်း ရှေ့ကနှစ်ယောက်ကိုစိုက်ကြည့်ကာ တစ်လုံးချင်းအေးအေးဆေးဆေးပြောလိုက်သည်။

"အလွှာတစ်ထောင်ပန်းတို့ဟူး"

ရှောင်ရှောင်လုံနှင့်ယုဖူတို့ အတော်လေးကြာအောင် အံ့အားသင့်သွားကြသေးသည်။

"ဒါက ပုဖန် သူ့ရဲ့လှီးဖြတ်နည်းစနစ်ကိုလူသိများလာစေတဲ့ ဟင်းမဟုတ်ဘူးလား။ ဒီဟင်းက သူတို့ရဲ့လှီးဖြတ်စွမ်းရည်ကိုစစ်တာတင်မဟုတ်ဘူး။ သူတို့ရဲ့ အသားလွှာထွင်းထုစွမ်းရည်ကိုပါ ကောင်းကောင်းကြီးစစ်ဆေးချင်တာပဲ…”

“ပုဖန် ဘာကြောင့် စကေးအမြင့်ကြီးတွေ လုပ်ချင်နေရတာလဲ…”

ရှောင်ရှောင်လုံနှင့်ယွိဖူတို့ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံလိုက်မိသည်။ သူတို့မျက်လုံးများ ဆုံလိုက်သည့်ခဏတွင်တော့ တစ်ယောက်နှင့်တစ်ယောက် သတ်ချင်ဖြတ်ချင်စိတ်များကို မြင်လိုက်ကြလေသည်။

ခဏအကြာ ပုဖန် တို့ဟူးတုံး ထုတ်ယူလာသည့်အချိန်တွင်တော့ သူတို့ပြိုင်ပွဲစတင်လေပြီ။

ရှောင်ရှောင်လုံမှာ အရင်ကလို မသိနားမလည်လေးမဟုတ်တော့။ ပြီးခဲ့သည့်လဝက်အတွင်း တိုးတက်လာခဲ့ပြီဖြစ်သည်။

သူ့ကြိုးစားမှုများကိုလည်း ပုဖန်မြင်နေရသည်။ သူ့လှီးဖြတ်စွမ်းရည်မှာလည်း ယုဖူ အောက်မလျော့ပေ။

ခိုင်မာသည့်စိတ်ဓါတ်ရှိသူ မြွေလူသားယုဖူမှာလည်း အတော်လေးအထင်ကြီးစရာကောင်းသည်။ ဟင်းချက်ခြင်းအနုပညာနှင့်ပတ်သက်ပြီး သူမမှာ မတုန်မလှုပ်ခံယူချက်တစ်ခုရှိသည်။ အံ့သြစရာကောင်းသော လှီးဖြတ်ခြင်းစွမ်းရည်ကိုလည်း ပိုင်ဆိုင်လေသည်။

နှစ်ယောက်သားမှာ အလွှာတစ်ထောင်ပန်းတို့ဟူးကို လုံးလုံးလားလား စိတ်ရောကိုယ်ပါနှစ်ပြီး ပြုလုပ်နေကြသည်။ပြိုင်ပွဲမှာ ၎င်းတို့၏လှီးဖြတ်စွမ်းရည်သာမက ဇွဲနှင့် စိတ်ဓါတ်ခွန်အားကိုပါ စစ်ဆေးသော ပြိုင်ပွဲဖြစ်လေသည်။

ဤသည်မှာ ခက်ခဲသည့်စမ်းသပ်ချက်တစ်ခုဖြစ်သော်လည်း ၎င်းတို့နှစ်ယောက်မှာ ခဏအတွင်းဟင်းချက်ပြီးစီးသွားကြ၏။ ဟင်းများတွင် ပြစ်ချက်များရှိသည်ဆိုသော်လည်း အတော်လေးလက်ရာမြောက်သေးသည်။ ဟင်းခွက်နှစ်ခွက်လုံးမှာ လှပပြီးသိမ်မွေ့မှုရှိလေသည်။

နူးညံ့ပျော့ပြောင်း၍ အလွှာအထပ်ထပ်ဖြစ်နေသော တို့ဟူးတုံးလေးများမှာ ရေထဲတွင် ဟိုပြေးသည်ပြေးဖြစ်နေသည်။ ပြင်ဆင်ထားသည့်ဟင်းပွဲ၏လှပမှုမှာ အတော်လေးစိတ်လှုပ်ရှားစရာကောင်းလေသည်။

သို့ရာတွင် အဆုံးသတ်ရလဒ်မှာလည်း ရှောင်ရှောင်လုံကို စိတ်ပျက်အားငယ်သွားစေခဲ့ပြန်သည်။ သူ ယုဖူကို ရှုံးမြဲရှုံးဆဲဖြစ်သည်။ ယုဖူ၏လက်ရာမှာ ရှောင်ရှောင်လုံထက် ပို၍အနုစိတ်ကျပြီး ပို၍နူးညံ့သိမ်မွေ့သောကြောင့်ဖြစ်သည်။

ရှုံးနိမ့်မှုအပြစ်ဒဏ်အဖြစ် ရှောင်ရှောင်လုံမှာ ပုဖန်၏လေးလံလှသောဓါးကြီးကို ကိုင်ဆောင်ပြီး အသားလွှာထွင်းထုခြင်းအနုပညာကို လေ့ကျင့်ရလေ၏။ယုဖူက ရှောင်ရှောင်လုံ၏ အခဲမကြေနိုင် ဖြစ်နေသောမျက်နှာကိုကြည့်ပြီး တခစ်ခစ်ထရယ်သည်။

"တော်လိုက်တော့၊ ပြိုင်ပွဲကဖြင့်ပြီးပြီ၊ မင်းတို့နှစ်ယောက်လုံး လှီးဖြတ်တာသွားလေ့ကျင့်နေကြ"

ပုဖန်မှာ ခပ်တည်တည်ဖြင့်ပြောလိုက်ပြီး မီးဖိုချောင်အတွင်းမှထွက်ခွာရန် တစ်ဖက်သို့လှည့်လိုက်သည်။ သို့သော် သူ မထွက်သွားရသေးခင်မှာ ယုဖူက သူ့ကိုလှမ်းခေါ်လိုက်၏။

"ပိုင်ရှင်ပု ကျွန်မ ကျွန်မ တောင်းဆိုစရာလေးရှိလို့ပါ.. " ယုဖူက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလာသည်။

"ဟမ်"

ပုဖန် သူမကို ဝေခွဲမရစွာဖြင့် ကြည့်လိုက်သည်။

"ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အဖေ့ဆီကစာတစ်စောင်ရောက်လာတယ်၊ သူက ကျွန်မကို မြွေလူသားမျိုးနွယ်စုဆီပြန်လာစေချင်တယ်တဲ့"

ကိစ္စကြီးကြီးမားမားဖြစ်သည်။သူမ ဘာလို့ သူ့ကိုခေါ်လိုက်တာလဲ ပုဖန်ကချက်ချင်းနားလည်လိုက်၏။ သူမက ခွင့်ရက်နည်းနည်းလိုချင်တာဖြစ်သည်။ တကယ်တော့ ဒီကိစ္စက ဖြေရှင်းဖို့လွယ်သည်။ ပုဖန်က သူ၏မြွေလူသားတပည့်ကို တင်းကျပ်သည့် မကောင်းဆိုးဝါးခေါင်းဆောင်မျိုးမဟုတ်ပါ။

“စောစောသွားပြီးတော့ မြန်မြန်ပြန်ခဲ့လိုက်၊ မြွေမျိုးနွယ်စုမှာနေရင်လည်း မင်းရဲ့ဟင်းချက်လေ့ကျင့်ခန်းကို ရပ်ပစ်လိုက်လို့မရဘူးနော်၊ ရှောင်လုံနဲ့ နောက်တစ်ခေါက်ပြိုင်ရဦးမယ်…” ပုဖန် လေးလေးနက်နက်ပြောလိုက်၏။

ယုဖူ၏ ဂနာမငြိမ်ဖြစ်မှုများ ချက်ချင်းပျောက်ကွယ်သွားပြီး သက်ပြင်းရှည်ကြီးကိုမှုတ်ထုတ်လိုက်သည်။ နောက်တော့ တက်ကြွမှုများဖြင့် ခေါင်းကို အတန်တန်အခါခါ ညိတ်လေသည်။ယုဖူမှာ တက်ကြွနေသောအသွင်အပြင်အောက်၌ ပူပန်နေသောစိတ်ကိုလည်း ဖုံးကွယ်ထားသေးသည်။

သူမ၏ဖခင်မှာ သူမ ပုဖန်လက်အောက်မှာတပည့်ခံနေသည်ကို သိသော်လည်း ပြန်လာစေချင်နေသေးသည်။ အရေးတကြီးအလျင်လိုသော ကိစ္စရပ်များဖြစ်ပွားနေကြောင်းသိသာလွန်းလှ၏။

"သူမအဖေ ပြန်ခေါ်ရလောက်အောင် ဘာတွေကများ အလျင်လိုနေပါလိမ့်…"

ပုဖန်မှာ တစ်ဖက်သို့ပြန်လှည့်၍ မီးဖိုချောင်ထဲမှ ထွက်ခွာသွားသည်။ ဆိုင်စဖွင့်နေပြီဖြစ်သည့်အတွက် ဖောက်သည်များသည်လည်း ဝင်လာမစဲဖြစ်နေပြီဖြစ်သည်။

ယနေ့တွင် အံ့သြစရာကောင်းလောက်အောင် ဆိုင်သို့ ကွမ်းမိန်းကလေး ရောက်မလာပါ။ ဖြစ်နိုင်သည်က ယမန်နေ့က ကံကြမ္မာဟင်းလျာကိုစားပြီး ကျင့်ကြံစဉ်တက်ဖို့ အားထုတ်နေပုံရသည်။သို့ရာတွင် ဒါကလည်း သိပ်တော့ ပြဿနာမရှိပေ။

မျက်နှာပေါ်တွင် အေးချမ်းသောအမူအရာဖြင့် ပုဖန်သည် ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာအနားယူနေသည်။ သူ မတ်တပ်ထရပ်သည့်အချိန်တွေလည်းရှိသည်။ ထိုအချိန်မှာ ပြင်ဆင်ရခက်သောဟင်းပွဲများ ပြုလုပ်လိုမှသာ ထိုင်ခုံပေါ်မှထခြင်းဖြစ်သည်။ ဟင်းချက်ပြီးသွားသောအခါတွင်းလည်း ထိုင်ခုံပေါ်တွင် အေးအေးလူလူပြန်ထိုင်နေသည်။

ထို ခက်ခဲ၍ဈေးကြီးသောဟင်းလျာများမှာ မှာယူသည်ကလည်း ရှားသည်မဟုတ်လား။

သို့သော် ပုဖန်မှာ ထိုအေးဆေးသောအခြေအနေကိုသာ သဘောတွေ့နေပြီး ထိုင်ခုံပေါ်တွင်လဲလျောင်းရင်း မီနူးထဲမှဟင်းလျာများအကြောင်းကို စဉ်းစားနေခဲ့သည်။

ဟင်းလျာများ၏ အနံ့အရသာအရည်အသွေးများ မည်သို့မည်ပုံတိုးတက်အောင်လုပ်ရမည်နည်းဟု တွေးတောနေခဲ့သည်။ဖောက်သည်များ၏ အဝင်အထွက်နှုန်းကိုကြည့်ခြင်းအားဖြင့် ပုဖန်၏စီးပွားရေးမှာ အတော်လေးကောင်းသည်ဟု ဆိုနိုင်သည်။

ရုတ်တရက် လူအုပ်ကြီးတစ်အုပ် သူ၏ဆိုင်ပေါက်ဝသို့ရောက်လာ၏။ပုဖန်၏ မှိတ်ထားသောမျက်လုံးများ ချက်ချင်းဆိုသလိုပြူးကျယ်သွား၏။ သို့သော် ထိုင်ရာက မထသေးပေ။ ပုဖန်၏အကြည့်တွေ လူအုပ်ကြီးထံသိုရောက်သွားပြီး အနည်းငယ်လည်း အံ့အားသင့်သွားသည်။

ထိုလူများမှာအစောင့်တပ်သားများ၏ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည်။ အစောင့်များမှာ များသောအားဖြင့် ပုဖန်ကို မြို့တော်၏ထင်ရှားသောဆိုင်ပိုင်ရှင်အဖြစ် အတော်လေးမျက်နှာသာပေးကြပါသည်။

ပုဖန်မှာ အနီးကပ်ကြည့်လိုက်ပြီး ရှေ့ဆုံးမှဗလတောင့်တောင့်လူက အေးစက်စက်မျက်နှာပေးဖြင့် သူ့ကိုစိုက်ကြည့်နေသည်ကို တွေ့လိုက်သည်။

ဟမ်...!!

ပုဖန်၏မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားလေသည်။ မျက်ဝန်းနှစ်ခုဆုံသည့်အခါ လေထုထဲတွင် တိုက်ပွဲအရိပ်အယောင်လည်းပေါ်လာသည်။ တစ်ယောက်မှာ မတ်တပ်ရပ်နေပြီး တစ်ယောက်မှာ ထိုင်နေကာမူ အချိန်မရွေးရန်ထဖြစ်နိုင်သည့် အခြေအနေမျိုးတွင်ရှိသည်။

ပုဖန်သည် ဗလတောင့်တောင့်လူကို အတန်ကြာကြည့်ပြီးသည့်နောက်တွင် အကြည့်လွှဲကာ လျစ်လျူရှုလိုက်လေသည်။ထိုလူကား နောက်ဆုံးတော့ စကားပြောလာ၏။ သူက ပုဖန်ကို မယဉ်မကျေးရိုင်းရိုင်းစိုင်းစိုင်းပြောလေသည်။

"ခင်ဗျားက ကျုပ်တို့ မြေရိုင်းလွင်ပြင် နတ်ဘုရားကျောင်းရဲ့ အကြီးအကဲနှစ်ယောက်ကို သတ်လိုက်တဲ့ ဒီဆိုင်ပိုင်ရှင်လား၊ ကျုပ်တို့လူကို သတ်ရဲမှတော့ အလျော်ပေးရလိမ့်မယ်လို့ ခင်ဗျားတွေးထားခဲ့သင့်တယ် "